အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အခန်း(၂၁၇)
“ ဘာအကြောင်းမှမရှိဘူး ”
သီရှီထျန်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်က ဝါးနံရံကို ဖြတ်ကျော်သွားဟန် ရ၏။ သူက တည်ငြိမ်စွာ ပြောသည်။
“ မင်း ထီးနန်းဆက်ခံနိုင်အောင် ငါကူညီပေးမယ်… မင်းငါ့အတွက် တစ်ခုပဲ ပြန်လုပ်ပေးရမယ်… မင်း ရှင်ဘုရင်ဖြစ်လာတဲ့အခါ ငါ့အတွက် ရွှေရုပ်တုတစ်ခု ဆောက်လုပ်ပေးပြီး တိုတမ်အဖြစ် ကိုးကွယ်ရမယ်… မင်း ရှင်ဘုရင်ဖြစ်လာတဲ့အခါ ဝူပြည်ထောင်ထဲက ပြည်သူပြည်သားအားလုံး နေ့စဉ်နေ့တိုင်း ငါ့ကို ကိုးကွယ်ပူဇော်အောင် မင်းလုပ်ဆောင်ပေးရမယ် ”
သီရှီထျန်၏ စကားများက တောင်ကြီးတစ်တောင်ပမာ ခိုင်မြဲသည်။ သူ၏ စကားလုံးတစ်လုံးစီမှာ ကြီးမြတ်သောအရှိန်အဝါ ကိန်းအောင်းနေဟန် ရ၏။ ကြီးမြတ်သော ထိုအရှိန်အဝါက ဝါးအိမ်လေးထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ဝါးအိမ်လေးထဲမှ လေထုက ချက်ချင်း ပြောင်းလဲသွားသည်။
ထိုစကားများကို သီရှီထျန် ပြောလိုက်သည့်အခိုက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အဆမတန် မြင့်မားသွားဟန် ရ၏။ ဤသည်မှာ သတ္တဝါအားလုံးက သူ့ကို မော်ကြည့်ရုံသာ တတ်စွမ်းသည့်အလားပင်။
“ ဂျိန်း ”
ကောင်းကင်ယံတွင် မိုးခြိမ်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေရုပ်တု… တိုတမ်…
ယင်းက သေမျိုးလောကထဲမှ လူသားများ ကိုးကွယ်ပူဇော်ကြသော ဘုရားကျောင်းများထဲမှ နတ်ဘုရားရုပ်တုများနှင့် အတူတူပင်။ တိုတမ်ဟူသည် အဘယ်နည်း။ အကယ်၍ ထိုအမိန့်တော်ကို သူထုတ်ပြန်လိုက်မည်ဆိုလျှင် ဝူပြည်ထောင်၏ ပြည်သူပြည်သားအားလုံးက သီရှီထျန်၏ မျိုးဆက်များ ဖြစ်လာလိမ့်မည်။
ယင်းက သီရှီထျန်၏ အတိတ်ဘဝမှ ဟွာရှားနှင့် ဆင်တူသည်။ ဟွာရှားမှ ပြည်သူပြည်သားများသည် သူတို့ကိုယ်သူတို့ နတ်နဂါး၏ မျိုးဆက်များဟု သတ်မှတ်ထားကြသည်။ ထို့ကြောင့် ဟွာရှားတွင် နတ်နဂါးကို တိုတမ်အဖြစ် ကိုးကွယ်ပူဇော်ကြသည်။
သီရှီထျန်၏ ဆိုလိုရင်းက ရိုးရှင်းသည်။
သူက ဝူပြည်ထောင်တွင် သူနှင့်ပုံစံတူသော ရုပ်တုတစ်ခုကို ဆောက်လုပ်ပြီး သူ့အား ကိုးကွယ်ပူဇော်စေမည်။ ထိုနည်းဖြင့်ဆိုလျှင် သူက ဟွာရှားပြည်၏ နတ်နဂါးနှင့်တူညီသော အဆင့်အတန်းကို ပိုင်ဆိုင်သွားလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် သီရှီထျန်က ဟွာဝမ့်ဝူကို ကူညီပေးနေခြင်း ဖြစ်သည်။ ဝူတိုင်းပြည်ထဲမှာ တိုတမ်တစ်ခုဆောက်လုပ်ပြီး ပြည်သူပြည်သားအားလုံး၏ အသိအမှတ်ပြုမှုကို ရရှိစေရန် ရှင်ဘုရင်တစ်ပါး၏ ခွင့်ပြုချက်ကို လိုအပ်သည်။ ယင်းက တခြားလူများ စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။
“ ဘာ… ဆရာသီက တိုတမ်တစ်ခု ဆောက်လုပ်ချင်တာလား ”
ဟွာဝမ့်ဝူက သီရှီထျန်၏ စကားကြောင့် အံ့ဩထိတ်လန့်သွားသည်။ သူက သီရှီထျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ ဟုတ်တယ်… ငါက တိုတမ်ပဲ… တကယ်လို့ ဝူတိုင်းပြည် ဒုက္ခရောက်နေမယ်ဆိုရင် ငါမင်းကို ကူညီပေးနိုင်လိမ့်မယ် ”
သီရှီထျန်က ဟွာဝမ့်ဝူကို ကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိစွာ ပြောသည်။ သူက ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ခရမ်းဝါးတောကို ကြည့်လိုက်သည်။ သူက အလျင်မလိုပုံပေါ်သည်။ ဟွာဝမ့်ဝူ သူ၏ တောင်းဆိုမှုအား သဘောမတူမည်ကို သူမစိုးရိမ်ပေ။
ရွှေရုပ်တု ဆောက်လုပ်ခြင်း… တိုတမ်အဖြစ် ကိုးကွယ်ခြင်း…
သီရှီထျန်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ သူမထွက်လာမီ ထိုသို့ထိတ်လန့်ဖွယ်ကောင်းသော အတွေးကို တစ်ခါမှမစဉ်းစားဖူးပေ။ မှန်ပေသည်။ သူ့မှာ ထိုသို့လုပ်ဆောင်ရသည့် အကြောင်းအရင်းတစ်ခု ရှိသည်။
ထိုသို့အတွေး သူရလာခြင်းမှာ ဟွာဝမ့်ဝူကို လိုက်လံသတ်ဖြတ်ခဲ့သော ကျင့်ကြံသူသုံးယောက်အနက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သော ကျင့်ကြံသူထံမှ သူရရှိခဲ့သည့် ကျောက်စိမ်းပြားကြောင့် ဖြစ်သည်။
ထိုကျောက်စိမ်းပြားသည် အတော်လေး လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းပေါ်မှာ အစွမ်းထက်သော အတားအဆီးများ ရှိသည်။ သူက ကျောက်စိမ်းပြားထဲမှ အပေါ်ယံအကြောင်းအရာကိုသာ မြင်နိုင်ခဲ့သည်။ သို့သော် ယင်းက သူ့ကို အတော်လေး အံ့ဩထိတ်လန့်စေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအကြောင်းအရာက သူနားလည်ထားသော ကျင့်ကြံခြင်းနှင့် အနည်းငယ် သွေဖယ်နေသည်။ ဤလောကတွင် မတူညီသော စွမ်းအင်အမျိုးမျိုး ရှိသည်။
ဥပမာ အခြေခံအကျဆုံး ယင်ယန်စွမ်းအားနှင့် ဒြပ်စင်ငါးပါးသည် မိုးမြေ၏ ဝိညာဉ်စွမ်းအား ဖြစ်သည်။ ထို့ပြင် နေနှင့်လ၏ စွမ်းအင်အနှစ်သာရ၊ အမတဝိညာဉ်စွမ်းအားနှင့် မြေအောက်လောကချီ အစရှိသော စွမ်းအားများလည်း ရှိကြသည်။
ယင်းတို့အားလုံးက သာမန်လူများ သိထားပြီးကြသော စွမ်းအားများ ဖြစ်ကြသည်။ ထို့ပြင် သာမန်လူများ မသိကြသော ထူးခြားစွမ်းအားများလည်း ရှိသည်။
ဥပမာ ကြယ်ကောင်းကင်မှ ထုတ်လွှတ်ပေးသော ကြယ်တာရာစွမ်းအားနှင့် သက်ရှိများထံမှ ထွက်ပေါ်နေသော လိုအင်ဆန္ဒစွမ်းအင် ဖြစ်သည်။ ထို့ပြင် ဆုတောင်းစွမ်းအားဟူသော ထူးခြားစွမ်းအားတစ်မျိုးလည်း ရှိသည်။
ဆုတောင်းစွမ်းအားသည် အမှန်မှာ ယုံကြည်မှုစွမ်းအား ဖြစ်သည်။ ယင်းက သတ္တဝါများ သူတို့၏ နှလုံးသားထဲမှ အမှန်တကယ် သက်ဝင်ယုံကြည်ပြီး ကိုးကွယ်ပူဇော်သည့်အခါ ထွက်ပေါ်လာသော စွမ်းအားဖြစ်သည်။ ဥပမာ လူသားများက နတ်ဘုရားများကို ယုံကြည်စွာ ကိုးကွယ်ပူဇော်သည့်အခါ ဆုတောင်းစွမ်းအား ထွက်ပေါ်လာလိမ့်မည်။
လူသားများသည် နေ့စဉ်နေ့တိုင်း နတ်ဘုရားများထံ ကိုးကွယ်ပူဇော်၍ ဆုတောင်းကြလေ့ရှိသည်။ ထိုသို့ဆုတောင်းသည့်အခါတိုင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလိမ့်မည်။ ထိုစွမ်းအားသည် ယုံကြည်မှုစွမ်းအား ဖြစ်သည်။
ရှေးခေတ်တွင် ဤသို့ဆိုရိုးစကား ရှိသည်။
လူသားများက အသက်ရှူရန် ကြိုးစားရုန်းကန်နေကြစဉ် နတ်ဘုရားများက အမွှေးတိုင်တစ်ချောင်းအတွက် ကြိုးစားရုန်းကန်နေကြသည်။
ထိုအမွှေးတိုင်သည် သာမန်အမွှေးတိုင်ကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ယင်းအစား ယုံကြည်မှုစွမ်းအားကို ဆိုလိုခြင်း ဖြစ်သည်။
ယုံကြည်မှုစွမ်းအားသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ခရမ်းရွှေကုန်းမြေတွင် လူအနည်းစုသာ ထိုအကြောင်းကို သိထားကြသည်။ သူတို့က ထိုအကြောင်းကို သိထားလျှင်ပင် ယုံကြည်မှုစွမ်းအားကို အလွယ်တကူ စုဆောင်းနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအတွက် အလွယ်ကူဆုံး နည်းလမ်းသည် သေမျိုးလောကထဲမှာ ဘုရားကျောင်းတစ်ခု ဆောက်လုပ်ပြီး ရွှေရုပ်တုတစ်ခု ဖန်တီးရန် ဖြစ်သည်။ ထို့နောက် ယောင်္ကျား၊ မိန်းမ၊ ကလေးနှင့် လူကြီးများသည် ရွှေရုပ်တုအား ရည်စူး၍ အမွှေးတိုင်များ ပူဇော်ခြင်း၊ အကာအကွယ်ပေးရန် ဆုတောင်းခြင်း သို့မဟုတ် ဖြစ်ချင်သော ဆန္ဒများကို ပြောပြခြင်း အစရှိသည်တို့ကို လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့လုပ်ဆောင်နေစဉ် ယုံကြည်မှုစွမ်းအင်အမျှင်တန်းများက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလိမ့်မည်။ သာမန်လူများက ယင်းတို့ကို မမြင်နိုင်သော်လည်း ထိုယုံကြည်မှုစွမ်းအားက ဘုရားကျောင်း၏ ရွှေရုပ်တုထဲမှာ စုဝေးသွားလိမ့်မည်။
ရွှေရုပ်တုသည် ယုံကြည်မှုစွမ်းအား စုစည်းနိုင်သောနေရာ ဖြစ်သည်။
ယုံကြည်မှုစွမ်းအားကို စုဆောင်းရန်သည် မခက်ခဲပေ။ သို့သော်လည်း တကယ့်အခက်အခဲက ယုံကြည်မှုစွမ်းအားကို မည်သို့အသုံးပြုသင့်ကြောင်း လူအနည်းစုသာလျှင် သိထားကြခြင်း ဖြစ်သည်။ ယုံကြည်မှုစွမ်းအား၏ အသုံးပြုပုံကို မသိထားလျှင် သူတို့က မည်မျှများပြားသော ယုံကြည်မှုစွမ်းအားကို စုဆောင်းထားပါစေ အချည်းနှီးဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ခရမ်းရွှေကုန်းမြေတွင် လူအများကြီးက ယုံကြည်မှုစွမ်းအားကို သိထားကြသော်လည်း လူအနည်းစုသာလျှင် ယင်းကို အမှန်တကယ် စုဆောင်းကြသည်။ ယုံကြည်မှုစွမ်းအား၏ အသုံးပြုပုံကို မသိထားလျှင် ယင်းက သူတို့အတွက် ဘာမှအသုံးမဝင်ပေ။ ထို့ကြောင့် သေမျိုးလောကထဲမှာ ဘုရားကျောင်းများနှင့် တာအိုဘုံကျောင်းများ အများကြီးရှိသော်လည်း မည်သူကမှ ယုံကြည်မှုစွမ်းအား ကိန်းအောင်းနေသည့် ရွှေရုပ်တုများကို ရယူရန် မစဉ်းစားကြပေ။
မှန်ပေသည်။ ထိုအကြောင်းကို သီရှီထျန်မသိထားပေ။ သူက ကျောက်စိမ်းပြားထံမှ သတင်းအချက်အလက်တချို့ကိုသာ ရရှိခဲ့သည်။ ကျောက်စိမ်းပြား၏ ဖော်ပြချက်အရ ယုံကြည်မှုစွမ်းအားကို စုဆောင်းလျှင် တစ်စုံတစ်ယောက်က အတွင်းနတ်ဆိုးကို ဖယ်ရှားနိုင်ပြီး စိတ်ကို အေးချမ်းစေနိုင်မည်။ သူက ဉာဏ်အလင်းများပင် ရရှိနိုင်သည်။
ယင်းက အများကြီး အသုံးဝင်သည်ဟု မထင်ရသော်လည်း သီရှီထျန်က ယုံကြည်မှုစွမ်းအား၏ တန်ဖိုးကို အကြည့်တစ်ချက်ဖြင့် နားလည်သွားခဲ့သည်။ အတွင်းနတ်ဆိုးဖယ်ရှားခြင်း၊ စိတ်ကြည်လင်ခြင်းနှင့် ဉာဏ်အလင်းရခြင်းသည် ကောင်းမွန်သောအရာများ ဖြစ်ကြသည်။ ယင်း၏ ဆိုလိုရင်းမှာ ယုံကြည်မှုစွမ်းအားကို သူစုပ်ယူနိုင်လျှင် အတွင်းနတ်ဆိုး မွေးဖွားလာမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
ထို့ပြင် မန္တန်အမျိုးမျိုးနှင့် လျှို့ဝှက်အတတ်ပညာအမျိုးမျိုးတွင် သူ၏ နားလည်သဘောပေါက်မှုက ဖော်မပြနိုင်အောင် မြန်ဆန်လာလိမ့်မည်။
ထိုသို့အကျိုးကျေးဇူးများကြောင့် သူက ယုံကြည်မှုစွမ်းအားကို စုဆောင်းရန် စိတ်ဝင်စားလာသည်။ အကြောင်းတိုက်ဆိုင်စွာပင် ဟွာဝမ့်ဝူက ဝူတိုင်းပြည်၏ မင်းသားတစ်ပါးဖြစ်ကြောင်း သူသိလိုက်ရသောအခါ ထိုအကြံအစည်က သူ့ခေါင်းထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
ထို့ကြောင့် သူက ဟွာဝမ့်ဝူကို မသတ်ခဲ့ပေ။ သူက ဟွာဝမ့်ဝူနှင့်အတူ ဝူတိုင်းပြည်သို့ သွားခဲ့သည်။ အကြောင်းမှာ သူက ဟွာဝမ့်ဝူ၏ သရုပ်အဆင့်အတန်းကို အသုံးပြု၍ ဝူတိုင်းပြည်တစ်ခုလုံးထံမှ ယုံကြည်မှုစွမ်းအားကို စုဆောင်းချင်သောကြောင့်ပင်။
တခြားလူများက ယုံကြည်မှုစွမ်းအားကို စုဆောင်းသော နည်းလမ်းသည် ဘုရားကျောင်းတစ်ခု ဆောက်လုပ်ပြီး ရွှေရုပ်တုတစ်ခုကို ဘုရားကျောင်းထဲမှာ တည်ထားကိုးကွယ်ခြင်း ဖြစ်သည်။ သို့သော်လည်း သီရှီထျန်မှာ တခြားနည်းလမ်း ရှိသည်။ သူက ဘုရားကျောင်းထဲမှာ ရွှေရုပ်တု ဆောက်လုပ်ခြင်းထက် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ဘုရားကျောင်းထဲမှာ ရွှေရုပ်တု ဆောက်လုပ်ခြင်းက ကောင်းမွန်သော်လည်း ထိုအတွက် အချိန်အများကြီး၊ အင်အားအများကြီး လိုအပ်လိမ့်မည်။ ထို့ကြောင့် အချိန်ကုန်သက်သာစေပြီး လွယ်ကူလျှင်မြန်မည့် နည်းလမ်းတစ်ခုကို သူရှာဖွေခဲ့သည်။ မည်သို့ဖြစ်ပါစေ ဝူတိုင်းပြည်မှ ပြည်သူပြည်သားများ၏ သက်ဝင်ယုံကြည်မှုကို ရယူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ထိုအချိန်မှာ သူက အတိတ်ဘဝမှ ဟွာရှားပြည်၏ တိုတမ်အကြောင်း စဉ်းစားမိသွားသည်။ တိုတမ်သည် တိုင်းပြည်တစ်ခု၏ အမှတ်သင်္ကေတ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဝူတိုင်းပြည်မှာ မွေးဖွားလာသည်နှင့် တိုတမ်အား အလိုအလျောက် သက်ဝင်ယုံကြည်လာလိမ့်မည်။ ထို့နောက် သူက ရှင်ဘုရင်၏ အမိန့်တော်ဖြင့် ဝူတိုင်းပြည်တစ်ခုလုံး၏ ယုံကြည်မှုစွမ်းအားကို အေးအေးဆေးဆေး စုဆောင်းနိုင်ပေမည်။
ဟွာဝမ့်ဝူ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲသွားသည်။ ဝူတိုင်းပြည်သည် ယခုအထိ တိုတမ်မဆောက်လုပ်ရသေးပေ။ တခြားပြည်ထောင်နှစ်ခုသည်လည်း တိုတမ်မဆောက်လုပ်ရသေးပေ။ ထို့ကြောင့် တိုတမ်တစ်ခု ဆောက်လုပ်ခြင်းက ခက်ခဲသောအလုပ် မဟုတ်ပေ။ သို့သော်လည်း တိုတမ်ကို ဆောက်လုပ်ပြီးသည့်အခါ ဝူတိုင်းပြည်က တိုတမ်၏ လက်အောက်သို့ ကျရောက်သွားလိမ့်မည်။ ဟွာဝမ့်ဝူက မင်းသားတစ်ပါးဖြစ်လေရာ ထိုအကြောင်းကို နားလည်သည်။ ထို့ကြောင့် သူက ချက်ချင်း သဘောမတူပေ။
သီရှီထျန်သည်လည်း အလျင်မလိုပေ။ သူ၏ မျက်နှာပေါ်မှာ သေချာပိုင်နိုင်မှု ရှိသည်။ ဤသည်မှာ သူက ဟွာဝမ့်ဝူ၏ နောက်ဆုံးအဖြေကို ကြိုသိနှင့်ထားသည့်အလားပင်။
ဤအခိုက်အတန့်မှာ ဝါးအိမ်လေးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဟွာဝမ့်ဝူ၏ ဖရိုဖရဲအတွေးများက ငြိမ်သက်သွားသည်။ သူက အံကြိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အမူအရာ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။
" ဒီတပည့်က သဘောတူပါတယ်… ဆရာသာ ကျွန်တော် ထီးနန်းဆက်ခံနိုင်အောင် ကူညီပေးမယ်ဆိုရင် ဒီတပည့်က ဆရာရဲ့ နာမည်ကို လောကအလယ်မှာ ကြေညာပြီး ရွှေရုပ်တုတစ်ခု ဆောက်လုပ်ပေးပါမယ်… ကျွန်တော် နန်းတတ်ပြီးတဲ့အခါ တိုတမ်တစ်ခု မြှောက်တင်ပေးပါမယ် ”
သူ၏ လေသံထဲမှာ စိုးရိမ်ကြောင့်ကြမှု ပါဝင်နေသည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ထိုသို့ဆုံးဖြတ်ချက်ချရန် သူ့အတွက် မလွယ်ကူပေ။ ထိုသို့သူသဘောတူလိုက်သည့်အတွက် အနာဂတ်မှာ ဝူတိုင်းပြည်ထဲတွင် အစွမ်းထက်သော တိုတမ်တစ်ခု ပေါ်ထွန်းလာလိမ့်မည်။ ယင်းက ဝူတိုင်းပြည်မှ ပြည်သူပြည်သားအားလုံး၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည်။
သို့ဖြစ်၍ မည်မျှကြီးမားသော ဆုံးဖြတ်ချက်ကို သူချခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
" ကောင်းတယ်… အရမ်းကောင်းတယ် "
သီရှီထျန်က အနောက်လှည့်လိုက်သည်။ သူ၏ မထူးမခြားနား မျက်နှာပေါ်မှာ ရှားပါးသော သိမ်မွေ့ညင်သာမှု ထွက်ပေါ်လာသည်။ ဟွာဝမ့်ဝူထံမှ အတည်ပြုမှုကို ရရှိသွားသည့်အခါ သူက အလွန်ဝမ်းမြောက်သွားသည်။
သူက ခေါင်းညိတ်လိုက်သည်။
“ ငါမင်းကို တိုတမ်တစ်ခု ဆောက်လုပ်ခိုင်းပေမဲ့ မင်းစိတ်ချထားလို့ရတယ်… ဝူတိုင်းပြည်ရဲ့ နိုင်ငံရေးကို ငါဝင်စွက်ဖက်မှာ မဟုတ်ဘူး… မင်းက ရှင်ဘုရင်အဖြစ် အပြည့်အဝ ဆောင်ရွက်နိုင်လိမ့်မယ်… အနာဂတ်မှာ ဝူတိုင်းပြည် အန္တရာယ်ကျရောက်တဲ့အခါ တိုင်းပြည်ရဲ့ တိုတမ်အနေနဲ့ အန္တရာယ်ကို ငါကူညီဖြေရှင်းပေးမယ်… ဝူတိုင်းပြည်ကို ငါကာကွယ်စောင့်ရှောက်ပေးမယ် ”
အခန်း(၂၁၈)
သီရှီထျန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက သေမျိုးလောက၏ တိုင်းပြည်တစ်ခုကို မည်သို့စိတ်ဝင်စားမည်နည်း။ ထို့ပြင် သူက မိစ္ဆာတစ်ကောင်ဖြစ်သည်။ သီရှီထျန်သည် သူ၏ သရုပ်ကို အမြဲတမ်း ရှင်းလင်းစွာ နားလည်ထားသည်။
အကယ်၍ သူက ဧကရာဇ်တစ်ပါးဖြစ်ချင်ပြီး တိုင်းပြည်တစ်ခု တည်ဆောက်ချင်သည်ဆိုလျှင်ပင် ယင်းကို မိစ္ဆာမျိုးနွယ်စုထဲမှာသာ သူလုပ်ဆောင်လိမ့်မည်။ သူက ဤလောကထဲမှ မိစ္ဆာအားလုံးကို စုဝေးပြီး မိစ္ဆာမျိုးနွယ်စုအတွက် တိုင်းပြည်တစ်ခု တည်ဆောက်လိမ့်မည်။ ယခု တိုတမ်တစ်ခု ဆောက်လုပ်ခိုင်းခြင်းမှာ ယုံကြည်မှုစွမ်းအား၏ အံ့ဖွယ်အကျိုးအာနိသင်များကို သူစမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သည်။
ထို့ပြင် ယုံကြည်မှုစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို ဖိနှိပ်နိုင်မည်လော သူစမ်းကြည့်ချင်သည်။ အကယ်၍ ထိုသို့လုပ်ဆောင်နိုင်သည်ဆိုလျှင် သူက ယုံကြည်မှုစွမ်းအားကို စုဆောင်းရန် အကောင်းဆုံး ကြိုးစားလိမ့်မည်။
ထို့နောက် သူက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။
" လောကဝတ်ပြုခန်းမရဲ့ တည်နေရာနဲ့ အသေးစိတ်အချက်အလက်တွေ ငါ့ကို ပြောပြပါ… ပြီးသွားရင် မင်းပြန်လို့ရပြီ… ငါမင်းအတွက် သူတို့ကို ရှင်းလင်းဖယ်ရှားပေးမယ်… မင်းက ထီးနန်းဆက်ခံမယ့်နေ့ကို အေးဆေးစောင့်နေရုံပဲ… ဒါပေမဲ့ ဒီနေ့ မင်းငါ့ကို ဘာကတိပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ မမေ့ရဘူး… မဟုတ်ရင် ငါမင်းကို ပေးထားတာတွေအားလုံး ပြန်ရုပ်သိမ်းပစ်မယ် ”
ယင်းကို ဟွာဝမ့်ဝူကြားသောအခါ သူက နှလုံးတုန်ယင်သွားသည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။
“ ဆရာစိတ်ချပါ… ကျွန်တော့်စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းပါဘူး… ဒီတပည့် နန်းတတ်တဲ့နေ့မှာပဲ ဆရာ့အတွက် ရွှေရုပ်တုတစ်ခု ဆောက်လုပ်ပေးပါမယ် ”
ထိုနေ့က တောအုပ်ထဲမှာ သီရှီထျန် မည်သို့ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်ခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။ သူက ခန္ဓာကိုယ်တုန်ယင်သွားပြီး အလျင်စလို ပြောသည်။
ထို့နောက် ဟွာဝမ့်ဝူက တခြားကိစ္စများကို ဘေးချိတ်ထားလိုက်သည်။ သူက စာလိပ်တစ်ခုကို ခန္ဓာကိုယ်ထဲမှ ထုတ်လိုက်သည်။ ထိုစာလိပ်ထဲမှာ လောကဝတ်ပြုခန်းမ၏ သတင်းအချက်အလက်အားလုံး ပါဝင်သည်။ ကြည့်ရသည်မှာ သူက ဤမလာခင်ကတည်းက ကြိုပြင်ဆင်ထားခဲ့ဟန် ရ၏။
သူက စာလိပ်ကို ဝါးစားပွဲခုံပေါ်မှာ တင်လိုက်သည်။ သူက အနောက်လှည့်ပြီး ရိုသေလေးစားစွာ ထွက်သွားသည်။ သူက ဝါးအိမ်တံခါးကို ညင်သာစွာ ပိတ်၍ အဝေးသို့ ခြေသံဖွဖွဖြင့် လျှောက်သွားသည်။
သီရှီထျန်က ဝါးစားပွဲခုံပေါ်မှ စာလိပ်ကို တစ်ချက်ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ ဟွာဝမ့်ဝူ သဘောတူလိုက်ပြီဆိုတော့ ယုံကြည်မှုစွမ်းအားကို စုဆောင်းဖို့ ဘာအခက်အခဲမှမရှိတော့ဘူး… ဘာမတော်တဆမှုမှမရှိရင် ငါက ဝူပြည်ထောင်ရဲ့ တိုတမ်ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ ပြဿနာက ယုံကြည်မှုစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာပဲ… ”
အတွေးများစွာက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ယုံကြည်မှုစွမ်းအားအကြောင်း ကျောက်စိမ်းပြားထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းက အခြေခံအကျဆုံး သတင်းအချက်အလက်များသာ ဖြစ်သည်။ ယင်းထဲမှာ ယုံကြည်မှုစွမ်းအားအကြောင်းနှင့် ယင်းကို မည်သို့စုဆောင်းရမည်ဟူသော နည်းလမ်းသာလျှင် ပါဝင်သည်။ ကျန်သတင်းအချက်အလက်များကို အားကောင်းသော အတားအဆီးများက ချိပ်ပိတ်ထားသည်။ အကယ်၍ သူက ထိုသတင်းအချက်အလက်များကို လိုချင်သည်ဆိုလျှင် ကျောက်စိမ်းပြားထဲမှ အတားအဆီးများကို ချိုးဖြတ်ရလိမ့်မည်။
သူက ထိုအတားအဆီးများ၏ စွမ်းအားကို စမ်းသပ်ကြည့်ခဲ့သည်။ လက်ရှိ သူ၏ စွမ်းအားက ယင်းတို့ကို ချိုးဖြတ်ရန် လုံးဝ မဖြစ်နိုင်သေးပေ။ ဖြစ်နိုင်သည်မှာ အမြူတေဓာတ်လုံးကို သူဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာသည့်အခါမှ ယင်းကို ချိုးဖြတ်နိုင်လောက်၏။
"ထားလိုက်ပါ… ယုံကြည်မှုစွမ်းအားကို ငါစုဆောင်းနိုင်သရွေ့ လုံလောက်ပါပြီ… ဘာပဲပြောပြော အဲ့ဒါကို ဘယ်သူမှ ငါ့ဆီကနေ မလုယူနိုင်ဘူး… ယုံကြည်မှုစွမ်းအား များများ ပိုစုဆောင်းမိလေ ငါ့အတွက် ပိုကောင်းလေပဲ… အနာဂတ်မှာ ငါပိုပြီးသန်မာလာတဲ့အခါ ကျောက်စိမ်းပြားရဲ့ အတားအဆီးတွေကို ချိုးဖြတ်ပစ်မယ်… အဲ့ဒီအခါ ယုံကြည်မှုစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ ငါသိသွားလိမ့်မယ် ”
သီရှီထျန်က အလျင်မလိုပေ။ ကျောက်စိမ်းပြားကို ရရှိပြီး ယုံကြည်မှုစွမ်းအားကို စုဆောင်းခြင်းသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ သူမထွက်လာခင်အထိ လုံးဝ မမျှော်လင့်ထားသောအရာ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ရလဒ်ကို သူကျေနပ်သည်။ အရေးကြီးသည်မှာ သူက ချင်မိသားစုထံမှ ကုချင်းပညာနှင့် ဂီတအကြောင်း သင်ယူနိုင်တော့မည်။ ယင်းက သူ၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။
သီရှီထျန်သည် နောက်ဆုံးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူက ပြတင်းပေါက်အရှေ့မှာ ရပ်နေရင်း အပြင်လောကကို ကြည့်လိုက်သည်။ သူ၏ စိတ်က အဝေးတစ်နေရာဆီသို့ လွင့်မျောသွားဟန် ရ၏။
" အမေ ဘာမှမစိုးရိမ်ပါနဲ့… အမေနဲ့ ညီလေး အကြာကြီး ဒုက္ခခံရမှာ မဟုတ်ပါဘူး… ကျွန်တော် အလုံအလောက် သန်မာလာတဲ့အခါ အမေ့ကို ဒုက္ခပင်လယ်ထဲကနေ ကျွန်တော် ကယ်ထုတ်မယ်… အဲ့ဒီအခါကျရင် အမေ့ကို ဖမ်းဆီးခဲ့တဲ့ သားရဲတစ်သောင်းဂိုဏ်းကို နောင်တရသွားအောင် ကျွန်တော်လုပ်ပစ်မယ် ”
“ ဒေါက်… ဒေါက်… ဒေါက်… ”
သီရှီထျန် တစ်ယောက်တည်း သူ့ဘာသာ တွေးတောနေစဉ် နာရီဝက်ကုန်ဆုံးသွားသည်။ ဤအခိုက်အတန့်မှာ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တံခါးခေါက်သံက စည်းချက်ညီသည်။ ယင်းကို နားထောင်ရုံဖြင့် အပြင်ဘက်မှ လူက ရိုင်းစိုင်းကြမ်းတမ်းသူမဟုတ်ကြောင်း ပြောနိုင်ပေသည်။
သီရှီထျန်သည် တံခါးခေါက်သံကြောင့် အသိပြန်ဝင်လာသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး တံခါးထံ လှည့်ကြည့်လိုက်သည်။ ထိုလူက မည်သူဖြစ်နိုင်ကြောင်း စိတ်ထဲမှာ သူစဉ်းစားလိုက်သည်။ သေမျိုးလောကတွင် ဟွာဝမ့်ဝူမှလွဲ၍ တခြားမည်သူကိုမှ သူမသိပေ။ ဖြစ်နိုင်သည်မှာ ချင်မိသားစုမှ တစ်ယောက်ယောက်လော။
“ ဘယ်သူလဲ ”
ယင်းက စကားတစ်ခွန်းသာ ဖြစ်သော်လည်း ထိုထဲမှာ ကြီးမားသော အလေးချိန် ပါဝင်နေဟန် ရသည်။ ထို့ပြင် ကြီးမြတ်သော အရှိန်အဝါလည်း ကိန်းအောင်းနေသည်။ တစ်စုံတစ်ယောက်သည် ထိုစကားကို ကြားလျှင် ရိုသေကျိုးနွံသွားပြီး အလိုအလျောက် ခေါင်းငုံ့သွားလိမ့်မည်။
“ ကျွန်မက ရှောင်လန်ပါ… ကျွန်မက သခင်လေးရွှေဝူဟန်ရဲ့ ရံချွေတော်ပါ… ကျွန်မက သခင်လေးရဲ့ အမိန့်ကြောင့် ရောက်လာတာပါ… သခင်လေးက ဆရာသီ ကုချင်းပညာသင်ယူဖို့ ကုချင်းချိုင့်ဝှမ်းထဲမှာ ယာယီနေထိုင်နေတယ်ဆိုတာ ကြားသိခဲ့ပါတယ်… အဲ့ဒါကြောင့် သခင်လေးက ကျွန်မကို နေ့စဉ်သုံးပစ္စည်းတချို့ လာပို့ခိုင်းလိုက်တာပါ… ဆရာသီ မငြင်းဖို့ ကျွန်မ မျှော်လင့်ပါတယ် ”
ဝါးအိမ်အပြင်ဘက်တွင် သစ်ခွပန်းနှင့်ဆင်တူသော မိန်းမငယ်လေးတစ်ဦးက ရိုသေလေးစားစွာ ရပ်နေသည်။
ထိုမိန်းမငယ်လေးသည် ရွှေဝူဟန်၏ အနောက်မှ အမြဲတမ်း လိုက်ပါနေသော ရံချွေတော်လေးယောက်အနက် လန်အာ ဖြစ်သည်။ သူသည်လည်း ကုချင်းဘုံထဲသို့ ဝင်ရောက်ခဲ့သည်။ သို့ဖြစ်၍ ထျန်းရေကန်ပေါ်မှာ သီရှီထျန်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို သူက မျက်မြင်တွေ့ခဲ့သည်။
မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းတမ်းပြီး ရှင်ဘုရင်တစ်ပါးကဲ့သို့ မောက်မာထောင်လွှားသော သီရှီထျန်၏ အပြုအမူက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။
သို့ဖြစ်၍ သူက သီရှီထျန်အပေါ် နည်းနည်းလေးမှ မရိုမသေ မပြုဝံ့ချေ။
“ ရွှေဝူဟန်လား ”
သီရှီထျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူကို သူသိသည်။ ချင်မိသားစု၏ ကုချင်းဘုံထဲတွင် လူသုံးယောက်က သူ့အပေါ် လေးနက်အမြင် ကျန်ရစ်စေခဲ့သည်။ သူတို့က ဝူဝူဒီ၊ ရွှေဝူဟန်နှင့် လုကျီလင်း ဖြစ်ကြသည်။
ဝူဝူဒီနှင့် ရွှေဝူဟန်က သူ့အပေါ် ကောင်းမွန်သောဆန္ဒကို ဖော်ပြခဲ့ကြပြီး သူနှင့် မိတ်ဆွေဖွဲ့လိုကြသည်။ လုကျီလင်းသည်တော့ သူ၏ ရန်သူဖြစ်သည်။ နောက်တစ်ကြိမ် တွေ့ဆုံသည့်အခါ သူတို့ကြားမှာ အသေအကြေ တိုက်ပွဲတစ်ခု ရှိလာလိမ့်မည်။
“ အထဲဝင်လာခဲ့ ”
ယင်းက ကောင်းမွန်သောဆန္ဒကို ဖော်ပြချင်သော ရွှေဝူဟန်၏ လုပ်ဆောင်မှုဖြစ်ကြောင်း သီရှီထျန် သိသည်။ သို့သော်လည်း သူက မငြင်းဆန်ဘဲ ရှောင်လန်ကို အိမ်ထဲသို့ ဝင်လာခိုင်းလိုက်သည်။
ရှောင်လန်သည် အိမ်ထဲသို့ ဝင်သွားပြီး အခန်းကို စစ်ဆေးကြည့်လိုက်သည်။ သီရှီထျန်ကို မြင်သွားသောအခါ သူ့နှလုံးက တဒုန်းဒုန်း ခုန်မြည်လာသည်။ သူက နောက်ထပ် မကြည့်ဝံ့ဘဲ သူ၏ သိုလှောင်အိတ်ထဲမှ နေ့စဉ်သုံးပစ္စည်းများကို အမြန်ထုတ်လိုက်သည်။
ယင်းတို့က ကျင့်ကြံခြင်းပစ္စည်းများ မဟုတ်ကြပေ။ ရွှေဝူဟန်က အခြေအနေကို ကောင်းမွန်စွာ နားလည်သူ ဖြစ်သည်။ သူက ကောင်းမွန်သောဆန္ဒကို ဖော်ပြရန် ကျင့်ကြံခြင်းပစ္စည်းများကို အသုံးမပြုပေ။ ယင်းအစား သေးငယ်သော နေ့စဉ်သုံးပစ္စည်းများကိုသာ ပို့ဆောင်ပေးသည်။
ယင်းက တခြားလူများနှင့် လွယ်ကူလျှင်မြန်စွာ ပေါင်းသင်းရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။
ထိုပစ္စည်းများထဲမှာ အိမ်သန့်ရှင်းရေးပစ္စည်းများ၊ လက်ဖက်ရည်အိုး၊ ကြွေခွက်များ၊ စိတ်တည်ငြိမ်စေသော အမွှေးအိုး အစရှိသည်တို့ ပါဝင်ကြသည်။ ယင်းတို့က သာမန်လူတစ်ယောက်၏ နေအိမ်မှာ မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြသည်။ တခြားပစ္စည်းများက သာမန်ဖြစ်သော်လည်း သေရည်က နှစ်ချို့သေရည် ဖြစ်သည်။ ထို့ပြင် လက်ဖက်ရွက်များထဲမှာလည်း ဝိညာဉ်စွမ်းအားတစ်စွန်းတစ်စ ပါဝင်နေသည်။ ရှင်းလင်းစွာပင် ယင်းက မသေမျိုးကျင့်ကြံသူများ သောက်သုံးကြသော ဝိညာဉ်လက်ဖက်ရည် ဖြစ်သည်။ ထိုသို့လက်ဖက်ရည်က အလွန်တန်ဖိုးကြီးမားသည်။
ရှောင်လန်၏ ကူညီပေးမှုကြောင့် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ မူလက ရိုးရှင်းပြီး အကြမ်းထည်ဖြစ်နေသော ဝါးအိမ်လေးက လူနေအိမ်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ အနွေးဓာတ်တချို့ပင် ဝါးအိမ်ထဲမှာ ထွက်ပေါ်လာဟန် ရ၏။ လူနေအသုံးအဆောင်ပစ္စည်းများက အခန်းထဲမှာ စီစီရီရီ ရှိနေသည်။
“ မင်းတို့သခင်လေးက တစ်ခုခုမှာလိုက်သေးလား ”
ရှောင်လန် အလုပ်ပြီးသွားသောအခါ စက်ကရာက ပါးစပ်ဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဆရာသီက တကယ် အံ့ဩစရာပါပဲ… ကျွန်မရဲ့ သခင်လေးက ဆရာသီကို အမှာစကားပါးလိုက်ပါတယ်… သခင်လေးက ဆရာသီနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်… တကယ်လို့ ဆရာသီ ဆန္ဒရှိတယ်ဆိုရင် နန်းမြို့တော်ထဲက ရွှေယွဲ့စားသောက်ဆိုင်ဆီ အချိန်မရွေး ကြွလာနိုင်ပါတယ်… သခင်လေးက ဒီတစ်လလုံး ရွှေယွဲ့စားသောက်ဆိုင်မှာ ရှိနေပါလိမ့်မယ်… ဆရာဝူလည်းပဲ သခင်လေးနဲ့အတူ အဲ့ဒီမှာ ရှိနေပါတယ် ”
ရှောင်လန်က ရိုသေလေးစားစွာ ပြန်ပြောသည်။
“ နန်းမြို့တော်… ရွှေယွဲ့စားသောက်ဆိုင် ”
သီရှီထျန်က တစ်ခဏကြာ တွေးတောပြီးနောက် ရှောင်လန်ကို ကြည့်လိုက်ပြီး ပြောသည်။
“ မင်းရဲ့ သခင်လေးက အရမ်းစဉ်းစားပေးတတ်တာပဲ… ငါ့မှာ ငြင်းပယ်စရာ အကြောင်းအရင်းမရှိဘူး… ရွှေယွဲ့စားသောက်ဆိုင်ဆီ တစ်ခေါက် ငါအလည်လာမယ်လို့ မင်းရဲ့ သခင်လေးကို ပြန်ပြောလိုက်ပါ ”
ရွှေဝူဟန်၏ ကောင်းမွန်သောဆန္ဒကို သူမြင်နိုင်သည်။ ထို့ပြင် တစ်ဖက်လူက သူလိုအပ်မည့် အသုံးအဆောင်ပစ္စည်းများကို ပို့ပေးခဲ့သည်။ သူ့မှာ မည်သည့်ရည်ရွယ်ချက်ရှိပါစေ ယင်းက ကျေးဇူးအကြွေး ဖြစ်လာသည်။ ထို့ပြင် ယခု သူက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲထားပြီး သူ၏ သရုပ်မှန်ကို ကောင်းမွန်စွာ ဖုံးထားနိုင်ပေသည်။ သူက ဤအခွင့်အရေးကို အသုံးချပြီး မသေမျိုးကျင့်ကြံခြင်းလောက၏ လျှို့ဝှက်ချက်များကို တခြားကျင့်ကြံသူများထံမှ စူးစမ်းလေ့လာရမည်။ အထူးသဖြင့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း ဖြစ်သည်။
သူက မသေမျိုးကျင့်ကြံခြင်းလောကထဲမှ အင်အားစုအသီးသီးအကြောင်းကိုလည်း နားလည်ချင်သည်။ ဤတစ်ကြိမ်က သေမျိုးလောကဆီသို့ ပထမဆုံးအကြိမ် သူရောက်လာဖူးခြင်း ဖြစ်သည်။ သူက ကုချင်းပညာသင်ယူပြီးသည်နှင့် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ပြန်မသွားသင့်ပေ။ အနည်းဆုံးတော့ မသေမျိုးကျင့်ကြံခြင်းလောက၏ လက်တလော သတင်းများနှင့် လက်ရှိအခြေအနေကို သူစုံစမ်းကြည့်ရမည်။
သို့မဟုတ်လျှင် သေမျိုးလောကဆီသို့ ရောက်လာသည့် သူ၏ ခရီးစဉ်မှာ အချိန်တချို့ အလဟဿ ဖြစ်သွားလိမ့်မည်။
ထို့ပြင် သူ့မှာ ဝူဝူဒီနှင့် ရွှေဝူဟန်အပေါ် ကောင်းမွန်သောအမြင်ရှိသည်။ သူတို့နှစ်ယောက်က မသေမျိုးကျင့်ကြံခြင်းလောက၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ ထုံစံအားဖြင့် သူတို့က မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း အများကြီး ပိုသိထားကြလိမ့်မည်။ ထို့ကြောင့် သူတို့နှင့် မိတ်ဆွေဖွဲ့ရန် သီရှီထျန် မငြင်းပေ။ သို့မဟုတ်လျှင် သူက အစကတည်းက ရှောင်လန်ကို အိမ်ထဲသို့ ဝင်လာခိုင်းမည် မဟုတ်ချေ။
“ ဒါဆိုရင် ရှောင်လန် သခင်လေးကို ပြန်အကြောင်းကြားလိုက်ပါ့မယ်… ရှောင်လန်ကို ခွင့်ပြုပါဦး ”
ရှောင်လန်သည် အလွန်ယဉ်ကျေးသည်။ သူက သီရှီထျန်ကို ဦးညွတ်လိုက်ပြီး ဝါးအိမ်ထဲမှ ပြန်ထွက်သွားသည်။
… … …
အခန်း(၂၁၉)
ထိုအခိုက်အတန့်မှာ နန်းမြို့တော်၏ အမြင့်မားဆုံး စားသောက်ဆိုင်ထဲတွင် အမျိုးသားနှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူတို့၏ အရှေ့မှ စားပွဲခုံပေါ်တွင် အရသာရှိသော ဟင်းလျာအမျိုးမျိုး တည်ခင်းထားသည်။ ထို့ပြင် သူတို့၏ ဘေးမှာ အချွေအရံသုံးယောက်က ဝိုင်ကရားများ ကိုင်ထားကြပြီး သူတို့ကို ပြုစုပေးနေကြသည်။
အမျိုးသားနှစ်ယောက်တွင် တစ်ယောက်က ချောမောခန့်ညားသည်။ သူ၏ လှုပ်ရှားမှုတိုင်းက သိမ်မွေ့ညင်သာပြီး ကြော့ရှင်းတင့်တယ်သည်။ သူက မိန်းကလေးတိုင်း၏ အိမ်မက်မင်းသားလေး ဖြစ်သည်။ တခြားတစ်ယောက်က သာမန်ရုပ်ရည်သာရှိပြီး အနည်းငယ် ခက်ထန်ကြမ်းတမ်းသည်။ သို့သော်လည်း သူက တမူထူးခြားသော သူရဲကောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူတို့၏ အကျင့်စရိုက်များက တစ်ယောက်တစ်မျိုးစီ ထူးခြားကြသည်။
သူတို့သည် ရွှေဝူဟန်နှင့် ဝူဝူဒီမှလွဲ၍ တခြားမဟုတ်ပေ။
“ ရောင်းရင်းရွှေ… ခင်ဗျားက တစ်ယောက်ယောက်ကို စေလွှတ်ပြီး သီရှီထျန်ဆီ အမှာပါးခိုင်းလိုက်တယ်… သူ့ကို ဖိတ်ခေါ်နိုင်မယ်လို့ ခင်ဗျားထင်လား ”
ဝူဝူဒီက ဝိုင်ကို တစ်ကျိုက်မော့သောက်လိုက်ပြီး ပြောသည်။
" ကျုပ်အမြင်မှာတော့ သီရှီထျန်က မိတ်ဆွေဖွဲ့သင့်တဲ့လူပဲ… ပြီးတော့ သူက ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်တယ်… သူက ထျန်းရေကန်ကို ဘာအတားအဆီးမှမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့တယ်… ဒီလိုခွန်အားကို ကျုပ်တောင်မှ လက်မြှောက်အရှုံးပေးရလိမ့်မယ်… ဒါပေမဲ့ သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်… သူ့ကို ကျုပ်ထိုးဖောက်မမြင်နိုင်ဘူးလို့ ခံစားရတယ်… သူ့ကို မြူခိုးအလွှာတစ်ခုက ဖုံးကွယ်ထားတဲ့ပုံပဲ "
ဝူဝူဒီက သီရှီထျန်အကြောင်း သူနားလည်ထားသမျှကို ပြောသည်။ သူတို့က တစ်ကြိမ်သာလျှင် တွေ့ဆုံဖူးကြသော်လည်း သီရှီထျန်က သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။
ရွှေဝူဟန်က မထူးမခြားနား ပြုံးလိုက်ပြီး ပြောသည်။
" ရောင်းရင်းဝူက တကယ်အမြင်စူးရှတာပဲ… သီရှီထျန်က တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တယ်… သူ့ရဲ့ အကျင့်စရိုက်အရ သူက တသီးတခြားနေတတ်ပြီး အေးစက်စက်ပုံစံရှိတယ်… ဒါပေမဲ့ သူက စိတ်ဓာတ်ပြတ်သားတယ်… သူက လုကျီလင်းနဲ့ ရင်ဆိုင်နေရတာတောင် တစ်ဖက်လူကို သတ်ပစ်ဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်… ဒီလိုသတ္တိမျိုးက သာမန်လူတွေဆီမှာ မရှိနိုင်ဘူး… အဲ့ဒီလိုလျှို့ဝှက်ဆန်းကြယ်လို့ ကျုပ် သူ့ကို ပိုပြီးစူးစမ်းသိချင်မိတယ်… ကျုပ်တို့ သူ့ကို ဖိတ်ခေါ်နိုင်ရင် အကောင်းဆုံးပဲ… တကယ်လို့ မဖိတ်ခေါ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး ”
သီရှီထျန်က သူတို့၏ အမြင်မှာ အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။ ထို့ကြောင့် သူတို့က သီရှီထျန်ကို ပိုပြီးစူးစမ်းသိချင်ကြသည်။ ဥပမာ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဝမ်းနည်းခြင်းအရှိန်အဝါနှင့် စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
သို့ဖြစ်၍ သူတို့က သီရှီထျန်ကို မစူးစမ်းဘဲ မနေနိုင်ပေ။ ထို့ပြင် သီရှီထျန်က ချင်မိသားစုထံမှ ကုချင်းပညာကို သင်ယူရန် လက်နက်သန္ဓေသားဆယ်ခုကို ထုတ်ပေးခဲ့ကြောင်း သူကြားသိခဲ့ရသည်။ ထိုသတင်းကို ကြားသည့်အခါ ရွှေဝူဟန်က သီရှီထျန်ကို မချီးကျူးဘဲ မနေနိုင်ပေ။
သီရှီထျန်၏ လုပ်ဆောင်မှုတိုင်းမှာ မမြင်နိုင်သော ဆွဲဆောင်မှု ရှိနေဟန် ရ၏။
ဝူဝူဒီသည်လည်း ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။
“ ဟုတ်တယ်… တကယ်လို့ သူလာရင် ကျုပ်တို့သုံးယောက်ရဲ့ စုပေါင်းအင်အားနဲ့ဆို ခင်ဗျား စောစောကပြောတဲ့ နေရာမှာ အကျိုးအမြတ်တွေ ရှာဖွေနိုင်ကြလိမ့်မယ် ”
ရွှေဝူဟန်နှင့် ဝူဝူဒီက တစ်စုံတစ်ခုကို ဆွေးနွေးနေကြဟန် ရ၏။
ထိုအခိုက်အတန့်မှာ ကုချင်းချိုင့်ဝှမ်းနှင့် အတန်ငယ် ဝေးကွာသော ချိုင့်ဝှမ်းတစ်ခုထဲတွင် သွေးနီရောင်ဝတ်စုံဝတ် ကျင့်ကြံသူတချို့ စုဝေးနေကြသည်။ သူတို့အားလုံးက အခြေတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အုပ်စု၏ အရှေ့မှာ ဝတ်စုံနက်ဝတ် အမျိုးသားတစ်ယောက် ရှိသည်။
သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါအရ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သွေးတိမ်ဂိုဏ်းနှင့် ရင်းနှီးကျွမ်းဝင်သော လူများဆိုလျှင် သူတို့က ထိုဝတ်စုံနက်အမျိုးသားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားကြလိမ့်မည်။ ထိုသူက သွေးနတ်ဆိုး၏ တပည့် ဝမ်ထောင်ဖြစ်သည်။
ဝမ်ထောင်သည် သွေးနတ်ဆိုးထံမှ ဤတာဝန်ကို လက်ခံရရှိခဲ့စဉ် ယင်းက သူ့အတွက် မဟာအခွင့်အရေးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ တာဝန်ကို ပြီးမြောက်အောင် သူထမ်းဆောင်နိုင်မည်ဆိုလျှင် သွေးတိမ်ဂိုဏ်း၏ အထွတ်အမြတ်ကျမ်းစာသုံးခုထဲမှ တစ်ခုကို သူ့စိတ်ကြိုက်ရွေးချယ်နိုင်လိမ့်မည်။
အထွတ်အမြတ်ကျမ်းစာဖြင့်ဆိုလျှင် သူက အထွတ်အထိပ်သို့ ပျံတတ်သွားလိမ့်မည်။ သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် သို့မဟုတ် ထိုထက် ပိုမြင့်သော အဆင့်သို့ပင် ချိုးဖြတ်နိုင်လောက်၏။
ထို့ကြောင့် သူက ဂိုဏ်းထဲမှ အရည်အချင်းရှိသော တပည့်တချို့ကို ခေါ်ယူ၍ ကုချင်းချိုင့်ဝှမ်းဆီသို့ အလျှင်အမြန် ချီတတ်လာခဲ့သည်။ သို့သော်လည်း သူက သွေးနတ်ဆိုး၏ အမှာစကားကို သေချာမှတ်မိနေလေရာ ကုချင်းချိုင့်ဝှမ်းထဲမှ ချင်မိသားစုကို ရန်မပြုဝံ့ချေ။ ထို့ကြောင့် သူက ကုချင်းချိုင့်ဝှမ်းနှင့် အနီးအနားမှာရှိသော ချိုင့်ဝှမ်းထဲမှာ အခြေချနေထိုင်ပြီး ဂိုဏ်းတူညီလေးရွှဲယင်ရီအား သတ်နိုင်စွမ်းရှိသော လူများကို လိုက်လံစုံစမ်းနေသည်။ သူ၏ အထူးပစ်မှတ်က ချင်မိသားစု၏ သတိုးသားလောင်းရွေးချယ်ပွဲအတွက် ရောက်လာကြသူများ ဖြစ်သည်။
“ ဂိုဏ်းတူအကိုကြီး… ကျုပ်တို့စစ်ဆေးပြီးပါပြီ… ဒီတစ်ခေါက် သတိုးသားလောင်းရွေးချယ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ကျင့်ကြံသူတွေထဲမှာ သခင်လေးကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့လူ စုစုပေါင်း လေးယောက်ရှိပါတယ်… သူတို့ရဲ့ သရုပ်ကိုလည်း စစ်ဆေးပြီးပါပြီ ”
ကျင့်ကြံသူတစ်ယောက်က အေးစက်စက် အမူအရာဖြင့် ဝမ်ထောင်ကို သတင်းတင်ပြသည်။
“ အို… လေးယောက်တောင်မှလား… သူတို့လေးယောက်က ဘယ်သူတွေလဲ… ငါ့ကို ချက်ချင်း ပြောစမ်း… သူတို့က သာမန်ကျင့်ကြံသူတွေ မဟုတ်လောက်ဘူး ”
ဝမ်ထောင်က စိတ်ဝင်တစား မေးသည်။
“ ဂိုဏ်းတူအကိုကြီးပြောတာ မှန်ပါတယ်… သူတို့လေးယောက်က သာမန်ကျင့်ကြံသူတွေ မဟုတ်ပါဘူး… သူတို့ထဲက တစ်ယောက်က ရွှမ်ရှင်းဓားဂိုဏ်းက လက်ရွေးစင်ကျင့်ကြံသူ လုကျီလင်းပါ… သူက အလယ်အလတ်အဆင့် အခြေတည်နယ်ပယ်မှာဆိုပေမဲ့ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ပါတယ်… သူက စဦးအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်ပါတယ် ”
“ တခြားတစ်ယောက်က ရေလနန်းတော်ရဲ့ သခင်လေး ရွှေဝူဟန်ပါ… သူ့ရဲ့ ကျင့်ကြံခြင်းက နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ်မှာ ဖြစ်ပါတယ်… ပြီးတော့ သူ့မှာ အစွမ်းထက်ဓမ္မရတနာတစ်ခု ရှိပါတယ်… အဲ့ဒီဓမ္မရတနာက အရမ်းအစွမ်းထက်ပါတယ်… နောက်တစ်ယောက်က ဝူဝူဒီပါ… ထူးခြားတာက သူက သိုင်းပညာကျင့်ကြံသူတစ်ယောက်ဖြစ်ပါတယ်… သူက လေလွင့်ကျင့်ကြံသူဆိုပေမဲ့ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က အရမ်းသန်စွမ်းပါတယ် ”
“ နောက်ဆုံးတစ်ယောက်က သီရှီထျန်လို့ ခေါ်ပါတယ်… သူ့ရဲ့ ဇစ်မြစ်က အရမ်းလျှို့ဝှက်ဆန်းကြယ်ပါတယ်… သူ့အကြောင်း ဘာမှမသိရပါဘူး… သူက လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာသလိုပါပဲ… ဒါပေမဲ့… ”
“ ဒါပေမဲ့ ဘာဖြစ်လဲ ”
ဝမ်ထောင်၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။
" ဒါပေမဲ့ အဲ့ဒီလူက ကုချင်းချိုင့်ဝှမ်းထဲမှာ သခင်လေးနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်… တကယ်လို့ ချင်မိသားစုခေါင်းဆောင်သာ ကြားဝင်မစွက်ဖက်ခဲ့ဘူးဆိုရင် သူတို့တွေ နေရာမှာတင် တိုက်ခိုက်ကြပါလိမ့်မယ်… ကျွန်တော့်အမြင်မှာတော့ သူတို့လေးယောက်ထဲမှာ သီရှီထျန်က သံသယဝင်ဖို့ အကောင်းဆုံးလူပါ… ဒါပေမဲ့ တခြားလူတွေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး ”
ကုချင်းချိုင့်ဝှမ်းထဲမှာ သီရှီထျန်နှင့် ရွှဲယင်ရီဖြစ်ခဲ့သော ပြဿနာက လျှို့ဝှက်ချက်မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ထိုအချိန်တုန်းက ကုချင်းချိုင့်ဝှမ်းထဲမှာ လူအများကြီး ရှိနေခဲ့ကြသည်။ သို့ဖြစ်၍ သီရှီထျန်ကို သံသယရှိလူစာရင်းထဲမှာ နံပါတ်တစ်ထားခြင်းက ထူးဆန်းသောအရာ မဟုတ်ပေ။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ထောင်က မျက်လုံးတောက်ပသွားသည်။ သူက လေးနက်စွာ ပြောသည်။
“ ကောင်းတယ်… အနီးကပ် ဆက်စောင့်ကြည့်ပြီး စုံစမ်းနေပါ… သီရှီထျန်ကို အဓိကဦးစားပေး စောင့်ကြည့်ပါ… သူဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ အသေးစိတ် စုံစမ်းပါ ”
“ ဟုတ်ကဲ့ပါ ”
ထိုစဉ် ကုချင်းချိုင့်ဝှမ်းထဲမှာ ရှိနေသော သီရှီထျန်သည် သူ့ဆီသို့ ကပ်ဘေးကျရောက်လာနေကြောင်း သတိမပြုမိပေ။ သူက ဝါးအိမ်လေးထဲမှာ ထိုင်နေပြီး သူ၏ လက်ထဲ၌ စာလိပ်ကို ကိုင်ထားသည်။ သူက စာလိပ်ထဲမှာပါသော အကြောင်းအရာများကို ဂရုတစိုက် ဖတ်ရှုနေသည်။
ဟွာဝမ့်ဝူက အမှန်တကယ် ကြိုပြင်ဆင်ထားသည်။ ဤစာလိပ်ထဲမှာ နန်းမြို့တော်၏ အသေးစိတ်မြေပုံသာမက လောကဝတ်ပြုခန်းမ၏ တည်နေရာလည်း ပါရှိသည်။ ထို့ပြင် လောကဝတ်ပြုခန်းမမှ အကြီးအကဲများ၏ ကိုယ်ရေးအချက်အလက်များလည်း ပါရှိသည်။
တစ်နည်းဆိုရသော် ဤစာလိပ်ထဲမှာ သူသိချင်သော အကြောင်းအရာအားလုံး ပါဝင်သည်။ စာလိပ်ထဲမှ အကြောင်းအရာများက အတော်လေး အသေးစိတ်သည်။
စာလိပ်ထဲမှ အချက်အလက်များအရ လောကဝတ်ပြုခန်းမမှာ စုစုပေါင်း အကြီးအကဲကိုးယောက်ရှိသည်။ အတိတ်တွင် အကြီးအကဲသုံးယောက်က သူ့လက်ထဲမှာ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် အကြီးအကဲခြောက်ယောက်သာ ကျန်ရှိကြသည်။ သို့သော်လည်း ထိုအကြီးအကဲများ၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ သူမသိထားပေ။
သီရှီထျန်၏ ခန့်မှန်းမှုအရ သူတို့ထဲမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်မှ မရှိနိုင်ပေ။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူမရှိလျှင် သူတို့ကို သုတ်သင်ရှင်းလင်းခြင်းက သူ့အတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။
“ ကျင့်ကြံသူခြောက်ယောက်… အရမ်းကောင်းတယ်… ဒီနေ့ညမှာ လရောင်က မှေးမှိန်နေပြီး လေကြမ်းတိုက်ခတ်နေတယ်… လူသတ်ဖို့ အဆင်ပြေတဲ့ ညတစ်ညပဲ ”
သူက ခေါင်းမော့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။ ကောင်းကင်ယံတွင် တိမ်မည်းများ စုဝေးနေကြသည်။ မည်သည့်အပြောင်းအလဲမှမရှိလျှင် ယနေ့ညက လမိုက်ညဖြစ်လာလိမ့်မည်။
ဟွာဝမ့်ဝူထံမှ သတင်းအချက်အလက်များနှင့် သူ၏ ကိုယ်ပိုင်ခန့်မှန်းချက်များအရ ဝူတိုင်းပြည်၏ လက်တလော အခြေအနေကို ယေဘုယျအားဖြင့် သီရှီထျန် နားလည်သွားသည်။ အကြမ်းဖျဉ်းဆိုရသော် ဝူတိုင်းပြည်မှာ နေထိုင်ကြသော ကျင့်ကြံသူအများစုက လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က သေမျိုးလောက၏ စည်းစိမ်နှင့် အခွင့်အာဏာကို လိုချင်တပ်မက်ကြသည်။
သူတို့က ကျင့်ကြံရန် အသုံးလိုအပ်သော ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် အဖိုးတန်သတ္ထုပစ္စည်းများကို ရှာဖွေရန်အလို့ငှာ ဝူတိုင်းပြည်၏ အင်အားကို ချေးငှားချင်ကြသည်။ ယင်းက သေမျိုးလောကမှာ သူတို့အခြေချနေထိုင်ချင်ရသည့် အကြောင်းအရင်း ဖြစ်သည်။
သို့သော် ထိုသို့ရည်ရွယ်ချက်ရှိသူများက အချိန်ခဏလေးအတွင်း ခုန်ပျော်ကျော်လွှားကာ တိုးတတ်နိုင်ကြသော်လည်း အနာဂတ်၌ ကြီးမားသော အောင်မြင်မှုများ ရရှိရန် အလွန်ခက်ခဲပေသည်။
ဥပမာ ဝူတိုင်းပြည်ကဲ့သို့ တိုင်းပြည်ငယ်လေးတစ်ခုမှာ မည်သည့်ကျင့်ကြံသူမှ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ မရောက်ရှိနိုင်ကြပေ။
အကြောင်းအရင်းတစ်ခုမှာ သေမျိုးလောကသည် ကျင့်ကြံရန် မသင့်တော်ပေ။ ဤနေရာ၌ မိုးမြေဝိညာဉ်စွမ်းအားက အလွန်နည်းပါးသည်။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကထဲမှ တောင်တန်းများနှင့် မြို့တော်များကို မနှိုင်းယှဉ်နိုင်ပေ။
နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ အပျော်အပါးနှင့် လောကစည်းစိမ်တွင် ယဇ်မူးသွားကြခြင်း ဖြစ်သည်။ ကျင့်ကြံသူများက သေမျိုးလောကထဲမှာ အချိန်ကြာကြာ နေထိုင်လိုက်သည့်အခါ လောကစည်းစိမ်ကို မစွန့်လွှတ်နိုင်ကြတော့ပေ။ ထိုသို့လူများသည် ကျင့်ကြံခြင်းမှာ အာရုံမစိုက်နိုင်ကြတော့ပေ။ သူတို့၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားသည့်အခါ အမတဖြစ်ချင်သော သူတို့၏ ဆန္ဒသည်လည်း ပျောက်ဆုံးသွားသည်။ ထိုသို့လူများက မည်သို့အောင်မြင်နိုင်မည်နည်း။
သို့သော်လည်း ချွင်းချက်ရှိသည်။ ဥပမာ ထိပ်တန်းအဆင့် ချူမိသားစု ဖြစ်သည်။ ချူမိသားစုက သေမျိုးလောကမှာ အခြေချနေထိုင်သော်လည်း သူတို့ဆီမှာ အရင်းအမြစ်အများကြီး ရှိသည်။ သူတို့က သေမျိုးလောက၏ တိုင်းပြည်ကြီးတစ်ခုကို ထိန်းချုပ်နိုင်ရုံသာမက ကျင့်ကြံခြင်းကိုလည်း မနှောင့်နှေးဘဲ တစ်ဆင့်ပြီးတစ်ဆင့် တိုးတတ်သွားရန် စွမ်းဆောင်နိုင်ကြသည်။ ယင်းက အမှန်တကယ်ပင် အခြေခံအုတ်မြစ်ခိုင်မာသော ကျင့်ကြံခြင်းမိသားစုကြီးတစ်ခု ဖြစ်သည်။
လင်းနန်မြို့တော်မှ လီမိသားစုသည်ပင် ချူမိသားစုနှင့် နှိုင်းယှဉ်လျှင် အများကြီး ခြားနားပေသည်။
သို့ဖြစ်လေရာ တစ်နှစ်ပတ်လုံး စစ်ဖြစ်ပွားနေသော ဝူတိုင်းပြည်ထဲမှာ မည်သို့ကြောင့် အစွမ်းထက်ကျင့်ကြံသူများ ရှိမည်နည်း။ အလွန်ဆုံး သူတို့က နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ်မှာ ဖြစ်ကြသည်။
“ ချင်မိသားစုက ငါ့ကို ကုချင်းပညာသင်ပေးဖို့ သဘောတူပြီးပြီ… အဲ့ဒီကိစ္စက ငါ့အတွက် အရေးကြီးဆုံးပဲ… နည်းနည်းလေးတောင် အမှားရှိလို့မဖြစ်ဘူး… နောင်လာမယ့်နှစ်တွေမှာ ဒီချိုင့်ဝှမ်းထဲမှာပဲ ငါနေထိုင်ပြီး ကုချင်းကို တစိုက်မတ်မတ် သင်ယူရမယ်… ဒါပေမဲ့ တိုတမ်ကိစ္စကလည်း နှောင့်နှေးလို့မဖြစ်ဘူး… ဒီည အဲ့ဒီကိစ္စကို ငါအပြီးသတ်ရမယ်… ဒါမှ ချိုင့်ဝှမ်းထဲမှာ ကုချင်းသင်ယူဖို့ ငါအာရုံစုစည်းနိုင်လိမ့်မယ် ”
ဤအခိုက်အတန့်မှာ စက်ကရာက သူ၏ အနာဂတ်လမ်းကြောင်းကို စဉ်းစားလိုက်သည်။ လောကဝတ်ပြုခန်းမမှ အကြီးအကဲများကို ပြဿနာဟု သူမယူဆထားပေ။ သူ့အလုပ်က လောကဝတ်ပြုခန်းမမှ အကြီးအကဲများကို သုတ်သင်ရှင်းလင်းပေးရန် ဖြစ်သည်။
ထိုအလုပ်ပြီးလျှင် သူက နန်းမြို့တော်ထဲမှ ရွှေယွဲ့စားသောက်ဆိုင်ဆီ သွားပြီး ရွှေဝူဟန်နှင့် ဝူဝူဒီထံမှ မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း စုံစမ်းသတင်းယူမည်။ နောက်ဆုံးမှာ သူက ကုချင်းချိုင့်ဝှမ်းဆီသို့ ပြန်လာပြီး ကျင့်ကြံခြင်းမှာ အာရုံစူးစိုက်လိမ့်မည်။
အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ နေလုံးက အနောက်အရပ်သို့ ဝင်သွားသည်။ အမှောင်ထုက လောကတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားသည်။
သတ္တဝါအားလုံး၏ ဦးခေါင်းထက်မှ ကောင်းကင်ယံမှာ မြင့်မြင့်ချိတ်ဆွဲထားသော လစန္ဒကို တိမ်မည်းများက ဖုံးကွယ်နေသည်။ တိမ်မည်းများ၏ ပိတ်ဆို့မှုကြောင့် လရောင်ခြည်က ကမ္ဘာမြေပေါ်သို့ ကျဆင်းလာရန် အခက်တွေ့နေသည်။ ယနေ့ညသည် ထူးထူးခြားခြား အလွန်တိတ်ဆိတ်နေသည်။ ကျေးငှက်မြည်သံများနှင့် အင်းဆက်ပိုးကောင်များ၏ အော်သံများက ရံဖန်ရံခါ ထွက်ပေါ်လာသည်။