အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅) - ဒုတိယသမီးလေး၏ ထူးခြားသော ခန္ဓာဖွဲ့စည်းပုံ
ဘာ..မာနခဲမယားငယ်လေး ကလေးမွေးတော့မယ် ဟုတ်လား..
ဤသတင်းကို ကြားလိုက်ရသည်နှင့် ချန်အန်မှာ အံ့အားသင့်သွားရသည်။
နောက်တစ်ခဏတွင် သတိပြန်ဝင်လာပြီး ချက်ချင်းပင် ဓားပျံပေါ်တက်ကာ အသံထက်မြန်သော အရှိန်ဖြင့် အိမ်သို့ ဦးတည်ပျံသန်းသွားတော့သည်။
ဈေးထဲရှိ လေလွင့်ကျင့်ကြံသူများမှာ ကြောင်ကြည့်ကျန်ရစ်ခဲ့ကြသည်။
'ဟမ်... ဆေးဖက်ဝင်အပင်လမ်းကြားမှာ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူ ရှိနေတာလား'
'တောက်! ဒီလူက ဒီလောက်တော်တာကို ခုနက ဆိုင်တွေ အဖျက်ခံရတုန်းက ဘာလို့ ဝင်မကူညီတာလဲ'
'တကယ့်ကို လူသားဆန်မှု မရှိတဲ့သူပဲ!'
လူအုပ်ထဲမှ စိတ်တိုတတ်သော ကျင့်ကြံသူတစ်ဦးက ကျိန်ဆဲလိုက်လေသည်။
ဆေးဖက်ဝင်အပင်လမ်းကြား၊ တောင်ဘက်လမ်းသွယ်ရှိ အိမ်အမှတ် (၈)။
ချန်အန်သည် ဓားကို အမြန်နှိမ့်ချလိုက်ပြီး မြေပြင်ပေါ်သို့ မဆင်းသက်မီမှာပင် စိတ်လောစွာ ခုန်ဆင်းကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။
"ယောက်ျား... အစ်မဝမ် ရေမြွှာပေါက်သွားပြီ၊ အခု အခန်းထဲမှာ ကလေးမွေးနေပြီ" ဧည့်ခန်းထဲတွင် ဂူရှင်းယွဲ့က အခြေအနေကို အမြန်ပြောပြသည်။
ချန်အန်မှာ ဘာမှပြန်မပြောနိုင်အားဘဲ ဝမ်ကျိယန်၏ အခန်းတံခါးဝသို့ ပြေးသွားသည်။
သူ အခန်းနားသို့ ချဉ်းကပ်လိုက်စဉ်မှာပင် ဝမ်ကျိယန်၏ အသံ ထွက်ပေါ်လာသည်။
"ယောက်ျား... အထဲကို မဝင်လာနဲ့ဦး၊ စိတ်အာရုံနဲ့လည်း ချောင်းမကြည့်နဲ့နော်။ မဟုတ်ရင်တော့ မလွယ်ဘူး မှတ်လိုက်..."
သူမ၏ အသံမှာ အားနည်းနေသော်လည်း နာကျင်မှုကြောင့် အနည်းငယ် တင်းမာနေသည်။
'အရင်က ဟွာယင်းလေးတုန်းကလိုပဲ... ငါ့ကို သူမရဲ့ အကျည်းတန်နေတဲ့ ပုံစံကို မမြင်စေချင်တာ ဖြစ်မှာပေါ့'
ချန်အန်မှာ သက်ပြင်းချရင်း ဝမ်ကျိယန်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ ယန်အာ့စကား နားထောင်ပါ့မယ်။ အထဲလည်း မဝင်ဘူး၊ စိတ်အာရုံနဲ့လည်း မကြည့်ဘူး။ ဒီတံခါးအပြင်မှာပဲ စောင့်နေမယ်နော်"
ထိုသို့ပြောပြီးနောက် အခန်းထဲမှ ဆောင်ဟွာယင်း၏ အသံကို ကြားလိုက်ရသည်။
"အစ်မဝမ်... အသက်ကို ပြင်းပြင်းရှူပါ။ ကဲ... လာပြီ... တစ်... နှစ်... သုံး... ညှစ်ပါ!"
"အား... အား... နာတယ်!" ဝမ်ကျိယန်၏ နာကျင်စွာ အော်ဟစ်သံက ချန်အန်၏ ရင်ကို တုန်လှုပ်စေသည်။
ချန်အန်မှာ အပြင်၌ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စိုးရိမ်နေမိသည်။ သူက ဂူရှင်းယွဲ့အနားသို့ သွားကာ "ယုအာ... ကျင့်ကြံသူတွေ ကလေးမွေးတာက ဒီလောက်တောင် နာကျင်ရတာလား" ဟု မေးမိသည်။
"ယောက်ျား... ကျမလည်း မသိဘူးလေ၊ ကျမမှ ကလေးမမွေးဖူးတာ..." ဂူရှင်းယွဲ့၏ အသံမှာ နောက်ပိုင်းတွင် အားငယ်သံ ပါသွားသည်။
ဆောင်ဟွာယင်းနှင့် ဝမ်ကျိယန်တို့မှာ ကလေးရနေကြပြီဖြစ်သော်လည်း သူမမှာတော့ ဘာမှ အရိပ်အယောင် မရှိသေးသဖြင့် စိတ်ပူနေမိခြင်း ဖြစ်သည်။
ဂူရှင်းယွဲ့၏ မျက်နှာကို မြင်သောအခါ ချန်အန်မှာ မိမိအမေးမှားသွားမှန်း သိလိုက်သည်။
သူက ဘာမှထပ်မပြောတော့ဘဲ သူမကို ပွေ့ဖက်ကာ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
နှစ်နာရီကျော် ကြာသွားသော်လည်း ဝမ်ကျိယန်မှာ မွေးမထွက်သေးပေ။ ချန်အန်မှာ အလွန်စိုးရိမ်လာကာ ဝမ်ကျိယန် တစ်ခုခု ဖြစ်မည်ကို ကြောက်လန့်နေမိသည်။
သူ စိတ်မထိန်းနိုင်ဘဲ စိတ်အာရုံကို ဖြန့်လိုက်စဉ်မှာပင် အခန်းထဲမှ ရှန်းချင်းယီ၏ အသံ ထွက်ပေါ်လာသည်။
"ဆေးဆရာချန်... ကတိတည်ရမယ်လေ။ မိတ်ဆွေဝမ်ကို ချောင်းမကြည့်ပါဘူးလို့ ကတိပေးထားတယ် မဟုတ်လား"
ဝမ်ကျိယန်၏ အားနည်းသောအသံကလည်း ထွက်လာသည်။ "ရှင်... ရှင်သာ ချောင်းကြည့်ရင်... နောက်ဆို ကျမနဲ့ လုံးဝ အတူမနေရဘူးလို့ မှတ်လိုက်... အနားတောင် အကပ်ခံမှာ မဟုတ်ဘူး..."
"ကောင်းပါပြီ... မကြည့်တော့ပါဘူး။ ယန်အာ... ကလေးမွေးတာကိုပဲ အာရုံစိုက်ပါ၊ စိတ်မလေနဲ့တော့နော်" ချန်အန်က အမြန်ချော့လိုက်ရသည်။
နောက်ထပ် နှစ်နာရီ... နောက်ထပ် နှစ်နာရီ...။
နောက်တစ်နေ့ မိုးသောက်အလင်းတိုင် ရောက်သည့်တိုင်အောင် ဝမ်ကျိယန်မှာ မွေးမထွက်သေးပေ။ တစ်ရက်နီးပါး ကြာသွားသောအခါမှသာ အခန်းထဲမှ ကလေးငိုသံကို ကြားလိုက်ရတော့သည်။
"ဝါး... ဝါး... ဝါး!"
"ယောက်ျ... အစ်မဝမ် မွေးပြီ! သမီးလေးရှင့်" ဆောင်ဟွာယင်း၏ စိတ်လှုပ်ရှားသံ ထွက်လာသည်။ တစ်ရက်နီးပါး ကြာအောင် အားစိုက်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်းလှသော်လည်း အောင်မြင်သွားသဖြင့် ဝမ်းသာနေကြသည်။
ကျင့်ကြံသူ ဖြစ်သဖြင့်သာ ဤမျှ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခြင်း ဖြစ်ပြီး သာမန်လူဆိုလျှင် အသက်အန္တရာယ် ရှိနိုင်ပေသည်။
"ယန်အာ... ငါအထဲဝင်ခဲ့ရမလား"
"အင်း... ဝင်ခဲ့တော့..."
ဝမ်ကျိယန်က ပင်ပန်းနွမ်းနယ်စွာ ပြန်ထူးသည်။
ချန်အန် တံခါးကို တွန်းဖွင့်ကာ အမြန်ဝင်သွားသည်။ ကလေးကို အရင်ကြည့်ချင်သော်လည်း ဇနီးဖြစ်သူကို အရင်ဆုံး ဂရုစိုက်ရန် ကုတင်ဘေးတွင် ထိုင်ကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ယန်အာ... မင်း တကယ် ပင်ပန်းသွားပြီနော်"
"ပင်ပန်းတာပေါ့ ယောက်ျားရဲ့..." ဝမ်ကျိယန်က အသက်ရှူသံ မမှန်သေးဘဲ ပြောရှာသည်။ "ယောက်ျားအတွက် ဒီကလေးလေးကို မွေးပေးရတာ တကယ် မလွယ်ဘူး၊ နောက်ဆို ကျမကို ပိုပြီး ဂရုစိုက်ရမယ်နော်"
"ဂရုစိုက်တာပေါ့ ယန်အာရဲ့၊ ငါမင်းကို အမြဲ အချစ်ဆုံးပါပဲ" ချန်အန်က ပြုံးလျက် သူမ၏ ချွေးများကို သုတ်ပေးလိုက်သည်။
ထိုအချိန်တွင် ဆောင်ဟွာယင်းက အနှီးထုတ်လေးကို ပွေ့ချီလာကာ "ယောက်ျား... အစ်မဝမ်... သမီးလေးက အရမ်းချစ်ဖို့ကောင်းတယ်" ဟု ဆိုသည်။ ချန်အန်က ကလေးကို လှမ်းယူလိုက်သည်။ ကလေးမှာ မွေးကင်းစ ဖြစ်သဖြင့် အသားအရေက တွန့်ရှုံ့နေသော်လည်း အခြားကလေးများထက် ပို၍ ထွားကြိုင်းသည်ကို တွေ့ရသည်။
ဝမ်ကျိယန်ကလည်း ကလေးကို ကြည့်ကာ "ဒီကလေးလေးက ဖိုင့်နေတာပဲ၊ ဒါကြောင့်လည်း မွေးရတာ ခက်နေတာကိုး" ဟု ဆိုသည်။ ဂူရှင်းယွဲ့ကလည်း "ဟုတ်တယ် အစ်မဝမ်... ကလေးက တကယ် ဖိုင့်ဖိုင့်လေး" ဟု အံ့ဩနေသည်။
ချန်အန်က ပြုံးကာ "ငါ့သမီးလေးက ပါရမီ ပါလာတာ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။ ဝမ်ကျိယန်က "ယောက်ျား... အရူးလို ပြုံးမနေနဲ့ဦး၊ ကလေးရဲ့ ဝိညာဉ်အမြုတေကို စစ်ဆေးပေးပါဦး" ဟု တိုက်တွန်းသည်။
ရှန်းချင်းယီက အနားသို့ ရောက်လာကာ "ညီမဝမ်... ကျွန်မ စောစောက စစ်ဆေးကြည့်ပြီးပြီ။ ကလေးက ပါရမီ အတော်ကောင်းတယ်။ သတ္တု၊ မီးနဲ့ မြေဓာတ်... ဝိညာဉ်အမြုတေ သုံးမျိုးလုံး ပါလာတယ်" ဟု ပြောလိုက်သည်။
ဝမ်ကျိယန်မှာ အလွန်ဝမ်းသာသွားကာ ချန်အန်ကို ကြည့်ပြီး "ယောက်ျား... ကြားလား၊ ဝိညာဉ်အမြုတေ သုံးမျိုးတောင်တဲ့! ငါတို့သမီးလေးက ပါရမီရှင်လေးပဲ" ဟု အော်ဟစ်တော့သည်။ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်အမြုတေ များများပါလေ ပါရမီ ပိုကောင်းလေ ဖြစ်သည်။
ချန်အန်လည်း စိတ်လှုပ်ရှားနေစဉ်မှာပင် သူ၏ ရှေ့၌ အချက်အလက်တစ်ခု ပေါ်လာသည်။
[သင်၏ဇနီး ဝမ်ကျိယန်သည် ပင်ပန်းဆင်းရဲစွာဖြင့် ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းပုံပါရှိသော သမီးငယ်ကို မွေးဖွားပေးခဲ့သည်။ သင့်အား လျှို့ဝှက်ဆုလာဘ်သေတ္တာ တစ်လုံး ပေးအပ်လိုက်သည်။]
ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းပုံ
ဝိညာဉ်အမြုတေ သုံးမျိုးတင်မကဘူးလား
ချန်အန်သည် ထိုအချက်အလက်ကို ကြည့်ရင်း မှင်တက်သွားတော့သည်။
.......................................................
အခန်း (၁၂၆) - ဆောင်ဟွာယင်း၏ သွေးမျိုးဆက်ကို ပြောင်းလဲခြင်း
အချက်အလက်များ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချန်အန်၏ သိုလှောင်အိတ်ထဲတွင် သစ်သားသေတ္တာလေးတစ်လုံး အလိုအလျောက် ရောက်ရှိလာသည်ကို သူ သတိပြုမိလိုက်သည်။
အမှားအယွင်းမရှိလျှင် ၎င်းမှာ အသိပေးချက်ထဲတွင်ပါသော လျှို့ဝှက်ဆုလာဘ်သေတ္တာပင် ဖြစ်ရမည်။
သေတ္တာမှာ လက်ဖဝါးခန့်သာ ရှိသည်။ အထဲတွင် ဘယ်လိုရတနာမျိုးများ ရှိနေမည်နည်း။ ဆေးလုံးများလား..အတတ်ပညာစာအုပ်များလား သို့မဟုတ်... မှော်လက်နက်တစ်ခုခုလား
ချန်အန်သည် ထိုသေတ္တာကို အခုချက်ချင်းပင် ဖွင့်ကြည့်ချင်စိတ် ပေါက်နေသော်လည်း အောင့်ထားလိုက်သည်။
ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ ကလေးမွေးထားကာစ မာနခဲမယားငယ်လေးကို အဖော်ပြုပေးရန်ပင် ဖြစ်သည်။ မဟုတ်လျှင် သူမ ကလေးမွေးပြီးပြီးချင်း တစ်ဖက်လှည့်ကာ ထွက်သွားခြင်းမှာ အတော်လေး မသင့်တော်ပေ။
"ဖေဖေ... သမီးလည်း ကြည့်ချင်တယ်၊ မေမေဝမ်ရဲ့ ကလေးလေးကို ကြည့်ချင်တယ်"
ချန်ယုကျန်းမှာ အရပ်မမီသဖြင့် ချန်အန်၏ ရင်ခွင်ထဲမှ ကလေးကို မမြင်ရပေ။ သူမသည် ခြေဖျားထောက်ကာ အစွမ်းကုန် ကြိုးစားကြည့်သော်လည်း မမြင်ရသဖြင့် မျက်မှောင်လေးများပင် ကြုတ်နေတော့သည်။
သမီးလေး စိတ်လောနေသည်ကို မြင်သောအခါ ချန်အန်က ပြုံးလျက် သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ထို့နောက် ရင်ခွင်ထဲမှ ဒုတိယသမီးငယ်လေးကို အောက်သို့ အသာနိမ့်ပေးကာ စပ်စုချင်နေသော သမီးကြီး၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဝမ်ကျိယန်ကလည်း ယုကျန်းလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးပြလိုက်သည်။
"ယုကျန်းလေး... ဒါ သမီးရဲ့ ညီမလေးလေ။ သမီးက အစ်မကြီးဖြစ်သွားပြီဆိုတော့ နောက်ဆို ညီမလေးအတွက် စံပြဖြစ်အောင် နေရမယ်၊ မိဘစကားနားထောင်တဲ့ သမီးကောင်းလေး ဖြစ်ရမယ်နော်၊ သိလား"
"သိပါတယ် မေမေဝမ်၊ သမီးက ဖေဖေနဲ့ မေမေတို့ရဲ့ သမီးလိမ္မာလေး အမြဲဖြစ်နေမှာပါ" ချန်ယုကျန်းက လိမ္မာပါးနပ်စွာ ပြန်ဖြေသည်။
သူမသည် အနှီးထုတ်လေးထဲရှိ ညီမငယ်လေးကို စူးစမ်းလိုစိတ်၊ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ ညီမလေး အမြန်ကြီးလာပြီး သူမနှင့် ကစားဖော်ရမည်ကို မျှော်လင့်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် တစ်အိမ်လုံးတွင် သူမတစ်ယောက်တည်း ကလေးဖြစ်နေပြီး အပြင်လည်း ထွက်မကစားရသဖြင့် အတော်လေး ပျင်းစရာကောင်းလှသည်။
"ယောက်ျား... အစ်မဝမ်... ဟို... ကျမ ကလေးကို ချီကြည့်လို့ ရမလားဟင်"
ဂူရှင်းယွဲ့က ချန်အန်၏ ရင်ခွင်ထဲမှ ကလေးကို ကြည့်ကာ ခပ်တိုးတိုး တောင်းဆိုရှာသည်။ သူမသည် ကလေးများကို အလွန်ချစ်သူဖြစ်သည်။ မိမိကလေး မဟုတ်သော်လည်း ခင်ပွန်းဖြစ်သူ၏ ကလေးဖြစ်သဖြင့် သူမအတွက်တော့ အတူတူပင် ဖြစ်သည်။
ဝမ်ကျိယန်က ထိုစကားကို ကြားသောအခါ အစ်မကြီးတစ်ယောက်ကဲ့သို့ ကြင်နာစွာ ပြုံးလျက် "ရတာပေါ့ ယုအာရဲ့။ ငါက ကလေးအမေဆိုရင် ညည်းလည်း ကလေးအမေပဲလေ၊ ချီချင်ရင် ချီပေါ့" ဟု ဆိုသည်။
ချန်အန်က ပြုံးလျက် ဒုတိယသမီးလေးကို ဂူရှင်းယွဲ့ထံ ကမ်းပေးလိုက်သည်။ "လာ... ယုအာ၊ ချီလိုက်ဦး"
ဂူရှင်းယွဲ့သည် ကလေးကို လှမ်းယူလိုက်စဉ် သူမ၏ မျက်ဝန်းများမှာ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုများဖြင့် ပြည့်လျှံနေကာ မိခင်မေတ္တာရောင်ခြည်များ ဖြာထွက်နေတော့သည်။
ထိုအချိန်တွင် ဝမ်ကျိယန်က ပြတင်းပေါက်နားတွင် ရှိနေသော ရှန်းချင်းယီကို ကြည့်ကာ ပြုံးလျက် ကျေးဇူးတင်စကား ပြောလိုက်သည်။
"အစ်မရှန်း... ကျွန်မ ကလေးမွေးတုန်းက ဘေးကနေ စောင့်ရှောက်ပေးခဲ့လို့ တကယ်ပဲ ပင်ပန်းသွားပါပြီ။ နေခင်းဘက် ကျွန်မ အားနည်းနည်း ပြန်ရှိလာရင် ရှင်တို့အတွက် ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေးပါ့မယ်"
"ရပါတယ် ညီမဝမ်၊ အားမနာပါနဲ့" ရှန်းချင်းယီက ယဉ်ကျေးစွာ ပြန်ပြုံးပြသည်။
"ဟုတ်သားပဲ... ငါတို့က မိသားစုတွေပဲဟာကို၊ ဒီလောက် အားနာနေစရာ မလိုပါဘူး" ဆောင်ဟွာယင်းက ပြောပြောဆိုဆိုနှင့် ရှန်းချင်းယီကို နောက်ပြောင်လိုက်သည်။
"အစ်မရှန်း... အစ်မကကော ယောက်ျားအတွက် ဘယ်တော့လောက် ကလေးမွေးပေးမှာလဲဟင်။ အဲဒီကျရင် ညီမလေးကပဲ အစ်မအတွက် လက်သည်လုပ်ပေးမယ်လေ"
ရှန်းချင်းယီက အေးဆေးစွာပင် "ငါကတော့ ဟွာယင်းလေးကို စိတ်ပျက်အောင် လုပ်မိတော့မယ် ထင်တယ်။ ငါ့မှာ ကလေးယူဖို့ စိတ်ကူး လုံးဝမရှိဘူး" ဟု ဆိုသည်။
"နှမြောစရာကြီး အစ်မရှန်းရယ်၊ အစ်မက ဒီလောက်လှပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း လှပတာကို၊ အစ်မရဲ့ အလှတွေကို ဆက်ခံမယ့် ကလေးလေး မရှိရင် တကယ် နှမြောစရာပဲ"
ဆောင်ဟွာယင်းက နှမြောတသဟန်ဖြင့် ပြောလိုက်သည်။ သူမသည် ချန်အန်က ရှန်းချင်းယီကို ကလေးရစေချင်သည်ကို သိသဖြင့် ချန်အန်၏ မျက်နှာသာရစေရန် ဘေးမှ အမြဲတမ်း ကူညီမြှောက်ပင့်ပေးနေခြင်း ဖြစ်သည်။
ရှန်းချင်းယီကတော့ ပြုံးရုံသာ ပြုံးနေပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူမသည် မိမိကိုယ်ကိုယ် ချန်အန်၏ မယားငယ်တစ်ဦးအဖြစ် သတ်မှတ်ထားပြီ ဖြစ်သော်လည်း သိက္ခာနှင့် မာနကိုတော့ ထိန်းထားဆဲပင်။
မိမိပြောထားသော စကားကို အလွယ်တကူ ပြန်မဖျက်ချင်ပေ။ ကလေးယူရန်ကတော့ သူမ တကယ်ပင် ဆန္ဒမရှိသေးပါ။ လွတ်လွတ်လပ်လပ် နေချင်ပြီး ကလေးနှင့် အချည်အနှောင် မခံချင်ခြင်းကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ ချန်အန်သည် ဂူရှင်းယွဲ့၏ ရင်ခွင်ထဲရှိ ဒုတိယသမီးလေးကို စူးစမ်းနေမိသည်။ သူသည် စိတ်အာရုံကို အသုံးပြုကာ သမီးလေး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ ဒုတိယသမီးလေးတွင် မည်သို့သော ထူးခြားသည့် ကိုယ်ထည်ဖွဲ့စည်းပုံ ရှိသနည်းဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။
စစ်ဆေးကြည့်ပြီးနောက် ချန်အန် သိလိုက်ရသည်မှာ သမီးလေး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်မှာ အလွန်ပင် အားကောင်းမောင်းသန်နေခြင်းပင်။ ၎င်းမှာ ဘေးနားရှိ အရွယ်ရောက်ပြီးသူ ဆောင်ဟွာယင်းထက်ပင် အဆပေါင်းများစွာ ပို၍ လန်းဆန်းတက်ကြွနေသည်။
'ဒါက မွေးကင်းစ ကလေးလေးပဲ ရှိသေးတာလေ! ဘယ်လိုလုပ် သူ့ရဲ့ သွေးနဲ့စွမ်းအင်က အသက် ၂၀ နီးပါးရှိတဲ့ လူကြီးထက် ပိုတောင် အားကောင်းနေရတာလဲ'
ချန်အန် တွေးတောရင်း ဖြစ်နိုင်ခြေတစ်ခုကို သဘောပေါက်သွားသည်။ သူ၏ ဒုတိယသမီးလေးမှာ မွေးရာပါ သွေးနှင့်စွမ်းအင် အလွန်အားကောင်းသည့် ထူးခြားသော ကိုယ်ထည်ရှိသည်ဟု သူ ခန့်မှန်းလိုက်သည်။
အရိုးရှင်းဆုံး ပြောရလျှင် သူမ၏ ခန္ဓာကိုယ်မှာ မွေးကတည်းက သဘာဝအတိုင်း အလွန်တောင့်တင်းခိုင်မာနေခြင်းပင်။
ထိုအချိန်မှာပင် ကုတင်ပေါ်ရှိ ဝမ်ကျိယန်က ခဏတာ ဝေခွဲမရဖြစ်နေပြီးမှ မေးလိုက်သည်။
"ယောက်ျား... သမီးလေးကို ကျမ တကယ်ပဲ နာမည်ပေးရမှာလား"
ချန်အန်က သူမကို နာမည်ပေးခွင့် ပေးမည်ဟု ပြောခဲ့သော်လည်း သူမကတော့ မယုံကြည်ရဲဘဲ ရှိနေသည်။ ထိုစဉ်က ချန်အန်က သူမကို ချော့သည့်အနေဖြင့် ပြောခြင်းသာ ဖြစ်မည်ဟု ထင်နေခြင်း ဖြစ်သည်။
အမှန်တကယ် ကလေးမွေးလာသောအခါ ဖခင်ဖြစ်သူ ချန်အန်ကသာ နာမည်ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ချန်အန်က သူမ ထင်ထားသည်ထက် ကတိတည်နေခဲ့သည်။
ချန်အန်က သူမ၏ အမေးကို ကြားသောအခါ ညင်သာစွာ ပြုံးလျက် ပြန်ဖြေသည်။
"ယန်အာ... ကလေးကို နာမည်ပေးဖို့ ယောက်ျားဘက်က သဘောတူထားပြီးသားပဲဟာ။ မင်းကလွဲလို့ တခြားဘယ်သူ ပေးမှာလဲ"
"ဒါဆို... ကျမ တကယ်ပဲ ပေးရမှာပေါ့နော်"
"ပေးလိုက်လေ..."
......................................................