အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇)
ကျွမ်းကျင်ပညာရှင်များ၏ အမြင်များ ၊ မိမိ မလိုလားအပ်သော အရာကို
ပြုလုပ်ပါ
လျူရှင်းဟိုင် အောင်ပွဲခံ၍ အပျော်ဆုံး အချိန်လေးမှာပင် သူ၏ ဖုန်းမြည်လာခဲ့လေသည်။
လျူရှင်းဟိုင်က သူ၏ ဖုန်းကို ထုတ်ကာ ခေါ်ဆိုသူ၏ အမည်ကို ကြည့်လိုက်သည်။ ထို့နောက် အဆက် မပြတ် ရယ်မောလျက် ဖုန်းကို အလျင်အမြန် ကိုင်လိုက်လေသည်။
"ဒုတိယဦးလေး စောစောက အရမ်း ရယ်ရတဲ့ ကိစ္စတစ်ခု ဖြစ်သွားတယ်…။ အစားအသောက် ပို့တဲ့လူ တစ်ယောက်က ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်ပါ ဆိုပြီး ပြောနေတယ်...။"
"ပြီးတော့ ခုလေးတင် သူက ဖုန်းဆက်သလိုလိုနဲ့ ဦးလေးဆီကို ဖုန်းဆက်ပြီး ကျွန်တော့်ကို အလုပ်ထုတ် ခိုင်းနေတယ်…။ ဘယ်လောက်တောင် ရယ်ရလဲ...။"
သို့သော် လျူရှင်းဟိုင် စကားပြော၍ မဆုံးမီမှာပင် ဖုန်း၏ အခြားတစ်ဖက်မှ ဒေါသတကြီး ကျိန်ဆဲသံ များကြောင့် စကားစ ဖြတ်တောက်ခံလိုက်ရလေသည်။
"မင်းကတော့ကွာ..။ အဲ့ဒီလူက ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ တကယ့် ရှယ်ယာရှင် အစစ်ကွ…။ ပြီးတော့ ရှယ်ယာရှင်ကြီးပဲ….။ ဥက္ကဋ္ဌထက်တောင် အာဏာပိုရှိသေးတယ်...။"
"အခု မင်း အလုပ်ထုတ်ခံရရုံတင် မကဘူး…။ မင်းကြောင့် ငါလည်း ရာထူး သုံးဆင့် အချခံလိုက်ရပြီ…။ မင်းကတော့ ငါ့ဘဝကို တကယ် ဖျက်ဆီးလိုက်တာပဲ...။"
ဤစကားကို ကြားသောအခါ လျူရှင်းဟိုင်မှာ မှင်တက်သွားလေတော့သည်။
"ဟင် ဘယ်...၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ သူက အစားအသောက် ပို့တဲ့လူ တစ်ယောက်ပါ...။"
ထိုသို့ ပြောဆိုရင်း လျူရှင်းဟိုင်သည် လျန်ထျန်းအား ထပ်မံ၍ ကြည့်လိုက်လေသည်။ သူ့ရှေ့ရှိ အစား အသောက်ပို့သည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးသည် ကျင်းတ အိမ်ခြံမြေလုပ်ငန်း၏ ရှယ်ယာရှင်ကြီး တစ်ဦး ဖြစ်နေမည်ဟု သူ လုံးဝ မယုံကြည်နိုင်သေးပေ။
"ဘယ်လိုပဲဖြစ်ဖြစ် မင်း အလုပ်လာဆင်းစရာ မလိုတော့ဘူး….။ မင်းရဲ့ တစ်နှစ် ယွမ်တစ်ယွမ် လစာ လည်း ပျောက်သွားပြီ…။ ဟူး… မင်းလို ကံဆိုးတဲ့ တူတစ်ယောက်ကို ငါ ဘယ်လိုလုပ်ပြီး ရလာရတာ လဲကွာ...။"
ဖုန်း၏ အခြားတစ်ဖက်တွင် သူ၏ ဒုတိယဦးလေးက ကျိန်ဆဲပြီးနောက် ဖုန်းချသွားခဲ့ရာ လျူရှင်းဟိုင်မှာ လက်တွေ့ကို လက်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
"ဂွပ်... "
ဖုန်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် အရည်အသွေးမြင့် ပညာတတ်နှင့် အနာဂတ်၏ ကျွမ်းကျင် ပညာရှင် ဆိုသူ လျူရှင်းဟိုင်မှာ ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရလေသည်။
သူသည် လျန်ထျန်းရှေ့တွင် ဒူးထောက်ချလိုက်ပြီးနောက် လျန်ထျန်း၏ ခြေထောက်ကို ဖက်ထားလိုက် လေသည်။
"မစ္စတာလျန်….၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်မထုတ်ပါနဲ့ဗျာ…။ တစ်နှစ်ကို လစာ ယွမ်တစ်ယွမ်ပဲ ရတဲ့ ဒီအလုပ်လေး မရှိရင် ကျွန်တော် အသက်ရှင်လို့ မရတော့ပါဘူး...။"
"ကျွန်တော့် မိသားစုက အိမ်အများကြီး ဝယ်ဖို့ ချေးငွေတွေ ယူထားခဲ့ပါတယ်…။ မူလက အိမ်ဈေးတွေ တက်လာမှ အားလုံးကို ပြန်ရောင်းပြီး ချမ်းသာဖို့ စီစဉ်ထားခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အိမ်ဈေး တွေက တကယ်ပဲ ကျသွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ...။"
"အခု ကျွန်တော်တို့ မိသားစုက လစဉ် အိမ်ဝယ်ချေးငွေ ဆပ်ရုံတင် မကဘူး…။ ဘဏ်ကနေ အိမ်တန်ဖိုး က ချေးငွေတန်ဖိုးထက် နိမ့်သွားလို့ ချေးငွေကို အပြည့်အဝ ဆပ်ဖို့ မကြာခဏ ဖုန်းဆက်နေပါတယ်...။"
"ဒါပေမဲ့ ကျွန်တော်တို့ မိသားစုမှာ တကယ် ပိုက်ဆံ မရှိတော့ပါဘူး...။"
"အခု အိမ်ကို ရောင်းမယ်ဆိုရင်တောင် ရလာတဲ့ ပိုက်ဆံက ချေးငွေဆပ်ဖို့ မလောက်ပါဘူး…။ ရောင်းရ လေ အရှုံးပေါ်လေပါပဲ…။ ပြီးတော့ အိမ်ကို ဈေးကြီးကြီးနဲ့ ရောင်းမယ်ဆိုရင်လည်း ရောင်းလို့ မရပါ ဘူး...။"
"ကျေးဇူးပြုပြီး… ကျွန်တော့်ကို ကူညီပါ…။ အနာဂတ်မှာ အိမ်ဈေးတွေ ဆက်တက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီကာလကို ကျော်ဖြတ်နိုင်ရင် မျှော်လင့်ချက် ရှိပါသေးတယ်...။"
လျန်ထျန်းက အသည်းအသန် တောင်းပန်နေသော လျူရှင်းဟိုင်ကို ငုံ့ကြည့်ကာ မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်လေသည်။
"မင်း အလုပ်ထုတ် မခံရအောင် လုပ်လို့ရပါတယ်...။"
ထိုစကားကို ကြားသောအခါ လျူရှင်းဟိုင်က ချက်ချင်း ခေါင်းမော့လာပြီး သူ၏ မျက်နှာပေါ်တွင် အံ့သြ ဝမ်းသာမှုများ ပြည့်နှက်သွားခဲ့လေသည်။
"တကယ်လား...။"
လျန်ထျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။
"သေချာတာပေါ့…။ တကယ်ပဲ…၊ ဒါပေမဲ့...။"
သူက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စကားစကို ပြောင်းလိုက်လေသည်။
"စောစောက မင်းပြောခဲ့တာ လူငယ်တွေက လစာများတဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး အတွေ့အကြုံ ပိုရဖို့ လစာနည်းတဲ့ နေရာတွေမှာ အလုပ်လုပ်ရင်း လူ့အဖွဲ့အစည်းကို ပိုအကျိုးပြုသင့်တယ်ဆို...။"
"ဒါကြောင့် မင်းကို ကုမ္ပဏီရဲ့ သန့်ရှင်းရေး ဌာနမှာ ထားဖို့ ငါ ဆုံးဖြတ်လိုက်တယ်…။ အဲ့ဒီမှာ မင်းက နေ့တိုင်း အိမ်သာတွေ ဘာတွေ ဆေးကြောရမယ်…။ မင်းကို လစာ ငါးပြား ပေးမယ်...။"
ကမ္ဘာ့ကုန်ဈေးနှုန်းများ မကျဆင်းမီက ငါးပြားမှာ ယွမ် ငါးသောင်းနှင့် ညီမျှပြီး ဤသည်မှာ သာမန်လူ အများစု၏ ပျမ်းမျှဝင်ငွေ ဖြစ်လေသည်။
သို့သော် ဤစကားကို ကြားပြီးနောက် လျူရှင်းဟိုင်၏ မျက်နှာမှာ ချက်ချင်းပင် ရုပ်ဆိုးသွားပြီး ဒေါသတ ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ဒီလောက် နည်းပါးတဲ့ လစာနဲ့ မင်းက တကယ့် သွေးစုပ်ဖုတ်ကောင်ပဲ…။ မင်းလို ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ သူဌေးမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ...။"
"ဒီလောက် နည်းတဲ့ ပိုက်ဆံလေးနဲ့ ငါ့ရဲ့ လစဉ် အိမ်ဝယ်ချေးငွေ ဆပ်ဖို့တောင် မလောက်ဘူး…။ အတိုး ဆပ်ဖို့တောင် မလောက်ဘူး...။"
လျန်ထျန်းက ပခုံးတွန့်ကာ ပြောလိုက်လေသည်၊
"ဒါပေမဲ့ ကုမ္ပဏီတွေက အလုပ်သမားတွေရဲ့ လစာကို ဘယ်တော့မှ မတိုးပေးသင့်ဘူး…။ လစာနည်းတာ က ငါတို့ရဲ့ အားသာချက်ပဲလို့ မင်းပဲ ပြောခဲ့တာလေ...။"
"မင်းကိုယ်မင်း ဝင်ငွေရဖို့ တစ်ခုတည်းကိုပဲ တွေးနေလို့ မရဘူး….။ ဒါက တစ်ကိုယ်ကောင်းဆန်တာပဲ…။ မင်းမှာ ပိုက်ဆံမရှိလို့ အိမ်ဝယ်ချေးငွေ မဆပ်နိုင်ရင် ကိုယ့်ပြဿနာကို ကိုယ်ပဲ စဉ်းစားသင့်တယ်...။"
"တခြားသူတွေ အကြောင်းကိုတော့ အလွယ်တကူ ပြောနိုင်ပြီး မင်းအလှည့်ကျမှ ဘာလို့ လက်မခံနိုင်ရ တာလဲ...။"
လျူရှင်းဟိုင်မှာ စကားပြန်မပြောနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ဝမ်းနည်းပက်လက် ငိုကြွေး လေတော့သည်။ သူ၏ အဆင့်မြင့် ကျွမ်းကျင်ပညာရှင် စကားများမှာ ယခုအချိန်တွင် သူ့အတွက် မည် သည့် အကျိုးသက်ရောက်မှုမျှ မရှိတော့ပေ။
လျန်ထျန်းက သူ့ကို ဂရုမစိုက်တော့ဘဲ ဆေးထိုးရန်နှင့် ဆေးရုံသွားရန် ငြင်းဆန်နေဆဲဖြစ်သော အစား အသောက် ပို့ဆောင်သူ လူငယ်လေးထံသို့ သွားလိုက်လေသည်။
"မြန်မြန် ဆရာဝန်စကားကို နားထောင်ပြီး ဆေးထိုးလိုက်…။ ပြီးတော့ ဆေးရုံကို သွား...။"
အစားအသောက် ပို့ဆောင်သူ လူငယ်လေးက လျန်ထျန်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေဆဲ ဖြစ်လေသည်။
"ဒါပေမဲ့... ဆေးရုံသွားရင် ပိုက်ဆံ အများကြီး ကုန်လိမ့်မယ်…။ ပြီးတော့ အမှာစာ နောက်ကျလို့ တိုင်ကြားခံရရင် ဒဏ်ကြေးတွေ အများကြီး အဖြတ်ခံရလိမ့်မယ်...။"
"အရာအားလုံးကို ခြုံငုံကြည့်ရင်…၊ ဒီလ တစ်လလုံး ငါ အလကား အလုပ်လုပ်လိုက်ရသလို ဖြစ်သွား ပြီ..။ ငါ့မှာ ဆပ်ရမယ့် အိမ်ဝယ်ချေးငွေ ရှိတယ်…။ ပြီးတော့ အိမ်မှာလည်း နို့မှုန့်ဝယ်ဖို့ စောင့်နေတဲ့ ကလေး ရှိသေးတယ်….။ ငါ... ငါ...။"
လျန်ထျန်းက သူ၏ဖုန်းကို ထုတ်ကာ စကားဖြတ်ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ငွေလက်ခံဖို့ QR ကုဒ်ကို ပြပေးပါ...။"
"ဟင်..."
အစားအသောက် ပို့ဆောင်သူ လူငယ်လေးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။
"ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ…။ အချိန်မဖြုန်းပါနဲ့…၊ ငါ မင်းအစား အမှာစာတွေ သွားပို့ပေးရဦးမှာ...။" ဟု လျန်ထျန်းက တိုက်တွန်းလိုက်လေသည်။
အစားအသောက် ပို့ဆောင်သူ လူငယ်လေးမှာ ဇဝေဇဝါ ဖြစ်နေဆဲဖြင့် ငွေပေးချေမှု QR ကုဒ်ကို ထုတ်ပြလိုက်ရာ လျန်ထျန်းက စကင်ဖတ်လိုက်လေသည်။
[တင်... သင့် အလီပေ အကောင့်ထဲသို့ ငွေတစ်ပြား ဝင်ရောက်လာပါပြီ...။]
ငွေပေးချေမှု အသိပေးချက်ကို ကြားသောအခါ အစားအသောက် ပို့ဆောင်သူ လူငယ်လေးမှာ အံ့သြ တုန်လှုပ်သွားလေသည်။ အကြောင်းမှာ ယနေ့ခေတ် ငွေတစ်ပြားသည် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆ တစ်သန်း မကျဆင်းမီ လွန်ခဲ့သော ကာလကဆိုလျှင် ယွမ် ၁ သိန်းနှင့် ညီမျှသည်ကို နားလည်ထားရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လျန်ထျန်းက ပြောလိုက်လေသည်။
"ဒီပိုက်ဆံနဲ့ဆို မင်း ဆေးရုံကို စိတ်ပူစရာမလိုဘဲ သွားလို့ရပြီ…။ အရင်ဆုံး ကျန်းမာရေး ပြန်ကောင်း အောင်သာ အာရုံစိုက်လိုက်ပါ...။"
"ကျန်းမာရေးက အရေးကြီးဆုံးပဲ…။ မင်းသာ ဖျားနာသွားရင် မင်းမိသားစုနဲ့ နို့မှုန့်လိုနေသေးတဲ့ မင်းရဲ့ ကလေးကို ဘယ်သူက စောင့်ရှောက်ပေးမှာလဲ...။"
ထိုသို့ ပြောဆိုနေစဉ် လျန်ထျန်းက အစားအသောက် ပို့ဆောင်သူ လူငယ်လေး၏ အမှာစာ အချို့ကို သူ၏ ကိုယ်ပိုင် အစားအသောက်ပို့ သေတ္တာထဲသို့ ထည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
"ဒီအမှာစာတွေအတွက် စိတ်မပူနဲ့ မင်းအစား အချိန်မီ ရောက်အောင် ပို့ပေးလိုက်မယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သူ လူငယ်လေး၏ ဖုန်းတွင် ဓာတ်ပုံ ရိုက်ထားသော ပို့ဆောင်ရမည့် နေရာများဆီသို့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ သူ၏ လျှပ်စစ်စကူတာလေး ထောင့်ချိုးတစ်ခုတွင် ပျောက်ကွယ်သွားမှသာ လူတိုင်းမှာ ဘာတွေဖြစ်သွားခဲ့ သလဲ ဆိုသည်ကို တဖြည်းဖြည်း သဘောပေါက်လာကြလေတော့သည်။
"အဲ့ဒီ... အဲ့ဒီလူက တကယ်ပဲ ကျင်းတ အိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်ကြီးလား…။ ပြီးတော့ တကယ်ပဲ အစားအသောက် ပို့တဲ့လူလား...။"
"ဘုရားရေ…။ ဒီလောက် ချမ်းသာတဲ့လူက အစားအသောက် လိုက်ပို့ရင်း ငါတို့လို သာမန်လူတွေရဲ့ ဘဝကို ခံစားနေတာ မယုံနိုင်စရာပဲ...။"
"ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ဦး…။ ဒါက ဟန်ဆောင်တာ သက်သက်တော့ မဖြစ်နိုင်ဘူး…။ တကယ်ကို လက်တွေ့ကျပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်...။"
"စောစောက ငါပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းပါတယ်…။ ဒီလို ရှယ်ယာရှင်ကြီးမျိုး ရှိနေမှတော့ ကျင်းတ အိမ်ခြံမြေလုပ်ငန်းက တော်တော်လေး ကောင်းမှာ သေချာတယ်….။ ငါ အိမ်စရန်ပေးဖို့ ပိုက်ဆံ အလုံအလောက် စုမိတာနဲ့ ကျင်းတ အိမ်ခြံမြေလုပ်ငန်းဆီကပဲ အိမ်ဝယ်တော့မယ်...။"
"ဟုတ်တယ် ငါလည်း ယုံကြည်တယ်…။ ပိုးမွှား အနည်းငယ်ကသာ ဆိုးယုတ်တာပါ…။ အခုဆိုရင် သူတို့ လည်း ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့ အကျိုးကို ခံစားရပြီပဲ...။"
ထိုသို့ ပြောဆိုနေစဉ် လူအများက ကြမ်းပြင်ပေါ်တွင် ထိုင်ငိုနေဆဲဖြစ်သော လျူရှင်းဟိုင်ကို ကြည့်လိုက် ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို သနားခြင်း မရှိကြပေ။
အခြားတစ်ဖက်တွင်မူ တစ်ကြိမ်တည်းဖြင့် အစားအသောက် အမှာစာများ အားလုံးကို ပို့ဆောင်ပြီး နောက် လျန်ထျန်းသည် မယုံနိုင်လောက်အောင် ရေဆာနေခဲ့လေသည်။ သို့သော် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနီးအနားတွင် ရေဝယ်စရာ နေရာ တစ်ခုမျှ မရှိပေ။
လမ်းဆုံ အတော်များများကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် အောက်ဘက်၌ ရေခဲသေတ္တာ တစ်လုံးရှိသော တဲငယ်လေး တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ အနီးကပ် သွားရောက်ကြည့်ရှုလိုက် သောအခါ ထိုနေရာတွင် ရေခဲသေတ္တာ တစ်လုံးတည်းသာ ရှိပြီး စောင့်ကြည့်သူ မရှိဘဲ စာလုံးကြီး အနည်းငယ် ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားကြောင်း တွေ့လိုက်ရလေသည်။
[စေတနာရေခဲသေတ္တာ..၊ အခမဲ့ သုံးဆောင်နိုင်ပါသည်...။]
အခန်း (၁၁၈)
စေတနာရေခဲသေတ္တာအတွင်းမှ ရေများကို ခိုးယူသည့် ဒေါ်ကြီး
လျန်ထျန်းသည် ရေကို သောက်သုံးလိုက်သည့် ခဏ၌ စိတ်နှလုံးအတွင်း ကြည်နူးမှုများ ပြည့်လျှံသွား လေသည်။
လမ်းသွားလမ်းလာ သန့်ရှင်းရေး အလုပ်သမားများ၊ အစားအသောက် ပို့ဆောင်သူများနှင့် အမြန်ချောပို့ သမားများမှာ စေတနာရေခဲသေတ္တာအတွင်းမှ ရေများကို ယူဆောင်သောက်သုံးကာ ကျေနပ်ပီတိဖြစ်နေ ကြသည်ကို မြင်ရသောအခါ ဤလောကကြီးတွင် လူကောင်းများစွာ ရှိနေသေးသည်ဟု သူ အမှန်တ ကယ် ခံစားလိုက်ရလေသည်။
ယခင်က တွေ့ဆုံခဲ့ဖူးသည့် အစားအသောက် ပို့ဆောင်သူ လူငယ်လေးကို သူ ပြန်လည် အမှတ်ရမိသည်။ အကယ်၍ ထိုစဉ်ကသာ ထိုလူငယ်လေးသည် ဤကဲ့သို့ ကြင်နာမှုများ ပြည့်နှက်နေသည့် ရေခဲသေတ္တာ မျိုးနှင့် တွေ့ဆုံခဲ့ပါက အပူဒဏ်ကို အချိန်မီ ရှောင်ရှားနိုင်ပြီး အပူလျှပ်သည့် ဒုက္ခမှ ကင်းဝေးနိုင်ပေလိမ့် မည်။
ပြင်ပတွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင်နေရသည့် အလုပ်သမားများမှာ ရေဝယ်သောက်ရန် ငွေကြေး မတတ်နိုင်ကြသည်တော့ မဟုတ်ပေ။ သို့သော် အလုပ်များပြားလွန်းလှသောအခါ မိမိတို့၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရန် မေ့လျော့နေတတ်ကြပြီး ကျန်းမာရေး ထိခိုက်လာချိန်တွင်မူ နောက်ကျသွားလေ့ရှိပေသည်။
လျန်ထျန်းသည် ကိုယ်တိုင်လည်း ဤလောကထဲတွင် ရှိနေသူ ဖြစ်သဖြင့် သူတို့၏ ပင်ပန်းဆင်းရဲမှုများ ကို ကောင်းစွာ နားလည်လေသည်။
ထို့ကြောင့် သူသည် ဤနွေရာသီတွင် စေတနာရေခဲသေတ္တာများ ပိုမို ထားရှိကာ တတ်နိုင်သမျှ လူအများ အပြားကို ကူညီရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ယခင်က ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက လျန်ထျန်း၏ စွမ်းဆောင်ရည်မှာ ကန့်သတ် ချက် ရှိခဲ့သော်လည်း ယခုအခါတွင်မူ သူသည် အစားအသောက် ပို့ဆောင်ခြင်းမှ ရရှိသည့် တစ်ရက်စာ လုပ်အားခဖြင့်ပင် မြို့၏ လမ်းတိုင်း၌ စေတနာရေခဲသေတ္တာများ ထားရှိနိုင်ပြီ ဖြစ်ချေသည်။
စေတနာရေခဲသေတ္တာတိုင်းတွင်လည်း ဆိုင်းဘုတ်တစ်ခုကို ဤသို့ ရေးထိုးထားလေသည်။
"ပြင်ပ၌ ပင်ပန်းစွာ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများခင်ဗျား...။ သင်တို့၏ ကြိုးစားအား ထုတ်မှုအတွက် ကျေးဇူးတင်ရှိပါသည်။ သန့်ရှင်းရေး အလုပ်သမားများ၊ ဆောက်လုပ်ရေး အလုပ်သမား များ၊ အစားအသောက် ပို့ဆောင်သူများနှင့် အမြန်ချောပို့သမားများအနေဖြင့် ဤရေများကို အခမဲ့ ရယူ နိုင်ပါသည်။ အပူဒဏ်ကို ကြံ့ကြံ့ခံ၍ အလုပ်လုပ်ကိုင်နေကြသူများကို ဂုဏ်ပြုအပ်ပါသည်...။"
ရက်အနည်းငယ် ကြာပြီးနောက် လျန်ထျန်းသည် အမှာစာများ ပို့ဆောင်ရင်း စေတနာရေခဲသေတ္တာများ ကို ကြည့်ကာ များစွာ ပီတိဖြစ်နေမိလေသည်။ အထူးသဖြင့် လူအများက ရေကို သောက်သုံးရင်း ပျော်ရွှင်နေသည်ကို မြင်ရသည်မှာ သူ၏ စိတ်ကို ကြည်နူးစေခဲ့သည်ပင်။
သို့သော် တစ်ညတွင် လျန်ထျန်းသည် နောက်ဆုံးအမှာစာကို ပို့ဆောင်ပြီးချိန်၌ ည (၁၀) နာရီ ကျော်နေပြီ ဖြစ်သည်။
အိမ်အပြန်လမ်းတွင် သူသည် စေတနာရေခဲသေတ္တာ အများအပြားမှာ အလွတ်ဖြစ်နေသည်ကို တွေ့ လိုက်ရလေသည်။ အစားအသောက် ပို့ဆောင်သူများနှင့် သန့်ရှင်းရေး အလုပ်သမားများမှာ ရေလာယူ သော်လည်း ဗလာဖြစ်နေသည့် ရေခဲသေတ္တာကို မြင်ကာ စိတ်ပျက်စွာ လှည့်ပြန်သွားကြသည်ကို မြင် လိုက်ရလေသည်။
လျန်ထျန်းသည် များစွာ ဇဝေဇဝါ ဖြစ်သွားရသည်။
သူသည် ဤရေခဲသေတ္တာများကို စနစ်တကျ ထိန်းသိမ်းရန် ရွှီမြောင် ကုမ္ပဏီကိုပင် ဝယ်ယူထားခြင်း မဟုတ်ပါလား။ ထိုကုမ္ပဏီသည် တစ်နေ့လျှင် သုံးကြိမ်တိုင်တိုင် ရေများကို ဖြည့်တင်းပေးရန် တာဝန်ရှိ သဖြင့် ဤကဲ့သို့ တစ်ပြိုင်နက်တည်း ကုန်ခမ်းနေရန် အကြောင်းမရှိပေ။ ကုမ္ပဏီက အလုပ်ကို ပေါ့လျော့ နေခြင်းလောဟု သူ တွေးတောမိလိုက်လေသည်။
ထိုစဉ်တွင် လျှပ်စစ်သုံးဘီးဆိုင်ကယ် တစ်စီးပေါ်၌ ရေပုလင်းများနှင့် ဖျော်ရည်များ အပြည့်တင်ဆောင် ထားသည့် သက်ကြီးအမျိုးသမီးတစ်ဦးကို လမ်းရှေ့၌ တွေ့လိုက်ရလေသည်။
သူမသည် စေတနာရေခဲသေတ္တာရှေ့တွင် ဆိုင်ကယ်ကို ရပ်တန့်လိုက်ပြီးနောက် ရေခဲသေတ္တာအတွင်းမှ ရေများကို သူမ၏ ဆိုင်ကယ်ပေါ်သို့ ပြောင်းရွှေ့နေခဲ့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်ရသော လျန်ထျန်းမှာ မှင်တက်သွားပြီးနောက် အမြန်ရှေ့တက်ကာ မေးမြန်း လိုက်လေသည်။
"အဒေါ်...၊ အဒေါ်က ရွှီမြောင် ကုမ္ပဏီက ဝန်ထမ်းလား...။ ဘာလို့ ရေတွေကို အကုန် ထုတ်ယူနေတာ လဲ...။"
ရွှီမြောင် ကုမ္ပဏီမှာ လျန်ထျန်းက ရေခဲသေတ္တာများ ထိန်းသိမ်းရန်နှင့် ရေဖြည့်ရန် ဝယ်ယူထားသည့် ကုမ္ပဏီ ဖြစ်လေသည်။ ဤအမျိုးသမီးသည် ကုမ္ပဏီဝန်ထမ်း ဖြစ်နိုင်သလောဟု သူ သံသယဝင်မိခြင်း ဖြစ်သည်။
သို့သော် လျန်ထျန်း၏ မေးခွန်းကို ကြားသောအခါ ထိုအမျိုးသမီးက သူ့ကို စွေကြည့်ကာ မခန့်လေးစား ဖြင့် ပြန်ပြောလိုက်လေသည်။
"ဘာ ရွှီမြောင် ကုမ္ပဏီလဲ...။ ငါ တစ်ခါမှ မကြားဖူးဘူး...၊ ဒီမှာ အလကား ယူလို့ရတယ်လို့ ရေးထားလို့ ငါ လာယူတာပဲ...။ ဘာဖြစ်လို့လဲ...။"
ထိုစကားကို ကြားမှပင် လျန်ထျန်းသည် ဤအမျိုးသမီးမှာ ကုမ္ပဏီဝန်ထမ်း မဟုတ်ဘဲ အခွင့်အရေး သမား တစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရလေသည်။ လျန်ထျန်းသည် ဒေါသကို ထိန်းကာ လေသံကို ဖြည်းညင်းစွာဖြင့် ပြန်လည် ပြောဆိုလိုက်လေသည်။
"အဒေါ်... ဒီထဲက ရေတွေက အခမဲ့ဆိုတာ မှန်ပါတယ်...။ ဒါပေမဲ့ ကျန်တဲ့ စာတွေကိုရော အဒေါ် မမြင် ဘူးလား...။ ဒါက စေတနာရေခဲသေတ္တာပါ...၊ အဓိကကတော့ အပြင်မှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအတွက်...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ထိုအမျိုးသမီးက ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်တော့ လေသည်။
"မင်းလို နံစော်နေတဲ့ ပို့ဆောင်ရေးသမားက ငါ ရေယူတာကို ဘာဝင်ပြောစရာ လိုလို့လဲ...။ အပိုတွေ လာမလုပ်နဲ့...၊ မြန်မြန် ထွက်သွားစမ်း...။"
လျန်ထျန်း၏ ရင်ထဲ၌ ဒေါသတရားများ လှိုင်းထလာတော့သည်။
"အဒေါ်ပဲ ထွက်သွားရမှာ... ဒီစေတနာရေခဲသေတ္တာထဲက ရေတွေက အဒေါ်လို အခွင့်အရေးယူပြီး ပြန်ရောင်းစားမယ့်သူတွေအတွက် မဟုတ်ဘူး...။"
"အဒေါ်က အလုပ်သမား မဟုတ်ရင်တောင် လမ်းသွားရင်း ငတ်လို့ တစ်ပုလင်း၊ နှစ်ပုလင်း သောက်ရင် ဘယ်သူမှ ဘာမှ မပြောဘူး...။ ဒါပေမဲ့ အခုက အဒေါ် တကယ်ကို လွန်လွန်းတယ်...။ အဒေါ်က စေတနာ ပစ္စည်းတွေကို အကုန် ယူသွားတော့ တကယ် လိုအပ်တဲ့သူတွေ ဘယ်လိုလုပ်မလဲဆိုတာကိုရော စဉ်းစား ဖူးလား...။"
ထိုအမျိုးသမီးမှာ အနည်းငယ်မျှ နောင်တရခြင်း မရှိဘဲ ပို၍ပင် မောက်မာစွာ တုံ့ပြန်လိုက်လေသည်။
"တကယ် လိုအပ်တဲ့သူတွေလား...။ သူတို့ဘာသာ ဝယ်သောက်ပေါ့...။ ဪ... ငါ သိပြီ...။ မင်းလည်း အလကား ရေလိုချင်နေတာမလား...။ မင်းကလည်း ငါနဲ့ အတူတူပဲကို ငါ့ကို လာဆုံးမနေသေးတယ်...။"
"ဒါပေမဲ့ မင်း ကံဆိုးသွားပြီ...၊ ရေတွေက ငါ့လက်ထဲ အကုန် ရောက်ကုန်ပြီ...။ မင်း တကယ် လိုချင်ရင် တော့ ငါ့ဆီက ပိုက်ဆံပေးပြီး ဝယ်လိုက်လေ...။"
လျန်ထျန်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
"ဒါက ခိုးမှုဆိုတာ အဒေါ် သိလား...။ စေတနာရေခဲသေတ္တာထဲက ရေတွေကို ခိုးယူပြီး ပြန်ရောင်းဖို့ ကြံစည်နေတာပဲ...။ အဒေါ်လို အရှက်မရှိတဲ့သူမျိုး...။"
သို့သော် ထိုအမျိုးသမီးက လျန်ထျန်း၏ စကားကို ဖြတ်ပြောလိုက်ပြန်လေသည်။
"မင်းလို အောက်ခြေ ပို့ဆောင်ရေးသမားက ငါ့ကို လာသင်ပြနေစရာ မလိုဘူး...။ ခိုးတယ် ဟုတ်လား...၊ ရေပုလင်း အနည်းငယ် ယူတာကို ဘာတွေ လာခြောက်နေတာလဲ...။ မင်း အဲ့ဒီလို ပြောလေ ငါ ပိုယူလေ ပဲ...။ မင်းတို့လို ပို့ဆောင်ရေးသမားတွေ ရေငတ်သေတာကိုပဲ ငါ ကြည့်နေလိုက်မယ်...။"
ပြောပြီးနောက် ထိုအမျိုးသမီးသည် နောက်ဆုံးကျန်ရှိသည့် ရေပုလင်းကိုပါ ဆိုင်ကယ်ပေါ် တင်ဆောင်၍ မောင်းနှင်ထွက်ခွာသွားတော့လေသည်။ လျန်ထျန်းသည် ဗလာဖြစ်ကျန်ခဲ့သည့် ရေခဲသေတ္တာကို ကြည့် ကာ လက်သီးကို တင်းတင်းဆုပ်ထားမိသော်လည်း သူ၏ ဆင်ခြင်တုံတရားဖြင့် မိမိကိုယ်ကို ထိန်းချုပ် လိုက်ရလေသည်။
အိမ်ပြန်ရောက်သောအခါ လျန်ထျန်းသည် အိပ်မပျော်နိုင်ဘဲ ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်ကို တွေးတောနေမိလေသည်။
ရဲတိုင်ရန်မှာလည်း ပမာဏမှာ အလွန်နည်းပါးသဖြင့် အာရုံစိုက်ခံရမည် မဟုတ်ပေ။ စေတနာရေခဲ သေတ္တာများကို ရုပ်သိမ်းလိုက်ရန် စဉ်းစားမိသော်လည်း ပင်ပန်းစွာ အလုပ်လုပ်နေကြသည့် အလုပ် သမားများကို ငဲ့ညှာသဖြင့် ထိုသို့ မလုပ်လိုပေ။
ရုတ်တရက် လျန်ထျန်း၏ ဦးနှောက်အတွင်း အကြံကောင်းတစ်ခု လျှပ်စစ်ကဲ့သို့ လက်ခနဲ ပေါ်လာလေ သည်။ နောက်တစ်နေ့တွင် သူသည် ရွှီမြောင် ကုမ္ပဏီကို ညွှန်ကြားချက်အသစ် ပေးလိုက်လေသည်။ စေတနာရေခဲသေတ္တာအတွင်းရှိ ရေများကို "ဖေးလီ" အမည်ရှိ သဘာဝ တွင်းထွက်ရေများဖြင့် ပြောင်း လဲ ဖြည့်တင်းရန် ဖြစ်သည်။
ကုန်ဈေးနှုန်းများ မကျဆင်းမီက ဤရေတစ်ပုလင်း၏ တန်ဖိုးမှာ ယွမ်တစ်ထောင်ခန့် ရှိခဲ့ပြီး ရေလောက ၏ "ရိုးလ်ရွိုက်စ်" ဟုပင် တင်စားရသည့် အဆင့်မြင့် ပစ္စည်းတစ်ခု ဖြစ်သည်။ ယခုအခါတွင်မူ ဤရေ တစ်ပုလင်းမှာ ပြားအနည်းငယ်သာ တန်ဖိုးရှိတော့သဖြင့် လျန်ထျန်းသည် တစ်ရက်စာ လုပ်အားခဖြင့် မြို့အနှံ့ရှိ စေတနာရေခဲသေတ္တာများကို "ဖေးလီ" ရေများဖြင့် ပြည့်နှက်သွားစေလိုက်လေသည်။