← Chapters

ရုတ်ချည်းပဋိပက္ခအဖြစ် ပြောင်းလဲသွားသော တွေ့ဆုံပွဲ 

Vol. 37 Ch. 385

ရုတ်ချည်းပဋိပက္ခအဖြစ် ပြောင်းလဲသွားသော တွေ့ဆုံပွဲ 

Vol. 37 Ch. 385

ယွင်စုန့် ချင်းယွင်ကျိနှင့်တွေ့ဆုံရန် အဇူရာတိမ်ဂိုဏ်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့လေသည်။

နောက်‌ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက သူအခုထိ ဂိုဏ်းဆီမပြန်ရသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် မြို့ထဲမှ ထွက်သွားပြီးလျှင် ပြန်၀င်ခွင့်မရတော့မှာကို သူကြောက်နေ၍ ဖြစ်၏။ ဤနေရာသို့ အတင်း၀င်လာဖို့ကလည်း မဖြစ်နိုင‌်ပေ။

ထို့ကြောင့်လည်း သူမြို့ထဲတွင် အဇူရာတိမ်ဂိုဏ်းက တုန့်ပြန်လာမည့်အချိန်ထိ စောင့်နေခဲ့ခြင်း ဖြစ်သည်။

သူကျန်းယန်ကိုမြင်သောအခါ ချက်ချင်း မေးလိုက်၏။

“မင်းတို့စားသောက်ပွဲလည်း ပြီးသွားပြီ အခုငါတို့ဆရာနဲ့ တွေ့သင့်ပြီ မဟုတ်လား”

“အခုကနေပြီး သုံးရက်မြောက်တဲ့နေ့မှာ တွေ့ကြမယ် ကျွန်တော်သဘောတူတယ်” ကျန်းယန် ပြန်ပြောလိုက်သည်။

ယွင်စုန့်သည် အကြိမ်ပေါင်းများစွာရောက်လာပြီးပြီဖြစ်သောကြောင့် သူတို့ဤတစ်ကြိမ်တော့ သူ့ကို တိကျတဲ့အဖြေတစ်ခုပေးဖို့ လိုအပ်နေပြီ ဖြစ်သည်။

‌ေတွ့ဆုံမည့် နေရာက အလွန်ဝေးနေသော်လည်း ထိုကိစ္စကို ကိုင်တွယ်နုိင်သည်ဟု ကျန်းယန် ခံစားနေခဲ့ရဧ။်။ အထူးသဖြင့် သူတို့တွင် နောက်ခံကောင်းကောင်းရှိနေသော အခါမျိုးတွင် ဖြစ်သည်။ ဤကိစ္စတွင် ဘာအန္တရာယ်မှ ရှိမလာသင့်ပေ။

“ကောင်းပြီလေ သုံးရက်နေရင် အဇူရာတိမ်ဂိုဏ်းနဲ့ မိုင် ၅၀၀၀ ဝေးတဲ့အရှေ့မြောက်အရပ်က နေရာမှာတွေ့မယ် ငါတို့ဆရာက အဲ့ဒီမှာစောင့်နေလိမ့်မယ်” ယွင်စုန့်ပြောပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

ယွင်စုန့်ထွက်သွားပြီးနောက် ကျန်းယန် သူ့ဆရာကို မေးလိုက်၏။

“ဆရာအဲ့ဒီနေရာနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုရှိလား”

ချင်းယွင်ကျိ တခ‌ဏတွေးလိုက်ပြီးနောက် ဖြေလိုက်သည်။

“ဘာမှမရှိတာနဲ့ ဟာလာဟင်းလင်းဖြစ်နေတာကလွဲရင် ထူးခြားတာတော့ ဘာမှမရှိပါဘူး”

ကျန်းယန်လည်း သူတို့ရည်ရွယ်ချက်ကို အဖြေရှာမရတော့ပေ။ နောက်ဆုံးတွင် သူဆက်‌ေပြာလိုက်၏။

“ဆရာ အရင်ကလိုပဲနော် လုံခြုံရေးအတွက် စီနီယာမိစ္ဆာ နှစ်ယောက်ကို ခေါ်သွားမယ်”

“ကောင်းပြီ” ချင်းယွင်ကျိ သဘောတူလိုက်လေသည်။

မိစ္ဆာနှစ်ကောင်နှင့်ဆိုလျှင် ကျန်းယန်၏လုံခြုံရေးအတွက်က စိတ်ပူစရာမလိုတော့ပေ။ သူ့ကိုခေါ်မသွားလို့လည်း မရပေ။ နောက်ဆုံးတစ်ခေါက် သူတော်စင်သခင်နှင့်တွေ့ပြီးကတည်းက ဂိုဏ်း၏ အဓိကညှိနှိုင်းရေးကိစ္စများတွင် ကျန်းယန်မရှိလို့မဖြစ်ဘူးဟု သူဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

သုံးရက်ကြာပြီးနောက် ကျန်းယန် တားမြစ်နယ်မြေကိုသွားကာ မိစ္ဆာနှစ်ကောင်ကို သွားခေါ်ခဲ့၏။

ဂူဒူအာ ကျန်မိစ္တာသုံးကောင်ကို သတိနှင့်နေဖို့မှာခဲ့ပြီးနောက် ဂူယန်ကိုခေါ်ကာ ကျန်းယန်တို့နှင့်အတူ အရှေ့မြောက်အရပ်သို့ ထွက်ခွာလာခဲ့လေသည်။

သူတို့မိုင် ၅၀၀၀ ဝေးသောအရပ်သို့ရောက်သောအခါ အဆုံးမဲ့သော ပင်လယ်ကြီးကိုသာ တွေ့ခဲ့ရပြီး ထိုနေရာတွင် ကုန်းမြေ သက်ရှိ ဘာဆိုဘာမှကို ရှိမနေပေ။

ရှင်းလင်းစွာပင် တစ်ဖက်က သူတို့နှင့်ရင်းရင်းနှီးနှီးဆွေးနွေးလိုခြင်းမျိုး ဟုတ်ပုံမရပေ။

ထိုနေရာတွင် အနက်ရောင်၀တ်ရုံ၀တ်လူတစ်ယောက် စောင့်ဆိုင်းနေပြီး ထိုလူသည် ရှို့ယိဘုရားကျောင်း၏ တာအိုသခင်မှလွဲပြီး အခြားသူမဟုတ်ပေ။

“ငါရောက်ပြီ” ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။

တာအိုသခင်မိစ္ဆာနှစ်ကောင်ကိုတစ်ချက်ကြည့်လိုက်ပြီး အသာအယာပြုံးလိုက်ကာ

“အရမ်းသတိကြီးနေတယ်ပေါ့”

ချင်းယွင်ကျိ မျက်မှောင်ကြုံ့သွားခဲ့၏။

“မင်းက ဘာကိစ္စကိုဆွေး‌ေနွးချင်တာလဲ”

“အဲ့တာက ဆွေးနွေးရမယ့်အရာမဟုတ်ဘူး မင်းတို့အဇူရာတိမ်ဂိုဏ်းက ပြန်ပေးရမယ့် အရာပဲ” တာအိုသခင် အေးစက်စက်ပြောလိုက်လေသည်။

“စန်းစုန့်နဲ့ချင်းရှုက ငါတို့ဂိုဏ်းသားတွေ သူတို့ကျိန်းသေပေါက် ငါ့ဂိုဏ်းဆီပြန်လာရမယ်”

“မင်းတို့များလွန်းသွားပြီ အဇူရာတိမ်ဂိုဏ်း ယွင်စုန့်ကိုလွှတ်ပြီး အကြိမ်ကြိမ်မင်းတို့နဲ့ဆွေးနွေးခိုင်းခဲ့ပေမယ့် မင်းတို့က ဘယ်တော့မှ တိကျတဲ့အဖြေတစ်ခုမပေးခဲ့ဘူး အဲ့တာကြောင့် ငါကိုယ်တိုင်လာခဲ့ရတာ”

ချင်းယွင်ကျိလေသံကလည်း ပြတ်သားလာခဲ့၏။

“သူတို့က မင်းတပည့်တွေမဟုတ်တော့ဘူး မင်းတို့ရှုံးသွားပြီးကတည်းက သူတို့ကိစ္စကို အတည်ပြုပြီးသွားပြီ”

တာအိုသခင် လှောင်ပြောင်လိုက်သည်။

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နဲ့အဲ့ဒီလက်နက်တွေအတွက် ၅ဘီလီယံတဲ့လား ကောင်းပြီလေ ငါမင်းတို့ကို အဲ့ဒီ ၅ ဘီလီယံပေးမယ် သူတို့ကို ငါ့ဆီပြန်ပေး”

အနီးတွင်နားထောင်နေသော ကျန်းယန် ဆွံ့အသွားခဲ့၏။

သူတို့သည် တကယ်ကြီး ထိုကောလာဟလများကို ယုံနေခြင်းပေလော။

စန်းစုန့်သည် အခုထိ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်သို့ပင် မရောက်သေးပေ။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ချင်းရှုဆိုလျှင်လည်း လက်နက်သွန်းလုပ်ရာတွင် ပါ၀င်ခဲ့သော်လည်း သူတစ်ယောက်တည်းသွန်းလုပ်ခဲ့သောလက်နက်တစ်ခုမှ ရှိမနေပေ။

ထိုအခိုက်တွင် ရှို့ယိဘုရားကျောင်းကလူများသည် တကယ်ကြီးအထင်လွဲနေတာ ဒါမှမဟုတ် ချဲ့ကားပြောဆိုသမျှကို အမှန်ဟု သတ်မှတ်နေတာဟု ကျန်းယန်ခံစားလိုက်ရလေသည်။

ယခုအခါ စန်းစုန့်နှင့်ချင်းရှုသည် အဇူရာတိမ်ဂိုဏ်းနှင့် ပေါင်းစပ်နေပြီ ဖြစ်၏။ ထို့ကြောင့် ဘာပဲပြောပြော သူတို့ကိုပြန်ပေးနိုင်တော့မှာ မဟုတ်ပေ။

ချင်းယွင်ကျိလည်း ထိုအရာကို နားလည်ပေသည်။

သူအသာအယာပြုံးလိုက်၏။

“တာအိုသခင်က ကောင်းကောင်းမဆွေးနွေးချင်ဘူးဆိုမှတော့ ဘာမှထပ်ပြောစရာမရှိတော့ပါဘူး ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့ အနာဂတ်မှာလည်း ထပ်တွေ့ဆုံစရာမလိုတော့ဘူး”

“ငါ့ကိုဘာအဖြေမှမပေးဘဲ ထွက်သွားလို့ရမယ် ထင်သလား” တာအိုသခင် အေးစက်စက်ပြောလိုက်လေသည်။

ပြောနေရင်း သူ့လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာခဲ့၏။

ချင်းယွင်ကျိ လှောင်ပြောင်လိုက်သည်။ “မင်းက တိုက်ခိုက်ချင်တာဆိုရင်လည်း အစကတည်းက ပြောခဲ့သင့်တယ်”

သူသူ့မိစ္ဆာဖိနှိပ်တာအိုကို အသက်သွင်းလိုက်လေသည်။

ထိုစဉ် ကျန်းယန် ရုတ်တရက်အော်ပြောလိုက်၏။

“ဆရာ မတိုက်ခိုက်သေးနဲ့ဦး”

သူ့ဆရာ တကယ်ကြီးလှုပ်ရှားလိုက်မိပြီး မိစ္ဆာအတု ၁၀ကောင်၏ သရုပ်မှန်ပေါ်သွားမှာကို သူစိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ အခြားဂိုဏ်းများကသာ အဇူရာတိမ်ဂိုဏ်းတွင် မိစ္ဆာ ၅ကောင်တည်းရှိမှန်း သိသွားခဲ့လျှင် သူတို့ဒုက္ခအကြီးအကျယ် ရောက်သွားရပေလိမ့်မည်။

ချင်းယွင်ကျိ စိတ်ချင်းဆက်သွယ်၍ ပြန်ပြောလိုက်၏။

“ငါသိပါတယ် စိတ်မပူပါနဲ့ ငါဒီတစ်ခေါက်မိစ္ဆာတွေကိုထုတ်မသုံးဘူး ငါ့ခွန်အားကိုစမ်းကြည့်ချင်ရုံပဲ”

သူသန်မာသောပြိုက်ဘက်နှင့် အတည်မတိုက်ခိုက်ခဲ့ရသည်မှာ အတော်လေးကြာနေပြီဖြစ်သည်။ နောက်ဆုံးတစ်ခေါက် ကျိုးကျွင်းချန်နှင့်တိုက်ခိုက်ခဲ့ရတုန်းကလည်း ထိုကောင်က ချက်ချင်းထွက်ပြေးသွားခဲ့၏။

ဤတစ်ကြိမ်တွင်တော့ သူ့တွင် တာအိုသခင်နှင့်မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ အခွင့်အရေး ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော် ကျန်းယန်ကတော့ မသက်မသာခံစားနေခဲ့ရ၏။

မိစ္ဆာများထုတ်မသုံးရလျှင် သူ့ဆရာ၏စွမ်းအားက တစ်၀က်ကျော်လောက်လျော့ကျသွားပေလိမ့်မည်။ ထိုအခြေအနေနှင့် အတွေ့အကြုံရင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်ရတာက အန္တရာယ်များလွန်းလှသည်။

သူဂူဒူအာကို အမြန်ပြောလိုက်၏။

“စီနီယာဂူ ကျေးဇူးပြုပြီး ကူဖို့အသင့်ပြင်ထားပေးပါ”

ဂူဒူအာ အသံတိတ်ခေါင်းငြိမ့်ပြလိုက်သည်။

တာအိုသခင်ဓားကိုမြှောက်လိုက်ကာ

“ဒါ‌ဆို မင်းမှာဘာတွေရှိနေသလဲ ငါ့ကိုပြ ငါ့တပည့်တွေကို ခိုးရဲရလောက်အောင် မင်းမှာဘယ်လိုအစွမ်းအစတွေရှ်ိနေသလဲ သိချင်မိတယ်”

သူ့စကားဆုံးပြီးနောက် မီတာပေါင်းဒါဇင်နှင့်ချီကာ ရှည်လျားသော ဓားအလင်းတန်းတစ်ခုက လွှမ်းမိုးလွန်းသော စွမ်းအားဖြင့် ချင်းယွင်ကျိဆီ ပြေး၀င်လာခဲ့၏။

ချင်းယွင်ကျိ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

ထိုအခါ ပင်လယ်ထဲမှရေလှိုင်းတစ်ခုတက်လာပြီး ထိုရေလှိုင်းက မီတာပေါင်းထောင်နှင့်ချီရှည်လျားသော ဧရာမရေဓားတစ်လက်အဖြစ် ဖွဲ့တည်သွားကာ သူ့ဆီကျရောက်လာသော ဓားအလင်းကို တိုက်ရိုက်ရင်ဆိုင်လိုက်၏။

ဝုန်းး!

နှစ်ဖက်လုံး၏တိုက်ကွက်များ ပြိုပျက်သွားခဲ့လေသည်။

“မိုးကြိုး”

ချင်းယွင်ကျိလက်ကိုမြှောက်လိုက်ရာ ကောင်းကင်တွင် ကဗ္ဗည်းတစ်ခုပေါ်လာခဲ့ပြီး ပင်လယ်ကြီးတစ်ခုလုံးက သူ့ပိုင်နက်အဖြစ်ပြောင်းလဲသွားကာ မိုးကြိုးများ ‌တာအိုသခင်ပေါ် ဆက်တိုက်ကျဆင်းလာလေတော့သည်။

“၀င်္ကပါ”

ပင်လယ်ရေလှိုင်းများ ထွက်ပေါ်လာခဲ့ပြန်ပြီး ထိုရေလှိုင်းများက ဧရာမကဗ္ဗည်းများအဖြစ်ပြောင်းလဲသွားကာ သတ်ဖြတ်ရေး၀င်္ကပါတစ်ခုဖြစ်တည်လာပြီး တာအိုသခင်ကို ထို၀င်္ကပါထဲတွင် ပိတ်ထားလိုက်၏။

သို့သော် တာအိုသခင်က တစ်ခွန်းသာပြောခဲ့သည်။

“မလုံလောက်သေးဘူး”

မရေတွက်နိုင်သော ဓားအလင်းများ သူ့ကိုယ်မှဖြာထွက်လာခဲ့၏။

မိုးကြိုး ၀င်္ကပါ ပင်လယ်ရေလှိုင်း အရာအားလုံးသည် သူ့ဓားဆန္ဒအောက်တွင် အားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရလေသည်။

ဓားအလင်းက အရပ်မျက်နှာပေါင်းစုံဆီ ဆက်လက်ပြန့်ကားသွားခဲ့ပြီး ကျန်းယန်ဆီသို့ပင် ရောက်ရှိလာခဲ့၏။

“သူ့ကို ကာကွယ်လိုက်” ဂူဒူအာ အမိန့်ပေးလိုက်သည်။

ဂူယန်ချက်ချင်းဆိုသလို ကျန်းယန်ကိုဆွဲကိုင်ကာ သူ့လက်ဖဝါးထဲ ထည့်ထားလိုက်၏။

ဂူယန် သူ့လက်ချောင်းများကိုဆုပ်လိုက်သောအခါ သူ့ကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။သူ့လက်ချောင်းများတွင်လည်း အကာအကွယ်အလွှာတစ်ခု ပေါ်လာခဲ့ပြီး တောအုပ်ထဲက အပင်ကြီးများလို ကျန်းယန်ကိုကာကွယ်ပေးထားခဲ့သည်။

ဓားအလင်းများသည် သူ့ကိုယ်ပေါ်သို့ သံမဏိပေါ်ရွာကျသော မိုးစက်များလို ကျဆင်းလာခဲ့ပြီး သူ့ကိုယ်ပေါ်တွင် မီးပွားများထွက်သွားသော်လည်း ခြစ်ရာတစ်ချက်မှ မထင်ခဲ့ပေ။

ကျန်းယန် သူ့လက်ဖဝါးပေါ်တွင် ဘေးကင်းစွာရပ်နေရင်း ကောင်းကင်ထက်ကတိုက်ပွဲကို တင်းကြပ်နေသော အမူအရာဖြင့် ကြည့်ရှုနေခဲ့၏။

တကယ့်တိုက်ပွဲအစစ်က စတင်ခဲ့ချေပြီ။

All Chapters