အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း(၂၂၀)
ခရမ်းဝါးတောထဲ၌ ဝါးများဖြင့် ဆောက်လုပ်ထားသော အိမ်တစ်လုံး ရှိသည်။ ဤအခိုက်အတန့်မှာ အနက်ရောင်ပုံရိပ်တစ်ခုက ဝါးအိမ်ထဲမှ ရုတ်တရက် ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ပုံရိပ်သည် အမှောင်ထုထဲမှာ ရွေ့လျားနေရင်း ကုချင်းချိုင့်ဝှမ်းထဲမှ မြန်ဆန်စွာ ထွက်ခွာသွားသည်။ သူ၏ ဦးတည်ရာက ဝူတိုင်းပြည်၏ နန်းမြို့တော် ဖြစ်သည်။
လောကဝတ်ပြုခန်းမသည် နန်းမြို့တော်ထဲမှာ တည်ရှိသည်။ ထို့ပြင် ယင်းက နန်းမြို့တော်နှင့် အတော်လေး နီးကပ်သည်။ ထို့ကြောင့် လောကဝတ်ပြုခန်းမကို သူသုတ်သင်ချင်သည်ဆိုလျှင် နန်းမြို့တော်ဆီသို့ သွားရောက်ရလိမ့်မည်။
သီရှီထျန်သည် လေပေါ်မှာ ပျံသန်းရန် လေဟုန်စီးမန္တန်ကို အသုံးမပြုပေ။ ထိုသို့လုပ်ဆောင်လျှင် သူက လူအများ၏ အာရုံစိုက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် သူက နတ်ဘုရားခရီးသွားမှော်အဆောင်ကို သူ့ခန္ဓာကိုယ်ပေါ်မှာ ကပ်၍ မြန်ဆန်စွာ ပြေးသွားသည်။ သူ၏ အလျင်က လေကဲ့သို့ မြန်ဆန်ပေသည်။
နတ်ဘုရားခရီးသွားမှော်အဆောင်သည် တစ်စုံတစ်ယောက်ကို မိုင်တစ်ထောင်ခရီးသို့ အလွယ်လေး ရောက်ရှိစေနိုင်သည်။ ယင်းက ကျင့်ကြံသူများ အများဆုံး အသုံးပြုလေ့ရှိသော အခြေခံမှော်အဆောင်များထဲမှ တစ်ခုဖြစ်သည်။
ကုချင်းချိုင့်ဝှမ်းထဲမှ သီရှီထျန် ထွက်သွားပြီး သိပ်မကြာမီ ချိုင့်ဝှမ်း၏ ထောင့်တစ်နေရာမှာ ပုန်းအောင်းနေသော အနက်ရောင်ပုံရိပ်တစ်ခုက ရုတ်တရက် လှုပ်ရှားလိုက်သည်။ ထိုပုဂ္ဂိုလ်၏ အရှိန်အဝါက အပြည့်အဝ ဖုံးကွယ်ခံထားရသည်။ အမှောင်ထဲမှာ သူရပ်နေစဉ် အကယ်၍ တစ်စုံတစ်ယောက်က သေချာမကြည့်မိလျှင် သူ့ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။ ထိုပုဂ္ဂိုလ်၏ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်မှုက အလွန်အံ့ဖွယ်ကောင်းသည်။
အမှောင်ထဲမှာ ရပ်နေသော ပုဂ္ဂိုလ်သည် သီရှီထျန်၏ ထွက်ခွာမှုကို အစအဆုံး မြင်တွေ့သွားသည်။ ထို့နောက် သူက အနောက်လှည့်၍ မြန်ဆန်စွာ ထွက်သွားသည်။ သူက ကုချင်းချိုင့်ဝှမ်းနှင့် မနီးမဝေးမှာရှိသော ချိုင့်ဝှမ်းတစ်ခုဆီသို့ သွားသည်။
ထိုချိုင့်ဝှမ်းထဲတွင် သွေးတိမ်ဂိုဏ်းမှ ဝမ်ထောင်သည် မကြာသေးမီက ဖွင့်လှစ်ထားခဲ့သော လှိုဏ်ဂူငယ်ထဲမှာ ကျင့်ကြံနေသည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေကြောင်း သူအာရုံခံမိသောအခါ မျက်လုံးဖွင့်လိုက်သည်။
“ အမှတ်ခုနစ်ဂိုဏ်းတူညီလေး… ငါမင်းကို ကုချင်းချိုင့်ဝှမ်းထဲက သီရှီထျန်ရဲ့ လှုပ်ရှားမှုတွေ စောင့်ကြည့်ခိုင်းထားတယ်မလား… မင်းဘာလို့ ရုတ်တရက် ပြန်လာတာလဲ… မဟုတ်မှလွဲရော အဲ့ဒီသီရှီထျန် စလှုပ်ရှားပြီလား ”
ဝမ်ထောင်သည် ဉာဏ်ကောင်းသူ ဖြစ်သည်။ သူက စကားတစ်ဝက်မှာတင် တစ်ဖက်လူ ရုတ်တရက် ပြန်ရောက်လာသော အကြောင်းအရင်းကို မှန်းဆနိုင်သွားသည်။ သို့သော်လည်း ယင်းကို အတည်မပြုနိုင်သေးသောကြောင့် သူ့စိတ်ထဲမှာ သံသယတချို့ ရှိနေဆဲပင်။
“ ဂိုဏ်းတူအကိုကြီးကတော့ ဂိုဏ်းတူအကိုကြီးပါပဲ… ကျွန်တော် ပြန်ရောက်လာတဲ့ အကြောင်းအရင်းကိုတောင် မှန်းဆနိုင်တယ် ”
အမှတ်ခုနစ်ဂိုဏ်းတူညီလေးက ရိုသေလေးစားစွာ ပြောသည်။
“ စောစောက ကုချင်းချိုင့်ဝှမ်းရဲ့ အပြင်မှာ ကျွန်တော်ပုန်းနေတဲ့အချိန် သီရှီထျန်က ချိုင့်ဝှမ်းထဲကနေ ခိုးကြောင်ခိုးဝှက် ထွက်သွားတာ ကျွန်တော်မြင်လိုက်ပါတယ်… သူထွက်သွားတဲ့ ဦးတည်ရာကို ကြည့်ရတာ နန်းမြို့တော်ဆီ သူသွားနေတဲ့ပုံပါပဲ… သူဘာသွားလုပ်တယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး… ဂိုဏ်းတူအကိုကြီးဆီ ဒီအကြောင်း အမြန်ဆုံး သတင်းပို့ချင်လို့ သူ့နောက်ကို ကျွန်တော်လိုက်မသွားခဲ့ပါဘူး ”
“ သီရှီထျန်က နန်းမြို့တော်ဆီ ရုတ်တရက် ထွက်သွားတယ်လား ”
ဝမ်ထောင်က အကြိမ်ရေအနည်းငယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ပြောသည်။
“ ကောင်းတယ်… ကုချင်းချိုင့်ဝှမ်းထဲမှာ သူပုန်းအောင်းနေသရွေ့ ချိုင့်ဝှမ်းထဲဝင်ပြီး သူ့ကို စစ်ဆေးဖို့ ငါတို့အတွက် အဆင်မပြေဘူး… အခု သူကိုယ်တိုင် အပြင်ထွက်လာပြီဆိုတော့ ငါတို့အတွက် အလုပ်လုပ်ရတာ အဆင်ပြေသွားပြီ… ငါ့အမြင်အရဆို ဂိုဏ်းတူညီလေးကို သတ်ပစ်တဲ့ တရားခံက သူဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးပဲ ”
သူက စိတ်ထဲမှာ တီးတိုးပြောလိုက်သည်။
“ ဟွန့်… သီရှီထျန်… သီရှီထျန်… ငါစုံစမ်းခဲ့တဲ့ လူလေးယောက်ထဲမှာ မင်းရဲ့ နောက်ခံက အလျှို့ဝှက်ဆုံးပဲ… မင်းက ကုချင်းချိုင့်ဝှမ်းထဲမှာ ရုတ်တရက် ပေါ်လာပြီး ရွှဲယင်ရီနဲ့ စကားများခဲ့တယ်… ဒါ့အပြင် ရွှေဝူဟန်နဲ့ တခြားလူတွေဆီမှာ သန်မာတဲ့ နောက်ခံအင်အားရှိကြတယ်… သူတို့ကို သွားမထိတာ အကောင်းဆုံးပဲ… ဒီတော့ သီရှီထျန်… မင်းက လူသတ်သမားဟုတ်ဟုတ် မဟုတ်ဟုတ် ငါမင်းကို အရင်ဖမ်းဆီးပြီး တာဝန်ကို ပြီးမြောက်အောင် လုပ်မယ် ”
ထိုသို့တွေးမိသောအခါ ဝမ်ထောင်က ရုတ်တရက် ပြောသည်။
“ အမှတ်ခုနစ်ဂိုဏ်းတူညီလေး… မင်းက ချိုင့်ဝှမ်းကို စောင့်ကြပ်နေပါ… ငါက နန်းမြို့တော်ဆီ သွားပြီး သီရှီထျန်ကို ဖမ်းဆီးမယ်… ပြီးကျရင် ဂိုဏ်းဆီ အတူတူ ပြန်ကြမယ်… ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဆရာက ငါတို့ကို ဆုလာဘ်တွေ ချီးမြှင့်လိမ့်မယ် ”
စကားဆုံးသွားသည်နှင့် ဝမ်ထောင်၏ ပုံရိပ်က လှိုဏ်ဂူထဲမှ ထွက်သွားသည်။ သွေးနီရောင်ချိတ်ကောက်တစ်စုံက သူ၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာသည်။ သူက ချိတ်ကောက်များပေါ်သို့ နင်းလိုက်ပြီး လေထဲသို့ ပျံတတ်သွားသည်။ သူက နန်းမြို့တော်ဆီသို့ အမြန်ပျံသန်းသွားသည်။ သူ၏ အလျင်က အလွန်မြန်သည်။ သူလှုပ်ရှားလိုက်သည်နှင့်ချက်ချင်း သူ၏ ပုံရိပ်က လေထဲမှာ ပျောက်ကွယ်သွားသည်။ လေထဲမှာ သူက လျှပ်စီးတန်းနှင့် ဆင်တူသွားသည်။ မြန်ဆန်စွာ သူပျံသန်းသွားနေစဉ် အနီရောင်အလင်းတန်းက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
“ ဒီတော့… အဲ့ဒါက နန်းမြို့တော်ကို… အဲ့ဒါက ညမအိပ်မြို့တော်နဲ့ ဆင်တူတယ် ”
မြို့ဂိတ်တံခါးကို ညဘက်တွင် အမြဲပိတ်ထားလေ့ရှိသည်။ သို့သော်လည်း ယင်းက သီရှီထျန်အတွက် အခက်အခဲမဟုတ်ပေ။ သူက မြို့ထဲသို့ အလွယ်တကူ ဝင်ရောက်သွားသည်။ မြို့ထဲတွင် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် သီရှီထျန် အံ့ဩမှင်သက်သွားသည်။
မြို့သည် ညဘက်အချိန်ဖြစ်လင့်ကစား သူမျှော်လင့်ထားသကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်မနေပေ။ ယင်းအစား သွားလာလှုပ်ရှားနေသူအများကြီးဖြင့် စည်ကားသိုက်မြိုက်နေသည်။ လမ်း၏ ဘေးတစ်ဖက်စီမှ ဈေးဆိုင်များတွင် မီးပုံးများ ချိတ်ဆွဲထားကြသည်။ ထို့ကြောင့် တစ်လမ်းလုံး ထိန်ထိန်လင်းနေသည်။ ဈေးဆိုင်များသည် မုန့်ပဲသရေစာဆိုင်များ၊ ကျောက်မျက်ရတနာဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် ကုန်ခြောက်ပစ္စည်းဆိုင်များ အစရှိသည်တို့ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် ဤနေရာမှာ လိုချင်သော ပစ္စည်းအားလုံးကို ဝယ်ယူနိုင်ပေသည်။ လမ်းများပေါ်တွင် အဆုံးမဲ့စွာ လျှောက်နေသော လူအုပ်ကြီးကို မြင်တွေ့နိုင်သည်။ ဈေးသည်များက အသံကျယ်ကျယ် ဈေးရောင်းနေကြသည်။
မနက်ပိုင်းတွင် အပြင်ထွက်လေ့မရှိသော မိန်းမပျိုလေးများက ညအချိန်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့ထဲမှ တချို့က ယောင်္ကျားလေးအသွင် ရုပ်ဖျက်ထားကြသည်။ သူတို့က တခစ်ခစ် ရယ်မောနေရင်း ဝမ်းသာပျော်ရွှင်စွာ စကားပြောနေကြသည်။
နန်းမြို့တော်က မည်မျှကြီးပွားတိုးတတ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် မြင်နိုင်ပေသည်။
စက်ကရာသည် ခရမ်းရွှေကုန်းမြေ၌ ပြန်လည်မွေးဖွားလာပြီးနောက် ထိုမျှစည်ကားသိုက်မြိုက်သော မြင်ကွင်းမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ပွဲတော်အလား သက်ဝင်လှုပ်ရှားနေသော ထိုမြင်ကွင်းသည် ယခင်ဘဝမှာ သူတွေ့ကြုံဖူးသော ညဈေးနှင့် ဆင်တူသည်။ ညဈေးသည် ယခုကဲ့သို့ပင် ဈေးဆိုင်များနှင့် သွားလာရောင်းဝယ်နေသူများဖြင့် စည်ကားသိုက်မြိုက်သည်။
ယင်းက သီရှီထျန်ကိုပင် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သည်။ သူက လမ်းထဲမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ သို့သော်လည်း သူက မည်သည့်ပစ္စည်းကိုမှ မဝယ်ယူပေ။
သူက ဤနေရာမှ စည်ကားသိုက်မြိုက်မှုကို ခံစားကြည့်ချင်ရုံသက်သက် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုမြင်ကွင်းက သူ၏ အတိတ်ဘဝကို ပြန်လည်အောက်မေ့စေသောကြောင့်ပင်။
သူက လူအုပ်ကြားထဲမှာ အချိန်ကြာကြာ မနေခဲ့ပေ။ သူက ကောင်းကင်ယံကို မော့ကြည့်၍ အချိန်ကို တွက်ဆလိုက်သည်။ ထို့နောက် သူက နန်းတော်၏ တည်နေရာဆီသို့ မနှေးလွန်း မမြန်လွန်း လျှောက်သွားသည်။ တဖြည်းဖြည်း သူ၏ ပုံရိပ်က ညဈေးထဲမှ ထွက်သွားသည်။
ဟွာဝမ့်ဝူ သူ့ကို ပေးခဲ့သော စာလိပ်ထဲမှာ နန်းမြို့တော်၏ မြေပုံလည်း ပါဝင်သည်။ သီရှီထျန်က နန်းမြို့တော်၏ မြေပုံကို သူ့စိတ်ထဲမှာ မှတ်သားခဲ့သည်။ ထို့ကြောင့် လမ်းပျောက်သွားမည်ကို သူမစိုးရိမ်ပေ။ သူက မြေပုံထဲမှ လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားသည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူက နန်းတော်နှင့် သိပ်မဝေးသော နေရာတစ်နေရာဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ရိုးရှင်းဟန်ထင်ရသော နန်းဆောင်တစ်ခု ရှိသည်။ နန်းဆောင်သည် ရိုးရှင်းပုံပေါ်သော်လည်း သစ်လွင်တောက်ပြောင်သည်။ ထို့ပြင် ယင်းက အလွန်ကျယ်ပြောသော ဧရိယာကို သိမ်းပိုက်ထားသည်။
နန်းဆောင်သည် လူရာပေါင်းများစွာ အတူနေထိုင်ရန် လုံလောက်သည်။ နန်းဆောင်၏ တံစက်မြိတ်ပေါ်တွင် “ လောကဝတ်ပြုခန်းမ ”ဟု ရေးသားထားသော သစ်သားပြားတစ်ချပ် ရှိသည်။ ယင်းက ရိုးရှင်းသော စာလုံးသုံးလုံးမျှသာဖြစ်သော်လည်း အံ့ဖွယ်ကောင်းသော ခြိမ်းခြောက်မှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သာမန်လူများသည် လောကဝတ်ပြုခန်းမ၏ အရှေ့မှာ ကြာကြာ ရပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
“ ဒီနေရာပဲ ”
“ လောကဝတ်ပြုခန်းမ ”ဟူသော နာမည်ကို မြင်လိုက်သောအခါ သူ၏ ပစ်မှတ်ဆီသို့ ရောက်သွားပြီဖြစ်ကြောင်း သီရှီထျန် သိလိုက်သည်။
ပစ်မှတ်ကို ရှာတွေ့သွားပြီးနောက် သီရှီထျန်သည် နှုတ်ဆက်ရန် စဉ်းစားမနေတော့ပေ။ သန့်စင်သော မိစ္ဆာချီသည် သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ ပေါ်လျှိုးလာပြီး မိစ္ဆာစံအိမ်၏ အပြင်သို့ တိုးထွက်လာသည်။ မိစ္ဆာချီသည် မြစ်တစ်စင်းနှယ် သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ စီးဆင်းသွားသည်။ ယင်းက မကြာသေးမီက သူဖွဲ့စည်းထားသော ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှာ ဖြတ်သန်းသွားသည်။ မိစ္ဆာချီသည် သူ၏ ခန္ဓာကိုယ်ထဲမှာ တစ်ကြိမ်လှည့်ပတ်ပြီးနောက် သူ၏ ညာလက်ထဲသို့ ဒလဟော စီးဆင်းသွားသည်။
မိစ္ဆာချီက ဝမ်းနည်းခြင်းသွေးကြောကို ဖြတ်သန်းသွားစဉ် ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ယင်းက ဝမ်းနည်းခြင်းအရှိန်အဝါကိုလည်း တစ်ပါတည်း သယ်ဆောင်သွားသည်။
သူ၏ ညာဘက်လက်က ကျားလက်သည်းအဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။ ကျားလက်သည်းသည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အရွယ်အစား ကြီးမားသွားပြီး အနက်ရောင်မြူခိုးကို တလိပ်လိပ် ထုတ်လွှတ်လိုက်သည်။
“ ဝုန်း ”
စွမ်းအားက သူ၏ ညာဘက်လက်ထဲမှာ အထွတ်အထိပ်အခြေအနေထိ စုဝေးသွားသည့်အခါ သီရှီထျန်က စတင်တိုက်ခိုက်လိုက်သည်။ သူက ကြီးမားသော အရှိန်အဟုန်နှင့် ခွန်အားကို သယ်ဆောင်လျက် လောကဝတ်ပြုခန်းမပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့များက ဒလဟော ထွက်ပေါ်လာကြပြီး အပြင်ဘက်သို့ အရူးအမူး ပျံ့နှံ့သွားကြသည်။ လေထဲမှာတင် အနက်ရောင်အခိုးအငွေ့များက အရွယ်အစားကြီးမားသော အနက်ရောင်ကျားလက်သည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ အနက်ရောင်ကျားလက်သည်းက လောကဝတ်ပြုခန်းမကို ဝင်ဆောင့်သွားသည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။
“ ဘန်း ”
အနက်ရောင်ကျားလက်သည်းက လောကဝတ်ပြုခန်းမတစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်။ ကျားလက်သည်းက အောက်သို့ ကျဆင်းလာသည့်အခါ လောကဝတ်ပြုခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ လောကဝတ်ပြုခန်းမကို သေမျိုးလောကမှ သတ္ထုပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
သို့ဖြစ်လေရာ ယင်းက သီရှီထျန်၏ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းပါဝင်သော တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။
ကျားလက်သည်း၏ ရိုက်ချက်အောက်မှာ လောကဝတ်ပြုခန်းမတစ်ဝက်က ပြိုကျပျက်စီးသွားသည်။
" အား… ဘယ်ကောင်လဲ… ဘယ်ကောင်က ဝူတိုင်းပြည်ရဲ့ လောကဝတ်ပြုခန်းမကို တိုက်ခိုက်ရဲတာလဲ… ငါမင်းကို သတ်ပစ်မယ် ”
လောကဝတ်ပြုခန်းမ ပျက်စီးသွားသည်နှင့်ချက်ချင်း ထက်ရှသော ဓားအလင်းတန်းနှစ်ခုက နန်းဆောင်အပျက်ထဲမှ ပျံသန်းထွက်လာကြသည်။ ကျယ်လောင်သော အော်သံကြောင့် ဓားအလင်းတန်းက ရာထောင်ချီ ခွဲထွက်သွားပြီး မိုးမြေကို ဖုံးအုပ်သွားသည်။ နောက်အခိုက်အတန့်မှာ ရာထောင်ချီသော ဓားအလင်းတန်းများက သီရှီထျန်ဆီသို့ ပျံသန်းသွားကြသည်။
တစ်ချိန်တည်းမှာ ဆံပင်စုတ်ဖွားဖြစ်နေပြီး ဝတ်စုံများ စုတ်ပြဲနေသော ပုံရိပ်သုံးခုက လောကဝတ်ပြုခန်းမထဲမှ ပျံသန်းထွက်လာကြသည်။ သူတို့၏ ပုံစံက အလွန်ရယ်စရာကောင်းသည်။ သူတို့၏ အဝတ်အစားများက စုတ်ပြဲနေသော်လည်း ယင်းက သူတို့၏ ခမ်းနားထည်ဝါမှုကို မဖုံးကွယ်နိုင်ပေ။ သူတို့သုံးယောက်က သာလွန်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သို့သော်လည်း သူတို့၏ မျက်နှာပေါ်မှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူတို့၏ မျက်လုံးများက မီးဟုန်းဟုန်းတောက်နေသည်။
အခန်း(၂၂၁)
ကျင့်ကြံသူသုံးယောက်ထဲတွင် တစ်ယောက်က အဖိုးအိုဖြစ်ပြီး သူက အလွန်အမင်း ဒေါသထွက်နေသည်။ သူက ဓားအလင်းတန်းရာထောင်ချီကို စေလွှတ်လိုက်သူလည်း ဖြစ်သည်။ တခြားတစ်ယောက်က သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ ထိုလူက ထူးဆန်းသည်။ သူက လက်တစ်ဖက်ဖြင့် အိတ်တစ်လုံးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဝိညာဉ်အလင်း ထွန်းလင်းတောက်ပသော မှော်အဆောင်ငါးရွက်ကို ကိုင်ထားသည်။
နောက်ဆုံးတစ်ယောက်က လူငယ်ဖြစ်ပြီး အစိမ်းရောင်ဓားပျံတစ်လက်က သူ၏ ဘေးမှာ ပျံဝဲနေသည်။ ဓားအလင်းတန်းများက ပျံသန်းထွက်လာကြပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။ ကြောက်ရွံ့သော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
ကြောက်စရာကောင်းတယ်… အရမ်းကြောက်စရာကောင်းတယ်…
သူတို့သုံးယောက်က အကြီးအကျယ် ဒေါသထွက်နေကြသော်လည်း စိတ်ထဲ၌ ကြောက်လန့်နေကြသည်။ စက်ကရာ၏ ကျားလက်သည်းက မည်သည့်သတိပေးမှုမှမရှိဘဲ ဆင်းသက်လာခဲ့သည်။ အစတွင် လောကဝတ်ပြုခန်းမထဲမှာ ကျင့်ကြံသူခြောက်ယောက်က အတူတကွ တရားထိုင်နေကြသည်။ ကပ်ဘေးက ရုတ်တရက် ကျဆင်းလာမည်ဟု မည်သူမျှော်လင့်ထားမည်နည်း။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူသုံးယောက်သည် ကံမကောင်းဘဲ နေရာမှာတင် သေဆုံးသွားကြသည်။
ဝူတိုင်းပြည်တွင် သူတို့က အကြွင်းမဲ့အရှင်သခင်များ ဖြစ်ကြသည်။ တိုင်းပြည်၏ ရှင်ဘုရင်သည်ပင် သူတို့ကို ရိုသေလေးစားရသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူတို့၏ အိမ်ရှေ့မှာ တံခါးလာခေါက်ပြီး စိန်ခေါ်လိမ့်မည်ဟု မည်သူမှ မတွေးဖူးကြချေ။
သူတို့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူတို့က အလွန်ဒေါသထွက်နေကြသည်။
“ ဟွန့် ”
သီရှီထျန်က အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူသုံးယောက်ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် အဖိုးအိုနှင့် သက်လတ်ပိုင်းအမျိုးသားက အခြေတည်နယ်ပယ် ကျင့်ကြံသူများဖြစ်ကြောင်း သူမြင်နိုင်သည်။ အငယ်ဆုံးတစ်ယောက်သည်တော့ အလယ်အလတ်အဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်သည်။
သူသည် တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးနောက် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသည်။
ယခု သူက ပထမဆုံးမိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်သွားပြီး အလယ်အလတ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းသွားခဲ့သည်။ အခြေတည်နယ်ပယ် ကျင့်ကြံသူများထံမှာ အစွမ်းထက်သော ဓမ္မလက်နက်များနှင့် ဓမ္မမန္တန်များမရှိလျှင် သူတို့အားလုံးကို အလွယ်လေး သူရှင်းပစ်နိုင်သည်။
တဝီဝီမြည်နေသော ဓားအလင်းတန်းများကို မြင်သောအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ မိစ္ဆာချီက သူ၏ မွေးညင်းပေါက်များထဲမှ အရူးအမူး တိုးထွက်လာသည်။ ‘ ချွင်ချွင် ’ဟူသော မြည်သံနှင့်အတူ မိစ္ဆာချီက အနက်ရောင်လခြမ်းကွေးဓားများအဖြစ် ဖွဲ့စည်းသွားသည်။ မိစ္ဆာမြူနှင်းဓားသွားများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားသွားကြသည်။ ယင်းတို့က လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းအတိုင်း ပျံသန်းသွားကြသည်။ ယင်းတို့က သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေစဉ် ရေတစ်ပေါက်ပင် သူ့အနားသို့ မချဉ်းကပ်နိုင်ပေ။
“ ထန်… ထန်… ထင်… ထင်… ”
မိစ္ဆာမြူနှင်းဓားသွားများက ရာထောင်ချီသော ဓားအလင်းတန်းများဖြင့် ချက်ချင်း တွေ့ဆုံသွားသည်။ ဓားအလင်းတန်းတစ်ခုစီသည် အလွန်မြန်ဆန်ပြီး ထက်ရှသည်။ ယင်းတို့က လေထဲမှာ အပြန်အလှန် ယှက်ထွေသွားကြပြီး အားကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ဤသည်မှာ ယင်းတို့က လမ်းကြောင်းအရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
ဒေါသအကြီးအကျယ်ထွက်နေသော အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို အမှန်တကယ် လျော့မတွက်နိုင်ပေ။
သို့သော်လည်း သူတို့အရှေ့မှာ ရောက်နေသူက သီရှီထျန် ဖြစ်သည်။ ဓားအလင်းတန်းများက အလွန်သန်စွမ်းပြီး ထက်ရှသော်လည်း သူ့အနားသို့ မရောက်နိုင်ကြပေ။ ယင်းတို့အားလုံးက မိစ္ဆာမြူနှင်းဓားသွားများ၏ တားဆီးခံလိုက်ကြရသည်။ ဓားသွားနှစ်ဆယ်ကျော်က အေးစက်သော အလင်းကို ထုတ်လွှတ်နေလျက် နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။ ဓားသွားတစ်လက်စီသည် သံမဏိဖြင့် ဖွဲ့စည်းထားသည့်အလား လွန်စွာ တောင့်တင်းခိုင်မာကြသည်။ ဓားအလင်းတန်းများနှင့် နှိုင်းယှဉ်လျှင် ယင်းတို့က အများကြီး ပိုထက်ရှပြီး ပိုသန်စွမ်းကြသည်။ သတ္ထုချင်းထိခတ်သံက လေထဲမှာ တရစပ် ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ ဓားအလင်းတန်းများက တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ ယင်းတို့က ဓားချီအဖြစ် ပြန်ပြောင်းလဲသွားပြီး လေထဲမှာ လွင့်ပြယ်သွားကြသည်။ ဓားချီက မြေကြီးပေါ်သို့ ကျဆင်းသွားသည့်အခါ အရွယ်အစားစုံလင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ သို့သော်လည်း သီရှီထျန်၏ အဝတ်အစားပေါ်မှာ ခြစ်ရာတစ်ခုပင် မထွက်ပေါ်လာချေ။
" မင်းဘယ်သူလဲ… ဒီနေရာက လောကဝတ်ပြုခန်းမဆိုတာ မင်းမသိဘူးလား ”
ဓားအလင်းတန်းများ ထုတ်လွှတ်ခဲ့သော အဖိုးအိုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ ဓားအလင်းတန်းများက ထူးဆန်းသော အနက်ရောင်ဓားသွားများဖြင့် အလွယ်တကူ တားဆီးခံလိုက်ရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ရာထောင်ချီသော ဓားအလင်းတန်းများက အနက်ရောင်ဓားသွား တစ်ခုနှစ်ခုကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။ ထိုမြင်ကွင်းကို ကျင့်ကြံသူသုံးယောက် မြင်သွားသောအခါ သူတို့က နှလုံးတင်းကျပ်မှုကို ခံစားမိသွားကြသည်။ သူတို့က ဖော်မပြနိုင်အောင် ထိတ်လန့်ချောက်ချားသွားကြသည်။
သူတို့အရှေ့မှာ ရပ်နေသော သီရှီထျန်က သူတို့ထက် အဆပေါင်းများစွာ ပိုသန်မာသော ကျွမ်းကျင်ပညာရှင်ဖြစ်ကြောင်း မည်သို့ကြောင့် မသိဘဲ နေမည်နည်း။
“ ဟွန့်… ငါဘယ်သူလဲ မင်းတို့သိစရာမလိုဘူး… ဒီနေရာက လောကဝတ်ပြုခန်းမဆိုတာ ငါသိတာပေါ့… ငါမျက်စိမကန်းဘူး… ဒါပေမဲ့ မင်းတို့က လောကဝတ်ပြုခန်းမက ဆိုရင်ရော ဘာဖြစ်လဲ… ဒီနေ့ မင်းတို့တွေကို သတ်ပစ်ဖို့ ငါစိတ်ဆုံးဖြတ်ထားတယ်… သေလိုက်စမ်း ”
သီရှီထျန်က သူတို့သုံးယောက်ကို အေးစက်စက် ကြည့်လိုက်ပြီး မထူးမခြားနားပုံစံဖြင့် ပြောသည်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ၏ ဘေးပတ်ပတ်လည်မှ ဓားသွားများက ချက်ချင်း တုန်ခါသွားကြပြီး ကြွပ်ဆပ်သော မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတတ်သွားသည်နှင့်အမျှ မိစ္ဆာမြူနှင်းဓားသွားများက ပိုပြီးသန်စွမ်းလာကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့က မိစ္ဆာချီ၏ အဆုံးစွန် သိပ်သည်းမှုမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့က အစစ်အမှန် ဓားသွားများကဲ့သို့ အလွန်သန်စွမ်းကြသည်။ ယင်းတို့က ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး လျှပ်စီးပမာ လျှင်မြန်ကြသည်။
လက်ရှိ မိစ္ဆာမြူနှင်းဓားသွားများက အလယ်အလတ်အဆင့် ခုခံရေးဓမ္မလက်နက်ကိုပင် ပိုင်းဖြတ်နိုင်ကြသည်။ မိစ္ဆာမြူနှင်းဓားသွား၏ တိုက်ခိုက်မှုက အလွန်သန်စွမ်းသည်။
သူ့အရှေ့မှ ကျင့်ကြံသူသုံးယောက်ကို သူကြည့်လိုက်သည်နှင့် သီရှီထျန်က သူတို့ကို လူသေအလောင်းများအဖြစ် သတ်မှတ်လိုက်သည်။ သူက မိစ္ဆာမြူနှင်းဓားသွားကိုးခုကို တြိဂံပုံသဏ္ဍာန် ဖွဲ့စည်းလိုက်ပြီး ကျင့်ကြံသူသုံးယောက်ကို လျှပ်စီးပမာ အလျင်ဖြင့် တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။
" အားလုံးပဲ… သတိထားကြ… အဲ့ဒီဓားသွားတွေက အရမ်းကြောက်ဖို့ကောင်းတယ်… ငါ့ရဲ့ ဓားအလင်းတန်းတွေတောင် အဲ့ဒါကို ဘာမှမလုပ်နိုင်ဘူး ”
စက်ကရာက ယဉ်ကျေးမနေဘဲ ရုတ်တရက် စတင်တိုက်ခိုက်လာကြောင်း အဖိုးအို မြင်သောအခါ သူက ချက်ချင်း ထိတ်လန့်ချောက်ချားသွားသည်။ ထိုလူက သူတို့အသက်ကို နုတ်ယူရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း သူသိလိုက်သည်။ အဖိုးအို၏ အသားအရေက ပြောင်းလဲသွားသည်။ သူ၏ လက်မောင်းပေါ်မှာ အလင်းရောင် ဝင်းလက်သွားသည့်အခါ လင်းယုန်အတောင်ပံနှင့် ဆင်တူသည့် ရွှေရောင်ဒိုင်းကာတစ်ခုက သူ၏ လက်မောင်းပေါ်မှာ ချက်ချင်း ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာ ယင်းက တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး မြန်ဆန်စွာ ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဒိုင်းကာက လူတစ်ယောက်နီးပါး ကြီးမားသွားပြီး သူ့ကို အကာအကွယ်ပေးလိုက်သည်။
“ ဘန်း ဘန်း ဘန်း ”
ဓားသွားသုံးခုက ဒိုင်းကာကို ခုတ်ပိုင်းလိုက်စဉ် ယင်းက တောက်ပသော ရွှေရောင်အလင်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ရွှေရောင်အလင်းက တစ်ခဏမျှသာ တောက်ပသွား၏။ နောက်အခိုက်အတန့်မှာ အလင်းရောင်က မှေးမှိန်သွားသည်။ ထက်ရှသော ဓားသွားသုံးခုက ရွှေရောင်အလင်းကို ဖြတ်သန်းသွားကြပြီး ဒိုင်းကာကို အကြမ်းပတမ်း ခုတ်ပိုင်းလိုက်ကြသည်။ ထိုအခါ ဒိုင်းကာပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာများ ကျန်ရစ်သွားသည်။ သို့သော်လည်း ဒိုင်းကာက အပြည့်အဝ မပြိုကွဲသွားပေ။
ထိုဒိုင်းကာသည် အဆင့်မြင့်အဆင့် ခုခံရေးဓမ္မလက်နက် ဖြစ်သည်။
" ဗာဂျရာမှော်အဆောင်၊ မီးတောက်မှော်အဆောင်၊ ရွှမ်ရေခဲမှော်အဆောင်နဲ့ ကမ္ဘာမြေဒိုင်းကာမှော်အဆောင်… ”
သက်လတ်ပိုင်းအမျိုးသား ကျင့်ကြံသူသည်လည်း ထူးခြားသည်။ သူက လက်ထဲမှ မှော်အဆောင်အားလုံးကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းက သူ့ခန္ဓာကိုယ်ပေါ်မှာ လင်းလက်သွားပြီး ရွှေရောင်အကာအကွယ်အလွှာတစ်ခု ဖွဲ့စည်းသွားသည်။ ဤအခိုက်အတန့်မှာ သူက ရွှေရောင်လူသားအဖြစ် ပြောင်းလဲသွားဟန် ရ၏။ တစ်ချိန်တည်းမှာ သူက မီးဘောလုံးများ၊ အရေအတွက်များပြားသော ရေခဲဓားသွားများနှင့် တခြားမှော်အဆောင်များကို ပစ်လွှတ်လိုက်သည်။ သူက ဘာမှထိန်ချန်မထားပေ။
ထို့ပြင် သူက ယင်းတို့ကို ပစ်လွှတ်ပြီးသည်နှင့်ချက်ချင်း သူ၏ သိုလှောင်အိတ်ထဲမှ နောက်ထပ် မှော်အဆောင်များကို လက်တစ်ဆုပ်စာ အမြန်ဖမ်းဆုပ်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာ ယင်းတို့အားလုံးက အမျိုးအစားစုံလင်သော မှော်အဆောင်များ ဖြစ်ကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ဓမ္မမန္တန်အမျိုးမျိုးက သူ့အရှေ့မှ လေထဲမှာ ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော ဓမ္မမန္တန်များနှင့် တွေ့ဆုံသွားသည့်အခါ မိစ္ဆာမြူနှင်းဓားသွားသုံးခုက ချက်ချင်း ပြိုကွဲသွားကြသည်။ တစ်ချိန်တည်းမှာ အရေအတွက်များပြားသော မှော်အဆောင်များက သီရှီထျန်ဆီသို့ အရပ်မျက်နှာအသီးသီးမှ ပျံသန်းသွားကြသည်။
ထိုသို့တိုက်ခိုက်မှုက တစ်စုံတစ်ယောက်ကို ဆံပင်မွှေးထောင်သွားစေနိုင်သည်။ ယင်းက မှော်အဆောင်များ၏ အားသာချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်က ဝိညာဉ်စွမ်းအားကို မှော်အဆောင်များထဲသို့ ထည့်သွင်းလိုက်ပြီး ယင်းတို့ကို လေထဲသို့ ပစ်လွှတ်လိုက်မည်ဆိုလျှင် ဓမ္မမန္တန်များက ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ သူတို့က အချိန်ပေးပြီး ဓမ္မမန္တန်များ ဖွဲ့စည်းနေရန် မလိုတော့ပေ။
အငယ်ဆုံးဖြစ်သော ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူဆီမှာ သူ့အရှေ့မှ နှစ်ယောက်ကဲ့သို့ စွမ်းရည်မရှိပေ။ သူက ဗာဂျရာမှော်အဆောင်တစ်ခုကို ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပသွားစဉ် သူ့လက်ထဲမှ ဓားပျံက အရှေ့သို့ ပျံသန်းထွက်သွားပြီး မိစ္ဆာမြူနှင်းဓားသွားသုံးခုကို တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူက မိစ္ဆာမြူနှင်းဓားသွားများကို မည်သို့ခုခံတားဆီးနိုင်မည်နည်း။ ထို့ပြင် သူ၏ ဓားပျံက အဆင့်နိမ့်အဆင့် ဓမ္မလက်နက်သာ ဖြစ်သည်။
“ ခရက် ”
လျှပ်တစ်ပြက်အတွင်းမှာ ဓားပျံက ကျိုးသွားသည်။ မကြာမီ မိစ္ဆာမြူနှင်းဓားသွားသုံးခုက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းနှင့် တွေ့ဆုံသွားသည်။ ဗာဂျရာမှော်အဆောင်က ခုခံရေးမှော်အဆောင်ဖြစ်သော်လည်း ယင်းက အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားသုံးခုက ရွှေရောင်အလင်းကို ဖြတ်ကျော်သွားပြီး အငယ်ဆုံးကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။ သူက အော်ဟစ်ရန် အချိန်မရဘဲ ချက်ချင်း အသက်ထွက်သွားသည်။
“ ကောင်းတယ်… မင်းတို့နှစ်ယောက်က အရည်အချင်းရှိသားပဲ… ဒီဘုရင်ရဲ့ မိစ္ဆာမြူနှင်းဓားသွားတွေကို ခုခံကာကွယ်နိုင်တယ်… ဒါပေမဲ့ မင်းတို့ရဲ့ ကံကောင်းခြင်းက ဒီမှာတင် အဆုံးသတ်ပြီ ”
သီရှီထျန်သည် သူ့ထံသို့ ပျံသန်းလာနေကြသော မှော်အဆောင်အမျိုးမျိုးကို မထူးမခြားနား ကြည့်လိုက်သည်။ ကျောက်စိမ်းအလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး သူ့အရှေ့မှာ ရပ်တန့်သွားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ကျောက်စိမ်းအလင်းက မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေကြောင်း ရှာတွေ့သွားလိမ့်မည်။
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သီရှီထျန်၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ထို့ပြင် ကုချင်းက ထိပ်တန်းအဆင့် ဓမ္မလက်နက် ဖြစ်သည်။ ယင်းက အဆင့်နိမ့်အဆင့် ဓမ္မရတနာများဖြင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ယင်း၏ စွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။
အတိတ်မှာ သီရှီထျန်သည် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အစွမ်းကြောင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ပြီး သူ့ကို ခေါင်းဖြတ်နိုင်ခဲ့သည်။
သူက နတ်ဆိုးကုချင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားစဉ် တခြားလက်တစ်ဖက်ဖြင့် ကုချင်းကြိုးကိုးချောင်းကို ဆွဲလှုပ်လိုက်သည်။ စည်းချက်မညီသော ကုချင်းအသံက ပရမ်းပတာ ပျံ့လွင့်သွားသည်။
“ တင်း… တုန်… ”
ကြောက်မက်ဖွယ်ကောင်းသော ကုချင်းအသံက ရုတ်တရက် ပေါ်လျှိုးလာသည်။ ကုချင်းအသံက သဏ္ဍာန်မဲ့အသံလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က ဒီရေသဖွယ် ပျံ့နှံ့သွားပြီး အချင်းမီတာတစ်ရာအတွင်းမှ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။
မဟူရာအသံလှိုင်းစက်ဝန်းများက အချင်းမီတာတစ်ရာအတွင်းမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ အသံလှိုင်းစက်ဝန်းများ ပျံ့နှံ့သွားသည့်နေရာတိုင်း လေဟာနယ်က ဖရိုဖရဲ ပုံပျက်တွန့်လိမ်သွားသည်။ ထိုဧရိယာအတွင်းမှာရှိသော အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ အသံလှိုင်းစက်ဝန်းများ၏ ရိုက်ခတ်မှုကြောင့် ထိုဧရိယာအတွင်းမှ နေအိမ်များက အဆက်မပြတ် တုန်ယင်သွားပြီး ပြိုကျပျက်စီးသွားကြသည်။
စက်ကရာဆီသို့ ဦးတည်လာနေသော မှော်အဆောင်များသည် အသံလှိုင်းစက်ဝန်းများဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အခါ တဖြည်းဖြည်း အားနည်းသွားကြသည်။ ယင်းတို့က သမုဒ္ဒရာထဲမှ အထီးကျန်လှေငယ်လေးတစ်စင်းသဖွယ် ပြောင်းလဲသွားဟန် ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာ မှော်အဆောင်အားလုံးက လျှို့ဝှက်ဆန်းကြယ်စွာ ဖျက်ဆီးခံလိုက်ကြရပြီး အမှုန့်ဖြစ်သွားကြသည်။
ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။
“ တင်… တုန်… တင်… တုန် ”
ကုချင်းကြိုးများက နောက်တစ်ကြိမ် လှုပ်ခါသွားကြသည်။ ဤတစ်ကြိမ်တွင် မည်သည့်အသံလှိုင်းမှ မထွက်ပေါ်လာပေ။ ယင်းအစား ကြည်လင်တောက်ပသော လခြမ်းကွေးအသံဓားနှစ်လက်က လေထဲမှာ ဖွဲ့စည်းသွားကြပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများထံသို့ လျှပ်စီးပမာ အလျင်ဖြင့် ပျံသန်းသွားကြသည်။
အခန်း(၂၂၂)
“ အား ”
သက်လတ်ပိုင်းအမျိုးသား ကျင့်ကြံသူက မှော်အဆောင်အမျိုးမျိုးကို အမြန်ထုတ်လိုက်သော်လည်း အနည်းငယ် နှေးကွေးသွားဆဲပင်။ လခြမ်းကွေးသဏ္ဍာန် အသံဓားက မှော်အဆောင်အားလုံးကို ဖြတ်တောက်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ တန်းမတ်စွာ ကျဆင်းလာသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အလယ်မှ ထက်ခြမ်းပြတ်တောက်သွားသည်။
သီရှီထျန်၏ ကျင့်ကြံခြင်းအဆင့်က သူတို့နှစ်ယောက်ထက် ပိုပြီးမြင့်မားပြီး သူ့လက်ထဲမှ သက်စောင့်မိစ္ဆာလက်နက်က ဓမ္မရတနာတစ်ခုနီးပါး အစွမ်းထက်သည်။ ထို့ပြင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ တိုက်ခိုက်မှုက အလွန်အမင်း သန်စွမ်းသည်။ သို့ဖြစ်လေရာ လခြမ်းကွေးအသံဓားကို လင်းယုန်ဒိုင်းကာက မည်သို့ခုခံကာကွယ်နိုင်မည်နည်း။ နောက်အခိုက်အတန့်မှာ အဖိုးအိုက လခြမ်းကွေးအသံဓား၏ ခုတ်ပိုင်းခံလိုက်ရသည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရ၏။ သို့သော်လည်း အမှန်မှာ ယင်းက စုစုပေါင်း ဆယ်မိနစ်ပင် မပြည့်ပေ။ အချိန်ခဏလေးအတွင်းမှာ လောကဝတ်ပြုခန်းမတစ်ခုလုံးက အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသည်။ ခန်းမထဲမှ အကြီးအကဲများသည်လည်း သီရှီထျန်၏ လက်ချက်ကြောင့် အကုန်လုံး သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
သီရှီထျန်သည် နည်းနည်းမှ ဂုဏ်ယူဝင့်ကြွားမှုကို မခံစားရပေ။ သူက အလွန်သန်မာနေခြင်းမဟုတ်ဘဲ သူ၏ ရန်သူများက အလွန်အားနည်းနေခြင်း ဖြစ်သည်။
သူက ဆန္ဒမရှိစွာ သေဆုံးသွားကြသော အလောင်းသုံးလောင်းကို ကြည့်လိုက်သည်။ သူက ခရမ်းရောင်ဘုရင်အမှတ်အသား၏ စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး ဝိညာဉ်ခြောက်ကောင်ကို ခရမ်းရောင်ရေကန်ထဲသို့ စုပ်ယူလိုက်သည်။ ထို့နောက် သူက အလောင်းခြောက်လောင်းကို သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ထည့်သွင်းလိုက်သည်။
အလုပ်ပြီးသွားပြီးနောက် သူက အနောက်လှည့်လိုက်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်သွားသည်။
စက်ကရာ ထွက်သွားကြပြီး သိပ်မကြာမီ နန်းမြို့တော်ထဲမှ ပုံရိပ်အများအပြားက ဤနေရာသို့ အရပ်မျက်နှာအသီးသီးမှ ပျံသန်းလာကြသည်။ သူတို့က လေထဲမှာ ရပ်လိုက်ကြပြီး တိုက်ပွဲမြေပြင်ကို ကြည့်လိုက်လေရာ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသော လောကဝတ်ပြုခန်းမကို မြင်တွေ့သွားကြသည်။ ထူးဆန်းသော အလင်းရောင်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မည်သူက လောကဝတ်ပြုခန်းမကို တိုက်ခိုက်သွားခဲ့ကြောင်း သူတို့စဉ်းစားလိုက်ကြသည်။
သို့သော်လည်း စက်ကရာသည် တိုက်ပွဲအစမှအဆုံးထိ ဆယ်မိနစ်ပြည့်အောင် မတိုက်ခိုက်ခဲ့ရပေ။ အဖြစ်အပျက်က မြန်ဆန်စွာ ပြီးဆုံးသွားလေရာ သူ့ပုံရိပ်ကို မည်သူမှ မမြင်လိုက်ကြချေ။ သို့ဖြစ်၍ မည်သည့်ရလဒ်မှ မထွက်ပေါ်လာပေ။ တစ်ခဏကြာပြီးနောက် သူတို့အားလုံး ပြန်သွားကြသည်။
“ ဖတ်… ဖတ်… ”
ခြေလှမ်းသံများက လမ်းထဲမှာ စည်းချက်ညီစွာ ထွက်ပေါ်နေသည်။
“ ရွှေဝူဟန်ပြောတာက ဒီတစ်လလုံး ရွှေယွဲ့စားသောက်ဆိုင်ထဲမှာ သူရှိနေမယ်… မြေပုံထဲကအတိုင်းဆို ရွှေယွဲ့စားသောက်ဆိုင်က နန်းမြို့တော်ရဲ့ အရှေ့ဘက်မှာ တည်ရှိတယ် ”
လောကဝတ်ပြုခန်းမကို ဖျက်ဆီးပြီးနောက် သီရှီထျန်သည် ရွှေယွဲ့စားသောက်ဆိုင်ဆီသို့ ဦးတည်သွားသည်။
နန်းမြို့တော်ထဲတွင် တစ်စုံတစ်ယောက်သည် မြို့တော်ထဲမှ နာမည်အကျော်ကြားဆုံး နေရာများကို စုံစမ်းမေးမြန်းချင်လျှင် လွယ်ကူစွာ အဖြေရနိုင်လိမ့်မည်။ ပထမဆုံး နာမည်အကျော်ကြားဆုံးက တော်ဝင်နန်းတော် ဖြစ်သည်။ သာမန်ပြည်သူများသည် နန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် အမြဲတမ်း စိတ်ကူးယဉ်နေကြသည်။ သို့သော်လည်း နန်းတော်ထဲ ဝင်ရောက်ခြင်းက လွယ်ကူသောအလုပ် မဟုတ်ပေ။
ဒုတိယက ကျောက်စိမ်းရေကန် ဖြစ်သည်။ ကျောက်စိမ်းရေကန်သည် ကောင်းကင်ဘုံရေကန်သဖွယ် အောက်မေ့ရသည်။ ထိုနေရာမှာ ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်များ ရှိသည်။
ကျောင်းတော်သားများနှင့် အနုပညာရှင်များသည် ကဗျာစပ်ရန်၊ စာအုပ်ရေးရန်နှင့် ပန်းချီဆွဲရန် ကျောက်စိမ်းရေကန်ဆီသို့ အမြဲတစေ သွားရောက်ကြလေ့ ရှိသည်။
တတိယက ရွှေယွဲ့စားသောက်ဆိုင်ဖြစ်သည်။
မည်သို့ကြောင့် စားသောက်ဆိုင်တစ်ဆိုင်က ထိုမျှနာမည်ကျော်ကြားရသနည်း။ ပထမအကြောင်းအရင်းမှာ ရွှေယွဲ့စားသောက်ဆိုင်သည် ဝူတိုင်းပြည်၏ အမြင့်မားဆုံး စားသောက်ဆိုင် ဖြစ်သည်။ စားသောက်ဆိုင်မှာ စုစုပေါင်း အထပ်ငါးထပ်ရှိသည်။ အမြင့်ဆုံးဖြစ်သော ငါးထပ်မှ ငုံ့ကြည့်မည်ဆိုလျှင် မြို့တော်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။
ဒုတိယအကြောင်းအရင်းမှာ စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားပုံ ဖြစ်သည်။ အထပ်တစ်ထပ်စီမှာ လူတန်းစားတစ်မျိုးသာလျှင် ဝင်ရောက်နိုင်သည်။ အထပ်များပေါ် မူတည်၍ အဆင့်အတန်းက ခြားနားသွားသည်။ ဥပမာ ပထမအထပ်တွင် သာမန်လူများသာလျှင် သောက်စားနိုင်ကြသည်။ ဒုတိယအထပ်သည် ကျောင်းတော်သားများနှင့် လူချမ်းသာများအတွက် ဖြစ်သည်။
သို့ဖြစ်၍ ရွှေယွဲ့စားသောက်ဆိုင်ထဲမှာ စားသောက်ချင်လျှင် တစ်စုံတစ်ယောက်ဆီမှာ တမူထူးခြားသော သရုပ်အဆင့်အတန်းရှိရမည်။ သာမန်လူများသည် အပေါ်ထပ်သို့ မတတ်ရောက်နိုင်ကြပေ။ ငါးထပ်မြောက်သည်တော့ အဆင့်အမြင့်ဆုံး ဖြစ်သည်။ ဝူတိုင်းပြည်၏ ရှင်ဘုရင်သည်ပင် ငါးထပ်ဆီသို့ မတတ်နိုင်ပေ။
စားသောက်ဆိုင်၏ ဝန်ဆောင်မှုသည်လည်း အထပ်များပေါ် မူတည်၍ ကွဲပြားခြားနားသွားသည်။ ဤနေရာမှ စားကောင်းသောက်ဖွယ်များကို ဝူတိုင်းပြည်၏ တခြားနေရာများမှာ မရှာဖွေနိုင်ပေ။ ထို့ပြင် စားပွဲထိုးများက ယဉ်ကျေးပျူငှာပြီး အစေခံများက ချောမောလှပကြသည်။
တစ်စုံတစ်ယောက်သည် ဤနေရာမှာ ဘုရင်တစ်ပါးကဲ့သို့ စည်းစိမ်ကို ခံစားနိုင်ပေသည်။ ဝူတိုင်းပြည်၏ ရှင်ဘုရင်သည်ပင် ပျော်ရွှင်မှုရှာဖွေရန် ရွှေယွဲ့စားသောက်ဆိုင်ဆီသို့ တစ်နှစ်တစ်ကြိမ် ရောက်လာလေ့ရှိသည်။
ထို့ကြောင့် ရွှေယွဲ့စားသောက်ဆိုင်က ဝူနန်းမြို့တော်၏ အထင်ကရနေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းက ဝူတိုင်းပြည်၏ အမှတ်သင်္ကေတတစ်ခုလည်း ဟုတ်၏။
“ ဘယ်လောက် ထည်ဝါလိုက်တဲ့ စားသောက်ဆိုင်လဲ… ရှေးခေတ်ကာလမှာ တစ်ယောက်ယောက်က ဒီလိုခမ်းနားထည်ဝါတဲ့ စားသောက်ဆိုင်ကို တည်ဆောက်နိုင်တယ်လား… အံ့ဩစရာပဲ ”
စက်ကရာသည် လောကဝတ်ပြုခန်းမကို ဖျက်ဆီးပြီးနောက် မြေပုံ၏ လမ်းညွှန်မှုအတိုင်း ရွှေယွဲ့စားသောက်ဆိုင်ဆီသို့ ရောက်လာသည်။ သူက ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်လေရာ ရွှေယွဲ့စားသောက်ဆိုင်က အထပ်ငါးထပ်ပါရှိပြီး အလွန်မြင့်မားကြောင်း မြင်တွေ့သွားသည်။ ရှေးခေတ်ကာလမှာ ထိုသို့စားသောက်ဆိုင်က အလွန်ရှားပါးသည်။
ထို့ပြင် ဤစားသောက်ဆိုင်ကို အဖိုးတန်သစ်သားဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်၏။ စားသောက်ဆိုင်သည် ရိုးရှင်းပုံပေါ်သော်လည်း ခမ်းနားထည်ဝါသည်။ ထို့ပြင် ယင်းက ရှေးခေတ်အငွေ့အသက်ကို ဖန်တီးပေးနေသည်။
မည်သူမဆို ဤစားသောက်ဆိုင်ကို အကြည့်တစ်ချက်ဖြင့် နှစ်သက်ကြလိမ့်မည်။ သူတို့က စားသောက်ဆိုင်ကို မြင်သွားသည်နှင့် ခံစားချက်ကောင်း ရရှိကြလိမ့်မည်။ ဤစားသောက်ဆိုင်၏ အဓိကအနှစ်သာရက စကားလုံးတစ်လုံးတည်း ဖြစ်သည်။ ယင်းက သက်တောင့်သက်သာရှိမှု ဖြစ်သည်။ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသော မည်သူမဆို သက်တောင့်သက်သာရှိမှုကို ခံစားကြရလိမ့်မည်။
တခြားအရာများကို ဘေးချိတ်ထားလျှင်ပင် ဤစားသောက်ဆိုင်မှပေးသော သက်တောင့်သက်သာရှိမှုကြောင့် စားသောက်ဆိုင်၏ စီးပွားရေးက မည်သည့်အခါမှ ကျရှုံးလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ သေမျိုးများသော်လည်းကောင်း မသေမျိုးကျင့်ကြံသူများသော်လည်းကောင်း သူတို့က သက်တောင့်သက်သာရှိမှုကို နှစ်သက်ကြသည်။
ထို့ကြောင့် စားသောက်ဆိုင်ထဲသို့ ဧည့်သည်တော်များ မပြတ်မလတ် ဝင်ရောက်သွားနေကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သီရှီထျန်က ရွှေယွဲစားသောက်ဆိုင်ကို ချီးကျူးလိုက်သည်။
မည်သို့ဖြစ်ပါစေ အတိတ်ဘဝမှာ သူက စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ခဲ့သည် မဟုတ်ပါလော။ သူက ခမ်းနားထည်ဝါသော စားသောက်ဆိုင်များကို မည်သို့မရောက်ဖူးဘဲ နေမည်နည်း။ ညအချိန်ဖြစ်လင့်ကစား စားသောက်ဆိုင်ထဲမှာ လူစည်ကားနေသည်။
သူက စားသောက်ဆိုင်ကြောင့် အံ့ဩသွားသော်လည်း ယင်းကို အများကြီး အလေးအနက်မထားပေ။ သူက ခြေထောက်ကို ရွေ့လျားလိုက်ပြီး စားသောက်ဆိုင်ထဲသို့ လျှောက်သွားသည်။
စားသောက်ဆိုင်ထဲသို့ သူရောက်သွားသည်နှင့်ချက်ချင်း ချောမောလှပသော အစေခံမိန်းကလေးတစ်ယောက်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ မိန်းကလေးက ကြီးမားဝိုင်းစက်သော မျက်လုံးများဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ သူက ချိုသာစွာ ပြုံးလိုက်ပြီး ဦးညွတ်လိုက်သည်။
“ ဆရာ ဘယ်အထပ်ကို ကြွမှာပါလဲ… ဘယ်လိုအစားအစာကို ဆရာမှာယူချင်ပါလဲ ”
သူ၏ လေသံထဲမှာ ရိုသေလေးစားမှု ပါဝင်သည်။ သို့ဖြစ်၍ ယင်းကို ကြားလိုက်ရသူတိုင်းက မိန်းကလေးအပေါ် ကောင်းမွန်သောအမြင် ရှိလာလိမ့်မည်။
“ ငါ ရွှေဝူဟန်နဲ့ တွေ့ချင်တယ် ”
သီရှီထျန်က လေးနက်စွာ ပြောသည်။ ရွှေဝူဟန်က သူ့ကို တွေ့ချင်လျှင် ဤနေရာသို့ အချိန်မရွေး ရောက်လာနိုင်ကြောင်း ပြောခဲ့သည်။ သူက ဤနေရာမှာ ညွှန်ကြားမှုတချို့ ပေးထားလောက်၏။ ထို့ကြောင့် သူက တဲ့တိုးပြောသည်။
“ ရှင် ”
မိန်းကလေးက ယင်းကို ကြားသောအခါ အံ့ဩသွားသည်။ သူက သီရှီထျန်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူ၏ အမူအရာက ပိုပြီးရိုသေလေးစားလာသည်။ သူက လေးနက်စွာ ပြောသည်။
“ ဒါဆို… ဒီက လူကြီးမင်းက သခင်လေး မှာကြားထားတဲ့လူ ဖြစ်မယ်… သခင်လေးက ငါးထပ်မှာ ရှိနေပါတယ်… ကျေးဇူးပြုပြီး ကျွန်မအနောက်က လိုက်ခဲ့ပေးပါ လူကြီးမင်း ”
မိန်းကလေးက စကားဆုံးသွားသည်နှင့် အပေါ်ထပ်သို့ တတ်သွားသည်။
သခင်လေးလား… ။
ထိုစကားကို ကြားသောအခါ သီရှီထျန်၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ ဤရွှေယွဲ့စားသောက်ဆိုင်က ရွှေဝူဟန်၏ ပိုင်ဆိုင်မှုဖြစ်မည်ဟု သူမမျှော်လင့်ထားပေ။ ကြည့်ရသည်မှာ ရွှေဝူဟန်၏ နောက်ခံက အတော်လေး အင်အားကြီးမားဟန် ရ၏။ သူက သေမျိုးလောကထဲမှာပင် ထိုမျှခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားနိုင်သည်။
မိန်းကလေး၏ ဦးဆောင်မှုကြောင့် သူ၏ ခရီးစဉ်က အတားအဆီးမရှိဘဲ အဆင်ပြေချောမွေ့သွားသည်။ အပေါ်ထပ်ဆီသို့ သူတတ်သွားနေစဉ် တစ်စုံတစ်ယောက်က ရွှေဝူဟန်ကို ကြိုတင်အကြောင်းသွားကြားခဲ့ဟန် ရ၏။ ငါးထပ်မြောက်သို့ သူရောက်သွားသည့်အခါ ဝတ်စုံဖြူဝတ်ဆင်ထားသော ရွှေဝူဟန်က သူ့ကို ဆီးကြိုနေသည်။ သူက ဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ရှောင်လန်က မကြာသေးခင်ကမှ ပြန်ရောက်လာခဲ့တာ… အကိုသီကိုယ်တိုင် အခုလို ရောက်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး… ဝူဟန် အသိနောက်ကျလို့ အောက်ထပ်ဆင်းပြီး ကိုယ်တိုင် လာမကြိုနိုင်တာ အကိုသီစိတ်မရှိပါနဲ့ ”
ရွှေဝူဟန်သည် အမှန်တကယ် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။
တစ်ဖက်လူက သူ့ကို ယဉ်ကျေးစွာ ပြောနေလေရာ သီရှီထျန်က မည်သို့ကြောင့် ကြမ်းတမ်းစွာ ပြန်တုံ့ပြန်နိုင်မည်နည်း။
“ ရောင်းရင်းရွှေ ဘာတွေ ပြောနေတာလဲ… ကျုပ်အတွက် အသုံးအဆောင်ပစ္စည်းတွေ ဝယ်ပေးတဲ့အတွက် ရောင်းရင်းရွှေကို ကျုပ်က ကျေးဇူးတင်ရမှာပါ… ရောင်းရင်းရွှေက ကျုပ်နဲ့ တွေ့ချင်နေတယ်ဆိုတော့ ကျုပ်ဘယ်လောက်ပဲ အလုပ်များနေပါစေ ရောက်အောင် လာရမှာပေါ့ ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောသည်။ ထို့နောက် သူက မထူးမခြားနား အမူအရာကို ဖယ်ရှားလိုက်ပြီး ရင်းနှီးဖော်ရွေသော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ ဟား ဟား… ဒီနေရာမှာ စကားဆက်မပြောရအောင်… အကိုဝူက အထဲမှာ စောင့်နေပါတယ်… အထဲမှာ စားရင်းသောက်ရင်း စကားပြောကြတာပေါ့ ”
ရွှေဝူဟန်က ဖိတ်ခေါ်သော လက်ဟန်ကို ထုတ်ဖော်လိုက်သည်။ သီရှီထျန်က မငြင်းဆန်ဘဲ ရွှေဝူဟန်နှင့်အတူ အထဲသို့ လျှောက်သွားသည်။ သီရှီထျန်ကို လမ်းပြပေးခဲ့သော မိန်းကလေးက အခန်းတံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး တံခါးဝမှာ ရပ်စောင့်နေသည်။ သူက တခြားလူများ အနှောင့်အယှက်လာမပေးရန် တံခါးဝမှာ စောင့်ကြပ်ပေးနေသည်။
အခန်းထဲသို့ သူတို့ဝင်သွားသည့်အခါ စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေသော စားပွဲဝိုင်းကို သီရှီထျန် မြင်သွားသည်။ မွှေးကြိုင်သော ဟင်းအနံ့က သူ၏ နှခေါင်းဝဆီသို့ တိုးဝင်လာသည်။ တစ်ချိန်တည်းမှာ ဝိုင်အနံ့သည်လည်း လေထဲမှာ ပျံ့လွင့်နေသည်။
သီရှီထျန်က နှာခေါင်းတရှုပ်ရှုပ်လုပ်လိုက်ပြီး ဝိုင်အနံကို ရှူသွင်းလိုက်သည်။ ယင်းက တန်ဖိုးကြီးမားသော နှစ်ချို့ဝိုင်ဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ ဝူဝူဒီက ထိုင်ခုံပေါ်မှာ ထိုင်စောင့်နေသည်။ သူတို့သုံးယောက် တွေ့ဆုံသွားသည့်အခါ ယဉ်ကျေးစွာ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ထိုင်ခုံမှာ ထိုင်လိုက်ကြသည်။
စားပွဲဝိုင်းသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရင်းနှီးသိကျွမ်းရန် အကောင်းဆုံးနေရာ ဖြစ်သည်။ သီရှီထျန်သည်လည်း ထိုအကြောင်းကို ကောင်းမွန်စွာ နားလည်ထားသည်။ ထို့ပြင် သူက ဝူဝူဒီနှင့် ရွှေဝူဟန်ထံမှ မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း စုံစမ်းသတင်းယူချင်သည်။ ထို့ကြောင့် သူက ယခင်ကဲ့သို့ အေးစက်စက်ပုံစံ မပြုမူဘဲ ရင်းနှီးဖော်ရွေစွာ ပြောသည်။ စားရင်းသောက်ရင်းဖြင့် သူတို့ကြားမှ ရင်းနှီးမှုက ဖြည်းဖြည်းချင်း လေးနက်လာသည်။
မကြာမီ မိနစ်သုံးဆယ် ကုန်ဆုံးသွားသည်။
စက်ကရာသည် သူ့လက်ထဲမှ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ဝိုင်ခွက်ကို စားပွဲခုံပေါ်သို့ ပြန်ချလိုက်သည်။ သူက ဝူဝူဒီနှင့် ရွှေဝူဟန်ကို ကြည့်လိုက်ပြီး ပြောသည်။
“ အကိုရွှေ၊ အကိုဝူ… ခင်ဗျားတို့ ကျုပ်ကို ဘာကြောင့် ဖိတ်ကြားခဲ့တာလဲ ကျုပ်သိချင်တယ်… ကုချင်းဘုံမှာကတည်းက ခင်ဗျားတို့နှစ်ယောက်အပေါ် ကျုပ်အမြင်ကောင်းရှိခဲ့တယ်… ဒါကြောင့် ခင်ဗျားတို့မှာ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ ”
ရွှေဝူဟန်သည် သူ့အတွက် အသုံးအဆောင်ပစ္စည်းများ ပေးပို့ခဲ့ပြီး သူ၏ ကောင်းမွန်သောဆန္ဒကို ဖော်ပြခဲ့သည်။ ထို့ပြင် သူ့ကို ရွှေယွဲ့စားသောက်ဆိုင်ဆီသို့ ရောက်လာရန် ဖိတ်ကြားခဲ့သည်။ သီရှီထျန်က ဉာဏ်ကောင်းသူဖြစ်လေရာ ထိုသို့အပြုအမူများ၏ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိကြောင်း သူသိသည်။ ယခု သူတို့ကြားမှ ရင်းနှီးမှုက ဖြည်းဖြည်းချင်း နက်ရှိုင်းလာလေရာ သီရှီထျန်က ပွင့်ပွင့်လင်းလင်း မေးသည်။
သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှေဝူဟန်နှင့် ဝူဝူဒီက သူတို့၏ ဝိုင်ခွက်များကို အောက်သို့ တစ်ပြိုင်နက် ပြန်ချလိုက်ကြသည်။