အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃) - ဝမ်ကျိယန် ကလေးမွေးတော့မည်
[ဓားအတတ် +၁၊ သတ္တုဓာတ် ဝိညာဉ်အမြုတေ ကျွမ်းကျင်မှု +၁] x ၆၆
[ဓားအတတ်: ကျွမ်းကျင်မှုအဆင့် (၂၀၈၉/၂၅၀၀)]
[သတ္တုဓာတ် ဝိညာဉ်အမြုတေ: အဆင့်မြင့် (၂၀၂၃/၂၅၀၀)]
ညဉ့်နက်သန်းခေါင် ယံအချိန် ၁ နာရီ။
ချန်အန်သည် အနည်းငယ် စိုစွတ်အေးစက်နေသော ဝါးကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းနေသည်။ လက်တစ်ဖက်ကို ခေါင်းခုထားပြီး ကျန်လက်တစ်ဖက်ကတော့ ဆံပင်များ အနည်းငယ် ဖရိုဖရဲဖြစ်ကာ ပါးပြင်လေးများ နီမြန်းနေသော ရှန်းချင်းယီကို ပွေ့ဖက်ထားသည်။ သူ၏ အကြည့်များက ရှေ့မှ ပေါ်လာသော အချက်အလက်များထံသို့ ရောက်ရှိနေသည်။
ဓားအတတ်နှင့် သတ္တုဓာတ် ဝိညာဉ်အမြုတေတို့၏ အဆင့်ကို မြင်သောအခါ အချိန်များ ကုန်ဆုံးသွားသည်မှာ မြန်ဆန်လှသည်ဟု သူ သက်ပြင်းချမိသည်။
ရှန်းချင်းယီနှင့် အတူနေထိုင်ခဲ့သည်မှာ မျက်တောင်တစ်ခတ်အတွင်း လပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူသည် ဓားအတတ်တွင် အလွန်ကျွမ်းကျင်နေပြီဖြစ်ပြီး 'ဆရာသခင်' အဆင့်သို့ ရောက်ရန် အမှတ် ၄၀၀ ကျော်သာ လိုတော့သည်။ သတ္တုဓာတ် ဝိညာဉ်အမြုတေမှာလည်း အဆင့်မြင့်သို့ ရောက်ရှိနေပြီး 'ထိပ်တန်းအဆင့်' ရောက်ရန် အမှတ် ၄၀၀ ခန့်သာ လိုတော့သည်။ သူ၏ ပါရမီမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာခဲ့သည်။
ယခင်က နှစ်ပေါင်း ၃၀ နီးပါး ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့သော်လည်း 'အငွေ့အသက် သန့်စင်ခြင်း' အဆင့် (၃) သာ ရှိခဲ့ရာမှ ယခုမူ နာရီဝက်မရှိသော အချိန်အတွင်း ထိပ်တန်းအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ အိပ်မက်ထဲတွင်ပင် မမက်ဝံ့သည့် အရာမျိုး ဖြစ်သည်။ သို့သော် ယခုအခါ ထိုအရာများမှာ လက်တွေ့ဖြစ်လာခဲ့ပြီ။
သူ၏ အိမ်တော်ထဲတွင်လည်း ပြီးပြည့်စုံသော ဇနီးချောလေးများဖြင့် ပြည့်နှက်နေသည်။ ဘဝက သာယာလွန်းသဖြင့် အိပ်မက်တစ်ခုလိုပင် ခံစားနေရသည်။
ချန်အန်သည် သူ့ရင်ခွင်ထဲရှိ ရှန်းချင်းယီကို ကြည့်ကာ ဖရိုဖရဲဖြစ်နေသော ဆံပင်လေးများကို သပ်တင်ပေးရင်း ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"ရှန်းအာ... မင်းကို လူဆိုးမနှိမ်နင်းဖို့ တားထားရတာ မင်းအတွက် ဘယ်လောက် စိတ်မသက်မသာ ဖြစ်မလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒါက တခြားနည်းလမ်းမရှိလို့ပါ။ ငါတို့ အားလုံးက အင်အားနည်းနေသေးတော့ တစ်ခါတလေမှာ ခါးသီးတဲ့ လက်တွေ့ဘဝကို လက်ခံပြီး တတ်နိုင်သမျှ သည်းခံရမှာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့... ငါ့ရဲ့ ပါရမီနဲ့ဆိုရင် မကြာခင် 'ရွှေအမြုတေ' အဆင့်ကို ရောက်တော့မှာပါ။ အဲဒီအချိန်ကျရင် အဲ့ဂိုဏ်း' ကို ကြောက်စရာ မလိုတော့ဘူး။ အဲဒီအခါကျရင် မင်းနောက်ကွယ်ကနေ ငါကျောထောက်နောက်ခံ ပေးမယ်။ မင်းကို ဒီ 'ဆေးဖက်ဝင် အပင်လမ်းကြား' တင်မကဘူး၊ 'သစ်သားနီတောအုပ်' တစ်ခုလုံးမှာပါ မင်းကြိုက်သလောက် လူဆိုးနှိမ်နင်းပြီး တရားမျှတမှုကို ဖော်ဆောင်ခွင့် ပေးမယ်"
နောက်ဆုံးစကားကို ပြောသောအခါ ချန်အန်မှာ အနည်းငယ် လေကြီးလိုက်ခြင်း ဖြစ်သည်။
သူ၏ လက်ရှိ စိတ်နေစိတ်ထားအရ ရွှေအမြုတေအဆင့် မဆိုထားနှင့်၊ 'နတ်ဘုရားဝိညာဉ်' အဆင့်သို့ ရောက်လျှင်ပင် မတရားမှုကို ဝင်ပါမည့်သူ မဟုတ်ပေ။ တစ်ဖက်လူက သူ့ကို လာမထိသရွေ့ သူကတော့ တတ်နိုင်သမျှ ရှောင်ရှားမည်သာ ဖြစ်သည်။ သို့သော် ရှန်းချင်းယီ စိတ်ကျေနပ်စေရန်အတွက်တော့ သူ အစွမ်းကုန် လေကြီးလိုက်ရခြင်း ဖြစ်သည်။
ရှန်းချင်းယီကတော့ မငြင်းဆန်ခဲ့ပေ။ သူမသည် ချန်အန်ပြောသမျှကို နားထောင်တတ်သူ ဖြစ်သည်။ ချန်အန်၏ ချိုသာသော စကားများကို ကြားရသောအခါ သူမက ယုံကြည်ရန် ရွေးချယ်လိုက်သည်။
သူမသည် ချန်အန်၏ ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်ကာ "ဟုတ်ကဲ့... ကျွန်မ ဆေးဆရာချန်ကို ယုံကြည်ပါတယ်" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။
ချန်အန်က ပြုံးလျက် ဘာမှထပ်မပြောတော့ဘဲ သူမ၏ ပါးပြင်ကို နမ်းကာ ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
မကြာမီ မိုးသောက်အလင်းတိုင် ရောက်ရှိလာသည်။ နံနက်ခင်း၏ နေရောင်ခြည်က မြေပြင်ပေါ်သို့ ကျရောက်ကာ နွေးထွေးမှုများကို ယူဆောင်လာပေးသည်။ ထိုအချိန်တွင် ချန်အန် နိုးလာသော်လည်း ရှန်းချင်းယီမှာတော့ အိပ်မောကျနေဆဲပင်။
ချန်အန်သည် သူမကို စောင်သေချာခြုံပေးကာ အခန်းပြင်သို့ အလျင်အမြန် ထွက်လာခဲ့သည်။
သူသည် မီးဖိုချောင်တွင် စားစရာအချို့ ရှာစားပြီးနောက် ဆေးခန်းထဲသို့ ဝင်ကာ တစ်နေ့တာအတွက် ဆေးလုံးဖော်စပ်ခြင်းဖြင့် ငွေရှာရန် ပြင်ဆင်တော့သည်။
အချိန်များ ကုန်လွန်သွားရာ မွန်းတည့်ချိန်သို့ ရောက်လာခဲ့သည်။ ချန်အန်သည် ဆေးဖော်သည့် မီးကို ငြှိမ်းလိုက်ပြီး သူ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
[အမည်: ချန်အန်]
[ဆေးဖော်အတတ်: အဆင့် (၂) အလယ်အလတ် (၁၃,၈၆၅/၆၂,၅၀၀)]
[စိတ်အာရုံစွမ်းအား: အဆင့် (၂) အလယ်အလတ် (၁၉,၉၉၅/၆၂,၅၀၀)]
[မီးဓာတ် ဝိညာဉ်အမြုတေ: အဆင့်မြင့် (၁,၈၀၈/၂,၅၀၀)]
[သတ္တုဓာတ် ဝိညာဉ်အမြုတေ: အဆင့်မြင့် (၂,၀၂၃/၂,၅၀၀)]
[အတတ်ပညာမျိုးစုံ: ရွှေလက်ချောင်း (ပါရဂူ)၊ အိပ်မေ့ချဂါထာ (ဆရာသခင်)၊ ရိပ်ခြေသတ်ဖြတ်ခြင်း (ဆရာသခင်)၊ စသည်...]
[ဝိညာဉ်ကျောက်တုံး: အလယ်အလတ် ၁၈ တုံး၊ အောက်ခြေ ၈၈ တုံး]
[ဇနီးမယားများ: ဆောင်ဟွာယင်း (၄ ကြယ်)၊ ဂူရှင်းယွဲ့ (၄ ကြယ်)၊ ဝမ်ကျိယန် (၄ ကြယ်)၊ ရှန်းချင်းယီ (လက်မထပ်ရသေး)]
[သားသမီး: ချန်ယုကျန်း (၂ ကြယ်)၊ အမည်မမှည့်ရသေး (၁၁.၅ လ)]
ချန်အန်သည် အချက်အလက်များကို ကြည့်ရင်း ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ကြည့်ကာ သက်ပြင်းချမိသည်။ မီးဓာတ်ကို အသုံးပြုကာ ဝိညာဉ်ကျောက်တုံးများဖြင့် ကျင့်ကြံတတ်ကတည်းက ကျောက်တုံး မည်မျှရှိရှိ မလောက်ငဘဲ ဖြစ်နေသည်။ သို့သော် ကောင်းကွက်မှာ သူ၏ ကျင့်ကြံမှုအဆင့်က သိသိသာသာ မြန်ဆန်လာခြင်းပင်။
"နောက်ဆို ဆေးလုံးတွေ ပိုဖော်ပြီး ကျောက်တုံးတွေ များများရှာရမယ်" ဟု ချန်အန် ရေရွတ်လိုက်သည်။ ထို့နောက် သမီးဖြစ်သူ ချန်ယုကျန်း၏ အချက်အလက်များကို နှိပ်ကြည့်လိုက်သည်။
[အမည်: ချန်ယုကျန်း]
[ကျင့်ကြံမှု: မရှိသေး]
[ထူးခြားချက်: ထက်မြက်ဉာဏ်ကောင်းပြီး နားလည်သဘောပေါက်မှု အလွန်မြင့်မားသည်]
[ပတ်သက်မှု: ၂ ကြယ် (၄၅၈/၅၀၀)]
"နောက်တစ်လဆိုရင်တော့ အဆင့်တက်တော့မယ်။ ဘယ်လိုဆုလာဘ်တွေ ရမလဲ မသိဘူး" ဟု သူ တွေးနေမိသည်။
ထို့နောက် မကြာမီ ရရှိနိုင်မည့် ဆုလာဘ်များကို တွေးတောကြည့်ရာ တစ်ခုမှာ သမီးနှင့် ပတ်သက်မှုအဆင့် တက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ဝမ်ကျိယန်၏ ဗိုက်ထဲမှ ကလေး မွေးဖွားလာခြင်း ဖြစ်သည်။
"ဖေဖေ ဖေဖေ..ဖေဖေ ဘယ်မှာလဲဟင်"
သူ တွေးနေစဉ်မှာပင် သမီးဖြစ်သူ၏ အသံကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။
သူမ၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားကာ လောနေသည့်ပုံစံ ပေါက်နေသည်။ ချန်အန်သည် အချက်အလက်များကို ပိတ်လိုက်ပြီး ဆေးခန်းတံခါးကို ဖွင့်ကာ "ဖေဖေ ဒီမှာ ရှိတယ်" ဟု ပြန်ထူးလိုက်သည်။
"ဖေဖေ" ချန်ယုကျန်းက အော်ဟစ်ကာ ဆေးခန်းထဲသို့ ပြေးဝင်လာပြီး အပြုံးလေးဖြင့် ချန်အန်အနားသို့ ရောက်လာသည်။
"ဖေဖေ... သမီး မေမေ့ဆီကနေ သီချင်းတစ်ပုဒ် သင်လာတယ်၊ ဖေဖေ့ကို မှုတ်ပြမယ်နော်"
"ကောင်းပါပြီ... ဖေဖေ နားထောင်မယ်လေ"
ချန်အန်က မျှော်လင့်တကြီး ပြုံးကြည့်လိုက်သည်။ မကြာမီ ချန်ယုကျန်းက သူမလက်ထဲမှ ဝါးပုလွေလေးကို ကိုင်ကာ သေချာစွာ မှုတ်ပြတော့သည်။ ပုလွေသံမှာ စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ သာယာငြိမ့်ညောင်းလှပေသည်။
.....................................................
အခန်း (၁၂၄) - ဝမ်ကျိယန် ကလေးမွေးတော့မည် (၂)
ချန်အန်မှာ အတော်လေး အံ့ဩသွားရသည်။ အသက်နှစ်နှစ်သားအရွယ်သာ ရှိသေးသော သမီးဖြစ်သူမှာ ပုလွေကို တကယ် မှုတ်တတ်နေရုံတင်မကဘဲ အတော်လေးလည်း နားဝင်ပီသအောင် မှုတ်နိုင်နေခြင်းကြောင့် ဖြစ်သည်။
သူမတွင် အနုပညာပါရမီ အနည်းငယ် ရှိပုံရသည်။
ခဏအကြာတွင် သီချင်းလေး ပြီးဆုံးသွားသည်။ ချန်ယုကျန်းက ပုလွေကို အသာချကာ မျှော်လင့်တကြီး မေးလိုက်သည်။
"ဖေဖေ... သမီးမှုတ်တာ ကောင်းရဲ့လားဟင်"
"အရမ်းကောင်းတာပေါ့၊ ယုကျန်းလေးက တကယ်တော်တာပဲ။ အနုပညာပါရမီရှင်လေးပဲ။ ကြီးလာရင် အတတ်ပညာရော ရုပ်ရည်ပါ ပြည့်စုံတဲ့ နတ်သမီးလေး ဖြစ်မှာ သေချာတယ်"
ဟု ချန်အန်က မြှောက်ပင့်ခြင်းမရှိဘဲ ရိုးသားစွာ ချီးမွမ်းလိုက်သည်။
ချန်ယုကျန်းမှာ ထိုစကားကြောင့် အလွန်အမင်း ဝမ်းသာသွားပြီး မျက်နှာလေးမှာ တောက်ပသော အပြုံးများဖြင့် ပြည့်နှက်သွားကာ
"သမီးက ပါရမီရှင်လေး... ဖေဖေ... သမီးက ပါရမီရှင်လေး" ဟု အော်ဟစ်တော့သည်။
[သမီးဖြစ်သူ ချန်ယုကျန်းကို ပါရမီရှင်ဟု ချီးမွမ်းခြင်းကြောင့် သူမ အလွန်ဝမ်းသာသွားသည်။ သားအဖ ပတ်သက်မှု +၁၀]
ဒီတိုင်းလေးနဲ့ +၁၀ တောင်လား?
ချန်အန်သည် လေထဲတွင် ပေါ်လာသော အချက်အလက်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း အဓိပ္ပာယ်ရှိလှသည်။ ကလေးငယ်များ အလိုချင်ဆုံးအရာမှာ မိဘများ၏ အသိအမှတ်ပြုမှုကို ရရှိရန်ပင် မဟုတ်ပါလား။
မိဘများအနေဖြင့် ရိုးရှင်းသော အားပေးမှုနှင့် အသိအမှတ်ပြုမှုလေး ပေးရုံဖြင့် သားသမီးနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်သည်ကို သူ နားလည်သွားသည်။
'ဒီအတိုင်းဆိုရင် သားအဖ ပတ်သက်မှု ၃ ကြယ်အဆင့် ရောက်ဖို့ တစ်လတောင် စောင့်စရာ မလိုတော့ဘူး၊ သုံးရက်ဆိုရင် ရနိုင်ပြီ' ဟု ချန်အန်က အလွန်ပျော်နေသော သမီးလေးကို ကြည့်ကာ စိတ်ထဲမှ ပြုံးလိုက်မိသည်။
တစ်နာရီခန့်အကြာတွင် ချန်အန်သည် ဓားပျံစီးကာ အိမ်မှ ထွက်လာခဲ့သည်။ 'ချင်း ကုန်သွယ်ရေးကုမ္ပဏီ' သို့သွားကာ မကြာသေးမီက ဖော်စပ်ထားသော ဆေးလုံးများကို သွားရောက်ရောင်းချခဲ့သည်။
ယခင်အတိုင်းပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရရှိခဲ့သည်။ နေ့စဉ် လူမှုဘဝအတွက်ဆိုလျှင် များပြားလှသော်လည်း ကျင့်ကြံမှုအတွက်ဆိုလျှင်တော့ မလုံလောက်သေးသဖြင့် စိတ်ပူစရာ ဖြစ်နေရသည်။
ဆိုင်မှ ထွက်လာပြီးနောက် ချန်အန်သည် အိမ်သို့ တန်းပြန်ရန် ဓားပျံစီးလာစဉ် 'ဆေးဖက်ဝင် အပင်လမ်းကြား' ဈေးကို ဖြတ်သန်းသွားမိသည်။ သူက စိတ်ကူးရသည်နှင့် ဇနီးများနှင့် သမီးလေးအတွက် လက်ဆောင်ဝယ်ရန် ဈေးထဲသို့ ဆင်းသက်လိုက်သည်။
ယခင်ကဆိုလျှင် ဇနီးများအတွက် လက်ဆောင်ဝယ်လျှင် အားလုံးကို တူညီသောအရာများသာ ဝယ်ပေးလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ တစ်ယောက်ချင်းစီ၏ စိတ်ဝင်စားမှုအလိုက် ကွဲပြားသော လက်ဆောင်များ ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"မိတ်ဆွေ... ဒီမှာ အသားကင်လေးတွေ အသစ်ထွက်ထားတယ်၊ ဝယ်စားကြည့်ပါဦးလား"
"မိတ်ဆွေ... ဒီမှာ အမျိုးသမီးကျင့်ကြံသူတွေက ပန်းလေးတွေလို လှကြတယ်နော်၊ မင်းရဲ့ ရုပ်ရည်ချောမောမှုကို ထောက်ထားပြီး ဈေးတစ်ဝက်ပဲ ယူမယ်၊ ဝင်နားပါဦးလား"
ဈေးထဲတွင် ရောင်းသူများ၏ အော်ဟစ်သံများဖြင့် စည်ကားနေသော်လည်း ချန်အန်ကတော့ များများစားစား ဂရုမစိုက်နိုင်ပေ။
သူက ကျင့်ကြံမှုအတွက် ငွေစုနေရသဖြင့် အပိုသုံးစွဲရန် မတတ်နိုင်သေးပေ။ သူ့ဇနီးမယားနှင့် သမီးအတွက်သာ ငွေအနည်းငယ် သုံးစွဲရန် ဝန်မလေးခြင်း ဖြစ်သည်။
ချန်အန်သည် ဆိုင်အသီးသီးသို့ ဝင်ကာ လက်ဆောင်များ ဝယ်ယူခဲ့သည်။
ဆောင်ဟွာယင်းအတွက် ကျောက်စိမ်းပုလွေ တစ်ချောင်း၊
ဂူရှင်းယွဲ့အတွက် ဟင်းချက်နည်းစာအုပ် တစ်အုပ်၊
ဝမ်ကျိယန်အတွက် ဆွဲဆောင်မှုရှိသော ဝတ်စုံ တစ်စုံ၊
ချန်ယုကျန်းအတွက် ဝိညာဉ်မုန့်မျိုးစုံ ပါဝင်သော သေတ္တာ တစ်လုံးတို့ကို ဝယ်ယူခဲ့သည်။
ရှန်းချင်းယီအတွက် လက်ဆောင်ဝယ်ရန် စဉ်းစားသောအခါ ချန်အန် အခက်တွေ့သွားသည်။ သူမနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း သူမ ဘာကို နှစ်သက်တတ်သည်ကို သူ တကယ်မသိပေ။
သူသိထားသည်မှာ သူမသည် လူဆိုးနှိမ်နင်းရန် စိတ်ထက်သန်သည် ဆိုသောအချက်သာ ဖြစ်သည်။ အဆုံးတွင်တော့ သူက သူမအတွက် လက်ဝတ်ရတနာလေးတစ်ခု ဝယ်ပေးရန် ဆုံးဖြတ်ကာ လက်ပတ်တစ်ခု ဝယ်လိုက်သည်။
လက်ဆောင် ၅ မျိုးလုံးအတွက် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပင် မပြည့်သဖြင့် တန်ဖိုးရှိလှသည်။ သူ ဓားပျံစီးကာ ထွက်ခွာရန် ပြင်လိုက်စဉ် ရှေ့ဘက်တွင် ဆူညံသံများ ကြားလိုက်ရသည်။
"မင်းက ငါ့ကို ညှာတာခိုင်းနေတာလား..သုံးရက်တောင် အချိန်ပေးပြီးပြီ၊ ဆက်ကြေးမပေးရင် မင်းဆိုင်ကို အခုပဲ ရိုက်ခွဲပစ်မယ်!"
"အိမ်တော်ထိန်းချိုး... ကျွန်တော် ဆိုင်ခွန်ကို အိမ်တော်ထိန်းယန်ဆီမှာ ပေးပြီးပါပြီ၊ ခင်ဗျားက ထပ်တောင်းနေတယ်၊ လစဉ်ပေးရတဲ့ ဆက်ကြေးနဲ့ဆို ကျွန်တော် အခုလောလောဆယ် မတတ်နိုင်သေးလို့ပါ၊ သုံးရက်လောက် ထပ်စောင့်ပေးပါဦး"
"ဟက်... ညှာတာရမယ် ဟုတ်လား ကဲ... ကောင်တွေ၊ ဒီဆိုင်ကို ရိုက်ခွဲပစ်လိုက်ကြစမ်း!"
"ဂျိမ်း! ဂျိမ်း! ဖောင်း!..."
'သွေးရောင်နီမီးဂိုဏ်း' မှ လူအချို့သည် ကျင့်ကြံမှုအဆင့်နိမ့်သော ဈေးသည်၏ ဆိုင်ကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ကြသည်။ ဈေးသည်မှာ ဒေါသထွက်သော်လည်း ဘာမှမပြောရဲဘဲ တိတ်တဆိတ်သာ ငိုကြွေးနေရသည်။
"ငွေမရှိရင် ဈေးမရောင်းနဲ့၊ နောက်တစ်ခါ တွေ့ရင် ထပ်ခွဲဦးမှာပဲ" ဟု ပြောကာ အိမ်တော်ထိန်းချိုးနှင့် အပေါင်းအပါများ ထွက်သွားကြသည်။
ဘေးပတ်ဝန်းကျင်မှ ဈေးသည်များက ဒုက္ခရောက်နေသော ဈေးသည်ကို လာရောက်နှစ်သိမ့်ကြပြီး အချို့ကမူ မီးနီဂိုဏ်းကို ကျိန်ဆဲနေကြသည်။
"ဒီကောင်တွေက လူတွေမဟုတ်ဘူး၊ ဆိုင်ခွန်ကို တစ်ခါပေးပြီးတာကို နောက်တစ်ယောက်လာရင် ထပ်တောင်းနေကြတာပဲ"
"အရင်က မျက်နှာဖုံးစွပ် သူရဲကောင်းမလေး ရှိရင် ကောင်းမှာပဲ၊ သူရှိရင် ဒီလိုတွေ ခံရမှာ မဟုတ်ဘူး"
ထိုစကားများကို ကြားရသောအခါ ချန်အန် စိတ်မသက်မသာ ဖြစ်သွားရသည်။ အမြဲတမ်း တည်ငြိမ်တတ်သော သူပင်လျှင် ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားမိသည်။
ရှန်းချင်းယီသာ ဤမြင်ကွင်းကို တွေ့လျှင် သူ့ထက် အဆပေါင်းများစွာ ပို၍ ခံစားရမည်မှာ သေချာသည်။ သို့သော် သူမကို အပြင်မထွက်ခိုင်းခြင်းမှာလည်း သူမကို ညှဉ်းပန်းနှိပ်စက်နေသလို ဖြစ်နေရသည်။
'ဒါက ဘဝပဲလေ... ငါလုပ်နိုင်တာက အမြန်ဆုံး အင်အားကြီးလာအောင် ကြိုးစားဖို့ပဲ၊ အဲဒီကျရင်တော့ သူမကို သူမလုပ်ချင်တာတွေ လုပ်ခွင့်ပေးနိုင်မှာပါ' ဟု ချန်အန် တွေးတောရင်း ရှန်းချင်းယီအပေါ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် သူ၏ အိတ်ထဲရှိ အသံလွှင့် ကိရိယာလေးက တုန်ခါလာသည်။ သူ ထုတ်ကြည့်လိုက်သောအခါ ဆောင်ဟွာယင်း၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။
"ယောက်ျား... မြန်မြန်ပြန်လာခဲ့ဦး"
"အစ်မဝမ် ကလေးမွေးတော့မယ်"
........................................................