အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃)
ခင်ဗျား ပေးတာ အရမ်း နည်းလွန်းနေတယ်
ဇိမ်ခံဗီလာအိမ်ကြီးအတွင်း ထိုက်ပေါင်သည် စာကြည့်ခန်းထဲတွင် မှုန်ကုပ်နေသော မျက်နှာထားဖြင့် ထိုင်နေလေသည်။
တစ်စုံတစ်ယောက်က တံခါးခေါက်၍ ဝင်လာပြီး ရိုသေစွာဖြင့် ပြောလိုက်လေသည်၊
"သူဌေး...၊ ရှောင်ဆိုတဲ့လူကို ကျွန်တော်တို့ ဆက်သွယ်ပြီးပါပြီ…။ သူက လျန်ဆိုတဲ့လူဆီကို သတင်း စကား ပါးလိုက်မယ်လို့ ပြောပါတယ်…။ တခြား ဘာများ လိုအပ်ပါသေးလဲခင်ဗျာ...။"
ထိုက်ပေါင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်လေသည်။
"အဲ့ဒီ ခြောက်ယောက်ကို ပြောလိုက်…၊ သူ လာတာနဲ့ ပြန်ထွက်မသွားစေနဲ့လို့...။ အမှားဆိုတာ တစ်ခါပဲ ဖြစ်ခွင့်ရှိတယ် နှစ်ခါ မရဘူး...။"
ထိုလူက အမိန့်ကို နာခံကာ ထွက်ခွာသွားခဲ့လေသည်။ မကြာမီမှာပင် အခြားတစ်ယောက်က တံခါး ခေါက်၍ ဝင်လာပြန်လေသည်။
"အဖေ...၊ အဲ့ဒီလူက တကယ် လာပါ့မလား…၊ သူ့အတွက် စိတ်ပူနေတယ်...။"
ဝင်လာသူမှာ ထိုက်ပေါင်၏ သားအကြီးဆုံးနှင့် ထိုက်ကျောက်၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ထိုက်ခန် ဖြစ်လေသည်။
ထိုက်ပေါင်က သူ၏ သားအကြီးဆုံး စကားကို ဖြတ်ပြောလိုက်ပြီး ဗျူဟာမြောက် ထက်မြက်လှစွာဖြင့် ပြောလိုက်လေသည်။
"သူ့လူတစ်ယောက်ကို ကိုယ်လက်အင်္ဂါ ချို့တဲ့သွားအောင် လုပ်လိုက်တာက သူ့ကို နည်းနည်းလေး ခြောက်လှန့်လိုက်ရုံပဲ...။"
"သူသာ စီးပွားရေးသမား တစ်ယောက်ဆိုရင် ဘာလုပ်သင့်တယ်ဆိုတာ သိမှာမို့ သေချာပေါက် လာလိမ့် မယ်...။"
"ပြီးတော့ ငါက ဒီနေရာမှာ သူ့အတွက် ထောင်ချောက်ဆင်ထားမယ်လို့ သူ ဘယ်တော့မှ ထင်ထားမှာ မဟုတ်ဘူး...။"
"ဘာလို့လဲဆိုတော့…၊ သူ့နောက်ခံက ဘာပဲဖြစ်နေပါစေ အိတ်ချ်မြို့တော်က ငါတို့ရဲ့ တိထူလုံအုပ်စုကို ပြဿနာ လာရှာရဲတဲ့ ဘယ်သူမဆို ဇာတ်သိမ်း မလှဘူးဆိုတာကို လူတိုင်း သိစေချင်လို့ပဲ...။"
ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ထိုက်ခန်က ဘာမျှဆက်မပြောတော့ဘဲ ခေါင်းညိတ်ကာ ထွက်ခွာသွားလေတော့သည်။ သို့သော် ဗီလာအိမ်ကြီးထဲမှ ထွက်ထွက်ချင်းပင် သူသည် ချက်ချင်း ဖုန်းခေါ်ဆိုလိုက်လေသည်။
"ဟေး... ဒီညအတွက် လေယာဉ်တစ်စင်း စီစဉ်ထားလိုက်…။ ငါ ဒီနေရာကနေ ချက်ချင်း ထွက်သွားဖို့ လိုတယ်...။"
ဖုန်း၏ အခြားတစ်ဖက်မှ လူမှာ ထိုက်ခန်၏ လက်ထောက်ဖြစ်ပြီး အံ့သြတကြီးဖြင့် ရေရွတ်လိုက် လေသည်။
"အာ..."
"သခင်လေး... သူဌေးကြီးက ထွက်လာပြီ မဟုတ်ဘူးလား ဘာလို့ ထပ်ပြီး ထွက်သွားရဦးမှာလဲ...။"
အဘိုးကြီးရှေ့တွင် ခေါင်းငုံ့ခံတတ်သော ပုံစံနှင့် လုံးဝမတူညီတော့ဘဲ ထိုက်ခန်၏ မျက်လုံးများမှာ နက်ရှိုင်းသွားကာ တိုးတိုးလေး ပြောလိုက်လေသည်။
"အရင်ကဆိုရင်တော့ အဘိုးကြီးက အရာအားလုံးကို တကယ် ဖြေရှင်းနိုင်မှာပါ...။"
"ဒါပေမဲ့… ဒီတစ်ကြိမ်မှာတော့ စောစောက ငါ မေးခဲ့တဲ့ မေးခွန်းတွေအရ သူ အလောင်းအစား လုပ်နေ တယ်ဆိုတာ ငါ သိလိုက်တယ်…။ ဒါက သူ့မှာ ဉာဏ်ကုန်သွားပြီဆိုတဲ့ သဘောပဲ...။"
"ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ခြေလှမ်းတစ်လှမ်း အရင်စလှမ်းထားတာက အမြဲတမ်း ကောင်းပါတယ်…။ တော်ပြီ...၊ အမြန်ဆုံးသာ စီစဉ်လိုက်တော့...။"
ထိုသို့ဖြင့် ထိုက်ခန်သည် ဖခင်အိုကြီးကို စွန့်ပစ်ကာ ညတွင်းချင်းပင် ထွက်ပြေးသွားလေတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုက်ပေါင်သည် စာကြည့်ခန်းထဲတွင် စောင့်ပြီးရင်း စောင့်နေခဲ့သော် လည်း လျန်ထျန်းမှာ ပေါ်မလာခဲ့ပေ။ ထိုနေ့ညနေမှာပင် သူ၏ ဒုတိယသား ထိုက်ကျောက်မှာ နောက်တစ် နေ့တွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိလိုက်ရလေသည်။
တစ်စုံတစ်ယောက်က ထိုက်ကျောက်ကို အမြန်ဆုံး ပြစ်ဒဏ်ကျခံရစေရန် တရားစွဲဆိုထားခြင်း ဖြစ်လေ သည်။ လျန်ထျန်းသည် နာမည်ကြီး ရှေ့နေတစ်ဦးနှင့်အတူ တရားခွင်သို့ ရောက်ရှိလာခဲ့လေသည်။
ရှေ့နေဖြစ်သူက ထိုက်ကျောက်သည် ဤနှစ်များတစ်လျှောက်လုံး ဥပဒေကို ချိုးဖောက်ပြီး ညဉ့်နက်မှ အိပ်စက်တတ်သူဖြစ်ရာ သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ မည်သို့ရှိနိုင်မည်နည်းဟု ထောက်ပြခဲ့ လေသည်။
ဤမျှ သေချာတိကျပြီး အသေးစိတ်ကျလှသော လုပ်ရပ်မျိုးကို သာမန်လူတစ်ယောက်ပင် လုပ်ဆောင် ရန် ခက်ခဲလှပေသည်။ ထို့အပြင် ယခင်က လူသေဆုံးခဲ့ရသော သူ၏ ကားတိုက်မှုကိစ္စကိုပါ ထည့်သွင်း စဉ်းစားပြီး ထိုက်ကျောက်ကို သေဒဏ်ပေးရန် ဦးတိုက် လျှောက်ထားခဲ့လေသည်။
ထိုက်မိသားစုကလည်း ရှေ့နေတစ်ဦး ငှားရမ်းထားသော်လည်း လျန်ထျန်း ငှားရမ်းထားသော ရှေ့နေ လောက် အရည်အချင်း မရှိပေ။ သူတို့၏ ခုခံချေပချက်များကို တင်ပြပြီးတိုင်း စကားမဆုံးမီမှာပင် ဖြတ်တောက်ကာ ပယ်ချခံခဲ့ရလေသည်။
တဖြည်းဖြည်းနှင့် ထိုက်ကျောက်သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။ သူသည် ချွေးများ ရေစက်များအလား စီးကျနေပြီး ဂျူရီလူကြီးများနှင့် ဖခင်ဖြစ်သူ ရှိနေသော နေရာဆီ သို့သာ အဆက်မပြတ် လှမ်းကြည့်နေလေတော့သည်။
သားဖြစ်သူ၏ စိုးရိမ်တကြီး ကြည့်နေသောအကြည့်များကို ခံစားမိသောအခါ ထိုက်ပေါင်သည် အပြင် ပန်းတွင် တည်ငြိမ်အေးဆေးဟန် ပြနေသော်လည်း အတွင်းစိတ်ထဲတွင်မူ ထိတ်လန့် တုန်လှုပ်နေခဲ့ လေသည်။
တရားရုံး ခေတ္တရပ်နားချိန်သို့ ခက်ခက်ခဲခဲ ရောက်ရှိသွားပြီးနောက် ထိုက်ပေါင်သည် ချက်ချင်းပင် အစီ အစဉ်တစ်ခု စဉ်းစားကာ လျန်ထျန်း ငှားရမ်းထားသော ရှေ့နေထံသို့ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ လေတော့သည်။
ထိုက်ပေါင်က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေသည်။
"ရှေ့နေဝုမ် ဟုတ်တယ်မလား…။ ခင်ဗျား ကိုင်တွယ်တဲ့ အမှုတွေမှာ အောင်မြင်မှုနှုန်းက ကိုးဆယ်ရာခိုင် နှုန်း ရှိတယ်လို့ ကြားမိပါတယ်…။ တကယ်ကို အထင်ကြီးစရာပါပဲ...။"
"ဒါပေမဲ့…၊ ငါတို့ တိထူလုံအုပ်စုကို ပြဿနာရှာရင် ဘာဖြစ်သွားမလဲဆိုတာ ခင်ဗျား သိရဲ့လား...။"
ဩဇာကြီးမားသော ထိုက်ပေါင်ကို ရင်ဆိုင်ရချိန်တွင် ရှေ့နေဝုမ်က သူ၏ နက်ခ်တိုင်ကို ဆွဲဆန့်လိုက်ပြီး ယုံကြည်မှုရှိကာ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြန်လည်ချေပလိုက်လေသည်။
"မစ္စတာထိုက်…၊ ခင်ဗျားပြောခဲ့တဲ့ စကားလုံးတိုင်းကို ကျွန်တော် မှတ်တမ်းတင်ထားပြီး ကျွန်တော့် ရှေ့နေကုမ္ပဏီရဲ့ ကွန်ရက်ပေါ်ကို တင်လိုက်ပါပြီ...။"
"ကျွန်တော်က ခင်ဗျားကို ပြဿနာဖန်တီးမှု ပြစ်မှုနဲ့ တရားစွဲနိုင်တယ်ဆိုတာ ယုံလား...။"
"အုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၂၉၃) အရ တခြားသူတွေကို ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် အကြောက်အလန့် ဖြစ်စေတာမျိုးတွေ လုပ်ရင် အခြေအနေ ဆိုးရွားပါက ထောင်ဒဏ် ငါးနှစ်ထက်မပိုတဲ့ ပြစ်ဒဏ်ဖြစ်စေ၊ ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းခံရတာဖြစ်စေ၊ လူထုစောင့်ကြည့်ရေး ပြစ်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါ တယ်...။"
ထိုသို့ ပြန်လည် ချေပခံရပြီးနောက် ထိုက်ပေါင်၏ မာနများမှာ ချက်ချင်းပင် ထက်ဝက်ကျော်ခန့် ကျဆင်း သွားလေတော့သည်။ သို့သော် ဤအခြေအနေကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်၍ သူ့တွင် အခြား နည်းလမ်းများ ရှိနေပေသေးသည်။
သူက လက်ယပ်ခေါ်လိုက်ရာ ဘေးတွင် ရပ်နေသူတစ်ဦးက အလျင်အမြန် ရောက်လာပြီး စကားဝှက် လော့ခ်ပါသော သေတ္တာတစ်လုံးကို စားပွဲပေါ် တင်လိုက်ကာ ရှေ့နေဝုမ်ဘက်သို့ ဖွင့်ပြလိုက်လေသည်။ သေတ္တာထဲတွင် တောက်ပနေသော အနီရောင် ယွမ်တစ်ရာတန် တစ်ရွက် ရှိနေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ထိုက်ပေါင်၏ ယုံကြည်မှုအပြည့်ရှိသော စကားသံက ထွက်ပေါ်လာခဲ့လေသည်။
"ဒီမှာ ယွမ်တစ်ရာ ရှိတယ်…။ မင်းသာ ငါ့ကို ကူညီနိုင်ရင် ဒါတွေအကုန်လုံး မင်းအတွက်ပဲ...။"
ကမ္ဘာ့ကုန်ဈေးနှုန်းများမှာ တစ်သန်းဆ ကျဆင်းသွားခဲ့သည်ကို သတိရပါ။ ယခုအချိန်က ငွေသား ယွမ်တစ်ရာသည် ယခင်က ဒေါ်လာ သန်းတစ်ရာနှင့် ညီမျှပေသည်။
ရှေ့နေတစ်ယောက်ကို ဤမျှများပြားသော ငွေကြေးဖြင့် လာဘ်ထိုးကာ အမှုရှုံးစေရန် ပြုလုပ်ခြင်းမှာ အလွန်လွယ်ကူလွန်းသည်ဟု ထင်ရပေသည်။
ထိုက်ပေါင်သည် ယခင်က ဤကဲ့သို့သော ကိစ္စမျိုးကို အကြိမ်များစွာ လုပ်ခဲ့ဖူးပြီး၊ ထိုအချိန်က ဤမျှ ငွေအများကြီး မကုန်ကျခဲ့ပေ။ အများစုမှာ ဒေါ်လာအနည်းငယ် သို့မဟုတ် ဒေါ်လာတစ်ဒါဇင်ခန့်သာ ကုန်ကျလေ့ရှိပေသည်။ ဤသည်ကပင် သူ၏ ယုံကြည်မှုအတွက် အရင်းအမြစ် ဖြစ်လေသည်။
သို့သော် ယွမ်တစ်ရာတန်ကို ကြည့်ပြီးနောက် ရှေ့နေဝုမ်က လှောင်ပြောင်သည့် အပြုံးတစ်ခုကို ပြုံးလိုက်လေတော့သည်။
"တောင်းပန်ပါတယ် မစ္စတာထိုက်…၊ ခင်ဗျား အထင်လွဲနေပြီလို့ ထင်ပါတယ်…။ ရှေ့နေတစ်ယောက် အနေနဲ့ ကျွန်တော့်မှာ ကိုယ်ပိုင် မူဝါဒတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်…၊ ပြီးတော့...။"
စကားကို ခေတ္တရပ်လိုက်ပြီးနောက် ရှေ့နေဝုမ်၏ အပြုံးမှာ ပို၍ပင် လှောင်ပြောင်သည့်ဟန် ပေါက်သွား ခဲ့လေသည်။
"ခင်ဗျား ပေးတာ အရမ်းကို နည်းလွန်းနေတယ်…။ မစ္စတာလျန်က ကျွန်တော့်ကို ယွမ်တစ်ထောင် အပြည့်ပေးပြီး ကျွန်တော့်ရဲ့ ရှေ့နေကုမ္ပဏီကို အပြီးအပိုင် ဝယ်လိုက်ပြီ...။"
"ဒါကြောင့်…၊ အခု မစ္စတာလျန်က ကျွန်တော့်ရဲ့ သူဌေး ဖြစ်နေပြီလေ…။ ကျွန်တော့်သူဌေးကို ကျွန်တော် က ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာတဲ့လဲ...။"
ဤစကားကို ကြားသောအခါ ထိုက်ပေါင်မှာ အကြီးအကျယ် တုန်လှုပ်သွားရလေတော့သည်။
"ဘာ... သူက ခင်ဗျားရဲ့ ကုမ္ပဏီကို ငွေသား ယွမ်တစ်ထောင်နဲ့ ဝယ်လိုက်တယ် ဟုတ်လား…။ ဒီအမှုလေး တစ်ခုတည်းအတွက်နဲ့လေ...။"
ရှေ့နေဝုမ်က ခေါင်းညိတ်ပြလိုက်လေသည်။
"တကယ့် အမှန်ပါပဲ…။ ပြီးတော့ မစ္စတာလျန်က ဒါဟာ သူ့အတွက် တစ်ပတ်ရဲ့ တစ်ဝက်စာ ဝင်ငွေ လောက်ပဲ ရှိတာလို့တောင် ပြောခဲ့ပါသေးတယ်…။ ကျွတ်... ကျွတ်...။ မစ္စတာလျန်နဲ့ အတူအလုပ်လုပ် ရတာ တကယ်ကို ဂုဏ်ယူစရာပဲ...။"
ထိုသို့ပြောပြီးနောက် ရှေ့နေဝုမ်က ထွက်ခွာသွားခဲ့ရာ ထိုက်ပေါင်မှာ မှင်တက်လျက် ထိုင်ကျန်ရစ်ခဲ့လေ တော့သည်။
တိထူလုံအုပ်စု၏ ဈေးကွက်တန်ဖိုးမှာ ယွမ် ခုနစ်သောင်းမှ ရှစ်သောင်းအထိ ရှိသော်လည်း မကြာသေးမီ နှစ်များအတွင်း လုပ်ငန်းများ ကျဆင်းနေခဲ့ပြီး စုံစမ်းစစ်ဆေးရန်အတွက် လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်း နှင့် ကုမ္ပဏီဘဏ်စာရင်းများ ထိန်းသိမ်းခံရခြင်းတို့ကြောင့် ဖြစ်သည်။ ယခုအခါ ထိုက်ပေါင် လက်ဝယ်၌ အသုံးပြုနိုင်သော ငွေကြေးမှာ ယွမ်အနည်းငယ်မျှသာ ရှိတော့ပေသည်။
လျန်ထျန်းသည် ဤအမှုကို အနိုင်ရရန်အတွက်သာ ရှေ့နေကုမ္ပဏီတစ်ခုကို ဝယ်ယူရန် ယွမ်တစ်ထောင် သုံးစွဲခဲ့ကြောင်း ကြားသိရသောအခါ ထိုက်ပေါင်မှာ ယခင်က ဤမျှလောက် အင်အားမဲ့ခြင်းမျိုး တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ ထို့အပြင် လျန်ထျန်း ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများမှာလည်း မကြာသေးမီက စတင်၍ ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
၎င်းတို့သည် အိတ်ချ်မြို့တော်ရှိ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုနေပြီး ဤဖြစ်ရပ်မှတစ်ဆင့် တိထူလုံအုပ်စုကို အိတ်ချ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တိုက်ရိုက် ထုတ်ပယ်ရန် မဲပေး ဆုံးဖြတ်ခဲ့ကြလေသည်။
စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အကာအကွယ် မရှိတော့သဖြင့် အိတ်ချ်မြို့တော်ရှိ ဆက်စပ် ကုမ္ပဏီများ အားလုံးသည် တိထူလုံအုပ်စု၏ စီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်း ဝါးမြိုရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလာခဲ့ကြလေသည်။
ဤမျှ ကြီးမားလှသော "အဆီတဝင်းဝင်း" အသားတုံးကြီးမှာ ၎င်းကို စောင့်ရှောက်နေသော သားရဲကြီး အားနည်းသွားချိန်တွင် နောက်ဆုံး၌ ဝံပုလွေအုပ်၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံရမည်သာ ဖြစ်ချေ သည်။
တစ်ချိန်က သားရဲဘုရင် ဖြစ်ခဲ့လျှင်တောင်မှ နောက်ဆုံးတွင် ဝံပုလွေအုပ်၏ ဝါးမြိုခြင်းကို ခံရမည်သာ ဖြစ်ပေသည်။ ထို့ထက်ပိုသည်မှာ ထိုဝံပုလွေများသည် လက်ရှိတွင် ဆာလောင်မွတ်သိပ်နေကြခြင်း ဖြစ် ပေသည်။ ဤသည်မှာ မည်သူမျှ တားဆီး၍ မရနိုင်သောရေစီးကြောင်းတစ်ခုပင် ဖြစ်လေသည်။
တရားခွင် ပြန်လည်စတင်သောအခါ တရားသူကြီးက ထိုက်ကျောက်ကို သေဒဏ်ချမှတ်ကြောင်း တရားဝင် ကြေညာလိုက်လေတော့သည်။
တစ်ချိန်က မောက်မာကာ အနိုင်ကျင့်တတ်သော ဒေသခံ အင်အားကြီးအဖွဲ့အစည်း၏ ဒုတိယသားလေး မှာ ကြောက်လန့်လွန်း၍ သေးပါ ထွက်ကျသွားတော့သည်။ သူ့ကို ခေါ်ဆောင်သွားချိန်တွင် သူသည် သေရမည်ကို အလွန် ကြောက်ရွံ့နေသဖြင့် အခင်းဖြစ်ပွားရာ နေရာမှာပင် အမှန်တရားအားလုံးကို ဝန်ခံ လိုက်လေတော့သည်။
ကြားနာရေးအဖွဲ့ရှေ့တွင် ထိုက်ပေါင်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့လေသည်။ မကြာမီမှာပင် ထိုက်ပေါင်လည်း အဖမ်းခံလိုက်ရလေတော့သည်။
၎င်းတို့၏ လျှို့ဝှက်သိုင်းပညာရှင် ခြောက်ဦးသည် သူ့ကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အထူးရဲ တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရလေသည်။
ဤသည်နှင့်အတူ တိထူလုံအုပ်စုမှာလည်း လုံးဝ ပြိုကွဲပျက်စီးသွားခဲ့လေပြီ။
ဆေးရုံတွင်မူ လျန်ထျန်းသည် ကျန်းချောင်၏ ကုတင်ဘေးတွင် ထိုင်နေခဲ့သည်။ ကျန်းချောင်၏ ခြေလက် များတွင် ပတ်တီးများ စည်းနှောင်ထားသည်ကို မြင်ရတိုင်း လျန်ထျန်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာရလေသည်။ သို့သော် ကျန်းချောင်က သူ့ကို ပြုံးပြလိုက်လေသည်။
"ရပါတယ်…၊ ငါ မသေသေးပါဘူး...။ ဒါပေမဲ့ မင်း တကယ်ပဲ ဒေသခံ အင်အားကြီးအဖွဲ့ကို ဖြိုချနိုင်ခဲ့ တယ်…။ ကျေးဇူးတင်ပါတယ်...။"
လျန်ထျန်းက အံကြိတ်ကာ ခေါင်းခါလိုက်လေသည်။
"ဒါက မင်းကို ငါ ကျွေးဆပ်ရမယ့် အကြွေးပါ…။ စိတ်မပူပါနဲ့ မင်းကို ပြန်ကောင်းလာအောင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာဝန်တွေကို ငါ ရှာပေးမှာပါ...။"
သူ့ဘေးတွင်မူ ရွှယ်ဝမ်ကျင်းက ပန်းစည်းလေးတစ်စည်းကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာပြီး ကျန်းချောင် ၏ ဆေးရုံကုတင်ဘေးရှိ စားပွဲခုံပေါ်သို့ တင်လိုက်ကာ သူမ၏ ကလေးဆန်သော အသံလေးဖြင့် ပြောလိုက်လေသည်၊
"ဦးဦး...။ သမီးရဲ့ အစ်ကိုက ဦးဦးကို သေချာပေါက် ပြန်ကောင်းလာအောင် ကုပေးမှာပါ…။ သူက ဘယ်သူ့ကိုမှ လိမ်မပြောတတ်ဘူး...။"
အခန်း (၁၁၄)
မိန်းမကိစ္စ
တိထူလုံအုပ်စု ပြဿနာကို အပြီးအပိုင် ဖြေရှင်းပြီးနောက် လျန်ထျန်းသည် သူ၏ဖခင်နှင့် ရှောင်ကျင်း တို့အား ခေါ်ဆောင်ကာ အယ်လ်မြို့တော်သို့ ပြန်ရန် ပြင်ဆင်နေခဲ့လေသည်။
ရှောင်ကျင်းသည် လျန်ထျန်းကို အပြည့်အဝ ယုံကြည်သွားပြီဖြစ်ပြီး သူမ၏ မိဘများနှင့်အတူ နေထိုင်ခဲ့ သော အိမ်လေးတွင် ဆက်လက်နေထိုင်ရန် တောင်းဆိုခြင်း မရှိတော့ပေ။
အယ်လ်မြို့တော်သို့ ပြန်ရောက်သောအခါ သူမအတွက် အိမ်အသစ်စက်စက် တစ်လုံး ရှိနေမည် ဖြစ် သည်။ လျန်ထျန်းက သူ၏မိခင်သည်လည်း ဤကောင်မလေးကို သနားကြင်နာပြီး သမီးအရင်းတစ် ယောက်လို ချစ်ခင်ပေးမည်ဟု ယုံကြည်ထားလေသည်။
လွန်ခဲ့သော တစ်လတာ ကာလကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် အိတ်ချ်မြို့တော်ရှိ ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံပြီး ဒေသခံ အင်အားကြီးအဖွဲ့အစည်းကို ဖြိုချနိုင်ခဲ့ပြီးနောက် ဒေသခံ အိမ်ခြံမြေလုပ်ငန်း တွင် လစ်လပ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့လေသည်။
လျန်ထျန်းသည် ဤအခြေအနေကို ကြိုတင် မြင်ယောင်ထားပြီး ဖြစ်ရာ ကျင်းတ အိမ်ခြံမြေလုပ်ငန်းမှ လုချွမ်းရှုံကို ကြိုတင် ပြင်ဆင်ထားစေခဲ့လေသည်။ သို့မှသာ တိထူလုံအုပ်စု ပြိုလဲသွားသည်နှင့် ကျင်းတ အိမ်ခြံမြေလုပ်ငန်းသည် ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ခြေကုပ်ယူနိုင်မည် ဖြစ်ပေသည်။
လျန်ထျန်း ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုဖြင့် အရာအားလုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားခဲ့လေသည်။
ဟယ်ရှန့် ကုမ္ပဏီ၏ လုပ်ငန်းများကို အိတ်ချ်မြို့တော်သို့ တိုးချဲ့ရာတွင်လည်း များစွာ ပိုမို ချောမွေ့သွားခဲ့ ပြီး ပြဿနာ အများအပြားကို ရှောင်ရှားနိုင်ခဲ့လေသည်။
လျန်ထျန်း၏ စီးပွားရေးအင်ပါယာသည် အယ်လ်မြို့တော်နှင့် အိတ်ချ်မြို့တော်ဟူသော နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့နှစ်မြို့ကို လွှမ်းခြုံထားနိုင်ပြီဟု ဆိုနိုင်ပေသည်။
အဝါရောင် ဝတ်စုံကို ဝတ်ဆင်ကာ နေ့စဉ် လျှပ်စစ်စကူတာ စီးပြီး အစားအသောက် လိုက်ပို့နေသူ တစ်ဦးသည် အမှန်တကယ်တော့ ကုမ္ပဏီပေါင်းများစွာ၏ နောက်ကွယ်မှ ရှယ်ယာရှင် တစ်ဦး ဖြစ်နေ မည်ဟု မည်သူက ထင်မှတ်ထားမိပါမည်နည်း။
သို့သော်လည်း ဤမျှများပြားသော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် ယခုအခါ လျန်ထျန်းသည် အယ်လ်မြို့တော်သို့ ပြန်သွားပြီး အေးချမ်းသော ဘဝကိုသာ ဖြတ်သန်းလိုတော့သည်။ အစားအသောက် လိုက်ပို့ခြင်းနှင့် နေ့စဉ် မိသားစုနှင့် အချိန်ဖြုန်းခြင်းကသာ အကြီးမားဆုံးသော ပျော်ရွှင်မှု ဖြစ်လေသည်။
သို့သော် သူသည် ငွေရှာရန် ကြိုးစားအားထုတ်မှု၊ စီးပွားရေးလုပ်ငန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံမှုနှင့် ဩဇာလွှမ်းမိုးမှု ပိုမို ရယူရေးတို့ကိုလည်း မမေ့လျော့ခဲ့ပေ။ ထိုသို့ပြုလုပ်မှသာ ကျန်းချောင်ကို ကုသပေး နိုင်မည့် နာမည်ကြီး ဆရာဝန်တစ်ဦးကို ရှာဖွေနိုင်မည်ဖြစ်ပြီး ဤကဲ့သို့သော အဖြစ်ဆိုးများ ထပ်မံ မပေါ် ပေါက်စေရန် သူ၏ ပတ်ဝန်းကျင်ရှိ လူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။
အယ်လ်မြို့တော်သို့ ပြန်ရောက်ပါက မိသားစုအတွက် အထူးလေ့ကျင့်ထားသော ကိုယ်ရံတော် ဆယ်ဦး ခန့် စီစဉ်ပေးရန် လျန်ထျန်းက စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
မထွက်ခွာမီ လျန်ထျန်းသည် အခြားလူတစ်ဦးနှင့် တွေ့ဆုံခဲ့လေသည်။ လျူရိုယွီက သူ့ထံသို့ ရောက်လာ ခဲ့ခြင်း ဖြစ်လေသည်။ ဤလှပချောမောသော မိန်းကလေးသည် လျန်ထျန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ စဉ်က ဘီကီနီ ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှကို ဖော်ပြနေခဲ့သည်။
ယခုအခါ သူမသည် ပိုမို ရိုးရာဆန်ကာ လုံလုံခြုံခြုံ ဝတ်ဆင်ထားသော်လည်း သူမ၏ လှပသော ခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိသော အငွေ့အသက်ကိုကား ဖုံးကွယ်ထား၍ မရနိုင်သေးပေ။
ထိုက်ကျောက်က သူမကို ရရှိရန်အတွက် ဤမျှအထိ ကြိုးပမ်းခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ဤမျှ လှပလွန်းသော မိန်းမချောလေးသည် ယခုအခါ လျန်ထျန်းနှင့် မျက်နှာချင်းဆိုင် ရပ်နေချိန်တွင် ပထမဆုံးအကြိမ် အချစ်ကို ခံစားနေရသော ကောင်မလေး တစ်ယောက်အလား ပါးပြင်လေးများရဲ တက်ကာ ရှက်သွေးဖြာနေခဲ့လေသည်။
" ကျေးဇူးအများကြီးတင်ပါတယ်...။ ကျွန်မတို့ မိသားစု ပြန်လည် ဆုံစည်းခွင့် ရသွားပြီ အိမ်လည်း ဘေးကင်းသွားပါပြီ…။ ဒေသခံ ဂိုဏ်းက လက်စားချေမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး...။"
လျန်ထျန်းက ပြုံးလိုက်လေသည်၊
"ရပါတယ်…။ တိထူလုံအုပ်စု သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရလိမ့်မယ်လို့ အစကတည်းက ပြောခဲ့သားပဲ...။ ငါ ဒီလို မလုပ်ခဲ့ဘူးဆိုရင်တောင် တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် တစ်ယောက်ယောက် က သူတို့ကို အပြစ်ပေးမှာပါပဲ...။"
လျူရိုယွီက အလျင်အမြန် ခေါင်းခါလိုက်လေသည်၊
"ရှင်သာ တစ်ရက်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် ကျွန်မတို့ မိသားစု ဘာတွေ ဆက်ဖြစ်သွား မလဲဆိုတာ တွေးတောင် မတွေးရဲပါဘူး။ ပြီးတော့ နောက်ထပ် လူအများကြီးလည်း ဖိနှိပ်ခံရဦးမှာပဲ...။"
"ဒါကြောင့်… ရှင် ပေါ်လာတာက ကျွန်မတို့အားလုံးကို တကယ် ကယ်တင်လိုက်တာပါပဲ…။ ရှင်က ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပါ…။ ကျွန်မတို့အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ်...။"
လျန်ထျန်းမှာ အနည်းငယ် ရှက်သွားပြီး ခေါင်းကို ကုတ်လိုက်လေသည်။
"တကယ်လား...။ မင်း အခုလို ပြောမှပဲ ငါလုပ်ခဲ့တဲ့ အရာတွေက တော်တော်လေး အဓိပ္ပာယ် ရှိသွား တယ်လို့ ခံစားရတယ်…။ ဟားဟား...။"
ယဉ်ကျေးဖွယ်ရာ စကားများ ပြောဆိုပြီးနောက် လျူရိုယွီသည် သတ္တိမွေးကာ ချယ်ရီသီးလေးနှင့် တူ သော နှုတ်ခမ်းလေးကို ဖြည်းညင်းစွာ ဟ၍ ပြောလိုက်လေသည်၊
"ကျွန်မ... ရှင့်ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ တကယ် စဉ်းစားလို့ မရပါဘူး...။ ဒါကြောင့် ရှင့်အတွက် ကျွန်မ လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိမလားလို့ မေးချင်တာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ခေတ္တမျှ လေးနက်စွာ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
"အော်...၊ ဟုတ်သားပဲ တခြားကိစ္စ တစ်ခု ရှိသေးတယ်...။"
လျူရိုယွီ၏ မျက်နှာမှာ ပို၍ပင် ရဲတက်သွားသော်လည်း မည်သည့်နေရာမှ သတ္တိတွေ ရလာသည် မသိဘဲ ပိုမို အလျင်စလိုဖြင့် ပြောလိုက်လေသည်။
"ဘာကိစ္စလဲ ပြောပါ…။ ကျွန်မ ဘာမဆို သဘောတူပါတယ်...။"
ထို့နောက် လျန်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ငါ ခိုင်းတဲ့ အလုပ်တွေကို မင်း အရမ်း ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်…။ဒါက မင်းဟာ တကယ် ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုတာ ပြသနေတာပဲ...။"
"ပြီးတော့ မင်းက အခြေအနေတွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ခဲ့တယ်...။ ထိုက်ကျောက်လို ဒုတိယမျိုးဆက်သူဌေးသားကိုတောင် မင်းရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လေ...။"
"ဒါကြောင့်…၊ ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတစ်ခုက အိတ်ချ်မြို့တော်မှာ လုပ်ငန်းတွေ တိုးချဲ့ဖို့ စီစဉ်နေတာကို မင်းလက်ထဲ အပ်ထားရင် စိတ်ချရမယ်လို့ ထင်တယ်...။"
"မင်းကို ပြောပြရရင်…၊ အဲ့ဒီ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ငါ အရမ်းကို အကောင်းမြင်တယ်…။ အနာဂတ်မှာ စီးပွားရေးလောကရဲ့ ယူနီကွန်း တစ်ခု ဖြစ်လာနိုင်ပါတယ်...။"
"ဒါကြောင့်…၊ မင်း ငါ့ကို ကူညီပေးနိုင်မလား...။"
ဤစကားများကို ကြားသောအခါ လျူရိုယွီမှာ မှင်တက်သွားပြီး လှပသော မျက်နှာထက်ရှိ ရှက်သွေး ဖြာနေမှုများလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။ သူမသည် အနည်းငယ် ဒေါသထွက်နေပုံပင် ရလေသည်။
"ဟင်…၊ ဘာလို့ ဘာမှမပြောတာလဲ မင်း မလုပ်ချင်ဘူးလား...။"
လျန်ထျန်းက ဘာမျှနားမလည်သေးဘဲ မေးလိုက်လေသည်။
သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် လျူရိုယွီက ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"ရှင်က တကယ့် အရူးကြီးပဲ...။"
သူမ၏ အမူအရာကြောင့် လျန်ထျန်းမှာ လန့်သွားပြီး လက်နှစ်ဖက်ကို မြှောက်ကာ နောက်သို့ ခြေ တစ်လှမ်း ဆုတ်လိုက်မိလေသည်။
"အာ...၊ မင်း တကယ် မလုပ်ချင်ဘူးထင်တယ်…။ ဒါဆိုလည်း အတင်း မတိုက်တွန်းတော့ပါဘူး...။"
သို့သော် သူ စကားပြော၍ မဆုံးမီမှာပင် လျူရိုယွီက အလျင်အမြန် ဖြည့်စွက် ပြောလိုက်လေသည်။
"လုပ်မယ်...။ ကျွန်မ လုပ်မယ်...။ ဒါဆို ရပြီ မဟုတ်လား...။"
ထို့နောက် ချက်ချင်းပင် လျူရိုယွီက သူမ၏ ဖုန်းကို ပြန်ထုတ်ကာ လျန်ထျန်းအား ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"ကိစ္စတွေထဲ ပြန်သွားကြတာပေါ့…။ ငွေပေးချေဖို့ QR ကုဒ်ကို ပြ ရှင် အရင်က ပေးခဲ့တဲ့ ယွမ်တစ်ရာကို ပြန်ပေးမယ်...။"
လျန်ထျန်းက ငြင်းဆန်ခြင်း မရှိဘဲ သူ၏ ဖုန်းကို ထုတ်ကာ ငွေပေးချေမှု ကုဒ်ကို ပြသလိုက်ပြီး ယွမ် (၁၀၀) ကို ပြန်လည် လက်ခံရယူလိုက်လေသည်။
လျူရိုယွီမှာ ဒေါသထွက်နေဆဲ ဖြစ်ပုံရလေသည်။ ငွေပြန်ပေးပြီးနောက် သူမသည် လှည့်ထွက်သွားပြီး စကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့လေသည်။
"ကျွန်မကို ခိုင်းစရာ ရှိမှပဲ ဆက်သွယ်ပါ တခြားကိစ္စဆိုရင်တော့ မဆက်သွယ်ပါနဲ့...။"
ဒေါသတကြီးဖြင့် ထွက်ခွာသွားသော လျူရိုယွီကို ကြည့်ရင်း သူမ၏ ကျောပြင်လေးမှာ လှပနေဆဲ ဖြစ်သည်ကို မြင်သောအခါ လျန်ထျန်းက သက်ပြင်းချကာ ခါးသက်သက် အပြုံးတစ်ခုဖြင့် ခေါင်းခါ လျက် မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
"အမှန်တကယ်တော့ စောစောက မင်း ဘာကို ဆိုလိုချင်တာလဲဆိုတာ ငါ သိပါတယ်လေ…။ ဟူး...၊ ငါ့လို ချမ်းသာပြီး ရုပ်ချောတဲ့သူမျိုးက မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူ ရနိုင်တယ်ဆိုတာ သေချာပါတယ်လေ...။"
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လျန်ထျန်းက ပြတ်သားသော မျက်လုံးများဖြင့် ချက်ချင်းပင် ပြောလိုက် လေသည် -
"ဒါပေမဲ့… ငါ့မှာ ရှောင်ရို့ ရှိနေပြီပဲ…။ ဘယ်လို သွေးဆောင်ဖြားယောင်းမှုမျိုးကိုမဆို ငါ တွန်းလှန်နိုင်ပါ တယ်..."
နောက်ဆုံး လုပ်စရာတစ်ခု ကျန်နေသေးသည်။ ထိုအရာပြီးပါက လျန်ထျန်းသည် အယ်လ်မြို့တော်သို့ တကယ် ပြန်ရတော့မည် ဖြစ်သည်။
သုသာန်တစ်ခုသို့ ရောက်ရှိလာပြီးနောက် လျန်ထျန်းသည် အုတ်ဂူတစ်ခုရှေ့တွင် ဂန္ဓမာပန်းစည်း တစ်စည်းကို ချထားလိုက်လေသည်။ အုတ်ဂူပေါ်တွင် "ရှုံ့ချန်" ဟူသော အမည်ကို ရေးထိုးထားလေ သည်။
လျန်ထျန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အုတ်ဂူဆီသို့ ကြည့်ကာ ပြောလိုက်လေသည်။
"ဒီကိစ္စက မင်းရဲ့ အသက်ကို ပေးဆပ်ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့မိပါဘူး...။"
"ထိုက်ပေါင် အာမခံနဲ့ လွတ်လာတုန်းက မင်းကိုလည်း ဟိုတယ်ဆီ ခေါ်လာဖို့ လူလွှတ်ပြီး ရှာခိုင်းခဲ့ပေမဲ့ နောက်ကျသွားခဲ့တယ်...။"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းသည် လှည့်ထွက်လာခဲ့လေသည်။ လမ်းတွင် သူ စဉ်းစားလာခဲ့မိသည်။
အနာဂတ်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး နည်းပါးသွားရန် မျှော်လင့်မိပေသည်။ သူသည် လူကောင်း တစ်ယောက် မဟုတ်ခဲ့လျှင်တောင် သေလောက်အောင်ထိတော့ အပြစ်မကြီးခဲ့ပေ။
*ပြီးတော့ သူက ငါ့အတွက် အလုပ်လုပ်ပေးနေလို့ ဒုက္ခရောက်ခဲ့ရတာပဲ သူ့မိသားစုကို စောင့်ရှောက် ပေးဖို့ လူတစ်ယောက်လောက်တော့ စီစဉ်ပေးရမယ်...။*
အယ်လ်မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
ဟယ်ရှန့် ကုမ္ပဏီ အဆောက်အအုံရှိ အထွေထွေမန်နေဂျာ၏ ရုံးခန်း။
"ဘာ…။ အိတ်ချ်မြို့တော်မှာ ကျွန်မအတွက် လက်ထောက်တစ်ယောက် ရှာပေးခဲ့တယ် ဟုတ်လား…။ ပြီးတော့ အိတ်ချ်မြို့တော်က လုပ်ငန်းတိုးချဲ့ရေးကိုပါ သူမဆီ အပ်ထားမလို့လား...။"
ဟယ်ရှန့်က လျန်ထျန်းကို အံ့သြတကြီး ကြည့်ကာ မေးလိုက်လေသည်။
အစားအသောက်ပို့သည့် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အစားအသောက် အမှာစာ အများအပြားကို ကိုင်ဆောင်ထားသော လျန်ထျန်းက ပြုံး၍ ပြောလိုက်လေသည်။
"ဟုတ်တယ်…။ သူက ရက်အနည်းငယ်နေရင် ရောက်လာလိမ့်မယ်…။ ရောက်လာရင် မင်း မြင်ရမှာပါ အခုတော့… သွားရတော့မယ် ပို့ရမယ့် အချိန်ကုန်တော့မယ့် အမှာစာတစ်ခု ရှိသေးတယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ထွက်ပြေးသည့်အလား အလျင်အမြန် ပြေးထွက်သွားလေသည်။
ဟယ်ရှန့်မှာမူ အနည်းငယ် မပျော်မရွှင် ဖြစ်သွားပုံရပြီး သဝန်တိုနေသည့်အလား ပင်။
သို့သော် ရက်အနည်းငယ် အကြာတွင် လျူရိုယွီ သူမရှေ့၌ ရပ်နေသည်ကို မြင်လိုက်ရသောအခါ...၊
"မန်နေဂျာဟယ် ဘာလို့ ကျွန်မကို အဲ့ဒီလို ကြည့်နေတာလဲ...။"
လျူရိုယွီမှာ သူမ၏ အကြည့်အောက်တွင် နေရခက်သွားပြီး တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ထင်လိုက် မိလေသည်။
ဟယ်ရှန့်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ပြုံး၍ ပြောလိုက်လေသည်၊
"မင်းကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်ကတည်းက ငါတို့နှစ်ယောက်ကြားမှာ တူညီတာတွေ အများကြီး ရှိတယ်ဆိုတာ သတိထားမိလိုက်တယ်…။ အထူးသဖြင့် အဲ့ဒီလူနဲ့ ပတ်သက်ပြီးတော့ပေါ့...။"