← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅)

အစားအသောက်ပို့တဲ့သူကတောင် ဂုဏ်ယူနေသေးတယ်ပေါ့...

လျန်ထျန်း၏ ဖခင်နှင့် မိခင်တို့မှာ နှစ်ပေါင်းများစွာ မတွေ့ဆုံခဲ့ရဘဲ ပြန်လည် ဆုံတွေ့ချိန်တွင် တစ်ဦးနှင့် တစ်ဦး မှတ်ပင် မမှတ်မိရဲအောင် ဖြစ်နေခဲ့ကြလေသည်။

သို့သော် ထိုသူမှာ အမှန်တကယ်ပင် ဖြစ်ကြောင်း အတည်ပြုပြီးနောက် မိခင်ဖြစ်သူက ဝမ်းနည်းပက် လက် ငိုကြွေးကာ ဖခင်ဖြစ်သူအား လက်သီးဖြင့် ထုရိုက်လေတော့သည်။

ဖခင်ဖြစ်သူမှာလည်း ငိုကြွေးလျက် မိခင်ဖြစ်သူ၏ ရိုက်နှက်သမျှကို ခံယူကာ အဆက်မပြတ် တောင်းပန် နေခဲ့လေသည်။

"တောင်းပန်ပါတယ်…၊ တောင်းပန်ပါတယ်…။ အားလုံးက ကိုယ့်အမှားတွေပါ…။ ဒီနှစ်တွေထဲ မင်း အရမ်းကို ဆင်းရဲဒုက္ခ ရောက်ခဲ့ရပါပြီ...။"

ထိုနှစ်ဦး ငိုကြွေး၍ ဝသွားသောအခါမှသာ ဘေးတွင် ရပ်ကာ သူတို့ကို အနည်းငယ် စိုးရိမ်တကြီး ကြည့် နေသော ကောင်မလေး တစ်ယောက် ရှိနေသည်ကို သတိပြုမိသွားခဲ့ကြလေသည်။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းက မိခင်ဖြစ်သူထံသို့ ကြိုတင် ဖုန်းဆက်ကာ အခြေအနေကို ရှင်းပြထားခဲ့သဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက မိခင်ဖြစ်သူမှာ ရှောင်ကျင်းကို လျန်သရှန်း၏ အပြင်က ရလာသော ကလေးဟု အထင်လွဲသွားနိုင်ပေသည်။

ရှောင်ကျင်း၏ နောက်ခံဇာတ်လမ်းကို သိရှိထားသော ထျန်းဝန်ဝန်သည် သူမကို သနားကြင်နာစွာဖြင့် ပွေ့ဖက်လိုက်ပြီး လည်ချောင်းထဲတွင် တစ်ဆို့လျက် ပြောလိုက်လေသည်။

"သမီးနာမည်ထဲမှာ ကျင်း ဆိုတဲ့ စာလုံးလေး ပါတယ်…။ မေမေ့နာမည်ထဲမှာလည်း ဝန် ဆိုတဲ့ စာလုံး လေး ပါတယ်…။ ဒါက သမီးနဲ့ မေမေတို့ ရေစက်ပါလာတယ်ဆိုတာကို ပြနေတာပဲ…။ နောက်ဆိုရင် မေမေ့ကို မေမေလို့ပဲ ခေါ်တော့နော်...။"

ပတ်ဝန်းကျင် အသစ်တွင် အစပိုင်း၌ အနည်းငယ် ကြောက်ရွံ့နေခဲ့သော ကောင်မလေးမှာ ထျန်းဝန်ဝန်၏ စကားကို ကြားလိုက်ရသောအခါ ရုတ်တရက် ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ပြီး ရှိုက်ကြီးတငင်ဖြင့် ခေါ်လိုက်လေတော့သည်။

"မေမေ..."

ထျန်းဝန်ဝန်ကလည်း အလျင်အမြန် ပြန်ထူးလိုက်လေသည်၊

"ရှင့်…၊ လိမ္မာတဲ့ သမီးလေး မေမေ့မှာ သမီးလေး တစ်ယောက် ရလာပြီပဲ...။"

ထိုသို့ပြောပြီးနောက် ထျန်းဝန်ဝန်သည် ရှောင်ကျင်းကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက် လေတော့သည်။

နွေးထွေးပြီး သဟဇာတဖြစ်လှသော ဤမိသားစုကို ကြည့်ရင်း လျန်ထျန်း၏ မျက်ဝန်းများမှာလည်း မနေနိုင်ဘဲ နီရဲလာခဲ့ရလေသည်။ တစ်ချိန်တည်းမှာပင် မိသားစုကို သေချာပေါက် ကာကွယ်စောင့် ရှောက်မည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့အား ထိခိုက်နာကျင်စေရန် ခွင့်ပြုမည် မဟုတ် ကြောင်းကိုလည်း ပို၍ ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

ထို့ကြောင့် လျန်ထျန်းသည် လုံခြုံရေးကုမ္ပဏီတစ်ခုကို ချက်ချင်း ဝယ်ယူလိုက်ပြီး သူ၏ မိသားစုကို အချိန်ပြည့် လျှို့ဝှက်စွာ ကာကွယ်စောင့်ရှောက်ရန် ထိုကုမ္ပဏီမှ အတော်ဆုံးနှင့် အကျွမ်းကျင်ဆုံး ဝန်ထမ်းဆယ်ဦးကို စေလွှတ်စေခဲ့လေသည်။

နောက်ပိုင်းရက်များတွင် လျန်ထျန်းသည် နေ့စဉ် အစားအသောက် လိုက်ပို့သည့် ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။

အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သော မစ္စတာဝမ်ကို ထပ်မံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပေးထားခဲ့သည်များကို လည်း ဖျက်၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အပေါ်တွင် ကျေးဇူးကြွေး တစ်ခု တင်နေသေးသည် မဟုတ်ပါလား။

ထို့အပြင် ဟယ်ရှန့် ကုမ္ပဏီ၏ အိတ်ချ်မြို့တော်သို့ လုပ်ငန်းတိုးချဲ့မှုအတွက်လည်း ရန်ပုံငွေများ လိုအပ် နေသေးသကဲ့သို့ ကျင်းတ အိမ်ခြံမြေလုပ်ငန်းက အိတ်ချ်မြို့တော်တွင် ခြေကုပ်ယူနိုင်ရန်မှာလည်း ငွေကြေးအပေါ်တွင်သာ မှီခိုနေရလေသည်။

*ငွေ ငွေ ငွေ...။ ဟူး…၊ ငွေမရှိဘဲ ဘယ်လိုမှ ရှင်သန်လို့ မရနိုင်ပါလား…။*

လျန်ထျန်းသည် ကုမ္ပဏီပေါင်းများစွာ၏ ရှယ်ယာရှင် တစ်ဦး ဖြစ်နေပြီဖြစ်ကာ သူ၏ ပိုင်ဆိုင်မှုများမှာ ပြည်နယ်တစ်ခု၏ အချမ်းသာဆုံးသော ပုဂ္ဂိုလ်တစ်ဦးနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီ ဖြစ်ပေသည်။ သို့သော် လည်း သူသည် ရှင်သန်ရပ်တည်ရေးအတွက် တစ်နေကုန် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ပြီး တစ်ခဏမျှ ပင် အနားမယူရဲပေ။

ဤနေ့တွင် လျန်ထျန်းသည် ပုံမှန်အတိုင်း အစားအသောက်များကို လိုက်ပို့နေခဲ့လေသည်။ ခေါင်းပေါ်ရှိ ပြင်းထန်ပူပြင်းလှသော နေမင်းကြီးကို မော့ကြည့်ကာ ရာသီဥတုမှာ ပို၍ပို၍ ပူပြင်းလာ ကြောင်းသက်ပြင်းချလိုက်မိသည်။

အမှာစာ အနည်းငယ်ကို ပို့ဆောင်အပြီး နောက်ထပ် အမှာစာတစ်ခုကို လက်ခံရန် ပြင်ဆင်နေစဉ် လမ်း ၏ တစ်ဖက်ခြမ်းတွင် ရုတ်တရက် ဆူညံပွက်လောရိုက်မှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

အမှန်တကယ်တော့ သူနှင့် အလုပ်တူသော အစားအသောက် ပို့ဆောင်သူ လူငယ်တစ်ဦးမှာ လမ်းဘေး တွင် သတိလစ် လဲကျနေခြင်း ဖြစ်လေသည်။

ထိုလူငယ်၏ အသွင်အပြင်ကို ကြည့်ရသည်မှာ အပူရှပ်သွားခြင်း ဖြစ်နိုင်ချေ များလှပေသည်။

ဘေးပတ်လည်တွင် စောင့်ကြည့်နေသူ အများအပြား ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှေ့သို့ တိုးလာကာ ကူညီပေးခြင်း မရှိဘဲ လူတိုင်းမှာ ကိုယ့်အထင်နှင့်ကိုယ် ဝေဖန်ပြောဆိုနေကြလေသည်။

"ဟေး...၊ ဒီလူ ဘာဖြစ်သွားတာလဲ ငါတို့ သွားကူညီပေးသင့်လား...။"

"မင်းက အရူးလား…။ သွားကူညီလို့ ပြဿနာ အရှာခံရရင် ဘယ်လိုလုပ်မလဲ။ နာမည်ကြီး တရားသူကြီး တစ်ယောက်က 'မင်း တိုက်တာ မဟုတ်ရင် ဘာလို့ သွားထူပေးရမှာလဲ' လို့ ပြောခဲ့ဖူးတာ မကြားဖူးဘူး လား...။"

"မင်း သိလား…။ ငါက အရင်တုန်းက အော်ဒီ ကားကို စီးခဲ့တာကွ…။ လူတစ်ယောက်ကို ကူညီမိလို့ အခုတော့ ယာဒီ လျှပ်စစ်စကူတာလေးပဲ စီးနိုင်တော့တယ်...။"

"အို...။ ငါလည်း အခု ယာဒီ လျှပ်စစ်စကူတာလေးပဲ စီးနေရတာဆိုတော့ တကယ်ကို မလုပ်ရဲဘူး…။ တကယ်ကို မလုပ်ရဲဘူး...။"

မည်သူမျှ ကူညီရန် ဆန္ဒမရှိကြသည်ကို မြင်သောအခါ လျန်ထျန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သော် လည်း အလျင်အမြန်ပင် ပြတ်သားစွာဖြင့် လူနာတင်ကားကို ဖုန်းဆက် ခေါ်လိုက်လေသည်။

အကြောင်းမှာ လျန်ထျန်းသည် ယခုအခါ တစ်ဖက်လူ၏ ငွေညှစ် ပြဿနာရှာခြင်းကို မကြောက်ရွံ့တော့ သောကြောင့် ဖြစ်လေသည်။ သူ၏ လက်ရှိ အင်အားအရ လူတစ်ယောက်၏ အသက်အတွက် ဤမျှ လောက် ကိစ္စမျိုးကို သေချာပေါက် တာဝန်ယူ ဖြေရှင်းနိုင်စွမ်း ရှိပေသည်။

သို့သော် ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ မကျဆင်းမီ အချိန်ကဆိုလျှင်မူ ပွင့်ပွင့်လင်းလင်း ပြောရပါ က လျန်ထျန်းကိုယ်တိုင်လည်း ဤကဲ့သို့ တွန့်ဆုတ်မှု ကင်းမဲ့စွာဖြင့် လုပ်ရဲမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ထိုအချိန်က မိမိကိုယ်ကိုပင် ခက်ခက်ခဲခဲ ရပ်တည်နေရသည်ဖြစ်ရာ အခြားသူများကို မည်သို့ ကယ်တင်နိုင်ပါမည်နည်း။

'မင်း တိုက်တာ မဟုတ်ရင် ဘာလို့ လူနာတင်ကား ခေါ်ပေးရတာလဲ' ဟု ပြောတတ်သော သူမျိုးနှင့်သာ တိုးမိပါက အကြောင်းပြချက် ပေး၍ ဖြေရှင်းရန် နေရာပင် ရှိမည် မဟုတ်ပေ။

မကြာမီမှာပင် လူနာတင်ကား ရောက်ရှိလာခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အစားအသောက် ပို့ဆောင်သူ လူငယ်လေးကို စစ်ဆေးပြီးနောက် အခြားပြဿနာ မရှိဘဲ အပူရှပ်သွားခြင်းသာ ဖြစ် ကြောင်း အတည်ပြုလိုက်လေသည်။

၎င်းတို့က သူ့ကို အပူချိန်ကျဆင်းစေရန် ရေခဲအိတ် အချို့ ကပ်ပေးလိုက်ပြီး လူနာတင်စင်ပေါ်သို့ တင်ကာ အကြောဆေးသွင်းရန် ပြင်ဆင်နေစဉ်မှာပင် ထိုလူငယ်လေးမှာ ရုတ်တရက် သတိပြန်လည်လာခဲ့လေ သည်။

ဆေးထိုးအပ်က သူ၏လက်ထဲသို့ မဝင်ရသေးမီ၊ လူနာတင်စင်က ကားပေါ်သို့ အပြည့်အဝ မရောက်ရှိ သေးမီမှာပင် ထိုလူငယ်လေးက သူ၏လက်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီးနောက် လူနာတင်စင်ပေါ် မှ ဖရိုဖရဲ ဆင်းလာခဲ့လေသည်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာလည်း လန့်သွားပြီး အလျင်အမြန် တားမြစ်လိုက်လေသည်။

"မင်း အပူရှပ်သွားလို့ ဆေးရုံခေါ်သွားမလို့ လာခဲ့တာပါ…။ အရင်ဆုံး ဆေးတစ်လုံးလောက် ထိုးလိုက်ပါ ။ ဆေးထိုးလိုက်ရင် အများကြီး သက်သာသွားပါလိမ့်မယ်...။"

သို့သော် ထိုလူငယ်လေးက သူ၏ဖုန်းကို အလျင်အမြန် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ဝမ်းနည်း ပက်လက် ငိုကြွေးလိုက်လေတော့သည်။

"ကျွန်တော် ဆေးမထိုးဘူး…။ ဆေးရုံလည်း မသွားချင်ဘူး…။ ကျွန်တော့်ရဲ့ အမှာစာက အချိန်ပြည့်တော့ မယ်…၊ နောက်ကျတော့မယ်...။"

ထိုသို့ ပြောဆိုနေရင်း ထိုလူငယ်လေးသည် ထရန် ကြိုးစားနေသော်လည်း အလွန် အားနည်းနေသဖြင့် မတ်တတ်မရပ်နိုင်မီမှာပင် ကြမ်းပြင်ပေါ်သို့ ပြန်လည် လဲကျသွားခဲ့လေတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူအများစုမှာ သနားဂရုဏာ သက်သွားကြ သော်လည်း လူတစ်ယောက်ကမူ ရယ်မောလိုက်လေသည်။

"ဘယ်လိုအခြေအနေဖြစ်နေပြီလဲ…၊ အခုထိ အစားအသောက် ပို့ဖို့ပဲ စဉ်းစားနေသေးတာလား…။ မင်းကတော့ အစားအသောက် ပို့ရလွန်းလို့ အရူးဖြစ်နေပြီပဲ...။"

ဤစကားကို ကြားသောအခါ လူအုပ်ထဲတွင် ရှိနေသော လျန်ထျန်းသည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် ပြန်လည် ချေပလိုက်လေသည်။

"ခင်ဗျားက အစားအသောက် တစ်ခါမှ မပို့ဖူးဘူး မဟုတ်လား…။ အမှာစာ အချိန်နောက်ကျရင် ပိုက်ဆံ ဘယ်လောက် အဖြတ်ခံရလဲဆိုတာ သိလား…။ အကယ်၍ တိုင်ကြားခံရရင်ရော ပိုက်ဆံ ဘယ်လောက် အဖြတ်ခံရလဲ သိလား...။"

ထိုသို့ ပြန်လည် အပြောခံရသဖြင့် ထိုလူမှာ အနည်းငယ် မကျေမနပ်ဖြစ်ကာ လျန်ထျန်းကို စိုက်ကြည့် လိုက်လေသည်။ လျန်ထျန်းလည်း အစားအသောက် ပို့ဆောင်သူ၏ ဝတ်စုံကို ဝတ်ဆင်ထားကြောင်း သေချာစွာ မြင်လိုက်ရသောအခါ အထင်အမြင်သေးစွာဖြင့် ပြောလိုက်လေသည်၊

"အိုး... မင်းလည်း အစားအသောက် ပို့တဲ့ကောင်ပဲကို…။ အစားအသောက် ပို့တဲ့သူကတောင် ဂုဏ်ယူနေ သေးတယ်ပေါ့...။"

"ငါ အစားအသောက် မပို့ဖူးတာက ငါဟာ အရည်အသွေးမြင့်မားတဲ့ ပညာတတ်တစ်ယောက် ဖြစ်နေ လို့ပဲ…။ မင်းတို့လို လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေလူတန်းစားတွေနဲ့ မတူဘူး...။"

"ဒါပေမဲ့ မင်းတို့က ဒါမျိုးနဲ့ ထိုက်တန်ပါတယ်…။ ကျောင်းတုန်းက မကြိုးစားခဲ့လို့ အခုလို ဆင်းရဲဒုက္ခ ရောက်ပြီး ပင်ပန်းဆင်းရဲနေရတာလေ…။ အားလုံးက ကိုယ့်အပြစ်နဲ့ကိုယ်ပဲ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး...။"

ဤစကားများကို ကြားသောအခါ လျန်ထျန်း၏ ဒေါသများမှာ ရုတ်တရက် ပိုမို ထောင်းခနဲ ထွက်လာ ခဲ့လေတော့သည်။

"ခင်ဗျားအနေနဲ့ တစ်ချို့ ကိစ္စတွေမှာ အရည်အချင်းရှိတဲ့ ပညာတတ် တစ်ယောက်လို့ ပြောနိုင်ပေမဲ့ အဲ့ဒါ ကို အကြောင်းပြပြီး တခြားသူတွေကို အထင်သေးလို့တော့ မရဘူး...။"

"အစားအသောက် ပို့တာကလည်း တရားဝင် အလုပ်တစ်ခုပဲ…။ ငါတို့က မခိုးမဝှက်ဘူး ကိုယ့်လက်နဲ့ ကိုယ် ကြိုးစားပြီး အသက်မွေးဝမ်းကျောင်း လုပ်နေတာ…။ ဘာအကြောင်းကြောင့်များ ခင်ဗျားက ငါတို့ကို အောက်ခြေလူတန်းစားလို့ သတ်မှတ်ရတာလဲ...။"

လျန်ထျန်း၏ မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရချိန်တွင် အရည်အသွေးမြင့် ပညာတတ် ဆိုသူက အထင် အမြင်သေးစွာဖြင့် ပြုံးလိုက်ရုံသာ ပြုံးလိုက်လေသည်၊

"အစားအသောက် ပို့တဲ့ အလုပ်မျိုးက လူတိုင်း လုပ်နိုင်တာပဲ…။ အရင်တုန်းက လယ်ကွင်းထဲမှာ အလုပ် လုပ်တဲ့ လယ်သမားတွေနဲ့ ဘာကွာခြားလို့လဲ...။"

"ပြီးတော့ အစားအသောက် ပို့တာက လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့ အရာတွေကို အများကြီး ဖန်တီးပေးနိုင်တာမှ မဟုတ်တာ…။ ဒီလိုမျိုး တည်ရှိမှုက လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအကျဆုံး အမှိုက်တွေ မဟုတ်ရင် ဘာတွေလဲ...။"

"ငါ့အမြင်ကို ပြောရရင် အစားအသောက် ပို့တဲ့သူတွေဆိုတာကလည်း အရမ်းကို တစ်ကိုယ်ကောင်းဆန် တဲ့ လူတွေပဲ…။ ကိုယ်ပိုက်ဆံရဖို့နဲ့ ကိုယ့်ဘဝလေး သာယာဖို့ကိုပဲ စဉ်းစားကြပြီး လူ့အဖွဲ့အစည်းအတွက် တန်ဖိုးတစ်ခု ဖန်တီးပေးဖို့ကိုကျတော့ မစဉ်းစားကြဘူး...။"

"ငါ့စကားကိုသာ နားထောင်မယ်ဆိုရင် မင်းတို့လို အစားအသောက် ပို့တဲ့သူတွေ အားလုံးကို စက်ရုံတွေ ထဲ ထည့်ပြီး အလုပ်လုပ်ခိုင်းလိုက်တာ ပိုကောင်းမယ်…။ ဒါကမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းကိုတောင် အထောက်အကူ ပြုနိုင်သေးတယ်...။"

"ဘာပဲဖြစ်ဖြစ် မင်းတို့လို လူတွေအတွက် လူသားအရင်းအမြစ်တစ်ခု ဖြစ်လာတာကသာ နောက်ဆုံး ပန်းတိုင် ဖြစ်သင့်တယ်…။ မဟုတ်ရင် အသက်ရှင်နေတာက လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးနေတာနဲ့ အတူတူပဲ...။"

ဤမျှ အံ့သြတုန်လှုပ်ဖွယ် ကောင်းသော စကားများကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မှင်တက်သွားကြပြီး တစ်စုံတစ်ယောက်က သူ့အား မေးခွန်းထုတ်လိုက်လေသည်။

"အစ်ကို...၊ ခင်ဗျားက ဘာအလုပ် လုပ်တာလဲ...။"

အရည်အသွေးမြင့် ပညာတတ် ဆိုသူက မာနတကြီး ခေါင်းကို မော့ကာ သာလွန်မှု အပြည့်ဖြင့် ဖြေလိုက် လေသည်၊

"ခင်ဗျားက ဒီလောက်တောင် သိချင်နေမှတော့ ငါလည်း နည်းနည်းပါးပါး ပြောပြရတာပေါ့...။"

"ငါက အခြေအနေ တော်တော်လေး ကောင်းတဲ့ မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့တာပဲ…။ ငါ့မိဘ နှစ်ယောက်စလုံးက သက်ဆိုင်ရာ နယ်ပယ်တွေမှာ အသိအမှတ်ပြု ခံထားရတဲ့ ကျွမ်းကျင်ပညာရှင် တွေချည်းပဲ...။"

"ပြီးတော့ ငါကလည်း ငယ်ငယ်ကတည်းက လူတိုင်း အသိအမှတ်ပြုထားတဲ့ ပါရမီရှင် တစ်ယောက်မို့ မတော်တဆလေးနဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့ပြီး ဘွဲ့ရရချင်းမှာပဲ ကုမ္ပဏီကြီး တစ်ခု က အလုပ်ခန့်တာ ခံလိုက်ရတယ်...။"

"ဒီနေ့က ငါ့ရဲ့ ပထမဆုံး အလုပ်ဆင်းရတဲ့နေ့ပဲ…။ တစ်နှစ်ကို လစာ ယွမ်တစ်ယွမ် ရပြီး လူ့အဖွဲ့အစည်း အတွက် အကျိုးပြုဖို့ သွားနေတဲ့ လမ်းပေါ်မှာပဲ ရှိသေးတယ်...။"

"မကြာခင် အနာဂတ်မှာ ငါလည်း နာမည်ကြီး ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်…။ ဒီနေ့ မင်းတို့ ငါ့ကို မြင်တွေ့ခွင့် ရတာရယ်..၊ ငါနဲ့ အတူရပ်ခွင့် ရတာရယ်က မင်းတို့ အတွက် အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပဲ...။"

လျန်ထျန်းသည် ဤစကားများကို အစမှအဆုံးတိုင် မျက်မှောင်ကြုတ်လျက် နားထောင်နေခဲ့လေသည်။

ထိုအချိန်မှာပင် သူက မေးခွန်းတစ်ခု မေးလိုက်လေသည် -

"ဒါဆို ခင်ဗျားလို အနာဂတ်ရဲ့ ကျွမ်းကျင်ပညာရှင်ကြီးကို ဘယ်ကုမ္ပဏီကြီးကများ အလုပ်ခန့်လိုက်တာ လဲ…။ ခင်ဗျားလို ပါရမီရှင်ကြီးမျိုးကိုတောင် ခေါ်နိုင်သေးတယ်ပေါ့...။"

အခန်း (၁၁၆)

လူငယ်တွေ အစားအသောက် အမှာစာ နည်းနည်းပဲ မှာသင့်တယ်

လျန်ထျန်း၏ မေးခွန်းကို ကြားသောအခါ အရည်အသွေးမြင့် ပညာတတ် ဆိုသူက ပို၍ပင် မောက်မာ သော ဟန်ပန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"အယ်လ်မြို့တော်မှာဆိုရင် မင်းလို အောက်ခြေက အစားအသောက် ပို့တဲ့ကောင်တောင် ကျင်းတ အိမ်ခြံ မြေလုပ်ငန်း ဆိုတာကို ကြားဖူးမှာပေါ့…။ ဟုတ်တယ်မလား...။"

"အခု ဒီကုမ္ပဏီက အင်အားအရဆိုရင် မြို့ရဲ့ အချမ်းသာဆုံး အုပ်စုပြီးရင် ဒုတိယ နေရာမှာ ရှိနေပြီး သူရဲ့ လုပ်ငန်းတွေကို အိမ်နီးချင်း အိတ်ချ်မြို့တော်အထိတောင် တိုးချဲ့ထားပြီးပြီ...။"

"ငါ့လို နာမည်ကြီး ကျွမ်းကျင်ပညာရှင် တစ်ယောက် ပါဝင်လာပြီဆိုတော့ ကျင်းတ အိမ်ခြံမြေလုပ်ငန်း က သုံးနှစ်အတွင်းမှာ အချမ်းသာဆုံး အုပ်စုကို ကျော်တက်ပြီး အမြင့်ဆုံး နေရာကို ရောက်သွားလိမ့်မယ် လို့ ငါ ယုံကြည်တယ်...။"

"ပြီးတော့ ငါက နံပါတ်တစ် အချမ်းသာဆုံး အုပ်စုကို မရွေးချယ်ဘဲ ကျင်းတ အိမ်ခြံမြေလုပ်ငန်းကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက...။"

"ငါ့မှာ အရည်အချင်း မရှိလို့ မဟုတ်ဘူး…။ ငါ့ရဲ့ မြင့်မြတ်တဲ့ တန်ဖိုးထားမှုတွေနဲ့ ကိုယ်ကျင့်တရားတွေ ကြောင့် ဖြစ်တယ်...။"

သူက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ တစ်ဦးအလား ဆက်ပြောလိုက် လေသည်။

"ဒီနေ့ခေတ်မှာ အိမ်ခြံမြေလုပ်ငန်းက လူ့အဖွဲ့အစည်းရဲ့ အဓိက လုပ်ငန်းတစ်ခု ဖြစ်နေဆဲပဲ…။ ဒါပေမဲ့ အသိဉာဏ်ကင်းမဲ့တဲ့ လူတွေ အရမ်းများနေလို့ ပိုပိုပြီး ကျဆင်းလာနေရတယ်...။"

"ဒါပေမဲ့… အိမ်ခြံမြေလုပ်ငန်းက ပြိုလဲသွားလို့ မဖြစ်ဘူး…။ အကယ်၍သာ ပြိုလဲသွားခဲ့ရင် ငါတို့ မိသားစုပိုင်တဲ့ အိမ်တွေ အားလုံးက ရောင်းရသေးတာ မဟုတ်ဘူး...။ အိုး မဟုတ်သေးပါဘူး...။"

"လူ့အဖွဲ့အစည်းထဲမှာ မရောင်းရသေးတဲ့ အိမ်တွေ အများကြီး ရှိနေသေးတယ်လေ…။ ဆုံးရှုံးမှုတွေက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်းတို့ နားလည်ရဲ့လား...။"

"ဒါကြောင့် ငါကိုယ်တိုင် ရှေ့ထွက်လာရမယ်လို့ ခံစားမိတယ်…။ ဒီလုပ်ငန်းကို ကယ်တင်ဖို့ တာဝန်က ငါ့ပခုံးပေါ် ကျရောက်လာပြီလေ...။"

ထိုသို့ ပြောဆိုရင်း သူသည် ဘေးပတ်ဝန်းကျင်ရှိ လူများကို လိုက်ကြည့်ကာ မယိမ်းယိုင်သော ယုံကြည် ချက်ဖြင့် ဆက်ပြောလိုက်လေသည်၊

"မနှစ်က ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ စီးပွားဖြစ် အိမ်ရာတွေရဲ့ စုစုပေါင်း အရောင်းပမာဏက ယွမ် (၁) သိန်း (၃) သောင်းဝန်းကျင် ရှိတယ်...။"

"အရင်နှစ်က ယွမ် (၁) သိန်း (၈) သောင်းနဲ့ နှိုင်းယှဉ်ရင် မနှစ်က စီးပွားဖြစ် အိမ်ရာ အရောင်းပမာဏက ယွမ် (၅) သောင်းလောက် ကျဆင်းသွားခဲ့တယ်...။"

"ခုနှစ်မှာ ပြည်နယ်ထဲက သာမန်ပြည်သူတွေရဲ့ စုဆောင်းငွေက ယွမ် (၁) သိန်း (၅) သောင်းအထိ တိုးလာ တယ်..။ အဲ့ဒီ စုဆောင်းငွေရဲ့ သုံးပုံတစ်ပုံကိုသာ အိမ်ဝယ်ဖို့၊ အိမ်ပြင်ဖို့နဲ့ တခြား အိမ်နဲ့ပတ်သက်တဲ့ ကိစ္စ တွေမှာ ပြန်သုံးမယ်ဆိုရင် ပြည်နယ်ရဲ့ စီးပွားရေးက ပြန်လည် ဦးမော့လာနိုင်မှာ မဟုတ်ဘူးလား...။"

"ဒါကြောင့် မင်းတို့ထဲက အိမ်မဝယ်ရသေးတဲ့သူတွေ ရှိရင်၊ ကိုယ့်ရဲ့ စုဆောင်းငွေကို သုံးပြီး မြန်မြန် ဝယ်ကြပါ…။ လူ့အဖွဲ့အစည်းက မင်းတို့ရဲ့ အလှူငွေတွေကို လိုအပ်နေတယ်လေ…။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တစ်ကိုယ်ကောင်း ဆန်နိုင်ရတာလဲ...။"

ဤစကားများကြောင့် လူအုပ်ကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားကြလေသည်။

"ဘယ်လို ကျွမ်းကျင်ပညာရှင် အစုတ်ပလုတ်လဲကွ…။ သူက စုဆောင်းငွေရဲ့ သုံးပုံတစ်ပုံကို သုံးပြီး အိမ်ဝယ်မယ်လို့ ပြောတယ် ငါ့စုဆောင်းငွေရဲ့ သုံးပုံတစ်ပုံက အိမ်စရန်ပေးဖို့တောင် မလောက်ဘူး...။"

"အေးလေ အဲ့ဒီ စုဆောင်းငွေ ယွမ် (၁) သိန်း (၅) သောင်းက ဘယ်မှာလဲ…။ ပြီးတော့ ဘယ်သူ့ဆီမှာ ရှိနေတာလဲ….။ ငါ့ဆီမှာတော့ တစ်ပြားမှ မရှိဘူး...။"

"ငါတို့ သာမန်ပြည်သူတွေက ဝင်ငွေနည်းပါးတဲ့ လူတန်းစားတွေလေ…။ အသက်ရှင်ဖို့တောင် အနိုင်နိုင် ရုန်းကန်နေရတာ…၊ မင်းက ဘယ်လိုလုပ် ငါတို့ကို အနစ်နာခံဖို့ မျှော်လင့်နိုင်ရတာလဲ...။"

"ဟုတ်တယ် ငါတို့လည်း ကူညီချင်ပါတယ်…၊ ဒါပေမဲ့ ပိုက်ဆံက ဘယ်ကရမှာလဲ…။ မင်းလို အနာဂတ်ရဲ့ ကျွမ်းကျင်ပညာရှင်ကြီးကများ ပေးနိုင်မလား….။ တောက်... မင်းက ဘာမှမဟုတ်တဲ့ကောင်...။"

ထိုသို့ ဝေဖန်မှုပေါင်းများစွာကို ရင်ဆိုင်ရသော်လည်း အရည်အသွေးမြင့် ပညာတတ် ဆိုသူကမူ တည်ငြိမ်အေးဆေးစွာပင် ရှိနေပြီး သူ၏ နောက်ထပ် စကားများမှာလည်း ခနဲ့တဲ့တဲ့ အပြောင်အပျက် များဖြင့် ပြည့်နှက်နေလေတော့သည်။

"ဒါကြောင့် မင်းတို့အားလုံးက အသိဉာဏ်ကင်းမဲ့တဲ့ လူတွေလို့ ငါပြောတာ…။ ဝင်ငွေ အဆင့်အတန်း နိမ့်လေလေ၊ ဝင်ငွေရမယ့် နည်းလမ်းတွေကို ပိုရှာဖို့ လိုလေလေပဲ...။"

"ဥပမာ မင်းရဲ့ လွတ်နေတဲ့ အိမ်ကို ငှားစားတာမျိုး၊ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင်ကားကို သုံးပြီး ခရီးသည် တင်တာမျိုးပေါ့…။ ဒါတွေ အားလုံးက ဝင်ငွေရမယ့် နည်းလမ်းတွေ မဟုတ်ဘူးလား...။"

ထိုစကားကြောင့် နောက်ထပ် မကျေနပ်မှုများ ထွက်ပေါ်လာပြီး အချို့က သူတို့၏ ဒေါသကို ကျင်းတ အိမ်ခြံမြေလုပ်ငန်းထံသို့ပင် ဦးတည်လာကြလေသည်။

"ကျင်းတ အိမ်ခြံမြေလုပ်ငန်းက တကယ်ကို ဘယ်လို ဝန်ထမ်းမျိုးတွေကိုများ အလုပ်ခန့်ထားတာလဲ…။ လူသစ်စုဆောင်းတဲ့ HR က မျက်လုံးကန်းနေတာလား...။"

"ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ မကြာသေးမီက စီမံကိန်းတွေက တော်တော်လေး ကောင်းတယ်…။ ပြီးတော့ ဈေးနှုန်းကလည်း သင့်တော်တယ်လို့ ထင်ခဲ့တာ.... ဒါကြောင့် အိမ်စရန်ပေးဖို့ ပိုက်ဆံစုပြီး ကျင်းတ အိမ်ခြံမြေလုပ်ငန်းဆီက အိမ်ဝယ်ဖို့ နှစ်နှစ်လောက် ကြိုးစားအလုပ်လုပ်မယ်လို့ စဉ်းစားထား ခဲ့တာ...။"

"ဒါပေမဲ့….၊ အခု ကြည့်ရတာ ဒီလို ဝန်ထမ်းမျိုးကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေက လုံးဝကို ယုံကြည် စိတ်ချရမှာ မဟုတ်ဘူး….။ ဒါကြောင့် ဒီကိစ္စကို မေ့လိုက်တာပဲ ကောင်းမယ်...။"

"ဟုတ်တယ် ဤလိုလူမျိုးက တစ်နှစ်ကို ယွမ်တစ်ယွမ်ပဲ ရတယ် ဟုတ်လား …။ အခုတော့ ငါတို့ အိမ်ဝယ် တဲ့ ပိုက်ဆံတွေက ဘယ်သူ့ကို ထောက်ပံ့နေတာလဲဆိုတာ ငါ သဘောပေါက်သွားပြီ…။ တကယ်ကို ဒေါသထွက်စရာပဲ...။"

"ဟုတ်တယ်…။ ငါ ဘယ်တော့မှ ကျင်းတ အိမ်ခြံမြေလုပ်ငန်းဆီက အိမ်မဝယ်တော့ဘူး...။"

အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသောအခါ ကျွမ်းကျင်ပညာရှင် ဆိုသူမှာလည်း ကြောက်လန့် လာပြီး ထွက်ပြေးရန် ကြိုးပမ်းလေတော့သည်။

သို့သော် လျန်ထျန်းက သူ့ကို ဆွဲကိုင်ထားပြီး မေးလိုက်လေသည်။

"ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ...။"

လျန်ထျန်း၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကို မြင်သောအခါ ထိုအရည်အသွေးမြင့် ပညာတတ် ဆိုသူမှာ အသက်ကယ်ကြိုး တစ်ချောင်းကို တွေ့သွားသည့်အလား အလျင်အမြန် အော်ဟစ်လိုက်လေ တော့သည်။

"မင်းတို့အားလုံး မြင်တယ်မလား ငါ့ရဲ့ စေတနာကို နားလည်ပေးနိုင်တဲ့ သူတွေ ရှိနေသေးတယ်...။"

"ဒီ အစားအသောက် ပို့တဲ့လူက ငါ့ရဲ့ ဒဿနကို သဘောကျသွားပြီ…။ အခု သူက ငါ့ကို မှတ်ထားချင်လို့ ငါ့နာမည်ကို မေးနေပြီ...။"

ထိုသို့ ပြောဆိုရင်း အရည်အသွေးမြင့် ပညာတတ် ဆိုသူက သူ၏ နက်ခ်တိုင်ကို ဆွဲဆန့်ကာ လျန်ထျန်း အား ပြောလိုက်လေသည်။

"ငါ့နာမည် လျူရှင်းဟိုင် လို့ ခေါ်တယ်… ။ မင်းက စိတ်လှုပ်ရှားသွားနိုင်တယ် ဆိုတော့ မင်းအတွက် မျှော်လင့်ချက် ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ...။"

"မင်းတို့လို လူငယ်တွေက အစားအသောက် လိုက်ပို့တာကို လျှော့ပြီး စက်ရုံတွေမှာ ပိုအလုပ်လုပ်သင့် တယ် အဲ့ဒါက ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်...။"

"ပြီးတော့…၊ လစာနည်းတဲ့ အလုပ်တွေမှာ အတွေ့အကြုံ ပိုယူတာ အကောင်းဆုံးပဲ…။ ကုန်ထုတ်လုပ်ငန်း က အလုပ်သမားတွေရဲ့ လစာကို ဘယ်တော့မှ မတိုးပေးသင့်ဘူး…။ ဘာလို့လဲဆိုတော့ လစာနည်းတာက ငါတို့ရဲ့ အားသာချက်ပဲ...။"

"မင်းကိုယ်မင်း ဝင်ငွေရဖို့ တစ်ခုတည်းကိုပဲ တွေးနေလို့ မရဘူး….။ ဒါက တစ်ကိုယ်ကောင်းဆန်တာပဲ အခု မင်း နားလည်သွားပြီ မဟုတ်လား...။"

ချက်ချင်းပင် လျူရှင်းဟိုင်သည် လူအများရှေ့တွင် သူ၏ ယုံကြည်မှုကို ပြန်လည် ရရှိသွားပြီး ဒေါသတ ကြီးဖြင့် ပြောလိုက်လေသည်၊

"ညည်းတွားဖို့လောက်ပဲ သိပြီး ကျွမ်းကျင်သူတွေရဲ့ စကားကို နားမထောင်ချင်တဲ့ အသိဉာဏ်ကင်းမဲ့တဲ့ လူအုပ်ကြီး..။ မင်းတို့မှာ ပိုက်ဆံမရှိလို့ အိမ်မဝယ်နိုင်ရင် အိမ်ဈေးတွေ ကြီးတာကို မအပြစ်တင်နဲ့ ကိုယ့် ပြဿနာကို ကိုယ် အရင် စဉ်းစားသင့်တယ်...။"

"ငါ ပြောချင်တာ ဒါပဲ…။ ကျန်တာ မင်းတို့ဘာသာ စဉ်းစားကြတော့….။ ဒီအစားအသောက်ပို့တဲ့သူလို တစ်နေ့ကျရင် မင်းတို့အားလုံး ရုတ်တရက် သဘောပေါက် နားလည်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်...။"

လျူရှင်းဟိုင်သည် သူ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခံစားရပြီး ထွက်ခွာရန် အချိန်ကျပြီဟု ထင်မှတ်နေစဉ်မှာပင်။

လျန်ထျန်းက သူ့ကို ထပ်မံ၍ ဆွဲကိုင်ထားလိုက်လေသည်။

လျူရှင်းဟိုင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ပြုံးကာ ပြောလိုက်လေသည်။

"မင်း ငါ့လက်မှတ် လိုချင်လို့ မဟုတ်လား…။ ကောင်းပြီ ရော့...။"

ထိုသို့ပြောပြီးနောက် လျူရှင်းဟိုင်က သူ၏ လက်ဆွဲအိတ်ထဲမှ စက္ကူနှင့် ဘောပင်ကို ထုတ်ကာ သူ၏ နာမည်ကို အလျင်အမြန် လက်မှတ်ရေးထိုးပြီး လျန်ထျန်းအား လှပသော ဟန်ပန်ဖြင့် ကမ်းပေးလိုက် လေသည်။

လျန်ထျန်းကလည်း ၎င်းကို လက်ခံယူလိုက်သော်လည်း ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်လေသည်။

"ဟယ်လို ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနကလား…။ ကျွန်တော်က ကုမ္ပဏီ ရဲ့ ရှယ်ယာရှင် လျန်ထျန်းပါ...။"

"မကြာသေးခင်ကမှ ခင်ဗျားတို့ လျူရှင်းဟိုင် ဆိုတဲ့ ဝန်ထမ်းတစ်ယောက်ကို အလုပ်ခန့်လိုက်တယ် မဟုတ်လား…။ သူ့ကို အင်တာဗျူးလုပ်ပြီး အလုပ်ခန့်စာ ပေးလိုက်တဲ့ HR က ဘယ်သူလဲ အဲ့ဒီလူကို အလုပ်က ထုတ်ပစ်လိုက်...။"

"ဟုတ်တယ် ချက်ချင်း ထုတ်ပစ်လိုက်…။ ပြီးတော့ လျူရှင်းဟိုင်ကိုလည်း ထုတ်ပစ်လိုက်...။"

"ဘာ...၊ ဘာလို့လဲလို့ မေးနေတာလား …။ ခင်ဗျားက လူ့စွမ်းအားအရင်းအမြစ် ဌာနကို တာဝန်ယူထားတဲ့ ဒုတိယ အထွေထွေမန်နေဂျာ မဟုတ်လား...။"

"ခင်ဗျားတို့ ကုမ္ပဏီက ဘယ်လိုလူမျိုးတွေကို အလုပ်ခန့်ထားလဲဆိုတာ ခင်ဗျား လုံးဝ မသိဘူးလား…။ ပြီးတော့ ဒီလူက တစ်နှစ်ကို လစာ ယွမ်တစ်ယွမ်ရတဲ့ လစာမြင့် ဝန်ထမ်းတစ်ယောက်လေ...။"

"ခင်ဗျားရဲ့ အလုပ်လုပ်နိုင်စွမ်းအရ ခင်ဗျားကို ရာထူး သုံးဆင့် ချလိုက်တယ်…။ အခြေခံအဆင့်ကနေ ပြန်ပြီး လေ့ကျင့်သင်ကြားမှုတွေ ယူလိုက်ပါ…။ နောက်တစ်ခါ ထပ်မှားရင်တော့ အလုပ်ကနေ အထုတ် ခံရလိမ့်မယ်...။"

ထိုသို့ပြောပြီးနောက် လျန်ထျန်းက ဖုန်းကို ဒေါသတကြီး ချလိုက်လေသည်။

သူ၏ စကားများကို ကြားပြီးနောက် ထိုနေရာရှိ လူအားလုံးမှာ မှင်တက်သွားကြလေသည်။

အထူးသဖြင့် လျူရှင်းဟိုင်မှာ အချိန်အတန်ကြာမှ အသက်ရှူနိုင်တော့ပြီး ထစ်အကာ မေးလိုက်လေ သည်။

"မင်း... မင်း..၊ အခုလေးတင် ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဒုတိယ အထွေ ထွေမန်နေဂျာကို ဖုန်းဆက်လိုက်တာလား...။"

လျန်ထျန်းက ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်..."

လျူရှင်းဟိုင်က ထပ်မေးလိုက်လေသည်။

"ပြီးတော့ မင်းက ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်လို့ ပြောလိုက်သေးတယ်...။"

လျန်ထျန်းက ထပ်မံ၍ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်...။"

နောက်တစ်စက္ကန့်တွင် လျူရှင်းဟိုင်က ရယ်မောလိုက်လေသည်။

"ဟေ့ကောင် အဲ့ဒီလိုမျိုး ကြွားရတာ မဟုတ်ဘူးကွ...။"

"မင်းရဲ့ အစားအသောက်ပို့တဲ့ ဝတ်စုံကိုလည်း ကြည့်ဦး…။ မင်းသာ ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်ဆိုရင် ငါက ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဋ္ဌပဲ...။"

"ပြီးတော့…၊ မင်းက ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင် အသေးစားလေး ဖြစ်နေရင်တောင်မှ ငါ့ကို ဘာမှလုပ်လို့ မရဘူး…။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဒုတိယဦးလေးက ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဒုတိယ အထွေထွေမန်နေဂျာလေ...။"

"ဒါကြောင့် စောစောက မင်း ဖုန်းပြောသလိုလိုနဲ့ သရုပ်ဆောင်သွားတာက အစစ်နဲ့တွေ့ပြီး ပွဲပျက်သွားပြီ ဟားဟားဟား...။"

All Chapters