အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်နှင့် အဖွဲ့သားများသည် နန်ရှင်းနောက်မှ လိုက်ပါရင်း သစ်ပင်ခြောက်တောအုပ်ဆီသို့ တဖြည်းဖြည်း နီးကပ်လာကြ၏။
သစ်ပင်ခြောက်တောအုပ်ထဲသို့ ဝင်ရောက်လာသည်နှင့် မျှော်လင့်ထားသည့်အတိုင်းပင် မူလက ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မြူထူကြီးများ ပျောက်ကွယ်သွားပြီး လရောင်အောက်တွင် တောအုပ်တစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။
နန်ရှင်း ရှိနေသောကြောင့် ဖုတ်ကောင်များသည် သူတို့ကို ဝိုင်းရံထားသော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ ငြိမ်သက်နေကြ၏။ ရံဖန်ရံခါ စိမ်းဖန်ဖန် မီးတောက်များ တောက်လောင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်တတ်ကြသည်မှလွဲ၍ အန္တရာယ်မပြုကြချေ။
အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက် လင်းချန်၏ ခန့်မှန်းချက်အရ သူတို့သည် သစ်ပင်ခြောက်တောအုပ်၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှေ့ဆုံးမှ လမ်းပြနေသော နန်ရှင်းက ရပ်တန့်လိုက်သဖြင့် အနောက်မှ လိုက်ပါလာသော ဖုတ်ကောင်တပ်မတော်ကြီးသည်လည်း ရပ်တန့်သွားကြလေပြီ။
နန်ရှင်းက ဘာစကားမှ မဆိုဘဲ လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်စုံတစ်ခုကို တီးတိုး ရေရွတ်လိုက်၏။
ထိုအခါ သစ်ပင်ခြောက်များ၏ အောက်ခြေရှိ မြေကြီးများက အသက်ဝင်လာသကဲ့သို့ လှုပ်ခါလာကြသည်။ သစ်ပင်ခြောက်များ ဘေးသို့ ရွေ့လျားသွားပြီး မြေကြီးများ ကွဲအက်သွားကာ ကြီးမားနက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခု ပေါ်လာ၏။ ထိုတွင်းပေါက်ကြီးသည် အလွန်နက်ရှိုင်းပြီး အောက်ခြေတွင် မည်သည့်အရာ ရှိမှန်း မမြင်ရလောက်အောင် မဲမှောင်နေပေ။
လင်းချန်တစ်ယောက် တွင်းဝသို့ လျှောက်သွားပြီး လျှပ်စီးများ လက်နေသော မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များကို ဘောလုံးအသွင် စုစည်းကာ လက်ဝါးပေါ်တွင် တင်လိုက်သည်။ ထို့နောက် တွင်းထဲသို့ ပစ်ချလိုက်၏။
မိုးကြိုးဘောလုံးသည် တွင်းထဲသို့ ရောက်သွားသည်နှင့် အရွယ်အစား ကြီးမားလာပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ကာ တွင်းတစ်ခုလုံးကို လင်းထိန်သွားစေ၏။
တွင်းဝ၏ အောက်ဘက်တွင် မြေသားများဖြင့် ပြုလုပ်ထားသော လျှောစောက်လမ်းတစ်ခု ရှိနေပြီး ထိုလမ်းက မည်သည့်နေရာသို့ ဦးတည်သွားနေမှန်း မသိရချေ။
နန်ရှင်း၏ ဖြူဆွတ်နေသော မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီး သူက အသိပေးလိုက်သည်။ “တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်က အောက်ဘက်မှာ ရှိတယ်။ သွားကြစို့...”
ထိုအပြုံးက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေ။
လင်းချန်ကမူ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီးမှ ရုတ်တရက် လှမ်းတားလိုက်၏။ “ခဏလေး... မဆင်းခင် ကျွန်တော် ရှင်းစရာကိစ္စလေး တစ်ခု ရှိသေးတယ်...”
နန်ရှင်းက နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ “ဟင်...”
လင်းချန်သည် နောက်လှည့်လိုက်ပြီး လေချန်နှင့် အခြားသူများကို အထင်သေးသော မျက်နှာထားဖြင့် ကြည့်ကာ ကြိမ်းမောင်းလိုက်၏။ “မင်းတို့တွေ... သွားကြတော့။ ဒီရှေးဟောင်းဂိုဏ်းရဲ့ ရတနာသိုက်ကို မင်းတို့လိုကောင်တွေ လက်ဖျားနဲ့တောင် ထိခွင့်မရှိဘူး...”
လင်းချန်၏ စကားကြောင့် ရှင်းရှင်း၏ မျက်လုံးများ အရောင်တစ်ချက် လက်သွားပြီးနောက် ချက်ချင်းပင် အံ့အားသင့်သွားဟန် ဆောင်လိုက်သည်။
လေချန်နှင့် ကျန်လေးယောက်၏ မျက်နှာများ ပျက်ယွင်းသွားကြပြီး ခေါင်းဆောင်ဖြစ်သူ၏ စကားကြောင့် အံ့အားသင့်သွားကြလေပြီ။
လေချန်က အရင်ဆုံး ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။ “ခေါင်းဆောင်... ဒါက ဘာသဘောလဲ...”
တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့ကလည်း ဝင်ပြောရန် ပြင်လိုက်သော်လည်း လေချန်က ဦးအောင်ပြောလိုက်သဖြင့် ငြိမ်နေလိုက်ကြ၏။ ဘေးနားမှ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့သည်လည်း လက်ချင်းတင်းတင်း ဆုပ်ကိုင်ထားပြီး နှုတ်ဆိတ်နေကြ၏။
လင်းချန်သည် စိတ်မရှည်သလို လက်ကာပြပြီး နှင်ထုတ်လိုက်၏။ “ဂိုဏ်းတူတွေမို့လို့ မျက်နှာထောက်ပြီး မင်းတို့ကို အပျက်အစီးတွေကြားထဲ သွားပြီး အကြွင်းအကျန်တွေ လိုက်ကောက်ခွင့် ပြုလိုက်မယ်။ ဒီရတနာသိုက်ကိုတော့ စိတ်ကူးတောင် မယဉ်နဲ့...”
လေချန်က လင်းချန်အား လက်ညှိုးထိုးကာ စကားများ ဆို့နင့်သွားပြီး နောက်ဆုံးတွင် လက်လျှော့လိုက်သည့်အလား လက်နှစ်ဖက်ကို မြှောက်ကာ ညည်းတွားလိုက်သည်။ “မင်း... ခေါင်းဆောင်... ငါ မင်းကို အထင်ကြီးခဲ့မိတာ မှားသွားတယ်...”
ပြောပြီးသည်နှင့် လေချန်သည် လှည့်ထွက်သွားပြီး သူတို့လာသော လမ်းအတိုင်း ပြန်လျှောက်သွားကြလေပြီ။ နန်ရှင်းနှင့် သူ့ဖုတ်ကောင်တပ်ဖွဲ့ကလည်း တားဆီးခြင်း မပြုကြချေ။
တင်းကျစ်ရုံနှင့် အခြားသုံးယောက်သည်လည်း လေချန်နောက်မှ လိုက်ပါသွားကြပြီး ထွက်မသွားခင် လင်းချန်ကို မုန်းတီးရွံရှာသော အကြည့်များဖြင့် ကြည့်သွားကြ၏။
ထိုအဖြစ်အပျက်ကို ကြည့်ပြီး နန်ရှင်းက တိတ်တဆိတ် လှောင်ရယ်လိုက်သည်။ “ဒီကောင်လေးက ဒီလောက်ထိ လောဘကြီးပြီး ရက်စက်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး...”
ထို့နောက် နန်ရှင်းက လင်းချန်အနားသို့ ကပ်လာပြီး မေးလိုက်၏။ “ဘယ်လိုလဲ... သူတို့ကို ရှင်းပစ်ဖို့ ငါ့အကူအညီ လိုသေးလား...”
လင်းချန်က ငြင်းဆန်လိုက်သည်။ “မလိုပါဘူး။ ဘာပဲပြောပြော ဂိုဏ်းတူတွေပဲလေ။ သူတို့ကို ထွက်သွားခွင့် ပြုလိုက်ပါ...”
ထို့နောက် လင်းချန်က လေချန်တို့အဖွဲ့ ဖုတ်ကောင်များ၏ နယ်မြေမှ လွတ်ကင်းသွားသည်အထိ စောင့်ကြည့်လိုက်၏။ ပြီးနောက် တွင်းဝဘက်သို့ လှည့်ကာ တောင်းဆိုလိုက်သည်။ “ရှေ့ကနေ လမ်းပြပါ...”
နန်ရှင်းက ပြုံးပြီး ခေါင်းညိတ်ကာ ရှေ့မှ ဆင်းသွား၏။ လင်းချန်တစ်ယောက် ရှင်းရှင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နန်ရှင်းနောက်မှ လိုက်ပါသွားသည်။
လင်းချန်က အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရာ ဖုတ်ကောင်တပ်ဖွဲ့ကြီးက သူတို့နောက်မှ လိုက်ပါလာနေသည်ကို တွေ့လိုက်ရပေ။
တွင်းထဲမှ လျှောစောက်လမ်းအတိုင်း ဆင်းသွားစဉ် လင်းချန်ကမူ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို အလင်းရောင်ပေးထားလိုက်၏။
ထိုအချိန်တွင် လေချန်နှင့် အဖွဲ့သားများသည် ဖုတ်ကောင်များ၏ ရန်မှ လွတ်မြောက်လာပြီးနောက် အပျက်အစီးများရှိရာ နေရာသို့ ပြန်ရောက်သည်အထိ အသက်လုပြီး ပြေးလာကြလေပြီ။
လေချန်က ကျောက်ပြားခင်းလမ်းမပေါ်တွင် ရပ်ပြီး သူတို့လာခဲ့ရာ လမ်းဘက်သို့ ပြန်ကြည့်ကာ လေးနက်စွာ သုံးသပ်လိုက်၏။ “ဒီကိစ္စက ရိုးရိုးရှင်းရှင်း မဟုတ်လောက်ဘူး။ တစ်ခုခုတော့ မှားနေပြီ...”
တင်းကျစ်ရုံနှင့် အခြားသူများလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ခေါင်းဆောင်၏ အပြုအမူမှာ နန်ရှင်းအတွက် ပုံမှန်ဟု ထင်ရသော်လည်း လေချန်တို့အတွက်မူ လုံးဝ ပုံမှန်မဟုတ်ချေ။
လင်းချန်က လောဘဇောတိုက်နေသော လူစားမျိုး မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိကြ၏။
ဖီးနစ်နိဗ္ဗာန်ဆေးရည်လို တန်ဖိုးကြီးပစ္စည်းကိုတောင် မျှဝေပေးသူက ဤမျှလောက်လေးနှင့် စိတ်ဓာတ်ပြောင်းလဲသွားစရာ အကြောင်းမရှိပေ။
ထို့အပြင် နန်ရှင်း၏ ပုံစံကလည်း တကယ် ထူးဆန်းနေသည်။ လင်းချန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိပြီး သူတို့ကို ထွက်ပြေးစေရန် ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်း ဖြစ်မည်။
ထိုစဉ် ဝမ်လန်ရှင်းက အပျက်အစီးနေရာ၏ ဝင်ပေါက်ဘက်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်၏။ “ဒုက္ခပဲ... ဟိုမှာ ကြည့်လိုက်...”
လူတိုင်း ကြည့်လိုက်ကြရာ မျက်နှာများ ဖြူဆွတ်သွားကြလေပြီ။
ဝင်ပေါက်တွင် ဖုတ်ကောင် အများအပြား ပေါ်လာပြီး သူတို့ရှိရာသို့ ဦးတည်ပြေးဝင်လာနေကြသည်။
အနည်းဆုံး ဖုတ်ကောင် နှစ်ထောင်ခန့် ပြေးဝင်လာနေသည်ကို မြင်သောအခါ လေချန်က သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ချက်ချင်း ပြုလုပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်ရင်း ကျိန်ဆဲလိုက်၏။ “တောက်... ဒါ သေချာပေါက် ဟိုနန်ရှင်းကောင်ရဲ့ လက်ချက်ပဲ။ ငါထင်တဲ့အတိုင်း တစ်ခုခုတော့ မှားနေပြီ...”
ထိုအချိန်တွင် သူတို့အနောက်ဘက်မှ စစ်ချီသံများ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်တော့ သံချပ်ကာဝတ်စုံ ပြည့်စုံစွာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦး ဦးဆောင်သည့် စစ်သည်တပ်ဖွဲ့ကြီး တစ်ဖွဲ့က ပြေးဝင်လာရင်း အော်ဟစ်လိုက်ကြ၏။ “သတ်...”
ထိုစစ်သူကြီးမှာ ကျောက်လုံဖြစ်ပြီး နောက်ပါစစ်သည်များသည် လှံရှည်များကို ကိုင်ဆောင်ကာ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ပြီး ဖုတ်ကောင်များထံ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ကျောက်လုံ၏ တပ်ဖွဲ့နှင့် ဖုတ်ကောင်များ ထိပ်တိုက်တွေ့ဆုံသွားကြ၏။
လေချန်တို့အမြင်တွင် ကျောက်လုံ၏ တပ်ဖွဲ့သည် ထက်မြက်သော လှံသွားတစ်ခုအလား ဖုတ်ကောင်များကြားသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ရန်သူတပ်ဖွဲ့ကို ကစဉ့်ကလျား ဖြစ်သွားစေသည်။
လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြရင်း ရေရွတ်လိုက်ကြ၏။ “ဒါက...”
တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့က လေချန်အနားသို့ ကပ်လာပြီး မေးမြန်းလိုက်သည်။ “ဒါတွေက လင်းချန်ရဲ့ လူတွေလား...”
စစ်သည်အင်အား အများအပြားကို မြင်ဖူးသော လေချန်က ခေါင်းညိတ် အတည်ပြုလိုက်၏။ “ဟုတ်တယ်။ အကုန်လုံး ခေါင်းဆောင်ရဲ့ လူတွေပဲ...”
ခဏလောက် ကြောင်ကြည့်နေပြီးမှ လေချန် သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။ “ငါ နားလည်ပြီ။ ဘာလို့ ခေါင်းဆောင်က ငါတို့ကို ဒီနေရာ ပြန်လာခိုင်းလဲဆိုတာ။ သူ့လူတွေ ဒီမှာ ရှိနေလို့ကိုး...”
လင်းချန်က လေချန်တို့ကို မောင်းထုတ်လိုက်ခြင်းမှာ သစ်ပင်ခြောက်တောအုပ်ထဲမှ ထွက်ခွာသွားစေရန် မဟုတ်ဘဲ ဤနေရာသို့ ရောက်ရှိလာစေရန် ဖြစ်၏။ ကျောက်လုံနှင့် စစ်သည်များ ဤနေရာတွင် ရှိနေကြောင်း လင်းချန် သိနေပုံရပေ။
တင်းကျစ်ရုံက သိုင်းဝိညာဉ်အသွင်ပြောင်းလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားရင်း လှမ်းအော်လိုက်၏။ “ဝင်ကူကြမယ်...”
လေချန်လည်း ခေါင်းညိတ်လိုက်ပြီး ခရမ်းရောင် လျှပ်စီးများ လွှမ်းခြုံကာ ဦးဆောင်တိုက်ခိုက်လိုက်လေပြီ။
တစ်ဖက်တွင် လင်းချန်တစ်ယောက် လျှောစောက်လမ်းအတိုင်း ဆင်းနေရင်း လေထဲတွင် လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးနားမှ ရှင်းရှင်းက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။ “ချန်လေး... ရှင် ဘာဖြစ်နေတာလဲ...”
လင်းချန်က ပြုံး၍ ဖြေဆိုလိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်၏။ “ဘာမှမဖြစ်ပါဘူး မိန်းရယ်။ အညောင်းပြေ အညာပြေ လှုပ်ရှားလိုက်တာပါ...”
လင်းချန်၏ မျက်လုံးထဲတွင် တခြားသူမမြင်ရသော နည်းဗျူဟာမှန်ပြင်တစ်ခု ပေါ်နေပေ။ လေချန်နှင့် ကျောက်လုံတို့ ပူးပေါင်းမိသွားပြီဖြစ်ကြောင်း လင်းချန် သိလိုက်သည်။
ရှေ့မှ လျှောက်သွားနေသော နန်ရှင်း၏ ကျောပြင်ကို ကြည့်ရင်း လင်းချန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
လင်းချန်က ခနဲ့သည့် အပြုံးဖြင့် တီးတိုး ရေရွတ်လိုက်သည်။ “နောက်ဆုံး ဘယ်သူက အသာစီးရမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန် တည်ငြိမ်စွာပင် နန်ရှင်းနောက်မှ လိုက်ပါရင်း မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ ဆင်းသွားလိုက်၏။ အောက်သို့ ရောက်လာသည်နှင့် လမ်းကြောင်းသည် ပိုမိုကျယ်ဝန်းလာပြီး တဖြည်းဖြည်း လင်းထိန်လာသည်။
အချိန်အတော်ကြာ လျှောက်လာပြီးနောက် လမ်းဆုံးသွားကာ ကျယ်ပြောလှသော နေရာတစ်ခုသို့ ရောက်ရှိသွားလေပြီ။ လင်းချန်၏ မျက်စိရှေ့၌ အလင်းရောင်များ စူးရှသွားပြီးနောက် မြင်ကွင်းက ရှင်းလင်းသွား၏။
ဘေးနားရှိ ယီစင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့ဩတကြီး ငေးမောကြည့်နေ၏။
သူတို့ရှေ့တွင် အဆုံးအစမမြင်ရလောက်အောင် ကျယ်ပြောလှသော မြေအောက်ခန်းမကြီးတစ်ခု ရှိနေသည်။
ခန်းမကြီး၏ ကြမ်းပြင်တစ်ခုလုံးကို ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထားပြီး ခန်းမဆောင်အများအပြားကို စီတန်းတည်ဆောက်ထား၏။
ခန်းမဆောင်တစ်ခုချင်းစီ၏ တံခါးများကို တင်းကျပ်စွာ ပိတ်ထားပြီး အကာအကွယ်အစီအရင် အထပ်ထပ်ဖြင့် ချိတ်ပိတ်ထားသည်။
နေရာတစ်ခုလုံးတွင် သဘာဝစွမ်းအင်များ အလွန်ကြွယ်ဝနေပြီး အဆောက်အအုံများပေါ်ရှိ အစီအရင်များက ထိုစွမ်းအင်များကို စုပ်ယူကာ လည်ပတ်နေကြ၏။
ခန်းမကြီးတစ်ခုလုံးမှာ အစီအရင်များမှ ထွက်ပေါ်နေသော အလင်းရောင်များဖြင့် လင်းထိန်နေသည်။
လင်းချန် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာကြက်တစ်ခုလုံးကို ရှုပ်ထွေးပွေလီသော အစီအရင်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရ၏။ ထိုအစီအရင်အတွင်း၌ အနက်ရောင်အငွေ့အသက်များ စီးဆင်းနေပြီး တစ်စုံတစ်ရာကို ဖိနှိပ်ထားပုံရသည်။
နန်ရှင်းက ကျောက်စိမ်းဖြူ ခန်းမဆောင်များကို လက်ညှိုးထိုးပြကာ လင်းချန်အား ရှင်းပြလိုက်သည်။ “ဒါက တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်ပဲ။ မင်းမြင်နေရတဲ့ ခန်းမဆောင်တစ်ခုချင်းစီတိုင်းမှာ ရတနာတွေ အပြည့်ရှိတယ်။ မူလလက်နက်၊ စိတ်ဝိညာဉ်ပစ္စည်း၊ ဆေးလုံး၊ ကျင့်စဉ်ကျမ်းစာအုပ်၊ စိတ်ဝိညာဉ်ကျောက်တုံး... စသဖြင့် အကုန်ရှိတယ်။ ပြောရရင် တန်ယွမ်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါး မင်းမျက်စိရှေ့မှာ ရောက်နေတာပဲ...”
လင်းချန်သည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး နန်ရှင်း၏ ပခုံးကိုပုတ်ကာ ကျယ်လောင်စွာ ကြွေးကြော်လိုက်၏။ “ဟားဟားဟား... စီနီယာက တကယ့် စည်းစိမ်ရှင်ကြီးပဲ။ ဒီရတနာတွေသာ ရလိုက်ရင် ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးကိုတောင် ကျုပ် လွှမ်းမိုးနိုင်လိမ့်မယ်...”
ထိုအချိန်၌ နန်ရှင်းအမြင်တွင် လင်းချန်မှာ ရတနာများကို မက်မောကာ လောဘဇောတိုက်နေသည့် လူငယ်တစ်ယောက်အဖြစ်သာ ရှိနေ၏။
နန်ရှင်းက စိတ်ထဲတွင် ကျိတ်ပြုံးကာ တွေးလိုက်သည်။ ‘ကောင်းတယ်။ ဒီလိုလူမျိုးက လှည့်စားရလွယ်သလို ထိန်းချုပ်ရတာလည်း လွယ်တယ်...’
လင်းချန်ကမူ နန်ရှင်းကို မသိမသာ လှောင်ပြောင်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ကာ ပခုံးပေါ်တင်ထားသော လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ ထို့နောက် မေးမြန်းလိုက်သည်။ “ဒါပေမဲ့ စီနီယာ... ဒီခန်းမဆောင်တွေကို အစီအရင်တွေနဲ့ ပိတ်ထားတာဆိုတော့ အတွင်းထဲက ရတနာတွေကို ဘယ်လိုလုပ် ယူလို့ရမှာလဲ။ ပြီးတော့ တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်က ဒီလောက်များတာ... ကျုပ်တစ်ယောက်တည်း ဘယ်လိုလုပ် သယ်သွားနိုင်မှာလဲ...”
လင်းချန်၏ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ နန်ရှင်းက နှစ်သိမ့်လိုက်သည်။ “မပူပါနဲ့။ ငါလမ်းညွှန်ပေးတဲ့အတိုင်း စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးလိုက်တာနဲ့ ဒီခန်းမဆောင်တွေပေါ်က အစီအရင်တွေလည်း အလိုလို ပျက်စီးသွားလိမ့်မယ်။ ဘယ်လိုသယ်ရမလဲဆိုတဲ့ ကိစ္စကတော့... စဉ်းစားကြည့်လေ။ တန်ယွမ်ဂိုဏ်းလို ဂိုဏ်းကြီးရဲ့ ရတနာသိုက်ထဲမှာ နေရာကျယ်ကျယ်ဆံ့တဲ့ သိုလှောင်ရေး စိတ်ဝိညာဉ်ပစ္စည်းတွေ မရှိဘဲ နေမလား။ အဲ့ဒီပစ္စည်းတွေ ရှာတွေ့ရင် ရတနာတွေကို အလွယ်တကူ သိမ်းသွားလို့ ရပြီပေါ့...”
နန်ရှင်း၏ စကားကို ကြားသောအခါ လင်းချန်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်၏။ “ဟုတ်သားပဲ... စီနီယာပြောတာ မှန်တယ်...”
ပြောပြီးသည်နှင့် လင်းချန်သည် ယီစင်းဘက်သို့ သွားကာ လက်ကလေးများကို ဆုပ်ကိုင်ပြီး အော်ဟစ်လိုက်သည်။ “မိန်း... ငါတို့ သူဌေးဖြစ်တော့မယ်ဟေ့...”
လင်းချန်က လက်ကို ဆုပ်ကိုင်ထားသဖြင့် ယီစင်း၏ မျက်လုံးများ၌ အရောင်တစ်ချက် လက်သွားပြီး ပြုံးကာ တုံ့ပြန်လိုက်၏။ “ဒါပေါ့...”
ထို့နောက် လင်းချန်က ယီစင်း၏ လက်ကို လွှတ်ပေးလိုက်ပြီး နန်ရှင်းဘက်သို့ လှည့်ကာ တောင်းဆိုလိုက်သည်။ “စီနီယာ... အစီအရင်ကို ဖျက်ဆီးဖို့ မြန်မြန်လမ်းပြပါတော့။ ခင်ဗျားကို အမြန်ဆုံး ကယ်ထုတ်ပေးပါရစေ...”
နန်ရှင်းက စိတ်ထဲတွင် နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။ ‘ဟမ်... ငါ့ကို ကယ်ထုတ်ချင်တာ ဟုတ်လို့လား။ ရတနာတွေကို လိုချင်လို့ မဟုတ်ဘူးလား...’
သို့သော် မျက်နှာပေါ်တွင်မူ ကျေးဇူးတင်ဟန်ဆောင်ပြီး ခေါင်းညိတ်ကာ ရှေ့မှ လမ်းပြလိုက်လေ၏။
နန်ရှင်း လှည့်ထွက်သွားရာ လင်းချန်သည် အပြုံးဖြင့် နောက်မှလိုက်ပါသွား၏။
ယီစင်းက ခြေလှမ်းနှစ်လှမ်းလောက် လျှောက်လိုက်ပြီး လက်ထဲမှ ပစ္စည်းတစ်ခုကို တိတ်တဆိတ် ကြည့်လိုက်သည်။ လက်ဝါးပေါ်တွင် ထူးဆန်းသော မှန်ပြင်သေးသေးလေးတစ်ခု ရှိနေ၏။
ထိုမှန်ပြင်ပေါ်၌ စာလုံးများ တစ်လုံးချင်းစီ ပေါ်လာကာ စာကြောင်းတစ်ကြောင်း ဖြစ်ပေါ်လာသည်။ “အရှင်မိဖုရားခေါင်ကြီး... မှန်ပြင်ကို အပေါ်ဘက်လှန်ပြီး ကြမ်းပြင်ပေါ် ချထားပေးပါ...”
ယီစင်း ရင်တုန်သွားပြီး မော့ကြည့်လိုက်ရာ လင်းချန်သည် နန်ရှင်းနှင့် အေးအေးဆေးဆေး စကားပြောနေကာ တစ်ဖက်လူ၏ အာရုံကို ဆွဲဆောင်ထားသည်ကို တွေ့လိုက်ရ၏။
အနောက်သို့ လှည့်ကြည့်လိုက်ရာ ဖုတ်ကောင်များသည်လည်း ရှေ့ကိုသာ ငေးကြောင်ကြောင် ကြည့်နေကြသည်။
ယီစင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး မှန်ပြင်လေးကို ဖြည်းညင်းစွာ လွှတ်ချလိုက်၏။ မှန်ပြင်လေးသည် ဂါဝန်စကို လျှောတိုက်ကာ ကြမ်းပြင်ပေါ်သို့ အသံမမြည်ဘဲ ကျရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် မှန်ပြင်လေးမှ ထူးဆန်းသော အရောင်များ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားသည်ကို ယီစင်း အံ့ဩစွာ မြင်တွေ့လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မှန်ပြင်လေးသည် ကျောက်စိမ်းဖြူကြမ်းပြင်ပေါ်မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုအံ့ဖွယ်မြင်ကွင်းကြောင့် ယီစင်း အနည်းငယ် မှင်တက်သွားပြီးမှ လင်းချန်နောက်သို့ အမြန်လိုက်သွားလေ၏။
ယီစင်း အမှီလိုက်လာသည်ကို မြင်သောအခါ လင်းချန်သည် နန်ရှင်းနှင့် ဆက်လက် စကားပြောနေလိုက်သည်။ ထိုစဉ် လင်းချန်၏ မျက်စိရှေ့၌သာ မြင်ရသည့် ကျူးကော့မင်ထံမှ စာတိုတစ်စောင် ပေါ်လာ၏။ “မိဖုရားခေါင်ကြီးက စောင့်ကြည့်မှန်ပြင်ကို ချထားပြီးပါပြီ။ ကျွန်တော်မျိုး အစီအရင်ကို စတင်ဖျက်ဆီးပါတော့မယ်...”
ထိုစာတိုကို ဖတ်ပြီးနောက် လင်းချန်က ယီစင်း၏ လက်ကို ဖွဖွလေး ပုတ်လိုက်ပြီး ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် နန်ရှင်းကို တန်ယွမ်ဂိုဏ်းအကြောင်း မေးမြန်းကာ ဆက်လက် စကားပြောနေလိုက်၏။
နန်ရှင်းက ရှေ့ကို လက်ညှိုးထိုးပြပြီး အသိပေးလိုက်သည်။ “ရောက်ပြီ...”
ယီစင်းက ရှေ့ကိုကြည့်ပြီး ပါးစပ်အုပ်ကာ အာမေဋိတ်သံ ပြုလိုက်၏။ “အာ...”
တန်ယွမ်ဂိုဏ်း ရတနာသိုက်၏ အလယ်ဗဟိုတွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်၌ ထူးဆန်းသော ဖုတ်ကောင်တစ်ကောင် ထိုင်နေသည်။
ထိုဖုတ်ကောင်တွင် ခရမ်းရောင်အသားအရည်နှင့် ငွေရောင်ဆံပင်များ ရှိပြီး ခေါင်းပေါ်၌ ဦးချိုများ ပါရှိ၏။ ဗလာကျင်းနေသော ခန္ဓာကိုယ်အပေါ်ပိုင်း၌ ရွှေရောင်ကနုတ်ကွက်များ ဖုံးလွှမ်းနေသည်။
ခန္ဓာကိုယ်သည် ပုပ်ပွခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေကာ အိပ်ပျော်နေသကဲ့သို့ပင် ဖြစ်နေ၏။
လင်းချန်သည်လည်း ထိုဖုတ်ကောင်ကို ကြည့်ပြီး အံ့ဩသွားသည်။ ဤသည်မှာ လူသားမဟုတ်ဘဲ အခြားမျိုးနွယ်စုဝင် တစ်ဦးဖြစ်ကြောင်း ထင်ရှားနေ၏။
လင်းချန်က ဦးချိုပါသော အလောင်းကောင်ကို လက်ညှိုးထိုးပြကာ နန်ရှင်းအား မှတ်ချက်ပြုလိုက်သည်။ “ကြည့်ရတာ တန်ယွမ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တဲ့ ရန်သူက ဒီဂြိုဟ်သား ဖြစ်ရမယ်...”
နန်ရှင်းက ခေါင်းညိတ် ထောက်ခံလိုက်၏။ “မှန်တယ်။ ဒီလူက တန်ယွမ်ဂိုဏ်းကို စတင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်ပဲ...”
လင်းချန်သည် ဂြိုဟ်သား၏ နှလုံးသားနေရာကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည်။ “ဒါဆို ခင်ဗျား ကျွန်တော့်ကို ဖျက်ဆီးခိုင်းတဲ့ အစီအရင်က ဒါလား...”
ဂြိုဟ်သားအလောင်း၏ အပေါ်ဘက်တည့်တည့်၊ မျက်နှာကြက်အစီအရင်၏ အလယ်ဗဟိုမှနေ၍ အစီအရင်သင်္ကေတများဖြင့် ပြုလုပ်ထားသော သံကြိုးများ တွဲလောင်းကျဆင်းနေကာ ဂြိုဟ်သား၏ နှလုံးသားကို ထိုးဖောက်လျက် စင်မြင့်နှင့် ချိတ်ဆက်ထားသည်။
နန်ရှင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် လင်းချန်ကို တိုက်တွန်းလိုက်၏။ “ဟုတ်တယ်။ ဒီအစီအရင်ကို ဖျက်ဆီးလိုက်ရင် ရတနာသိုက်ကို ချိတ်ပိတ်ထားမှုတွေ ပွင့်သွားမယ့်အပြင် ငါတို့ကို ဖိနှိပ်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေလည်း ပျက်ပြယ်သွားလိမ့်မယ်။ မင်းတို့ ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့အတွက်တော့ ဒါက လွယ်လွယ်လေး လုပ်ပေးရုံနဲ့ မရေမတွက်နိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို ရရှိမယ့် အခွင့်အရေးပဲ...”
ထိုအခါ လင်းချန်က အနားသို့ မကပ်ရဲကြသည့် ဖုတ်ကောင်များကို တစ်ချက်ကြည့်လိုက်ပြီး နန်ရှင်းအား ပြုံးစိစိဖြင့် ကြည့်ကာ မေးလိုက်၏။ “တကယ်လို့ ကျုပ် မလုပ်ပေးချင်ဘူးဆိုရင်ကော...”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team