အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
အခန်း။ ၂၆၃
ဟိုးကောင်းကင်ယံအစွန်း၌ မသေမျိုးအလင်းတန်းများ အရပ်ရှစ်မျက်နှာသို့ ဝင်းခနဲ ဖြာထွက်သွားကြသည်။
တောက်ပလှသော နတ်ဘုရားအလင်းတန်းများသည် အထက်ကောင်းကင်မှနေ၍ ကျဆင်းလာကြပြီး တစ်ခုနှင့်တစ်ခု ရစ်ပတ်ယှက်နွယ်လျက် မသေမျိုး ရေတံခွန်ကြီးများအလား တသွင်သွင် စီးဆင်းနေကြတော့သည်။
မဟာတာအို၏ ဟိန်းဟောက်သံကြီးမှာ ဝိညာဉ်ကိုပင် တုန်ဟိန်းသွားစေကာ မသေမျိုးတောင်တန်းရှိ ကျင့်ကြံသူအားလုံးကို အလိုအလျောက် တာအို အသိအမြင်ပွင့်လင်းသည့် နယ်ပယ်ထဲသို့ ရောက်ရှိသွားစေတော့သည်။
နောက်တစ်ခဏတွင်မူ ဟင်းလင်းပြင်ထဲမှနေ၍ ဝေဝါးလှသော မသေမျိုးတာအိုအဖွဲ့ သုံးခု ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရားမသေမျိုးနန်းတော်၊ မသေမျိုးတက်လှမ်းခြင်းဂိုဏ်းနှင့် တာလျိုတာအိုနယ်မြေပင်။
ဤမသေမျိုးတာအိုအဖွဲ့ သုံးခုမှာ အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ တကယ့်အရှင်သခင်များ ဖြစ်ကြပြီး တိမ်တိုက်များအထက်၌ မြင့်မားစွာ တည်ရှိနေကြကာ နှစ်ပေါင်းကုဋေကုဋာတိုင်အောင် လောကကြီး၏ အပြောင်းအလဲများကို ငေးမောကြည့်ရှုလာခဲ့သူများ ဖြစ်ကြသည်။
ထိုစဉ်ဝယ် ချန်ကျီရှင်း အပါအဝင် တောင်ထိပ်ပေါ်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များမှာ ထိုတာအိုအဖွဲ့ သုံးခုထံသို့ မော့ကြည့်လိုက်ကြသည်။
"မသေမျိုးတက်လှမ်းခြင်းဂိုဏ်း... ငါ မှတ်မိတာတော့ ဆရာ့ကို သူတို့တွေ ခေါ်သွားခဲ့ကြတာ"
ချန်ကျီရှင်းသည် သူဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ကျောက်ရှင်းနှင့် ကျွေးတို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှေးဟောင်းခေတ်မှ ယနေ့ခေတ်သို့ သူတို့ကို ပြန်နိုးထလာအောင် ပြုလုပ်ခဲ့သော မီးခဲအဖွဲ့အစည်းမှ လျှို့ဝှက်ဆန်းပြားသည့် ပုဂ္ဂိုလ်မှာ ဤမသေမျိုးတာအိုအဖွဲ့ သုံးခုအတွင်း၌ ကိန်းဝပ်နေဟန်ရှိသည်။
သူတို့၏ နံပါတ်တစ်သခင်ဟု ခေါ်ဝေါ်သောသူမှာ ဤနေရာများတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကိုမူ မသိရသေးပေ။
နောက်တစ်ခဏတွင် ထိုတာအိုအဖွဲ့ သုံးခုမှ လူရိပ်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။ သူတို့မှာ မသေမျိုးအလင်းတန်းများဖြင့် လွှမ်းခြုံထားသဖြင့် သူတို့၏ ရုပ်ရည်ကို အထင်အရှား မမြင်ရသော်လည်း သူတို့လက်ထဲ၌ ကိုင်ဆောင်ထားသော ရွှေရောင်အမိန့်တော်ပြန်တမ်းများကိုမူ ဝေဝါးစွာ မြင်တွေ့နေရသည်။
မကြာမီမှာပင် ထိုလူရိပ်သုံးဦးသည် ရွှေရောင်အမိန့်တော်ပြန်တမ်းများကို ဖြန့်လိုက်ကြပြီး အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲ၏ စည်းမျဉ်းများကို ကြေညာလိုက်တော့သည်။
"မသေမျိုးတောင်တန်းကြီး ပွင့်တော့မယ်။ အဲဒီထဲမှာ အခွင့်အရေးကြီးတွေ ရှိနေတယ်။ မသေမျိုးသိုင်းအမိန့်တော်ကို ပိုင်ဆိုင်တဲ့သူတွေက ကောင်းကင်ဘုံရဲ့ ဆုလာဘ်တွေကို ရရှိပြီး မသေမျိုးတောင်တန်းရဲ့ လျှို့ဝှက်ရတနာတိုက်ကို ဖွင့်လှစ်ခွင့်ရလိမ့်မယ်..."
ထိုသူများက စည်းမျဉ်းများကို ကြေညာနေစဉ် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။
အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲ၏ စည်းမျဉ်းများမှာ ရှင်းလင်းသည်။ ဤပြိုင်ပွဲတွင် ရှေးဦးရှေးဟောင်းမျိုးနွယ်စုများ၊ မြောက်ဘက်သားရဲများ၊ အရှေ့ပင်လယ်မှ တိုင်းတစ်ပါးမျိုးနွယ်စုများ အပါအဝင် စုစုပေါင်း ယှဉ်ပြိုင်သူ သုံးရာသာ ပါဝင်ခွင့်ရှိသည်။
ထိုသူ သုံးရာသည် မသေမျိုးတောင်တန်းအတွင်းရှိ ရှေးဟောင်းကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ကာ စစ်မှန်သော မသေမျိုးများ မြှုပ်နှံရာနေရာကို ရှာဖွေယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ထိုကမ္ဘာငယ်လေးအတွင်း၌ မသေမျိုးသိုင်းအမိန့်တော်စုစုပေါင်း သုံးရာ ရှိသည်။
ပြိုင်ပွဲကာလမှာ တစ်လဖြစ်သည်။ ထိုကမ္ဘာအတွင်း၌ မသေမျိုးသိုင်းအမိန့်တော် အများဆုံး စုဆောင်းနိုင်သူမှာ အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲ၏ အောင်နိုင်သူ ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် အမိန့်တော်တစ်ခု ရရှိတိုင်း ထိုကမ္ဘာအတွင်းရှိ ကောင်းကင်ဘုံဆုလာဘ်တစ်ခုကို ရရှိရန် အခွင့်အလမ်း ရှိသည်။
ထိုဆုလာဘ်များမှာ မသေမျိုးအတတ်ပညာများ၊ ကောင်းကင်ဘုံရတနာများ သို့မဟုတ် စစ်မှန်သော မသေမျိုးလက်နက်များ ဖြစ်နိုင်ပြီး ကံတရားပေါ်မူတည်ကာ ကျပန်းရရှိမည် ဖြစ်သည်။
"အခု ငါတို့တွေအားလုံး အင်အားစုပေါင်းပြီး မသေမျိုးတောင်တန်း ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်တော့မယ်။ မင်းတို့အားလုံး အရှေ့လျှို့ဝှက်အမိန့်တော်တွေနဲ့ အသင့်ပြင်ထားကြ"
ရွှေရောင်အမိန့်တော်ပြန်တမ်းများကို ကိုင်ဆောင်ထားသော မသေမျိုးများက အမိန့်တော်များကို တစ်ပြိုင်နက် ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ထိုစကားအဆုံးတွင် မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်၌ ရှိနေသော လူသားပါရမီရှင် နှစ်ရာကျော်တို့မှာ မျှော်လင့်ချက်အပြည့်ဖြင့် သူတို့၏ မျက်ဝန်းများမှာ တောက်ပလာကြတော့သည်။
နောက်တစ်ခဏတွင် မသေမျိုးတာအိုအဖွဲ့များ၏ အပြင်ဘက်၌ ရပ်နေသော လူရိပ်သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့သည် ရှေးဟောင်းပစ္စည်း သုံးခုကို လက်မှ ထုတ်ယူလိုက်ကြ၏။
အက်ကွဲနေသော ကျောက်စိမ်းတံဆိပ်တစ်ခု၊ သံချေးတက်နေသော ကြေးနီသော့တစ်ခုနှင်ြ စာသားများ ဝေဝါးနေသော ရှေးဟောင်းစာလိပ်တစ်ခုပင်။
ဝုန်း ဝုန်း ဝုန်း…
ချက်ချင်းပင် ထိုရှေးဟောင်းပစ္စည်း သုံးခုမှာ သူတို့၏ လက်ထဲမှ လွင့်ပျံထွက်သွားပြီး ကောင်းကင်ယံသို့ ပြိုင်တူ ပျံတက်သွားကြတော့သည်။ ထိုပစ္စည်းသုံးခုမှာ လေထုထဲ၌ တစ်ခုနှင့်တစ်ခု ထိတွေ့မိသွားပြီး ပေါင်းစပ်သွားကြ၏။
မျက်စိကျိန်းမတတ် တောက်ပလှသော ရွှေရောင်အလင်းတန်းများမှာ ကောင်းကင်ယံ၌ ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။
ထိုတောက်ပလှသော အလင်းတန်းများကြောင့် ချန်ကျီရှင်းပင်လျှင် သူ၏ မျက်လုံးများကို အလိုအလျောက် အနည်းငယ် မှိတ်ထားလိုက်ရသည်။
သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ကောင်းကင်ယံ၌ ဖြူဖွေးတောက်ပနေသော ဝဲကယက်ကြီးတစ်ခု ချိတ်ဆွဲနေသည်ကို တွေ့လိုက်ရသည်။
"ဝင်ကြတော့"
"မင်းတို့ ဒီကမ္ဘာငယ်ထဲကို ရောက်တာနဲ့ ကျပန်းနေရာတစ်ခုစီမှာ ပေါ်လာကြလိမ့်မယ်"
ထိုလူရိပ်သုံးဦး စကားဆုံးသည်နှင့်...
"ဟားဟားဟား... မသေမျိုးတောင်တန်း ရှေးဟောင်းနယ်မြေ ငါ လာပြီဟေ့"
"မသေမျိုးအတတ်ပညာတွေ၊ နတ်ဘုရားအတတ်ပညာတွေ၊ အခွင့်အရေးအားလုံးက ငါ့အပိုင်ပဲ"
ပါရမီရှင် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထိုဖြူဖွေးတောက်ပနေသော ဝဲကယက်ကြီးအတွင်းသို့ အလုအယက် တိုးဝင်သွားကြတော့သည်။
ဝုန်း ဝုန်း ဝုန်း
ကောင်းကင်ယံတစ်ခုလုံးမှာ ဥက္ကာခဲများ ကြွေကျနေသကဲ့သို့ အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် ခမ်းနားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
"မသေမျိုးတောင်တန်း ရှေးဟောင်းနယ်မြေထဲ ရောက်တာနဲ့ ဘာမှမလုပ်နဲ့ဦး။ ငါတို့တွေ ချက်ချင်း ပြန်ဆုံကြမယ်။ ချန်ကျီရှင်းနဲ့ တစ်ယောက်ချင်း မတိုးမိစေနဲ့ဦး ကြားလား"
ရဲ့လျန်ချန်းသည် အဝေးရှိ ချန်ကျီရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ လေးနက်စွာ မှာလိုက်သည်။
"နားလည်ပါပြီ"
ရှန်းဆန်းနှင့် လီချန်းဖုန်းတို့က ခေါင်းညိတ်လိုက်ကြသော်လည်း ကျွေး၏ မျက်ဝန်းများတွင်မူ မည်သူမျှ ခန့်မှန်း၍မရနိုင်သော အတွေးများဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။
ဝုန်း
နောက်တစ်ခဏ၌ ထိုလေးဦးစလုံးသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲ၍သော်လည်းကောင်း လေထုထဲ၌ အရှိန်အဟုန်ပြင်းသော အရိပ်များ ချန်ရစ်၍သော်လည်းကောင်း၊ လေညင်းတစ်ချက်အဖြစ် ပြောင်းလဲ၍သော်လည်းကောင်း ထိုဖြူဖွေးတောက်ပနေသော ဝဲကယက်ကြီးအတွင်းသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စောစောက လူအုပ်ကြီးဖြင့် စည်ကားနေသော မသေမျိုးတောင်တန်း၏ တောင်ထိပ်ကြီးမှာ ခြောက်ကပ်သွားသည်။
ဝေတုလုံ သို့မဟုတ် ချန်ကျောက်ရှင်းသည် ထိုဖြူဖွေးသော ဝဲကယက်ကြီးထံသို့ လျှောက်လှမ်းသွားရင်း အဝေးရှိ ချန်ကျီရှင်းကို ဘေးတိုက်တစ်ချက် လှမ်းကြည့်လိုက်သည်။
ချန်ကျီရှင်းကလည်း ထိုအကြည့်ကို ခံစားမိသဖြင့် ခေါင်းမော့ကာ ချန်ကျောက်ရှင်းကို ပြန်ကြည့်လိုက်၏။
သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲ၌ ခဏတာ ဆုံစည်းသွားပြီးနောက် တစ်ဦးကိုတစ်ဦး ကျော်ဖြတ်သွားကြသည်။
"နောက်ဆုံး ဆယ်ရက်အတွင်းမှာ လူသူကင်းဝေးတဲ့ နေရာတစ်ခုကို ရှာပြီး ပုန်းနေပါ။ အပြင်ကို ထွက်မလာနဲ့"
ချန်ကျောက်ရှင်း၏ အသံသည် ချန်ကျီရှင်း၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွားသည်။
နောက်တစ်ခဏဝယ် ချန်ကျောက်ရှင်းသည် ခြေတစ်လှမ်းကို အသာအယာ လှမ်းလိုက်ရာ နဂါးပုံသဏ္ဌာန် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဖြူဖွေးသော ဝဲကယက်ကြီးအတွင်းသို့ အဟုန်ဖြင့် တိုးဝင်ပျောက်ကွယ်သွားတော့သည်။
"နောက်ဆုံး ဆယ်ရက်..."
ချန်ကျီရှင်း၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။ အမှန်ပင် မီးခဲအဖွဲ့သည် ဤအရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲအတွင်း၌ တစ်ခုခု လုပ်ဆောင်ရန် ကြံစည်နေကြခြင်းပင်။ ဤအချက်ကပင် သူ့ကို ခေါင်းမော့စေပြီး မသေမျိုးတာအိုအဖွဲ့ သုံးခုထံသို့ အကြည့်များ ရောက်ရှိသွားစေတော့သည်။
ဤပြိုင်ပွဲကြီးအတွင်း၌ တစ်စုံတစ်ခုကို ကြိုးကိုင်နိုင်စွမ်းရှိသူမှာ ဤမသေမျိုးတာအိုအဖွဲ့ သုံးခုသာ ရှိသည်။
ဆိုလိုသည်မှာ မီးခဲအဖွဲ့အစည်းသည် အနည်းဆုံး ဤတာအိုအဖွဲ့ သုံးခုအနက် တစ်ခုခုနှင့် အလွန်နက်ရှိုင်းစွာ ဆက်နွှယ်နေခြင်းပင်။
"ဒါထက် ပိုပြီးတော့ တွေးကြည့်မယ်ဆိုရင်... ဒီမီးခဲအဖွဲ့အစည်းကို ဖန်တီးခဲ့တဲ့ မသေမျိုးတာအိုအဖွဲ့ရဲ့ ရည်ရွယ်ချက်က တကယ်တော့ ဘာလဲ။ သူတို့ရဲ့ စစ်မှန်တဲ့ ပန်းတိုင်ကရော ဘာဖြစ်နေမလဲ..."
"သခင်လေး... ကျွန်တော်တို့တွေ အခု ဝင်ကြမလား"
ချန်ချိုအာ၏ အသံက ချန်ကျီရှင်း၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အကြည့်များကို ပြန်လည်
ရုပ်သိမ်းလိုက်သည်။
မီးခဲဖြစ်စေ၊ မသေမျိုးတာအိုအဖွဲ့ သုံးခုဖြစ်စေ သူတို့မှာ လက်ရှိအချိန်၌ သူနှင့် အလှမ်းဝေးကွာလွန်းနေသေးသည်။
ထိုကဲ့သို့သော အင်အားစုကြီးများ၏ ကြံစည်မှုနှင့် အစီအစဉ်များမှာ နိဗ္ဗာနအဆင့်သို့ပင် မရောက်သေးသော သူ၏အစွမ်းဖြင့် ရင်ဆိုင်နိုင်ရန် ခဲယဉ်းသည်။
ယခု သူ လုပ်နိုင်သည်မှာ သူကိုယ်ကိုယ် ကာကွယ်နိုင်ရန် သူ၏ စွမ်းဆောင်ရည်အားလုံးကို အသုံးချရန်သာ ဖြစ်သည်။
"သွားကြစို့"
ချန်ကျီရှင်းသည် ပတ်ဝန်းကျင်ကို နောက်ထပ်တစ်ကြိမ် ဝေ့ဝဲကြည့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ အနည်းငယ် စိတ်ပျက်သည့် အရောင်အဝါများ ယှက်သန်းနေသည်။
နှမြောစရာပင် တစ်ခြားမျိုးနွယ်စုမှ ပါရမီရှင်များမှာ သူတို့နှင့် ဝင်ပေါက်တစ်ခုတည်းကို အသုံးပြုပုံမရပေ။
ထို့ကြောင့် ဒဏ္ဍာရီများကို ချိုးဖျက်ပြီး ကိုးဘုံတစ်ခွင်ကို အောင်နိုင်ခဲ့သည့် ထို ကံကြမ္မာရှင် ဇာတ်ကောင်မှာ ဤပြိုင်ပွဲ၌ ပါဝင်ခြင်း ရှိမရှိကို သူ မသိနိုင်တော့ပေ။
ဝုန်း
ချန်ကျီရှင်းသည် ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ချက်ချင်းပင် အကွာအဝေးကို ကျုံ့လိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုဖြူဖွေးတောက်ပနေသော ဝဲကယက်ကြီး၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူက နောက်ထပ်တစ်လှမ်း ထပ်လှမ်းလိုက်သောအခါ ဝဲကယက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဖူး
တစ်ချိန်တည်းမှာပင် မြေပြင်အောက်မှ မြွေကြီးတစ်ကောင် ထွက်ပေါ်လာပြီး ချန်ချိုအာကို တင်ဆောင်ထားသည်။ ချန်ချိုအာသည် မြွေဦးခေါင်းပေါ်၌ ရပ်လျက် ချန်ကျီရှင်း၏ နောက်မှ ကပ်လိုက်ကာ ဝဲကယက်အတွင်းသို့ အဟုန်ဖြင့် ဝင်ရောက်သွားခဲ့သည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသွားသောအခါ မသေမျိုးတောင်တန်း၏ တောင်ထိပ်ကြီးတွင် လူသူတစ်ဦးတစ်ယောက်မျှ မကျန်တော့ဘဲ ဖြတ်တိုက်သွားသော လေပြင်းသံများကိုသာ ကြားရတော့သည်။
အခန်း။ ၂၆၄
တစ်ချိန်တည်းမှာပင် တာလျိုတာအိုနယ်မြေ၏ နောက်ကွယ်တွင်မူ ကောင်းကင်နှင့်မြေကြီးအကြား ဝေဝါးလှသော ဟင်းလင်းပြင်တစ်ခုအတွင်း၌ ရပ်လျက်တစ်မျိုး၊ ထိုင်လျက်တစ်မျိုးဖြင့် ခန့်ညားထည်ဝါလှသော ပုဂ္ဂိုလ်ကြီးအချို့ ပေါ်ထွက်လာကြသည်။
ထိုသူတို့အထဲတွင် ကြယ်တာရာဝတ်ရုံကို ဆင်မြန်းပြီး ခရမ်းရွှေရောင်သရဖူကို ဆောင်းထားသည့် အလတ်စားလူကြီးတစ်ဦးသည် နဂါးရိုးပလ္လင်ထက်ဝယ် ထိုင်နေသည်။
သူ၏ အရှိန်အဝါမှာ နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးကဲ့သို့ပင် စူးရှလှပြီး ကြောက်မက်ဖွယ်ရာ အကျဉ်းထောင်ကြီးတစ်ခုအလား လွှမ်းမိုးထားသည်။ သူ၏ မျက်ဝန်းအစုံအတွင်း၌မူ ကြယ်တာရာများ မွေးဖွားပျက်စီးနေသည့် အဆုံးမဲ့ဖြစ်စဉ်များ လည်ပတ်နေကြ၏။
ဝေဝါးလှပသော အမျိုးသမီးပုံရိပ်တစ်ခုသည် သူ၏အနားတွင် ရပ်နေပြီး သူ၏ ပခုံးနှင့် လည်ပင်းတို့ကို အသာအယာ နှိပ်နယ်ပေးနေသည်။
"ရှင် ကျွန်မကို ပေးထားတဲ့ ကတိကို မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်"
ထိုဝေဝါးသော ပုံရိပ်လေးသည် ခရမ်းရွှေရောင်သရဖူဆောင်းထားသူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒီအရှင်က စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ချန်ကျီရှင်းကို သတ်ဖို့ နိဗ္ဗာနအဆင့်တစ်
ယောက်ကို ကမ္ဘာငယ်လေးထဲ လွှတ်လိုက်တာက မင်းအတွက် တကယ့်ကို ကြီးမားတဲ့ မျက်နှာသာပေးမှုပဲ"
ခရမ်းရွှေရောင်သရဖူဆောင်းထားသူသည် လက်ကိုဆန့်ထုတ်ကာ ထိုအမျိုးသမီးကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ကြင်ယာတော်လုံ... မင်းကိုပေးထားတဲ့ ကတိကို ငါတည်ပြီးပြီ ငါ့ကိုပေးထားတဲ့ မင်းရဲ့ကတိကကော ဘယ်လိုလဲ"
ထိုအမျိုးသမီးသည် သူ၏ရင်ခွင်ထဲ၌ မှီတွယ်လျက် သူ၏လည်ပင်းကို သဘာဝကျကျပင် ဖက်ထားရင်း "စိတ်ချပါ... ချန်ကျီရှင်း သေတာနဲ့ ကျွန်မ ရှင့်ကို ကတိပေးထားတဲ့အတိုင်း ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ပါဘူး"ဟု တိုးညင်းစွာ ပြန်ပြောလိုက်သည်။
ခရမ်းရွှေရောင်သရဖူဆောင်းသူသည် အမျိုးသမီး၏ ခေါင်းကို အသာအယာ တွန်းဖယ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မဲ့ပြုံးဖြင့် မေးလိုက်သည်။
"မင်း မုန်းဟယ်တုန်းနဲ့ ဘယ်နှစ်နှစ်လောက် အတူရှိခဲ့လို့လဲ သူက မင်းအတွက် ဒီလောက်အထိ အနစ်နာခံပြီး ကလဲ့စားချေပေးရလောက်အောင် တန်ဖိုးရှိလို့လား"
"သေသွားတဲ့ ပါရမီရှင်တစ်ယောက်က ဘာတန်ဖိုးမှ မရှိတော့ဘူးလေ"
"ရှင် နားမလည်ပါဘူး"
အမျိုးသမီးသည် ခေါင်းခါလျက် သဘောကျစွာ ရယ်မောလိုက်ပြီးနောက် ဂိုဏ်းတံခါးအပြင်ဘက်ရှိ ဖြူဖွေးတောက်ပနေသော ဝဲကယက်ကြီးထံသို့ စိုက်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
"လူတွေကြားက ပတ်သက်မှုဆိုတာ အချိန်အတိုင်းအတာတစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်ကြကြေးဆိုရင် အဲဒါက တကယ်ကို အပေါ်ယံဆန်လွန်းရာ မရောက်ဘူးလား"
စကားအဆုံးတွင် အမျိုးသမီးသည် လက်သီးကို ဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမ၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အရောင်များ ယှက်သန်းသွားသည်။
"တုန်းအာ... မင်းအတွက် ကလဲ့စားနဲ့ မုန်းမိသားစုအတွက် ကလဲ့စားကို ငါ တစ်စက္ကန့်လေးတောင် မေ့မထားပါဘူး"
"ဒီကလဲ့စားကို... ငါကိုယ်တိုင် မင်းအတွက် အကောင်အထည်ဖော်ပေးမယ်"
တစ်ချိန်တည်းမှာပင် မသေမျိုးတောင်တန်း၏ အခြားတစ်ဖက်ရှိ ဝင်ပေါက်တစ်ခု၌ ဧရာမဗုံကြီးတစ်လုံးကို တီးခတ်နေသကဲ့သို့ ပြင်းထန်လှသော အသက်ရှူသံကြီးများမှာ ထိုဒေသတစ်ခုလုံး၌ ဟိန်းထွက်နေသည်။
ဤနေရာကား တစ်ပါးမျိုးနွယ်စုများ၏ နယ်မြေပင်။
မြောက်ဘက်သားရဲများ၊ ရှေးဦးရှေးဟောင်းမျိုးနွယ်စုဝင်များနှင့် ပင်လယ်နက်အတွင်းမှ တိုက်တန်မျိုးနွယ် ပါရမီရှင်များ အားလုံး ဤနေရာသို့ စုဝေးရောက်ရှိနေကြသည်။
ယခုအချိန်တွင် ရှေးဦးရှေးဟောင်းမျိုးနွယ်စု၏ နယ်မြေအတွင်းဝယ်နဖူးထက်တွင် တတိယမြောက် နတ်ဘုရားမျက်လုံးပါရှိပြီး အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦးသည် တင်ပလ္လင်ခွေ ထိုင်နေသည်။
သူသည် သူ၏လက်ထဲမှ အရိုးစာအုပ်ကို ကြည့်နေပြီး သူ၏မျက်နှာထက်၌ ပြတ်သားသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
"ရွှမ်ဖို... မင်း ရှေးဟောင်းနယ်မြေထဲ ရောက်တာနဲ့ လူသားမျိုးနွယ် ပါရမီရှင် ချန်ကျီရှင်း နောက်ကို တကယ်ပဲ လိုက်တော့မှာလား"
သူနှင့်အတူ ပြိုင်ပွဲဝင်မည့် အခြားသော မျိုးနွယ်စုဝင်တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ရှေးဦးမျိုးနွယ်စုမှ ရွှမ်ဖိုက ခေါင်းညိတ်လိုက်ပြီး "ငါ ဆုံးဖြတ်ပြီးပြီ"ဟု ပြောလိုက်သည်။
ထိုစကားကြောင့် သူ၏ မျိုးနွယ်စုဝင်မှာ ပို၍ပင် မျက်မှောင်ကြုတ်သွားပြီး
"ရွှမ်ဖို... အဲဒီချန်ကျီရှင်းဆိုတာ လူသားမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်ပဲ။ သာမန်ပြိုင်ဘက် မဟုတ်ဘူး။ မင်း သူ့ကို အရင်သွားတိုက်ခိုက်တာက မင်းအတွက် သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်"
ရွှမ်ဖိုသည် ထိုစကားကြောင့် စိတ်လှုပ်ရှားခြင်းမရှိဘဲ အသာအယာ ပြုံးလိုက်သည်။
"ရန်ရန်အတွက်ဆိုရင် သေရမှာကို ငါ ဘာကြောင့် ကြောက်ရမှာလဲ သူမ ပျော်ရွှင်မယ်ဆိုရင် ငါ ဘာမဆို လုပ်ပေးဖို့ အသင့်ပဲ"
သူသည် ခဏရပ်လိုက်ပြီး သူ၏ မျိုးနွယ်စုဝင်ကို ကြည့်ကာ မျက်ဝန်းအတွင်း၌ နူးညံ့သော အရောင်များ ယှက်သန်းသွားသည်။
"ဒါ့အပြင်... ရန်ရန်က ငါ့ကို ကတိပေးထားပြီးသား။ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲမှာ ချန်ကျီရှင်းကို ငါသတ်နိုင်ခဲ့ရင် ငါပြန်ရောက်လာတဲ့အခါ ငါတို့ လက်ထပ်ကြမယ်တဲ့"
"သူမကို လက်ထပ်ဖို့ဆိုတာ... မင်းသိလား အဲဒါက ငါ့ရင်ထဲမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တဲ့ ဆန္ဒပဲ။ အမြဲတမ်း အိပ်မက်မက်ခဲ့ရပေမယ့် ဘယ်တော့မှ ထုတ်မပြောရဲခဲ့တဲ့ အိပ်မက်ပေါ့"
သူ၏ မျိုးနွယ်စုဝင်သည် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"ရွှမ်ဖို... မင်း ရူးနေပြီ။ မင်းကို မမလေးရန်ရန်က အရူးလုပ်ပြီး အသုံးချနေတာ မျိုးနွယ်စုထဲမှာ ဘယ်သူမသိဘဲ နေမှာလဲ"
"အဲဒီတော့ ဘာဖြစ်လဲ"
ရွှမ်ဖိုက ခပ်အေးအေးပင် ပြုံးလိုက်သည်။
ထိုစဉ်မှာပင် ကောင်းကင်ယံ၌ ဖြူဖွေးတောက်ပသော ဝဲကယက်ကြီး ပေါ်ထွက်လာသည်။
"စပြီ"
ရှေးဦး ရွှမ်ဖို၏ မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုများ တဖျတ်ဖျတ် တောက်ပသွားတော့သည်။
နောက်တစ်ခဏတွင်မူ တစ်ခြားမျိုးနွယ်စုမှ ပါရမီရှင်များစွာသည် ကောင်းကင်ပေါ်ရှိ ဝဲကယက်ကြီးထံသို့ တစ်ပြိုင်နက်တည်း ပျံတက်သွားကြသည်။
...
...
ချန်ကျီရှင်းသည် သူ၏ အမြင်အာရုံမှာ ခဏတာ ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ အရာအားလုံးမှာ ပြတ်သားသွားခဲ့သည်။
သူသည် တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေးတစ်ခု၏ အနီးတွင် ရောက်ရှိနေခြင်းပင်။
ပြာလွင်သော ကောင်းကင်ယံ၊ ဖြူဖွေးသော တိမ်တိုက်များနှင့် အဆုံးမဲ့ ကြည်လင်နေသော မိုးကုပ်စက်ဝိုင်းရှိ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါ ဝေးကွာလှသော အရပ်၌ တောင်တန်းကြီးများ သွယ်တန်းနေပြီး တောင်ကုန်းတောင်တန်းများမှာ နိမ့်ချည်မြင့်ချည်နှင့် ရှိနေကြသည်။ စမ်းချောင်းငယ်လေးများမှာမူ မြေပြင်ထက်ဝယ် ယှက်နွယ်နေသော အပြာရောင် ဖဲကြိုးလေးများအလား ထင်မှတ်ရသည်။
ကောင်းကင်ယံ၌ ကြိုးကြာငှက်များမှာလည်း ဝဲပျံနေကြ၏။
တကယ့်ကို လောကုတ္တရာဆန်လှသော မသေမျိုးကမ္ဘာကြီးတစ်ခုပင်။
"ဒါက မသေမျိုးတောင်တန်းထဲက ကမ္ဘာငယ်လေး။ ဒဏ္ဍာရီလာ စစ်မှန်တဲ့ မသေမျိုးတွေ မြှုပ်နှံရာနေရာပေါ့"
ချန်ကျီရှင်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပတ်ဝန်းကျင်ကို အသာအယာ ကြည့်ရှုလိုက်သည်။
သို့သော် တစ်ချက်ကြည့်ရုံမျှဖြင့်ပင် စမ်းချောင်းလေး၏ ဘေးတွင် မြေကြီးထဲ၌ တစ်ဝက်ခန့် နစ်မြုပ်နေပြီး အစွန်းလေးသာ ပေါ်နေသော ကျောက်စိမ်းဖြူ တံဆိပ်တစ်ခုကို တွေ့လိုက်ရသည်။
မသေမျိုးသိုင်းအမိန့်တော်၏ ပုံသဏ္ဌာန်ကို ချန်ကျီရှင်း လေ့လာထားသည်မှာ အကြိမ်ကြိမ်ပင် ရှိနေပြီဖြစ်ရာ ၎င်းမှာ အမိန့်တော် သုံးရာထဲမှ တစ်ခုဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။
"ဒီလောက်တောင် ကံကောင်းတာလား"
ချန်ကျီရှင်းသည် ခဏတာ ကြောင်အသွားပြီးနောက် ၎င်းမှာ အစစ်အမှန်မဟုတ်သကဲ့သို့ ခံစားလိုက်ရသော်လည်း မကြာမီမှာပင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိသည်။
အဆုံးစွန်တွင်မူ သူသည် ကံကြမ္မာရှင် ဇာတ်ကောင်ထံမှ ကံတရားတန်ဖိုးအချို့ကို လုယူထားသူပင်။ ထို့ကြောင့် ဤကဲ့သို့ ကံကောင်းခြင်းမျိုးမှာ မျှော်လင့်ထားပြီးသားပင်။
သူသည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း ထိုအမိန့်တော်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
"ဒီနေရာမှာ မသေမျိုးသိုင်းအမိန့်တော်ကို ရရှိဖို့က ကံတရားအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတာပဲ"
"ဒါဆိုရင်... ငါက နောက်တစ်ကြိမ် ပြိုင်ဘက်ကင်း ပြန်ဖြစ်သွားပြီလို့ ဆိုလိုတာလား"
ချန်ကျီရှင်းသည် မြေကြီးထဲမှ အမိန့်တော်ကို ဆွဲထုတ်လိုက်ပြီး လက်ထဲ၌ ကိုင်ထားရင်း အနည်းငယ် စကားမဲ့သွားရသည်။
ဒီလို အစွမ်းမျိုးက တကယ့်ကို မတရားဘူး။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် သူ၏လက်ထဲမှ နွေးထွေးသော အမိန့်တော်အတွင်းသို့ စစ်မှန်သော အနှစ်သာရစွမ်းအင်များကို ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်သည်။
"ကဲ... ကံတရားတန်ဖိုး တစ်ထောင်ကျော်နဲ့ဆိုရင် ဘယ်လိုကျပန်းဆုလာဘ်မျိုးတွေ ရလာမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ဝုန်း…
အမိန့်တော်အတွင်းမှ ဖြူဖွေးသော အလင်းတန်းတစ်ခု ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ လေထဲ၌ ပိုမိုကြီးမားလာတော့သည်။
အစပိုင်းတွင် ထိုအလင်းတန်းမှာ လက်မောင်းတစ်လုံးခန့်သာ ရှိသော်လည်း ခဏချင်းမှာပင် မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးအကြား လွှမ်းခြုံသွားတော့သည်။
နောက်တစ်ခဏတွင် ထိုအလင်းတန်းကြီးအတွင်းမှ ရှေးဟောင်းပြီး အက်ကွဲကြောင်းများ ပြည့်နှက်နေသည့် အနက်ရောင် နန်းတော်ကြီးတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့လေသည်
"ဒါက ဘယ်လိုဆုလာဘ်မျိုးလဲ"
ချန်ကျီရှင်းမှာ အံ့အားသင့်သွားပြီး သူ၏ရှေ့တွင် ကျရောက်လာသော၊ ဖုန်မှုန့်များ တထောင်းထောင်း ထနေသော အနက်ရောင် နန်းတော်ကြီးကို မရေမရာသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
သူသည် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ အနက်ရောင် နန်းတော်ကြီးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ကျီရှင်းရှိရာ နေရာကို ဗဟိုပြု၍ ပေပေါင်းများစွာသော အကွာအဝေးအတွင်း၌မူ
"ဒါ... ဒါက ဘာကြီးလဲ....."
"တစ်ယောက်ယောက်က ကောင်းကင်ဘုံဆုလာဘ်ကို ရရှိသွားပြီ"
"ဘယ်သူက ဒီလောက်တောင် ကံကောင်းနေတာလဲ နယ်မြေထဲ ရောက်ရောက်ချင်း မသေမျိုးသိုင်းအမိန့်တော်ကို ရှာတွေ့တယ်လား"
"သွားကြစို့... အဲဒီလူ ဘယ်လိုဆုလာဘ်မျိုး ရလဲဆိုတာ သွားကြည့်ရအောင်"
"ဘယ်သူက ဆုလာဘ်ကို ဂရုစိုက်နေမှာလဲ လုရမှာပေါ့ဟ တောက်"
"ဟုတ်တယ်... ဒီမှာ အမိန့်တော်ကို ရှာတွေ့ဖို့က ကံပေါ်မူတည်ပေမဲ့ အဲဒါကို မြဲမြဲကိုင်ထားနိုင်ဖို့ကတော့ အစွမ်းပေါ်မှာပဲ မူတည်တယ်"
ရုတ်တရက်ပင် ပါရမီရှင် ဒါဇင်ပေါင်းများစွာသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးမှ ချန်ကျီရှင်းရှိရာသို့ တစ်ပြိုင်နက်တည်း အဟုန်ဖြင့် ပျံသန်းလာကြတော့သည်
...
...
မသေမျိုးတောင်တန်း၏ အပြင်ဘက်တွင်မူ။
"စကြစို့"
မသေမျိုးတာအိုအဖွဲ့ သုံးခုကို ကိုယ်စားပြုသော၊ ရွှေရောင်အမိန့်တော်များကို ကိုင်ဆောင်ထားသည့် တမန်တော်သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။
ထို့နောက်တွင် သူတို့ သုံးဦးစလုံးသည် လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်ကြရာ သူတို့၏ လက်ဝါးများမှတစ်ဆင့် နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ယှက်နွယ်လျက် ဧရာမ အလင်းမှန်ချပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မသေမျိုးတောင်တန်း၏ ကမ္ဘာငယ်လေးအတွင်းမှ မြင်ကွင်းများသည် ထိုအလင်းမှန်ချပ်ကြီးပေါ်၌ ဝေဝါးရာမှ ဖြည်းဖြည်းချင်း ပြတ်သားစွာ ပေါ်လာတော့သည်။