← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း(၂၁၄)

“ ဝီး ”

ရွှေဝူဟန်ထွက်သွားပြီးနောက် ယဇ်ပလ္လင်က ထပ်မံ တုန်ယင်သွားသည်။ နောက်ထပ် အလင်းရောင်နှစ်ခုက ပျံသန်းထွက်လာသည်။ ဤတစ်ကြိမ်တွင် ယဇ်ပလ္လင်ပေါ်မှာ ရပ်နေသူက သီရှီထျန် ဖြစ်သည်။ အလင်းရောင်နှစ်ခု ပျံသန်းထွက်သွားစဉ် သူ၏ သိုလှောင်အိတ်ထဲမှ ခရမ်းရောင်ဗုံက ရုတ်တရက် တုန်ယင်သွားသည်။ ဤသည်မှာ ခရမ်းရောင်ဗုံက ယဇ်ပလ္လင်ကို တုံ့ပြန်နေဟန် ရ၏။ မမျှော်လင့်ထားသော ထိုအဖြစ်အပျက်ကြောင့် သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ချင်မိသားစုဆီမှာ ထိုမျှပြောင်မြောက်သော နည်းလမ်းတစ်ခုရှိမည်ဟု သူမမျှော်လင့်ထားပေ။

ထိုနည်းဖြင့်ဆိုလျှင် မြစိမ်းကုချင်းကို တခြားလူများ ဝှက်ထားမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ ယဇ်ပလ္လင်က သိုလှောင်အိတ်ထဲမှ ပစ္စည်းများကိုပင် စစ်ဆေးနိုင်စွမ်းရှိသည်။

ထိုနည်းလမ်းက အလွန်အံ့ဖွယ်ကောင်းသည်။

သူ့နှလုံးက တင်းကျပ်သွားသည်။

‘ ဘယ်လောက်အစွမ်းထက်လိုက်တဲ့ ယဇ်ပလ္လင်လဲ… အဲ့ဒါက ခရမ်းရောင်ရေကန်ပေါ်က မြစိမ်းကုချင်းကိုရော ရှာဖွေပေးနိုင်လောက်လား… တကယ်လို့ ဖော်ထုတ်ခံရမယ်ဆိုရင် ငါတော့ ဒုက္ခအကြီးကြီးရောက်ပြီ ’

ကံကောင်းစွာဖြင့် ယဇ်လ္လင်သည် သူ၏ ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ လျှို့ဝှက်နယ်မြေကို အာရုံမခံပေးနိုင်ဟန် ရ၏။ ယဇ်ပလ္လင်သည် အလင်းရောင်နှစ်ခုကို ထုတ်လွှတ်ပေးပြီးနောက် ပြန်ငြိမ်သက်သွားသည်။

စက်ကရာသည် ယဇ်ပလ္လင်ပေါ်မှ တည်ငြိမ်စွာ ဆင်းလာပြီး တခြားကျင့်ကြံသူများနှင့်အတူ ဘေးမှာ ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဝမ်းနည်းမှုနှင့် သူ၏ မထူးမခြားနား အမူအရာကြောင့် သူက လူအုပ်ထဲမှာ ထင်ပေါ်နေသည်။ မည်သူမဆို အကြည့်တစ်ချက်ဖြင့်ပင် လူအုပ်ကြားထဲမှ စက်ကရာ၏ တည်ရှိမှုကို သတိပြုမိလိမ့်မည်။

" မပါသေးဘူးလား "

ချင်ရွှမ်းသည် အပြင်သို့ ထွက်လာသော လူများကို ကြည့်နေရင်း ထပ်ခါထပ်ခါ ခေါင်းယမ်းလိုက်သည်။ နောက်ဆုံးလူ အပြင်ထွက်လာသည့်တိုင် မြစိမ်းကုချင်း၏ မည်သည့်သဲလွန်စမှ မထွက်ပေါ်လာခဲ့ပေ။

ဤတစ်ကြိမ်တွင် မြစိမ်းကုချင်းကို မည်သူမှ မရရှိခဲ့ကြောင်း သူနားလည်သွားသည်။ သူက စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ယခု ကုချင်းဘုံထဲမှ လူတိုင်းက အပြင်ထွက်လာကြပြီဖြစ်လေရာ သူက ဘေးထွက်ရပ်မနေနိုင်ပေ။ ထုံးစံအားဖြင့် သူက အရှေ့ထွက်ပြီး စကားအနည်းငယ် ပြောပေးရမည်။

ထို့ကြောင့် ချင်ရွှမ်းသည် သူ့ဘေးမှ သမီးကိုတိုမီကို လှည့်ကြည့်၍ အချက်ပြလိုက်သည်။ ထို့နောက် သူက ကိုတိုမီနှင့်အတူ ယဇ်ပလ္လင်ပေါ်သို့ လျှောက်သွားသည်။ သူက အပြင်သို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြသော ကျင့်ကြံသူတစ်ရာကျော်ကို ကြည့်လိုက်သည်။ သူက လေသံအမြင့်ဖြင့် ပြောသည်။

“ မင်းတို့က ကုချင်းဘုံကနေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ကြတယ်… အဲ့ဒါရဲ့ ဆိုလိုရင်းက မင်းတို့တစ်ယောက်စီက အနာဂတ်မှာ အကန့်အသတ်မဲ့တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ်… ကုချင်းဘုံထဲကို လူတစ်ထောင်ကျော် ဝင်ရောက်သွားကြပေမဲ့ အခု လူတစ်ရာပဲ ပြန်ထွက်လာနိုင်တယ်… ကုချင်းဘုံက ဘယ်လောက်အန္တရာယ်များကြောင်း ထပ်ခါတလဲလဲ ငါသတိပေးခဲ့တယ်… ကုချင်းဘုံထဲမှာ သေဆုံးသွားတဲ့ လူတွေနဲ့ပတ်သက်ပြီး ငါဘာမှမတတ်နိုင်ဘူး ”

ချင်ရွှမ်း၏ မျက်နှာပေါ်မှာ ဝမ်းနည်းသော အမူအရာ ထွက်ပေါ်လာသည်။

မြေကြီးပေါ်မှ ကျင့်ကြံသူအများစုသည် စိတ်သက်သာရာရသွားကြသည်။ ကုချင်းဘုံအကြောင်း ပြန်စဉ်းစားလိုက်သည့်အခါ ကြောက်ရွံ့သော အရိပ်အယောင်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကုချင်းဘုံထဲမှာ သူတို့တွေ့ကြုံခဲ့ရသော အရာများက အမှန်တကယ် အန္တရာယ်များသည်။ နည်းနည်းလေး သတိပေါ့ဆသွားသည်နှင့် သူတို့က ကုချင်းဘုံထဲမှာ အသက်ဆုံးရှုံးသွားကြလိမ့်မည်။ အကယ်၍ သူတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမည်ဆိုလျှင်ပင် လူအနည်းစုသာ ကုချင်းဘုံထဲသို့ ပြန်ဝင်ရောက်ကြလိမ့်မည်။

“ ဒါပေမဲ့ ကုချင်းဘုံကို ဒီတစ်ကြိမ် လူတိုင်းအတွက် ဖွင့်လှစ်ပေးခဲ့တာက သမီးအတွက် အိမ်ထောင်ဖက်ရှာဖွေပေးဖို့ပဲ ဖြစ်ပါတယ်… အိမ်ထောင်ဖက်ရှာတဲ့ စမ်းသပ်မှုက ကုချင်းဘုံထဲက မြစိမ်းကုချင်းကို အပြင်ကို ယူဆောင်လာပေးဖို့ ဖြစ်ပါတယ် ”

“ စောစောက ယဇ်ပလ္လင်က မြစိမ်းကုချင်းကို ဘယ်သူမှ မယူဆောင်လာနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်… ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျုပ်သမီးနဲ့ ကံစပ်တဲ့ အိမ်ထောင်ဖက် မပေါ်ထွန်းလာဘူးလို့ ပြောရပါမယ် ”

ချင်ရွှမ်းက ဧည့်သည်များကို ပြန်ပို့ဆောင်သော စကားများကို ပြောသည်။

… … …

ထိုအခိုက်အတန့်မှာ သွေးနီရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသော ဧရိယာတစ်ခုထဲတွင် အတူတကွ သွယ်တန်းနေသော တောင်ကုန်းသုံးခုရှိကြသည်။ တောင်ကုန်းသုံးခုက တြိဂံပုံသဏ္ဍာန်ရှိပြီး လျှို့ဝှက်အစီအရင်တစ်ခုကို ဖွဲ့စည်းနေကြသည်။ တောင်ကုန်းများပေါ်တွင် နန်းတော်အများအပြား တည်ရှိကြသည်။ အရေအတွက်က အလွန်များပြားလေရာ အတိအကျပြောရန် မလွယ်ကူပေ။

တောင်ကုန်းသုံးခု၏ အလယ်တွင် သေးငယ်သော တောင်တစ်လုံး ရှိသည်။ ထိုတောင်ပေါ်မှာလည်း နန်းတော်များနှင့် စံအိမ်ကြီးများ တည်ရှိကြသည်။ ယင်းတို့က တောင်ကုန်းသုံးခုပေါ်မှ နန်းတော်များထက် ပိုပြီးခမ်းနားထည်ဝါကြသည်။ သွေးနီရောင်တိမ်တိုက်များ၏ ဖုံးလွှမ်းမှုအောက်မှာ ဤဧရိယာက မကောင်းဆိုးဝါးအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက တစ်စုံတစ်ယောက်၏ နှလုံးကို အေးခဲသွားစေရန် လုံလောက်သည်။

“ ခရက် ”

အမြင့်ဆုံး နန်းတော်ထဲတွင် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရှိသည်။ သူက ရွှဲယင်ရီနှင့် ရုပ်ချင်းဆင်တူပြီး သူ၏ မျက်နှာပေါ်မှာ ရက်စက်ခက်ထန်သော အမူအရာရှိသည်။

သူက အလွန်ဒေါသထွက်နေပြီး သူထိုင်နေသော ထိုင်ခုံ၏ လက်တန်းကို ဆုတ်ဖြဲလိုက်သည်။ တစ်ခုသိထားရမည်မှာ ထိုထိုင်ခုံကို မဟူရာရွှေဥက္ကာခဲဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းက အလွန်မာကျောသော ရှားပါးသတ္ထုတစ်မျိုး ဖြစ်သည်။ ထိုသို့သတ္ထုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေရာ ထိုသူ၏ ခွန်အားက မည်မျှသန်မာကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သူ့ဘေးတွင် အလွန်ချောမာလှပသော အမျိုးသမီးတစ်ယောက် ထိုင်နေပြီး တိတ်တဆိတ် ငိုကြွေးနေသည်။

“ ယောင်္ကျား… ယင်ရီရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရတယ်… သူ့ရဲ့ ဝိညာဉ်အမျှင်တန်းတစ်ခုပဲ ပြန်လွတ်မြောက်လာခဲ့တယ်… ဘယ်အချိန်မှ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နိုင်မလဲ ကျွန်မမသိဘူး… ကျွန်မတို့ ဒီအတွက် လက်စားပြန်ချေရမယ်… ယင်ရီကို ဒီလိုဖြစ်အောင်လုပ်တဲ့ လူကို အပိုင်းတစ်ထောင် ခုတ်ပိုင်းပစ်ရမယ်… မဟုတ်ရင် ကျွန်မရဲ့ ရင်ထဲက နာကျင်မှုက ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်ဘူး ”

အမျိုးသမီးက အလွန်ချောမာလှပသော်လည်း သူ၏ စကားများထဲမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။ ယင်းက သူ၏ အသွင်သဏ္ဍာန်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။

“ စစ်ဆေးရမယ်… ငါတို့သားကို ဘယ်သူက သတ်ပစ်ရဲတာလဲ ရှာဖွေရမယ်… အဲ့ဒီလူဘယ်သူလဲ ငါရှာတွေ့လို့ကတော့ သူ့ကို ဖမ်းဆီးပြီး သွေးအကျဉ်းထောင်ပဲ ပို့ပစ်မယ်… သူ့ကို သေတာထက် ပိုဆိုးတဲ့ နာကျင်မှုကို ငါမြည်းစမ်းခိုင်းမယ်… သူ့ကို နေ့တိုင်း ငါနှိပ်စက်ပစ်မယ် ”

သွေးနတ်ဆိုးက အေးစက်စက် ပြောသည်။ စကားပြောလိုက်စဉ် သွေးနီရောင်အလင်းက သူ့မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

" ဟွန့်… ယင်ရီ ဒီလိုဖြစ်ရတာ ချင်မိသားစုရဲ့ သတိုးသားလောင်း ရွေးချယ်ပွဲကို သွားလို့ပဲ… မဟုတ်ရင် ငါ့သားလေး အခုလို အဖြစ်ဆိုးနဲ့ ကြုံရမှာမဟုတ်ဘူး… အဲ့ဒါက ချင်မိသားစုနဲ့လည်း သက်ဆိုင်နေတယ်… ဘယ်သူပဲ ငါတို့သားကို သတ်ပစ်ပါစေ ချင်မိသားစုကို အလွတ်ပေးလို့ မဖြစ်ဘူး ”

ချောမောလှပသော အမျိုးသမီးက အေးစက်စွာ ပြောသည်။ သူ၏ မျက်နှာပေါ်မှာ မုန်းတီးမှုဖြင့် ပြည့်နှက်နေသည်။

“ ချင်မိသားစုလား ”

သွေးနတ်ဆိုးက ရုတ်တရက် တုံ့ဆိုင်းသွားသည်။ သူက လေးနက်စွာ ပြောသည်။

“ ဒီကိစ္စမှာ ချင်မိသားစု ပါဝင်နေပေမဲ့ လောလောဆယ် သူတို့ကို ငါတို့သွားမထိနိုင်ဘူး… ချင်မိသားစုက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံခြင်းမိသားစုတစ်ခုပဲ… သူတို့ရဲ့ အသံတိုက်ခိုက်မှုတွေက ထူးဆန်းပြီး နာမည်ကျော်ကြားတယ်… တကယ်လို့ ချင်မိသားစုနဲ့ ငါတို့တိုက်ခိုက်ကြမယ်ဆိုရင် သွေးတိမ်ဂိုဏ်းက အသာစီးရလိမ့်မယ်လို့ အတပ်မပြောနိုင်ဘူး ”

သွေးနတ်ဆိုး၏ စကားအရ သူက ချင်မိသားစုကို ရှိန်နေကြောင်း ထင်ရှား၏။ ဤသို့အခြေအနေမှာပင် သူက ချင်မိသားစုကို ပြဿနာမရှာဝံ့ပေ။

“ ဒီကိစ္စကို သေချာစဉ်းစားရမယ်… ယင်ရီရဲ့ ဝိညာဉ်က မပြည့်စုံသေးဘူး… ဝိညာဉ်ဆင့်ခေါ်အတတ်ကို အချိန်ကြာကြာ အသုံးပြုထားတာကြောင့် သူ့ရဲ့ စိတ်က မကြည်လင်ဘူး… သူ့ကို ဘယ်သူက သတ်ခဲ့တာလဲ ငါတို့မသိဘူး ”

“ အခု ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ချင်မိသားစုရဲ့ သတိုးသားလောင်းရှာဖွေပွဲမှာ ပါဝင်ခဲ့တဲ့ လူတွေကို လိုက်စုံစမ်းဖို့ပဲ… အဲ့ဒီလူကို ရှာတွေ့တာနဲ့ သူ့ကို လုံးဝ အလွတ်မပေးဘူး ”

သွေးနတ်ဆိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသတကြီး ပြောသည်။

ထိုပုဂ္ဂိုလ်နှစ်ယောက်သည် သွေးတိမ်ဂိုဏ်းခေါင်းဆောင် သွေးနတ်ဆိုးနှင့် သူ့ဇနီး ဖြစ်ကြသည်။ ရွှဲယင်ရီသည် သူတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ ပုန်းလျှိုးနတ်ဘုရားကျောက်စိမ်းပြား၏ ကာကွယ်ပေးမှုကြောင့် ရွှဲယင်ရီ၏ ဝိညာဉ်က သွေးတိမ်ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း ဝမ်းနည်းခြင်းအရှိန်အဝါက အလွန်အစွမ်းထက်သည်။ ယင်းက ရွှဲယင်ရီ၏ ရုပ်ခန္ဓာကိုယ်ကိုသာမက သူ၏ ဝိညာဉ်အပေါ်ကိုလည်း သက်ရောက်မှုရှိသည်။

ထို့ကြောင့် ရွှဲယင်ရီ၏ ဝိညာဉ်က လွတ်မြောက်သွားခဲ့သော်လည်း အပြည့်အစုံ မဟုတ်ပေ။ သူက ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားသည်။

ယခု သူ၏ စိတ်က မကြည်လင်နေပေ။ သို့မဟုတ်လျှင် ရွှဲယင်ရီကို သတ်ခဲ့သူက သီရှီထျန်ဖြစ်ကြောင်း သွေးနတ်ဆိုးနှင့် သူ့ဇနီးက သိရှိသွားကြလိမ့်မည်။

“ ဝမ်ထောင်… အမြန် ငါ့ကို လာတွေ့စမ်း ”

သွေးနတ်ဆိုးသည် အသက်ပြင်းပြင်းရှူပြီးနောက် ခေါင်းမော့၍ သူ့အသံကို အပြင်သို့ ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာက ချောက်ချားဖွယ်ကောင်းစွာ မည်းမှောင်နေဆဲပင်။ ဤသည်မှာ သူ့ခန္ဓာကိုယ်က အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ကြီးတစ်ခု ဖြစ်သည့်အလားပင်။

“ ဖတ်… ဖတ်… ”

မကြာမီ မြန်ဆန်သော ခြေလှမ်းသံများနှင့်အတူ ဝတ်စုံနက်ဝတ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ခန်းမထဲသို့ အမြန်ဝင်လာသည်။ သွေးနတ်ဆိုးနှင့် ချောမောလှပသော အမျိုးသမီးကို သူမြင်သွားသောအခါ သူ၏ မျက်နှာပေါ်မှာ ရိုသေလေးစားသော အမူအရာ ထွက်ပေါ်လာသည်။ သူက ဦးညွတ်လိုက်ပြီး ပြောသည်။

" တပည့်ဝမ်ထောင်က ဆရာနဲ့ ဆရာကတော်ကို ဂါရဝပြုပါတယ်… ဆရာက ဘယ်လိုအရေးကြီးကိစ္စကြောင့် တပည့်ကို အခေါ်လွှတ်လိုက်တာပါလဲ ”

သူက ခေါင်းငုံ့လိုက်သည်။ သူခေါင်းငုံ့ထားစဉ် အေးစက်စက် အလင်းတန်းက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သို့သော်လည်း သူခေါင်းပြန်မော့လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အေးစက်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်းအစား ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။

ထိုအပြောင်းအလဲက အလွန်မြန်ဆန်လေရာ မည်သူမှ သတိမထားမိကြချေ။

" ထောင်အာ… ဒီတစ်ခေါက် မင်းရဲ့ ဂိုဏ်းတူညီလေးယင်ရီက ချင်မိသားစုရဲ့ သတိုးသားလောင်းရှာဖွေပွဲကို သွားပြီးနောက် ဝိညာဉ်အမျှင်တန်းတစ်ခုပဲ ပြန်ရောက်လာခဲ့တယ်… တရားခံက သတိုးသားလောင်းရှာဖွေပွဲကို ရောက်လာကြတဲ့ ကျင့်ကြံသူတွေထဲက ဖြစ်ရမယ်… မင်း လူတချို့ကို ခေါ်သွားပြီး ချင်မိသားစုရဲ့ သတိုင်းသားလောင်းရှာဖွေပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူတိုင်းကို စုံစမ်းစစ်ဆေးပါ ”

သွေးနတ်ဆိုးက လေသံမာမာဖြင့် ပြောသည်။

“ ဒီကိစ္စကို မင်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်ဆိုရင် ငါမင်းကို ရက်ရက်ရောရော ဆုချမယ်… ဂိုဏ်းရဲ့ အထွတ်အမြတ်ကျမ်းစာသုံးခုထဲက တစ်ခုကို မင်းစိတ်ကြိုက်ရွေးချယ်နိုင်မယ် ”

သွေးတိမ်ဂိုဏ်းတွင် အထွတ်အမြတ်ကျမ်းစာသုံးခု ရှိသည်။ ယင်းတို့က သွေးတိမ်နေဖုံးကွယ်ကျမ်းစာ၊ သွေးနတ်မိစ္ဆာအလင်းကျမ်းစာနှင့် သွေးပင်လယ်နတ်ဘုရားကျမ်းစာတို့ ဖြစ်ကြသည်။ ထိုကျမ်းစာသုံးခုထဲမှာ အံ့ဖွယ်ကောင်းသော ပညာရပ်များ ပါဝင်ကြသည်။ ယင်းတို့အားလုံးက အမတတစ်ပါးဖြစ်လာရန် ကျင့်ကြံပေးနိုင်သည်အထိ အစွမ်းထက်ကြသည်။ ယင်းတို့က သွေးတိမ်ဂိုဏ်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်ကြသည်။

ဂိုဏ်းထဲမှ သာမန်တပည့်များသည် ယင်းတို့ကို သူတို့တစ်ဘဝလုံး မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ပင်ကိုယ်ပါရမီထူးချွန်သော လက်ရွေးစင်တပည့်များသာလျှင် ထိုကျမ်းစာများကို သင်ယူနိုင်ကြသည်။

ယင်းကို ဝမ်ထောင်ကြားသောအခါ တောက်ပသောအလင်းက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အမြန်လျှောက်တင်သည်။

“ စိတ်ချပါ ဆရာ… ဂိုဏ်းတူညီလေးကို ဒဏ်ရာရအောင်လုပ်တဲ့လူ ဘယ်သူပဲဖြစ်ပါစေ ကျွန်တော် အကောင်းဆုံး ရှာဖွေပေးပါမယ်… မိုးအဆုံး မြေအဆုံး ရှာဖွေရမယ်ဆိုရင်တောင် ကျွန်တော် တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး ”

ဝမ်ထောင်က သူ၏ စကားထဲမှာ သစ္စာရှိမှုကို ဖော်ပြလိုက်သည်။ သူက ကျမ်းစာအကြောင်း တစ်ခွန်းမှ မပြောပေ။

“ အင်း… မင်း အကောင်းဆုံး လုပ်ဆောင်ပါ… အခုပဲ ဂိုဏ်းကနေ ချက်ချင်း ထွက်ခွာပြီး စုံစမ်းမှုကို စတင်ပါ… ဒါပေမဲ့ ငါတစ်ခုမှာမယ်… ချင်မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မင်းလုပ်ဆောင်တဲ့အခါ မဆင်မခြင်မလုပ်ရဘူး ”

သွေးနတ်ဆိုးက လက်ဝှေ့ယမ်းလိုက်ပြီး ဝမ်ထောင်ကို ခန်းမထဲမှ ထွက်သွားရန် ညွှန်ကြားလိုက်သည်။

ချင်မိသားစုအကြောင်း ကြားသောအခါ ဝမ်ထောင်၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။ သူက နောက်ထပ် မည်သည့်စကားမှမဆိုဘဲ အဓိကခန်းမထဲမှ အမြန်ထွက်သွားသည်။ မကြာမီ သူက လူတစ်အုပ်စုကို ဦးဆောင်၍ သွေးတိမ်တောင်ကုန်းမှ ထွက်ခွာသွားသည်။ သူက ဝူပြည်ထောင်မှ ချင်မိသားစုဆီသို့ ဦးတည်သွားသည်။

… … …

အခန်း(၂၁၅)

ကုချင်းချိုင့်ဝှမ်းထဲတွင် ကျင့်ကြံသူများက တဖွဲဖွဲ ပြန်ထွက်သွားကြသည်။ အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူများထဲတွင် အများစုသည် ချင်မိသားစု၏ သားမက်မဖြစ်နိုင်သောကြောင့် နောင်တရသွားကြသည်။ သို့သော်လည်း ဤခရီးစဉ်မှာ လက်နက်သန္ဓေသားများကို သူတို့ပိုင်ဆိုင်ခဲ့ကြောင်း စဉ်းစားမိသွားသောအခါ ဝမ်းသာပျော်ရွှင်သွားကြသည်။ အနည်းဆုံးတော့ သူတို့၏ ဤစွန့်စားမှုက အလဟဿ မဖြစ်ခဲ့ပေ။

ချင်ရွှမ်းသည် ယဇ်ပလ္လင်ပေါ်မှာ မည်းမှောင်သော မျက်နှာဖြင့် ရပ်နေသည်။ သူက မကြာခဏ သက်ပြင်းချနေသည်။

ယင်းကို ကိုတိုမီမြင်သောအခါ သူက နူးညံ့စွာ ပြောသည်။

" အဖေ… အရမ်းဝမ်းမနည်းပါနဲ့… ဒီတစ်ကြိမ် အဆင်မပြေရင် သမီးတို့ နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားကြမယ်… သမီးတို့ ချင်မိသားစုက နှစ်ပေါင်းများစွာကြာအောင် တည်တံ့လာခဲ့တဲ့ မိသားစုပါ… သမီးတို့မျိုးဆက်မှာ ချင်မိသားစု အဆုံးသတ်သွားမှာကို ခွင့်မပြုနိုင်ဘူး ”

“ တကယ်လို့ တခြားနည်းလမ်းမရှိတော့ရင် နောက်သုံးနှစ်နေရင် ဖွင့်လှစ်မယ့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ သမီး ဝင်ရောက်ပါမယ်… တကယ်လို့ သမီးကံကောင်းပြီး ဒဏ္ဍရီလာစေတီကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် သမီးတို့ချင်မိသားစုအတွက် မျှော်လင့်ချက်ရှိပြီ… တကယ်လို့ ရှာမတွေ့ခဲ့ရင်လည်း သမီးတို့ချင်မိသားစုက အဲ့ဒီမကောင်းဆိုးဝါးနဲ့ အသေအကြေ တိုက်ခိုက်ကြမယ်… ဒါက ခရမ်းရွှေကုန်းမြေအတွက် သမီးတို့ရဲ့ နောက်ဆုံးအကျိုးဆောင်မှုဖြစ်လိမ့်မယ်… အဲ့ဒါဆို မိသားစုရဲ့ သမိုင်းပေးတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တယ်လို့ သတ်မှတ်နိုင်လိမ့်မယ် ”

ကိုတိုမီသည် မြစိမ်းကုချင်းကို မည်သူမှ ပြန်မယူလာနိုင်ကြောင်း မြင်သောအခါ စိတ်ပျက်မှုနှင့် စိတ်သက်သာရာရသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။

မည်သို့ဖြစ်ပါစေ မိန်းကလေးတစ်ယောက်အနေနှင့် သူ၏ အိမ်ထောင်ဖက်ကို ထိုသို့မရွေးချယ်ချင်ပေ။ သူက ချင်မိသားစု၏ မျိုးဆက်တစ်ဦးဖြစ်လေရာ တချို့ကိစ္စများကို သူကိုယ်တိုင် မဆုံးဖြတ်နိုင်ပေ။ သူ့မှာ မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်များရှိပြီး ချင်မိသားစု၏ အကျိုးစီးပွားကို နံပါတ်တစ်ဦးစားပေးရမည်။

“ ထားလိုက်ပါတော့… အားလုံးက ကံစီမံရာပဲ… မြစိမ်းကုချင်းပေါ်မှာပဲ မျှော်လင့်ချက်အားလုံးကို စုပုံထားလို့ မဖြစ်ဘူး… ကောင်းတဲ့ဘက်ကနေ ကြည့်မယ်ဆိုရင် သမီးရဲ့ ပျော်ရွှင်မှုကို မစတေးရတော့ဘူးပေါ့ ”

ချင်ရွှမ်းသည် ချင်မိသားစုခေါင်းဆောင် ဖြစ်သည်။ ကျင့်ကြံခြင်းမိသားစုတစ်ခု၏ ခေါင်းဆောင်အနေဖြင့် သူက စိတ်ဓာတ်ပျော့ညံ့သူ မဟုတ်ပေ။ ထို့ပြင် ဂီတက လူတစ်ယောက်၏ စိတ်ခံစားချက်များကို ပြုပြင်ပြောင်းလဲပေးနိုင်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ သူက ကိုတိုမီကို ပြုံးပြလိုက်သည်။ ထိုကိစ္စအကြောင်း နောက်ထပ် သူမပြောတော့ပေ။

“ ဆရာချင်… ကျွန်တော် ချင်မိသားစုထဲ ဝင်ရောက်ပြီး ဂီတပညာကို သင်ယူချင်ပါတယ်… ခင်ဗျား လက်ခံပေးနိုင်မလား ”

အဖေနှင့် သမီး နှစ်ကိုယ်ကြား စကားပြောနေစဉ် ယဇ်ပလ္လင်အောက်၌ မထွက်သွားရသေးသော လူတစ်ယောက် ရှိသည်။ သူတို့နှစ်ယောက်က အသံပိုင်ရှင်ကို ကြည့်လိုက်လေရာ ဝမ်းနည်းမှုအရှိန်အဝါကို ထုတ်လွှတ်နေသာ သီရှီထျန်ကို မြင်သွားကြသည်။ သီရှီထျန်က မြေကြီးပေါ်မှာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီး လေးနက်စွာ မေးသည်။

ချင်မိသားစုဆီသို့ သီရှီထျန် ရောက်လာရသည့် အကြောင်းအရင်းက ကုချင်းပညာနှင့် ဂီတအကြောင်း သင်ယူရန် ဖြစ်၏။ ယင်းက သေမျိုးလောကဆီသို့ သူရောက်လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်လည်း ဖြစ်သည်။

သို့သော်လည်း ဤအတောအတွင်းမှာ သူက ပြဿနာတချို့နှင့် တွေ့ဆုံခဲ့ပြီး ရန်သူတချို့ကို မွေးမြူခဲ့မိသည်။ မှန်ပေသည်။ သူ့မှာ ရန်သူမည်မျှရှိပါစေ သေမျိုးလောကဆီသို့ သူရောက်လာသည့် ရည်ရွယ်ချက်က မပျောက်ဆုံးသွားပေ။ သူ၏ ရည်ရွယ်ချက်ကို အမြဲတမ်း ရှင်းလင်းစွာ နားလည်သည်။

ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသော်လည်း သီရှီထျန်က မထွက်သွားခဲ့ပေ။ ယင်းအစား သူက တခြားလူများ အကုန်ထွက်သွားပြီးသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ယခု အချိန်ကျလာသည့်အခါ သူက ချင်ရွှမ်းကို မေးလိုက်သည်။

သီရှီထျန် ရုတ်တရက် ပြောလိုက်သော စကားက ချင်ရွှမ်းနှင့် ကိုတိုမီ၏ စူးစမ်းလိုစိတ်ကို ချက်ချင်း လှုံ့ဆော်ပေးလိုက်သည်။ သူတို့နှစ်ယောက်ထံမှ အကြည့်က သီရှီထျန်ပေါ်သို့ တစ်ချိန်တည်း ကျရောက်သွားသည်။

တစ်ဖက်လူက သီရှီထျန်ဖြစ်ကြောင်း ချင်ရွှမ်းမြင်သောအခါ ထူးဆန်းသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သီရှီထျန်အပေါ် သူ့မှာ လေးနက်သောအမြင် ရှိသည်။ ထိုလူငယ်က ကုချင်းချိုင့်ဝှမ်းထဲမှာ တန်ဖိုးကြီးမားသော မျောက်မင်းဝိုင်ကို အလွယ်လေး ထုတ်ပေးခဲ့သည်။ ထို့ကြောင့် သီရှီထျန်က သာမန်မဟုတ်ကြောင်း ချင်ရွှမ်း သတိပြုမိခဲ့သည်။

“ ဒီတော့ မင်းကို… မင်းက ကုချင်းချိုင့်ဝှမ်းထဲမှာ တန်ဖိုးကြီးမားတဲ့ မျောက်မင်းဝိုင်ကို ဆေးလုံးနည်းပညာနဲ့ လဲလှယ်ခဲ့တဲ့လူပဲ… မင်းကို ငါမှတ်မိတယ် ”

ချင်ရွှမ်းက သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ပြုံးသည်။

“ မင်းက နှလုံးသားသန့်စင်ခြင်းသီချင်းရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်… အဲ့တော့ မင်းမှာ ချင်မိသားစုဆီ ဝင်ရောက်ပြီး တပည့်ဖြစ်လာဖို့ အခွင့်အရေးရှိပြီးသားပါ… အခုလည်း ချွင်းချက်မဟုတ်ဘူး… မင်း တခြားအဖွဲ့အစည်းတွေထဲ မဝင်ရောက်ရသေးဘူးဆိုရင် ချင်မိသားစုထဲ ဝင်ရောက်နိုင်တယ် ”

သူ့စကားက အကျိုးအကြောင်းသင့်သည်။ နှလုံးသားသန့်စင်ခြင်းသီချင်းသည် ချင်မိသားစု တပည့်များရွေးချယ်သော စမ်းသပ်မှု ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုစမ်းသပ်မှုကို ဖြတ်ကျော်နိုင်လျှင် ချင်မိသားစု၏ တပည့်ဖြစ်လာနိုင်လိမ့်မည်။ သီရှီထျန်သည် ယခင်က ချင်မိသားစု၏ တပည့်တစ်ယောက်ဖြစ်လာရန် မရွေးချယ်ခဲ့သော်လည်း ယခု ရွေးချယ်မည်ဆိုလျှင် သိပ်နောက်မကျသေးပေ။

ကိုတိုမီက မျက်လုံးဝင်းလက်သွားသည်။ သူ့အရှေ့မှ အမျိုးသားသည် အတိတ်မှာ သူ့ဖခင် ချီးကျူးခဲ့သော ပါရမီရှင်လူငယ်ငါးယောက်အနက် လျှို့ဝှက်အဆန်းကြယ်ဆုံးလူ ဖြစ်သည်။ ထို့ကြောင့် သူက သီရှီထျန်ကို စူးစမ်းလိုစွာ စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ သီရှီထျန်က ခေါင်းယမ်းလိုက်ပြီး တစ်ဖက်လူ မမျှော်လင့်ထားသော စကားကို ပြောသည်။

“ ဆရာချင်… ခင်ဗျားနားလည်မှုလွဲနေပါပြီ… ချင်မိသားစုဆီ ကျွန်တော်ဝင်ချင်တယ်လို့ ပြောတာက ချင်မိသားစုရဲ့ တပည့်ဖြစ်ချင်တယ်လို့ မဆိုလိုပါဘူး ”

“ ဘာ… မင်းရဲ့ စကားက ဘာအဓိပ္ပာယ်လဲ ”

ချင်ရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကြီးမားလေးလံသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက သီရှီထျန်ကို စိုက်ကြည့်လိုက်လေရာ ကြီးမားလေးလံသော ဖိအားက သီရှီထျန်အပေါ်သို့ ကျဆင်းသွားသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ မရောက်ရှိသေးသော တစ်စုံတစ်ယောက်က ထိုသို့ဖိအားဖြင့် သက်ရောက်ခံရမည်ဆိုလျှင် သူတို့က အသက်ရှူကျပ်မှုကို ခံစားသွားရလိမ့်မည်။

သို့သော်လည်း ထိုဖိအားက သီရှီထျန်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိဟန် ရ၏။ သူက နေရာမှာ တည်ငြိမ်စွာ ဆက်ရပ်နေပြီး တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက လေးနက်စွာ ပြောသည်။

“ ကျုပ် ချင်မိသားစုဆီ ဝင်ရောက်ချင်တာက ချင်မိသားစုရဲ့ ကုချင်းပညာနဲ့ ဂီတအကြောင်း သင်ယူချင်ရုံပါ… ချင်မိသားစုဆီက အသံတိုက်ခိုက်မှု လျှို့ဝှက်ပညာရပ်တွေကို ကျုပ်မသင်ယူချင်ပါဘူး… တကယ်လို့ ဆရာချင်က ကျုပ်ရဲ့ တောင်းဆိုမှုကို သဘောတူမယ်ဆိုရင် ကုချင်းဘုံထဲက ကျုပ်ရလာခဲ့တဲ့ လက်နက်သန္ဓေသားဆယ်ခုကို လက်ဆောင်ပေးပါမယ် ”

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ပိုင်ဆိုင်သွားပြီးနောက် သီရှီထျန်သည် အသံတိုက်ခိုက်မှုများ၏ အဓိကအနှစ်သာရကို စတင်ဖမ်းဆုပ်နိုင်သွားသည်။ ထို့ပြင် သူ့ဆီမှာ အစွမ်းထက်ဆုံး အသံတိုက်ခိုက်မှုပညာရပ်ဖြစ်သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ရှိသည်။

ထို့ကြောင့် အသံတိုက်ခိုက်မှုပညာရပ်များကို ကိုယ့်ဘာသာ လေ့လာရန် သီရှီထျန်အတွက် မခက်ခဲပေ။ သူက မိစ္ဆာတစ်ကောင်ဖြစ်လေရာ လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းမိသားစုတစ်ခုထဲသို့ မဝင်ရောက်နိုင်ပေ။ သို့မဟုတ်လျှင် ယင်းက အနာဂတ်မှာ သူ့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။

သူက အတိတ်ဘဝမှာ အောင်မြင်သော စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ စီးပွားရေးကို မည်သို့လုပ်ဆောင်သင့်ကြောင်း ကောင်းကောင်း သူနားလည်သည်။ ဤလောကတွင် ပစ္စည်းအများအပြားကို တန်ရာတန်ကြေးဖြင့် ဝယ်ယူနိုင်သည်။ တစ်စုံတစ်ယောက်က သင့်တော်သော တန်ကြေးကို ပေးမည်ဆိုလျှင် အဖိုးတန်ဆုံး ရှားပါးရတနာများကိုပင် ရယူနိုင်လိမ့်မည်။

အဓိကအရေးကြီးဆုံးမှာ တူညီသော တန်ဖိုးကို ပေးချေရန် ဖြစ်သည်။ သူလိုချင်သော အရာကို မရရှိသေးခြင်းက သူပေးသော တန်ကြေး မလုံလောက်သေးသောကြောင့် ဖြစ်သည်။

“ အို ”

ချင်ရွှမ်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။

“ မင်းက ကုချင်းပညာကို သင်ယူချင်တယ်... ဂီတအကြောင်း နားလည်ချင်တယ်ဆိုရင် သေမျိုးလောကထဲက ကုချင်းပညာရှင်တစ်ယောက်ကို ရှာဖွေနိုင်တာပဲ… ဘာလို့ ချင်မိသားစုဆီက သင်ယူချင်တာလဲ… မင်းက အဲ့ဒီအတွက် လက်နက်သန္ဓေသားတွေနဲ့တောင် လဲလှယ်ဦးမယ်… အဲ့ဒီလက်နက်သန္ဓေသားတွေက မသေမျိုးကျင့်ကြံခြင်းလောကမှာ ရွှေစတစ်သောင်းပေးရင်တောင် ဝယ်လို့မရဘူးဆိုတာ မင်းသိရဲ့လား… ဒါကို မင်းက ဆယ်ခုတောင် ပေးမယ်ဆိုပါလား ”

ချင်ရွှမ်းသည် အနည်းငယ် အံ့ဩသွားသည်။ သီရှီထျန်၏ တောင်းဆိုမှုက အလွန်ထူးဆန်းသည်။ ကုချင်းပညာနှင့် ဂီတအကြောင်း သင်ယူရန်သက်သက် ချင်မိသားစုဆီသို့ ဝင်ရောက်ချင်သောလူကို ယခုမှ ပထမဆုံးအကြိမ် သူတွေ့ကြုံဖူးခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဤကိစ္စက အလွန်ထူးဆန်းသည်။

" သေမျိုးလောကထဲက ဘယ်ကုချင်းပညာရှင်က ချင်မိသားစုကို ယှဉ်နိုင်မှာပါလဲ… ဒီလောကမှာ ဘယ်သူက ဂီတအကြောင်း ချင်မိသားစုထက် ပိုပြီးနားလည်မှာပါလဲ… ကျုပ်သီရှီထျန်က အကောင်းဆုံးတွေပဲ နှစ်သက်ပါတယ်… ကုချင်းပညာကို အတော်ဆုံး ဆရာဆီကနေပဲ သင်ယူချင်ပါတယ် ”

ချင်ရွှမ်းက သူ့အပေါ် သံသယရှိလာလိမ့်မည်ဟု သီရှီထျန် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ပြောသည်။

သူက စကားဆုံးသွားသည်နှင့် သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး တလက်လက် တောက်ပနေသော လက်နက်သန္ဓေသားဆယ်ခုကို ထုတ်လိုက်သည်။ ယင်းတို့တစ်ခုစီက အဆင့်မြင့် အရည်အသွေးကို ပိုင်ဆိုင်ထားကြသည်။ တစ်စုံတစ်ယောက်က ယင်းတို့ကို သန့်စင်လိုက်မည်ဆိုလျှင် အဆင့်မြင့် ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်သွားလိမ့်မည်။ ထို့ပြင် ယင်းတို့ကို သက်စောင့်ဓမ္မလက်နက်အဖြစ် သန့်စင်မည်ဆိုလျှင် အနာဂတ်မှာ ယင်းတို့က ဓမ္မရတနာများ ဖြစ်လာကြလိမ့်မည်။

ချင်မိသားစုတပည့်များထံမှ ဓမ္မလက်နက်အားလုံးသည် ကုချင်းဘုံထဲမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် သူတို့က ထိုလက်နက်သန္ဓေသားများကို ဓမ္မလက်နက်များအဖြစ် သန့်စင်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကုချင်းဘုံက ချင်မိသားစုအတွက် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။

အထူးသဖြင့် ထိုလက်နက်သန္ဓေသားများက ဂီတတူရိယာများ ဖြစ်ကြသည်။ ထိုသို့ဓမ္မလက်နက်များက ချင်မိသားစုဝင်များ၏ လက်ထဲမှာသာ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ကြလိမ့်မည်။ ဤအခိုက်အတန့်မှာ သီရှီထျန်က ချင်မိသားစုထံမှ ပညာသင်ယူရန် လက်နက်သန္ဓေသားဆယ်ခုကို ပေးကမ်းလာသည်။ သူက အလွန်ရက်ရောပေသည်။

ချင်ရွှမ်းသည် သူ့အရှေ့မှာ လွင့်မျောနေသော လက်နက်သန္ဓေသားဆယ်ခုကို ကြည့်လိုက်သည်။ သူက ချက်ချင်း ပြန်မဖြေပေ။

ကိုတိုမီသည် သီရှီထျန်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ အထူးသဖြင့် သီရှီထျန်၏ မျက်လုံးကို ကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။

အဲ့ဒါ ဘယ်လိုမျက်လုံးလဲ… ဘာလို့ သူ့မျက်လုံးထဲမှာ စိတ်ခံစားချက်တွေ အများကြီး ရှိနေတာလဲ…

ယင်းတို့က ဝမ်းနည်းမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ အရှုံးမပေးမှု အစရှိသည်တို့ ဖြစ်ကြသည်။ မတူညီသော စိတ်ခံစားချက်များက အတူတကွ ပေါင်းစည်းသွားသည့်အခါ သူ၏ အကြည့်က ဖော်မပြနိုင်အောင် နက်ရှိုင်းသွားသည်။

သီရှီထျန်က ကုချင်းပညာကို သင်ယူရန် ဆန္ဒပြင်းပြနေကြောင်း ကိုတိုမီ မြင်သောအခါ သူက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ တကယ်လို့ ရှင်က ကုချင်းပညာကိုပဲ သင်ယူချင်တာဆိုရင် ကျွန်မကိုယ်တိုင် ရှင့်ကို သင်ပြပေးနိုင်ပါတယ်… ဒါပေမဲ့ ချင်မိသားစုထဲမှာ ရှင်မနေရဘူး… ကုချင်းချိုင့်ဝှမ်းထဲမှာ ရှင့်ဘာသာ အိမ်ဆောက်ပြီး နေရမယ်… ရှင့်ကိုယ်ရှင် ချင်မိသားစုရဲ့ တပည့်တစ်ယောက်ဖြစ်တယ်လို့ မပြောရဘူး… ပြီးတော့ ကျွန်မ ရှင့်ကို အသံတိုက်ခိုက်မှု လျှို့ဝှက်ပညာရပ်တွေ မသင်ပေးနိုင်ဘူး… အဲ့ဒီအချက်တွေကို ရှင်သဘောတူနိုင်မလား ”

“ ဘာလို့ သဘောမတူရမှာလဲ ”

သူက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး လက်နက်သန္ဓေသားဆယ်ခုကို ယဇ်ပလ္လင်ထံသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်ပြတ်သားစွာ အနောက်လှည့်လိုက်ပြီး ဤနေရာမှ ထွက်သွားသည်။ သူက ကုချင်းချိုင့်ဝှမ်းထဲမှ ခရမ်းဝါးတောဆီသို့ ဦးတည်သွားသည်။ သူက ဝါးပင်များကို အသုံးပြု၍ ယာယီနေအိမ်တစ်ခု ဆောက်လုပ်တော့မည်။

အခန်း(၂၁၆)

သီရှီထျန် ထွက်သွားသည်ကို မြင်သောအခါ ချင်ရွှမ်းက စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကိုတိုမီကို ကြည့်လိုက်သည်။

“ ရှင်းအာ… ဘာလို့ သူ့တောင်းဆိုမှုကို သမီး သဘောတူလိုက်တာလဲ… ချင်မိသားစုမှာ အခုလိုကိစ္စမျိုး တစ်ခါမှမဖြစ်ဖူးဘူး… မဟုတ်မှ ငါ့သမီးက… ”

ချင်ရွှမ်းက သူ့သမီးကို အထူးအဆန်းသဖွယ် ကြည့်လိုက်သည်။ သူ့စကားထဲမှ အဓိပ္ပာယ်က ထင်ရှားသည်။

“ အဖေ ဘာတွေ လျှောက်တွေးနေတာလဲ ”

ကိုတိုမီက ဉာဏ်ကောင်းသူဖြစ်လေရာ သူ့ဖခင်၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူ၏ ဖြူဖွေးသော လည်တိုင်ပေါ်မှာ ပန်းနုရောင်အလွှာတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ဇာပဝါဝတ်ထားသဖြင့် သူ့မျက်နှာကို သေချာမမြင်နိုင်သော်လည်း ယခု သူက ရှက်သွေးဖြာနေကြောင်း ထင်ရှားသည်။

သူက ညင်သာစွာ ခြေဆောင့်လိုက်ပြီး စိတ်ဆိုးစွာ ပြောသည်။

" သမီးနဲ့ သူက အခုမှ ပထမဆုံး တွေ့ဆုံဖူးတဲ့ဟာ ဘယ်လိုလုပ် တခြားအတွေးရှိနိုင်မှာလဲ… သမီး သူ့ကို လက်ခံလိုက်တာက လက်နက်သန္ဓေသားဆယ်ခုကြောင့်ပါ… အဲ့ဒါက ချင်မိသားစုအတွက် အကျိုးရှိမယ့်အရာပါ… ဒီတစ်ကြိမ် ကုချင်းဘုံကို ဖွင့်လှစ်ခဲ့တဲ့အတွက် လက်နက်သန္ဓေသားတွေ နောက်ထပ် မွေးဖွားလာဖို့ အချိန်အကြာကြီး စောင့်ဆိုင်းရလိမ့်မယ်… ပြီးတော့ ချင်မိသားစုက မကြာသေးခင်ကမှ တပည့်အသစ်တွေ လက်ခံထားခဲ့တာ မဟုတ်လား… ဒါ့အပြင် အဲ့ဒီလူက ကုချင်းကို တကယ်ချစ်မြတ်နိုးတဲ့လူဆိုတာ သမီးမြင်နိုင်တယ်… အဲ့ဒါကြောင့် သူ့ရဲ့ တောင်းဆိုမှုကို သမီးသဘောတူလိုက်တာပါ ”

သူက အလျင်စလို ပြောသည်။ ဤသည်မှာ သူက တခြားလူများ နားလည်မှုလွဲသွားမည်ကို စိုးရိမ်နေသည့်အလားပင်။

“ ဟား ဟား… ထားလိုက်ပါ… ငါ့သမီး သဘောတူလိုက်ပြီဆိုတော့ အဖေဘာမှမပြောတော့ဘူး… သီရှီထျန်က လူငယ်တစ်ယောက်ပါပဲ… သူက သမီးကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး ”

ချင်ရွှမ်းက ကိုတိုမီကို ကြည့်လိုက်သည်။ သူက ခေါင်းယမ်းလိုက်သော်လည်း ကိုတိုမီ၏ ဆန္ဒကို မငြင်းဆန်ပေ။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ပြောသည်။

" ဒါပေမဲ့ သူ့ရဲ့ လက်ဆောင်ကို အဖေတို့ လက်ခံထားပြီးပြီဆိုတော့ သူ့ကို သေချာလေး သင်ကြားပေးရမယ်… ဒီလိုလုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ ရှင်းအာ… ချင်မိသားစုရဲ့ အသံတိုက်ခိုက်မှု လျှို့ဝှက်ပညာရပ်တွေကို အပြင်လူတွေဆီ မလွှဲပြောင်းပေးနိုင်ဘူး… သူက သေမျိုးလောကရဲ့ သီချင်းတွေနဲ့ ကုချင်းတီးခတ်နည်းပဲ သင်ယူချင်တာဆိုရင် သမီးတတ်ထားတာတွေ သူ့ကို သင်ကြားပေးလိုက်ပါ… သူသင်ယူပြီးသွားရင် သူ့ဘာသာ ထွက်သွားပါစေ ”

ချင်ရွှမ်း၏ စကားအရ သူက ဤကိစ္စကို အပေးအယူတစ်ခုသာ သဘောထားကြောင်း ထင်ရှား၏။ ယေဘုယျအားဖြင့်ဆိုရသော် ချင်မိသားစုဆီမှာ အရှုံးမရှိပေ။ အမှန်မှာ သူတို့က ဤတစ်ခေါက်တွင် ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားသည်။ အကယ်၍ သူတို့က တစ်ဖက်လူကို သေချာမသင်ကြားပေးလျှင် နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေခဲ့သော ချင်မိသားစု၏ ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မည်။

ထိုအရာသည် သီရှီထျန်လိုချင်နေသောအရာ အတိအကျပင်။

ခရမ်းဝါးတောထဲတွင် သီရှီထျန်က ဝါးပင်များကို ခုတ်ပိုင်းလိုက်ပြီး ချိုင့်ဝှမ်း၏ အစွန်အဖျားမှာ ဝါးအိမ်တစ်လုံး ဆောက်လုပ်လိုက်သည်။ ဝါးအိမ်သည် မကြီးမားပေ။ ယင်းက လူသုံးယောက်နေထိုင်ရန်သာ လုံလောက်၏။ ဝါးအိမ်သည် ရိုးရှင်းပြီး အကြမ်းထည်မျှသာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူက ဤနေရာမှာ အချိန်အကြာကြီး နေထိုင်လိမ့်မည် မဟုတ်ချေ။

“ ကျွီ ”

သီရှီထျန်က ဝါးအိမ်တံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် ဝါးဖြင့် ပြုလုပ်ထားသော ကုတင်တစ်လုံး၊ စားပွဲခုံတစ်လုံးနှင့် ထိုင်ခုံတစ်လုံး ရှိသည်။ ထိုအရာများမှလွဲ၍ တခြားမည်သည့်အရာမှ မရှိပေ။ ထို့ကြောင့် အခန်းသည် အလွန်ရိုးရှင်းသည်။

သီရှီထျန်က ဝါးကုတင်ပေါ်မှာ ထိုင်လိုက်ပြီး စိတ်ထဲမှာ တွေးတောလိုက်သည်။

“ ကုချင်းပညာသင်ယူမယ့် ကိစ္စက နောက်ဆုံးတော့ အဆင်ပြေသွားပြီ… ငါသာ ဒီအတောအတွင်း အနေအထိုင်ဆင်ခြင်ပြီး ပိပိရိရိ ဖုံးကွယ်ထားမယ်ဆိုရင် ငါ့ရဲ့ သရုပ်မှန်ကို ဘယ်သူမှ ရှာတွေ့မှာမဟုတ်ဘူး… ဒါဆိုရင် ကုချင်းပညာကို အေးအေးဆေးဆေး ငါသင်ယူနိုင်လိမ့်မယ်… ကုချင်းပညာကို ငါသင်ယူပြီးရင် ဒီကုချင်းချိုင့်ဝှမ်းကနေ ထွက်သွားပြီး တောင်ပိုင်းမြေရိုင်းဒေသဆီ ပြန်မယ် ”

“ ဒါနဲ့ ဆရာချင်နဲ့ တခြားလူတွေ ပြောနေကြတဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆိုတာ ဘာကိုပြောတာလဲ ”

အစောနက ချင်ရွှမ်းနှင့် ကိုတိုမီသည် နှစ်ကိုယ်ကြား စကားပြောနေကြသည်။ သူတို့၏ စကားသံက မကျယ်သော်လည်း သီရှီထျန်က ယင်းကို အမှတ်မထင် ကြားသွားခဲ့သည်။ သူက တခြားစကားများကို ဂရုမစိုက်ပေ။ သို့သော်လည်း သူတို့ပြောသော ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ‘ မိစ္ဆာ ’ဟူသော စကားလုံး ပါဝင်နေသည်။ သံသယဖြစ်ရန် မလိုပေ။ ယင်းက အစွမ်းထက်မိစ္ဆာတစ်ကောင် ချန်ထားရစ်ခဲ့သော အမွေအနှစ်နယ်မြေတစ်ခု ဖြစ်နိုင်သည်။

အကယ်၍ သူ့အထင်မမှားလျှင် ထိုလျှို့ဝှက်နယ်မြေထဲမှာ မိစ္ဆာမျိုးနွယ်စုအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရှိနိုင်သည်။ “ ကောင်းကင်မိစ္ဆာ ”ဟူသော စကားလုံးနှစ်လုံးကို နားထောင်ကြည့်ရုံဖြင့်ပင် ထိုလျှို့ဝှက်နယ်မြေ၏ ပိုင်ရှင်က သာမန်မဟုတ်နိုင်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။ ထိုသူသည် ရှေးခေတ်မှ အစွမ်းထက်မိစ္ဆာပညာရှင်တစ်ပါး ဖြစ်နိုင်၏။

“ နောက်သုံးနှစ်နေရင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်လိမ့်မယ်… ဘာပဲဖြစ်ဖြစ် အဲ့ဒီလျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်စုအပိုင်ဆိုမှတော့ မသေမျိုးကျင့်ကြံသူတွေကို ငါဘာလို့ အခွင့်အရေးပေးရမှာလဲ… အဲ့ဒီထဲ ငါဝင်သွားပြီး တစ်ချက်ကြည့်ရမယ်… အခွင့်အလမ်းကောင်းတွေ ငါရှာမတွေ့ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ”

သီရှီထျန်က အမြန်စဉ်းစားလိုက်သည်။ မကြာမီ သူက စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မည်သို့သောအရာဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း ယင်းက မိစ္ဆာမျိုးနွယ်စုနှင့် သက်ဆိုင်နေကြောင်း သူသေချာသည်။

ထိုသို့ဆိုမှတော့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ သူတစ်ခေါက်သွားကြည့်ရမည်။ သို့မဟုတ်လျှင် သူနောင်တရနေလိမ့်မည်။

သူက ဆုံးဖြတ်ချက်ချလိုက်သော်လည်း လောလောဆယ် ဘာမှမလုပ်နိုင်သေးပေ။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မည်သည့်နေရာမှာ တည်ရှိကြောင်း၊ မည်သည့်အချိန်မှာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သူဘာမှမသိပေ။ ယင်းကို အနာဂတ်မှာ ဖြည်းဖြည်းချင်း သူအဖြေရှာရလိမ့်မည်။

တစ်ခဏကြာ တွေးတောပြီးနောက် သူက ထိုကိစ္စများကို ဘေးချိတ်ထားလိုက်သည်။ သူက ဝါးကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အခြေအနေကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။ ဝမ်းနည်းခြင်းသွေးကြောကို သူဖွဲ့စည်းပြီးသည့်အချိန်မှစ၍ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူရန် “ ကျားဟိန်းသံကျင့်စဉ် ”ကို တစ်ခါမှ သူအသုံးမပြုရသေးပေ။ ဝမ်းနည်းခြင်းသွေးကြောက သူ၏ ကျင့်ကြံခြင်းကို မည်သို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သူသည်လည်း အလွန်စိတ်ဝင်စားသည်။

“ ဒေါက်… ဒေါက်… ”

သို့သော်လည်း ကျင့်စဉ်ကို အသုံးပြု၍ သူကျင့်ကြံတော့မည့်အချိန် တံခါးခေါက်သံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ကျင့်ကြံမည့် အစီအစဉ်ကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူက ဂရုတစိုက် နားစွင့်လိုက်လေရာ တစ်ဖက်ထံမှ ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။

“ ဆရာသီ… အနားယူနေတာလား… ကျွန်တော် ဟွာဝမ့်ဝူပါ… ဆရာနဲ့ တွေ့လို့ရမလား ”

သူ၏ လေသံထဲမှာ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှု ပါဝင်သည်။

ရုတ်တရက် ရောက်ရှိလာသော ဧည့်သည်သည် ဝူပြည်ထောင်၏ ဒုတိယမင်းသား ဟွာဝမ့်ဝူဖြစ်သည်။

“ အင်း… အထဲဝင်လာခဲ့ ”

ဟွာဝမ့်ဝူ၏ အသံကို ကြားသည့်အခါ သီရှီထျန်က မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက တစ်ဖက်လူကို အိမ်ထဲဝင်လာရန် ခွင့်ပြုလိုက်သည်။ ဟွာဝမ့်ဝူ ကုချင်းချိုင့်ဝှမ်းဆီသို့ ရောက်လာခြင်းသည် သူ့အတွက် မထူးဆန်းပေ။ မည်သို့ဖြစ်ပါစေ ချင်မိသားစုအကြောင်း သူ့ကို ပထမဆုံး ပြောပြခဲ့သူက ဟွာဝမ့်ဝူဖြစ်သည်။ ဤနေရာသို့ ဟွာဝမ့်ဝူ ရောက်လာခြင်းက ထူးဆန်းသောအရာ မဟုတ်ပေ။

ဟွာဝမ့်ဝူ သူ့ဆီသို့ ရုတ်တရက် ရောက်လာရသည့်် အကြောင်းအရင်းကိုလည်း သီရှီထျန် စိတ်ဝင်စားသည်။

“ ကျွီ ”

နန်းတွင်းအဝတ်အစား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ဝါးအိမ်တံခါးကို ဂရုတစိုက် တွန်းဖွင့်၍ အထဲသို့ လျှောက်လာသည်။ အိမ်ထဲသို့ ရောက်သွားသည့်အခါ သီရှီထျန်က ဝါးကုတင်ပေါ်မှာ ထိုင်နေကြောင်း သူမြင်သွားသည်။ သူက အမြန်ဦးညွတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

သီရှီထျန်က မထူးမခြားနား အမူအရာဖြင့် ရှိနေသော်လည်း အထက်စီးမဆန်ပေ။ သူက ဟွာဝမ့်ဝူကို ထိုင်ခုံပေါ်မှာ ထိုင်စေပြီး မေးသည်။

“ ဝမ့်ဝူ… မင်းက နန်းမြို့တော်မှာ ရှိနေတာမဟုတ်ဘူးလား… ဘာလို့ ငါ့ကို ရုတ်တရက် လာရှာတာလဲ… နန်းမြို့တော်မှာ တစ်ခုခုဖြစ်လို့လား ”

သီရှီထျန်က ဟွာဝမ့်ဝူကို တစ်ချက်သာ ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ မျက်နှာပေါ်မှာ ဆန္ဒစောမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ခံပြင်းဒေါသထွက်မှု အစရှိသော စိတ်ခံစားချက်အမျိုးမျိုး ရောပြွန်နေကြောင်း သူမြင်နိုင်သည်။ သူ၏ အတွေ့အကြုံများအရ ဟွာဝမ့်ဝူ အခက်အခဲဖြစ်နေသောကြောင့် သူ့ဆီသို့ ရောက်လာကြောင်း ချက်ချင်း သူနားလည်သွားသည်။

သူ့စိတ်ထဲမှာ တွေးထားသော အစီအစဉ်အရ ဟွာဝမ့်ဝူ၏ တည်ရှိမှုက သူ့အတွက် အလွန်အရေးကြီးသည်။ သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ချင်လျှင် ဟွာဝမ့်ဝူသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

သို့မဟုတ်လျှင် သေမျိုးလောကမှ မင်းသားတစ်ပါးကို မည်သို့ကြောင့် သူအရေးစိုက်နေမည်နည်း။

ယင်းကို ကြားသောအခါ ဟွာဝမ့်ဝူက ထပ်မံ မတ်တတ်ရပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ သူက လေးနက်စွာ ပြောသည်။

" ဆရာသီ… ဝမ့်ဝူကို နောက်တစ်ကြိမ် ကယ်တင်ပါဦး… ဆရာသီ မကယ်ရင် ဝမ့်ဝူ မကြာခင် လူသေကောင်ဖြစ်ပါတော့မယ် ”

သူ၏ လေသံထဲမှာ နက်ရှိုင်းသော ခံပြင်းဒေါသ ပါဝင်နေသည်။

သူက ဘာမှမထိန်ချန်ဘဲ အိတ်သွန်ဖာမှောက် ပြောသည်။

သီရှီထျန် မလိုက်လာသော်လည်း ဟွာဝမ့်ဝူက နန်းမြို့တော်ဆီသို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားခဲ့သည်။ ဝူတိုင်းပြည်၏ နန်းတွင်းစည်းမျဉ်းအရ အကြီးဆုံးသားတော်က ထီးနန်းဆက်ခံရလိမ့်မည်။

ထို့ကြောင့် ရုံးတော်ထဲမှ ဝန်ကြီးအများအပြားက သူ့ကို ထောက်ခံအားပေးကြသည်။ မည်သို့ဖြစ်ပါစေ ထီးနန်းဆက်ခံမှုက နန်းတွင်းစည်းမျဉ်းအတိုင်း မှန်ကန်စွာ ဆက်သွားနေသည်။ အကယ်၍ မည်သည့်မတော်တဆမှုမှမရှိလျှင် သူက သေချာပေါက် ရှင်ဘုရင်ဖြစ်လာလိမ့်မည်။

သို့သော်လည်း သူ၏ ညီတော်က လက်မလျော့သေးပေ။ သူက အမည်မသိနည်းလမ်းတချို့ကို အသုံးပြု၍ လောကဝတ်ပြုခန်းမမှ အကြီးအကဲများကို သူ့ဘက်သို့ သိမ်းသွင်းလိုက်သည်။ လောကဝတ်ပြုခန်းမမှ အကြီးအကဲများက ကျင့်ကြံသူများဖြစ်လေရာ သူတို့က ဝူပြည်ထောင်၏ ကြီးမားသော အခွင့်အာဏာကို ထိန်းချုပ်ထားကြသည်။

ထို့ကြောင့် လောကဝတ်ပြုခန်းမကို ကျောထောက်နောက်ခံ ရရှိထားသော သူ့ညီတော်က နန်းတော်ထဲမှာ အာဏာရလာသည်။

သို့သော်လည်း ဟွာဝမ့်ဝူ၏ ကျောထောက်နောက်ခံဖြစ်သော သီရှီထျန်က ဤတစ်ချိန်လုံး ကုချင်းချိုင့်ဝှမ်းထဲမှာသာ ရှိနေပြီး နန်းတော်ဆီသို့ ရောက်မလာခဲ့ပေ။

ယင်းက ဟွာဝမ့်ဝူကို စိုးရိမ်ကြောက်လန့်စေသည်။ အဘယ့်ကြောင့်ဆိုသော် လောကဝတ်ပြုခန်းမမှ အကြီးအကဲများက အချိန်မရွေး သူ့အသက်ကို လာရောက်နုတ်ယူနိုင်သည်။ သို့ဖြစ်၍ နောက်ဆုံးမှာ ဟွာဝမ့်ဝူသည် နောက်ထပ် စောင့်မနေနိုင်တော့ဘဲ ဤနေရာသို့ ကိုယ်တိုင် ပြေးလာခဲ့သည်။

“ မင်းပြောချင်တာက လောကဝတ်ပြုခန်းမရဲ့ အကြီးအကဲတွေကို မင်းအတွက် ငါဖြေရှင်းပေးရမယ်ပေါ့ ”

သီရှီထျန်က ဟွာဝမ့်ဝူကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ မင်းအတွက် အချိန်နဲ့ နေရာကို ငါစီစဉ်ပေးမယ်… မင်းလုပ်ရမှာက ပလ္လင်ပေါ်မှာ အေးအေးဆေးဆေး တတ်ထိုင်ရုံပဲ ”

သီရှီထျန်၏ အဖြေကို ကြားသောအခါ ဟွာဝမ့်ဝူက ချက်ချင်း မျက်နှာဝင်းပသွားပြီး ပျော်ရွှင်သွားသည်။ သို့သော်လည်း တုံ့ဆိုင်းမှုက သူ့မျက်နှာပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက တစ်ခဏကြာ တုံ့ဆိုင်းနေပြီးလျှင် အံတင်းတင်းကြိတ်လိုက်ပြီး သူ့နှလုံးသားထဲမှာ အချိန်အတော်ကြာ တည်ရှိနေသော မေးခွန်းကို ထုတ်မေးလိုက်သည်။

" ဆရာသီသာ လှုပ်ရှားဖို့ ဆန္ဒရှိမယ်ဆိုရင် လောကဝတ်ပြုခန်းမက အဲ့ဒီအကြီးအကဲတွေကို အလွယ်လေး ဖျက်ဆီးပစ်နိုင်ပါလိမ့်မယ်… ဒါပေမဲ့… ”

“ ဒါပေမဲ့ ငါမင်းအပေါ် ဘာလို့ အဲ့လောက် လိုက်လျောပြီး ကူညီပေးနေတာလဲဆိုတာ မင်းနားမလည်ဘူး ဟုတ်တယ်မလား ”

သီရှီထျန်က မထူးမခြားနား ပြောသည်။ သူက တစ်ဖက်လူ၏ အတွင်းစိတ်ကို ထွင်းဖောက်မြင်နိုင်ဟန် ရသည်။

ယင်းကို ဟွာဝမ့်ဝူကြားသောအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက စိုးရိမ်တကြီး ပြောသည်။

“ ဟုတ်ပါတယ် ”

All Chapters