အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) - တရားသောလမ်းစဉ် (၁)
တာ့ဟွမ်က ကြမ်းပြင်ပေါ်တွင် ဝပ်နေပြီး မျက်လုံးများ မှေးစင်းကာ အမြီးကို တဖျတ်ဖျတ် လှုပ်ယမ်းနေ၏။
ရှောင်ဟွေးမှာမူ ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း တောက်ပသော မျက်လုံးအစုံဖြင့် ကျန်းရှောင်ဖန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို ကြည့်နေလေသည်။ ကျန်းရှောင်ဖန်းက သူ့ကို စိုက်ကြည့်ရင်း မောပန်းနွမ်းနယ်စွာ ပြောလိုက်သည်။
"ဘာကြည့်နေတာလဲ…"
ရှောင်ဟွေးက သူပြောသည်ကို နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းက "ကွိကွိ" ဟု အော်၍ တုံ့ပြန်လိုက်သည်။
၎င်း၏သခင် ဒဏ်ရာရနေသော်လည်း ဤမျောက်ကလေး၏ မျက်နှာတွင် စိုးရိမ်သည့်အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ကျန်းရှောင်ဖန်း ဒုက္ခရောက်နေသည်ကို ကြည့်ကာ ပျော်ရွှင်နေပုံရလေသည်။
ကျန်းရှောင်ဖန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"သွား... သွားစမ်း... အပြင်ထွက်သွားတော့"
ထိုစဉ် တံခါးဝမှ ခြေသံများကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ဖန်း ပြုံးလိုက်ပြီး ပြောလိုက်သည်။
"အစ်ကို ၆ ... ဒီနေ့ ထမင်းလာပို့တာ စောလှချည်လား…"
သို့သော် တံခါးဝမှ ထျန်းပုယီ၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီး ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏အသံမှာ ရုတ်ချည်း ရပ်တန့်သွားလေသည်။ ကျန်းရှောင်ဖန်းမှာ အလွန်အံ့အားသင့်သွားရလေသည်။
ယခုရက်ပိုင်းအတွင်း ဆရာကတော် စုရုက သူ့ကို တိတ်ဆိတ်ငြိမ်သက်စွာ အနားယူစေသဖြင့် ထျန်းလင်းအာ အပါအဝင် စီနီယာအစ်ကိုများအားလုံးမှာလည်း သူ့ထံ တစ်ခေါက်စီသာ လာရောက်ခဲ့ကြသည်။
စီနီယာအစ်ကိုကြီး စုန့်တာ့ရန်သာလျှင် သူ၏ ထမင်းသုံးနပ်ကို လာပို့ပေးနေခြင်း ဖြစ်၏။ ထျန်းပုယီ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။
သူသည် ထိတ်လန့်တုန်လှုပ်သွားပြီးမှ သတိဝင်လာကာ ကုတင်ပေါ်မှ ဆင်း၍ ဂါရဝပြုရန် ပြင်လိုက်သည်။ ထျန်းပုယီ၏ စိတ်အခြေအနေမှာ မတည်မငြိမ် ဖြစ်နေသဖြင့် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"မလိုဘူး"
ကျန်းရှောင်ဖန်းက ပြန်ထူးလိုက်ပြီး ဘေးတွင် ရပ်နေလိုက်သည်။ ထျန်းပုယီ စားပွဲတွင် ဝင်ထိုင်လိုက်သည်ကို ကြည့်ရင်း သူ အသက်ကိုပင် မဝံ့မရဲ ရှူနေရလေသည်။
ထျန်းပုယီက ဤတပည့်၏ တုံ့ပြန်မှုကို ကြည့်လိုက်၏။ မည်သို့ပင် ကြည့်စေကာမူ ကျန်းရှောင်ဖန်းမှာ ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦးနှင့် မတူဘဲ အနည်းငယ် ထုံအနေသူနှင့်သာ တူနေသည်။
သို့သော်လည်း အဘယ်ကြောင့်......
ထျန်းပုယီက ခေါင်းခါလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ဆိုသည်။
"နံပါတ်ခုနစ်... ဒီမှာ လာထိုင်စမ်း"
ကျန်းရှောင်ဖန်း နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။ ပုံမှန်အားဖြင့် ထျန်းပုယီက သူ့ကို ဂရုမစိုက်တတ်ပေ။ ယနေ့တွင်မူ သူ့အပေါ် အနည်းငယ် ကြင်နာပြနေသဖြင့် သူ၏နားပင် မယုံနိုင်အောင် ဖြစ်နေရသည်။
ထျန်းပုယီက ခဏစောင့်သော်လည်း ကျန်းရှောင်ဖန်းမှာ သူ့ကိုသာ ကြောင်ကြည့်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ အနည်းငယ် စိတ်ဆိုးသွားပြီး ပြောလိုက်သည်။
"ငါက မင်းကို ထိုင်ပါလို့ တောင်းပန်နေရဦးမှာလား"
ဤဟောက်သံမှာ ဒေါသအငွေ့အသက်များ ပါဝင်နေသဖြင့် ကျန်းရှောင်ဖန်းလည်း သူရင်းနှီးနေကျ ဆရာ့ပုံစံကို ပြန်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် ဝင်ထိုင်လိုက်လေသည်။
ထျန်းပုယီ ခေတ္တမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါကာ မေးလိုက်သည်။
"ခန္ဓာကိုယ် အခြေအနေ ဘယ်လိုလဲ"
ကျန်းရှောင်ဖန်းက ရိုသေစွာဖြင့် ပြန်ဖြေလိုက်၏။
"ဆရာ့ကို တင်ပြပါတယ်။ ထုံထျန်းတောင်ထိပ်က ပြန်လာပြီးကတည်းက ဆရာနဲ့ ဆရာကတော်တို့ရဲ့ ကုသပေးမှု၊ စီနီယာအစ်ကိုတွေရဲ့ ဂရုစိုက်မှုကြောင့် အခုဆိုရင် အတော်လေး သက်သာနေပါပြီ"
ထျန်းပုယီက သူ့ကို ကြည့်ကာ ခပ်အေးအေးပင် ဆို၏။
" သိုင်းပြိုင်ပွဲ ပြီးတာ တစ်လကျော်သွားပြီဆိုတော့ မင်းလည်း အတော်လေး ပြန်ကောင်းလာပုံပဲ။ မင်းကို အခုချက်ချင်း ဖြေခိုင်းရမယ့် မေးခွန်းတချို့ ငါ့မှာ ရှိတယ်"
ကျန်းရှောင်ဖန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ သူ အကြောက်ဆုံးအရာ ရောက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူ့အနေဖြင့် ဤသို့သာ ပြန်ပြောနိုင်လေသည်။
"ဟုတ်ကဲ့ပါ ဆရာ... မေးပါ"
ထျန်းပုယီက မေးလိုက်၏။
"မင်းရဲ့ အနက်ရောင်တုတ်ကို ဘယ်က ရခဲ့တာလဲ"
ကျန်းရှောင်ဖန်း၏ နှလုံးခုန်သံများ မြန်လာပြီး ထျန်းပုယီကို ကြည့်လိုက်၏။ ထျန်းပုယီကလည်း သူ့ကို စိုက်ကြည့်နေသည်။ ဆရာ့မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများမှာမူ ထွင်းဖောက်ကြည့်နေသကဲ့သို့ပင်။
သူ့ခေါင်းထဲတွင် အတွေးပေါင်း ထောင်သောင်းချီ ဝင်လာသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ ထျန်းပုယီ၏ မျက်နှာ ပိုမိုတင်းမာလာပြီး အမိန့်ပေးလိုက်သည်။
"ပြောစမ်း"
ဆရာ့၏ ဖိအားကြောင့် ကျန်းရှောင်ဖန်း၏ နဖူးတွင် ချွေးများ စို့လာလေသည်။
သူသည် အတွေ့အကြုံ မရှိသူ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က တောင်နောက်ဘက် ချောက်ကမ်းပါးတွင် သွေးစုပ်ပုလဲနှင့် ထူးဆန်းသော အမည်းရောင်တုတ်တို့ မတော်တဆ ပေါင်းစပ်သွားခဲ့သည်မှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။
စီနီယာအစ်ကိုများ၏ ပြောစကားများအရ တရားသောလမ်းစဉ်သည် သွေးစုပ်နိုင်သော အစွမ်းရှိသည့် မိစ္ဆာလက်နက်များကို မည်သည့်အခါမျှ ခွင့်မပြုပေ။
အကယ်၍ ထျန်းပုယီသာ အဖြစ်မှန်ကို သိသွားပါက ဖြစ်လာမည့် အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်ပေ။
ထို့အပြင် သူ၏ရင်ထဲတွင် ပြောပြရန် အကြောက်ဆုံး အကြောင်းအရာတစ်ခု ရှိနေသေးသည်။
အထူးသဖြင့် ဖူကျစ်မှာ ထျန်းယင်ကျောင်းတော်၏ သာဝကလေးပါးထဲမှ တစ်ပါးဖြစ်ကြောင်း သိလိုက်ရပြီး သူသင်ပေးခဲ့သည့် မန္တန်များကို သတိရလိုက်ချိန်တွင် ပို၍ပင် စိုးရိမ်မိတော့သည်။
ထိုခဏ၌ သူသည် မည်သို့ပင် ဖြစ်လာပါစေ ဖူကျစ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အနည်းငယ်မျှပင် မပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
ထျန်းပုယီက သူ့ကို စိုက်ကြည့်နေသည်။
ကျန်းရှောင်ဖန်းက ထိုင်ခုံမှ ဆင်းကာ ဒူးထောက်လိုက်လေသည်။
"ဆရာ"
ထျန်းပုယီက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ပြော…"
ကျန်းရှောင်ဖန်းက ခေါင်းငုံ့ထားရင်း ဖြည်းညှင်းစွာ ဆို၏။
"ဒီအနက်ရောင်တုတ်ကို စီနီယာမမနဲ့ တောင်နောက်ဘက်က ချောက်ထဲ သွားတုန်းက မတော်တဆ တွေ့ခဲ့တာပါ"
ထျန်းပုယီ အံ့အားသင့်သွားပြီး လွန်ခဲ့သော နှစ်နှစ်က အဖြစ်အပျက်ကို သတိရသွား၏။ ထိုစဉ်က ထျန်းလင်းအာမှာ တောင်နောက်ဘက် ချောက်ထဲတွင် အကြောင်းရင်းမရှိဘဲ သတိမေ့သွားခဲ့သည်။
စုရုက သွားရောက်စစ်ဆေးခဲ့သော်လည်း ထူးခြားမှု မတွေ့ခဲ့ပေ။ နောက်ပိုင်းတွင် သူကိုယ်တိုင် သွားခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရသဖြင့် ၎င်းမှာ ပဟေဠိတစ်ခု ဖြစ်ကျန်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ ထိုအကြောင်းကို မေ့သွားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုအနက်ရောင်တုတ်ကြောင့် ဖြစ်ပုံရသည်။
သို့သော် မည်သူမျှ မထိန်းချုပ်ဘဲ ထျန်းလင်းအာကိုပင် သတိမေ့သွားအောင် လုပ်နိုင်သည့် လက်နက်မှာ မည်မျှအန္တရာယ်များမည်နည်း။
ကျန်းရှောင်ဖန်းကကော ၎င်းကို မည်သို့ ထိန်းချုပ်နိုင်သနည်း။ ပဟေဠိမှာ ပို၍ ရှုပ်ထွေးလာလေသည်။ ထျန်းပုယီက အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"မင်း အဲဒါကို ဘယ်လို ရခဲ့တာလဲ"
ကျန်းရှောင်ဖန်းသည် ထျန်းပုယီက သူ၏အမူအရာကို မြင်သွားမည်စိုးသဖြင့် ခေါင်းမဖော်ဝံ့ပေ။ သူသည် ထက်မြက်သူ မဟုတ်သဖြင့် ယခုကဲ့သို့ အကျပ်အတည်းတွင် အကြောင်းပြချက်ကောင်းကို ချက်ချင်း မစဉ်းစားနိုင်ပေ။
ထျန်းပုယီက သူ ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ပြောစမ်း"
ကျန်းရှောင်ဖန်း ထိတ်လန့်သွားပြီး ချွေးများမှာ မိုးရေကဲ့သို့ စီးကျလာလေသည်။ နှလုံးခုန်သံများလည်း မြန်လာ၏။
သူ ထပ်မံ ဖုံးကွယ်မထားဝံ့တော့သဖြင့် ထိုနေ့က အဖြစ်အပျက်များကို ပြောပြလိုက်သော်လည်း သွေးစုပ်ပုလဲ အကြောင်းကိုမူ ချန်လှပ်ထားခဲ့သည်။
ချောက်ထဲတွင် အမည်းရောင်တုတ်တစ်ချောင်းကို တွေ့သဖြင့် စူးစမ်းလိုစိတ်ဖြင့် ကောက်ယူလိုက်ကြောင်းသာ ပြောပြလိုက်သည်။
ထိုစဉ် ထိုတုတ်က သူ၏သွေးကို စုပ်ယူလိုက်သဖြင့် သူ မူးဝေကာ သတိမေ့သွားခဲ့ကြောင်းနှင့် သတိမေ့မသွားခင် ထိုတုတ်က သူ၏သွေးများကို စုပ်ယူနေသည်ကို မြင်လိုက်ရကြောင်း ပြောပြလိုက်လေသည်။
သူ ပြောပြပြီးသွားသော်လည်း ထျန်းပုယီကို မကြည့်ဝံ့သေးပေ။ ထျန်းပုယီက မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။ ဤတပည့်လေးမှာ လိမ်ညာနေပုံမရပေ။
ဤကဲ့သို့သော ထူးခြားသည့် လက်နက်စွမ်းအားအကြောင်းမှာ လုပ်ကြံပြောဆိုရန် ခက်ခဲလှသည်။ သို့သော် ဤကဲ့သို့သော လက်နက်မျိုးကို သူ တစ်ခါမျှ မကြားဖူးပေ။
အကယ်၍ ဤအနက်ရောင်တုတ်နှင့် ဆင်တူသည့်အရာ ရှိသည်ဆိုပါက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နတ်ဆိုးဂိုဏ်း၏ 'သွေးစုပ်ပုလဲ' သာ ရှိပေလိမ့်မည်။
သို့သော် ဤအနက်ရောင်တုတ်မှာ သွေးစုပ်ပုလဲနှင့် လုံးဝမတူသည်မှာ ထင်ရှားလှသည်။
ထျန်းပုယီက မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ကာ စဉ်းစားနေသည်။ ထို့နောက် ကျန်းရှောင်ဖန်းဘက် လှည့်ကာ ဆို၏။
"အရင် ထဦး"
ကျန်းရှောင်ဖန်းက ပြန်ထူးကာ မတ်တပ်ရပ်လိုက်သော်လည်း ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး ဘေးတွင် ကပ်ရပ်နေလေသည်။
"ဒါတောင်မှ အဲဒီလက်နက်က မင်းနဲ့ သွေးချင်းဆက်နွှယ်နေပြီ။ ဒါဟာ သွေးနဲ့ပေါင်းစပ်ထားတဲ့ လက်နက်တစ်ခုပဲ"
ကျန်းရှောင်ဖန်းက နားမလည်ဘဲ မေးလိုက်သည်.ယ
"ဆရာ... သွေးနဲ့ပေါင်းစပ်ထားတဲ့ လက်နက်ဆိုတာ ဘာလဲဟင်"
ထျန်းပုယီက တစ်ချက်မျှ တုန့်ခနဲ ဖြစ်သွားပြီးမှ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မင်း မသိလည်း ကိစ္စမရှိဘူး။ ငါ့မေးခွန်းကိုသာ နားထောင်စမ်း"
ကျန်းရှောင်ဖန်းက ချက်ချင်း ခေါင်းပြန်ငုံ့လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ။"
ထျန်းပုယီက သူ့ကို ကြည့်ကာ ဆို၏။
"ဒီအနက်ရောင်တုတ်က လောကမှာ မသိသေးတဲ့ ရတနာလက်နက်တစ်ခု ဖြစ်နေရင်တောင် အဲဒါကို အသုံးချနိုင်ဖို့ဆိုရင် မင်းရဲ့ ထိုက်ချိရွှမ်ချင်တာအိုက ယွီချင်းအဆင့် လေးကို ရောက်နေရမယ်"
ကျန်းရှောင်ဖန်း၏ မျက်နှာ ပျက်သွားလေသည်။
ထျန်းပုယီက ဖြည်းညှင်းစွာ မေးလိုက်သည်။
"အဲဒီနေ့က ထုံထျန်းတောင်ထိပ်မှာ ငါ မင်းကို မေးခဲ့ပြီးပြီ။ အခု တစ်ခါ ထပ်မေးမယ်။ အဆင့် လေး ရောက်ဖို့အတွက် မန္တန်တွေကို မင်းကို ဘယ်သူပေးခဲ့တာလဲ"
ကျန်းရှောင်ဖန်း တုန်လှုပ်သွားရ၏။ သူသည် ထူးဆန်းသော အနက်ရောင်တုတ်ကြောင့်ပင် ပြဿနာအကြီးအကျယ် တက်နေပြီဖြစ်သည်။
အကယ်၍ မန္တန်များကို ခိုးယူလေ့ကျင့်ခဲ့သည်ဟုသာ ဆိုပါက အပြစ်ပေးခံရမည့်အရေးမှာ တွေးဝံ့စရာပင် မရှိတော့ပေ။
အခန်း (၆၀) - တရားသောလမ်းစဥ် (၂)
ထိုခဏ၌ ထျန်းလင်းအာ၏ မျက်နှာမှာ သူ၏မျက်စိရှေ့တွင် ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမနှင့်အတူ တောင်ပေါ်တွင် ဝါးပင်များ ခုတ်ခဲ့ပုံ၊ မိုးရွာသောညတွင် ဆီမီးရောင်အောက်မှ သူမ၏ နူးညံ့သော မျက်နှာနှင့် တာ့ကျူးတောင်ထိပ်တွင် အတူတူ ပြေးလွှားခဲ့ကြပုံများအပြင် သူမ၏ ကိုယ်သင်းရနံ့လေးကိုပင် သူ အထင်အရှား မှတ်မိနေသေးသည်။
အမှတ်တရတိုင်းမှာ သူ၏ရင်ထဲတွင် ပြန်လည် နိုးထလာ၏။
သူသည် ဒူးထောက်လိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် ထိသည်အထိ အားပါပါ ဦးချလိုက်သော်လည်း မည်သည့်စကားမျှ မဟပေ။
သူသည် ကြမ်းပြင်ပေါ်တွင် ဝပ်နေရင်း လုံးဝ မလှုပ်ရှားတော့ပေ။ နလန်ထူကာစ ခန္ဓာကိုယ်လေးမှာ ပိန်လှီသော်လည်း ကြံ့ခိုင်ပုံရပြီး ဝမ်းနည်းမှု အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
ထျန်းပုယီက သူ့ကို လေးနက်စွာ စိုက်ကြည့်နေ၏။ ခဏအကြာတွင် သူက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ပြောလိုက်လေသည်။
"ထတော့။ ငါနဲ့အတူ ထုံထျန်းတောင်ထိပ်ကို လိုက်ခဲ့။ မင်း အသက်ရှင်လျက် ပြန်လာနိုင်မလားဆိုတာကတော့ မင်းရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်"
...
ချင်းယွင်တောင်၊ ထုံထျန်းတောင်ထိပ်၊ ယွီချင်းနန်းဆောင်။
မြူခိုးများ လွှမ်းခြုံထားသည့်ကြားတွင် နတ်ဘုံနတ်နန်းကဲ့သို့ အေးချမ်းတိတ်ဆိတ်နေလေသည်။
ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်သခင်များ အားလုံး ထိုနေရာတွင် စုဝေးနေကြသည်။ သူတို့၏ မျက်လုံးများမှာ ဒူးထောက်နေသော လူငယ်လေးအပေါ်သို့ ကျရောက်နေကြသည်။
ဂိုဏ်းချုပ်တာအိုရွှမ်က ဒူးထောက်နေသော ကျန်းရှောင်ဖန်းကို ကြည့်ရင်း လွန်ခဲ့သော ငါးနှစ်က ကယ်တင်ခဲ့သည့် ကလေးငယ်နှစ်ဦး၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာလေသည်။
အချိန်များမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ထိုကလေးများမှာလည်း အရွယ်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
သူသည် ရင်ထဲမှ သက်ပြင်းချလိုက်ပြီး ကျန်းရှောင်ဖန်းထံမှ မျက်လုံးလွှဲကာ အခြားတောင်ထိပ်သခင်များကို ကြည့်၍ မေးလိုက်သည်။
"အားလုံးပဲ... ကျန်းရှောင်ဖန်း အခုလေးတင် ပြောသွားတဲ့အပေါ်မှာ မင်းတို့ရဲ့ အမြင်က ဘယ်လိုရှိလဲ"
သူတို့အားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးနောက် လုံရှို့တောင်ထိပ်သခင် ချန်းစုန့်၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာလေသည်။
"ဒီကောင်လေးရဲ့ စကားကို ယုံလို့မရဘူး"
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ် တုန်ရင်သွားသော်လည်း ခေါင်းကိုမူ မဖော်ပေ။
တာအိုရွှမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"စီနီယာညီ ချန်းစုန့်... ဘာလို့ အဲ့လိုထင်ရတာလဲ"
ချန်းစုန့်က ကျန်းရှောင်ဖန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"သွေးနဲ့ပေါင်းစပ်တဲ့ ပညာရပ်က မိစ္ဆာဆန်ပြီး ရက်စက်လွန်းတယ်။ နတ်ဆိုးဂိုဏ်းသားတွေက သင်ပေးတာ မဟုတ်ရင် သူက ဘယ်လိုလုပ် ဒီလိုလက်နက်မျိုးကို ဖန်တီးတတ်မှာလဲ”
“ဒါကြောင့် ဒီလူဟာ နတ်ဆိုးဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှိုပဲ ဖြစ်ရမယ်။ သူ့ကို အသက်ရှင်ခွင့် မပေးသင့်ဘူး"
ချန်းစုန့်မှာ ချင်းယွင်ဂိုဏ်း၏ အပြစ်ပေးမှုများကို တာဝန်ယူထားရသူ ဖြစ်သဖြင့် သြဇာအာဏာ ကြီးမားလှသည်။
သူ၏ အသံမှာ အလွန်ပင် ပြတ်သားလှသဖြင့် ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး အသက်ပင် မရှူနိုင်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။
မည်သူမျှ စကားမပြောကြသော်လည်း ထျန်းပုယီ၏ မျက်နှာမှာ တင်းမာနေပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။
"တကယ်လို့ သူက ချင်းယွင်ဂိုဏ်းထဲကို တမင်တကာ စေလွှတ်လိုက်တဲ့ သူလျှိုဆိုရင် ဘာလို့ သိုင်းပြိုင်ပွဲမှာ လူပေါင်း ထောင်သောင်းချီရဲ့ ရှေ့မှာ ဒီလက်နက်ကို ထုတ်သုံးရမှာလဲ"
ချန်းစုန့်က နှာခေါင်းရှုံ့လိုက်ပြီး ဆို၏။
"နတ်ဆိုးဂိုဏ်းသားတွေရဲ့ စိတ်ကို ခန့်မှန်းရ ခက်ပါတယ်။ ဒီလို ထူးဆန်းတဲ့အရာတွေ လုပ်တာ မထူးဆန်းဘူးလေ"
ထျန်းပုယီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဒါက အတင်းအဓမ္မ စွပ်စွဲရာ မကျလွန်းဘူးလား။ လုံးဝ ယုတ္တိမရှိဘူး"
ချန်းစုန့်က အေးစက်စွာပင် တုံ့ပြန်လိုက်သည်။
"ငါက ယုတ္တိမရှိဘူး ဟုတ်လား။ စီနီယာညီထျန်း... သွေးနဲ့ပေါင်းစပ်တဲ့ ပညာရပ်ဟာ တရားသောလမ်းစဉ်ကလားလို့ ငါ့ကို ဖြေစမ်း"
ထျန်းပုယီ မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး နီမြန်းလာလေသည်။ ထျန်းပုယီသည် မိမိတပည့်ဘက်မှ ကာကွယ်နေသည်မှာ သိသာလှသည်။
ထိုကဲ့သို့ အနေရခက်သော အချိန်တွင် အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ရှောင်ကျူးတောင်ထိပ်သခင် ရွှေယွဲ့ ဖြစ်လေသည်။
"ဒါဆိုရင် စီနီယာအစ်ကို ချန်းစုန့်ကို ကျွန်မ မေးပါရစေ။ သွေးနဲ့ပေါင်းစပ်တဲ့ ပညာရပ်ဟာ မိစ္ဆာဆန်ပြီး ရက်စက်တယ်လို့ ပြောခဲ့တယ်နော်”
“ဒါဆိုရင် အဲဒီပညာရပ်က ဘယ်လိုကြောင့် မိစ္ဆာဆန်တာလဲ၊ ဘယ်လိုကြောင့် ရက်စက်တာလဲဆိုတာ ပြောပြပေးပါလား"
ချန်းစုန့်က စကားပြောရန် ပြင်လိုက်သော်လည်း တုန့်ခနဲ ဖြစ်သွားပြီးမှ ဆို၏။
"အဲဒါက နတ်ဆိုးဂိုဏ်းရဲ့ ပညာရပ်လေ... ဒီထက် ဘာပြောဖို့ လိုသေးလဲ"
ရွှေယွဲ့က အေးစက်စွာ ဆို၏။
"ဒါဆိုရင် စီနီယာအစ်ကို ချန်းစုန့်ကိုယ်တိုင်လည်း သွေးနဲ့ပေါင်းစပ်တဲ့ ပညာရပ်အကြောင်း ဘာမှမသိဘူးပေါ့။ ဘာမှမသိဘဲနဲ့ ဘာလို့ ဒါဟာ မိစ္ဆာဆန်တယ်လို့ ပြောပြီး ဒီကလေးကို သတ်ချင်နေရတာလဲ"
ချန်းစုန့်က ရွှေယွဲ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း ဆို၏။
"ရွှေယွဲ့... မင်း ဘာကို ဆိုလိုတာလဲ"
ရွှေယွဲ့က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"စီနီယာတို့... ပထမအချက်က ကျွန်မကိုယ်တိုင်လည်း ဒီပညာရပ်အကြောင်း သိပ်မသိပါဘူး။ ကောလာဟလတွေ ရှိပေမယ့် အများစုက ခန့်မှန်းချက်တွေပဲ”
“အကယ်၍ သွေးနဲ့ပေါင်းစပ်ခြင်းက တကယ်ပဲ မတော်တဆ ဖြစ်နိုင်တယ်ဆိုရင် ကျွန်မတို့ လူမှားသတ်မိရာ မရောက်ဘူးလား”
“ဒုတိယအချက်က ဒီကလေးက အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ သူ့ရဲ့ နောက်ကြောင်းကလည်း ရှင်းနေတာပဲ။ သူ့ကို နတ်ဆိုးဂိုဏ်းသားလို့ ပြောနေတာက ယုတ္တိမရှိလွန်းပါဘူး"
ချန်းစုန့်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများမှာ ထက်ရှနေလေသည်။
"ရွှေယွဲ့က ဒီနေ့မှ ထူးထူးခြားခြား ဒီကောင်လေးဘက်က ဘာလို့ ကာကွယ်ပေးနေတာလဲဆိုတာ နားလည်ရ ခက်လှချည်လား"
ရွှေယွဲ့၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြန်ပြောလိုက်သည်။
"ကျွန်မက အမှန်တရားကိုပဲ ပြောတာ။ အခြားတောင်ထိပ်မှာ ပါရမီရှင်တစ်ယောက် ထွက်လာတာကို ကြည့်ပြီး ကိုယ့်နေရာအတွက် အန္တရာယ်ရှိမှာစိုးလို့ မဟုတ်မဟတ်တွေ စွပ်စွဲပြီး ဖယ်ရှားပစ်ချင်တဲ့သူမျိုးကိုတော့ ကျွန်မ တကယ်ရွံတယ်"
ဤနေရာတွင် ရွှေယွဲ့ကဲ့သို့ လျှာစောင်းထက်သူ မရှိပေ။ ချန်းစုန့်မှာ ဒေါသအလိပ်လိပ် ထွက်လာပြီး ချက်ချင်းပင် ထိုင်ရာမှ မတ်တပ်ရပ်လိုက်လေသည်။
တာအိုရွှမ်က ချက်ချင်း ကြားဖြတ်တားမြစ်လိုက်၏။
"ကဲ... တော်ကြတော့။ ဘာလို့ ပြိုင်ငြင်းနေကြတာလဲ။ ထိုင်ကြ... ထိုင်ကြ"
ချန်းစုန့်သည် ဂိုဏ်းချုပ်၏ အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ပြန်ထိုင်လိုက်၏။ ရွှေယွဲ့မှာမူ ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် တည်ငြိမ်စွာ ထိုင်နေလေသည်။
တာအိုရွှမ်က ခေါင်းခါလိုက်ပြီး အခြားသူများဘက် လှည့်ကာမေးလိုက်သည်။
"အားလုံးပဲ... မင်းတို့ကော ဘယ်လို ထင်ကြလဲ"
အခြားတောင်ထိပ်သခင်များ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ဖုန့်ဟွေ့တောင်ထိပ်သခင် ကျန်းရှူချန်က ဆို၏။
"ဂိုဏ်းချုပ်... ကျွန်တော်ကတော့ စီနီယာညီမ ပြောတာ မှန်တယ်လို့ ထင်ပါတယ်။ ဒီကလေးရဲ့ နောက်ကြောင်းက စင်ကြယ်ပြီး တောင်ပေါ်ကလည်း တစ်ခါမှ မဆင်းဖူးဘူး။”
“ဒါဟာ တကယ်ပဲ ရတနာတစ်ခုကို မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ချင်းယွင်ဂိုဏ်းအတွက် ကံကောင်းမှုတစ်ခုပါပဲ။"
တာအိုရွှမ်က ခေါင်းညိတ်လိုက်ပြီး ထျန်းယွင်ထံ လှည့်ကြည့်လိုက်၏။ ထျန်းယွင်က ချန်းစုန့်ကို တစ်ချက်ကြည့်ကာ ဆို၏။
"ကျွန်တော်ကတော့ စီနီယာအစ်ကို ချန်းစုန့်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ထောက်ခံပါတယ်"
ချန်းစုန့်သည် ထောက်ခံသူ ရလိုက်သဖြင့် ထျန်းယွင်ကို ခေါင်းညိတ်ပြလိုက်သည်။
ယခုအခါ ရှန်ကျန်းလျန် တစ်ဦးသာ ကျန်တော့သည်။ သူက ထျန်းပုယီကို ကြည့်လိုက်၊ ချန်းစုန့်နှင့် ထျန်းယွင်ကို ကြည့်လိုက်၊ နောက်ဆုံးတွင် တာအိုရွှမ်ကို ကြည့်လိုက်၏။ သူက ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ကျွန်တော်လည်း စီနီယာညီမရွှေယွဲ့ ပြောတာ မှန်တယ်လို့ ထင်ပါတယ်။"
ထျန်းပုယီမှာ စိတ်သက်သာရာ ရသွားသော်လည်း ချန်းစုန့်ကမူ နှာခေါင်းရှုံ့လိုက်လေသည်။ တာအိုရွှမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အားလုံးလည်း ပြောပြီးကြပြီဆိုတော့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောမယ်"
ထို့နောက် သူက ဒူးထောက်နေဆဲဖြစ်သော ကျန်းရှောင်ဖန်းကို လှမ်းပြောလိုက်၏။
"ရှောင်ဖန်း... အရင်ထလိုက်ဦး"
ကျန်းရှောင်ဖန်း ထိတ်လန့်သွားပြီး ခေါင်းမော့ကာ တောင်ထွတ်သခင်များ အားလုံးကို ကြည့်လိုက်၏။ သူသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်လေသည်။
တာအိုရွှမ်က သူ့ကို ပို၍ အသေးစိတ် မြင်ရအောင် ကြည့်နေပုံရသည်။ ထို့နောက် အခြားတောင်ထိပ်သခင်များကို ကြည့်ကာ ပြောလိုက်သည်။
"အားလုံးပဲ... တကယ်တော့ ကျန်းရှောင်ဖန်းဟာ နတ်ဆိုးဂိုဏ်းသားတစ်ယောက်နဲ့ မတူဘူးလို့ ငါ ထင်တယ်”
“အဲဒီတုတ်တိုထဲမှာ ကြမ်းတမ်းတဲ့ စွမ်းအင်တွေ ရှိနေပေမယ့် ငါတို့ အရင်က မြင်ဖူးတဲ့ နတ်ဆိုးဂိုဏ်းရဲ့ လက်နက်တွေလို ရက်စက်ပြီး သွေးဆာနေတဲ့ အငွေ့အသက်မျိုး မရှိဘူး"
ချန်းစုန့်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဂိုဏ်းချုပ်... နတ်ဆိုးဂိုဏ်းသားတွေက အန္တရာယ်များပြီး ရက်စက်ကြပါတယ်။ သူတို့ကို လွှတ်ပေးလိုက်တာထက်စာရင် အမှားအယွင်းရှိရင်တောင် သတ်ပစ်လိုက်တာက ပိုစိတ်ချရပါတယ်"
တာအိုရွှမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့ကို ကြည့်ကာ ဟောက်လိုက်လေသည်။
" ချန်းစုန့်... မင်း အခု ဘာပြောလိုက်တယ်ဆိုတာ သိရဲ့လား"
ချန်းစုန့် စကားမှားသွားမှန်း သိလိုက်သဖြင့် ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ပေ။
တာအိုရွှမ်၏ မျက်နှာမှာ တည်ကြည်နေသော်လည်း အသံမှာမူ နိမ့်ဆင်းသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။
"ချန်းစုန့်... မင်း ချင်းယွင်ဂိုဏ်းရဲ့ အပြစ်ပေးမှုတွေကို တာဝန်ယူခဲ့တာ နှစ်ပေါင်း နှစ်ရာတောင် ရှိပြီ။ မင်းရဲ့ မျှတမှုကို ငါ အမြဲ လေးစားခဲ့တယ်”
“ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ မင်းက ပိုပြီး ခက်ထန်လာပြီး ဒေါသတွေ ရှေ့ထားလာတာကို ငါ တကယ် စိုးရိမ်မိတယ်။ မင်း နားလည်လား ငါပြောတာကို"
ချန်းစုန့်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ... စီနီယာအစ်ကို။"
တာအိုရွှမ်က ဆက်ပြောလိုက်သည်။
"အမှားအယွင်းရှိရင်တောင် သတ်ပစ်တာဟာ နတ်ဆိုးဂိုဏ်းသားတွေ လုပ်တဲ့ အလုပ်ပဲ။ ငါတို့ ချင်းယွင်ဂိုဏ်းဟာ တရားသောလမ်းစဉ်ကို လျှောက်လှမ်းနေတာ”
“အပြစ်မဲ့သူတစ်ယောက်ကို သတ်မိတာထက်စာရင် လွှတ်ပေးလိုက်တာက ပိုမှန်ကန်တယ်။ မဟုတ်ရင် ငါတို့နဲ့ နတ်ဆိုးဂိုဏ်းသားတွေ ဘာခြားနားမှာလဲ။ မင်းရဲ့ ကျင့်စဉ်က နက်ရှိုင်းပေမယ့် ကျင့်စဉ်ရဲ့ အဓိပ္ပာယ်ကိုတော့ ထပ်ပြီး ဆင်ခြင်ဖို့ လိုသေးတယ်"
ချန်းစုန့်က လက်ယှက်၍ပြောလိုက်သည်။
"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။ ကျုပ်နားလည်ပါပြီ"
တာအိုရွှမ်က စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။
"မင်း သိသွားတာ ကောင်းပါတယ်"
ထို့နောက် သူက အခြားသူများကို ကြည့်လိုက်ရာ သူတို့က "ဂိုဏ်းချုပ်ပဲ ဆုံးဖြတ်ပေးပါ" ဟု ဆိုကြလေသည်။
တာအိုရွှမ်က ခေါင်းညိတ်လိုက်ပြီး ကျန်းရှောင်ဖန်းကို မေးလိုက်သည်။
"မင်း ကြားတယ်မလား"
ကျန်းရှောင်ဖန်း အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် အကြီးအကဲတို့"
ထို့နောက် သူက ထျန်းပုယီဘက် လှည့်ကာ ငိုသံစွက်သော လေသံဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ထျန်းပုယီက လက်ကာပြလိုက်ပြီး ဘာမျှမပြောပေ။
တာအိုရွှမ်က စားပွဲပေါ်မှ အမည်းရောင်တုတ်ကို ယူလိုက်ပြီး ကျန်းရှောင်ဖန်းထံ ပစ်ပေးလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒီအရာက မင်းတစ်ယောက်တည်းပဲ သုံးလို့ရတာ။ ပြန်ယူထားလိုက်ဦး"
ကျန်းရှောင်ဖန်းက ၎င်းကို ဖမ်းယူလိုက်ချိန်တွင် ရင်းနှီးနေကျ အေးမြမှုကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး လက်နက်မှာလည်း ဝမ်းသာနေပုံရ၏။ သူက တာအိုရွှမ်ကို ဂါရဝပြုလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
တာအိုရွှမ်က ပြုံးလိုက်ပြီး လက်ကို သုံးချက် တီးလိုက်လေသည်။ ထိုအခါ နောက်ဘက်ခန်းမှ ကလေးငယ်တစ်ဦး ထွက်လာလေသည်။
တာအိုရွှမ်က သူ့ကို အချက်အလက်အချို့ မှာကြားလိုက်ရာ ထိုကလေးက ခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားလေသည်။
ခဏအကြာတွင် သူသည် လူသုံးဦးကို ဦးဆောင်ကာ ဝင်လာ၏။ ကျန်းရှောင်ဖန်း သူတို့ကို ကြည့်လိုက်ရာ သူသိသော လူများပင် ဖြစ်နေသည်။
လင်းကျင်းယွီနှင့် ကျန်းရှူရှူတို့က ရှေ့မှ လျှောက်လာကြ၏။ သူ၏ဖခင် ကျန်းရှူချန် မကြည့်သည့်အချိန်တွင် ကျန်းရှူရှူက ကျန်းရှောင်ဖန်းကို မျက်နှာပြောင်ပြလိုက်သေးသည်။
သူတို့နောက်တွင်မူ ရှောင်ကျူးတောင်ထိပ်မှ အေးစက်သော အလှဘုရင်မလုရွှယ်ချီ ပါလာလေသည်။
ထိုသူသုံးဦးနှင့် ကျန်းရှောင်ဖန်းတို့မှာ ချင်းယွင်ဂိုဏ်း သိုင်းပြိုင်ပွဲ၏ ထိပ်သီး တပည့်လေးဦးပင် ဖြစ်ကြသည်။