← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း(113)

လျန်ချင်းဟွေ့ ပေါ်လာခြင်းမှာ ပရိသတ်များအကြား ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့၏။

တချို့ကတော့ ယင်နှင့်ယန်၊ မာကျောမှုနှင့် နူးညံ့မှုတို့၏ ကွဲပြားခြားနားချက်ကြောင့် လျန်ချင်းဟွေ့အနေဖြင့် အံ့အားသင့်စရာ တစ်ခုခု ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသော်လည်း၊ တချို့ကတော့ အမျိုးသမီးဖြစ်သော လျန်ချင်းဟွေ့သည်က အတွင်းအားနှင့် မာကျောသော သိုင်းကွက်များကြောင့် ကျော်ကြားလှသည့် ကျန်းရိရှန်အား ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု အခိုင်အမာ ယူဆနေကြလေသည်။

အတိုချုပ်ပြောရလျှင် လျန်ချင်းဟွေ့ စင်ပေါ်သို့ တက်လာခြင်းမှာ ပရိသတ်များအကြား အချေအတင် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။

ရှေ့ဆုံးတန်းတွင် ထိုင်နေသော သူတောင်းစားဂိုဏ်းချုပ် လျန်ဟုန်ရှန်းတစ်ဦးတည်းသာလျှင် သူ၏ ချစ်လှစွာသော မြေးမလေး စင်ပေါ်သို့ တက်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

သူသည်က သူမအား မသွားစေချင်သော်လည်း၊ သူမအား ဖျောင်းဖျ၍ မရခဲ့သဖြင့် နောက်ဆုံးတွင် ခွင့်ပြုလိုက်ရခြင်း ဖြစ်ပေသည်။

အကယ်၍ လျန်ချင်းဟွေ့ အနိုင်ရရှိပါက လူတိုင်း ဝမ်းသာကြမည်ဖြစ်ကာ အကယ်၍ ရှုံးနိမ့်ခဲ့လျှင်လည်း အရှက်ရစရာတော့ မဟုတ်ပေ။

ထို့ကြောင့် လျန်ဟုန်ရှန်းက သူမအား လွှတ်လိုက်ခြင်း ဖြစ်ပေသည်။

သူမက စင်ပေါ်သို့ ပထမဆုံး တက်လာသော မိန်းကလေးဖြစ်သဖြင့် ယောင်ပင်း၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့၏။

လျန်ချင်းဟွေ့သည် အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆံပင်ကို မြင့်မြင့် စည်းနှောင်ထားကာ၊ အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိချေသည်။

သူမ၏ အေးစက်လှပသော ရုပ်ရည်နှင့် စူးရှထက်မြက်သော မျက်ဝန်းများမှာ ချက်ချင်းပင် လူအများ၏ အကြည့်ကို ဖမ်းစားနိုင်လောက်သော ရဲရင့်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေပေသည်။

လျန်ချင်းဟွေ့ စင်ပေါ်သို့ ရောက်ရှိပြီးနောက် ကျန်းရိရှန်က စင်နောက်ကွယ်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့၏။

လျန်ချင်းဟွေ့ကို မြင်သောအခါ သူက အေးစက်စွာဖြင့် ရေရွတ်လိုက်လေသည်။

“ဘာလဲ... မိန်းကလေး တစ်ယောက်လား”

သူ၏လေသံမှာ အထင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒီလောက်များပြားလွန်းတဲ့ ကျွမ်းကျင်သူတွေတောင် ငါ့ကို မယှဉ်နိုင်တာ၊ မိန်းကလေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ”

“စီနီယာကျန်း... ကျွန်မက လျန်ချင်းဟွေ့ပါ ၊ကျွန်မကို လမ်းညွှန်ပေးပါဦး”

ကျန်းရိရှန်၏ အမူအရာက အထင်သေးမှုများပြည့်နေသော်လည်း၊ လျန်ချင်းဟွေ့ကတော့ အရိုအသေပြုလိုက်လေ၏။ သူမ၏ အသံမှာလည်း ကြည်လင်သာယာသည်။

လျန်ချင်းဟွေ့၏ ရိုသေမှုကို ကျန်းရိရှန်က အေးစက်စွာ နှာခေါင်းရှုံ့ရုံမျှသာ တုံ့ပြန်လိုက်၏။

သူသည် လျန်ချင်းဟွေ့အား လုံးဝ အလေးမထားကြောင်း ထင်ရှားသည်။

သို့သော်လည်း လျန်ချင်းဟွေ့မှာ စင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၍ တိုက်ခိုက်ရန်သာတတ်နိုင်ခဲ့သည်။

ကျန်းရိရှန်က လျန်ချင်းဟွေ့အား အထင်သေးနေသော်လည်း သူ၏တိုက်ကွက်ကတော့ ညှာတာမှု လုံးဝမရှိခဲ့ပေ။

လျန်ချင်းဟွေ့ ဦးညွှတ်ပြီးသည်နှင့် သူ၏မျက်နှာမှာ အနည်းငယ် တင်းမာသွားခဲ့ပြီး၊ လျန်ချင်းဟွေ့ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ကျန်းရိရှန်၏ လက်သီးချက်မှာ အလွန်လျင်မြန်လွန်းပြီး၊ လက်သီးမှ ထွက်ပေါ်လာသော စူးရှသည့် လေဟုန်သံကိုပင် လေထဲတွင် အထင်အရှား ကြားနေရချေသည်။

ထိုလက်သီးချက်၏ ပြင်းအားမှာ အောက်ဘက်တွင် ထိုင်နေသော ပရိသတ်များကိုပင် မျက်နှာပျက်သွားစေသည်။

မည်သို့ပင်ဆိုစေ ကျန်းရိရှန်၏ လက်သီးတစ်ချက်တည်းနှင့်ပင် တိုက်ပွဲ၏ ရလဒ်မှာ ချက်ချင်းပင် ဆုံးဖြတ်ခြင်း ခံရလေ့ရှိသည် မဟုတ်ပါလား။

ထို့ကြောင့် ကျန်းရိရှန် လက်သီးပစ်သွင်းလိုက်ချိန်တွင် ပရိသတ်များမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြလေ၏။

“သတိထား”

“သွားပြီ... အဲဒီမိန်းကလေးတော့ သေတော့မှာပဲ”

…

သို့သော်လည်း အခြေအနေမှာ မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့၏။

ကျန်းရိရှန် သူ၏လက်သီးကို လျန်ချင်းဟွေ့ထံသို့ ဝှေ့ယမ်းလိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်မှာ အနက်ရောင် လိပ်ပြာတစ်ကောင်ကဲ့သို့ အသာအယာ လွင့်ပျံသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူမသည်က ကျန်းရိရှန်၏ သေစေနိုင်သော လက်သီးချက်ကို အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့လေ၏။

မမျှော်လင့်ထားသော အခြေအနေပင်။

ပရိသတ်များမှာ ခဏမျှ မှင်တက်သွားပြီးနောက် အားရပါးရ အော်ဟစ် အားပေးကြတော့သည် ။

“ကောင်းတယ်”

“တကယ့်ကို တော်တယ်၊ဒီမာစတာကျန်းရဲ့ မောက်မာမှုကို တစ်ယောက်ယောက်က ရပ်တန့်ပေးရမယ့် အချိန်ရောက်ပြီ၊ ရက်အတော်ကြာအောင် သူ့ရဲ့ မောက်မာရိုင်းစိုင်းတဲ့ မျက်နှာကိုပဲ ငါတို့ ကြည့်နေခဲ့ရတာ”

“တကယ်လို့ ကျော်ကြားလွန်းတဲ့ မာစတာကျန်းသာ မိန်းကလေး တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးသွားမယ်ဆိုရင်တော့၊ တကယ့်ကို ကြည့်ကောင်းမဲ့ ပွဲပဲဗျာ”

…

ပထမသုံးရက်လုံးတွင် ကျန်းရိရှန်က အလွယ်တကူ အနိုင်ရရှိခဲ့သကဲ့သို့ သူ၏ အမူအရာမှာလည်း အလွန်အမင်း မောက်မာခဲ့လေသည်။

ပရိသတ်များင ၎င်းတို့၏ စိတ်ခံစားချက်များကို အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့ရသည်ပင်။

ထို့ကြောင့် ယခုအချိန်တွင် လျန်ချင်းဟွေ့ကို ကျန်းရိရှန်အား အနိုင်ယူနိုင်ပါစေဟု အားလုံးက မျှော်လင့်နေကြခြင်း ဖြစ်သည်။

အကယ်၍ လျန်ချင်းဟွေ့ အနိုင်ရရှိခဲ့မည်ဆိုပါက ပင်းဟိုင်အတွက်လည်း ဂုဏ်တက်စရာ ဖြစ်ပေလိမ့်မည်။

လူငယ်မိန်းကလေးတစ်ဦးက ဝါရင့်သိုင်းဆရာကျန်းရိရှန်အား အနိုင်ယူနိုင်ခြင်းမှာ လွန်ခဲ့သော သုံးရက်က ရှုံးနိမ့်မှုများကို ပြန်လည် ကုစားရန် လုံလောက်သည် မဟုတ်ပါလား။

သို့သော်လည်း မျှော်လင့်ချက်ဆိုသည်မှာ မျှော်လင့်ချက်သာ ဖြစ်၏။

တကယ်တမ်းတွင်တော့ လျန်ချင်းဟွေ့၏ သိုင်းကွက်မှာ ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့သော လှုပ်ရှားမှုများ ရှိနေလေ၏။

အစပိုင်းတွင် သူမက အသာစီးရနေသကဲ့သို့ ရှိနေသော်လည်း၊ ကျန်းရိရှန်က သူ၏တိုက်ခိုက်မှုများကို ပိုမို ပြင်းထန်အောင် လုပ်ဆောင်လာသည့်အခါတွင်တော့ အခြေအနေမဟတ်တော့ပေ။

တစ်ဖက်လူ၏လက်သီးချက်များမှာ မုန်တိုင်းတစ်ခုကဲ့သို့ လျန်ချင်းဟွေ့ထံသို့ တိုးဝင်လာခဲ့ပြီး သူမင တဖြည်းဖြည်းနှင့် အားနည်းလာခဲ့ရချေပြီ။

သူမ၏ အခြေအနေမှာလည်း တစ်စထက်တစ်စ ပို၍ ဘေးအန္တရာယ် ရှိလာခဲ့၏။

ပရိသတ်များမှာ ထိတ်လန့်တကြားဖြင့် အသက်ရှူမှားနေကြပြီး၊ တချို့ကတော့ တက်ကြွလှပသော လူငယ်မိန်းကလေးတစ်ဦး ကျန်းရိရှန်၏ လက်သီးချက်ကြောင့် သေဆုံးသွားရမည်ကို မကြည့်ရဲသဖြင့် မျက်နှာကိုပင် အုပ်ထားကြလေသည်။

ရှေ့ဆုံးတန်းတွင် ထိုင်နေသော သူတောင်းစားဂိုဏ်းချုပ်ပင်လျှင် သူ၏မျက်နှာမှအပြုံးများက ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။

သူ့ထံတွင် ဤတစ်ဦးတည်းသော အဖိုးတန် မြေးမလေးသာ ရှိနေခြင်းဖြစ်၍၊ သူမအား တစ်စုံတစ်ရာ ထိခိုက်သွားမည်ကို သူ အဖြစ်မခံနိုင်ပေ။

ထိုအချိန်မှာပင် ကျန်းရိရှန်က ရုတ်တရက် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထုတ်လိုက်လေသည်။

ပေါင်ချိန်တစ်ထောင်ခန့် ရှိမည့် ထိုပြင်းအားမှာ လျန်ချင်းဟွေ့အား အတိအကျ ထိမှန်သွားခဲ့ချေပြီ။

အချိန်မီ ရှောင်တိမ်းရန် မတတ်နိုင်တော့သဖြင့် လျန်ချင်းဟွေ့လည်း ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ပရိသတ်များရှိရာဘက်သို့ လွင့်စင်သွားခဲ့ရတော့သည်။

လူအုပ်ကြီးမှာ မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြလေ၏။

လူတချို့ကတော့ သူတို့အား ထိမှန်မည်ကိုစိုးသဖြင့် လမ်းဖယ်ရန်အတွက် နေရာမှပင် ထရပ်လိုက်ကြပြီ ဖြစ်၏။

ထိုခဏမှာပင် လူငယ်လေးတစ်ဦးင နေရာမှ ထရပ်လိုက်ပြီး၊ သူရှိရာသို့ အရှိန်အဟုန်ဖြင့် လွင့်စင်လာသော လျန်ချင်းဟွေ့အား အသာအယာပင် ဖမ်းဆီး ပွေ့ပိုက်လိုက်လေသည်...

လူတိုင်းမှာ အံ့အားသင့်ကာ ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ကြကာ ယောင်ပင်းတစ်ဦးတည်းသာ မတ်တပ်ရပ်လျက် သူ့ထံသို့ လွင့်စဉ်လာသော လျန်ချင်းဟွေ့ကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်ပြီး သူမ၏ ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးလိုက်သည်။

လျန်ချင်းဟွေ့၏ မျက်လုံးများမှာ တင်းတင်းစေ့ထားပြီး မျက်နှာမှာလည်း လူသေကဲ့သို့ ဖြူလျော်နေသည်ကို သူ မြင်လိုက်ရ၏။

ပါးစပ်ထောင့်တွင်လည်း ထိတ်လန့်ဖွယ် သွေးစများ စွန်းထင်နေချေသည်။

ကျန်းရိရှန်၏ လက်သီးချက်ကြောင့် သူမ အပြင်းအထန် ဒဏ်ရာရသွားသည်မှာ ထင်ရှားသည်။

“မိန်းကလေး.. မိန်းကလေး”

ယောင်ပင်းက သူမကို နှစ်ကြိမ်တိုင်တိုင် တိုးတိုးလေး ခေါ်လိုက်သော်လည်း လျန်ချင်းဟွေ့မှာ မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

ယောင်ပင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လျန်ချင်းဟွေ့၏ ဝမ်းဗိုက်ပေါ်သို့ လက်ဝါးတင်ကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ အစွမ်းထက်သော အတွင်းအားများကို ညင်သာစွာ ပို့လွှတ်လိုက်သည်။

နွေးထွေးသော အရှိန်အဝါတစ်ခုမှာ လျန်ချင်းဟွေ့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေ၏။

ယောင်ပင်းက လျန်ချင်းဟွေ့ကို ကုသပေးနေစဉ်အတွင်း ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

“ဒီမာစတာကျန်းက တော်တော် ရက်စက်တာပဲ၊ မိန်းကလေးတစ်ယောက်ကိုတောင် မညှာဘူး၊ ဒီလောက် ပြင်းတဲ့လက်နဲ့ သုံးရသလား၊ တကယ်ကို နှလုံးသားမရှိတဲ့လူပဲ”

“လက်သီးနဲ့ ခြေထောက်ဆိုတာ မျက်စိမရှိဘူးလေ၊ ဘာဖြစ်လာမလဲ ဘယ်သူမှ ကြိုမသိနိုင်ဘူး၊ နောက်ပြီး မစ္စလျန်ရဲ့ အတွင်းအားက မာစတာကျန်းနဲ့ ယှဉ်ရင် အဝေးကြီးလိုပါသေးတယ်၊

ဒဏ်ရာရသွားတာကတော့ ဖြစ်သင့်တာပဲလေ ဒါကို မာစတာကျန်းကို ဘယ်လိုသွား အပြစ်တင်လို့ ရမှာလဲ

.. အပြစ်တင်ရမယ်ဆိုရင် သူမကိုယ်သူမ အထင်ကြီးလွန်းလို့ပဲ”

“ရှူး... တိုးတိုးပြော သူတောင်းစားအိုကြီး ကြားသွားရင် မင်း ဒုက္ခရောက်လိမ့်မယ်”

…

လူတိုင်း ဆွေးနွေးနေကြစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

“မစ္စလျန်က နောက်ဆုံး စိန်ခေါ်သူဆိုတော့ မာစတာကျန်းကပဲ နောက်ဆုံး အနိုင်ရရှိသူ ဖြစ်သွားပြီပေါ့ ဟုတ်လား”

ထိုသူ၏ စကားဆုံးသည်နှင့် အခြားတစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်၏။

“နေဦးလေ... မာစတာကျန်းကို အနိုင်ယူနိုင်တဲ့ သခင်လေးယောင် ရှိသေးတာပဲ မဟုတ်ဘူးလား သခင်လေးယောင် ဘယ်မှာလဲ”

“သခင်လေးယောင်.. သခင်လေးယောင်ဆိုတာ ဘယ်သူလဲ.. ပင်းဟိုင်မှာ အဲဒီလိုလူ ရှိလို့လား ဒါမှမဟုတ် ကျဲ့ကျင်းက သခင်လေးယောင်လား ၊ ငါတော့ အဲဒီလိုနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး”

…

အခန်း(114)

တစ်စုံတစ်ယောက်က သခင်လေးယောင်၏ နာမည်ကိုထုတ်ဖော်လိုက်ပြီးနောက် လူတိုင်းက သူ့ကို ရှာဖွေကြလေသည်။ မာစတာကျန်းကို အနိုင်ယူနိုင်သည့် ထိုသခင်လေးယောင်မှာ မည်သူဖြစ်ကြောင်းကို လူတိုင်း သိချင်နေကြချေပြီ။

လေထဲတွင် ဆွေးနွေးပြောဆိုသံများဖြင့် ဆူညံနေသော်လည်း ယောင်ပင်းကတော့ ပတ်ဝန်းကျင်မှ အသံများကို ဂရုမစိုက်ပေ။

သူက လျန်ချင်းဟွေ့၏ ခန္ဓာကိုယ်ထဲသို့သာ အစွမ်းထက်သော အတွင်းအားများ ထည့်သွင်းပေးနေခဲ့သည်။

မကြာမီပင် သူမ၏ လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာခဲ့လေ၏။ ယောင်ပင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူမ မှတ်မိသလောက်ဆိုလျှင် ကျန်းရိရှန်၏ လက်သီးချက်ကြောင့် စင်ပေါ်မှ လွင့်စဉ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အဘယ်ကြောင့် လူငယ်လေးတစ်ဦး၏ ရင်ခွင်ထဲသို့ ရောက်နေရသနည်း။

လျန်ချင်းဟွေ့၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်လျှင် ယောင်ပင်းက ခေါင်းငုံ့ပြီး သူမ၏ နားရွက်အနားသို့ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်လေသည်။

ထိုအချိန်မှသာ လျန်ချင်းဟွေ့သည်လည်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။

သခင်လေးယောင်ကို ရှာနေကြသော လူအားလုံး၏ အာရုံမှာ လျန်ချင်းဟွေ့ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။

လျန်ချင်းဟွေ့တစ်ယောက် ပြန်လည် မတ်တပ်ရပ်နိုင်သည်ကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

“ကြည့်စမ်း... မစ္စလျန် ပြန်မတ်တပ်ရပ်နိုင်ပြီ ၊ခုနကတင် သတိမေ့သွားတာ မဟုတ်ဘူးလား ဘယ်လိုလုပ် ပြန်ရပ်နိုင်တာလဲ”

“သူမ... သူမက ခုနက လက်သီးချက်ကို တောင့်ခံနိုင်တာလား ပြန်ရပ်နိုင်သေးတယ်ပေါ့လေ”

…

သူတောင်းစားအဘိုးကြီး လျန်ဟုန်ရှန်းကတော့ သူ၏ အဖိုးတန် မြေးမလေး လက်သီးဖြင့် အထိုးခံရပြီး လွင့်စဉ်သွားသည်ကို မြင်လိုက်ရသည့် အချိန်တွင်ပင် သတိလစ်မတတ် ဖြစ်သွားခဲ့ရ၏။

သို့သော် သူ အလွန်အမင်း စိုးရိမ်နေသော်လည်း သူ၏ အဆင့်အတန်းကြောင့် ထိုင်ခုံတွင်သာ ခိုင်မြဲစွာ ထိုင်နေပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူ တောင့်ခံထားရမည် မဟုတ်ပါလား။

သို့သော်လည်း ကျန်းရိရှန်၏ သံလက်သီးချက်သာ ဆက်လက် ပြင်းထန်နေပါက သူ၏ အဖိုးတန် မြေးမလေးမှာ အသက်ရှင်နိုင်တော့မည် မဟုတ်ဟု လျန်ဟုန်ရှန်းက ယုံကြည်နေခဲ့သည်။

မထင်မှတ်ဘဲ လျန်ချင်းဟွေ့က ဖြည်းညှင်းစွာ မတ်တပ်ရပ်လာခဲ့ချေပြီ။ လျန်ဟုန်ရှန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွား၏။

ထို့နောက် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် မျက်ရည်များ ဝဲလာလေတော့သည်။

လူတိုင်း၏ ကြည့်ရှုနေမှုအောက်တွင် လျန်ချင်းဟွေ့က အလယ်ရှိ စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ ပြန်လည် လျှောက်လှမ်းသွားပြန်သည်။

လျန်ဟုန်ရှန်းမှာ မှင်သက်သွားသကဲ့သို့ ပရိသတ်အားလုံးလည်း အံ့အားသင့်သွားကြ၏။ လျန်ချင်းဟွေ့၏ ရည်ရွယ်ချက်ကို သူတို့အားလုံး နားမလည်နိုင်ဖြစ်နေကြသည်။

သူမက ကျန်းရိရှန်၏ လက်သီးဖြင့် စင်အောက်သို့ အထိုးခံခဲ့ရပြီးမှ အဘယ်ကြောင့် ပြန်လာသနည်း။

သူမက သူမ၏ အသက်ကို စတေးမလို့လား။

ထို့အပြင် လျန်ချင်းဟွေ့၏ ဘေးသို့ တွဲလောင်းကျနေသော ညာဘက်လက်မောင်းကို ကြည့်ရလျှင်သေချာပေါက် ကျိုးသွားလောက်ပေပြီ။

ဤအချက်ကို သတိပြုမိလိုက်လျှင် လူတိုင်းမှာ ပို၍ပင် တုန်လှုပ်သွားကြ၏။

လျန်ချင်းဟွေ့သည်က လက်နှစ်ဖက်လုံး ကောင်းစဉ်ကပင် ကျန်းရိရှန်ကို မယှဉ်နိုင်ခဲ့ချေ။ ယခု လက်မောင်းတစ်ဖက် ကျိုးနေသည်ကိုတောင် ပြန်လာချင်သေးသည်လား။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် မဟုတ်ပါလား။

အံ့ဩတုန်လှုပ်သံများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများကြားတွင် လျန်ချင်းဟွေ့မှာ စင်ပေါ်သို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။

“မာစတာကျန်း... ရှင့်ကို နောက်တစ်ကြိမ် စိန်ခေါ်ပါရစေ”

လူတိုင်း အံ့အားသင့်သွားကြလေ၏။

လျန်ချင်းဟွေ့က ကျန်းရိရှန်ကို အမှန်တကယ်ပင် ထပ်မံစိန်ခေါ်လာခဲ့သည်လား။

လျန်ဟုန်ရှန်းမှာ ခဏမျှ မှင်တက်သွားပြီးနောက် သူ၏ ရင်ထဲတွင် ဂုဏ်ယူစိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။

သူ၏ မြေးမလေး ဖြစ်ရန်ထိုက်တန်သည်။

ယောက်ျားများထက် မနိမ့်ကျသည့် အမျိုးသမီးပင်။

လက်မောင်းတစ်ဖက် ကျိုးနေသည့်တိုင်အောင် အင်အားကြီးသော ပြိုင်ဘက်ကို ပြန်လည် စိန်ခေါ်ရဲပေသေးသည်။

အံ့ဩဆုံးသူမှာ ကျန်းရိရှန်ပင် ဖြစ်ပေသည်။ လျန်ချင်းဟွေ့ စင်ပေါ်သို့ ပြန်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ငါက ရှုံးနိမ့်ပြီးသား ပြိုင်ဘက်ကို ဘယ်တော့မှ ပြန်မတိုက်ဘူး”

ကျန်းရိရှန်က သူ့ရှေ့တွင် ပြန်ရပ်နေသော လျန်ချင်းဟွေ့ကို မထီမဲ့မြင်ပြုသည့် လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။

“အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားရန် ပြင်လိုက်၏။

လျန်ချင်းဟွေ့က သူ့ကို တားဆီးရန် မကြိုးစားဘဲ တည်ငြိမ်စွာဖြင့်သာ ပြောလိုက်သည်။

“သခင်လေးယောင်က ရှင့်ကို စကားတစ်ခွန်း ပါးလိုက်တယ်”

ကျန်းရိရှန် ရုတ်တရက် ရပ်တန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်လေသည်။

လူအုပ်ကြီးမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။

သခင်လေးယောင်က လျန်ချင်းဟွေ့ကို စကားပါးလိုက်သည်လား။ သို့ဆိုလျှင် လျန်ချင်းဟွေ့က သခင်လေးယောင်ကို သိနေသည်ဟုဆိုလိုခြင်းပင်။

“ဘာစကားလဲ”

ကျန်းရိရှန မေးလိုက်လေသည်။

“သူကိုယ်တိုင်ကျတော့ ဘာလို့ မလာတာလဲ”

သူက မေးလိုက်ရင်း ပရိသတ်များကြားသို့ ဝေ့ဝဲကြည့်လိုက်မိသည်။

ပညာရှင်များ အလိုချင်ဆုံးအရာမှာ တခြားသော ပညာရှင်များနှင့် ယှဉ်ပြိုင်လိုခြင်းသာ မဟုတ်ပါလား။

ကျန်းရိရှန်၏ ယခုအကြိမ် ပစ်မှတ်မှာ ယောင်ပင်းပင်ဖြစ်သည်။

သူ အယှဉ်ပြိုင်လိုဆုံး ပညာရှင်မှာလည်း ယောင်ပင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် လျန်ချင်းဟွေ့က ယောင်ပင်းအကြောင်းကို ပြောလိုက်သည်နှင့် သူ ချက်ချင်း ရပ်တန့်သွားခဲ့ခြင်းပင်။

ကျန်းရိရှန်၏ တဇွတ်ထိုး မေးမြန်းမှုအောက်တွင် လျန်ချင်းဟွေ့က ပြန်ဖြေလိုက်သည်။

“သခင်လေးယောင်က ကျွန်မကို သိုင်းကွက်လေး တစ်ကွက် သင်ပေးပြီး စင်ပေါ်တက်ခိုင်းလိုက်တာပါ... သူက ပြောတယ်၊ သူသင်ပေးလိုက်တဲ့ ဒီတစ်ကွက်တည်းနဲ့တင် ရှင့်ကို အနိုင်ယူနိုင်တယ်တဲ့”

“သူ ကိုယ်တိုင် ထွက်မလာတာကတော့ ရှင့်ရဲ့ အဆင့်အတန်းက သူ့ရဲ့ တိုက်ကွက်ကို ခံယူဖို့ မထိုက်တန်သေးလို့ပဲတဲ့”

သင်္ချိုင်းဂူကဲ့သို့ ငြိမ်သက်ခြင်းမျိုးက လွှမ်းမိုးသွားလေပြီ။

ရောက်ရှိနေသူ အားလုံးမှာ မျက်လုံးအပြူးသားဖြင့် လျန်ချင်းဟွေ့ကို တစ်လှည့်၊ ကျန်းရိရှန်ကို တစ်လှည့် ကြည့်နေကြသည်။

မောက်မာလွန်းတယ်!

တော်တော်လေးကို မောက်မာလွန်းတာပဲ။

ဤသခင်လေးယောင်၏ လေသံမှာ အလွန်ပင် မောက်မာထောင်လွှားသည်။ ကျန်းရိရှန်က မာနကြီးပြီး သီးခြားနေတတ်သူ ဖြစ်သော်လည်း ထိပ်တန်းပညာရှင်တစ်ဦးသာ ဖြစ်နေဆဲပင်။

သို့သော် သခင်လေးယောင်ကတော့ လျန်ချင်းဟွေ့ကို တစ်ကွက်တည်း သင်ပေးရုံနှင့် ကျန်းရိရှန်ကို အနိုင်ယူနိုင်သည်ဟုပြောခဲ့ပေသည်။

ကျန်းရိရှန်ကို မဆိုထားနှင့်။ ရောက်ရှိနေသူ အားလုံးပင်လျှင် သခင်လေးယောင်မှာ အလွန်အမင်း မောက်မာထောင်လွှားနေသည်ဟု ခံစားနေကြရ၏။

မတိုင်ခင်က လျန်ချင်းဟွေ့နှင့် ကျန်းရိရှန်တို့ ယှဉ်ပြိုင်ခဲ့ကြသည်ကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ လျန်ချင်းဟွေ့၏ အတွင်းအားနှင့် အတွေ့အကြုံမှာ ကျန်းရိရှန်နှင့် ယှဉ်လျှင် မိုင်ပေါင်းရာချီ ကွာခြားနေပေသည်။

သခင်လေးယောင် သင်ပေးလိုက်သည့် တစ်ကွက်တည်းနှင့် သူမက ကျန်းရိရှန်ကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။

ထို့အပြင် သူမက လက်တစ်ဖက်တည်းသာ တိုက်နိုင်တော့သည်ပင်။

ကျန်းရိရှန်က လျန်ချင်းဟွေ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် စကားသုံးခွန်းကို ဖြည်းဖြည်းချင်းပြောလာသည်။

“တိုက်ကွက် ထုတ်လိုက်စမ်း”

တိုက်ကွက် ထုတ်ကြည့်မှသာ ကျန်းရိရှန်က သခင်လေးယောင် ပေးလိုက်သည့် ထိုမောက်မာထောင်လွှားသော လက်သီးချက်ကို ခြေမှုန်းနိုင်မည် မဟုတ်ပါလား။

ကျန်သည့်အရာများမှာ အပိုစကားများသာ ဖြစ်ချေသည်။

ထို့ကြောင့် သူက လျန်ချင်းဟွေ့ကို တိုက်ခိုက်ခွင့် ပေးလိုက်လေ၏။

လျန်ချင်းဟွေ့ကလည်း အမှန်တကယ်ပင် တိုက်ခိုက်လာခဲ့လေပြီ။

သူမက သူမ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ထဲသို့ တစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဖမ်းဆွဲလိုက်သည်။

ထို့နောက် ချက်ချင်းပင် သူမ၏ ကျိုးနေသော ဘယ်ဘက်လက်ကို ဓားတစ်စင်းကဲ့သို့ ဆုပ်ကိုင်ကာ ကျန်းရိရှန်ထံသို့ ခုတ်ပိုင်းချလိုက်လေ၏။

ထက်မြက်သော ဓားတစ်စင်းက အိမ်မှ ထွက်ပေါ်လာသကဲ့သို့ပင်။

လျန်ချင်းဟွေ့၏ လက်ဝါးမှ ဖြူဖွေးသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲတွင် အဖြူရောင် အစင်းကြောင်းတစ်ခု ဖြစ်သွားစေခဲ့၏။

ဝုန်း!

မိုးကြိုးပစ်သံကဲ့သို့ပင်။

ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာချေပြီ။

အသံနှင့်အတူ အဖြူရောင် အလင်းတန်းကလည်း ကျန်းရိရှန်ထံသို့ ဝေ့ဝိုက်သွားတော့သည်။

ဝုန်း!

နောက်ထပ် မိုးကြိုးသံ တစ်ချက် ထပ်မံ ပေါ်ထွက်လာပြန်၏။

စူးရှသော အဖြူရောင် အလင်းတန်းက ကျန်းရိရှန်ကို ကျော်ဖြတ်သွားချေပြီ။

ကျန်းရိရှန်၏ အဝတ်အစားများမှာ ထိုစူးရှသော အဖြူရောင် အလင်းတန်းကြောင့် အလယ်တည့်တည့်မှ ကွဲအက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူ၏ အလွန်ပိန်လှီသော ခန္ဓာကိုယ်က အပြင်လောကသို့ ပေါ်ထွက်လာလေသည်။

စင်ပေါ်ရှိ ထူထဲသော ကော်ဇောမှာလည်း ထိုအဖြူရောင် အလင်းတန်းကြောင့် ပိုင်းဖြတ်ခြင်း ခံလိုက်ရ၏။

ဖြတ်ထားသည့် နေရာမှာ မှန်တစ်ချပ်ကဲ့သို့ပင် ချောမွေ့နေပေသည်။

ကျန်းရိရှန်မှာ နေရာတွင်ပင် တောင့်ခဲသွားတော့သည်။

ခဏအကြာတွင် ကျန်းရိရှန်၏ ခန္ဓာကိုယ် အလယ်တည့်တည့်မှ နီရဲသော သွေးကြောင်းတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာလေသည်။

သူ ရှုံးသွားချေပြီ။

သူ လုံးဝကို အရှက်တကွဲ ရှုံးနိမ့်သွားခြင်းပင်။

လူအုပ်ကြီးမှာ မှင်သက်သွားပြီး စကားပင် မပြောနိုင်ကြတော့ပေ။

သခင်လေးယောင်သည်က လျန်ချင်းဟွေ့ကို တစ်ကွက်တည်းသာ သင်ပေးခဲ့သော်လည်း လျန်ချင်းဟွေ့က အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ကျန်းရိရှန်ကို လက်တစ်ဖက်တည်း၊ သို့မဟုတ် တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ချေပြီ။

ကျန်းရိရှန်ကို ပြန်လည်တိုက်ခိုက်ဖို့ရန် အခွင့်အရေးတောင် မပေးခဲ့ပေ

ဤသခင်လေးယောင်မှာ လူသားလား သို့မဟုတ် နတ်ဘုရားပင်လား။

သူ၏ အစွမ်းမှာ မည်မျှပင် ထိတ်လန့်စရာ ကောင်းနေသနည်း။

ခဏအကြာတွင် လူတိုင်း သတိဝင်လာကြပြီး အောင်ပွဲခံ အော်ဟစ်သံများဖြင့် ဆူညံသွားလေသည်။

“ငါတို့ နိုင်ပြီ! ငါတို့ နိုင်ပြီ! ပင်းဟိုင် နိုင်ပြီ!”

“တိုက်ကွက် တစ်ကွက်တည်းနဲ့ နာမည်ကျော် မာစတာကျန်းကို အနိုင်ယူလိုက်တာပဲ! အဲဒါကို အနိုင်ယူလိုက်တာကလည်း မိန်းကလေးတစ်ယောက်တဲ့.. ဒီတစ်ခါတော့ ပင်းဟိုင်က ငါတို့ကို တကယ် ဂုဏ်တက်စေခဲ့ပြီ”

“ဒါတင်မကသေးဘူး၊ သူမက အတွင်းအားကို ဓားအဖြစ် အသုံးချပြီး မာစတာကျန်းရဲ့ အဝတ်အစားတွေကို တိုက်ရိုက် ခုတ်ပိုင်းလိုက်တာ၊ မာစတာကျန်းကိုယ်တိုင်တောင် သူ့ရဲ့ အတွင်းအားကို မထိန်းချုပ်နိုင်ခဲ့ဘူး...

ပြီးတော့ မာစတာကျန်း သူမကို ထိုးလိုက်လို့ ပရိသတ်တွေကြားကို လွင့်စဉ်သွားတုန်းက အရှက်ရခဲ့ရတယ်လေ၊ အခုတော့ သူမက လူအားလုံးရဲ့ ရှေ့မှာပဲ သူ့အဝတ်တွေကို ဆွဲဖြတ်ပစ်လိုက်တာပဲ၊ တကယ် အံ့ဩစရာကောင်းတယ်”

…

All Chapters