အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ စကားကြောင့် နန်ရှင်းမှာ အနည်းငယ် ကြောင်အမ်းသွားရပြီး တွေဝေစွာဖြင့် ရေရွတ်လိုက်၏။ "မလုပ်ပေးချင်ဘူး... ဟုတ်လား"
လင်းချန်၏ အပြုအမူများကို နန်ရှင်း လုံးဝ နားမလည်နိုင်ဖြစ်နေသည်။ ထိုလူငယ်၏ လောဘကြီးတတ်သော စရိုက်အရဆိုလျှင် တန်ယွမ်ဂိုဏ်း၏ ဧရာမရတနာသိုက်ကြီးကို တွေ့ချိန်၌ အဘယ်ကြောင့် ချက်ချင်းဆိုသလို ငြင်းဆန်ရသနည်း။
နန်ရှင်းက လေးလေးနက်နက် စဉ်းစားပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထိန်းကာ မေးလိုက်၏။ “မင်းမှာ စိုးရိမ်စရာ တစ်ခုခု ရှိနေလို့လား။ ဒုက္ခမျိုးစုံ ခံစားခဲ့ရတဲ့ လူတစ်ယောက်က အကူအညီတောင်းနေတာလေ။ ပြီးတော့ မင်းအတွက် အကျိုးရှိမယ့် အခွင့်အရေးကြီး ပေးနေတာကိုတောင် ဘာလို့ ရုတ်တရက် ငြင်းဆန်လိုက်ရတာလဲ”
လင်းချန်က ရှင်းရှင်းအား ဘေးနားသို့ ဆွဲခေါ်လိုက်ပြီး ရှေ့မှ နန်ရှင်းအား လှောင်ပြောင်သည့် လေသံဖြင့် ခနဲ့လိုက်သည်။ “ခင်ဗျားကို ကြည့်ရတာ နည်းနည်း စိတ်လောနေသလိုပဲ။ ဒီအစီအရင် ပျက်စီးသွားမယ့် နေ့ရက်ကို ခင်ဗျား စောင့်နေတာ အတော်လေး ကြာနေပြီနဲ့ တူတယ်”
နန်ရှင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခါးသီးနာကျင်ရသည့် လေသံဖြင့် ညည်းတွားလိုက်၏။ “ဒါပေါ့... နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရပြီးပြီလေ။ အခု လွတ်မြောက်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားမိတာ သဘာဝပါပဲ”
လင်းချန်က လေးနက်စွာဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ခင်ဗျားပြောတာ တစ်ခုတော့ မှန်တယ်။ ခင်ဗျားက အစီအရင် ပျက်စီးသွားမယ့် အချိန်ကို စောင့်မျှော်နေတာပဲ။ ဒါပေမဲ့ ခင်ဗျား သုံးနှုန်းလိုက်တဲ့ စကားလုံးက မှားနေတယ်။ ခင်ဗျား စောင့်နေတာက လွတ်မြောက်ဖို့ မဟုတ်ဘူး။ ထွက်ပြေးဖို့ ဖြစ်ရမှာ”
လင်းချန်၏ နောက်ဆုံးစကားကြောင့် နန်ရှင်း၏ မဲနက်နေသော မျက်လုံးအိမ်ထဲမှ စိမ်းဖန်ဖန် မီးတောက်များမှာ ရူးသွပ်သွားသကဲ့သို့ တုန်ခါသွားကြ၏။ လင်းချန်၏ စကားသည် သူ၏ အရှိုက်ကို တည့်တည့်ထိမှန်သွားပုံရပေ၏။
နန်ရှင်းက နားမလည်နိုင်စွာဖြင့် စောဒကတက်လိုက်သည်။ “မင်း ဘာတွေလာပြီး ပေါက်ကရ ပြောနေတာလဲ။ ငါ ဘာမှနားမလည်ဘူး”
လင်းချန်က ခေါင်းရမ်းလိုက်ပြီး လှောင်ပြုံးဖြင့် သရော်လိုက်၏။ “နားမလည်ဘူး... ဟုတ်လား။ တကယ်တော့ ခင်ဗျားက အစကတည်းက အမှားတွေချည်း လုပ်နေတာ။ တန်ယွမ်ဂိုဏ်းအကြောင်း ပြောတာကိုပဲ ကြည့်လေ။ တကယ်လို့ ခင်ဗျားသာ တန်ယွမ်ဂိုဏ်းက လူအစစ်ဆိုရင် တန်ယွမ်ဂိုဏ်းအကြောင်း ပြောတိုင်း ဘာလို့ သူများဂိုဏ်းအကြောင်း ပြောနေသလို ဖြစ်နေရတာလဲ”
လင်းချန်၏ စကားကြောင့် ရှင်းရှင်း သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။ “ဪ... ဒါကြောင့်ကိုး။ မိန်း တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာ ဒီအချက်ကိုး”
လင်းချန်က နန်ရှင်းအား လှောင်ပြောင်သလို ကြည့်ကာ ဆက်လက်ရှင်းပြလိုက်၏။ “ဥပမာဗျာ... ကျုပ်သာ တန်ယွမ်ဂိုဏ်းက လူဆိုရင် ၊ သူစိမ်းတစ်ယောက်ကို ဒီရတနာသိုက်အကြောင်း ပြောပြတဲ့အခါ ‘ဒါက ငါတို့ဂိုဏ်းရဲ့ ရတနာသိုက်ပဲ’ လို့ပဲ ပြောမှာပေါ့။ ‘ဒါက တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်ပဲ’ လို့ ဘယ်ပြောပါ့မလဲ။ သဘောပေါက်ပြီလား... ဂြိုဟ်သားကြီး”
လင်းချန် ပြောပြီးသည်နှင့် နန်ရှင်းမှာ ခေါင်းငုံ့သွားလေပြီ။
နန်ရှင်း၏ လည်ချောင်းထဲမှ အစပထမ၌ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်တော့၏။ “ဟီးဟီးဟီး... ဟားဟားဟား...”
ရယ်မောပြီးနောက် နန်ရှင်း၏ မျက်နှာသည် ဖြူဆွတ်အေးစက်သွားကာ မျက်လုံးအိမ်ထဲမှ မီးတောက်များသည်လည်း စိမ်းဖန်ဖန်အရောင် မဟုတ်တော့ချေ။ ထိုအစား ဂြိုဟ်သားဖုတ်ကောင်၏ အသားအရောင်နှင့် တစ်ထေရာတည်းတူညီသော ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
နန်ရှင်း၏ မျက်လုံးထဲ၌ ခရမ်းရောင်မီးတောက်များ တဖျပ်ဖျပ် လက်နေပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “အသေးစိတ် ဂရုစိုက်တတ်တဲ့ ကောင်လေးပဲ။ ဒီအချက်လေး တစ်ချက်တည်းနဲ့ မင်း ငါ့ကို သံသယဝင်သွားတာလား”
လင်းချန်က ဖြည်းညင်းစွာ ငြင်းဆန်လိုက်၏။ “ခင်ဗျား ကျွန်တော့်ကို အကူအညီတောင်းတုန်းကတည်းက ပြဿနာတစ်ခုခုရှိနေမှန်း ကျုပ် ရိပ်မိပြီးသား”
နန်ရှင်းက မျက်မှောင်ကြုတ်ကာ အံ့ဩတကြီး မေးလိုက်သည်။ “အိုး... ဘာဖြစ်လို့လဲ”
လင်းချန်က ရှင်းပြလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်တုန်းက ကမ်းရိုးတန်းပြည်နယ်က ဂိုဏ်းတပည့်တွေ ဒီရှေးဟောင်းအမွေအနှစ်နယ်မြေကို စတွေ့တုန်းက သေမင်းနယ်မြေထဲ ဝင်သွားကြပြီးတော့ နှစ်ယောက်တည်းပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။ တကယ်လို့ ခင်ဗျားမှာ ဘာပြဿနာမှ မရှိဘဲ လွတ်မြောက်ချင်ရုံ သက်သက်ဆိုရင် ဘာလို့ သူတို့နှစ်ယောက်တည်း အသက်ရှင် ကျန်ရစ်ခဲ့တာလဲ။ အဲ့ဒါက ခင်ဗျားမှာ သေချာပေါက် ပြဿနာရှိနေတယ်ဆိုတာ ပြနေတာပဲ”
ထိုစကားကို ကြားသောအခါ နန်ရှင်းက သဘောမတူစွာ ခေါင်းရမ်းလိုက်၏။ “အဲ့ဒါတစ်ခုတည်းနဲ့ ငါ့မှာ ပြဿနာရှိတယ်လို့ မင်းက တပ်အပ်ပြောရဲတာလား”
လင်းချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မှတ်ချက်ချလိုက်သည်။ “ဒါတစ်ခုတည်း မဟုတ်ပါဘူး။ အဲ့ဒီတုန်းက ခင်ဗျားက ဖုတ်ကောင်တွေကို မထိန်းချုပ်ခဲ့လို့ သူတို့တွေ အသတ်ခံလိုက်ရပြီး နှစ်ယောက်တည်း ကျန်ခဲ့တာ ဖြစ်မယ်လို့ ကျုပ် ထင်တယ်။ ဒါပေမဲ့ ခင်ဗျားက သိပ်လောကြီးသွားတယ်။ ကျွန်တော့်ရဲ့ ဂိုဏ်းတူတွေကို လိုက်သတ်ဖို့ ဖုတ်ကောင်တွေ မလွှတ်လိုက်သင့်ဘူး”
လင်းချန်၏ စကားကို ကြားသောအခါ ဘေးနားမှ ရှင်းရှင်းမှာ လန့်ဖျပ်သွားရပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ “ဘာ... သူတို့... သူတို့ အဆင်ပြေရဲ့လား”
လင်းချန်က ရှင်းရှင်းအား ပြုံးပြကာ နှစ်သိမ့်လိုက်သည်။ “မပူပါနဲ့ မိန်း။ သူတို့မှာ ပြဿနာ မရှိနိုင်ပါဘူး။ ပြီးတော့ လေချန်တို့ရဲ့ စွမ်းရည်နဲ့ဆိုရင် အချိန်အတော်ကြာ တောင့်ခံထားနိုင်ပါတယ်”
လင်းချန် ယုံကြည်မှုရှိနေသည်ကို မြင်သောအခါမှ ရှင်းရှင်းမှာ စိတ်သက်သာရာ ရသွားတော့၏။
ထို့နောက် ရှင်းရှင်းက နန်ရှင်းဘက်သို့ ပြန်လှည့်ကြည့်ကာ စူးစမ်းလိုက်သည်။ “သူက တကယ်တမ်း ဘာဖြစ်နေတာလဲ။ ချန်လေး... ရှင်က ဘာလို့ သူ့ကို ဂြိုဟ်သားလို့ ပြောရတာလဲ”
ပုံစံလုံးဝ ပြောင်းလဲသွားသော နန်ရှင်းကို ကြည့်ပြီး လင်းချန်က မဲ့ပြုံး ပြုံးလိုက်၏။ “ကိုထင်တာ မမှားဘူးဆိုရင် သူရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်က ဟို စင်မြင့်ပေါ်က ဦးချိုနဲ့ ဂြိုဟ်သားရဲ့ စိတ်ဝိညာဉ်ပဲ ဖြစ်ရမယ်”
ရှင်းရှင်းက အံ့ဩတကြီး စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ “အာ...”
လင်းချန်က မျက်နှာကြက်ပေါ်ရှိ အစီအရင်ကို လက်ညှိုးထိုးပြရင်း ကောက်ချက်ချလိုက်၏။ “အရင်က ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မသိရပေမဲ့ ၊ သေချာတာတစ်ခုက အစီအရင်ရဲ့ ရည်ရွယ်ချက်က သူကို ဖိနှိပ်ထားဖို့ပဲ”
နန်ရှင်းက လင်းချန်အား သဘောကျစွာ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ “တော်တယ်... ဒီလောက်အထိ မြင်နိုင်တယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၃၀ က ကလေးတွေထက် မင်းက ပိုပြီး ဉာဏ်ကောင်းသားပဲ။ ဒါပေမဲ့ ဒီအစီအရင်ကို ဖျက်ဆီးလိုက်တာနဲ့တင် ငါလွတ်မြောက်သွားမှာ မဟုတ်ဘူးဆိုတာကို မင်းသိလား။ တကယ်တော့ ဒုတိယနည်းလမ်း ရှိသေးတယ်။ ဘာလို့ အဲ့ဒီတုန်းက နှစ်ယောက်တည်း အသက်ရှင်လျက် ပြန်ရောက်သွားလဲဆိုတာကိုရော မင်း စဉ်းစားမိလား”
လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တွေးတောလိုက်၏။ ဟုတ်သားပဲ... တစ်ခုခုတော့ လွဲနေလေပြီ။
နန်ရှင်းက ဆိုလိုက်သည်။ “အဲ့ဒီတုန်းက ကလေးတွေက ဖုတ်ကောင်တွေ လက်ချက်နဲ့ သေသွားတာ မဟုတ်ဘူး။ ငါက သူတို့ ခန္ဓာကိုယ်ကို ဝင်ပူးဖို့ ကြိုးစားရင်းနဲ့ သေကုန်ကြတာ။ ငါ့စိတ်ဝိညာဉ်က အရမ်းစွမ်းအားကြီးလွန်းတော့ သူတို့ခန္ဓာကိုယ်တွေက မခံနိုင်ကြဘူးလေ။"
"အဲဒါကြောင့် ငါလက်လျှော့လိုက်ပြီး ကျန်တဲ့နှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ ရတနာသိုက်အကြောင်း တစ်ခုတည်းကိုပဲ ချန်ထားခဲ့လိုက်တာ။ လူတွေက ရတနာကို မက်မောပြီး သေမင်းနယ်မြေကို တစ်နေ့ ထပ်ရောက်လာကြလိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်။"
"ငါက ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ကိုပဲ လိုအပ်တာ။ ဒါပေမဲ့ မထင်မှတ်ထားတာက နှစ်ပေါင်းများစွာ ကြာတာတောင် ဘယ်သူမှ သေမင်းနယ်မြေထဲ မဝင်ရဲကြတာပဲ။ နောက်ဆုံးတော့ မင်းတို့အုပ်စုရောက်လာတယ်။"
"အားလုံးထဲမှာ မင်းက နိဗ္ဗာန်နယ်ပယ်အဆင့်ပဲ ရှိသေးပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကြောက်စရာကောင်းလောက်အောင် သန်မာတာကို ငါတွေ့လိုက်ရတယ်။ ဖုတ်ကောင်တွေကိုတောင် လက်ဗလာနဲ့ ယှဉ်တိုက်နိုင်တယ်။ မင်းရဲ့ စွမ်းအားက သာမန် နိဗ္ဗာန်နယ်ပယ်အဆင့်တွေထက် အများကြီး သာလွန်တယ်။"
"ဒါကြောင့် မင်းခန္ဓာကိုယ်ဆိုရင် ငါ့စိတ်ဝိညာဉ်ကို ခံနိုင်ရည်ရှိပြီး ဝင်ပူးလို့ ရနိုင်မယ်လို့ ငါယုံကြည်လိုက်တယ်။ ပြီးရင် မင်းခန္ဓာကိုယ်ကိုသုံးပြီး အစီအရင်ကို ဖျက်ဆီးကာ ငါ့ခန္ဓာကိုယ်အစစ်ကို ပြန်ယူပေးနိုင်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ မင်းက ဒီလောက်ထိ သတိကြီးလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ထားပါတော့ ၊ ငါ့ခန္ဓာကိုယ်ကို ပြန်မရနိုင်ရင်တောင် မင်းကို ဝင်ပူးပြီး ထွက်ပြေးလို့ ရသေးတာပဲလေ”
ထိုအချိန်၌ ရှင်းရှင်းမှာ မျက်နှာပျက်သွားရပြီး လင်းချန်အား သတိပေးလိုက်၏။ “ချန်လေး... ပြေးတော့”
နန်ရှင်းက ရယ်မောလှောင်ပြောင်လိုက်သည်။ “ပြေးမယ်... ဟုတ်လား။ နောက်ကျသွားပြီ”
ချက်ချင်းပင် သူ၏ မျက်လုံးထဲမှ ခရမ်းရောင်မီးတောက်များ ပျောက်ကွယ်သွားပြီး ဝါးတားတား ခရမ်းရောင်အရိပ်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ထိုအရိပ်သည် နန်ရှင်း၏ ပုံစံမဟုတ်ဘဲ စင်မြင့်ပေါ်ရှိ ဦးချိုနှင့် ဂြိုဟ်သားပုံစံ ဖြစ်နေပေ၏။
ရှင်းရှင်း၏ ကြောက်ရွံ့နေသော မျက်လုံးများရှေ့၌ ဦးချိုနှင့် ခရမ်းရောင်အရိပ်သည် အောင်နိုင်သူအပြုံးဖြင့် ရယ်မောကာ လင်းချန်ဆီသို့ ပြေးဝင်သွား၏။ ရှင်းရှင်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး တွေဝေခြင်းမရှိဘဲ လင်းချန်ရှေ့သို့ ဝင်ရပ်ကာ ဂြိုဟ်သားစိတ်ဝိညာဉ်အား တားဆီးကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ခရမ်းရောင်အရိပ်သည် သူမ၏ ခန္ဓာကိုယ်အား အလွယ်တကူ ဖြတ်သန်းသွားကာ လင်းချန်၏ မျက်ခုံးနှစ်ခုကြားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေပြီ။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၀
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
နောက်ဆုံးတွင် ယီစင်းသည် ခရမ်းရောင်စိတ်ဝိညာဉ်အရိပ်ကြီး လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်ကို မျက်လုံးပြူးကာ ရပ်ကြည့်နေရုံမှလွဲ၍ အခြားမတတ်နိုင်ချေ။
“ဘုန်း…”
ထိုစိတ်ဝိညာဉ်အရိပ် လင်းချန်၏ ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် တပြိုင်နက် နန်ရှင်း၏ မူလခန္ဓာကိုယ်ကြီးသည် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွား၏။ နန်ရှင်း၏ မျက်လုံးအိမ်ထဲမှ ခရမ်းရောင်မီးတောက်များမှာလည်း ငြိမ်းသက်သွားလေပြီ။
ယီစင်းသည် လင်းချန်အနားသို့ အလျင်အမြန် ပြေးသွားလိုက်ရာ လင်းချန်၏ မျက်လုံးများမှာ စူးရှတောက်ပမှု ကင်းမဲ့ကာ အသက်ငွေ့ငွေ့သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
မတ်တတ်ရပ်လျက် အသက်မဲ့နေသကဲ့သို့ ဖြစ်နေသော လင်းချန်၏ ရှေ့တွင် ယီစင်းသည် လက်ချောင်းများကို ယှက်လိမ်ပွတ်သပ်ရင်း ဘာလုပ်ရမှန်းမသိအောင် ဂယောက်ဂယက် ဖြစ်နေမိ၏။ ယီစင်းက မျက်လုံးအိမ်၌ မျက်ရည်များ ဝဲတက်လာကာ ရေရွတ်လိုက်သည်။ “ငါ ဘာလုပ်ရမလဲ… ငါ ဘာလုပ်ရမလဲ…”
ထိုဂြိုဟ်သားသည် အလွန်စွမ်းအားကြီးသော သိုင်းဝိညာဉ်ပညာရှင် ဖြစ်ရမည်။ ထို့ကြောင့်သာ ဂြိုဟ်သား၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ကာ လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်စီးနင်းနိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ပွဲဖြစ်သောကြောင့် ယီစင်း၏ လက်ရှိစွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။ ယီစင်းမှာ လုံးဝကို အကူအညီမဲ့နေတော့သည်။
နန်ရှင်းသည် လင်းချန်၏ ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များသည် ယခင်ကလို ငြိမ်သက်မနေတော့ဘဲ လှုပ်လှုပ်ရွရွဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်လာကြ၏။
ဖုတ်ကောင်အချို့သည် အော်ဟစ်ကာ ပြေးဝင်လာကြသည်။ သို့သော် အလယ်ဗဟိုရှိ ကျောက်စိမ်းစင်မြင့်နားသို့ ရောက်သည်နှင့် စင်မြင့်ထံမှ အဖြူရောင်အလင်းတန်းများ ဖြာထွက်လာကာ ဖုတ်ကောင်များကို လွှမ်းခြုံသွားလေပြီ။
ပြေးဝင်လာသော ဖုတ်ကောင်များက မီးလောင်နေသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ “အားးး…”
ဖုတ်ကောင်များ၏ ခန္ဓာကိုယ်ပေါ်၌ အဝါရောင်မီးတောက်များ တောက်လောင်လာသော်လည်း ထိုအရာက မီးတောက်အစစ်အမှန်တော့ မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း အဖြူရောင်အလင်းတန်း လွှမ်းခြုံခံလိုက်ရသော ဖုတ်ကောင်များသည် အဖြူအမည်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားကြသည်။
အပေါင်းအပါများ ပြာကျသွားသည်ကို မြင်သောအခါ ကျန်ရှိနေသော ဖုတ်ကောင်များမှာ ကြောက်ရွံ့သွားကြပြီး စင်မြင့်အနားသို့ ဆက်မကပ်ရဲကြတော့ပေ။
ဖုတ်ကောင်များသည် စင်မြင့်ကို ဝိုင်းရံထားပြီး စိမ်းဖန်ဖန် မီးတောက်များ တောက်လောင်နေသော မျက်လုံးများဖြင့် ယီစင်းကို စိုက်ကြည့်ကာ မကြာခဏ အော်ဟစ်နေကြ၏။
ဖုတ်ကောင်များ အနားမကပ်နိုင်မှန်း သိလိုက်ရသဖြင့် ယီစင်း သက်ပြင်းချလိုက်နိုင်သော်လည်း လင်းချန်ဆီ ကြည့်လိုက်သောအခါ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေဆဲပင်။
လက်ရှိအချိန်၌ ယီစင်းတတ်နိုင်သည်မှာ လင်းချန်ကမူ ဂြိုဟ်သား၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်ပါစေဟု ဆုတောင်းပေးရုံသာ ရှိတော့သည်။
သို့သော် ယီစင်း သိထားသည်က လင်းချန်ကိုယ်တိုင်မှာ စွမ်းအားကြီးပြီး ပါရမီပါသော်လည်း လက်ရှိကျင့်ကြံမှုအဆင့်က နိမ့်ပါးနေသေးခြင်းပင် ဖြစ်သည်။
ထိုဂြိုဟ်သား၏ စိတ်ဝိညာဉ်မှာ ရှေးဟောင်းခေတ်ကာလကတည်းက ရှင်သန်လာသော တည်ရှိမှုတစ်ခု၏ စိတ်ဝိညာဉ်ဖြစ်သည်။
ထို့ကြောင့် လင်းချန် ခုခံနိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှပေ၏။
လက်ရှိအချိန်တွင် လင်းချန်၏ မှောင်မိုက်နေသော အသိစိတ်ပင်လယ်ထဲသို့ မဖိတ်ခေါ်ဘဲ ဧည့်သည်တစ်ယောက် ရောက်ရှိလာလေပြီ။
ဦးချိုပါသော ဂြိုဟ်သားစိတ်ဝိညာဉ်သည် လင်းချန်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်သည်နှင့် ရုပ်လုံးပီပြင်လာ၏။ ခရမ်းရောင်အသားအရည်ပေါ်တွင် ရွှေရောင်ကနုတ်ကွက်များ တောက်ပနေသည်။
ဝင်ရောက်လာပြီးနောက် နန်ရှင်းက ဘေးပတ်ဝန်းကျင်ကို ခရမ်းရောင်မျက်လုံးများဖြင့် အံ့ဩတကြီး ကြည့်ကာ ရေရွတ်လိုက်၏။ “ဟင်… ဒီကောင်လေးရဲ့ အသိစိတ်ပင်လယ်က ဘာလို့ ဒီလောက်တောင် ကျယ်ပြောနေရတာလဲ…”
နန်ရှင်း ရေရွတ်နေစဉ်မှာပင် အနောက်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
လင်းချန်က ပြုံးဟန်ဖြင့် ပြောလိုက်၏။ “တစ်ခါတလေကျရင် တစ်အပေါင်းတစ်က နှစ်မဖြစ်ဘဲ အဆုံးအစမဲ့ဖြစ်နိုင်ခြေတွေ ဖြစ်သွားတတ်တယ်။ ခင်ဗျားသာ ကျုပ်လို ဘဝနှစ်ခု ရှင်သန်ခွင့်ရမယ်ဆိုရင် ဒါကို နားလည်လာမှာပါ…”
နန်ရှင်း လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ရပ်နေသော လင်းချန်အား တွေ့လိုက်ရသည်။
အမှန်တော့ နန်ရှင်း ဝင်ရောက်မလာခင်ကတည်းက လင်းချန်၏ အသိစိတ်သည် အသိစိတ်ပင်လယ်ထဲသို့ ကြိုတင်ဝင်ရောက်ကာ နန်ရှင်းအား စောင့်ကြိုနေခြင်းဖြစ်၏။
လင်းချန်ကို တွေ့သောအခါ နန်ရှင်းက ခေါင်းပေါ်မှ ဦးချိုကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ကောင်လေး… မင်း တော်တော် သတ္တိရှိတာပဲ။ ငါ့ရှေ့ကို ကိုယ်တိုင် ထွက်လာရဲတယ်ပေါ့…”
လင်းချန်က ပခုံးတစ်ချက်တွန့်ပြကာ ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်၏။ “ကျုပ် ထွက်လာတော့ရော ဘာဖြစ်လဲ။ ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်လို့များ ထင်နေတာလား…”
လင်းချန်၏ ပုံစံကို ကြည့်ပြီး နန်ရှင်းက လှောင်ပြောင်ရယ်မောလျက် ပြောလိုက်သည်။ “မွေးခါစ နွားပေါက်စလေးက ကျားကို မကြောက်ဘူးဆိုတာ ဒါမျိုးကို ပြောတာပဲ။ ငါ မင်းရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုပြီး မင်းခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တဲ့အချိန်ကျရင် မင်း ဒီလို ဆက်ပြီး အေးဆေးနေနိုင်ဦးမလား ကြည့်ကြသေးတာပေါ့။ မင်းရဲ့ အသိစိတ်ပင်လယ်က ဒီလောက်ကျယ်ပြောနေမှတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါ ပိုပြီးတောင် သဘောကျသွားပြီ…”
ပြောပြီးသည်နှင့် နန်ရှင်းသည် ရူးသွပ်စွာ အော်ရယ်လိုက်ပြီး ခရမ်းရောင်အငွေ့အသက်များ ထုတ်လွှတ်ကာ လင်းချန်၏ စိတ်ဝိညာဉ်ဆီသို့ ပြေးဝင်သွားတော့၏။
နန်ရှင်း၏ အမြင်တွင် နိဗ္ဗာန်အဆင့်သာရှိသေးသော လူငယ်လေးတစ်ယောက်၏ စိတ်ဝိညာဉ်က ဘယ်လောက်တောင်များ စွမ်းအားကြီးနိုင်မည်နည်း။
နန်ရှင်း၏ စိတ်ဝိညာဉ်မှာ ဒဏ်ရာရထားပြီး အစီအရင်၏ ဖိနှိပ်မှုကို ခံထားရသော်ငြား ဤကဲ့သို့ ကလေးပေါက်စလေးတစ်ယောက်ကို ကိုင်တွယ်ရန်မှာ သူ့အတွက် လက်ဖျားခါရုံမျှသာ ဖြစ်သည်။
မကြာခင်မှာပင် နန်ရှင်းသည် လင်းချန်၏ စိတ်ဝိညာဉ်အနားသို့ ရောက်ရှိသွား၏။ နန်ရှင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး လင်းချန်အား ဖမ်းချုပ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။
လင်းချန်၏ စိတ်ဝိညာဉ်ထံမှ ကြီးမားသော တွန်းကန်အားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ နန်ရှင်း၏ ခရမ်းရောင်စိတ်ဝိညာဉ်မှာ နောက်သို့ လွင့်ထွက်သွားလေတော့သည်။
နန်ရှင်း၏ စိတ်ဝိညာဉ်မှာ တုန်ခါသွားပြီး အရှေ့သို့ မော့ကြည့်လိုက်ရာ မယုံကြည်နိုင်စရာ မြင်ကွင်းကြောင့် နန်ရှင်းက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်၏။ “ဘာ…”
အရှေ့ရှိ လင်းချန်၏ သာမန်ရိုးရှင်းလှသော စိတ်ဝိညာဉ်မှာ လက်ရှိအချိန်၌ ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံခံထားရပြီး ခြေသည်းငါးချောင်းပါ ရွှေနဂါးကိုးကောင်က လင်းချန်၏ ဘေးပတ်လည်တွင် လှည့်ပတ်ပျံသန်းနေကြသည်။
ထို့အပြင် လင်းချန်အား ဝန်းရံထားသော ရွှေရောင်အလင်းတန်းများကြားထဲတွင် ကုန်းမြေတိုက်ကြီး ၁၈ ခုနှင့် သမုဒ္ဒရာကြီး ၆ စင်း ပါဝင်သော ကြီးမားသည့် ဂြိုဟ်ကြီးတစ်လုံးကိုပါ နန်ရှင်း မြင်တွေ့လိုက်ရ၏။
ထိုဂြိုဟ်ကြီးပေါ်တွင် မရေမတွက်နိုင်သော သက်ရှိများ နေထိုင်ကြပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါများက ရွှေရောင်အလင်းတန်းများအဖြစ် ပြည့်နှက်လာကာ လင်းချန်ကို ကာကွယ်ပေးထားကြသည်။
လင်းချန်၏ စိတ်ဝိညာဉ်ထံမှ ကြီးမားလှသော ဧကရာဇ်အရှိန်အဝါများ ထွက်ပေါ်လာရာ နန်ရှင်းမှာ ပြင်းထန်သော ဖိနှိပ်မှုကို ခံလိုက်ရ၏။
မူလက မတ်တတ်ရပ်နေသော နန်ရှင်းသည် ဧကရာဇ်အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် ခြေထောက်များ ကွေးညွှတ်သွားပြီး လင်းချန်ရှေ့တွင် တဖြည်းဖြည်း ဒူးထောက်ကျသွားသည်။
နန်ရှင်းက အသိစိတ်ပင်လယ်ထဲတွင် ဒူးထောက်လျက် လင်းချန်ကို မော့ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ “မဖြစ်နိုင်ဘူး… ဒါ လုံးဝ မဖြစ်နိုင်ဘူး… မင်းက ဧကရာဇ်ပလ္လင်ပေါ်မှာ ထိုင်နေတာလား။ နဂါးကိုးကောင်က မင်းကို ကာကွယ်ပေးထားပြီး နိုင်ငံတော်ရဲ့ ကံကြမ္မာအရှိန်အဝါကလည်း မင်းရဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးထားသေးတယ်။ နိဗ္ဗာန်အဆင့် ပုရွက်ဆိတ်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ နိုင်ငံတော်ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားရတာလဲ…”
နန်ရှင်း မယုံကြည်နိုင် ဖြစ်နေသည်ကို မြင်သောအခါ လင်းချန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားဘာသာ ခန့်မှန်းကြည့်ပေါ့…”
နန်ရှင်းက ဒေါသတကြီး ကျိန်ဆဲလိုက်၏။ “ခန့်မှန်းရမယ် ဟုတ်လား… ခွေးစကားတွေ ပြောမနေနဲ့…”
နန်ရှင်း၏ စိတ်ဝိညာဉ်မှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး အသိစိတ်ပင်လယ် အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
နန်ရှင်း ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ လင်းချန်က လက်ညှိုးတစ်ချက် ထိုးကာ အေးစက်စွာ အော်ဟစ်လိုက်၏။ “ကျုပ်ရဲ့ အသိစိတ်ပင်လယ်ဆိုတာ ခင်ဗျား ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်သွားလို့ ရတဲ့နေရာများ မှတ်နေလား…”
လင်းချန်ဘေးမှ နဂါးကိုးကောင်သည် ပြေးထွက်သွားပြီး နဂါးအရှိန်အဝါများ ထုတ်လွှတ်ကာ နန်ရှင်း၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်ကြ၏။
လင်းချန်၏ အသိစိတ်ပင်လယ်ထဲတွင် နန်ရှင်းက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ “အား… အား… အား…”
နန်ရှင်း၏ စိတ်ဝိညာဉ် အစိတ်အပိုင်းများမှာ ရက်ရက်စက်စက် စုတ်ဖြဲခံလိုက်ရ၏။
မကြာခင်မှာပင် နန်ရှင်း၏ ခရမ်းရောင်အလင်းတန်းသည် နောက်တစ်ကြိမ် လက်ခနဲဖြစ်သွားပြီး လင်းချန်၏ အသိစိတ်ပင်လယ်ထဲမှ ပျောက်ကွယ်သွားတော့သည်။
နဂါးကိုးကောင်က စုတ်ဖြဲထားသော စိတ်ဝိညာဉ်အပိုင်းအစများကို ကိုက်ချီပြီး ပြန်လာကြသည်ကို ကြည့်ရင်း လင်းချန်က ရေရွတ်လိုက်၏။ “ပြေးတာတော့ မြန်သားပဲ…”
လင်းချန်သည် ဟွာရှာအင်ပါယာ၏ အထွတ်အထိပ် ဧကရာဇ်ဖြစ်သည်။
အင်ပါယာ၏ တစ်ဦးတည်းသော အရှင်သခင်အနေဖြင့် လင်းချန်၏ စိတ်ဝိညာဉ်ကို နဂါးကိုးကောင်နှင့် နိုင်ငံတော်ကံကြမ္မာတို့က ကာကွယ်ပေးထားခြင်းပင်။
သို့သော် လက်ရှိကျင့်ကြံဆင့်က နိမ့်ပါးနေသေးသဖြင့် နန်ရှင်း၏ စိတ်ဝိညာဉ်ကို အပြီးတိုင် မဖျက်ဆီးနိုင်ဘဲ လွတ်မြောက်ခွင့် ပြုလိုက်ရခြင်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် ယီစင်းသည် လင်းချန်၏ ခန္ဓာကိုယ်ထဲ ဝင်သွားသော ဂြိုဟ်သားစိတ်ဝိညာဉ် ရုတ်တရက် ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုစိတ်ဝိညာဉ်သည် ဒေါသတကြီးဖြစ်နေသော မျက်နှာဖြင့် ယီစင်းထံသို့ တန်းမတ်စွာ ပြေးဝင်လာ၏။
ယီစင်း ထိတ်လန့်သွားရသည်။
ဂြိုဟ်သားစိတ်ဝိညာဉ်က ယီစင်းအား ပစ်မှတ်ပြောင်းကာ တိုက်ခိုက်ရန် ရည်ရွယ်လိုက်လေပြီ။
အရေးကြုံနေသော လက်ရှိအချိန်တွင် လင်းချန်၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်းတန်းတစ်ခု ပစ်ထွက်လာကာ ယီစင်းတစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး အန္တရာယ်မှ ကာကွယ်ပေးလိုက်၏။
ထိုအခြေအနေကို မြင်သောအခါ နန်ရှင်း၏ စိတ်ဝိညာဉ်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မူလခန္ဓာကိုယ်ဆီသို့ ပြန်ဝင်သွားတော့သည်။
ယီစင်း ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ဂြိုဟ်သားခန္ဓာကိုယ်မှာ အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်လာပြီး စကားပြောလာ၏။ “တကယ်ကို မထင်မှတ်ထားခဲ့ဘူး… ငါ ဒီနေ့ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့…”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၄၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team