← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း(115)

သူတောင်းစားအဘိုးကြီး လျန်ဟုန်ရှန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်တုန်ရင်ရင်ဖြင့် မတ်တပ်ရပ်လိုက်ပြီး မျက်ရည်များပင် ဝဲလာရသည်။

သူ့အနေဖြင့်လျန်ချင်းဟွေ့၏ ကျန်းရိရှန်အပေါ် စိန်ခေါ်မှုမှာ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်လိမ့်မည်ဟု ထားခဲ့လေ၏။ အကယ်၍ ရှုံးသွားလျှင်ပင် သိပ်ပြီး ရှက်စရာမဟုတ်ပါချေ။

သို့သော် လျန်ချင်းဟွေ့က ကျန်းရိရှန်ကို အနိုင်ယူလိုက်ခြင်းမှာတော့ ပင်းဟိုင် တစ်ခုလုံးသာမက ကျဲ့ကျင်း အရှေ့ပိုင်းဒေသ တစ်ခုလုံးကိုပါ တုန်လှုပ်သွားစေလိမ့်မည်။

ထို့အတူ လျန်မိသားစု၏ အဆင့်အတန်းမှာလည်း ပင်းဟိုင်တွင် လုံးဝ ပြောင်းလဲသွားတော့မည်ပင်။

သူ့အနေဖြင့် စိတ်လှုပ်ရှားမှုများအပြင် သခင်လေးယောင်ကိုလည်း ပို၍ ကျေးဇူးတင်မိလေသည်။

သခင်လေးယောင်ကြောင့်သာ လျန်ချင်းဟွေ့က ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး လျန်မိသားစုနှင့် ပင်းဟိုင်အတွက် ဂုဏ်ယူစရာများ ယူဆောင်လာပေးနိုင်ခဲ့သည် မဟုတ်ပါလား။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မာစတာကျန်း”

လျန်ချင်းဟွေ့၏ ညာဘက်လက်မောင်းမှာ ကျိုးနေသဖြင့် စနစ်တကျ အရိုအသေပြု၍ မရသောကြောင့် ခေါင်းကိုသာ အနည်းငယ် ငြိမ့်ပြလိုက်သည်။

ထိုစကားကိုပြောပြီးနောက် သူမက စင်ပေါ်မှ လှည့်ထွက်သွားလေ၏။

စင်ပေါ်တွင် တောင့်ခဲနေသော ကျန်းရိရှန်မှာတော့ ရုတ်တရက် သတိဝင်လာခဲ့လေသည်။

“မဖြစ်နိုင်တာ မဖြစ်နိုင်တာ မင်းရဲ့ အတွင်းအားက အခုလေးတင် အလယ်အလတ်အဆင့်မှာပဲ ရှိနေတာလေ၊ ဘယ်လိုလုပ် ရုတ်တရက် အရှိန်အဝါကို ထိန်းချုပ်နိုင်သွားတာလဲ အဲဒါကို ဓားအဖြစ်တောင် သုံးနိုင်သေးတယ်ပေါ့”

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“သခင်လေးယောင် ဘယ်မှာလဲ ၊ ငါ သူ့ကို တွေ့ချင်တယ် သူ ဘယ်မှာလဲ ငါ သူ့ကို တွေ့ချင်တယ်!”

ကျန်းရိရှန်က ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာပြီး နောက်ဆုံးတွင် ရူးသွပ်လုနီးပါး ဖြစ်လာခဲ့၏။

သူ၏ အကြည့်မှာ ပရိသတ်များကြားသို့ ဝေ့ဝဲသွားပြီး လူတိုင်းကို ရက်စက်စွာ ကြည့်လိုက်သည်။

“သခင်လေးယောင်ဆိုတာ ဘယ်သူလဲ၊ ငါ မင်းကို တွေ့ချင်တယ်၊ ငါကိုယ်တိုင် မင်းကို စိန်ခေါ်ချင်တယ်”

တစ်သက်လုံး ကျော်ကြားခဲ့သမျှမှာ ယခုတော့ လူငယ်လေးတစ်ဦး၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရချေပြီ။

သူ မကျေနပ်ပေ။ လုံးဝ မကျေနပ်နိုင်ပေ။

သူ သခင်လေးယောင်ကို ရှာရမည်။ သူနှင့် တိုက်ခိုက်ရမည်။

ပတ်ဝန်းကျင်တစ်ခုလုံးက သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွား၏။

လူတိုင်းက ကိုယ်လုံးတီးဖြစ်ပြီး ရူးသွပ်နေပုံရသော ကျန်းရိရှန်ကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။ သူတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး မည်သူကမျှ အသံမထွက်ရဲကြပေ။

ထိုအချိန်တွင် လူတစ်ယောက်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

မျက်လုံးအားလုံးက မတ်တပ်ရပ်လိုက်သော ထိုသူထံသို့ ရောက်ရှိသွားကြ၏။ အထူးသဖြင့် ကျန်းရိရှန်ပင် ။

တစ်စုံတစ်ယောက် မတ်တပ်ရပ်လိုက်သည်နှင့် ကျန်းရိရှန်၏ အော်ဟစ်သံများက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ စိတ်အာရုံမှာလည်း ချက်ချင်း တင်းမာသွားချေပြီ။

သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းမှာလည်း တစ်ပြိုင်နက်တည်း စိတ်လှုပ်ရှားလာကြသည်။ ဤသည်မှာ ပညာရှင်အချင်းချင်း တွေ့ဆုံရသည့်အချိန်မှသာ ခံစားရတတ်သည့် စိတ်လှုပ်ရှားမှုမျိုးပင် ဖြစ်ပေသည်။

သို့သော် မတ်တပ်ရပ်လာသူက မည်သူဖြစ်ကြောင်းကို ကျန်းရိရှန် သဲသဲကွဲကွဲ မြင်လိုက်ရသောအခါတွင်တော့ သူ၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ချက်ချင်း ပေါ်ပေါက်လာလေသည်။

အဘယ်ကြောင့်ဆိုသော် မတ်တပ်ရပ်လိုက်သူမှာ ယောင်ပင်းမဟုတ်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူနှင့် တွေ့ဆုံခဲ့ဖူးသည့် ခိုင်ယဲ့ ဖြစ်နေသောကြောင့်ပင်။

ထိုအချိန်က ရောက်ရှိနေသူ အားလုံးကလည်း မတ်တပ်ရပ်လိုက်သူမှာ ခိုင်ယဲ့ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။

သူတို့အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး အလွန်ပင်သိချင်နေကြလေသည်။ ကျန်းရိရှန်က သခင်လေးယောင်ကို ရူးသွပ်မတတ် တွေ့ချင်နေချိန်တွင် ခိုင်ယဲ့က အဘယ်ကြောင့် မတ်တပ်ရပ်လာရသနည်း။

လူတိုင်း၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ခိုင်ယဲ့သည် သူ၏ ထိုင်ခုံမှ ထလာပြီး စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။

လူတိုင်း ပို၍ပင် အံ့အားသင့်သွားကြသည်။

ယခုအခါ စိန်ခေါ်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ခိုင်ယဲ့က စင်ပေါ်သို့ တက်၍ မည်သည့်အရာကို လုပ်ဆောင်ရန် ကြံစည်နေသည်လဲ။

သူက လျန်ချင်းဟွေ့ကိုများ စိန်ခေါ်မလို့လား။

သူတောင်းစားအဘိုးကြီး လျန်ဟုန်ရှန်းပင်လျှင် ရုတ်တရက် တင်းမာသွားရသည်။ လျန်ချင်းဟွေ့၏ လက်ရှိ အခြေအနေကို သူ အသိဆုံးဖြစ်ပေသည်။

သခင်လေးယောင်က ကူညီပေးခဲ့သည် ဆိုသော်လည်း လျန်ချင်းဟွေ့၏ ခန္ဓာကိုယ်မှာ ယခုအချိန်တွင် အဆုံးစွန်ထိ ရောက်ရှိနေချေပြီ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမကို ထပ်မံ စိန်ခေါ်လိုက်ပါက သူမ လုံးဝ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အရာများက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

ခိုင်ယဲ့သည် စင်ပေါ်သို့ တက်သွားပြီး ကျန်းရိရှန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ တည်ငြိမ်စွာ ရပ်လိုက်သည်။

ကျန်းရိရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ထောင်လွှားစွာဖြင့် ပြောလိုက်၏။

“ငါ ရှာနေတာ သခင်လေးယောင်လေ၊ မင်းက ဒီကို ဘာလာလုပ်တာလဲ”

ထို့အပြင် ခိုင်ယဲ့မှာ သူ့ကို ရှုံးနိမ့်ပြီးသား ပြိုင်ဘက်ဟောင်း တစ်ဦးသာ မဟုတ်ပါလား။ သူသည်က ရှုံးနိမ့်ပြီးသားသူကို ဒုတိယအကြိမ်ပြန်လည် တိုက်ခိုက်၍ အချိန်မဖြုန်းလိုပေ။

“ဒါက စင်မြင့်တစ်ခုပဲလေ၊ အဲဒါကြောင့် ငါက မာစတာကျန်းကို လာစိန်ခေါ်တာ”

ခိုင်ယဲ့က သူ၏ ဝတ်စုံအပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ကျန်းရိရှန်ထံသို့ ပစ်ပေးလိုက်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

“မာစတာကျန်း... တိုက်ကွက် ထုတ်လိုက်”

ကျန်းရိရှန်က ခိုင်ယဲ့၏ အင်္ကျီကို ဖမ်းယူလိုက်ပြီး သူ၏ ခါးတွင် ပတ်လိုက်ရသည်။ လျန်ချင်းဟွေ့၏ အရှိန်အဝါဖြင့် ခုတ်ပိုင်းလိုက်သော တိုက်ကွက်ကြောင့် သူ၏ အဝတ်အစားများမှာ စုတ်ပြဲသွားခဲ့သဖြင့် ယခုအချိန်တွင် သူသည်က ကိုယ်လုံးတီးနီးပါး ဖြစ်နေလေပြီ။

ခိုင်ယဲ့၏ ဝတ်စုံမှာ သူ၏ နောက်ဆုံး ဂုဏ်သိက္ခာပင် ဖြစ်လေသည်။

ထို့ကြောင့် သူ စိန်ခေါ်မှုကို လက်ခံရမည်ပင်။ အခြားအရာကြောင့် မဟုတ်ဘဲ ခိုင်ယဲ့က သူ့ကိုပေးအပ်လိုက်သည့် ဂုဏ်သိက္ခာအတွက်သာဖြစ်သည်။

“မင်းကို အခွင့်အရေး တစ်ကြိမ် ပေးလိုက်မယ်”

ကျန်းရိရှန်က အင်္ကျီကို သေသေချာချာဝတ်လိုက်ပြီး ခိုင်ယဲ့၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“ကျေးဇူးပဲ”

ခိုင်ယဲ့၏ အစွမ်းကို သူ အသိဆုံးပင်။

ခိုင်ယဲ့ကို အခွင့်အရေး တစ်ကြိမ် ပေးလိုက်လျှင်ပင် ခိုင်ယဲ့မှာ သူ့ကို ရှုံးနိမ့်သူသာ ဖြစ်နေဦးမည်ကို သူ သိပေသည်။ ဤသို့ ပြုလုပ်ခြင်းမှာ ပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်၏။

ခိုင်ယဲ့ကလည်း ငြင်းပယ်ခြင်း မရှိပေ။ သူသည်က တိုက်ရိုက်ပင် တိုက်ကွက် ထုတ်လိုက်တော့သည်။

ခိုင်ယဲ့က ကျန်းရိရှန်ထံသို့ ပြေးသွားပြီး ကျန်းရိရှန်၏ ပါးကို အားရပါးရ ရိုက်ချလိုက်လေသည်။

ဖြောင်း!

ရိုက်လိုက်သည့်သံက အလွန်ပင် ပြတ်သားသည်။ ပရိသတ်အားလုံး ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

လူတိုင်းမှာ မှင်သက်သွားကြသည်။ ခိုင်ယဲ့သည်က ကျန်းရိရှန်ကို စင်ပေါ်တက်ကာ စိန်ခေါ်ပြီးနောက် ပထမဆုံး တိုက်ကွက်က ပါးရိုက်ခြင်းဖြစ်နေခဲ့သည်ပင်။

ဒါက ရပ်ကွက်ထဲမှ ရန်ပွဲနှင့် ဘာများ ကွာခြားနေမှာလဲ။

“မင်း!”

ကျန်းရိရှန်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ခိုင်ယဲ့ကို စိုက်ကြည့်လိုက်သည်။

သူက အခွင့်အရေး ပေးလိုက်ပါလျက်နှင့် ခိုင်ယဲ့က လူအများရှေ့တွင် သူ့ကို ပါးရိုက်ရဲသည်။

ဤသည်မှာ ပညာရှင်တစ်ဦးအတွက် အကြီးမားဆုံးသော အရှက်ခွဲမှုပင် ဖြစ်ပေသည်။ ထို့ကြောင့် ကျန်းရိရှန်က အတိုင်းထက်အလွန် ဒေါသထွက်သွားချေပြီ။

ခိုင်ယဲ့က အေးစက်စွာ ပြုံးလိုက်သည်။

“ဒီပါးရိုက်ချက်က ပြောင်ဇီအတွက်ပဲ”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်ကာ စင်အောက်သို့ ဆင်းသွားတော့သည်။

ကျန်းရိရှန်မှာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့၏။

ခိုင်ယဲ့က ပြောင်ဇီအတွက် ကလဲ့စားလာချေတာလား။

သို့သော် ကျန်းရိရှန်မှာ ဒဏ်ရာ အနည်းငယ် ရထားသည်ဆိုသော်လည်း ထိုပါးရိုက်ချက် တစ်ချက်တည်းနှင့် သူ သေသွားလိမ့်မည်ဟု ခိုင်ယဲ့က ထင်နေသည်လား။

ခိုင်ယဲ့က အလွန်ပင် ကလေးဆန်လွန်းနေသည် မဟုတ်ပါလား။

ပရိသတ်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

“ခိုင်ယဲ့ ဘာလုပ်နေတာလဲ မာစတာကျန်းကို ပါးတစ်ချက်ရိုက်ပြီး ဘာလို့ ပြန်ဆင်းသွားတာလဲ”

“မင်း မကြားမိဘူးလား မာစတာကျန်းက တော်ဝင်နံပါတ်တစ်ကို ဝင်တိုက်တုန်းက ခိုင်ယဲ့ရဲ့ အယုံကြည်ရဆုံး လက်ရုံးဖြစ်တဲ့ ပြောင်ဇီကို သတ်ခဲ့တာလေ၊

တော်ဝင်နံပါတ်တစ်ကိုလည်း ဖျက်ဆီးလုနီးပါး လုပ်ခဲ့တာ၊ ဒီပါးရိုက်ချက်က ပြောင်ဇီအတွက် ကလဲ့စားချေတာ သေချာတယ်”

“ဒီပါးရိုက်ချက်က ကလဲ့စားချေတာ ဟုတ်လား .. ကျန်းရိရှန်က ပညာရှင်လေ၊ ဒီပါးရိုက်ချက်က ယားတောင်မယားဘူး မဟုတ်ဘူးလား”

…

လူအုပ်ကြီး ဆွေးနွေးငြင်းခုံနေကြစဉ်မှာပင် ဟီးရိုးပြိုင်ပွဲ၏ အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့ တက်လာပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“ဒီညရဲ့ နောက်ဆုံး အနိုင်ရရှိသူကတော့ မာစတာယောင်ဖြစ်ပါတယ် မာစတာယောင်ကို စင်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်”

လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး အာရုံများမှာ ခိုင်ယဲ့ထံမှ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

သခင်လေးယောင်မှာ စင်ပေါ်သို့ တစ်ချက်တည်းတောင် မတက်ခဲ့ပါဘဲနှင့် နောက်ဆုံး အနိုင်ရသူ ဖြစ်နေသည်။

ဤသည်မှာ မတရားရုံတင်မကဘဲ လူတိုင်းကို အရူးလို့သတ်မှတ်နေခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် အစီအစဉ်တင်ဆက်သူ ကြေညာပြီးသည်နှင့် တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ကန့်ကွက်လေတော့သည်။

“ဒါက အဓိပ္ပာယ် မရှိဘူး ၊ မစ္စလျန်က အနိုင်ရခဲ့တာလေ၊ အခု သခင်လေးယောင်က အနိုင်ရသူဖြစ်သွားတယ်လို့ပြောနေတာလား၊ ဒါက ကြိုတင် စီစဉ်ထားတဲ့ အပေးအယူဆိုတာ သိသာလွန်းနေပြီ”

“သခင်လေးယောင်က ဆုကြေးငွေ သန်း ၁၀၀ကို ယူချင်ရင် စင်ပေါ်ကို အခုတက်လာပြီး စိန်ခေါ်မှုကို လက်ခံခိုင်းလိုက်၊ စိန်ခေါ်သူကို အနိုင်ယူနိုင်မှ သူ အဲဒီ သန်း ၁၀၀ကို ယူတာကို ငါတို့ လက်ခံမယ်”

“သူတို့က ငါတို့ကို ကစားနေတာလား စင်ပေါ်တောင် မတက်တဲ့သူက နောက်ဆုံး အနိုင်ရသူတဲ့လား ငါတို့က ဒီကို အလှကြည့်ဖို့ လာတာလား”

…

အစီအစဉ်တင်ဆက်သူ စကားပြောပြီးသည်နှင့် ကန့်ကွက်သံများမှာ အမိုးပေါက်မတတ် ဆူညံသွားလေသည်။ ကျန်းရိရှန်ကတော့ ပရိသတ်ကို မဲ့ပြုံးတစ်ချက် ပြုံးပြပြီး ချက်ချင်းပင် ဆုတ်ခွာသွားတော့သည်။

ဤသည်မှာ သူတို့ လိုချင်သည့် အကျိုးသက်ရောက်မှုပင် ဖြစ်ပေသည်။ လူတိုင်း၏ အာရုံမှာ ယောင်ပင်းထံသို့ ရောက်ရှိနေသရွေ့ ယောင်ပင်းကလွယ်လွယ်နှင့် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

*

အခန်း(116)

လျန်ဟုန်ရှန်းကတော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။

အခြေအနေများမှာ ထူးခြားသောအရာများ ဖြစ်ပျက်နေသည်ဟု သူ ခံစားမိနေသည်။

လျန်ချင်းဟွေ့သည် စင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။

သူမ စင်ပေါ်သို့ ပြန်တက်ရသည့် အကြောင်းရင်းမှာ လျန်မိသားစု၏ ဆုံးရှုံးသွားသော မျက်နှာကို ပြန်လည် ဆယ်ယူရန်သာ ဖြစ်ပေသည်။ ဆုကြေးငွေနှင့် ပတ်သက်၍ သူမ လုံးဝ ဂရုမစိုက်ပေ။

ဆုကြေးပေးမည် ဆိုလျှင်ပင် ထိုဆုမှာ သခင်လေးယောင်သာ ရသင့်သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ထိုလူငယ်လေး၏ ပညာမှာ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤသို့ တွေးမိရင်း လျန်ချင်းဟွေ့တစ်ယောက် ယောင်ပင်းရှိရာသို့ မသိမသာ ကြည့်လိုက်မိ၏။

အစီအစဉ်တင်ဆက်သူ၏ အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

“သခင်လေးယောင်... ဘော့စ်လျို့ရဲ့ ဆန္ဒအရ မင်းအနေနဲ့ ဒီနေ့ ဆုကြေးငွေ သန်းတစ်ရာကို ရရှိခဲ့ပြီး ဖြစ်ပါတယ်၊ ဒါ့အပြင် ဒီနေ့ရဲ့ ရတနာအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးလည်း ရှိနိုင်ပါတယ်၊ ဒါကြောင့် သေချာ စဉ်းစားပေးပါဦး”

မြင်ကွင်းမှာ တစ်ဖန် ဆူညံသွားပြန်သည်။

အစီအစဉ်တင်ဆက်သူ၏ စကားအရဆိုလျှင် လျို့ချင်းက ဆုကြေးငွေ သန်းတစ်ရာကို သခင်လေးယောင်အား ပေးရုံတင်မကဘဲ ရတနာကိုပါ ပေးရန် ရည်ရွယ်နေသည်ပင်။

ဒါက ဘယ်လိုများဖြစ်နိုင်မှာလဲ။

ရောက်ရှိနေသူများ၏ ၈၀ ရာခိုင်နှုန်းမှာ လူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ကြိုတင် ဟောကိန်းထုတ်နိုင်သည့် ထိုရတနာအတွက် လာကြခြင်း ဖြစ်သည်။

အကယ်၍ ထိုရတနာသာ သခင်လေးယောင်ဆိုသူ၏ လက်ထဲသို့ ရောက်သွားမည်ဆိုလျှင် သူတို့ ကျေနပ်ကြမည် မဟုတ်ပေ။

“သခင်လေးယောင်ဆိုတာ ဘယ်သူလဲ၊ ရှေ့ထွက်ခဲ့စမ်း၊ ငါတို့ မြင်အောင်”

“ရှေ့ထွက်ခဲ့ .. ငါတို့အားလုံးကို အရံတွေလို လုပ်ထားတဲ့ ဒီသခင်လေးယောင်က ဘယ်သူလဲဆိုတာ ငါ မြင်ချင်တယ်”

…

နောက်ဆုံးတွင် နောက်ဆုံးတန်းမှ လူငယ်လေးတစ်ဦးက မတ်တပ်ရပ်လိုက်လေသည်။ မျက်လုံးအားလုံးမှာ နောက်ဆုံးတန်းသို့ ရောက်ရှိသွားကြ၏။

ထိုလူငယ်လေးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒီနေ့ရဲ့ ဆုကို ကျွန်တော် လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့ ဆုကြေးငွေကိုတော့ ကျွန်တော် သဘောမကျဘူး”

ထိုကောင်လေး စကားပြောလိုက်သည်နှင့် လူအုပ်ကြီးမှာ တစ်ဖန် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

အထက်တန်းကျောင်း ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော ဤကောင်လေးမှာ လျန်ချင်းဟွေ့ကို တိုက်ကွက် တစ်ကွက်တည်း သင်ပေးပြီး သူမထက် အဆပေါင်းများစွာ သန်မာသော ကျန်းရိရှန်ကို အနိုင်ယူစေခဲ့သည့် ဒဏ္ဍာရီလာ “သခင်လေးယောင်” ဟု ဆိုလိုခြင်းလား။

မဖြစ်နိုင်တာ။

ဤကောင်လေးမှာ သာမန် အထက်တန်းကျောင်းသားတစ်ဦးနှင့်သာ တူနေသည်။

လျို့ချင်းရဲ့ မျက်နှာသာပေးမှုကို ခံရလောက်အောင် သူက ဘာများ ထူးခြားနေလို့လဲ။

အစီအစဉ်တင်ဆက်သူမှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ပြန်မေးလိုက်သည်။

“ဆောရီးပါ... မင်းက သခင်လေးယောင်လား”

ထိုကောင်လေးက ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ်”

“ဒါဆို ဆုကြေးငွေနဲ့ ပတ်သက်ပြီး ဘာကို သဘောမကျတာလဲ”

“နည်းလွန်းလို့”

“... ဒါဆိုရင် ဘယ်လောက်ဆိုရင် ကျေနပ်မလဲ”

“သန်းနှစ်ရာ”

လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူပင် ရပ်မတတ်ဖြစ်သွားကြသည်။ အစီအစဉ်တင်ဆက်သူမှာလည်း ချွေးစေးများ ထွက်လာချေပြီ။

သန်းတစ်ရာ ဆိုသည်မှာပင် လူအများစုအတွက် ကောင်းကင်ဘုံ ကြီးမားလှသည့် ပမာဏဖြစ်ပေသည်။ ယောင်ပင်းသည်က စင်ပေါ်သို့တောင် မတက်ဘဲ သန်းတစ်ရာ ရရှိပြီးခဲ့သော်လည်း မလောက်သေးဟု ပြောလာသည်။

တော်တော်လေးကို မောက်မာထောင်လွှားတာပဲ။

သို့သော် ဤသို့သော ထောင်လွှားသည့် ပုံစံမှာ မတိုင်ခင်က လျန်ချင်းဟွေ့မှတစ်ဆင့် ပါးလိုက်သည့် စကားနှင့်တော့ အလွန်ပင် ကိုက်ညီသည်။

စကားနှစ်ခွန်းလုံးက အလွန်ပင် မောက်မာလွန်းသည်။ ဤအချက်ကြောင့်ပင် ဤအထက်တန်းကျောင်းသားလေးက အလွန်ပင် ထောင်လွှားသော သခင်လေးယောင် ဖြစ်ကြောင်း လူတိုင်း ယုံကြည်သွားကြတော့သည်။

ပို၍ အရေးကြီးသည်မှာ ထိုသို့ အကြံပြုပြီးနောက် ယောင်ပင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ထိုင်လိုက်ပေသည်။

အစီအစဉ်တင်ဆက်သူက ချွေးများ ပြန်နေပြီး တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်... ကျွန်တော် မစ္စတာလျို့ရဲ့ သဘောထားကို သွားမေးလိုက်ပါဦးမယ်”

ပွဲစီစဉ်သူ၏ ဆုကြေးငွေကို ဤမျှအထိ မထီမဲ့မြင်ပြုသော ပြိုင်ပွဲဝင်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အထူးသဖြင့် မထီမဲ့မြင်ပြုခြင်းကို ခံရသူမှာ ပင်းဟိုင် မြေအောက်လောက၏ အကြီးဆုံးဘော့စ်ဖြစ်သော လျို့ချင်း ဖြစ်နေခြင်းကြောင့်ပင်။

ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

၎င်း၏ အဓိပ္ပာယ်မှာ: “သွားမေးလိုက်လေ၊ ငါ စောင့်နေမယ်” ဟူ၍ပင်။

ခဏအကြာတွင် အစီအစဉ်တင်ဆက်သူသည် အနောက်မှ အပြေးအလွှား ထွက်လာပြီး တုန်တုန်ရင်ရင်ဖြင့် ယောင်ပင်းကို ပြောလိုက်သည်။

“သခင်လေးယောင်... မစ္စတာလျို့က ပါရမီရှင်တွေကို တန်ဖိုးထားတတ်ပါတယ်... အဲဒါကြောင့် မင်းကို ဆုကြေးငွေ သန်းနှစ်ရာ ပေးဖို့ သူ သဘောတူလိုက်ပါပြီ၊ အခု ဆုငွေလာယူဖို့နဲ့ ရတနာအတွက် ယှဉ်ပြိုင်ဖို့ စောင့်ဆိုင်းဖို့ နောက်ကို ကြွပေးပါဦး”

ဝုန်း!

မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

ဤသခင်လေးယောင်မှာ စင်ပေါ်တောင် မတက်ရသေးဘဲ လျို့ချင်းဆီမှ နောက်ထပ် သန်းတစ်ရာ အပိုရအောင် လုပ်နိုင်ခဲ့သည်။

ဤသည်မှာ မယုံနိုင်စရာပင်။ သူတို့ကို ပို၍ တုန်လှုပ်စေသည်မှာ ရက်စက်ပြီး ပြတ်သားလှသော လျို့ချင်းသည်က ယောင်ပင်း၏ တောင်းဆိုချက်ကို အမှန်တကယ်ပင် သဘောတူလိုက်ပြီး သန်းနှစ်ရာ ပေးရန် ကတိပြုလိုက်ခြင်းပင် ဖြစ်ချေသည်။

ဤကောင်လေးမှာ မည်သို့သော အရည်အချင်းရှိ၍ ဤမျှအထိ အရေးပေး ခံနေရပါသနည်း။

ပို၍ အရေးကြီးသည်မှာ လျို့ချင်းသည်က ထိုအလွန်ပင် ရှားပါးလှသော ရတနာအတွက်ကိုပင် သခင်လေးယောင်အား ယှဉ်ပြိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်ပေသည်။

အစီအစဉ်တင်ဆက်သူ၏ စကားများကြောင့် လူအုပ်ကြီးကြားတွင် ယောင်ပင်းအပေါ် ပြင်းထန်သော မကျေနပ်မှုများ ချက်ချင်း ပေါက်ဖွားလာလေသည်။

ရောက်ရှိနေသူများမှာ အသက်နှင့်ရင်း၍ အလုပ်လုပ်နေကြသူများ ဖြစ်ပြီး အင်အားကြီးသူသာ အစိုးရသည်ဟု ယုံကြည်ထားကြသူများ ဖြစ်ပေသည်။ သို့သော် ယောင်ပင်းမှာ မျက်နှာပင် မပြရသေးဘဲ ဆုကြေးငွေ သန်းနှစ်ရာကို အလွယ်တကူ ရယူသွားချေပြီ။

သူက ဘာအခွင့်အရေး ရှိလို့လဲ။

ယောင်ပင်းသည်ကား ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ဂရုမစိုက်ဘဲ မတ်တပ်ရပ်လိုက်ကာ စင်မြင့်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ သူက ထိုသန်းနှစ်ရာကို သိက္ခာရှိရှိပင် ရယူလိုက်ပုံရ၏။

“ဟေ့... ကောင်လေး၊ မင်း အဲဒီမှာ ရပ်လိုက်စမ်း!”

ယောင်ပင်းက စင်မြင့်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားနေချိန်တွင် နောက်ဘက်မှ ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ယောင်ပင်းကတော့ မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားလေသည်။

ဂျောက်!

သန်မာဗမားထွားသော လူတစ်ယောက်က ဝုန်းကနဲ ထရပ်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အမည်းရောင် လက်နက်တစ်ခုကို ထုတ်ယူကာ ယောင်ပင်း၏ ဦးခေါင်းကို တည့်တည့် ချိန်ရွယ်လိုက်တော့သည်။

အကယ်၍ ယောင်ပင်းသာ နောက်ထပ်တစ်လှမ်း ထပ်လှမ်းလိုက်ပါက သူသည် သေနတ်ကို ပစ်ဖောက်ပြီး ယောင်ပင်း၏ ဦးခေါင်းကို ပွင့်ထွက်သွားစေလိမ့်မည်။

ထိုသန်မာထွားကြိုင်းသော လူက သူ၏လက်နက်ကို ထုတ်လိုက်သည့်အခိုက်တွင် လူတိုင်းက ထိတ်လန့်သွားကြပြီး မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

ကျည်ဆန်ဆိုသည်မှာ မျက်စိမရှိပေ။

ထို့အပြင် ယောင်ပင်းသည် ထိုသူကို ကျောခိုင်းထားခြင်း ဖြစ်သည်။

အကယ်၍ ထိုသူသာ မောင်းဖြုတ်လိုက်ပါက ယောင်ပင်း၏ ဦးခေါင်းမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

“ကောင်လေး... အဲဒီမှာ ရပ်လိုက်စမ်း”

ယောင်ပင်းက သူ့ကို လုံးဝဂရုမစိုက်သည်ကို မြင်သောအခါ ထိုသူသည်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သေနတ်ဖြင့် ယောင်ပင်း၏ ခေါင်းကို ချိန်ရွယ်လိုက်သည်။

သူ၏အသံမှာ ကျယ်လောင်လွန်းပြီး အမူအရာမှာလည်း ကြမ်းတမ်းသည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ တောင့်တင်းသွားကြ၏။

သို့သော် ယောင်ပင်းကတော့ ဘာမှမကြားသည့်အလားအေးအေး ဆေးဆေးပင် ရှေ့သို့ ဆက်လျှောက်နေခဲ့သည်။

“ချီးပဲ! မင်းက တော်တော်မောက်မာတာပဲ”

ထိုသူက ကျိန်ဆဲလိုက်ပြီး ဆက်မပြောတော့ဘဲ မောင်းဖြုတ်လိုက်လေတော့သည်။

“မင်းက ဒီလောက်တောင် မောက်မာနေမှတော့ ဘယ်လောက်တောင် အကြမ်းခံနိုင်မလဲ ငါကြည့်ရသေးတာပေါ့”

ဒိုင်း

ကျည်ဆန်တစ်တောင့် ထွက်ပေါ်လာပြီး ယောင်ပင်း၏ ဦးခေါင်းနောက်ဘက်သို့ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ပြေးဝင်သွားချေပြီ။

ကျည်ဆန် လေထုကို တိုးဝှေ့သွားသည့် အသံကိုပင် ပတ်ဝန်းကျင်ရှိလူများ ကြားလိုက်ရ၏။

“သတိထား”

“ဟိုမှာ...”

ကျည်ဆန် ပစ်လိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်မှ အော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။ ယောင်ပင်းထံသို့ ဦးတည်နေသော ကျည်ဆန်မှာ အရှိန်အနည်းငယ်မျှ လျော့သွားခြင်းမရှိဘဲ လျှပ်စစ်ကဲ့သို့ မြန်ဆန်သည်။

လျန်ချင်းဟွေ့ ထိတ်လန့်သွားရပြီး ယောင်ပင်းကို ကူညီရန် ထရပ်လိုက်သော်လည်း လျန်ဟုန်ရှန်းက သူမကို ညင်သာစွာ ပြန်ဖိချလိုက်ကာ ခေါင်းခါပြလိုက်သည်။ လျန်ချင်းဟွေ့မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

သူမ၏အဘိုးသည်က ယောင်ပင်းမှာ သူမ၏ ကျေးဇူးရှင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါလျက်နှင့် အဘယ်ကြောင့် ကူညီခွင့်မပေးရသနည်း

“အဘိုးကို ယုံစမ်းပါ၊ သူ ဒါကို ကိုင်တွယ်နိုင်ပါတယ်”

လျန်ဟုန်ရှန်းက ကြောင်တောင်တောင် ဖြစ်နေသော မြေးမလေးကို တိုးတိုးလေး ပြောလိုက်သည်။

“ပြီးတော့ အခုက သူကိုယ်သူ သက်သေပြဖို့ လိုတဲ့အချိန်ပဲ”

ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မှသာ ယောင်ပင်းက သူ၏အစွမ်းကို သက်သေပြနိုင်မည် မဟုတ်ပါလား။

ယောင်ပင်း ပိုမို အစွမ်းထက်လေလေ၊ လူတိုင်းကို ပိုမို သိမ်းပိုက်နိုင်လေလေပင် ဖြစ်ပေသည်။

လျန်ဟုန်ရှန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် လျန်ချင်းဟွေ့သည်လည်း အံ့ဩစိုးရိမ်စိတ်များဖြင့် ပြန်ထိုင်လိုက်ပြီး ယောင်ပင်းရှိရာသို့ စိုးရိမ်တကြီး ကြည့်နေမိတော့သည်။

ရောက်ရှိနေသူ အများစုအပြင် တချို့သောသူများမှာလည်း မျက်နှာပျက်နေကြ၏။ ထိုသူများထဲတွင် ကျင်းကျုံးမှ ဂိုဏ်းစတားကြီး တချို့လည်း ပါဝင်ပေသည်။ သို့သော် သူတို့သည်က ချက်ချင်း ရှေ့သို့ ထွက်မလာကြပေ။

သူတို့၏ အတွေးမှာ လျန်ဟုန်ရှန်းနှင့် ဆင်တူသည်။

လူတိုင်း၏ မျက်လုံးများမှာ ကျည်ဆန်ထံ၌သာ ရှိနေကြသည်။

ကျည်ဆန်မှာ နီးသထက် နီးကပ်လာချေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယောင်ပင်း၏ နောက်ကျောနှင့် တစ်ပေခန့်သာ ကွာတော့သည်။

ထိုအချိန်မှသာ ယောင်ပင်း လှုပ်ရှားလိုက်တော့သည်။

သူသည် သူ၏ကိုယ်ပေါ်မှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ကိုယ်ကိုလှည့်၍ အနောက်သို့ ပစ်လွှတ်လိုက်၏။

အဝါနုရောင် အရာဝတ္ထုတစ်ခုမှာ သူ၏လက်ထဲမှ ထွက်ပေါ်လာပြီး ပြေးဝင်လာသော ကျည်ဆန်ထံသို့ ဦးတည်သွားလေတော့သည်။

ဝုန်း!

အရာဝတ္ထုနှစ်ခုမှာ လေထဲတွင် ရုတ်တရက် တိုက်မိသွားကြချေပြီ။

စူးရှသောအသံတစ်သံ ထွက်ပေါ်လာပြီး ထိုအဝါနုရောင် အရာမှာ ကျည်ဆန်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ ချက်ချင်းပင် ထောင်ပေါင်းများစွာသော အဝါနုရောင် အပ်စလေးများအဖြစ် ကွဲအက်သွားတော့သည်။

ထိုအပ်စလေးများမှာ ခဏတာပွင့်သော ပန်းတစ်ပွင့်ကဲ့သို့ ကွဲထွက်သွားပြီး မြင်သာသော အရှိန်ဖြင့် ပြန့်ကားသွားလေ၏။

ကျည်ဆန်မှာလည်း ထိုအဝါနုရောင် အရာနှင့် တိုက်မိပြီးနောက် လေထဲတွင် ခေတ္တရပ်တန့်သွားပြီးမှ ကြမ်းပြင်ပေါ်သို့ တုံခနဲ မြည်ကာ ကျသွားလေတော့သည်။

*

All Chapters