အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း(119)
ယောင်ပင်းက အကုသိုလ်ဖော်မှန်ကို လက်ထဲတွင် ကိုင်ထားလိုက်လေ၏။
ယခင်က သန့်ရှင်းနေသော ကြေးမှန်ပေါ်တွင် မှိန်ဖျော့ပြီး ဝေဝါးသော အရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာချေပြီ။ ထို့အပြင် ထိုအရိပ်မှာ မှန်ပေါ်တွင် ပေါ်လာရုံတင်မကဘဲ သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး အပြင်ဘက်ကို ကြည့်ကာ ပြုံးပြလိုက်သေး၏။
ဂိုဏ်းစတားကြီးများ အားလုံး မှင်တက်သွားကြသည်။ ဤသည်မှာ အကုသိုလ်ဖော်မှန်ပေါ်တွင် အရိပ်တစ်ခု ပေါ်လာသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
အကုသိုလ်ဖော်မှန် တကယ်ကြီး ယောင်ပင်းနှင့် ကံပါနေတာလား။
ယောင်ပင်းက အကုသိုလ်ဖော်မှန်နှင့် ကံပါသူ ဖြစ်နေသည်ကို မြင်သောအခါ အတွေ့အကြုံရင့်သော ဂိုဏ်းစတားကြီးများပင်လျှင် မနာလို ဖြစ်သွားကြရသည်။
ယောင်ပင်းသည်ကား ခုနကတင် သန်းနှစ်ရာကို အလကား ရခဲ့လေပြီ။ အခုလည်း ဤရှားပါးရတနာကို အလကား ရဦးမည်လား။
ဤကောင်လေး၏ ကံတရားမှာ တကယ်ကို ကောင်းလွန်းနေချေပြီ။
လျို့ချင်း၏ မျက်လုံးများတွင်လည်း အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ဟန်ဆောင်၍ပြုံးကာ မတ်တပ်ရပ်လိုက်ပြီး ယောင်ပင်းထံသို့ လျှောက်သွားခဲ့သည်။ ထို့နောက် အကုသိုလ်ဖော်မှန်ကို သူကိုယ်တိုင် လက်ဆောင်ပေးလိုက်သည်။
“သခင်လေးယောင်... မင်းက တကယ် ကံကောင်းတာပဲ ဒီအကုသိုလ်ဖော်မှန်က မင်းနဲ့ ကံပါနေမှတော့ ငါ့ရဲ့ ကတိအတိုင်း မင်းကို ပေးလိုက်ပါပြီ”
ဤရတနာက ယောင်ပင်းဆီသို့ ရောက်သွားတော့မည်ကို မြင်လျှင် ရောက်ရှိနေသူ အားလုံး အလွန်ပင် မနာလို ဖြစ်နေကြသည်။
မထင်မှတ်ဘဲ ယောင်ပင်းက ခေါင်းခါလိုက်လေ၏။
“စိတ်မရှိပါနဲ့၊ ကျွန်တော် ဒါကို မလိုချင်ပါဘူး”
ဂိုဏ်းစတားကြီးများ အားလုံး ဆွံ့အသွားကြ၏။ လျို့ချင်းမှာတော့ လူအများရှေ့တွင် ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီရဲလာလေသည်။
သူက ဤရှားပါးရတနာကို ယောင်ပင်းအား အလကား ပေးပါလျက်နှင့် လူအများရှေ့တွင် အငြင်းခံလိုက်ရသည်။
ဤသည်ထက် ပို၍ အရှက်ရစရာရှိပါဦးမည်လား။
“သခင်လေးယောင်... မင်း ဘာပြောလိုက်တာလဲ”
လျို့ချင်း သတိပြန်ဝင်လာပြီး ဖိအားပေး၍ပြုံးကာ မေးလိုက်သည်။
“ဒီရတနာကို မင်း တကယ် မလိုချင်တာ သေချာရဲ့လား”
ယောင်ပင်းက အနည်းငယ် ခေါင်းငြိမ့်ပြခဲ့သည်။
“အမှန်ပဲ၊ ကျွန်တော် မလိုချင်ဘူး”
လျို့ချင်းက မျက်နှာကိုအတင်းထိန်းချုပ်ကာ ထပ်မေးသည်။
“ဒါဆို သခင်လေးယောင်က ဘာကြောင့် မလိုချင်ရတာလဲဆိုတာ မေးလို့ ရမလား”
ဂိုဏ်းစတားကြီးများလည်း ယောင်ပင်း၏ ငြင်းပယ်ရခြင်း အကြောင်းရင်းကို သိချင်သဖြင့် နားစွင့်နေကြလေသည်။
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒါက အတုဖြစ်နေလို့ပဲ”
ယောင်ပင်း၏ စကားကြောင့် ရောက်ရှိနေသော ဂိုဏ်းစတားကြီးများက ဆူညံပွတ်လောရိုက်သွားကြတော့သည်။
လျို့ချင်းက ခမ်းနားကြီးကျယ်စွာ ဖိတ်ခေါ်ပြီး စစ်ဆေးခိုင်းနေသည့် အကုသိုလ်ဖော်မှန်က အတုဖြစ်နေသည်လား။
လျို့ချင်းက အလကားပေးသော်လည်း ယောင်ပင်းက အဘယ်ကြောင့် မယူခဲ့သည့်အကြောင်းကို လူတိုင်း သဘောပေါက်သွားကြတော့သည်။
လျို့ချင်း၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားချေပြီ။ သူသည်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။
“မင်း ဘာပြောလိုက်တယ်ဆိုတာကို မင်းကိုယ်မင်း သိရဲ့လား”
သူ သန်းပေါင်းများစွာ အကုန်အကျခံပြီး ရယူထားသည့် ဤရတနာကို ယောင်ပင်းက အတုဟု ပေါ့ပေါ့ပါးပါးပင် အမည်တပ်လိုက်ချေပြီ။
ဤသို့ဆိုလျှင် လျို့ချင်း၏ မျက်နှာမှာ မည်သည့်နေရာသို့ သွားထားရပါမည်နည်း။
“မစ္စတာလျို့ သေချာမကြားလိုက်ဘူးဆိုရင် ကျွန်တော် နောက်တစ်ခါ ထပ်ပြောပေးဖို့ ဝန်မလေးပါဘူး”
လျို့ချင်း၏ အေးစက်သော အမူအရာကို ရင်ဆိုင်ရင်း ယောင်ပင်းက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ထပ်ပြောလိုက်သည်။
“ကျွန်တော် ပြောလိုက်တာက ဒီအကုသိုလ်ဖော်မှန်က အတုဖြစ်နေလို့ မလိုချင်ဘူးလို့ ပြောတာပါ၊ မစ္စတာလျို့ ဒီတစ်ခါရော နားလည်သွားပြီလား”
လျို့ချင်း၏ မျက်နှာမှာ ယခုတစ်ကြိမ်တွင် လုံးဝမည်းမှောင်သွားချေပြီ။
ယောင်ပင်းက ဤသို့ ထပ်မံ ပြောလိုက်ခြင်းမှာ ဂိုဏ်းစတားကြီးများ၏ ရှေ့တွင် လျို့ချင်း၏ ပါးကို ဒုတိယအကြိမ် ပြန်လည် ရိုက်နှက်လိုက်ခြင်းနှင့် တူညီပေသည်။
“သခင်လေးယောင်... ဒီအကုသိုလ်ဖော်မှန်ကို ကျွန်တော် သန်းပေါင်းများစွာ ပေးပြီး ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ယောက်ဆီက ဝယ်ခဲ့တာ”
ဂိုဏ်းစတားကြီးများ၏ ရှေ့တွင် လျို့ချင်းက ဒေါသကို အလွယ်တကူ ထုတ်မပြဝံ့သဖြင့် စိတ်ကို ထိန်းချုပ်ကာ သည်းခံပြီး ရှင်းပြလိုက်သည်။
“ကျွန်တော် ပညာရှင်အတော်များများကို စစ်ဆေးခိုင်းပြီးပါပြီ၊ သူတို့အားလုံးက ဒါကို အစစ်ပဲလို့ ပြောကြတယ်”
လျို့ချင်းက သူ၏ မျက်နှာကို ပြန်ဆယ်ရန် ကြိုးစားနေခြင်းပင်။ မဟုတ်ပါက ဂိုဏ်းစတားကြီးများသာ ဤမှန်ကို အတုဟု ယုံကြည်သွားကြလျှင် လျို့ချင်းအတွက် အဆိုးများကိုသာ ရရလာလိမ့်မည်။
သူတို့ကို လှောင်ပြောင်ရန် ဖိတ်ကြားခဲ့သည်ဟု ထင်သွားကြပါက သူ့အနေဖြင့် ဂိုဏ်းစတား တစ်ယောက်နှစ်ယောက်တည်းကို မဟုတ်ဘဲ အားလုံးကို ရန်သူဖြစ်အောင် လုပ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ဤမှန်မှာ တကယ်ပင် ငွေကုန်ကြေးကျများစွာဖြင့် ရယူခဲ့ရကြောင်း သူ သက်သေပြရမည် ဖြစ်ပေသည်။
လျို့ချင်း၏ ရှင်းပြချက်ကို ယောင်ပင်းက ခပ်အေးအေးပင် ပြုံးလိုက်ပြီး ပြောလာသည်။
“အဲဒါက ခင်ဗျားရဲ့ ငွေသန်းပေါင်းများစွာ အလဟဿဖြစ်သွားတာကိုပဲ သက်သေပြနိုင်တာပါ၊ အကုသိုလ်ဖော်မှန် အစစ်ဖြစ်ကြောင်းကိုတော့ သက်သေမပြနိုင်ပါဘူး”
ဖြောင်း!
နောက်ထပ် ပါးရိုက်ချက် တစ်ချက်ပင်။
လျို့ချင်းသည်ကား သူ၏ မျက်နှာတစ်ခုလုံး မီးလောင်နေသကဲ့သို့ ပူထူလာသည်ဟု ခံစားလိုက်ရသည်။
လူအများကြီး၏ ရှေ့တွင် သူ ဤမျှအထိ အရှက်မရဖူးခဲ့ချေ။ နောက်ဆုံးတွင် လျို့ချင်းက အရှက်ရ ဒေါသထွက်နေသော လေသံဖြင့် အသံကို အနည်းငယ် မြှင့်လိုက်ပြီးပြောခဲ့သည်။
“သခင်လေးယောင်... ကျွန်တော် တစ်ခုလောက် မေးပါရစေ၊ မင်း အကုသိုလ်ဖော်မှန်ကို အရင်က မြင်ဖူးလို့လား”
“မမြင်ဖူးပါဘူး”
ယောင်ပင်းက ခေါင်းခါပြသည်။
“ဒါ ပထမဆုံးအကြိမ်ပါပဲ”
လျို့ချင်းသည် နောက်ဆုံး၌ ယုံကြည်မှု တချို့ ပြန်လည် ရရှိလာပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
“သခင်လေးယောင်အနေနဲ့ ဒါကို ပထမဆုံးအကြိမ် မြင်ဖူးတာဆိုမှတော့ ဒီအကုသိုလ်ဖော်မှန်က အတုလို့ ဘယ်လိုလုပ် အသေအချာ ပြောနိုင်ရတာလဲ”
အခြေအနေများမှာ သူ၏ အစီအစဉ်နှင့် အဝေးကြီး ကွဲလွဲသွားခဲ့ချေပြီ။
သို့သော် ဤအကုသိုလ်ဖော်မှန်မှာ အစစ်ဖြစ်ကြောင်း သူ ရှင်းလင်းရမည် ဖြစ်သည်။ မဟုတ်ပါက သူသည် ရန်သူပေါင်းများစွာကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လျို့ချင်း၏ မေးမြန်းမှုကို ကြားလျှင် ယောင်ပင်းသည် အနည်းငယ် သက်ပြင်းချလိုက်မိသည်။
မတိုင်မီက လျို့ချင်းက အကုသိုလ်ဖော်မှန်ကို ထုတ်ပြသည့် အချိန်တွင် ယောင်ပင်း စနစ်စတိုးဆိုင်ကို အမြန်ကြည့်ရှုလိုက်လေ၏။ ထိုအမျိုးသမီး ကိုင်ဆောင်လာသော မှန်မှာ ချူကျန်းယမမင်း၏ အကုသိုလ်ဖော်မှန် ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် သူက ထိုပစ္စည်းကို ဝယ်ယူရန် နှိပ်ကြည့်လိုက်သောအချိန်တွင် _
“အကုသိုလ်ဖော်မှန်သည် ချူကျန်းယမမင်း ပိုင်ဆိုင်သော မှော်ရတနာဖြစ်သဖြင့် ဝယ်ယူ၍ မရနိုင်ပါ” ဟု ပြနေခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် အကုသိုလ်ဖော်မှန်မှာ ချူကျန်း၏ လက်ထဲတွင် ရှိနေဆဲပင် ဖြစ်ပေသည်။ အစစ်က ချူကျန်းထံတွင် ရှိနေသည့်အတွက် လျို့ချင်း ပြနေသည့်အရာမှာ အတုသာဖြစ်နေမည်။
ထို့ကြောင့် ယောင်ပင်းက ဂိုဏ်းစတားကြီးများ၏ ရှေ့တွင် ဤမှန်မှာ အတုဖြစ်ကြောင်း တမင်ပြောလိုက်ခြင်း ဖြစ်သည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ လျို့ချင်းက သူ့အပေါ် မကောင်းကြံစည်နေသောကြောင့်ပင်။
သူ ထိုမှန်ကို ကိုင်လိုက်သည့်အချိန်တွင် မည်သည့် ထုံကျင်မှုကိုမျှ မခံစားရသော်လည်း မှန်ထဲတွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် လျို့ချင်းက ဤမှန်မှာ ယောင်ပင်းနှင့် ကံပါသည်ဟု အတင်းပြောကာ အလကား ပေးရန် ကြိုးစားခဲ့သည်။
ယောင်ပင်းကို ဆုကြေးငွေ သန်းနှစ်ရာ ပေးပြီးကာမှ ယခု ရှားပါးရတနာကိုပါ ထပ်ပေးခြင်းမှာ ယောင်ပင်းအား လူတိုင်း၏ ရန်သူနှင့် ပစ်မှတ်ဖြစ်အောင် ပြုလုပ်ရန်ဆိုသည့် လျို့ချင်း၏ ရည်ရွယ်ချက်ကို ထင်ရှားစေသည်။
အကယ်၍ သူသာ မှန်ကန်စွာ ခန့်မှန်းမိသည်ဆိုပါက လျို့ချင်းက ထိုမှန်ကို တစ်ခုခု လုပ်ထားခဲ့လိမ့်မည်။
ဤဂိုဏ်းစတားကြီးများမှာ သဘောကောင်းသည့် သူများမဟုတ်ကြသဖြင့် သူတို့ လိုချင်သည့်အရာ ရရန်အတွက် ယောင်ပင်းကို နည်းမျိုးစုံဖြင့် လုပ်ကြံကြပေလိမ့်မည်။
ထိုသို့ဆိုလျှင် ယောင်ပင်းက အချိန်မရွေး အန္တရာယ်ရှိနိုင်ပေသည်။ ထိုသို့ ဖြစ်လာမှတော့ သူလည်း လျို့ချင်းကို ယဉ်ကျေးနေရန် မလိုတော့ပေ။
ထို့ကြောင့် သူက လူအများရှေ့တွင် လျို့ချင်းကို အရှက်ခွဲကာ ဤမှန်မှာ အတုဖြစ်ကြောင်း ဖွင့်ချလိုက်ခြင်း ဖြစ်ပေသည်။
သို့သော် လျို့ချင်းက လက်မလျှော့ဘဲ ဇွတ်အတင်းမေးနေခဲ့သည်။
ယောင်ပင်းလည်း မတတ်နိုင်တော့ဘဲ လိမ်ညာ၍သာ ပြောလိုက်ရတော့သည်။
“ဘာလို့လဲဆိုတော့ အကုသိုလ်ဖော်မှန် အစစ်က ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆီမှာ ရှိနေလို့ပဲ
သူသည် ချူကျန်းယမမင်းကို အနိုင်ယူခဲ့သည် ဆိုသော်လည်း သူငယ်ချင်းအဖြစ် သတ်မှတ်၍ ရသည် မဟုတ်ပါလား။
ထို့အပြင့ အကုသိုလ်ဖော်မှန်မှာ တကယ်ပင် ချူကျန်းထံတွင် ရှိနေခဲ့သည်။
“ဘယ်သူငယ်ချင်းလဲ”
လျို့ချင်းက လွှတ်ကနဲ မေးလိုက်သည်။
“မင်းရဲ့ သူငယ်ချင်းကို ဒီကို ခေါ်လာပေးလို့ ရမလား၊ အကုသိုလ်ဖော်မှန် အစစ်ကို ငါတို့လည်း မြင်ချင်လို့ပါ”
ယောင်ပင်း၏ သူငယ်ချင်းတွင် အကုသိုလ်ဖော်မှန် အစစ် ရှိနေမည်ကို သူ လုံးဝ မယုံကြည်ပေ။
ထို့ကြောင့် ယောင်ပင်းအား သူငယ်ချင်းကို ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ယောင်ပင်းက ချက်ချင်းပင် ခေါင်းခါကာ ငြင်းလိုက်သည်။
“မရဘူး”
လျို့ချင်းက လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလာ၏။
“ဘာလဲ... အပြစ်ရှိသလို ခံစားနေရတာလား ဒါမှမဟုတ် အဲဒီသူငယ်ချင်းဆိုတာ မင်း လုပ်ကြံပြောထားတာလား၊ တကယ်တော့ ဒီအကုသိုလ်ဖော်မှန်က အစစ်လား၊ အတုလားဆိုတာ မင်းကိုယ်တိုင်လည်း မသိဘူးမလား”
ယခုအချိန်တွင် လျို့ချင်းမှာ အကြပ်အတည်း ဖြစ်နေရသည်။ လူအများရှေ့တွင် အထက်တန်းကျောင်းသားတစ်ဦးကို မေးခွန်းထုတ်နေခြင်းမှာ မသင့်တော်ပုံ ပေါ်သော်လည်း သူ၏ မျက်နှာကို ကယ်တင်ရန်အတွက် သူ ဆက်လုပ်ရမည် ဖြစ်ပေသည်။
“ဘော့စ်လျို့... ကျွန်တော့်သူငယ်ချင်းကို ခင်ဗျားတို့ တကယ် တွေ့လို့မရပါဘူး”
ယောင်ပင်းက အလေးအနက် ပြောလိုက်သည်။
“တကယ်ကို အဆင်မပြေလို့ပါ”
သာမန်လူတစ်ယောက်က ယမမင်းကို မည်သို့ တွေ့နိုင်ပါမည်နည်း။
တွေ့လိုက်လျှင်ပင် သေသွားကြမည် မဟုတ်ပါလား။
ထို့ကြောင့် ယောင်ပင်း ပြောနေသည်မှာ အမှန်ပင် ဖြစ်သည်။
ချူကျန်းကို လူအများရှေ့တွင် ထွက်ပေါ်လာစေရန်ခိုင်းစေခြင်းက တကယ်ပင် အဆင်မပြေလှပေ။
ယောင်ပင်းက အကြိမ်ကြိမ် ငြင်းဆန်နေသဖြင့် လျို့ချင်းသည်လည်း အကြိမ်ကြိမ်ပင် တောင်းဆိုနေခဲ့သည်။ မတတ်နိုင်သည့်အဆုံး ယောင်ပင်းက ပြောလာ၏။
“မစ္စတာလျို့... စကားပုံတစ်ခု ရှိပါတယ် ‘အကုသိုလ်ဖော်မှန်ရှေ့မှာ အရိုးဖြူတွေကို ကြည့်ရတယ်’ တဲ့၊ တကယ်လို့ တစ်စုံတစ်ယောက်က သေတော့မယ်ဆိုရင် မှန်ထဲမှာ အရိုးဖြူပုံကို မြင်ရလိမ့်မယ်၊
ခင်ဗျား စမ်းကြည့်လို့ ရပါတယ်၊ အကယ်၍ မှန်ထဲမှာ အရိုးဖြူတွေကို မြင်ရမယ်ဆိုရင် ဒါဟာ အစစ်လား၊ အတုလားဆိုတာ ခင်ဗျား သိသွားပါလိမ့်မယ်”
*
အခန်း(120)
လျို့ချင်း တုံ့ဆိုင်းသွားရသည်။ သူသည်က အကုသိုလ်ဖော်မှန်ကို အခြားသူတစ်ဦးထံမှ သန်းပေါင်းများစွာ ပေး၍ ဝယ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ထိုမှန်၏အကြောင်းကို ယောင်ပင်းလောက် မသိခဲ့ပေ။
ထို့ကြောင့် ယောင်ပင်းက မှန်၏ စစ်မှန်မှုကို စမ်းသပ်ခိုင်းသည့်အချိန်တွင် သူ တွန့်ဆုတ်သွားခဲ့ခြင်း ဖြစ်ပေသည်။
“ဘာလဲ... စမ်းကြည့်ဖို့ ကြောက်နေတာလား”
ယောင်ပင်းက ပြုံးလိုက်သည်။ လျို့ချင်း ဤသို့ တုံ့ပြန်လာမည်ကို သူ သိနေခဲ့ပေသည်။
“မင်း တမင်သက်သက် ပြဿနာရှာနေတာပဲ မဟုတ်ဘူးလား”
လျို့ချင်းက သူ၏ တည်ငြိမ်မှုကို ချက်ချင်း ပြန်လည်ရယူလိုက်ပြီး သူ၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားသည်။
“ငါက မင်းကို ဆုကြေးငွေ သန်းနှစ်ရာ ပေးခဲ့တယ်၊ အခုလည်း ဒီအကုသိုလ်ဖော်မှန်ကို စိတ်ရင်းအမှန်နဲ့ ပေးတာကို မင်းက ငါ့ရဲ့ စေတနာကို အလွဲသုံးစားလုပ်ပြီး အတုဆိုပြီး ငါ့ကို စွပ်စွဲနေတယ်... လူတွေ၊ ဒီကို လာခဲ့ကြစမ်း”
လျို့ချင်း၏ အမိန့်ပေးသံနှင့်အတူ ခန်းမတစ်ခုလုံး၏ ပတ်လည်မှ အနက်ရောင် ဝတ်စုံဝတ် သန်မာသော လူအုပ်ကြီးမှာ လက်နက်များကို အသီးသီး ကိုင်ဆောင်ကာ ချက်ချင်း ထွက်ပေါ်လာကြတော့သည်။
သူတို့အားလုံးမှာ အသင့်အနေအထား ရှိနေကြ၏။
ဤလူများသည်က လျို့ချင်း ကြိုတင် စီစဉ်ထားသော သူများဖြစ်ပြီး အရေးကြီးဆုံး အချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် အခြေအနေများမှာ ဆိုးရွားလာသဖြင့် ယောင်ပင်းကို နှိမ်နင်းရန်အတွက် သူတို့ကို အချိန်စော၍ ခေါ်ထုတ်လိုက်ရခြင်းပင်။
လျို့ချင်း၏ လူများက သူတို့ကို ဝိုင်းထားသည်ကို မြင်သောအခါ ဂိုဏ်းစတားကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
သူတို့သည်က လျို့ချင်း၏ လက်ထဲမှ ရတနာကို ကြည့်ရန်သာ လာခဲ့ကြခြင်း ဖြစ်သည်။ လျို့ချင်းက ဤမျှအထိ လူများကို ကြိုတင် စီစဉ်ထားလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။
ရောက်ရှိနေသော ဂိုဏ်းစတားကြီးများမှာ ဥာဏ်များသူများ ဖြစ်ကြသည်။ လျို့ချင်းက ယောင်ပင်းကို အကြိမ်ကြိမ် ဆန့်ကျင်နေခြင်းကိုတွေ့မြင်ပြီးနောက် ယနေ့ပွဲသည်က ထောင်ချောက်တစ်ခု ဖြစ်ကြောင်းနှင့် သူတို့မှာ အရံဇာတ်ကောင်များသာ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ထို့ကြောင့် လူအုပ်ကြီး ထွက်ပေါ်လာပြီးနောက် ဂိုဏ်းစတားကြီးများမှာ တည်ငြိမ်သော မျက်နှာထားဖြင့် မည်သည့်အရာကိုမှမပြောဘဲ အခြေအနေကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရုတ်တရက် ဘန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်က စားပွဲကို အားရပါးရ ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ချီးပဲ! လူကြီးက ကလေးကို နှိပ်စက်နေတာ ငါ မကြည့်နိုင်တော့ဘူး! မင်းမှာ လူရှိရင် ငါ့မှာလည်း လူရှိတာပဲ”
လူတိုင်း လှည့်ကြည့်လိုက်သောအခါ ယောင်ပင်းဘက်မှ ရပ်တည်ပြီး စားပွဲကို ရိုက်လိုက်သူမှာ စိတ်တိုတတ်သော ကျင်းကျုံး ဂိုဏ်းခေါင်းဆောင်ပင် ဖြစ်နေလေသည်။
ဂိုဏ်းခေါင်းဆောင်က စားပွဲကို ရိုက်လိုက်သည်နှင့် သူ၏ ကိုယ်ရံတော်များ အားလုံးမှာလည်း ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြတော့သည်။
ထို့အပြင် သူ၏ ကိုယ်ရံတော် တစ်ဦးချင်းစီမှာလည်း ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသဖြင့် သူတို့မှာ လွယ်လွယ်နှင့် ကိုင်တွယ်၍ ရမည့်သူများ မဟုတ်ကြောင်း ထင်ရှားသည်။
လျို့ချင်းသည်ကား ဂိုဏ်းခေါင်းဆောင်၏ ကိုယ်ရံတော်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သူက အေးစက်စွာ မေးလိုက်သည်။
“ဘော့စ်... ခင်ဗျား ဘာကို ဆိုလိုတာလဲ”
“ဘာကို ဆိုလိုတာလဲ ဟုတ်လား”
ဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်ပြီး ပြောလာသည်။
“ဘော့စ်လျို့... မင်းက တကယ်ကို အဆင့်အတန်း မရှိတာပဲ၊ မင်းက ဒါကို ရတနာလို့ ပြောတယ်၊ သူကတော့ အတုလို့ ပြောတယ်၊ အဲဒါကို သက်သေပြလိုက်ရုံပဲလေ၊ ဘာလို့ ဒီလောက်အထိ အော်ဟစ် ဒေါသထွက်နေရတာလဲ
မင်းက လူတွေအများကြီးကို ခေါ်ပြီး ကလေးတစ်ယောက်ကို နှိပ်စက်ဖို့အထိ လုပ်နေတာလား၊ ငါကတော့ ဒါကို မကြည့်ရက်လို့ ဒီညီလေးဘက်ကနေ ရပ်တည်ပေးချင်တယ်၊ မရဘူးလား”
လျို့ချင်း၏ မျက်နှာမှာ မည်းမှောင်နေချေပြီ။ သူသည်က စီးပွားရေး ကိစ္စများကြောင့် ဂိုဏ်းခေါင်းဆောင်ကို မကြာသေးမီကတည်းက အလိုလိုက်ထားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းခေါင်းဆောင်မှာ အလွန်ပင် စိတ်တိုတတ်သော လူမိုက်တစ်ယောက် ဖြစ်သဖြင့် သူကိုယ်တိုင်ပင် သတိထား၍ ဆက်ဆံရသောကြောင့်ပင်။
မထင်မှတ်ဘဲ ယောင်ပင်း၏ ကိစ္စကြောင့် ဂိုဏ်းခေါင်းဆောင်က သူ့ကို ပထမဆုံး ဆန့်ကျင်လာသူ ဖြစ်လာခဲ့ချေပြီ။ ခဏမျှအတွင်း သူ ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို မသိဖြစ်နေခဲ့ရသည်။
“ဘော့စ်... ဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး”
လျို့ချင်းသည် ခဏချင်းပင် သူ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီး ဂိုဏ်းခေါင်းဆောင်ကို ပြုံးပြလိုက်သည်။
“ဒီကောင်လေးကို ကျွန်တော် ကိုင်တွယ်ပြီးတာနဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါ့မယ်”
လျို့ချင်း စကားဆုံးသည်နှင့် နောက်ထပ် အသံတစ်သံမှာ ပျင်းရိပျင်းတွဲဖြင့် ထွက်ပေါ်လာပြန်သည်။
“ဘာလဲ... ဒီလေသံအရဆိုရင် ဘော့စ်လျို့က ဒီကောင်လေးကို သိသိသာသာ နှိပ်စက်ချင်နေတာပဲ မဟုတ်ဘူးလား”
ထိုသူ စကားပြောလိုက်သည်နှင့် နောက်ထပ် လူတစ်အုပ်စုမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြန်သည်။
မတ်တပ်ရပ်လာသော လူအုပ်စုကြီးကို မြင်လိုက်ရသောအခါ လျို့ချင်းမှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။
*
လျို့ချင်းသည်က ကျင်းကျုံးဂိုဏ်းခေါင်းဆောင်ကို အလျှော့ပေး ချော့မော့နေပုံပေါ်သော်လည်း အမှန်တကယ်တွင်တော့ ဤအခွင့်အရေးကို အသုံးချ၍ ယောင်ပင်းကို ထောင်ချောက်ဆင်ရန် ကြံစည်နေခြင်း ဖြစ်ပေသည်။
ဤမြေအောက်ဘဏ်တစ်ခုလုံးမှာ သူ၏လူများဖြင့် သံမဏိစည်ပိုင်းကဲ့သို့ ဝိုင်းရံထားပြီး ဖြစ်သဖြင့် ယောင်ပင်းတွင် အတောင်ပံရှိလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။
မထင်မှတ်ဘဲ သူ စကားပြောပြီးသည်နှင့် ခန်းမအတွင်းရှိ နောက်ထပ် လူတစ်အုပ်စုက ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြန်သည်။
လျို့ချင်းတစ်ယောက် ဆွံ့အသွားရတော့သည်။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် မတ်တပ်ရပ်လာသူများမှာ ကျင်းကျုံးရှိ အကြီးအကဲလူ၏ ချန်ဖုန်းဂိုဏ်းမှ လူများ ဖြစ်နေသောကြောင့်ပင်။
အကြီးအကဲလူ၏ လူများကို မြင်လိုက်ရသောအခါ လျို့ချင်းမှာ ချွေးစေးများ ထွက်လာချေပြီ။ ပင်းဟိုင်တွင် အဓိက အင်အားစု သုံးခု ရှိသည်။ကျင်းကျုံး၊ ကျင်းနန်နှင့် ကျင်းပိုင်တို့ ဖြစ်ကြ၏။
ထိုအထဲတွင် ကျင်းကျုံးရှိ ဂိုဏ်းရှစ်ဂိုဏ်းမှာ ပင်းဟိုင်တွင် ကိုင်တွယ်ရ အခက်ခဲဆုံး အင်အားစု ဖြစ်ပေသည်။
ထို့အပြင် ကျင်းကျုံးမှ အကြီးအကဲ ရှစ်ဦးလုံးမှာလည်း ထောင်လွှားပြီး မောက်မာသူများ ဖြစ်ကြကာ မည်သည့် စည်းမျဉ်းစည်းကမ်းကိုမျှ ဂရုမစိုက်ဘဲ ထူးဆန်းစွာ ပြုမူတတ်သူများ ဖြစ်ကြပေသည်။
ဤကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းထဲတွင် အကြီးအကဲလူမှာ အကြီးဆုံး ဖြစ်ပြီး သူဦးဆောင်သော ချန်ဖုန်းဂိုဏ်းမှာလည်း အင်အားအကြီးဆုံးနှင့် သြဇာအရှိဆုံးဖြစ်လေ၏။ ကျင်းကျုံးဂိုဏ်းများ၏ စံပြပင် ဖြစ်ပေသည်။
မကြာသေးမီက လျို့ချင်းအနေဖြင့် ကျင်းကျုံးရှိ ထိုဂိုဏ်းရှစ်ဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ရသည်။ သူတို့နှင့် ဆက်ဆံခဲ့ရသမျှတွင် လျို့ချင်းတစ်ယောက် အကြီးအကဲလူ၏ ချန်ဖုန်းဂိုဏ်းကို အကြောက်ဆုံးဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်၏ အဖွဲ့ကိုတော့ အဆိုးဆုံးဟု သတ်မှတ်ထားခဲ့ပေသည်။
ယခုအချိန်တွင် သူ အကြောက်ဆုံး ဖြစ်သော ချန်ဖုန်းဂိုဏ်းနှင့် သူ အခက်ခဲဆုံးဟု သတ်မှတ်ထားသော ဂိုဏ်းခေါင်းဆောင်တို့ နှစ်ဦးလုံးမှာ အထက်တန်းကျောင်းတက်ကာစ လူငယ်လေးတစ်ဦးကို ကာကွယ်ရန် မတ်တပ်ရပ်လိုက်ကြချေပြီ။
လျို့ချင်း မဆွံ့အသွားဘဲ မနေနိုင်တော့ပေ။
သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်လား၊ သို့မဟုတ် အရှုံးပေးရမည်လား။
လျို့ချင်းမှာ အကြပ်ရိုက်နေတော့သည်။ ခဏအတွင်း အခြေအနေကို တွက်ချက်ပြီးနောက် လျို့ချင်းက ချက်ချင်းပင် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
“အကြီးအကဲလူ... ကျွန်တော်က ကလေးကို စနောက်နေတာပါ၊ ဘာလို့ ခင်ဗျားတို့ကို အနှောင့်အယှက် ဖြစ်စေမိတာလဲ မသိဘူး”
ထို့နောက် သူက အစ်ကိုထောင်ကို မျက်စိတစ်ချက် ပစ်ပြလိုက်သည်။
“ဒီကောင်လေးက သန်းပေါင်းများစွာ တန်တဲ့ပစ္စည်းကို အတုလို့ ပြောလိုက်တာလေ၊ ဒါက ကျွန်တော့်အိတ်ကပ်ကို တော်တော် ထိခိုက်သွားတယ်
ကျွန်တော်တို့က အမြဲတမ်း စိတ်စောတတ်တာ အကျင့်ဖြစ်နေလို့ပါ၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လိုက်ဘူး... ကဲ... လူကြီးမင်းတို့ နှစ်ယောက်စလုံး ပြန်ထိုင်ကြပါဦး”
ဤသည်မှာ လျို့ချင်းဘက်မှ အစွမ်းကုန် လျှော့ချလိုက်ခြင်းပင် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းထဲမှ ဂိုဏ်းကြီးနှစ်ဂိုဏ်းကို တစ်ပြိုင်နက်တည်း ရန်မဖြစ်ဝံ့ပေ။
သို့သော် လျို့ချင်းက အလျှော့ပေးလိုက်သော်လည်း အဘိုးအိုလူကတော့ ခပ်အေးအေးပင် ပြုံးနေပြီး ဂိုဏ်းခေါင်းဆောင်ကလည်း မတ်မတ်ရပ်လျက်ရှိနေကာ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
လျို့ချင်းမှာ ခေတ္တမျှ ကြောင်သွားပြီးမှ ထပ်ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်... ကျေးဇူးပြုပြီး ထိုင်ပါဦး၊ ကျွန်တော် ကလေးကို မခြောက်တော့ပါဘူး”
သူသည်က သူ၏လူများကို ပြန်လည် ဆုတ်ခွာခိုင်းလိုက်သော်လည်း ဂိုဏ်းခေါင်းဆောင်နှင့် အဘိုးအိုလူတို့ကတော့ လက်လျှော့မည့်ပုံ မပေါ်ကြချေ။
“ဘော့စ်လျို့... မင်း ဒါကိုပဲပြောမှာလား”
ဂိုဏ်းခေါင်းဆောင်သည် လက်ပိုက်လျက် အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်က ဘာကိုများ အကြံပြုချင်လို့လဲ”
လျို့ချင်း သူ၏ဒေါသကို မျိုသိပ်ကာ အံကြိတ်၍ပြုံးပြီး မေးလိုက်၏။
“မင်း ဒီကလေးကို အနည်းဆုံးတော့ တောင်းပန်သင့်တယ် မဟုတ်ဘူးလား”
ဂိုဏ်းခေါင်းဆောင်က ယောင်ပင်းကို ညွှန်ပြလိုက်သည်။
“ကြည့်စမ်း... သူတို့တွေ ကလေးကို ခြောက်လှန့်လိုက်ကြတာ သူ့ရဲ့ မျက်လုံးလေးတွေ ကြောက်လွန်းလို့ကလည်ကလည် ဖြစ်နေရပြီ၊ မျက်နှာလေးကလည်း ဖြူလျော်နေပြီလေ၊ ကြည့်လိုက်ပါဦး”
ဂိုဏ်းခေါင်းဆောင်နှင့် အဘိုးအိုလူတို့သည်က ယောင်ပင်းဘက်မှ သိသိသာသာ ဘက်လိုက်နေကြောင်း လူတိုင်း မြင်နိုင်ပေသည်။ အခြားသော ဂိုဏ်းစတားကြီးများမှာတော့ တစ်ဦးကိုတစ်ဦး အပြုံးဖြင့်ကြည့်လိုက်ကြပြီး ပွဲကောင်းကြည့်ရတော့မည်ဟူသော အမူအရာများ ရှိနေကြ၏။
ရောက်ရှိနေသူများမှာ ဥာဏ်များနေသူများသာဖြစ်လေသည်။
အကြီးအကဲလူနှင့် ဂိုဏ်းခေါင်းဆောင်တို့က သာမန်လူငယ်လေးတစ်ဦးဖြစ်သော ယောင်ပင်းကိုကာကွယ်ရမ်အတွက် လျို့ချင်းနှင့် ပတ်သက်မှုကိုပင် ဂရုမစိုက်ဘဲ ထရပ်လာသည်ကိုတွေ့နိုင်သည်။
ထို့ကြောင့် ထုလူငယ်က သာမန်လူ မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။ ယောင်ပင်း၏ နောက်ခံကိုတော့ သူတို့ အေးအေးဆေးဆေးပင် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
လျို့ချင်းကတော့ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေရ၏။
ယောင်ပင်းက ယခုအချိန်တွင် ပြုံးနေပြီး တည်ငြိမ်သော အမူအရာဖြင့်ရှိနေ၏။ ကြောက်ရွံ့ခြင်းဟူ၍အစအနမျှပင် မရှိပေ။
ဂိုဏ်းခေါင်းဆောင်က မဟုတ်သည်ကို အဟုတ်လုပ်၍ ပြဿနာရှာနေခြင်းသာ ဖြစ်ချေသည် လျို့ချင်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသော်လည်း ဂိုဏ်းခေါင်းဆောင်ကတော့ ဆက်လက်၍ အလေးအနက် အကြံပေးနေသည်။
“ဘော့စ်လျို့... သူက အထက်တန်းကျောင်းသားလေးပဲ ရှိဦးမှာ မဟုတ်ဘူးလား၊ ငါ ပြောပြမယ်၊ အထက်တန်းကျောင်းဆိုတာ ပညာသင်ဖို့ အရေးကြီးဆုံး အချိန်ပဲ၊
တကယ်လို့ သူ့မှာ စိတ်ဒဏ်ရာ ရသွားရင် တော်တော် ဆိုးသွားလိမ့်မယ် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတာအထိတောင် ဖြစ်သွားနိုင်တယ်”
ဂိုဏ်းခေါင်းဆောင်၏ အမူအရာမှာ တည်ကြည်ပြီး လေသံမှာလည်း လေးနက်လှသဖြင့် လျို့ချင်းက ယောင်ပင်းအပေါ် အကြီးအကျယ် ပြစ်မှုကျူးလွန်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။
မတတ်နိုင်သည့်အဆုံး လျို့ချင်းတစ်ယောက် ယောင်ပင်းအား တောင်းပန်လိုက်ရတော့သည်။
“သခင်လေးယောင်... ခုနက ကိစ္စအတွက် တောင်းပန်ပါတယ်”
ယောင်ပင်း စကားမပြောမီမှာပင် ဂိုဏ်းခေါင်းဆောင်က မကျေနပ်သည့်ပုံစံဖြင့် ပြောလာသည်။
“ဘော့စ်လျို့... မင်းရဲ့ တောင်းပန်မှုက ပိုပြီး စိတ်ရင်းမှန်ဖို့ လိုတယ်၊ မင်းရဲ့ အမူအရာက တော်တော်လေးကို ဝတ်ကျေတမ်းကျေ ဖြစ်နေတယ်...
ကောင်းပြီ... ငါ့နောက်က လိုက်လုပ်စမ်း၊ အရင်ဆုံး ဦးညွှတ်လိုက်၊ ကိုးဆယ် ဒီဂရီလောက်ပေါ့၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ပြီးရင် ခေါင်းကို ငုံ့ထား.. “
လျို့ချင်းမှာ ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။ သို့သော် သူသည်က ဂိုဏ်းခေါင်းဆောင်၏ ညွှန်ကြားချက်အတိုင်း ယောင်ပင်းကို ဦးညွှတ်၍ တောင်းပန်လိုက်ရတော့သည်။
တောင်းပန်ပြီးနောက် လျို့ချင်း၏ မျက်နှာမှာ အိုးဖင်ကဲ့သို့ မည်းမှောင်သွားလေပြီ။
“တစ်ယောက်ယောက်... အကုသိုလ်ဖော်မှန်ကို ငါ့ဆီ ယူလာခဲ့စမ်း”
*