အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
အခန်း။ ၂၆၉
ဗုန်း ဗုန်း ဗုန်း
ရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးတစ်ခုလုံးတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ်ရာ အရိုးစုပုံကြီး ရှိနေသည့် ခန်းမဆောင်ကြီးအတွင်း၌မူ အဖြူနှင့် အမည်းရောင် အငွေ့အသက်များ ဝန်းရံနေသည့် လင်းလက်သော ပိုးအိမ်ကြီးတစ်ခုက တိတ်ဆိတ်စွာ လွင့်မျောနေ၏။
နောက်တစ်ခဏတွင်...
ဖျတ်
သွယ်လျဖြူစင်သော လက်တစ်ဖက်သည် ထိုပိုးအိမ်ကြီးအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ခြေထောက်တစ်ဖက်က ပိုးအိမ်အပြင်သို့ လှမ်းထွက်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင်...
ဂွမ်း
လင်းလက်နေသော ပိုးအိမ်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ဗလာကျင်းနေသော အမျိုးသားတစ်ဦးသည် ပိုးအိမ်အတွင်းမှ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်းမှာ ထုဆစ်ထားသည့် လက်ရာမွန်တစ်ခုအလား အချိုးအစားကျနပြီး ချောမွေ့နေကာ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည်။
မှင်ကဲ့သို့ နက်မှောင်သော ဆံနွယ်ရှည်များက ကျောပြင်ထက်၌ ဝဲဖြာနေပြီး မြွေမျက်လုံးကဲ့သို့ ကျဉ်းမြောင်းသော သူ၏မျက်ဝန်းများအတွင်း၌ ကြယ်စင်ဂလက်ဆီတစ်ခု စီးဆင်းနေသည့်အလား နတ်ဘုရားအလင်းများ တဖျတ်ဖျတ် တောက်ပနေသည်။ ကြည့်လိုက်ရုံဖြင့် သူသည် လူသားနှင့်မတူဘဲ နတ်ဘုရားတစ်ပါးအလားပင်။
ဝှူး
ချန်ကျီရှင်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ နက်မှောင်သော ဝတ်ရုံရှည်တစ်ခုက သူ၏ကိုယ်ပေါ်သို့ ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။
"အခုတော့... စစ်မှန်သောကိုယ်ထည် နဝမအဆင့်ကို ရောက်ပြီ"
ချန်ကျီရှင်းသည် သူ၏ဝမ်းဗိုက်ပိုင်းဆီသို့ ငုံ့ကြည့်လိုက်သည်။ သူ၏ ဝိညာဉ်ပင်လယ်ထက်တွင် အဖြူအမည်းရောင် တာအိုမျိုးစေ့ကြီးတစ်ခု တိတ်ဆိတ်စွာ လွင့်မျောနေသည်ကို မြင်လိုက်
ရ၏။
ဤသည်မှာ သူ၏ ကိုးခုမြောက်သော တာအိုလမ်းစဉ်ဖြစ်သည့် ရှင်ခြင်းနှင့် သေခြင်းတာအိုမျိုးစေ့ပင်။
ကိုးခုမြောက် တာအိုမျိုးစေ့ကို ပုံဖော်နိုင်ခြင်းသည် သူ၏ကျင့်ကြံခြင်းမှာ စစ်မှန်သောကိုယ်ထည် နဝမအဆင့်သို့ အမှန်တကယ် ခြေချနိုင်ခြင်းကို ကိုယ်စားပြုသည်။
ချန်ကျီရှင်းမှာ သူ၏အဆင့်တက်လာသည်နှင့်အမျှ သူ၏ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် နတ်ဘုရားအာရုံတို့မှာ အဆမတန် မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ယခုအချိန်တွင် သူ၏အစွမ်းမှာ လွန်ခဲ့သော သုံးရက်ကနှင့် ယှဉ်လျှင် အဆင့်အတန်းသစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒါတင်မကသေးဘူး... ရှင်ခြင်းနဲ့ သေခြင်းတာအိုလမ်းစဉ်ကနေ ငါနားလည်ခဲ့တဲ့ မျက်လုံးစွမ်းရည်ကိုလည်း နောက်ဆုံးမှာ ပြည့်စုံအောင် လုပ်နိုင်ခဲ့ပြီ"
ချန်ကျီရှင်းသည် တိုးညင်းစွာ ရေရွတ်လိုက်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်
သည်။ နောက်တစ်ခဏတွင် သူ၏မျက်ခွံများ လှုပ်ခတ်သွားပြီး မျက်လုံးများကို ဖြတ်ကနဲ ပြန်ဖွင့်လိုက်သည်။
ဝုန်း
ချက်ချင်းပင် ရောယှက်လိမ်ယှက်နေသော ရှင်ခြင်းနှင့် သေခြင်း အငွေ့အသက်များက ဒီရေအလား သူ၏မျက်ဝန်းများအတွင်းသို့ တိုးဝင်သွားကြသည်။
ရှင်ခြင်းကို ကိုယ်စားပြုသော စိမ်းလွင်သည့် အငွေ့အသက်များက ညာဘက်မျက်လုံးအတွင်း လည်ပတ်နေပြီး သူ၏မျက်ဆန်းတစ်ခုလုံးကို စိမ်းလန်းစိုပြေကာ တောက်ပနေစေသည်။
အဝေးမှကြည့်လျှင် သူ၏ညာဘက်မျက်လုံးအတွင်း၌ အရာအားလုံး ပြန်လည်ရှင်သန်လာပြီး သက်ရှိတစ်ခု မွေးဖွားလာသည့် ထူးခြားသော နိမိတ်ပုံကို မြင်တွေ့နိုင်သည်။
အခြားတစ်ဖက်တွင်မူ သေခြင်းကို ကိုယ်စားပြုသော မီးခိုးဖြူရောင် အငွေ့အသက်များက ဘယ်ဘက်မျက်လုံးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မျက်ဆန်းတစ်ခုလုံးမှာ အသက်မဲ့သော မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုမျက်လုံး၏ အနက်ရှိုင်းဆုံးနေရာ၌ ကမ္ဘာတစ်ခုလုံး ပျက်စီးပြုန်းတီးကာ အကြွင်းအကျန်များသာ ကျန်တော့သည့် ကြောက်မက်ဖွယ်ရာ နိမိတ်ပုံကို မြင်တွေ့ရပေလိမ့်မည်။
"ညာဘက်မျက်လုံးက ရှင်ခြင်း... ဘယ်ဘက်မျက်လုံးက သေခြင်း"
ချန်ကျီရှင်းက အကြည့်ကို လွှဲလိုက်ရာ ထိုအငွေ့အသက်များမှာ မျက်ဝန်းအနက်ပိုင်းသို့ ပြန်လည်ငုပ်လျှိုးသွားကြသည်။ သူ၏မျက်လုံးများမှာ ယခင်နှင့်မတူဘဲ ကြောက်မက်ဖွယ်ရာ အစွမ်းများ ကိန်းဝပ်နေပြီဖြစ်ကြောင်း သူခံစားမိသည်။
ညာဘက်မျက်လုံးက အသက်စွမ်းအားများကို ထုတ်လွှတ်ပြီး သေဆုံးနေသော အသားနှင့် အရိုးများကို ပြန်လည်ရှင်သန်စေနိုင်သည်။ ဤသည်မှာ အသေးအဖွဲမျှသာ ရှိသေးသည်။
နောင်တစ်ချိန်တွင် ချန်ကျီရှင်း၏ ကျင့်ကြံခြင်း ပိုမိုမြင့်မားလာပြီး တာအိုလမ်းစဉ်ကို ပိုမိုကျွမ်းကျင်လာပါက တစ်နေ့တွင် သူသည် အကြည့်တစ်ချက်တည်းနှင့် ကမ္ဘာငယ်လေးတစ်ခုလုံးကို ပြန်လည်ရှင်သန်အောင် လုပ်နိုင်ပေလိမ့်မည်။
တကယ်လို့ ညာဘက်မျက်လုံးရဲ့ အစွမ်းက ပြန်လည်ရှင်သန်ခြင်းဆိုရင် ဘယ်ဘက်မျက်လုံးရဲ့ သေခြင်းစွမ်းအားကတော့ အစွမ်းကုန် သုတ်သင်ခြင်းပင်။
အကြည့်တစ်ချက်တည်းနှင့် အရာအားလုံးကို သေဆုံးစေနိုင်သလို ကမ္ဘာကြီးတစ်ခုလုံးကို အပျက်အစီးများအဖြစ် ပြောင်းလဲပြီး သက်ရှိအနန္တကို မြေမြှုပ်ပစ်နိုင်သည်။
"ရှင်ခြင်းနဲ့ သေခြင်းတာအိုလမ်းစဉ်ရဲ့ နက်နဲမှုက ငါထင်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းနေပါလား"
"ကြည့်ရတာ... ကောင်းကင်နဲ့ မြေကြီး နိမိတ်ပုံကို ပုံဖော်ဖို့ လောစရာ မလိုသေးဘူးထင်တယ်"
ချန်ကျီရှင်းသည် အသာအယာ သက်ပြင်းချလိုက်သည်။
ရှင်ခြင်းနှင့် သေခြင်းတာအိုလမ်းစဉ်၏ ကောင်းကင်နှင့် မြေကြီး နိမိတ်ပုံနှင့် ပတ်သက်၍ ချန်ကျီရှင်း၏ စိတ်ထဲတွင် ခိုင်မာသော အကြံအစည် မရှိသေးပေ။ ထို့ကြောင့် သူသည် ထိုနိမိတ်ပုံကို အလောတကြီး အပြီးသတ်ရန် မကြိုးစားခဲ့ပေ။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် သူ၏အကြည့်ကို ခန်းမဆောင်ကြီးအတွင်းသို့ လွှဲလိုက်သည်။ ခန်းမဆောင်အတွင်း အထက်၌ ချိတ်ဆွဲထားခဲ့သော နတ်ဘုရားဓားများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်ကို သူ မြင်လိုက်ရ၏။
ကျောက်စားပွဲပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော စိမ်းပြာရောင်နတ်ဘုရားဓား တစ်လက်တည်းသာ ကျန်ရှိတော့သည်။
စိမ်းပြာရောင်နတ်ဘုရားဓား၏ ကိုယ်ထည်ပေါ်တွင် စစ်မှန်သောကိုယ်ထည်အဆင့်နှင့် နိဗ္ဗာနအဆင့်တို့၏ အငွေ့အသက်များက အဆက်မပြတ် ရောယှက်ကာ ပွတ်တိုက်နေကြသည်။
"နိဗ္ဗာနအဆင့်ကို တက်လှမ်းတော့မှာလား"
ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဤတစ်ကြိမ်တွင် သူသည် ကိုးခုမြောက် တာအိုမျိုးစေ့ကို ပုံဖော်နိုင်ခဲ့ပြီး စစ်မှန်သောကိုယ်ထည် နဝမအဆင့်သို့ ရောက်ရှိခဲ့ခြင်းကြောင့် သူ၏အစွမ်းမှာ အဆမတန် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
တကယ်လို့သာ စိမ်းပြာရောင်နတ်ဘုရားဓားကပါ နိဗ္ဗာနအဆင့် စစ်သည်တော်တစ်လက်အဖြစ် ပြောင်းလဲသွားမည်ဆိုပါက သူ၏အစွမ်းမှာ တကယ့်ကို အခြေခံကျကျ ပြောင်းလဲသွားပေလိမ့်မည်။
ချန်ကျီရှင်းသည် စိမ်းပြာရောင်နတ်ဘုရားကို အကြိမ်အနည်းငယ် ခေါ်ယူကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် သူမကို မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်ပြီး ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ မော့ကြည့်လိုက်သည်။
မသေမျိုးသိုင်းအမိန့်တော်တစ်ခုတည်းကပင် သူ၏စိမ်းပြာရောင်နတ်ဘုရားဓားကို တစ်ရှိန်ထိုး နိဗ္ဗာနအဆင့် စစ်သည်တော် ဖြစ်လာစေခဲ့သည်။
တကယ်လို့ ငါသာ နောက်ထပ် အမိန့်တော်တွေ ထပ်ရဦးမယ်ဆိုရင် ဘယ်လိုမျိုး ကံကြမ္မာတွေက ငါ့ဆီ ရောက်လာဦးမှာလဲ။
ဤအတွေးက ချန်ကျီရှင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်အရိပ်အယောင်လေး ပေါ်လာစေသည်။ သူသည် တွန့်ဆုတ်မနေတော့ဘဲ ထရပ်ကာ ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် လူရိပ်သုံးဦးသည် ချန်ကျီရှင်း ရှိနေသော ဓားနန်းတော်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေကြသည်။
တစ်ဦးမှာ မျက်နှာတစ်ဝက်ကို နှာခေါင်းစည်းဖြင့် ဖုံးအုပ်ထားပြီး ဘယ်ဘက်နဖူးထက်တွင် ကျိုဟူသော စာလုံးကြီးကို ရေးထိုးထားသည်။
အခြားတစ်ဦးမှာမူ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါကာ မြင့်မြတ်သော မျိုးနွယ်စုမှ သခင်လေးတစ်ဦး၏ အရှိန်အဝါရှိသည်။
နောက်ဆုံးတစ်ဦးမှာမူ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်ထက်တွင် တိုတောင်းသော လှံချွန်နှစ်စင်းကို ကြက်ခြေခတ် ချိတ်ဆွဲထားသည်။
ထိုသူသုံးဦးမှာ အခြားသူများမဟုတ်ဘဲ ကျွေး၊ ရဲလျန်ချန်းနှင့် ရှန်ဆန်းတို့ပင်။
သူတို့သုံးဦး ချန်ကျီရှင်း ရှိရာသို့ နီးကပ်လာသည်နှင့်အမျှ လမ်းတစ်လျှောက်ရှိ ပါရမီရှင်များမှာ တုန်လှုပ်သွားကြပြီး သူတို့၏မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုများ ယှက်သန်းလာကြသည်။
"ရဲလျန်ချန်းတို့ သုံးယောက်က နောက်ဆုံးတော့ ချန်ကျီရှင်းကို ရင်ဆိုင်တော့မှာလား"
"မြန်မြန်... မြန်မြန်သွားကြရအောင် ဒါက တကယ့်ကို နဂါးနဲ့ကျား တိုက်ပွဲပဲ။ လက်လွတ်မခံသင့်တဲ့ တိုက်ပွဲကြီးပဲ"
"ဟင် လီချန်ဖုန်းကော ဘယ်မှာလဲ သူ ဘာလို့ မပါတာလဲ"
"ဇာတ်လမ်းကတော့ စပြီဟေ့ ဘယ်သူပဲနိုင်နိုင် ငါတို့အတွက်တော့ အားကြီးတဲ့ ရန်သူတစ်ယောက် လျော့သွားမှာပဲ"
ရုတ်တရက်ဆိုသလိုပင် ပါရမီရှင် အမြောက်အမြားမှာ ရဲလျန်ချန်းတို့ သုံးဦး၏ နောက်မှနေ၍ အဝေးကနေ လိုက်ပါလာကြတော့သည်။
မသေမျိုးတောင်တန်း၏ အပြင်ဘက်၌မူ တောင်ခြေရှိ ကျင့်ကြံသူများသည်လည်း ထပ်တူပင် စိတ်လှုပ်ရှားနေကြပြီး အလင်းမှန်ချပ်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ရွှေရောင်ရထားလုံးအတွင်း၌မူ စီကုန်းရွှမ်ကျီးသည် အိပ်ချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်နေရာမှ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
"နောက်ဆုံးတော့ စပြီပေါ့လေ"
စီကုန်းရွှမ်ကျီး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည်။
ရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးအတွင်း၌ ရဲလျန်ချန်းနှင့် ကျန်နှစ်ဦးမှာ ရှေ့သို့ အလျင်အမြန် သွားကြရာ တစ်နာရီခန့်အတွင်းမှာပင် အနက်ရောင် ရှေးဟောင်းနန်းတော်ကြီးတစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။
ထိုနန်းတော်၏ အရှေ့တွင်မူ အလောင်းဒါဇင်ပေါင်းများစွာကို တောင်လိုပုံထားပြီး ကြောက်မက်ဖွယ်ရာ အထိမ်းအမှတ်တစ်ခုအလား ဖြစ်နေသည်။
"ဒီလို အပေါစား လှည့်ကွက်တွေနဲ့ တခြားသူတွေကို ခြောက်လှန့်နိုင်မယ်လို့ သူ ထင်နေတာလား"
ရဲလျန်ချန်းတို့ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ပြုံးကြည့်လိုက်ပြီး အမှတ်မထင် ခေါင်းခါလိုက်ကြသည်။
အရှေ့ဘက်နယ်မြေမှ အရေးမပါသော လူငယ်ဒါဇင်အနည်းငယ်၏ အလောင်းများမှာ တခြားသူများကို ခြောက်လှန့်နိုင်ကောင်း ခြောက်လှန့်နိုင်လိမ့်မည် ဖြစ်သော်လည်း သူတို့အတွက်မူ ရေပြင်ထက်မှ လှိုင်းကြက်ခွပ်လေးမျှပင် အရာမထင်ပေ။
နောက်တစ်ခဏ၌ ရဲလျန်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူသည် ဟင်းလင်းပြင်ထဲ၌ ရပ်နေရင်း အောက်ရှိ အနက်ရောင်နန်းတော်ကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ငုံ့ကြည့်ကာ ဟိန်းဟောက်လိုက်၏။
"ငါကတော့ စီကုန်းမိသားစုရဲ့ တာဝန်ပေးချက်အရ မင်းရဲ့အသက်ကို လာယူတဲ့ ဘုရားတိမ်တောင်က ရဲလျန်ချန်းပဲ"
"ဇီဝေချန်မိသားစုက ချန်ကျီရှင်း... ထွက်လာပြီး အသေခံစမ်း"
ဝုန်း
ထိုစကားများမှာ မိုးကြိုးပစ်လိုက်သည့်အလား အနက်ရောင်နန်းတော်ကြီး တစ်ခုလုံး၏ အထက်ဝယ် ပေါက်ကွဲကာ ဟိန်းထွက်သွားတော့သည်။
အခန်း။ ၂၇၀
ဗုန်း
မြင့်မားသော သစ်ပင်ကြီးများ ဖုံးလွှမ်းနေသည့် တောနက်ကြီးအတွင်း၌ လူရိပ်တစ်ခုသည် နောက်သို့ လွင့်စဉ်သွားပြီး သစ်ပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် တိုက်မိကာ ပေရာချီသော လမ်းကြောင်းတစ်ခု ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် ဧရာမ ကျောက်ဆောင်ကြီးတစ်ခုကို စိစိညက်ညက် ကြေမွသွားစေပြီးမှသာ ထိုလူရိပ်မှာ ရပ်တန့်သွားတော့သည်။
သူသည် အင်အားကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လျက် လျောကျသွား၏။ သူ၏မျက်နှာကို ပတ်ထားသော မီးခိုးရောင် ပတ်တီးများကြားမှ လတ်ဆတ်သော သွေးနီရောင်များမှာ စိမ့်ထွက်လာနေသည်။
"စစ်မှန်သောကိုယ်ထည် တတိယအဆင့်... ဟဲဟဲ ဒီလောက် အစွမ်းလေးနဲ့များ ငါ့ဆီက မသေမျိုးသိုင်းအမိန့်တော်ကို လုဖို့ ကြိုးစားနေတာလား"
လီချန်ဖုန်းသည် ရှေ့သို့ တစ်လှမ်းချင်း တိုးလာပြီး သူ၏နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်နေသည်။
သူသည် လက်ကိုဆန့်ကာ ချန်ချိုးအာ၏ မီးခိုးရောင်ဆံပင်များကို ဆွဲယူပြီး ခေါင်းကို မော့စေလိုက်သည်။ ထို့နောက် ချန်ချိုးအာ၏ မျက်နှာကို သူ၏ဒူးဖြင့် အားကုန် ဆောင့်ကန်လိုက်တော့သည်။
ဗုန်း….
တစ်ခဏချင်းမှာပင် ချန်ချိုးအာ၏ ဦးခေါင်းမှာ ဧရာမ တူကြီးတစ်လက်နှင့် အထုခံလိုက်ရသလို နောက်သို့ လန်ထွက်သွားသည်။ သွေးစိုင် သွေးခဲများမှာ သူ၏ဦးခေါင်းမှ စီးကျလာပြီး မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားတော့သည်။
"အရင်ကတော့ ငါ့ကို စကားပဲ တတ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား အခုရော ဘယ်လိုလဲ"
လီချန်ဖုန်းက လည်ချောင်းသံဖြင့် ခပ်တိုးတိုး ရယ်မောလိုက်ပြီး အင်အားချည့်နဲ့နေသော ချန်ချိုးအာကို မကာ လက်သီးချက်ပေါင်း ရာချီ၍ တရစပ် ထိုးနှက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
ဘုန်း ဘုန်း ဘုန်း
မြန်ဆန်လွန်းသော ထိုးနှက်ချက်များအောက်တွင် ချန်ချိုးအာ၏ ခန္ဓာကိုယ်မှာ ဆန်ခါတစ်ခုအလား တုန်ရီနေပြီး အရေပြားပေါက်တိုင်းမှ သွေးများ ပန်းထွက်လာကာ တစ်ကိုယ်လုံးရှိ ပတ်တီးဖြူများမှာ ချက်ချင်းပင် သွေးရောင် လွှမ်းသွားတော့သည်။
ဂျိမ်း
နောက်ဆုံး အားပါလှသော လက်သီးချက်တစ်ချက်သည် ချန်ချိုးအာ၏ ရင်ဘတ်ကို တည့်
တည့်မှန်သွားသည်။
ချန်ချိုးအာမှာ ရှေးဦးနွားမိစ္ဆာကြီးတစ်ကောင်၏ အတိုက်ခံလိုက်ရသည့်အလား ပေတစ်ထောင်မြင့်သော တောင်နံရံဆီသို့ လွင့်စဉ်သွားပြီး ပြင်းထန်စွာ တိုက်မိတော့သည်။ တောင်ကြီးမှာ တုန်ခါသွားပြီး မြေပြင်နှင့် ကောင်းကင်ပင် မှောက်ခုံဖြစ်သွားသလား ထင်မှတ်ရသည်။
ချန်ချိုးအာသည် တောင်နံရံမှတစ်ဆင့် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လျောကျသွားခဲ့၏။
"အသုံးမကျတဲ့ ခွေးတစ်ကောင်လို ကောင်က... ချန်ကျီရှင်းကို ကပ်ဖားနေရုံနဲ့ မင်းကိုယ်မင်း အရေးပါတဲ့လူတစ်ယောက် ဖြစ်သွားပြီလို့ ထင်နေတာလား"
လီချန်ဖုန်းက အေးစက်စွာ လှောင်ပြောင်ရင်း ချန်ချိုးအာရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ နောက်တစ်ခဏတွင် သူသည် ချန်ချိုးအာ၏ ရှေ့၌ ခိုင်မာစွာ ရပ်လိုက်ပြီး လပြည့်ဝန်းအလား သူ၏ညာလက်မောင်းကို နောက်သို့ ဆွဲဆန့်လိုက်သည်။
သူ၏လက်သီးထက်တွင် လေပွေများ စတင်လည်ပတ်လာပြီး လေဓာတ်ပေါင်းများစွာမှာ လက်ဝါးထဲသို့ စုစည်းသွားတော့သည်။
"သေပေတော့"
လီချန်ဖုန်းက သူ၏လက်သီးကို အားကုန် လွှဲရိုက်လိုက်သည်။
ဝုန်း
ရုတ်တရက်ဆိုသလိုပင် သွေးရောင်လွှမ်းနေသော ပတ်တီးများ ပတ်ထားသည့် လက်ကြီးတစ်ဖက်က ထိုလက်သီးကို လက်ဝါးနှင့် ဖမ်းဆုပ်လိုက်ပြီး ရှေ့သို့ ဆက်မတိုးနိုင်အောင် တားဆီးလိုက်သည်။
"ဒီလောက် ပျော့ညံ့တဲ့ တိုက်ခိုက်မှုမျိုးနဲ့... မင်းက ဘယ်သူ့ကို သတ်နိုင်မှာလဲ"
ချန်ချိုးအာသည် လည်ချောင်းသံဖြင့် ယုတ်မာလှသော ရယ်သံကို ထုတ်ဖော်ရင်း မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပတ်တီးများမှာ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်ကာ မြေပေါ်သို့ ကျသွားကြ၏။
လီချန်ဖုန်း၏ ရှေ့မှောက်တွင် ပေါ်လာသည်မှာ အမာရွတ်ပေါင်း မြောက်မြားစွာ ထပ်နေသော ခန္ဓာကိုယ်ကြီးပင်။ ၎င်းမှာ တကယ့်ကို တုန်လှုပ်စရာ ကောင်းသည်။
ခြေဆုံးခေါင်းဆုံး အကောင်းပကတိနေရာဟူ၍ တစ်ကွက်မျှ မရှိဘဲ ပုံသဏ္ဌာန်မျိုးစုံသော အမာရွတ်များမှာ ရှုပ်ထွေးစွာ ယှက်သန်းနေပြီး ကြည့်ရသည်မှာ အလွန် ရွံရှာဖွယ်ကောင်းကာ ရင်လေးစရာပင်။
ထူထပ်လှသော ချွေးပေါက်များကြားမှ အသားစားပိုးကောင်မျိုးစုံမှာ အဆက်မပြတ် တွားသွားထွက်ပေါ်လာပြီး သူ၏အသားနှင့် သွေးများကို ကိုက်ခဲနေကြသည်။
ဤသည်ကို မြင်လိုက်ရသည်နှင့် လီချန်ဖုန်းမှာ ကြက်သီးမွှေးညင်းများ ထသွားကာ လွန်စွာ ထိတ်လန့်သွားတော့သည်။
ဒီကောင်ရဲ့ ကိုယ်တွင်းင်္အဂါတွေက ဟိုးကတည်းက အနှစ်မရှိတဲ့ အခွံတွေ ဖြစ်နေတာပဲ။
"လာစမ်းပါ... ဒီနာကျင်မှုကို ငါတို့ အတူတူ ခံစားကြရအောင်"
ချန်ချိုးအာက ပြုံးလိုက်ရာ သူ၏ပါးစပ်မှာ မေးရိုးအထိ ဖြဲထွက်သွားပြီး ထက်မြက်သော သွားတန်းကြီးများကို မြင်တွေ့လိုက်ရသည်။
ရှူး
နာကျင်ခြင်း မြွေတစ်ကောင်သည် ချန်ချိုးအာ၏ လက်ဝါးအတွင်းမှ ထွက်ပေါ်လာပြီး လီချန်
ဖုန်း၏ လက်သီးကို ကိုက်ကာ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လီချန်ဖုန်း၏ ရှေ့မှောက်ရှိ မြင်ကွင်းများမှာ ပြောင်းလဲသွားသည်။
ချန်ချိုးအာမှာ ပျောက်ကွယ်သွားခဲ့ကာ ထိုနေရာတွင် စိမ်းလွင်သော မျက်ဝန်းအစုံရှိသည့် ဧရာမ မြွေနက်ကြီးတစ်ကောင်က သူ့ကို အထက်မှနေ၍ အေးစက်နက်ရှိုင်းစွာ စိုက်ကြည့်နေသည်။ ရှင်ခြင်းနှင့် သေခြင်းကြားမှ ကြီးမားလှသော ကြောက်ရွံ့မှုကြီးမှာ လီချန်ဖုန်း၏ ရင်ထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်။
"ဒါက... ဘယ်လို မိစ္ဆာမျိုးလဲ..."
လီချန်ဖုန်း၏ တုန်ရီနေသော စကားလုံးများ မဆုံးသေးမီမှာပင်...
ရှူး
ချန်ချိုးအာက သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် သူ၏မျက်လုံးအိမ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ကာ မွှေနှောက်လိုက်သည်။
ထို့နောက် အကြောများနှင့် သွေးကြောများ တန်းလန်းဖြင့် သူ၏မျက်လုံးအစုံကို သူကိုယ်တိုင် ပြူးထွက်အောင် ကော်ထုတ်လိုက်တော့သည်။
"အား ငါ့မျက်လုံးတွေ"
တစ်ခဏချင်းမှာပင် လီချန်ဖုန်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ သူ၏မျက်လုံးများအတွင်း သွေးစအသားစများဖြင့် ပြည့်နှက်သွားပြီး မျက်လုံးအိမ်ကြီးမှာ ပျောက်ကွယ်ကာ မှောင်မည်းနေသော အပေါက်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ မျက်လုံးအိမ်အတွင်းမှ သွေးမည်းများမှာ စီးကျလာနေ၏။
"တကယ်ကို ကောင်းတဲ့ ခံစားချက်ပဲ"
ဤသည်ကို မြင်လိုက်ရသောအခါ ချန်ချိုးအာသည် လည်ချောင်းသံဖြင့် ရူးသွပ်ဟိန်းဟောက်ကာ ရယ်မောလိုက်သည်။
ဖျတ်….
သူသည် သူ၏ဘယ်ဘက်လက်မောင်းကို မုန့်ကဲ့သို့ လိမ်ချိုးလိုက်ပြီး ခန္ဓာကိုယ်မှ တိုက်ရိုက် ဆွဲဖြတ်ပစ်လိုက်သည်။
ထိုနည်းတူပင် လီချန်ဖုန်း၏ ဘယ်ဘက်လက်မောင်းမှာလည်း ထူးဆန်းစွာ လိမ်တွန့်သွားပြီး အသားနှင့် အကြောများ ပြတ်တောက်ကာ လွင့်စဉ်ထွက်သွားတော့သည်။
မျက်လုံးကို ကော်ထုတ်ခြင်း၊ နားရွက်ကို ဖြတ်တောက်ခြင်း၊ လည်ချောင်းကို ဖောက်ထုတ်ခြင်း၊ ခြေလက်အင်္ဂါများကို အပိုင်းပိုင်းဖြတ်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါများကို မီးလောင်ကျွမ်းစေခြင်းပင်။
ခေတ္တမျှအတွင်း ရှေးဟောင်းသစ်ပင်ကြီးများ ဖုံးလွှမ်းနေသော တောအုပ်တစ်ခုလုံးတွင် နာကျင်လှသော အော်ဟစ်သံများနှင့် ရူးသွပ်ပြီး ယုတ်မာလှသော ရယ်သံများမှာ ဟိန်းထွက်နေတော့သည်။
"ခေါင်းဖြတ်ခြင်း"
...
...
ရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးရှိ ဓားနန်းတော်၏ အပြင်ဘက်။
"အခုချက်ချင်း ထွက်လာပြီး အသေခံစမ်း"
ရဲလျန်ချန်း၏ နောက်ဆုံးစကားလုံး လေးခွန်းမှာ အနက်ရောင်နန်းတော်ကြီး၏ အထက်ဝယ် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။ လူတိုင်း၏ အကြည့်များမှာ နန်းတော်၏ အဝင်ဝဆီသို့ စုပြုံ၍ ရောက်ရှိသွားကြ၏။
နောက်တစ်ခဏတွင်...
ကျွီ...
လေးလံလှသော တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာသည့် အသံနှင့်အတူ ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး နက်မှောင်သော ဆံနွယ်များ ဝဲဖြာနေသည့် အရပ်ရှည်ရှည် လူရိပ်တစ်ခုသည် နန်းတော်အတွင်းမှ တစ်လှမ်းချင်း လျှောက်လှမ်းထွက်ပေါ်လာသည်။
"သူ ထွက်လာပြီ"
ချက်ချင်းဆိုသလိုပင် အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင် အမြောက်အမြားမှာ စိတ်လှုပ်ရှားသွားကြသည်။
တစ်ဖက်တွင်မူ ထာဝရအသက်ရှည်ခြင်းပါရမီရှင်စာရင်း၏ ထိပ်ဆုံးမှာ ရှိနေသည့် ပြိုင်ဘက်ကင်း ဇီဝေတတိယသခင်လေး ချန်ကျီရှင်းနှင့် အခြားတစ်ဖက်တွင်မူ ယနေ့ခေတ်၏ ထိပ်တန်း ပါရမီရှင် သုံးဦးဖြစ်သော ရဲလျန်ချန်း၊ ကျွေးနှင့် ရှန်ဆန်းပင်။
သူတို့အတွက်တော့ ဤတိုက်ပွဲသည် ဤခေတ်ကာလ၏ အမြင့်ဆုံးအဆင့် တိုက်ပွဲများထဲမှ တစ်ခု ဖြစ်လာတော့မည်မှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော် ရဲလျန်ချန်း၊ ရှန်ဆန်း နှင့် နက်နဲလှသော ကျွေးတို့မှာ စီကုန်းနန်ကဲ့သို့သော သူမျိုးများကဲ့သို့ အထင်သေး၍ရသည့် လူစားမျိုးများ မဟုတ်ကြသောကြောင့်ပင်။