အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁) - ထိပ်သီးလေးယောက် (၁)
နောက်တစ်နေ့တွင် နေမင်းကြီးက ပုံမှန်အတိုင်း ထွက်ပေါ်လာလေသည်။ တာ့ကျူးတောင်ထိပ်မှ လူများသည် ရင်ပြင်သို့ ရောက်ရှိလာကြ၏။
စင်မြင့်လေးခုမှာ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး အရပ်လေးမျက်နှာတွင် စင်မြင့်လေးခုသာ ကျန်ရှိတော့သည်။
ထျန်းပုယီနှင့် စုရုတို့က ရှေ့ဆုံးမှ လျှောက်လာကြသည်။ ကျန်းရှောင်ဖန်း၏ ဒဏ်ရာများမှာ တစ်ညတည်းနှင့် သက်သာသွားပြီး တပည့်များ၏အလယ်တွင် လိုက်ပါလာလေသည်။
ရုတ်တရက်ဆိုသလို လူတိုင်းက သူ့ကို အလေးထားလာကြသဖြင့် သူကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။ သူက ခေါင်းလှည့်ကာ တုပိရှုအား မေးလိုက်၏။
"အစ်ကို ၆.. စီနီယာအစ်ကိုကြီးရဲ့ ဒဏ်ရာက လမ်းတောင် မလျှောက်နိုင်လောက်အောင် တကယ်ပဲ ဆိုးရွားနေတာလား"
တုပိရှုက ခေါင်းခါပြလိုက်သည်။
"ဆရာက ဒီမနက်တင် စီနီယာအစ်ကိုကြီးဆီ သွားကြည့်သေးတယ်။ သူနဲ့ ချန်ကျန့်တို့ရဲ့ တိုက်ပွဲက အရမ်းကြမ်းတမ်းလွန်းတယ်တဲ့လေ”
“တစ်ယောက်က အသေအလဲ တိုက်ခိုက်ပြီး တစ်ယောက်က အသေအလဲ ကာကွယ်ခဲ့ကြတာကိုး။ နှစ်ယောက်လုံး အနိုင်ရလုနီးပါး ဖြစ်ခဲ့ကြတာ။ ဒါက သူ့ရဲ့ ကျင့်စဉ်ကိုပါ ထိခိုက်သွားနိုင်တယ်"
ကျန်းရှောင်ဖန်းက အံ့အားသင့်သွားသည်။
"စီနီယာအစ်ကိုကြီးတောင် သူ့ကို မနိုင်ဘူးဆိုတော့ ကျွန်တော် အသေအလဲ ရှုံးရတော့မယ်လို့ ဆိုလိုတာလား"
တုပိရှုက မျက်လုံးလှန်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"သာမန်အသိနဲ့ဆိုရင်တော့ အဲဒီလိုပေါ့ကွာ။ ဒါပေမဲ့ အဲဒီသာမန်အသိကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး မင်းရဲ့စီနီယာအစ်ကိုတွေ အကုန်လုံး မင်းရှုံးမယ်လို့ လောင်းခဲ့ကြတာလေ"
ကျန်းရှောင်ဖန်းသည် မည်သို့ပြန်ပြောရမည်ကို မသိတော့ဘဲ ပါးစပ်ပိတ်သွားတော့သည်။
မြောက်ဘက်ရှိ စင်မြင့်မှာ လူများ အလွန်စည်ကားနေပေသည်။ ထိုပွဲမှာ လုရွှယ်ချီ၏ ယှဉ်ပြိုင်ပွဲဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပေ။ ထျန်းပုယီက ထိုစင်မြင့်ကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
သူ၏သမီးကို အနိုင်ယူသွားသူအပေါ် မည်သည့် အမြင်ကောင်းမှ ရှိမနေပေ။ ထို့နောက် သူက တပည့်များကို ဦးဆောင်ကာ အနောက်ဘက် စင်မြင့်ဆီသို့ ထွက်လာခဲ့လေသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ လူတစ်စု သူတို့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
အဘိုးအိုတစ်ဦးက သူတို့ကို ဦးဆောင်လာပြီး အဘိုးအို၏ဘေးတွင် ရှိနေသူမှာ ကျန်းရှူရှူ ဖြစ်ပေသည်။ သူတို့၏ နောက်တွင်တော့ ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်တစ်ရာခန့် လိုက်ပါလာကြသည်။
ကျန်းရှောင်ဖန်းက စီနီယာအစ်ကိုကောင်းနှင့် အခြားသူများကို မြင်တွေ့ရသော်လည်း ဖုန်ချန်ကိုမူ မတွေ့ရချေ။
ကျန်းရှောင်ဖန်း၏ အကြည့်ကို သတိထားမိသည့်အလား ကျန်းရှူရှူက သူတို့ပခုံးချင်း ယှဉ်ဖြတ်သွားချိန်တွင် ပြောလိုက်လေသည်။
"စီနီယာအစ်ကိုဖုန်က မလာနိုင်ဘူး.. သူ့အခန်းထဲမှာ အနားယူနေတယ်"
ကျန်းရှောင်ဖန်းက အတင်းပြုံးပြလိုက်သည်။ သို့သော် ကျန်းရှူရှူ၏ မျက်နှာမှာ တည်တင်းနေပြီး မျက်လုံးများက အေးစက်နေသည်ကိုသာ မြင်လိုက်ရသည်။
ဦးဆောင်လာသည့် အဘိုးအိုမှာ ဖုန့်ဟွေ့တောင်ထိပ်သခင် ကျန်းရှူချန် ပင်ဖြစ်သည်။ သူက ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။
ထိုအဘိုးအို၏ အကြည့်များက စူးရှမနေသော်လည်း သူ၏ ဝိညာဥ်အတွင်းသို့ပင် ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်ဟု ကျန်းရှောင်ဖန်း ခံစားလိုက်ရလေသည်။
သူ အနည်းငယ် တွန့်ဆုတ်သွားမိသည်။ ထျန်းပုယီက နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ စီနီယာအစ်ကိုကျန်း"
ကျန်းရှူချန်က ပြန်ပြောလိုက်သည်။
"မင်္ဂလာပါ ဂျူနီယာညီထျန်း.. မင်းတို့တောင်ထိပ်မှာ ကျန်းရှောင်ဖန်းဆိုတဲ့ ပါရမီရှင်လေး ရှိတယ်လို့ ကြားတယ်”
“သူ့ရဲ့ ကျင့်စဉ်က ထူးခြားပြီး မနေ့က ယှဉ်ပြိုင်ပွဲမှာ ငါ့ရဲ့အသုံးမကျတဲ့ တပည့်ဖုန်ချန်ကိုတောင် သတ်လုနီးပါး ဖြစ်ခဲ့တယ်ဆို"
ကျန်းရှောင်ဖန်း အံ့အားသင့်သွားသည်။
"ဘာ.. စီနီယာအစ်ကိုဖုန် အဲဒီလောက်တောင် ဒဏ်ရာရသွားတာလား"
ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များက ထိုလူ မည်မျှ ယုတ်မာကြောင်း ဆွေးနွေးနေကြသည်။
တစ်စုံတစ်ယောက်ကို ဒဏ်ရာရစေပြီးမှ အံ့ဩဟန်ဆောင်ကာ ရည်ရွယ်ချက်မရှိသယောင် ဟန်ဆောင်ပြနေသည်က ဖုန်ချန်ကို စော်ကားနေခြင်း ဖြစ်သည်ဟု မှတ်ယူလိုက်ကြသည်။
ကျန်းရှူချန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့သော် မျိုးဆက်သစ်များ၏ ရှေ့တွင်တော့ သူ၏ဒေါသကို ထုတ်မပြနိုင်ချေ။ သူက အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။
"ဂျူနီယာညီထျန်း.. မင်းက တပည့်ကောင်းတစ်ယောက်ကို ပျိုးထောင်ထားနိုင်တာပဲ"
ထျန်းပုယီက မျက်မှောင်ကြုတ်သွားပြီး ကျန်းရှောင်ဖန်းကို စကားအပြောမတတ်ဟုသာ တွေးလိုက်မိသည်။
သို့သော် ကျန်းရှူချန်၏ စကားထဲမှ ခနဲ့တဲ့တဲ့ လေသံကို ကြားပြီးနောက် ချက်ချင်းပင် ပြုံးလိုက်လေသည်။
"စီနီယာအစ်ကိုကျန်းက မြှောက်ပြောလွန်းနေပါပြီ။ ရှောင်ဖန်း..ဒီကိုလာပြီး ဦးလေးကျန်းကို ဂါရဝပြုလိုက်ဦး"
ကျန်းရှောင်ဖန်း လန့်ဖျပ်သွား၏။ ကျန်းရှူချန်က လက်ကို ဝှေ့ယမ်းကာ အေးစက်စွာ ပြောလိုက်သည်။
"မလိုဘူး"
ထို့နောက် သူက ထွက်သွားလေတော့သည်။
ကျန်းရှူရှူက ကျန်းရှောင်ဖန်းကို ကြည့်ကာ ပြောလိုက်၏။
"မင်းက တောက်လျှောက် မင်းရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားမှန်း ငါ မသိခဲ့ဘူး”
“စီနီယာအစ်ကိုဖုန်ကို မင်းအပေါ် ညှာတာပေးဖို့ ငါ တောင်းဆိုခဲ့ပေမဲ့ ဒါက သူ့အတွက် ဒုက္ခရောက်စေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
ကျန်းရှောင်ဖန်းက အလျင်စလို ပြန်ပြောလိုက်သည်။
"ငါ.. မလုပ်"
သူ စကားပင် မဆုံးသေးချေ။ ကျန်းရှူရှူက ထွက်သွားနှင့်ပြီ ဖြစ်သည်။ ဖုန့်ဟွေ့တောင်ထိပ်မှ လူများလည်း နောက်မှ လိုက်သွားကြ၏။
လူတိုင်း၏ အကြည့်များက ရေခဲတမျှ အေးစက်နေပေသည်။
သို့သော် သူက စီနီယာအစ်ကိုကောင်းကို ကြည့်လိုက်ချိန်တွင် စီနီယာအစ်ကိုကောင်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြသွားလေသည်။
သူ အံ့ဩသွားသော်လည်း စီနီယာအစ်ကိုကောင်းက ထွက်သွားနှင့်ပြီ ဖြစ်သည်။
ထျန်းပုယီက ဖုန့်ဟွေ့တောင်ထိပ်မှ လူများကို စူးစိုက်ကြည့်လိုက်၏။ သူက အေးစက်စက် ပြုံးလိုက်ပြီးနောက် ယနေ့ ယှဉ်ပြိုင်ပွဲအတွက် အနောက်ဘက် စင်မြင့်ဆီသို့ လူများကို ဦးဆောင်ခေါ်သွားလေသည်။
အနီးသို့ ရောက်သွားချိန်တွင် လူနှစ်ရာခန့် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။ လုရွှယ်ချီ၏ စင်မြင့်အပြင် တိမ်ပင်လယ်တွင် လူအစည်ကားဆုံး နေရာမှာ ဤနေရာပင် ဖြစ်ဟန်တူပေသည်။
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး စီနီယာအစ်ကိုများကို မေးလိုက်သည်။
"လူတွေ အများကြီးပဲ။ အဲဒီ စီနီယာအစ်ကိုချန်ကျန့်က တကယ်ကြီး သန်မာတာလား"
သူတို့က ရယ်မောလိုက်ကြ၏။ ဟယ်တာ့ကျစ်က ပြောလိုက်သည်။
"စီနီယာအစ်ကိုချန်ရဲ့ ကျင့်စဉ်က မြင့်မားတာ သေချာပါတယ်။ ဒါပေမဲ့ သူတို့က ဂျူနီယာညီလေး.. မင်းကို လာကြည့်ကြတာ ပိုဖြစ်နိုင်တယ်ကွ"
ကျန်းရှောင်ဖန်း အံ့အားသင့်သွားသည်။
"ဘယ်.. ဘယ်လိုဖြစ်လို့လဲ"
ဟယ်တာ့ကျစ်က ရယ်မောလိုက်၏။
"အခုအချိန်အထိ သိုင်းပြိုင်ပွဲမှာ လူရှစ်ယောက်ပဲ ကျန်တော့တာလေ။ အကြီးဆုံး ဖျက်မြင်းက မင်းပဲ”
“မင်းမှာ ပါးစပ်ဘယ်နှစ်ပေါက် လက်ဘယ်နှစ်ဖက် ရှိလဲဆိုတာကို ဘယ်သူက လာမကြည့်ချင်ဘဲ နေပါ့မလဲ"
ကျန်းရှောင်ဖန်းမှာ ဆွံ့အသွားတော့သည်။
ထျန်းပုယီက သူတို့ကို စင်မြင့်ဆီသို့ ဦးဆောင်သွားလေသည်။ တာ့ကျူးတောင်ထိပ်မှဖြစ်ကြောင်း မြင်သောအခါ လူများက လမ်းဖယ်ပေးကြ၏။
တပည့်အများစုမှာ ရှောင်ကျူးတောင်ထိပ်မှ ဖြစ်ကြသည်။ ယနေ့တွင် ချန်ကျန့်၏ ယှဉ်ပြိုင်ပွဲ ရှိသောကြောင့် ထုံထျန်းတောင်ထိပ်မှ တပည့်အများစုလည်း ဤနေရာသို့ ရောက်နေကြသည်။
သို့သော် ထုံထျန်းတောင်ထိပ်မှ အကြီးအကဲများ များများစားစား မရှိသလို ဂိုဏ်းချုပ်တာအိုရွှမ်ပင် မရှိပေ။
ထျန်းပုယီက မျက်မှောင်ကြုတ်ကာ စုရုကို မေးလိုက်သည်။
"စီနီယာအစ်ကိုကြီး မရှိဘူးဆိုတော့ ဒီနေ့ ထုံထျန်းတောင်ထိပ်က တခြားယှဉ်ပြိုင်ပွဲများ ရှိသေးလို့လား"
စုရုက ခေါင်းခါပြလိုက်သည်။
"မရှိဘူး။ အကြောင်းတစ်ခုခုကြောင့် ဒီနှစ်မှာ ထုံထျန်းတောင်ထိပ်က တပည့်တွေရဲ့ အရည်အချင်းက သိပ်မကောင်းလှဘူးလေ။ အခုဆို ချန်ကျန့်တစ်ယောက်ပဲ ကျန်တော့တာ"
ထျန်းပုယီက တွေးတောလိုက်ပြီးနောက် စင်မြင့်အောက်တည့်တည့်ရှိ ကုလားထိုင်ခြောက်လုံးဆီသို့ လျှောက်သွားလေသည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသာ ထိုနေရာတွင် ထိုင်နေ၏။ ထျန်းပုယီ ရောက်လာသည်ကို မြင်သောအခါ သူက မတ်တတ်ထရပ်လိုက်သည်။
ကျန်းရှောင်ဖန်းမှာ ရုတ်တရက် လန့်ဖျပ်သွားသည်။ သူနှင့် ချူယွီဟုန်တို့၏ ယှဉ်ပြိုင်ပွဲတွင် တွေ့ခဲ့ရသော မုတ်ဆိတ်ဖြူနှင့် အဘိုးအိုပင် ဖြစ်ပေသည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုကလည်း သူ့ကို မှတ်မိနေဟန်တူသည်။ သူ၏ မျက်လုံးများက ကျန်းရှောင်ဖန်းထံ တစ်ခဏမျှ ကျရောက်သွားပြီးနောက် ထျန်းပုယီဘက်သို့ လှည့်သွားလေသည်။
"စီနီယာအစ်ကိုထျန်း.. ဒီနှစ်မှာ ခင်ဗျားတို့ တောင်ထိပ်ကနေ ဒီလိုပါရမီရှင်မျိုး ထွက်လာလိမ့်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး"
ထျန်းပုယီက ထိုအကြီးအကဲနှင့် ဆက်ဆံရေးကောင်းမွန်ပုံရကာ ပြုံးလျက် ပြောလိုက်သည်။
"စီနီယာအစ်ကိုကျန်းက မြှောက်ပြောလွန်းနေပါပြီ။ ကျေးဇူးပြုပြီး ထိုင်ပါဦး"
ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။ ထျန်းပုယီက ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
"အငယ်ဆုံးကောင်.. အပေါ်တက်တော့"
ထိုခဏတွင်ပင် ရာနှင့်ချီသော မျက်လုံးများက ကျန်းရှောင်ဖန်းထံ ကျရောက်လာသည်။
ကျန်းရှောင်ဖန်းက ထိုမျှများပြားသော လူများ၏ စိုက်ကြည့်ခြင်းကို တစ်ခါမှ မခံရဖူးချေ။ သူက မျက်နှာရဲသွားပြီး ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့"
ထို့နောက် သူက နောက်လှည့်မကြည့်ဘဲ စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
သို့သော် ထိုစဉ် စုရုက သူ့ကို ဆွဲထားလိုက်ရာ ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားသည်။
"ဆရာကတော်.. ဘာဖြစ်လို့လဲ"
စုရုက ပြုံးကာ မေတ္တာအပြည့်ဖြင့် ပြောလိုက်လေသည်။
"မင်းခန္ဓာကိုယ်က နာနေတုန်းပဲလား"
ကျန်းရှောင်ဖန်းက ခေါင်းခါပြလိုက်၏။
"ဆရာကိုယ်တိုင် ကုသပေးထားလို့ တော်တော်လေး သက်သာသွားပါပြီ"
စုရုကလည်း ခေါင်းခါပြလိုက်သည်။
"အပြင်ဘက်က သက်သာဖို့ လွယ်ပေမဲ့ အတွင်းဒဏ်ရာကတော့ ခက်တယ်။ ရှောင်ဖန်း.. မင်းရင်ဆိုင်ရမယ့် ချန်ကျန့်က သာမန်ပြိုင်ဘက် မဟုတ်ဘူး”
“မင်းရဲ့ စီနီယာအစ်ကိုကြီးတောင် သူ့ကို ရှုံးခဲ့တာလေ။ မင်းရဲ့ စီနီယာအစ်ကိုကြီး ပြောစကားအရ ချန်ကျန့်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ဆိုပေမဲ့ မင်းရဲ့ အဆင့်နဲ့ဆိုရင်တောင် ယှဉ်နိုင်ဖို့ ခက်ဦးမယ် ထင်တယ်။”
“မင်းတောင့်မခံနိုင်တော့ရင် အရှုံးပေးလိုက်ပါ။ အန္တရာယ်အဖြစ်ခံပြီး ဒဏ်ရာအနာတရ မဖြစ်စေနဲ့.. နားလည်လား"
ကျန်းရှောင်ဖန်း ခေါင်းမညိတ်ဘဲ တီးတိုးရေရွတ်လိုက်သည်။
"ဆရာ စိတ်ဆိုးလိမ့်မယ်"
စုရုက ခေါင်းခါရင်း ပြုံးလိုက်သည်။
"တုံးအလိုက်တဲ့ ကလေးရယ်.. သွားသာ သွားပါ။ မင်းဆရာက မင်းကို အရမ်းစိတ်ပူနေတာပါ"
ကျန်းရှောင်ဖန်း ချက်ချင်းပင် လှည့်၍ ထျန်းပုယီကို ကြည့်လိုက်ရာ ထျန်းပုယီမှာ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုနှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။ ထျန်းပုယီက သူ့ကို လှမ်းမကြည့်ချေ။
စုရုက သူ၏ခေါင်းကို ပုတ်ကာ ပြောလိုက်လေသည်။
"သွားတော့"
ကျန်းရှောင်ဖန်းက စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။ စုရု ခုလေးတင် ပြောခဲ့သော "မင်းဆရာက မင်းကို အရမ်းစိတ်ပူနေတာပါ" ဟူသည့် စကားကို တွေးရင်း သူ ထိုနေရာတွင် ရပ်နေမိသည်။
ငယ်စဉ်ကတည်းက သူ၏စိတ်ထဲတွင် ထျန်းပုယီမှာ နတ်ဘုရားတစ်ပါးနှင့် မခြားပေ။
ထျန်းပုယီက ကျန်းရှောင်ဖန်းအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံသော်လည်း ဆရာ၏ အသိအမှတ်ပြုမှုကို ရရှိရန်မှာ သူ၏ အကြီးမားဆုံး ဆန္ဒတစ်ခုပင် ဖြစ်လေသည်။
ယခုမူ စုရု၏ ရုတ်တရက်စကားကို ကြားလိုက်ရသဖြင့် သူ မယုံနိုင်အောင် ဖြစ်နေမိသည်။
အခန်း (၅၂) - ထိပ်သီးလေးယောက် (၂)
စင်မြင့်အောက်ရှိ လူများကလည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း စတင်ခံစားလာရ၏။
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းရှောင်ဖန်းပင် တစ်ခုခု လွဲချော်နေပြီဟု ခံစားလိုက်ရသည်။ သူ၏ ပြိုင်ဘက်က ယခုထက်တိုင် ရောက်မလာသေးခြင်း ဖြစ်ပေသည်။
ထုံထျန်းတောင်ထိပ်မှ တပည့်များမှာ စိုးရိမ်နေကြလေသည်။ သူတို့က ပတ်ဝန်းကျင်ကို အဆက်မပြတ် လိုက်လံကြည့်ရှုနေကြသည်။
ထိုအချိန်တွင် ထုံထျန်းတောင်ထိပ်မှ တပည့်တစ်ဦး ပြေးလာသည်ကို မြင်လိုက်ရသည်။ သူက မုတ်ဆိတ်ဖြူနှင့် အဘိုးအိုထံသို့ အပြေးအလွှား သွားကာ တီးတိုး ပြောလိုက်လေသည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုမှာ သူကြားလိုက်ရသည်ကို မယုံနိုင်ဘဲ မေးလိုက်သည်။
"တကယ်လား…"
ထိုတပည့်က စင်မြင့်ဆီသို့ လှမ်းကြည့်ပြီးနောက် အဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအို၏ မျက်နှာမှာ ဖြူရော်သွားကာ ကုလားထိုင်ပေါ်သို့ ပြန်ကျသွားတော့သည်။ ထျန်းပုယီက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"စီနီယာအစ်ကိုကျန်း.. ဘာဖြစ်လို့လဲ"
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုက သူ့ကို အားနည်းစွာ လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းတစ်ချက်ချကာ မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်ရင်း မတ်တတ်ထရပ်ကာ ကြေညာလိုက်၏။
"ထုံထျန်းတောင်ထိပ် တပည့်ချန်ကျန့်ဟာ မနေ့က ယှဉ်ပြိုင်ပွဲက ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီကနေ့ ယှဉ်ပြိုင်ပွဲကို အရှုံးပေးလိုက်ပါပြီ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ခဏအကြာတွင်မူ လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာတော့၏။ ချင်းယွင်ဂိုဏ်း၏ တပည့်များမှာ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့ထဲမှ အများအပြားမှာ ကျိန်ဆဲလိုက်ကြလေသည်။
တာ့ကျူးတောင်ထိပ်မှ လူများအတွက်မူ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အောင်ပွဲခံခြင်း မဟုတ်ဘဲ ထူးဆန်းသော အကြည့်များသာ ဖြစ်ပေသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် တစ်ခဏမျှ ကြည့်လိုက်ကြပြီးနောက် ခါးသီးစွာ ပြုံးလိုက်ကြလေတော့သည်။
ထျန်းပုယီနှင့် စုရုတို့က ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး စင်မြင့်ပေါ်ရှိ သူတို့၏ တပည့်ငယ်ကို စူးစိုက်ကြည့်နေကြ၏။
စုရုက ပြုံးကာ ထျန်းပုယီကို တီးတိုးပြောလိုက်သည်။
"ကျွန်မ ပြောပြီးသားလေ။ ဒီတပည့်လေးရဲ့ ကံက သာမန်မှမဟုတ်တာ"
ထျန်းပုယီက ဘာမှမပြောနိုင်တော့ဘဲ ခါးသီးစွာသာ ပြုံးလိုက်တော့သည်။
ထိုနေ့က လူတိုင်းသည် ကျန်းရှောင်ဖန်းအား အဖိုးတန်သားရဲတစ်ကောင်ကဲ့သို့ ကြည့်ချင်နေပုံရသည်။ တစ်ချိန်တည်းမှာပင် ယှဉ်ပြိုင်ပွဲ ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်။
ကျန်းရှောင်ဖန်းမှာ ကံကောင်းစွာဖြင့် ချီဟောင်၊ လုရွှယ်ချီ၊ ကျန်းရှူရှူတို့နှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့လေသည်။
လူအများအပြားက ချီဟောင်ကို ယှဉ်ပြိုင်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ထားကြပြီး ဖြစ်သည်။ လုရွှယ်ချီမှာလည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အလွန်ရေပန်းစားခဲ့သည်။
သို့သော် ကျန်းရှူရှူနှင့် ကျန်းရှောင်ဖန်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းမှာ ချင်းယွင်ဂိုဏ်း အကြီးအကဲများစွာ၏ မျှော်လင့်ချက် ပြင်ပတွင် ရှိနေခဲ့သည်။
ကျန်းရှူရှူမှာ ကျန်းရှူချန်၏ တစ်ဦးတည်းသော သားအဖြစ် လူသိများပေသည်။
ဖုန့်ဟွေ့တောင်ထိပ်မှ လူအများအပြားက ကျန်းရှူရှူသည် အလွန်ပါရမီပါကြောင်း သိထားကြသော်လည်း ချင်းယွင်ဂိုဏ်းတစ်ခုလုံးတွင်မူ နာမည်မကြီးပေ။
ယှဉ်ပြိုင်ပွဲအတွင်း သူက ရိုးရှင်းသော မှော်အတတ်ပညာများဖြင့် ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့သဖြင့် လူအများအပြားကို အံ့အားသင့်စေခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထိုလူလေးယောက်ထဲတွင် ကျန်းရှောင်ဖန်းက နေရာမှား ရောက်နေသူနှင့် တူလှပေသည်။
စင်မြင့်ပေါ်တွင် လူလေးယောက်က ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။ ဂိုဏ်းချုပ်တာအိုရွှမ်နှင့် လုံရှို့တောင်ထိပ်အရှင် ချန်းစုန့်တို့က သူတို့၏ရှေ့တွင် ရပ်နေကြသည်။
တာအိုရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သိုင်းပြိုင်ပွဲတွင် သူ၏တပည့်များ တစ်ယောက်မျှ မကျန်တော့ခြင်းအတွက် မကျေနပ်သည့် အရိပ်အယောင်မျှ မတွေ့ရချေ။
စင်မြင့်အောက်တွင်မူ တပည့်တစ်ထောင်နီးပါး စုဝေးနေကြလေသည်။ ချင်းယွင်ဂိုဏ်း၏ အကြီးအကဲများအားလုံးမှာ ရှေ့ဆုံးတွင် ထိုင်နေကြ၏။
စုရုက စင်မြင့်ပေါ်သို့ ကြည့်ကာ ထျန်းပုယီကို တီးတိုးပြောလိုက်သည်။
"ရှောင်ဖန်းက နည်းနည်း စိတ်လှုပ်ရှားနေပုံပဲနော်"
ထျန်းပုယီက နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှမပြောချေ။ ဇနီးဖြစ်သူ မြင်နိုင်သည့်အရာကို သူက မည်သို့လျှင် မမြင်ဘဲ နေမည်နည်း။
စင်မြင့်ပေါ်တွင် ချီဟောင်က တည်ငြိမ်အေးဆေးနေပြီး လုရွှယ်ချီမှာ ရေခဲတမျှ အေးစက်နေ၏။
ကျန်းရှူရှူက ပြုံးနေသော်လည်း ကျန်းရှောင်ဖန်း တစ်ယောက်သာ လက်နှစ်ဖက်ကို မည်သည့်နေရာတွင် ထားရမည်ကို မသိဘဲ မြေကြီးကို ငုံ့ကြည့်လျက် ရပ်နေလေသည်။
တာအိုရွှမ်က ထိုလူလေးယောက်ကို ကြည့်လိုက်သည်။ သူက ပြုံးကာ စင်မြင့်အောက်ရှိ တပည့်များဘက်သို့ လှည့်လိုက်၏။
"အားလုံးပဲ.. တောင်ထိပ်ခုနစ်ခု ယှဉ်ပြိုင်ပွဲကနေ ငါတို့ရဲ့ ထိပ်တန်းတပည့်လေးယောက်ကို ရွေးချယ်နိုင်ခဲ့ပြီ။ သူတို့ရဲ့ ပါရမီက လူအများအပြားထက် သာလွန်ပြီး ကျင့်စဉ်ကလည်း အံ့မခန်းပါပဲ”
“သူတို့က ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ အနာဂတ်တာဝန်တွေကို ထမ်းဆောင်မယ့် ပါရမီရှင်တွေ…."
ရုတ်တရက် စင်မြင့်အောက်မှ တစ်စုံတစ်ယောက်က ရယ်မောလိုက်လေသည်။ ထို့နောက် ချင်းယွင်ဂိုဏ်းမှ တပည့်များအားလုံး ရယ်မောပွဲကြီး ကျင်းပကြတော့သည်။
တာအိုရွှမ်က မျက်မှောင်ကြုတ်သွားပြီး လေးယောက်ထဲတွင် အငယ်ဆုံးဖြစ်သည့် ကျန်းရှောင်ဖန်းကို စူးစိုက်ကြည့်ကာ ခေါင်းခါလိုက်သည်။
ရယ်မောသံများ ဆက်လက်ထွက်ပေါ်နေပြီး လေးနက်သော အခြေအနေမှာ လူပြက်ပွဲသဖွယ် ဖြစ်သွားတော့၏။
ထိုအခါ ချန်းစုန့်က ရှေ့သို့ တစ်လှမ်းတိုးလာလေသည်။ သူ၏မျက်လုံးများက ဓားသွားများအလား လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။
ရယ်မောသံများ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ များမကြာမီမှာပင် တိတ်ဆိတ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ချန်းစုန့်သည် ချင်းယွင်ဂိုဏ်း၏ ပြစ်ဒဏ်စီရင်ခြင်းကိစ္စများကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဖြစ်ပေသည်။ ထို့ကြောင့် တပည့်များမှာ တာအိုရွှမ်ထက် သူ့ကို ပို၍ ကြောက်ရွံ့ကြလေသည်။
လုံးဝတိတ်ဆိတ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ချန်းစုန့်က နောက်သို့ တစ်လှမ်းဆုတ်ကာ တာအိုရွှမ်အား ပြောလိုက်၏။
"စီနီယာအစ်ကိုကြီး.. ဆက်ပါ"
တာအိုရွှမ်က ပြုံးလိုက်သည်။
"ငါ ပြောစရာ သိပ်မရှိတော့ပါဘူး။ ဂျူနီယာညီချန်းစုန့်.. မင်းပဲ ဆက်ပြောလိုက်ပါ"
ချန်းစုန့်က ခေါင်းညိတ်ကာ ကြေညာလိုက်လေသည်။
"မနက်ဖြန် ယှဉ်ပြိုင်ပွဲမှာ လုံရှို့တောင်ထိပ်က ချီဟောင်နဲ့ ဖုန့်ဟွေ့တောင်ထိပ်က ကျန်းရှူရှူ.. ရှောင်ကျူးတောင်ထိပ်က လုရွှယ်ချီနဲ့ တာ့ကျူးတောင်ထိပ်က ကျန်းရှောင်ဖန်းတို့ ယှဉ်ပြိုင်ကြရမယ်...."
ချန်းစုန့်က ဆက်လက်၍ ပြောဆိုနေ၏။ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်သွားကြသည်။ ကျန်းရှောင်ဖန်းလည်း အဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။
လူများစွာက သူ့ကို ကြည့်နေကြသဖြင့် သူ အသက်ရှူရပင် ခက်ခဲနေခဲ့သည် မဟုတ်ပါလော။
"ဘာလို့ ဒီလောက်တောင် ချွေးတွေ ထွက်နေရတာလဲ"
ရုတ်တရက်ဆိုသလို ကျန်းရှူရှူက တီးတိုးမေးလိုက်လေသည်။
ကျန်းရှောင်ဖန်းမှာ ရုတ်တရက် အံ့အားသင့်သွား၏။ မနေ့က ဖုန်ချန်ကို သူ အနိုင်ယူပြီးနောက်ပိုင်း ကျန်းရှူရှူမှာ သူ့အပေါ် အေးစက်နေခဲ့သည် မဟုတ်ပါလော။
ကျန်းရှူရှူက သူ့ကို စကားလာပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူတို့ အချင်းချင်း သိကျွမ်းခဲ့သည်မှာ သုံးရက်ခန့်သာ ရှိသေးသော်လည်း ကျန်းရှောင်ဖန်းက ကျန်းရှူရှူကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့လေသည်။
သူက ကျန်းရှူရှူကို ကြည့်လိုက်ရာ ကျန်းရှူရှူမှာ ရှေ့သို့ကြည့်လျက် စင်အောက်မှ တပည့်များကို ပြုံးပြကာ မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။
သူက ကျန်းရှောင်ဖန်းကို စကားတစ်ခွန်းမျှ မပြောခဲ့သကဲ့သို့ပင်။
"အရူး.. ခေါင်းလှည့်မကြည့်နဲ့လေ"
ကျန်းရှူရှူ၏ မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ သူ၏ နှုတ်ခမ်းထောင့်များသာ လှုပ်ခတ်သွား၏။
"မင်းကြောင့် ငါ့အဖေက ငါ့ကို အသေအလဲ ဆူတာ ခံလိုက်ရပြီ"
ကျန်းရှောင်ဖန်း ချက်ချင်းပင် ခေါင်းကို ပြန်လှည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ဆောရီး.. ငါ.. ငါ.. အေးလေ.. စီနီယာအစ်ကိုဖုန် အဆင်ပြေရဲ့လား"
"စီနီယာအစ်ကိုဖုန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေမဲ့ အရမ်းကြီးတော့ မဆိုးပါဘူး။ ရက်အနည်းငယ်ကြာရင် ပြန်ကောင်းသွားမှာပါ”
“မဟုတ်ရင် ငါက မင်းကို ဘာလို့ ပြန်ကလဲ့စားမချေဘဲ နေပါ့မလဲ။ ဒါပေမဲ့ မင်းက တကယ်ကြီး ခွန်အားတွေကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိဘူး"
"မဟုတ်ပါဘူးကွာ.. အင်း.. ငါကိုယ်တိုင်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး”
“စီနီယာအစ်ကိုဖုန်က ငါ့အပေါ် ညှာပေးလိုက်လို့ ဖြစ်မှာပါ။ ပြီးတော့ ငါ့ခေါင်းကလည်း ပူထူသွားလို့"
"ငါ စီနီယာအစ်ကိုဖုန်ကို မေးကြည့်ပြီးပြီ။ သူ ရှုံးသွားပေမဲ့ မင်းကို အများကြီး ချီးကျူးသေးတယ်”
“သူက အစွမ်းကုန် တိုက်ခဲ့တာ၊ မညှာခဲ့ဘူးလို့ ပြောတယ်။ ဒါကြောင့် အဲဒီကိစ္စအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး"
ကျန်းရှောင်ဖန်း ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။ ထို့နောက် သူက မေးလိုက်၏။
"ဒါဆို မင်းအဖေက မင်းကို ဆူတယ်ဆိုတာကရော"
"ဟွန်း.. အဲဒါက စီနီယာအစ်ကိုကောင်းနဲ့ သူ့ရဲ့ အရူးကောင်တွေ ပါးစပ်ဖွာလို့လေ။ စီနီယာအစ်ကိုဖုန်ကို မင်းအပေါ် ညှာပေးဖို့ ငါတောင်းဆိုခဲ့တဲ့အကြောင်း ငါ့အဖေကို သွားပြောကြတာကိုး”
“ စီနီယာအစ်ကိုဖုန်က ငါ့ကို ကူညီဖို့ ကြိုးစားခဲ့တာပေမဲ့ အဖေက ငါ့ကို ဆူခဲ့တယ်။ မဟုတ်ရင် လူတွေရှေ့မှာ ငါ ဒီလို ဟန်ဆောင်နေမှာ မဟုတ်ဘူး"
"ရှူရှူ.. ငါ တကယ် တောင်းပန်ပါတယ်ကွာ"
"ဘာမှမဟုတ်ပါဘူး.. ထားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ငယ်ငယ်ကတည်းက အမြဲတမ်း အဆူခံနေရတာပဲဟာ။ ဒါပေမဲ့ ခွေးကောင်လေး မင်းကတော့ မနက်ဖြန် သတိထားရလိမ့်မယ်”
“နောက်တစ်ပွဲက ရှောင်ကျူးတောင်ထိပ်က ရေခဲအလှမယ်နဲ့ ချရမှာနော်။ 'ထျန်းယာဓား'နဲ့ ခုတ်သတ်တာ မခံရအောင် သတိထားဦး"
ကျန်းရှောင်ဖန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
"အဲဒါကို ငါလည်း သိပါတယ်။ ပြိုင်ပွဲကသာ မင်းနဲ့ ငါ့ကို ယှဉ်ပေးလိုက်ရင် သိပ်ကောင်းမှာပဲ"
ထို့နောက် သူ စကားရပ်သွားသည်။ သူနှင့် ကျန်းရှူရှူတို့ နှစ်ဦးစလုံး အေးစက်လှသော အအေးဒဏ်ကို ရုတ်ချည်း ခံစားလိုက်ရသည်။
သူတို့ လှည့်ကြည့်လိုက်ရာ လုရွှယ်ချီ၏ အေးစက်သော မျက်လုံးများက သူတို့အပေါ် ကျရောက်နေသည်ကို မြင်လိုက်ရတော့သည်။
ကျန်းရှောင်ဖန်း အံ့ဩမှင်တက်သွားကာ ကျန်းရှူရှူမှာလည်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူတို့က စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး ချန်းစုန့်၏ သတိပေးစကားကို နားထောင်နေဟန် ဆောင်နေလိုက်ကြတော့သည်။
ချန်းစုန့် ပြောဆိုပြီးဆုံးသွားပြီးနောက် ယှဉ်ပြိုင်ပွဲ၏ အမြင့်မားဆုံး အဆင့်ဖြစ်မည့် မနက်ဖြန်အတွက် ပြင်ဆင်ရန် တပည့်များ လူစုကွဲသွားကြလေသည်။
ကျန်းရှောင်ဖန်းနှင့် ကျန်းရှူရှူတို့ စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် သူတို့၏ ကျောပြင်၌ အအေးဒဏ်ကို ခံစားနေရဆဲပင်။
လုရွှယ်ချီသည် မြောက်ပိုင်းရေခဲလွင်ပြင်မှ လာသည်လားဟုပင် သူတို့ တွေးတောမိကြ၏။ တစ်ချက်မျှ စိုက်ကြည့်လိုက်ရုံနှင့် သူတို့၏ နှလုံးသားများပင် အေးခဲသွားရသည် မဟုတ်ပါလော။
သူက ကျန်းရှူရှူကို နှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် ကျန်းရှူရှူက မျက်နှာပြောင်းသွားပြီး သူ့အား ရွံရှာမုန်းတီးသလို ကြည့်ကာ နှာခေါင်းရှုံ့လျက် ထွက်သွားသည်ကို မြင်လိုက်ရသည်။
ဖုန့်ဟွေ့တောင်ထိပ်မှ တပည့်များ၏ ဝန်းရံခြင်းကို ခံထားရသော ကျန်းရှူရှူ၏ ဖခင်က သူတို့ကို လှမ်းကြည့်နေခြင်းကြောင့် ဖြစ်ပေသည်။
ကျန်းရှောင်ဖန်း ခါးသီးစွာ ပြုံးလိုက်ပြီးနောက် လှည့်ကာ တာ့ကျူးတောင်ထိပ်မှ လူများဆီသို့ လျှောက်သွားခဲ့၏။ ထျန်းပုယီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
"ပြန်ကြစို့"
ထို့နောက် သူက ထျန်းလင်းအာကို ကြည့်ကာ ပြောလိုက်လေသည်။
"လင်းအာ.. အဖေနဲ့ လိုက်ခဲ့။ မင်းအမေနဲ့ အဖေ မင်းကို ပြောစရာရှိတယ်"
ထျန်းလင်းအာက ပြန်ဖြေလိုက်ပြီး မထွက်ခွာမီ ကျန်းရှောင်ဖန်းကို ပြုံးပြသွားခဲ့လေသည်။
သူတို့က အိပ်ဆောင်သို့ ပြန်လာခဲ့ကြ၏။ အခန်းထဲသို့ ပြန်ရောက်သည်နှင့် ဝူတာ့ယီနှင့် အခြားသူများက သတင်းကောင်းကို စုန့်တာ့ရန်အား အလျင်အမြန် ပြောပြကြလေသည်။
လုတာ့ရှင်းက ကျန်းရှောင်ဖန်းကို မြှောက်ချီကာ ရယ်မောနေသည်။ တုပိရှု တစ်ယောက်သာ ခေါင်းခါရင်း ပြောနေလေတော့သည်။
"နတ်ဘုရားတွေမှာ နားတွေ မျက်စိတွေ မရှိတော့ဘူးလားကွာ"