← Chapters

“ငါတည်ဆောက်ခဲ့တဲ့ မြို့”

Vol. 37 Ch. 384

“ငါတည်ဆောက်ခဲ့တဲ့ မြို့”

Vol. 37 Ch. 384

ဂိုဏ်းအသီးသီးမှ အဂ္ဂိရတ်ပညာရှင်များ အဇူရာတိမ်ဂိုဏ်းက ပို့ချလိုက်သော လျှို့ဝှက်ချက်များကို သယ်ဆောင်ကာ သူတို့ဂိုဏ်းများဆီ ပြန်သွားခဲ့ကြသည်။

နတ်ဝိညာဉ်အဆင့်များကို ဝာာအိုပေါင်းစည်းခြင်းအဆင့်ဆီတွန်းပို့ပေးနိုင်သောဆေးဆိုသည်မှာ အတော်လေးကြောက်စရာကောင်းသော ဆေးမျိုးဖြစ်၏။

ဤနှုန်းဖြင့်ဆိုလျှင် နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းက နတ်ဝိညာဉ်အဆင့်များအားလုံး တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်လာနိုင်ကြပေသည်။

အကယ်၍ သူတို့သာ ထိုဆေးကိုမသန့်စင်နိုင်လျှင် အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်းနှင့် မည်သို့ ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။

လန်ကျားအထွတ်အမြတ်မြေမှ အဂ္ဂိရတ်ပညာရှင်များ ဂိုဏ်းသို့ လျင်မြန်စွာ ပြန်လာခဲ့ကြ၏။

သူတော်စင်သခင် သူတို့သတင်းစကားကိုကြားပြီးနောက် မျက်မှောင်ကြုံ့သွားခဲ့သည်။

“‌တာအိုပေါင်းစည်းခြင်းဆေးရဲ့ ဆေးနည်းကိုအခုထိ မဖော်ထုတ်နိုင်သေးဘူးလား”

သူတို့သည်ကျန်းယန်ဆီမှ ထိုဆေးလုံးရရှိထားတာကြာပြီဖြစ်ပြီး ထိုစဉ်ကတည်းက လေ့လာနေခြင်းဖြစ်လေရာ ပထမဆုံး ထိုဆေးနည်းကို ဖော်ထုတ်နိုင်သူများ ဖြစ်သင့်ပေသည်။

အဂ္ဂိရတ်ပညာရှင်များ ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားခဲ့ကြ၏။

“ကျွန်တော်တို့တွေရဲ့ အရည်အချင်းမပြည့်၀မှုကြောင့်ပါပဲ…လပေါင်းများစွာ သုတေသနလုပ်ပြီးတဲ့နောက် အဲ့ဒီဆေးလုံးမှာ ဆေးပင်ပေါင်း ၃၇ မျိုးပါ၀င်တယ်ဆိုတာ တွက်ထုတ်နိုင်ခဲ့ပါတယ်

အဲ့ဒီထဲက ၃၂ မျိုးကိုတော့ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်

ဒါပေမယ့် ကျန်တဲ့ လက်ကျန် ၅မျိုးကိုတော့….ကျွန်တော်တို့ဘယ်လိုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး”

“အဲ့ဒီငါးမျိုးက ဆေးလုံးရဲ့ အဓိကပါ၀င်ပစ္စည်းတွေပါ သူတို့က အဆင့်ချိုးဖြတ်မှု အောင်မြင်နှုန်းကို တိုးမြှင့်ပေးတာ”

“ငါးမျိုးလား” သူတော်စင်သခင်၏ လေသံမြင့်သွားခဲ့သည်။

“ငါတို့ အဲ့တာတွေကိုအစားထိုးလို့ရလား” သူမေးလိုက်၏။

“မရပါဘူး” အဂ္ဂိရတ်ပညာရှင် အကြီးအကဲတစ်ယောက် ခေါင်းခါပြလိုက်သည်။

“အဲ့တာတွေ မပါရင် ဆေးလုံးကသာမန်ဆေးလုံးပဲ ဖြစ်သွားမှာပါ အများဆုံးမှ ဝိညာဉ်ကိုအားကောင်းစေရုံလောက်ပါပဲ”

“ပြီးတော့ အစားထိုးဖို့အတွက်က ဆေးပင်တစ်မျိုးအတွက် အခြားဆေးပင်၅ထောင်ကျော်လိုမှာပါ အားလုံးပေါင်းရင် ဆေးပင်ပေါင်း ၂၅၀၀၀ ကျော်သွားပါလိမ့်မယ် မဖြစ်နိုင်ပါဘူး”

သူတော်စင်သခင်တိတ်ဆိတ်သွားခဲ့၏။

အိမ်တစ်လုံးလောက်အရွယ်အစားရှိသွားသောဆေးလုံးကြီးက အသုံးဝင်မည် မဟုတ်ပေ။

သူအဇူရာတိမ်ဂိုဏ်းရှိရာဘက်သို့ ကြည့်လိုက်လေသည်။

သူတို့သည် ဆေးနည်းကို တိုက်ရိုက်တောင်းလိုက်သင့်ပါသလော။ မဟာမိတ်များ ဖြစ်ကြသော်လည်း ထိုအပြုအမူကတော့ သိပ်မသင့်တော်လှပေ။

အဇူရာတိမ်ဂိုဏ်းသည်ထိုဆေးအကြောင်း သင်ခန်းစာပင်ပို့ချပေးခဲ့ရာ သူတို့ရက်ရောမှုက လုံလောက်ပြီဟု ပြော၍ ရပေသည်။

သို့သော်ပါ၀င်ပစ္စည်းများအား မဖော်ထုတ်နိုင်လျှင် ၀ယ်လို့ရသော ပါ၀င်ပစ္စည်းဖြစ်နေလျှင်တောင် ဘာကို၀ယ်ရမလဲ ဘယ်သူမှ သိနိုင်ကြမည်မဟုတ်ပေ။

ဘယ်သူကမှတော့ ထိုပါ၀င်ပစ္စည်းက နှစ်ထောင်ချီသက်တမ်းရှိသော ဆေးပင်တစ်ပင်ဖြစ်ပြီး ဆေးပင်တစ်ပင်က သက်တမ်း နှစ်ထောင်ချီရှိနိုင်သည်ဟု တွေးမိကြလိမ့်မည် မဟုတ်ပေ။

သူတော်စင်သခင်သက်ပြင်းချကာ ဆက်လက် သုတေသနလုပ်ဖို့သာ အမိန့်ပေးလိုက်ရသည်။

ဤဆေးလုံးကို လျစ်လျူရှုမထားနိုင်လောက်အောင် အရေးကြီးသော အရာဖြစ်ပေသည်။

အကယ်၍ လန်ကျားအထွတ်အမြတ်မြေကသာ ရာနှင့်ချီ‌ေသာ တာအိုပေါင်းစည်းခြင်းအဆင့်များကို မွေးထုတ်ပေးနိုင်ခဲ့မည်ဆိုလျှင်…

အခြားဂိုဏ်းများကလည်း သူတို့လိုသာ တွေးနေခဲ့ပြီး ဆေးလုံး၏ ဆန်းကြယ်မှုအတွင်း နစ်မြောကုန်ကြ၏။

ထိုဂိုဏ်းများကြားထဲတွင် လေ့လာစရာ နမူနာဆေးလုံးတစ်လုံးရှိနေသော လန်ကျားအထွတ်အမြတ်မြေက တော်သေးသည်။ ဘာမှမရှိဘဲ အစကစရသော အခြားဂိုဏ်းများက သူတို့ထက် ပိုဆိုး၏။ ထိုလန်ကျားအထွတ်အမြတ်မြေတောင် အောင်မြင်အောင် မသန့်စင်နိုင်လျှင် အခြားဂိုဏ်းများအတွက်ကတော့ ပြောစရာပင် မလိုတော့ပေ။

မရေတွက်နိုင်သော အဂ္ဂိရတ်ပညာရှင်များက ဆေးလုံးသန့်စင်ရင်း အလုပ်ရှူပ်နေကြချိန်တွင် များစွာသော လက်နက်သန့်စင်သူများကလည်း ကောင်းကင်‌အခြေပြုလက်နက်နှင့် ဖျက်ဆီးသူ ၁ တို့ကို သုတေသနလုပ်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။

ရလဒ်အနေဖြင့် ဂိုဏ်းများ၏ လက်နက်နှင့်ဆေးလုံး ထုတ်လုပ်နှုန်းက ကျဆင်းလာခဲ့၏။

ထိုစဉ် အဇူရာတိမ်မြို့ကတော့ တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့သည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဂိုဏ်းများမှထွက်လာသော တပည့်များ နှင့် မိသားစုငယ်လေးများက အဇူရာတိမ်မြို့ထဲတွင် စုဝေးလာခဲ့ကြ၏။

နောက်ဆုံးတွင် နေထိုင်ခွင့်ထုတ်ပေးသော ရုံးပင် ပိတ်လိုက်ရပြီး စာရင်းပေးထားသူများကိုသာမြို့ထဲ ၀င်ခွင့်ပြုတော့သည်။

အဇူရာတိမ်မြို့က ရိုးရှင်းစွာပင် လူဦးရေထူပြောလာခဲ့၏။

မြို့ပြင်တွင်ပင် အသိပေးချက်တစ်ခုကို ချိတ်ဆွဲထားခဲ့ရသည်။

“ကျေးဇူးပြုပြီး စိတ်ရှည်ပေးကြပါ အဇူရာတိမ်မြို့ကို အလျင်အမြန်ပဲချဲ့ထွင်နေပါတယ် အားလုံးပြီးသွားတဲ့အခါ မြို့ထဲ၀င်လိုသူမှန်သမျှကို ၀င်ခွင့်ပေးမှာပါ ဘယ်သူ့ကိုမှ ငြင်းဆန်မှာ မဟုတ်ပါဘူး”

“ဧည့်သည်ဝောာ်များအားလုံး နားလည်ပေးဖို့မျှော်လင့်ပါတယ် မြို့ပြင်မှာ စောင့်ဆိုင်းနေခဲ့ရသူအားလုံးကို မြို့ထဲ၀င်တဲ့အခါ လျော်ကြေးအနေနဲ့ တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၃တုံးဆီ ပေးအပ်သွားမှာပါ”

ထိုကြေငြာချက်သည် ကျန်းကျစ်ချိုး၏အဖွဲ့ဆီကထွက်လာသော ကြေငြာချက်ဖြစ်ပြီး လူအုပ်ကြီးကို ထိန်းထားဖို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျင်တောင် မြို့ပြင်တွင်ရောက်နေသော ကျင့်ကြံသူပမာဏက သောင်းချီနေပြီဖြစ်ပြီး သာမန်လူအရေအတွက်ဆို ပိုပင်များနေပြီဖြစ်သောကြောင့် အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိလာခဲ့၏။

ထိုစဉ် ရွှေအမြုတေအဆင့်တစ်ယောက် ရှေ့ထွက်လာခဲ့လေသည်။

“ငါတို့လျော်ကြေးမလိုချင်ဘူး ငါတို့မြို့ထဲပဲ၀င်ချင်တာ မြို့ကိုတိုးချဲ့တဲ့နေရာမှာ ငါတို့ကူညီပေးနိုင်ပါတယ်”

အခြားသူများလည်း သဘောတူကြပြီး လုပ်အားပေးမည်ဟု တညီတညာတည်း အသံထွက်လာခဲ့ကြ၏။

သူတို့သည် နောက်တစ်ခေါက် အဇူရာတိမ်ဂိုဏ်းက ကျင်းပမည့် ဂုဏ်ပြုစားသောက်ပွဲကို လွတ်သွားမှာ ကြောက်နေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် တတ်နိုင်သမျှမြန်မြန် သူတို့မြို့ထဲ၀င်လိုကြ၏။

ကျန်းကျစ်ချိုး ထိုအကြောင်းကျန်းယန်ကို သတင်းပို့လိုက်လေသည်။

“သူတို့ကိုလက်ခံလိုက်” ကျန်းယန် ချက်ချင်းပြောလိုက်သည်။

“သူတို့က ကျင့်ကြံသူတွေ နည်းစနစ်တကျ လုပ်ခိုင်းလိုက်ရင် ငါတို့ဆောက်လုပ်ရေး လုပ်ငန်းစဉ်က အဆပေါင်းများစွာ ပိုမြန်လာလိမ့်မယ်”

“သူတို့ကိုစီစဉ်ပေးလိုက် အခုတော့ သူတို့လုပ်ငန်းခွင်ထဲမှာပဲ နေရဦးမယ် မြို့ကို ချဲ့ထွင်ပြီးသွားရင်တော့ သူတို့က မြို့သားတွေဖြစ်လာကြလိမ့်မယ်”

“ပြီးတော့ သူတို့ကိုပြောလိုက် အနာဂတ်သင်ခန်းစာပို့ချတဲ့အခါတွေမှာ သူတို့ကိုလည်း နားထောင်ခွင့်ပေးမယ်လို့”

“အို့ ပြီးတော့ သူတို့ကိုလုပ်အားခလည်းပေးလိုက်နော် ဈေးမနှိမ်နဲ့”

ထို့နောက် သူသာမန်အတိုင်း မေးလိုက်၏။

“မင်းမှာရန်ပုံငွေရော ရှိသေးလား”

ကျန်းကျစ်ချိုး ရယ်မောလိုက်လေသည်။

“စိတ်ပူစရာမလိုပါဘူး အစ်ကိုကြီး မြို့ကိုချဲ့ထွင်ရတာက အကုန်အကျများပေမယ့် မြို့ကရတဲ့ ၀င်ငွေကလည်း မနည်းလှဘူးလေ ကျွန်တော်တို့မှာ စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀တောင်ကျန်သေးတယ်”

“ကောင်းတယ်” ကျန်းယန်ပြောလိုက်၏။

“ဒါဆို ရဲရဲဝံ့ဝံ့သာ ချဲ့ထွင်ပေတော့ မြို့ကို အစီအစဉ်ထဲက မြို့အတိုင်းဖြစ်‌သွားအောင် ပြောင်းလဲပစ်လိုက်”

မကြာခင်တွင် အမိန့်တစ်ခု ထွက်လာခဲ့လေသည်။

သောင်းချီသော ကျင့်ကြံသူများက တည်ဆောက်ရေးလုပ်ငန်းများတွင် ပါ၀င်လာခဲ့ကြပြီး ၀န်ထမ်းများ၏ ကြီးကြပ်မှုအောက်တွင် ထိုကျင့်ကြံသူများသည် သူတို့ကိုယ်ပိုင်နည်းစနစ်များကိုသုံးကာ မြို့ကို ပြောင်းလဲကြလေတော့၏။

မြို့ကိုပြောင်းလဲပစ်ဖို့ အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသောင်းချီသောကျင့်ကြံသူများသည် မှော်ဂါထာမျိုးစုံကိုသုံးကာ မြို့ကိုတညဆောက်ခဲ့ကြခြင်းကြောင့် ဖြစ်၏။

ပိုအရေးကြီးသည်မှာ ထိုကျင့်ကြံသူများစိတ်ထဲ အတွေးတစ်ခုလည်း ၀င်သွားခဲ့သည်။

ဒီမြို့ကို…ငါတို့တည်ဆောက်ခဲ့တာ

တကယ်လို့ တစ်ယောက်ယောက်က ဒီမြို့ကိုဖျက်ဆီးချင်တယ်ဆိုရင်

ငါတို့က အဲ့ဒီလူတွေကို ဒီမြို့ရဲ့နံရံတွေထဲမှာ မြှုပ်နှံပစ်ရလိမ့်မယ်….

All Chapters