အဇူရာတိမ်ဂိုဏ်းက နောက်ထပ်ဂုဏ်ပြုပွဲတစ်ခု ကျင်းပခြင်း
Vol. 37 Ch. 382
“စီနီယာအစ်ကိုကြီး၊ အစ်ကို ၂”
တန်ချန်ကျိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ချင်းယွင်ကျိနှင့်လင်းယွင်ကျိတို့ကို နှုတ်ဆက်လိုက်လေသည်။
“ဆရာဦးလေး ၃” ကျန်းယန်လည်း ရှေ့တက်လာခဲ့၏။
တန်ချန်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။ သူတာအိုပေါင်းစည်းခြင်းအဆင့် ရောက်သွားပြီဖြစ်သောကြောင့် ထိုကလေး သူ့ကိုလွှတ်ပေးတော့မှာမဟုတ်ကြောင်း သူသိနေခဲ့၏။
“ဘယ်လိုခံစားရလဲ” ချင်းယွင်ကျိ ပြုံး၍ မေးလိုက်သည်။
“အရမ်းကောင်းတယ်” တန်ချန်ကျိ ခေါင်းငြိမ့်ပြလိုက်၏။
“စီနီယာအစ်ကိုကြီး ကျွန်တော်ကြိုးစားကျင့်ကြံခဲ့တာကြာပြီ အခုမှပဲ တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်တော့တာ အခုကျွန်တော့်တိုက်ခိုက်ရေးစွမ်းအားက အများကြီး တိုးတက်မလာဘူးဆိုပေမယ့် ဆေးလုံးသန့်စင်တဲ့နေရာမှာတော့ ဘာအခက်အခဲမှရှိတော့မှာမဟုတ်ဘူး ကျွန်တော်အာမခံနိုင်တယ်
ကျွန်တော့်တာအိုနဲ့ ပိုအားကောင်းတဲ့ဆေးတွေကို သန့်စင်နိုင်တော့မှာ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေအားလုံးကို ကျိန်းသေပေါက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်အောင် ကူညီပေးနိုင်တော့မှာ ကျန်းယန်ရဲ့ရှားပါးဆေးပင်တွေကိုပါပေါင်းလိုက်ရင် ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်”
နှစ်ရာချီသက်တမ်းရှိသော ရှားပါးဆေးပင်များကိုပင် သူတို့ ၇ပင်သာ အသုံးပြုရသေးသည်။ နှစ်၃၀၀၀သက်တမ်းရှိသော အပင်များကတော့ မရေမရာအသုံးပြုရမှာ နှမြောစရာကောင်းလွန်းသောကြောင့် အခုထိတစ်ပင်သာ အသုံးပြုရသေး၏။
ယခု သူ့တာအိုနှင့်ဆိုလျှင် တန်ချန်ကျိထိုဆေးပင်များအားလုံးကို ယုံကြည်မှုရှိရှိအသုံးပြုနိုင်နေပြီ ဖြစ်သည်။
“ဆရာဦးလေး ၃ ဆရာဦးလေးတကယ်ကြီးလုပ်နိုင်နေပြီလား” ကျန်းယန် စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ငါခဏလောက်လေ့လာပြီးရင် ရပြီ” တန်ချန်ကျိ လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်၏။
“ဒါဆို မင်းသုတေသနကို ဆက်လုပ်”
လင်းယွင်ကျိလည်း ၀င်ပြောလိုက်လေသည်။
“မင်းသင်ခန်းစာတွေ လာပို့ချဖို့လည်းလိုသေးတယ်နော် အခုဟော်လင်းကျိက တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားပြီဆိုတော့ ငါပဲကျန်တော့တာ”
တန်ချန်ကျိသက်ပြင်းချကာ သဘောတူလိုက်ရ၏။
ကျန်းယန်ပြုံးလိုက်သည်။
“ဆရာဦးလေး ၃ ဒါကကိစ္စကြီးနော် ကျွန်တော်တို့တွေ စားသောက်ပွဲကျင်းပပြီး ဧည့်သည်တွေဖိတ်ရမယ် ပြီးရင်တော့ ဆရာဦးလေး နတ်ဝိညာဉ်အဆင့် ဒါမှမဟုတ် တာအိုပေါင်းစည်းခြင်းအဆင့်တွေအတွက်ပါ အသုံး၀င်မယ့် ဆေးလုံးတစ်မျိုးအကြောင်း သင်ခန်းစာပို့ချပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
“ဘယ်လို…”တန်ချန်ကျိ ကြောင်သွားခဲ့၏။
စားသောက်ပွဲလား ဘယ်တုန်းက အဲ့ဒီဓလေ့ရှိသွားတာလဲဟ။
ချင်းယွင်ကျိခေါင်းယမ်းလိုက်ပြီးနောက် လင်းယွင်ကျိက သူ့ပုခုံးကို ပုတ်လိုက်သည်။
“ငါတော့ပြီးသွားပြီ အခုက မင်းအလှည့်ပဲ”
တန်ချန်ကျိအပျော်များ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့ရ၏။
ကျန်းယန်ကတော့ ထုံးစံအတိုင်းပင် အလျင်အမြန်လှုပ်ရှားလိုက်လေသည်။ သူသည် အဇူရာတိမ်သတင်းစာထဲတွင် တန်ချန်ကျိ အဆင့်ချိုးဖြတ်နိုင်ခဲ့သည့်အကြောင်း ကြော်ငြာခဲ့ပြီး ဂုဏ်ပြုစားပွဲကျင်းပမည်ဖြစ်သောကြောင့် ဧည့်သည်တော်များကို ဖိတ်ကြားခဲ့သလို အပြန်အလှန်အနေဖြင့် တန်ချန်ကျိက အထူးဆေးလုံးတစ်မျိုးအကြောင်း သင်ခန်းစာပို့ချမည်ဟုလည်း ထည့်ရေးခဲ့၏။
အဂ္ဂိရတ်ပညာရှင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က ဆေးလုံးတစ်မျိုးအကြောင်း သင်ခန်းစာပို့ချမည်ဟူသော သတင်းက သေးငယ်သော သတင်းမဟုတ်ပေ။
ဂိုဏ်းကြီးများပင် ထိုသတင်းကို လျစ်လျူရှုမထားနိုင်ခဲ့ပေ။
ထိုအလဲအလှယ်က တာအိုပေါင်းစည်းခြင်းအဆင့် အဂ္ဂိရတ်ပညာရှင်များအတွက်ပင်လျှင် တန်ဖိုးကြီးသော အလဲအလှယ်ဖြစ်ပေသည်။
မကြာခင်တွင် ဂိုဏ်းကြီးများမှ နတ်ဝိညာဉ်အဆင့်များ ထိုသတင်းကို သူတို့ဂိုဏ်းများဆီ ပြန်ပို့ဖို့ အလျင်အမြန်ထွက်ခွာသွားခဲ့ကြ၏။ သတင်းအမြန်ရမှသာ သူတို့ဂိုဏ်းများမှ လူအမြန်လွှတ်နိုင်မည်ဖြစ်ပြီးကောင်းကင်နှလံုးသားကျွန်းလို အလွန်ဝေးသောဒေသများမှ ဂိုဏ်းများဆိုလျှင် အမြန်ဆုံးသင်္ဘောပျံကိုသုံးလျှင်တောင် အဇူရာတိမ်ဂိုဏ်းဆီရောက်ဖို့ လ၀က်လောက် ကြာတတ်ပေသည်။
ထိုစဉ် အဇူရာတိမ်မြို့ထဲ၌ များစွာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ လက်ဆောင်များ ပြင်ဆင်နေခဲ့ကြ၏။
သူတို့လက်ဆောင်က အဇူရာတိမ်ဂိုဏ်းထဲ၀င်ခွင့်ရဖို့ လုံလောက်ပါ့မလားဆိုတာကိုလည်း သူတို့ စိတ်ပူနေခဲ့ကြသည်။
“စီနီယာချန်လင် ဘာလက်ဆောင်ပြင်ဆင်ထားလဲ” အခြေခံတည်ဆောက်ခြင်းအဆင့်အဖိုးကြီး ချန်လင်ကို မေးလိုက်၏။
“စီနီယာကိုယ့်ကိုကိုယ်မသေချာရင် ကျုပ်တစ်ခုခုအကြံပေးလို့ရတယ်”
ချန်လင် ခေါင်းခါပြလိုက်ကာ
“ဒါက ဒီတိုင်းစားသောက်ပွဲလေးတစ်ခုပါပဲ ငါမသွားတော့ဘူး”
အဖိုးကြီး လေးနက်သွားခဲ့သည်။
“စီနီယာ သွားကိုသွားရမယ် တကယ်တော့ ဒီစားသောက်ပွဲက အဇူရာတိမ်ဂိုဏ်းက ကျုပ်တို့ကို ကောင်းချီးပေးတာပဲ တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ယောက်ကိုယ်တိုင်က သင်ခန်းစာပို့ချမှာလေ”
ချန်လင် တုန်လှုပ်သွားခဲ့၏။ သူထိုအကြောင်းမသိခဲ့ပေ။ သူသည်သေနတ်ပြောင်းများ ထုလုပ်ရင်းသာ အလုပ်ရှုပ်နေခဲ့ခြင်းဖြစ်ပြီး အခုဆို စိတ်ဝိညာဉ်ကျောက်တုံးထောင်ချီ ရှာထားပြီးပြီ ဖြစ်သည်။
“တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က သင်ခန်းစာပို့ချတာလား…” ထိုကိစ္စမျိုး ၀မ်လင်းဂိုဏ်းတွင် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
“ငါဘာလက်ဆောင်ပြင်ဆင်သွားသင့်လဲ” သူအလျင်အမြန်မေးလိုက်၏။
“မင်းလုပ်နိုင်တာကိုသာလုပ်” အဖိုးကြီး ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကလက်ဆောင်အကြောင်း စိတ်၀င်စားတာမဟုတ်ဘူး ဒါပေမယ့် ကျုပ်တို့က စစ်မှန်မှုကိုတော့ ပြသရမယ် ကျုပ်ကတော့ စိတ်ဝိညာဉ်ဆေးပင် ခပ်သေးသေးတစ်ပင်၀ယ်ထားတယ် စီနီယာကတော့ စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းအနည်းငယ်လောက်တန်တာမျိုးလောက်ဆို သင့်တော်လောက်မယ်”
ချန်လင် သဘောတူလိုက်သည်။ သူ့လက်ရှိ၀င်ငွေအရ ထိုပမာဏလောက်က မဆိုးလှပေ။
သူစိတ်ဝိညာဉ်ကျောက်တုံးရာဂဏန်းအနည်းငယ်လောက်တန်သော ဆေးပင်တစ်ပင်၀ယ်လိုက်ကာ ဆေးပင်ကို သေတ္တာထဲထည့်ထားလိုက်၏။
ထို့နောက်တွင်တော့ သူတို့ စားသောက်ပွဲကျင်းပမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။
ဆယ်ရက်ကြာပြီးနောက် စားသောက်ပွဲက စတင်ခဲ့၏။
အလွန်ဝေးသောအရပ်မှ ဂိုဏ်းများပင် တန်ဖိုးကြီးလက်ဆောင်များကို ယူဆောင်ကာ ထိုပွဲကို တက်ရောက်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဂိုဏ်းကလည်း လေ့ကျင့်ရေးကွင်းကိုဖွင့်ကာ လက်ဆောင်မျိုးစုံယူလာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို ၀င်ခွင့်ပေးထားခဲ့၏။
တစ်ယောက်ချင်းစီ၏ လက်ဆောင်ကမပြောပလောက်သော်လည်း ထိုသို့သောသူ သောင်းချီပြီးပေါင်းလိုက်သောအခါ လက်ဆောင်ပမာဏက မနည်းလှပေ။
ဒါပေါ့ တန်ဖိုးအကြီးဆုံးလက်ဆောင်များကတော့ လန်ကျားအထွတ်အမြတ်မြေလို ထိပ်တန်းဂိုဏ်းကြီးများမှ ရရှိခြင်း ဖြစ်သည်။ သူတို့သည် အနိမ့်ဆုံး ရတနာအဆင့်လက်နက်နှင့်အဆင့်မြင့်ဆေးပင်များကိုယူလာခဲ့ကြပြီး ထိုထက်နိမ့်လျှင်လည်း သူတို့အတွက် မျက်နှာပျက်စရာ ဖြစ်သွားပေလိမ့်မည်။
ဤသို့ဖြင့် ဂုဏ်ပြုစားသောက်ပွဲဟူသော ခေါင်းစဉ်အောက်၌ အဇူရာတိမ်ဂိုဏ်းက အကျိုးအမြတ်ကြီးကြီးမားမား ရရှိခဲ့လေသည်။
တန်ချန်ကျိကတော့ စားသောက်ပွဲတွင် ပေါက်ကရတက်ပြောရမည်မဟုတ်ဘဲ အမှန်တကယ် သင်ခန်းစာပို့ချရမည်မှန်း သိသွားသောကြောင့် ခံစားချက်အတော်လေး ကောင်းလာခဲ့၏။
သူ့ကိုအံ့အားသင့်သွားစေသည့် တစ်ခုတည်းသောအရာမှာ တက်ရောက်သူပမာဏက အလွန်များေနခြင်းသာ ဖြစ်သည်။
“ဆရာဦးလေး၃” ကျန်းယန် သူ့ကိုသတိပေးလိုက်၏။
“အခြေခံတည်ဆောက်ခြင်း ရွှေအမြုတေနဲ့ ဝိညာဉ်အခြေတည်အဆင့်တွေကို အရင်အာရုံစိုက်နော် ဂိုဏ်းကြီးတွေအတွက် ပိုအဆင့်မြင့်တဲ့ ဆေးပညာကိုတော့ နောက်ဆုံးထိချန်ထား ဒါကအရေးအကြီးဆုံးပဲ မရောနဲ့နော်”
“နားလည်ပါတယ်” တန်ချန်ကျိ လေးလေးနက်နက်ပြန်ပြောလိုက်လေသည်။