အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အခန်း။ ၂၆၇
"မျက်လုံးတစ်ချက် အကြည့်မှာတင် ပါရမီရှင် ဆယ်ယောက်ကျော် အကုန်သုတ်သင်ခံလိုက်ရတယ်"
"ဘုရားရေ... ဒါ တကယ့်ကို ရူးသွပ်စရာပဲ"
"ငါ မြင်တာ မမှားပါဘူးနော် တတိယသခင်လေး ချန်ကျီရှင်းက တစ်ချက်ကြည့်ရုံနဲ့တင် စစ်မှန်သောကိုယ်ထည်အဆင့်ပါရမီရှင် ဆယ်ယောက်ကျော်ကို အမှုန့်လုပ်ပစ်လိုက်တာလား"
"ဘယ်ဘက်မျက်လုံးက သေခြင်းတရား ညာဘက်မျက်လုံးက ရှင်ခြင်းတရား... ဒါက ဘယ်လိုမျိုး မျက်လုံးစွမ်းရည်ကြီးလဲ"
"တကယ်ကို ကြောက်စရာကောင်းတဲ့ အစွမ်းပဲ လအနည်းငယ်အတွင်းမှာတင် ဒီတတိယသခင်လေးက ပိုပြီးတော့တောင် အစွမ်းထက်လာခဲ့တာပဲ"
"ဒီတိုက်ပွဲနဲ့တင် တတိယသခင်လေးက သူဟာ ထာဝရအသက်ရှည်ခြင်းပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေဆဲဆိုတာရယ် ကမ္ဘာဦးအစကတည်းက တစ်ခါမျှ မပေါ်ဖူးသေးတဲ့ ပါရမီရှင်ဆိုတာကိုပါ တစ်လောကလုံးကို သက်သေပြလိုက်တာပဲ"
"ဒီခေတ်ကြီးမှာ... အလင်းရောင်အားလုံက တတိယသခင်လေး ချန်ကျီရှင်းအတွက်ပဲ ဖြစ်လာတော့မှာပဲ"
ဤအခိုက်အတန့်တွင် မသေမျိုးတောင်တန်း၏ အပြင်ဘက်၌ အခြေအနေများမှာ အလွန်အမင်း ဆူညံပွက်လောရိုက်နေတော့သည်။
ကြည့်ရှုနေကြသော ကျင့်ကြံသူအုပ်ကြီးမှာ အသံကုန်အော်ဟစ်ရင်း ချန်ကျီရှင်း၏ အမည်ကို တိုင်တည်နေကြကုန်၏။
အစွမ်းထက်လိုက်တာ….
ငြင်းမရအောင်ကို အစွမ်းထက်လွန်းတယ်။
အရာအားလုံးကို အမှုန့်လို ခြေဖျက်ပစ်နိုင်တဲ့ ဖျက်ဆီးအားပဲ။
အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ ကြီးကျယ်သောပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရသူတိုင်းမှာ သူတို့ဂိုဏ်းအသီးသီး၏ ဂုဏ်ဆောင်ပါရမီရှင်များပင်။
သို့သော် ယခုမူ မည်သည့်တုံ့ပြန်မှုမျှ မပြုနိုင်ဘဲ အားလုံးမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရသည်။ ဤအစွမ်းမှာ ချန်ကျီရှင်းအား ကောင်းကင်ယံ၌ မြင့်မားစွာ ထွန်းလင်းနေပြီး တည့်တည့်ကြည့်ရန်ပင် ခက်ခဲလှသည့် နေမင်းကြီးအလား ဖြစ်စေခဲ့သည်။
ကောင်းကင်ယံထက်ဝယ် နဂါးကိုးဦး ဆွဲဆောင်လာသော ရွှေရောင်ရထားလုံးအတွင်း၌မူ စီကုန်းရွှမ်ကျီးသည် ကိုယ်ကိုရှေ့သို့ကိုင်းကာ အလင်းမှန်ချပ်ကြီးကို စိုက်ကြည့်နေသည်။
ပလ္လင်လက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သူ၏ညာလက်နောက်ကျောတွင် အကြောများမှာ ဖောင်းတက်နေ၏။
"ချန်... ကျီ... ရှင်း"
သူသည် သွားကြိတ်လျက် ဤနာမည်ကို တစ်လုံးချင်း ရေရွတ်လိုက်ရာ သူ၏မျက်နှာမှာလည်း ပြာနှမ်းနေတော့သည်။
ဤသည်မှာ ချန်ကျီရှင်း တိုက်ခိုက်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ထိုမြင်ကွင်းက သူ၏စိတ်ကို ဗုံးတစ်လုံး ကြဲချလိုက်သကဲ့သို့ ပြင်းထန်လှသည်။
သူသည် ချန်ကျီရှင်း၏ ရန်သူဖြစ်သော်လည်း တစ်ခုတော့ ဝန်ခံရပေမည်။ ရှေးဟောင်းသမိုင်းစာမျက်နှာများကို လှန်လှောကြည့်လျှင်ပင် ချန်ကျီရှင်းကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော မိစ္ဆာမျိုး မရှိခဲ့ဖူးပေ။
"ဒီကောင်လေးက အစွယ်အပွား စုံနေပြီ။ ရဲလျန်ချန်းတို့အုပ်စုလောက်နဲ့တော့ သူ့ကို ယှဉ်ဖို့ မလွယ်ဘူး။ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွေးတစ်ယောက်ပဲ မျှော်လင့်ချက် ရှိတော့တယ်"
စီကုန်းရွှမ်ကျီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ဝန်းများမှာလည်း အကြံအစည်များဖြင့် ယှက်သန်းနေသည်။ သူသည် သူ၏ရင်ထဲ၌ ဒုတိယအစီအစဉ်တစ်ခုကို ဆွဲလိုက်ပြီဖြစ်သည်။
"ဒီကလေးကိုတော့ အရှင်ထားလို့ လုံးဝမဖြစ်တော့ဘူး။
တကယ်လို့သာ သူ နိဗ္ဗာနအဆင့်ကို ရောက်သွားခဲ့ရင်... မသေမျိုးတာအိုအဖွဲ့က ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် ထွက်မလာသရွေ့ ဒီအရှေ့ဘက်နယ်မြေတစ်ခုလုံးမှာ သူ့ကို ထိန်းချုပ်နိုင်မယ့်သူ ရှိတော့မှာမဟုတ်ဘူး။
ဒါကြောင့် ချန်ကျီရှင်းသာ အဲဒီကမ္ဘာငယ်လေးထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာခဲ့ရင်... ငါ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဒီနေရာမှာတင် သူ့ကို အတင်းအဓမ္မ သတ်ပစ်ရမယ်။ ငါသာ လုံလောက်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်မယ်ဆိုရင် ချန်တောက်ယန်ကိုယ်တိုင်တောင် အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"
"တစ်ယောက်ယောက်... သွားစမ်း ငါတို့မျိုးနွယ်စုရဲ့ အစောင့်အရှောက် ထာဝရအသက်ရှည်ခြင်းစစ်သည်တော်တွေကို အခုချက်ချင်း သွားခေါ်ချေ"
စီကုန်းရွှမ်ကျီးက စကားတစ်လုံးချင်းစီကို အမိန့်ပေးလိုက်လေတော့သည်။
"ခြင်္သေ့ဆိုတာ ယုန်တစ်ကောင်ကို ဖမ်းရင်တောင် သူ့ရဲ့ အင်အားရှိသမျှ အကုန်ထုတ်သုံးတတ်တာပဲ"
"ဒီတစ်ကြိမ်တော့ လုံးဝ အမှားအယွင်း အဖြစ်မခံနိုင်ဘူး"
...
...
မသေမျိုးဂိုဏ်းကြီး၏ နောက်ကွယ် တာ့လော့တာအိုအဖွဲ့အတွင်းဝယ်။
"ရှင်ခြင်းနဲ့ သေခြင်းတာအိုလမ်းစဉ်... စစ်မှန်သောကိုယ်ထည်အဆင့်မှာတင် ဒီလို အထက်တန်းစားတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်တဲ့သူ တကယ်ရှိနေတာပဲ"
ခရမ်းရွှေရောင် သရဖူကို ဆင်မြန်းထားသော အမျိုးသားသည် အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့် အလင်းမှန်ချပ်ကြီးကို စိုက်ကြည့်နေသည်။
တာအိုလမ်းစဉ် သုံးထောင်တွင် အဆင့်အတန်း ကွာခြားမှုများ ရှိစမြဲပင်။ မသေမျိုးတာအိုအဖွဲ့ကြီး သုံးခု၏ အမြင်တွင်မူ ရှင်ခြင်းနှင့် သေခြင်းတာအိုလမ်းစဉ်သည် ဖန်ဆင်းခြင်းစွမ်းအားများ ကိန်းဝပ်နေသည့် အမြင့်ဆုံးအဆင့် တာအိုလမ်းစဉ်များထဲမှ တစ်ခုဖြစ်သည်။
"စစ်မှန်သောကိုယ်ထည်အဆင့်မှာတင် ဒီတာအိုလမ်းစဉ်ကို နားလည်စေနိုင်တဲ့သူဆိုလို့ ဒီလောကမှာ တစ်ယောက်ပဲ ရှိနိုင်တယ်..."
"ကြည့်ရတာ အဲဒီအဖိုးကြီးရဲ့ စမ်းသပ်မှုက တကယ်ပဲ အောင်မြင်သွားပုံပဲ"
ခရမ်းရွှေရောင်သရဖူနှင့် အမျိုးသားသည် သူ၏အကြည့်ကို လွှဲလိုက်ပြီး ချန်ယန်ပညာသင်ကျောင်းရှိရာ အရပ်ဆီသို့ အနည်းငယ် စိုးရိမ်ထိတ်လန့်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင် ထိုအမျိုးသားသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဘေးနားရှိ ဝေဝါးနေသော မိန်းမပျိုလေး၏ ပုံရိပ်ဆီသို့ လှည့်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်၏။
"ကြင်ယာတော်လုံ... မင်းကိုယ်စား ချန်ကျီရှင်းကို ရန်သူပြုမိတာကို ငါ ရုတ်တရက် နောင်တရမိသလိုပဲ။ ငါ ဘယ်လိုလုပ်ရမလဲ"
"သူက ရှေးခေတ်ကနေ အခုအထိ မရှိဖူးသေးတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ။ သူသာ တာ့လော့တာအိုအဖွဲ့ကို ဝင်ခွင့်ရမယ်ဆိုရင် ငါတို့ကို နောက်ထပ် မအောင်နိုင်တဲ့ မသေမျိုးအဆင့်ထိ ရောက်အောင် ကူညီပေးနိုင်တဲ့သူ ဖြစ်လာမှာ"
ဝေဝါးနေသော ပုံရိပ်လေးမှာ ထိုစကားကို ကြားသောအခါ အသာအယာ ပြုံးလိုက်ပြီး ခေါင်းခါလျက် ပြောလိုက်သည်။
"မဟုတ်ဘူး... ရှင် အဲဒီလို လုပ်မှာမဟုတ်ပါဘူး။ ချန်ကျီရှင်းရဲ့ ပါရမီက ဘယ်လောက်ပဲ မြင့်
နေပါစေ။ သူ့ရဲ့ အနာဂတ်က ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ... သူက ရှင့်အတွက် ဘာမှ အကူအညီဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ပေးထားတဲ့ ကတိကတော့ ရှင့်ရဲ့ အိပ်မက်ဖြစ်တဲ့ ထိုရာထူးနေရာကို တကယ်ပဲ ရောက်စေမှာပါ"
"ရှင်ကတော့ တခြားတစ်ယောက်ရဲ့ အနာဂတ်အတွက်နဲ့ ကိုယ့်ရဲ့ အနာဂတ်ကို အဆုံးရှုံးခံမယ့်သူ မဟုတ်ပါဘူး"
ဝုန်း…
ရုတ်တရက်ဆိုသလိုပင် ဧရာမ လက်ဝါးကြီးတစ်ခုသည် ဝေဝါးနေသော ထိုပုံရိပ်လေး၏ သွယ်လျသော လည်ပင်းကို အတင်းအဓမ္မ ဆုပ်ကိုင်လိုက်သည်။
ခရမ်းရွှေရောင်သရဖူနှင့် အမျိုးသား၏ လက်ချောင်းများမှာ တစ်စတစ်စ တင်းကြပ်လာပြီး ချောက်ကမ္ဘာမှ စွမ်းအားများအလား ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ထိုပုံရိပ်လေး၏ ဝိညာဉ်ခန္ဓာမှာ ဝေဝါးလာပြီး ပျောက်ကွယ်တော့မည့်အလား ဖြစ်သွားသည်။
"ဒါပေမဲ့ ငါက မင်းကို တိုက်ရိုက်ကိုင်တွယ်ပြီး အဲဒီပစ္စည်းကို အတင်းပေးခိုင်းလို့လည်း ရတာပဲ မဟုတ်ဘူးလား"
ခရမ်းရွှေရောင်သရဖူနှင့် အမျိုးသားသည် ကြင်ယာတော်လုံကို သူ၏အနားသို့ ဆွဲကပ်လိုက်ပြီး သူ၏မျက်ဝန်းများအတွင်း၌ လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ရှင်က ထက်မြက်တဲ့သူတစ်ယောက်ပဲ။ ရှင် သိထားသင့်တာက ကျွန်မကို သတ်လိုက်ရင် ရှင် ဘယ်တော့မှ အဲဒီရာထူးကို ရမှာမဟုတ်ဘူး ဆိုတာပါပဲ"
ကြင်ယာတော်လုံမှာ ထိတ်လန့်ခြင်းမရှိဘဲ ထိုအမျိုးသားကို ပြန်ပြုံးပြနေသည်။
"ဒီလောက်တောင် မာနထောင်လွှားနေတာလား"
"စမ်းကြည့်လို့ ရတာပဲလေ"
"ကြင်ယာတော်လုံ... မင်းက တကယ်ကို ထက်မြက်တဲ့ မိန်းမတစ်ယောက်ပဲ။ သတ္တိလည်းရှိတယ်။ ရက်လည်း ရက်စက်တယ်။ တွက်ချက်မှုလည်း အင်မတန် စေ့စပ်တယ်"
ခရမ်းရွှေရောင်သရဖူနှင့် အမျိုးသားက ရယ်မောလိုက်ပြီး သူ၏လက်ချောင်းများကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ မကြာမီမှာပင် သူသည် အလင်းမှန်ချပ်ပေါ်မှ မြင်ကွင်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကြင်ယာတော်လုံ... ဒါဟာ မင်းကို ငါ နောက်ဆုံးအကြိမ် ကူညီပေးတာပဲ။ ချန်ကျီရှင်းသာ ဒီတစ်ကြိမ် ဘေးဒုက္ခကနေ အသက်မသေဘဲ လွတ်မြောက်သွားမယ်ဆိုရင်တော့... ဒါဟာ သူ့ရဲ့ ကံကြမ္မာက အရမ်းကြီးမားလွန်းလို့ပဲ။ အဲဒီအခါကျရင်တော့ ငါ သူ့ကို နောက်ထပ် ရန်မမူတော့ဘူး"
ကြင်ယာတော်လုံမှာ ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်း မပြုဘဲ အေးဆေးစွာသာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ချန်ကျီရှင်းရဲ့ ကံကြမ္မာကို ကောင်းကင်ဘုံကပဲ ဆုံးဖြတ်ပါစေတော့"
...
...
အခြားသော မသေမျိုးဂိုဏ်းတစ်ခုဖြစ်သည့် မသေမျိုးပျံတက်ခြင်းဂိုဏ်း၏ နောက်ကွယ်တွင်
မူ "မုယွဲ့မေ... မင်းရဲ့ တပည့်ကတော့ တကယ်ပဲ လူစွမ်းကောင်းတစ်ယောက် ဖြစ်နေပြီပဲ"
ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များ ရှိသည့် အဖိုးအိုတစ်ဦးမှာ တုတ်ကောက်ကို အားပြုလျက် ဟင်းလင်းပြင်ထဲ၌ ရပ်နေသည်။
သူ၏ နောက်ကွယ်တွင်မူ ရိုးရှင်းသော ဝတ်စုံကို ဆင်မြန်းထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦးသည် အလင်းမှန်ချပ်ကြီးကို ကြင်နာယုယသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
ချန်ကျီရှင်းက မည်မျှပင် အစွမ်းထက်နေပါစေ မည်သို့သော လူစွမ်းကောင်းကြီး ဖြစ်နေပါစေ သူမအတွက်တော့ ဘာမှ အရေးမကြီးလှပေ။
အခန်း။ ၂၆၈
သူမ မြင်တွေ့လိုက်ရသည်မှာ သူမဘေးနားမှာ မရှိတော့သည့်တိုင် ချန်ကျီရှင်းသည် ပိုမိုမြန်ဆန်ပြီး ပိုမိုကျယ်ပြန့်သော လမ်းခရီးကို လျှောက်လှမ်းနေနိုင်ပြီ ဖြစ်ခြင်းပင်။
ဤသည်ကပင် သူမအတွက် လုံးဝဥဿုံ ကျေနပ်စရာ ဖြစ်နေခဲ့သည်။
"မင်း ဒီလိုအောင်မြင်နေတာကို မြင်ရတော့... ဆရာတစ်ယောက်အနေနဲ့ ငါ တကယ်ပဲ စိတ်အေးရပါပြီ"
မုယွဲ့မေသည် သူမဘာသာ တိုးညင်းစွာ ရေရွတ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။
"မုယွဲ့မေ... မင်းရဲ့တပည့်ကို မင်းကြည့်ချင်တယ်ဆိုလို့ ငါက ကူညီပေးခဲ့ပြီးပြီ။ အခုတော့ မသေမျိုးပျံတက်ခြင်းဂိုဏ်းအတွက် မင်းဘက်က အနစ်နာခံပေးရမယ့် အချိန်ရောက်ပြီ မဟုတ်ဘူးလား"
အဖိုးအိုက အေးစက်စွာ ပြောလိုက်သည်။
"သူ အပြင်ကို ပြန်ထွက်လာတဲ့အထိ စောင့်ပြီး... သူ့ကို စကားတစ်ခွန်းလောက် ပြောခွင့်ရဦးမလား"
မုယွဲ့မေ ခဏမျှ တုံ့ဆိုင်းပြီး မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ အဖိုးအို၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများကို မှေးကာ ပြောလိုက်သည်။
"ဘာလဲ သူ ကျင့်ကြံခြင်း အောင်မြင်သွားတဲ့အခါ ဂိုဏ်းချုပ်ဆီလာပြီး မင်းကို ကယ်ထုတ်ဖို့ မှာချင်လို့လား"
"မဟုတ်ပါဘူး"
မုယွဲ့မေက ခေါင်းခါလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ညင်သာစွာ ပြောလိုက်သည်။
"ကျွန်မ သူ့ကို ပြောချင်တာက... ဆရာက ဒီမှာ အရမ်းအဆင်ပြေတယ်။ ကျွန်မအတွက် စိတ်မပူပါနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ။ ဘာကိုမှ စိတ်မရောက်ဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါလို့... ဒါလေးပါပဲ"
ထိုစကားများအဆုံးတွင် အဖိုးအိုသည် မုယွဲ့မေကို အသေအချာ စိုက်ကြည့်လိုက်ပြီး ခေတ္တအကြာတွင် "အခွင့်အရေးရရင် ငါ အဲဒီစကားကို ပါးပေးလိုက်ပါ့မယ်"ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
မုယွဲ့မေသည် သူမ၏ ဆံနွယ်တစ်စုကို နားနောက်သို့ အသာအယာ သပ်တင်လိုက်ပြီးနောက် အဖိုးအိုကို ကျေးဇူးတင်စကားပြောကာ လှည့်ထွက်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ တစ်လှမ်းချင်း ပျောက်ကွယ်သွားတော့သည်။
ဤအခိုက်အတန့်တွင် မသေမျိုးတောင်တန်း တစ်ခွင်လုံးရှိ ကျင့်ကြံသူများမှစ၍ မသေမျိုးတာအိုအဖွဲ့ကြီး သုံးခုအထိ အားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြရပြီ ဖြစ်သည်။
ဤသည်ကပင် အင်အားစု အသီးသီးကို ဇီဝေချန်မိသားစု၏ ခန့်ညားလှသော သင်္ဘောကြီးဆီသို့ မနာလိုမှုများဖြင့် လှမ်းကြည့်မိစေတော့သည်။
ဇီဝေချန်မိသားစုကတော့ တကယ့်ကို နဂါးတစ်ကောင် မွေးထုတ်ပေးလိုက်ပြီပဲ။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးအတွင်း၌မူ ချန်ကျီရှင်းသည် ခန်းမဆောင်အတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာခဲ့သည်။
"အားလုံး ရှင်းသွားပြီလား"
ဓားနန်းတော်အတွင်းရှိ ဓားဆန္ဒများနှင့် စစ်သည်တော်ဓာတ်များကို အလျင်အမြန် ဝါးမြိုနေသော စိမ်းပြာရောင်နတ်ဘုရားဓားက ခေတ္တရပ်ကာ အမှတ်မထင် မေးလိုက်သည်။
"အင်း... အနှောင့်အယှက်လေးတွေပါပဲ"
ချန်ကျီရှင်းက ခေါင်းခါလိုက်ပြီး ထိုကိစ္စကို စိတ်ထဲမထားတော့ပေ။ ထို့နောက် သူ၏အကြည့်များက စိမ်းပြာရောင်နတ်ဘုရားဓားဆီသို့ ရောက်သွားသည်။
သူ အပြင်သို့ မထွက်မီက စိမ်းပြာရောင်နတ်ဘုရားမှာ စစ်မှန်သောကိုယ်ထည် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း၊ အခု အမွှေးတိုင်တစ်တိုင်စာမျှသော အချိန်အတွင်းမှာတင် စစ်မှန်သောကိုယ်ထည် ဆဋ္ဌမအဆင့်သို့ အံ့သြဖွယ် ကောင်းလောက်အောင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ခန်းမဆောင်အတွင်း ချိတ်ဆွဲထားသော ရှေးဟောင်းဓားများ၏ သုံးပုံတစ်ပုံခန့်မှာလည်း ဝါးမြိုခံလိုက်ရပြီ ဖြစ်သည်။
"ဒီတစ်ကြိမ်တော့ ငါ နိဗ္ဗာနအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်"
စိမ်းပြာရောင်နတ်ဘုရားဓားက တက်ကြွစွာ ပြောလိုက်သည်။
"ကောင်းပြီလေ"
ချန်ကျီရှင်း၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။ နိဗ္ဗာနအဆင့်နှင့် စစ်မှန်သောကိုယ်ထည်အဆင့်မှာ အဆင့်တစ်ခုတည်း ကွာခြားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်။ လက်နက်များနှင့် ဓမ္မရတနာများအတွက်လည်း ထိုနည်းအတိုင်းပင်။
စိမ်းပြာရောင်နတ်ဘုရားဓားသာ နိဗ္ဗာနအဆင့်သို့ ရောက်သွားပါက ၎င်း၏ အစွမ်းမှာ သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်သည်။
မူလက ချန်ကျီရှင်း၏ အစွမ်းများ တိုးတက်လာသည်နှင့်အမျှ စိမ်းပြာရောင်နတ်ဘုရားဓားမှာ အနည်းငယ် အသုံးမဝင်သလို ဖြစ်နေခဲ့သော်လည်း ယခုမူ သူ၏လက်ထဲတွင် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ပြန်ဖြစ်လာတော့မည်။
ဤသည်ကပင် ချန်ကျီရှင်းကို မျှော်လင့်ချက် ကြီးမားစေသည်။ ရှင်ခြင်းနှင့် သေခြင်းတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ထားသည့်အတွက် သူ၏အစွမ်းမှာ သာမန်နိဗ္ဗာနအဆင့် ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်ပြီဟု သူ ယူဆထားသည်။
တကယ်လို့သာ သူ၏လက်ထဲတွင် စစ်မှန်သော နိဗ္ဗာနအဆင့် စစ်သည်တော်တစ်လက် ရှိနေမည်ဆိုပါက...
"ဖြစ်နိုင်တာက... ငါ နိဗ္ဗာနအဆင့်ရှိသူကိုတောင် သတ်ဖြတ်နိုင်မလား"
ချန်ကျီရှင်း၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ နောက်တစ်ခဏတွင် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆိတ်ငြိမ်သော ထောင့်တစ်နေရာသို့ သွားကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ပြောရမည်ဆိုလျှင် သူသည် ချန်ယန်ပညာသင်ကျောင်းမှ အလောတကြီး လာခဲ့ရသဖြင့် ရှင်
ခြင်းနှင့် သေခြင်းတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ရုံသာ ရှိသေးပြီး ၎င်း၏ တာအိုမျိုးစေ့ကို အမှန်တကယ် ပုံဖော်ခြင်း မပြုရသေးပေ။
ဤအခွင့်အရေးကို အသုံးချပြီး တာအိုမျိုးစေ့ကို ပုံဖော်ကာ စစ်မှန်သောကိုယ်ထည် နဝမအဆင့်သို့ တစ်ချက်တည်းနှင့် တက်လှမ်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ရှူး
ထိုသို့တွေးရင်း ချန်ကျီရှင်းသည် သူ၏ညာလက်ကို ဝှေ့ယမ်းကာ ကိုယ်ယောင်ဖျောက်ခြင်းနှင့် တရားထိုင်ခြင်းအတွက် အစီအရင် အချို့ကို အမှတ်မထင် ခင်းကျင်းလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။
"ရှင်ခြင်းနဲ့ သေခြင်း..."
ချက်ချင်းပင် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အလယ်မှ ရှင်ခြင်းနှင့် သေခြင်း အငွေ့အသက်အမြောက်အမြား ထွက်ပေါ်လာပြီး သူ၏ပုံရိပ်ကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
ထိုအငွေ့အသက်များသည် အဆက်မပြတ် လည်ပတ်နေပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။ တစ်ခါတစ်ရံတွင် ချန်ကျီရှင်း၏ မျက်နှာမှာ ပြာနှမ်းသွားကာ အသက်ဓာတ်မီးတောက် ငြိမ်းသွားသည့် ကျောက်ရုပ်တစ်ခုအလား နှလုံးခုန်သံ ရပ်တန့်သွားပြီး အသက်ရှင်သည့် အငွေ့အသက် လုံးဝမရှိတော့ပေ။
အခြားတစ်ခါတစ်ရံတွင်မူ သူသည် ကြွယ်ဝလှသော အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏ အသားအရေတိုင်းမှာ ဖြူဝင်းနုနယ်ကာ ဝန်းကျင်၌ အသက်ဇီဝပန်းများ ပွင့်လန်းနေသကဲ့သို့ ဖြစ်နေပြန်သည်။
သေခြင်းနှင့် ရှင်ခြင်း နှစ်ခုစလုံးမှာ သူ၏ကိုယ်ပေါ်၌ တစ်လှည့်စီ ထွက်ပေါ်နေတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ချန်ကျီရှင်း၏ ပတ်ဝန်းကျင်ရှိ ရှင်ခြင်းနှင့် သေခြင်း အငွေ့အသက်များက တဖြည်းဖြည်းနှင့် အဖြူအမည်း ရောယှက်နေသော ပိုးအိမ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့ကို လွှမ်းခြုံထားတော့သည်။
စစ်သည်တော်ဓာတ်နှင့် ဓားဆန္ဒများကို အလျင်အမြန် ဝါးမြိုနေသော စိမ်းပြာရောင်နတ်ဘုရားမှာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ထိုပိုးအိမ်ကြီးကို မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်မိသည်။
ချန်ကျီရှင်းနှင့် ပဋိညာဉ်ပြုထားသူ ဖြစ်သည့်အားလျော်စွာ ချန်ကျီရှင်း၏ ကျင့်ကြံခြင်းအဆင့်မှာ အံ့သြဖွယ်ကောင်းလောက်သော အရှိန်အဟုန်ဖြင့် စစ်မှန်သောကိုယ်ထည် နဝမအဆင့်ဆီသို့ တိုက်ရိုက် ဦးတည်ကာ မြင့်တက်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ချန်ကျီရှင်း၏ ဝိညာဉ်ပင်လယ်အတွင်း၌မူ အဖြူအမည်းရောင် တာအိုမျိုးစေ့တစ်ခုမှာ တဖြည်းဖြည်းနှင့် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
အချိန်ဆိုသည်မှာ ဆန်းကြယ်လှသော အရာတစ်ခုပင်။ တစ်ခါတစ်ရံ မြန်ဆန်လှသလို တစ်ခါတစ်ရံတွင်လည်း နှေးကွေးလွန်းလှသည်။
သာမန်နေ့ရက်များတွင် သုံးရက်ဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားတတ်သော်လည်း ဤရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေးအတွင်း၌မူ လွန်ခဲ့သော သုံးရက်အတွင်း အဖြစ်အပျက်များစွာ ပေါ်ပေါက်ခဲ့သည်။
ဤသုံးရက်အတွင်း ချန်ကျီရှင်းသည် မသေမျိုးသိုင်းအမိန့်တော်ကို ပထမဆုံး ရရှိခဲ့သူဖြစ်ရာ ၎င်းမှာ ယမ်းကြိုးကို မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားပြီးနောက် လူအများမှာ အမိန့်တော်များကို ဆက်တိုက်ဆိုသလို ရရှိလာကြသည်။
ထိုသို့ရရှိတိုင်း ကောင်းကင်ဘုံ၏ ဆုလာဘ်များကို ရရှိကြပြီး ထူးခြားဆန်းပြားသော နိမိတ်များလည်း ပေါ်ထွက်လာခဲ့သည်။
ထို့အတူ သွေးချောင်းစီးသော တိုက်ပွဲများမှာလည်း သဘာဝအလျောက် ပေါ်ပေါက်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများအတွင်း ပါရမီရှင်အမြောက်အမြားမှာ သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသရင်း ကျော်ကြားလာခဲ့ကြသည်။
လက်ရှိတွင် အမိန့်တော် အများဆုံးရရှိထားသူမှာ ကိုးခုအထိ ရရှိထားပြီး ထိုသူမှာ ထာဝရအသက်ရှည်ခြင်းပါရမီရှင်စာရင်း၏ ဒုတိယအဆင့်ဖြစ်သော ဝေတုလုံပင်။
ဒုတိယနေရာတွင်မူ ဝေတုလုံထက် အမိန့်တော် တစ်ခုလျော့နည်းသော ဖူချင်းရွှီရှိနေသည်။ ဖူချင်းရွှီမှစ၍ ပြိုင်ပွဲ၏ ဆယ်ခုမြောက် အဆင့်အထိတွင်မူ လူသားမျိုးနွယ် တစ်ဦးမျှ မပါဝင်တော့ပေ။
မြောက်ဘက်အရပ်မှ သားရဲ "လျောင်ဟို့"
နက်ရှိုင်းသော ပင်လယ်ပြင်မှ ဘီလူးကြီး "နိုအာ"
ရှေးဦးမျိုးနွယ်စုမှ "ရွှမ်တိန်"
မျိုးနွယ်ခြား ပါရမီရှင် အမြောက်အမြားမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြရာ သူတို့၏ အစွမ်းသတ္တိများမှာ လူသားမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ခြောက်သွေ့သော လွင်ပြင်တစ်ခုပေါ်၌ အရပ်မျက်နှာ အသီးသီးမှ လူရိပ်အချို့ ရောက်ရှိလာကြပြီး နောက်ဆုံးတွင် စုစည်းမိသွားကြသည်။
ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါသော အသွင်ရှိသည့် ရဲလျန်ချန်းသည် ကျွေးနှင့် ရှန်ဆန်းတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"လီချန်ဖုန်း ဘယ်မှာလဲ သူ ဘာလို့ ရောက်မလာသေးတာလဲ ဒီမှာ ဆုံကြဖို့ ငါ သတင်းပို့ထားပြီးပြီ မဟုတ်ဘူးလား"
ရှန်ဆန်းက ထိုစကားကို ကြားသောအခါ လက်ကို ဝှေ့ယမ်းပြရင်း "ငါလည်း မသိဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကတော့ အဲဒီကောင်ကို တွေ့လိုက်သေးတယ်။ သူကတော့ ကံစမ်းကြည့်ဦးမယ်။ အမိန့်တော် နှစ်ခုလောက် အရင်ရှာဦးမယ်လို့ ပြောတာပဲ။ ဘာလို့ အခုထိ ရောက်မလာသေးတာလဲတော့ ငါလည်း မသိဘူး"
ခေတ္တမျှ ရပ်လိုက်ပြီးနောက် ရှန်ဆန်းက တစ်စုံတစ်ခုကို သတိရသွားသလို လေသံပြောင်းကာ ပြောလိုက်သည်။
"ဟုတ်သားပဲ... ငါ အဝေးကနေ ယွမ်ပုဖုကို လှမ်းတွေ့လိုက်သေးတယ်။ ယွမ်ပုဖုက လီချန်ဖုန်း သွားတဲ့ဘက်ကိုပဲ ဦးတည်သွားနေသလိုပဲ သူတို့တွေ ဆုံမိကြမလားတော့ မသိဘူး"
"အခုချိန်မှာ အမိန့်တော်တွေ လိုက်ရှာနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ချန်ကျီရှင်းကို ရှင်းထုတ်ပြီးတာနဲ့ ဒီကမ္ဘာငယ်လေးထဲက အမိန့်တော်အားလုံးက ငါတို့လက်ထဲ ရောက်လာမှာပဲ မဟုတ်ဘူးလား တကယ့်ကို လူမိုက်ပဲ"
ရဲလျန်ချန်းက မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ယွမ်ပုဖုဆိုတဲ့ကောင်က... လွန်ခဲ့တဲ့ နှစ်နှစ်က ငါနဲ့တွေ့တုန်းက မုန့်ဟယ်တုန်းရဲ့ နောက်လိုက်ပဲ ရှိသေးတာ။ အဲဒီတုန်းက သူက နတ်ဘုရားလှည့်လည်ခြင်းအဆင့်ပဲ ရှိသေးတယ်။ နှစ်နှစ်အတွင်း သူ အဆင့်တက်ခဲ့ရင်တောင် အရမ်းကြီးတော့ အစွမ်းမထက်နိုင်ပါဘူး။ ဒါကြောင့် လီချန်ဖုန်းအတွက်တော့ တကယ်တမ်း အန္တရာယ် မရှိနိုင်ပါဘူး။ ငါတို့ သူ့ကို ခဏစောင့်ကြတာပေါ့"
သို့သော် ရဲလျန်ချန်း စကားပင် မဆုံးသေးမီမှာပင်...
"စောင့်မယ် ဘယ်လောက်အထိ ထပ်စောင့်ရမှာလဲ ချန်ကျီရှင်းက နောက်ထပ် အမိန့်တော်တွေ ရသွားပြီး ကောင်းကင်ဘုံရဲ့ ဆုလာဘ်တွေနဲ့ အစွမ်းတွေ ထပ်တိုးလာတဲ့အထိ စောင့်နေမှာလား"
ကျွေးက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ စကားအဆုံးတွင် ကျွေးသည် ရဲလျန်ချန်းနှင့် ရှန်ဆန်းတို့ကို လှည့်ပင်မကြည့်တော့ဘဲ ချန်ကျီရှင်း ရှိရာအရပ်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားတော့သည်။
ချန်ကျီရှင်း ရှိနေသည့်နေရာကို ဖြတ်သန်းသွားလာနေသော ပါရမီရှင်များကြောင့် လူတိုင်း သိနေကြပြီဖြစ်သည်။
သို့သော် လူတိုင်းက ချန်ကျီရှင်းကို အဝေးမှ ရှောင်ရှားနေကြပြီး ယခုအချိန်တွင် မည်သူမျှ သွားရောက် မစိန်ခေါ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ခန်းမရှေ့ရှိ အရိုးစုပုံကြီးမှာ သက်သေအဖြစ် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ထွက်ခွာသွားသော ကျွေး၏ ကျောပြင်ကို ကြည့်ရင်း ရဲလျန်ချန်းနှင့် ရှန်ဆန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ကျွေး ပြောတာ မှန်တယ်။ ချန်ကျီရှင်းရဲ့ ပါရမီနဲ့ အစွမ်းအရ သူသာ နောက်ထပ် အမိန့်တော်တွေ ထပ်ရပြီး ဆုလာဘ်တွေသာ ရသွားရင်တော့ သူက တကယ့်ကို အောင်နိုင်သူ ဖြစ်သွားလိမ့်မယ်"
"ငါတို့ အချိန်ဆွဲလေလေ ငါတို့အတွက် ပိုဆိုးလေလေပဲ သူ့ကို အမြန်ဆုံး ရှင်းထုတ်မှ ဖြစ်မယ်"
ရဲလျန်ချန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ နောက်တစ်ခဏတွင် သူတို့နှစ်ဦးမှာ တွန့်ဆုတ်မနေတော့ဘဲ ကျွေး၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားကြတော့သည်။
ထိုလူသုံးဦး၏ ပုံရိပ်များသည် ခြောက်သွေ့သော လွင်ပြင်ကြီးအတွင်းသို့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ကြသည်။