အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃) - အတုမဲ့အတတ်ပညာ (၁)
ညအချိန်ကား ပြန်လည်ရောက်ရှိလာလေပြီ။
ကျန်းရှောင်ဖန်းမှာမူ အိပ်မပျော်နိုင်ဘဲ ရှိနေ၏။ ရှောင်ဟွေး၏ မျက်လုံးများမှာလည်း ပွင့်လျက်ရှိပြီး သူ့ကို စိုက်ကြည့်နေသည်။
အခြားဂိုဏ်းတူအစ်ကိုများမှာမူ ဟောက်သံများပင် ထွက်ပေါ်နေပြီး တာ့ဟွမ်မှာလည်း အိပ်မောကျနေလေသည်။
လရောင်မှာ ရေပြင်ကဲ့သို့ ကြည်လင်နေပြီး ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေလျက်ရှိသည်။
ကျန်းရှောင်ဖန်း တိတ်တဆိတ် ထရပ်လိုက်ရာ ရှောင်ဟွေးကလည်း သူ့ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်လာ၏။
ကျန်းရှောင်ဖန်းသည် မျောက်ကလေးကို ချီမလျက် ခေါင်းကို အသာအယာပုတ်ပေးရင်း အပြင်သို့ ထွက်လာခဲ့သည်။
စင်္ကြံလမ်းတစ်လျှောက်တွင် အသံတစ်သံမျှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
သူသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ ထုံထျန်းတောင်ထိပ်သို့ ရောက်ရှိကတည်းက သူကောင်းကောင်း အိပ်မပျော်ခဲ့ရပေ။
မနက်ဖြန်တွင် လုရွှယ်ချီနှင့် ယှဉ်ပြိုင်ရမည့်အရေးကို တွေးမိသောအခါ သူ၏ရင်ထဲတွင် ပြောမပြတတ်အောင်ပင် စိုးရိမ်ပူပန်နေမိသည်။
ရင်ခွင်ထဲမှ ရှောင်ဟွေးမှာ ဂနာမငြိမ်လှုပ်ရှားလာသည်။ ကျန်းရှောင်ဖန်း ကြည့်လိုက်ရာ မျောက်ကလေးမှာ ရှေ့ဘက်ရှိ အရိပ်တစ်ခုကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
မှောင်ရိပ်ထဲတွင် လူရိပ်တစ်ခု ဖြတ်သွားရာ ကျန်းရှောင်ဖန်းလည်း နောက်မှ လိုက်သွားလေသည်။
ထိုလူရိပ်မှာ အလွန်အမင်း မြန်ဆန်လှသည်တော့ မဟုတ်ပေ။ ပခုံးများမှာ တသိမ့်သိမ့်တုန်ယင်နေပြီး ငိုကြွေးနေပုံရသည်။ ကျန်းရှောင်ဖန်းမှာ ထိုသူမှာ ထျန်းလင်းအာဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
သူဇဝေဇဝါ ဖြစ်သွားသော်လည်း သူ၏စီနီယာအစ်မ ငိုနေသည်ကို မြင်ရသောအခါ ရင်ထဲ၌ နာကျင်သွားရသည်။
ထျန်းလင်းအာမှာ တိမ်ပင်လယ်ဆီသို့ ဦးတည်သွားပြီး ဗဟိုစင်မြင့်အနီးသို့ ရောက်ရှိသွား၏။ အနီးအနားတွင် လူသူကင်းမဲ့နေသည်ကို မြင်သောအခါ သူမသည် မအောင့်ထားနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ငိုချလိုက်လေသည်။
ကျန်းရှောင်ဖန်းမှာ သူ၏စီနီယာအစ်မ ဤမျှအထိ ဝမ်းနည်းပူဆွေးနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် သူမအနားသို့ သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်မ ... အစ်မ ..."
ထျန်းလင်းအာမှာ အံ့အားသင့်သွားပြီး ချက်ချင်းခုန်ထကာ လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းဖြစ်နေသည်ကို မြင်ရမှ စိတ်သက်သာရာ ရသွားသည်။
ထို့နောက်တွင်မူ သူမ၏ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာပြီး ကျန်းရှောင်ဖန်းကို ဖက်ကာ ပခုံးပေါ်တွင် ခေါင်းတင်၍ ငိုကြွေးလေတော့သည်။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီး မလှုပ်မယှက် ရှိနေလေသည်။
သူမ၏ ရှိုက်သံများမှာ ကျန်းရှောင်ဖန်း၏ နားအနားတွင် ကြားနေရ၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နွေးထွေးမှုကို သူခံစားနေရသည်။
၎င်းမှာ သူ၏အိပ်မက်များ အကောင်အထည်ပေါ်လာသကဲ့သို့ပင်။ သင်းပျံ့သော မွှေးရနံ့လေးတစ်ခုလည်း လွင့်ပျံလာလေသည်။
ကျန်းရှောင်ဖန်းမှာ ထိုနေရာတွင်ပင် ရပ်နေပြီး အဝေးသို့ ငေးကြည့်နေမိ၏။ သူသည် ထိုမိန်းကလေးကို ပြန်လည်ဖက်တွယ်ထားချင်သော်လည်း မပြုလုပ်ဝံ့ပေ။
အကယ်၍များ သူမကို အခက်တွေ့စေခဲ့လျှင် ဘဝမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေမလား။
ထျန်းလင်းအာက သူ၏ပခုံးပေါ်မှ ခေါင်းကို ခွာလိုက်၏။ ကျန်းရှောင်ဖန်း၏ ရင်ထဲတွင်မူ တစ်ခုခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဟာတာတာ ဖြစ်သွားသည်။ သူ၏ပခုံးမှာ မျက်ရည်များဖြင့် စိုရွှဲနေလေသည်။
ထျန်းလင်းအာသည် မျက်လုံးများကို ပွတ်သပ်ကာ ကျန်းရှောင်ဖန်း၏ ပခုံးကို ကြည့်ရင်း ပြောလိုက်သည်။
"တောင်းပန်ပါတယ် ရှောင်ဖန်း"
ကျန်းရှောင်ဖန်းက ခေါင်းယမ်းလိုက်ပြီး ပြန်မေးလိုက်သည်။
"စီနီယာအစ်မ ... ဘာဖြစ်လို့လဲ"
ထျန်းလင်းအာ စကားပြောရန် ပြင်လိုက်စဉ် ခြေရင်းနားမှ "ချီ ချီ" ဆိုသော အသံကို ကြားလိုက်ရသည်။
သူတို့ ငုံ့ကြည့်လိုက်ရာ ရှောင်ဟွေးကို တွေ့လိုက်ရ၏။ သူမသည် ငုံ့ကာ ရှောင်ဟွေးကို ပွေ့ချီလိုက်သည်။
"အရင်က တစ်ခါမျှ အခုလို မဖြစ်ခဲ့ဖူးဘူး ရှောင်ဖန်း ... တစ်ခါမျှ မဖြစ်ခဲ့ဖူးဘူး"
ညမှောင်ရိပ်အောက် လရောင်ထဲတွင် ရပ်နေသော ထိုမိန်းကလေး၏ ပုံရိပ်မှာ ဝမ်းနည်းဖွယ် ကောင်းလှသော်လည်း လှပနေဆဲပင်။ သူမက ကျန်းရှောင်ဖန်းကို ကြေကွဲစွာ ပြောလိုက်၏။
"အဖေနဲ့ အမေက ငါ့ကို တစ်ခါမျှ ဒီလိုမျိုး မဆူဖူးဘူး"
ဝမ်းနည်းပူဆွေးနေသော ထိုအလှလေးကို မြင်ရသောအခါ ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ကြေကွဲမတတ် ခံစားရပြီး သူမ၏ ဝမ်းနည်းမှုအားလုံးမှာ သူကိုယ်တိုင်ကြောင့် ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ညင်သာစွာ မေးလိုက်သည်။
"စီနီယာအစ်မ ... ဘာဖြစ်လို့လဲ။ ဆရာနဲ့ ဆရာကတော်က အစ်မကို ဘာလို့ ဆူတာလဲ"
ထျန်းလင်းအာမှာ တွန့်ဆုတ်သွားပြီး ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ ငယ်စဉ်ကတည်းက ဤရှောင်ဖန်းမှာ သူမ၏ မိဘများအပြင် အရင်းနှီးဆုံးသော သူငယ်ချင်းဖြစ်ခဲ့သည်။
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ရှောင်ဖန်းက ငါ့အပေါ် ဘယ်တုန်းက ဒီလောက်တောင် ညင်သာသွားတာပါလိမ့်။
သို့သော် ထိုအတွေးမှာ ခဏချင်းပင် ပျောက်ကွယ်သွား၏။ သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ကျန်းရှောင်ဖန်းကို ငိုယိုကာ ပြောလိုက်သည်။
"ဒါတွေ အားလုံးက စီနီယာအစ်ကို ချီဟောင်ကြောင့်ပဲ"
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများပင် လက်ဖဝါးထဲသို့ စူးဝင်နေချေပြီ။
"နင် မသိသေးဘူး မဟုတ်လား"
ထျန်းလင်းအာမှာ ကျန်းရှောင်ဖန်းကို ဂရုမပြုမိတော့ဘဲ ပြောနေ၏။ ကျန်းရှောင်ဖန်း၏ ရင်ထဲတွင်မူ 'ငါသိတယ် ... ငါသိတာပေါ့ ... ငါသိနေခဲ့တာ ကြာပြီ' ဟု အော်ဟစ်နေလေသည်။
လမင်းကြီး၏ အလင်းရောင်မှာ မြေပြင်ပေါ်သို့ အေးစက်စွာ ဖြာကျနေ၏။
"စီနီယာအစ်ကို ချီဟောင်နဲ့ ငါနဲ့ ချစ်နေကြတာကို ငါ သူတို့ကို ပြောလိုက်တယ် ... ငါ သူ့ကို တကယ်ကို ချစ်တာပါလို့"
ထျန်းလင်းအာမှာ အနည်းငယ် တည်ငြိမ်သွားသော်လည်း သူမ စကားတစ်ခွန်း ပြောတိုင်း ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားသည်ကို သတိမထားမိပေ။
"ဒါပေမဲ့ အဖေက ငါ့ကို အော်ငေါက်ပြီး အသိဉာဏ်မရှိဘူးလို့ ပြောတယ် ... ငါ့ကို အမြဲချစ်တဲ့ အမေကတောင် အဖေ့ဘက်က ပါနေတယ် ... ဘာလို့ ဒီလိုဖြစ်ရတာလဲ ရှောင်ဖန်း"
ကျန်းရှောင်ဖန်းမှာ ထျန်းလင်းအာကို မျက်နှာမပြချင်သဖြင့် ခေါင်းငုံ့ထားလိုက်၏။ သူက တိုးတိုးလေး မေးလိုက်သည်။
"ဆရာနဲ့ ဆရာကတော်က ဘယ်လိုသိသွားတာလဲ"
ထျန်းလင်းအာမှာ ကျန်းရှောင်ဖန်း၏ ပုံစံမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိမထားမိဘဲ ပြန်ဖြေလိုက်သည်။
"ငါလည်း ဒါကို မမျှော်လင့်ထားဘူး။ နောက်မှ သိလိုက်ရတာက စီနီယာအစ်မဝမ်မင်က သခင်မရွှေယွဲ့ကို သွားပြောပြလိုက်တာတဲ့”
“စီနီယာရွှေယွဲ့ကမှ ငါ့အမေကို ပြန်ပြောပြတာ။ အစ်မဝမ်မင်ကို ဘယ်သူ့ကိုမှ မပြောဖို့ အကြိမ်ကြိမ် မှာထားပါလျက်နဲ့ သူက ပြောပြလိုက်တာပဲ ... ငါ ... ငါ ..."
သူမ၏ မျက်လုံးများထဲမှ မျက်ရည်တစ်စက် ကျလာ၏။
ကျန်းရှောင်ဖန်းက ကြေကွဲစွာ ပြောလိုက်သည်။
"ဆရာနဲ့ ဆရာကတော်က အစ်မရဲ့ အကျိုးအတွက် လုပ်တာ ဖြစ်မှာပါ။ သူတို့က အစ်မရဲ့ မိဘတွေပဲ ... အမအပေါ် မကောင်းတာတော့ မလုပ်ပါဘူး"
ထျန်းလင်းအာက မျက်ရည်များကို သုတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
"သူတို့က ဘာသိမှာလဲ။ သူတို့က တောင်ထိပ်တွေရဲ့ ကွာခြားချက်ကိုပဲ သိတာ။ သူတို့က စီနီယာအစ်ကို ချီဟောင်က လုံရှို့တောင်ထိပ်က စီနီယာချန်းစုန့်ရဲ့ အချစ်ဆုံးတပည့်ဆိုတာကိုပဲ သိတာ”
“ငါ စီနီယာအစ်ကိုချီဟောင်နဲ့ တွဲနေတာကို သူများတွေ သိသွားရင် ချင်းယွင်ဂိုဏ်းမှာ သူတို့ မျက်နှာပျက်ရမှာကိုပဲ သိတာ။ ငါ့အတွက် ဘယ်တုန်းကမှ ထည့်မတွေးပေးဘူး"
သူမက ဒေါသတကြီး ပြောလိုက်သည်။
"အဲဒီ ဂုဏ်သတင်းတွေက ငါ့ရဲ့ ပျော်ရွှင်မှုနဲ့ ယှဉ်ရင် ဘာတန်ဖိုးရှိလို့လဲ။ သူတို့က သူတို့ရဲ့ ဂုဏ်သတင်းကို ပိုတန်ဖိုးထားတာလား ... ငါ့ကို ပိုတန်ဖိုးထားတာလားဆိုတာတောင် ငါသံသယဖြစ်မိတယ်"
ကျန်းရှောင်ဖန်း ခေါင်းမော့ကာ သူနှင့် သူစိမ်းဆန်နေသော စီနီယာအစ်မကို ကြည့်လိုက်မိ၏။
ထိုမျက်လုံးများမှာ အလွန်ပင် ဝမ်းနည်းဖွယ် ကောင်းလှချေသည်။
မုန်တိုင်းထဲတွင် မိဘများနှင့် ကွဲကွာနေသော ငှက်ငယ်လေးတစ်ကောင်ပမာ အားကိုးရာမဲ့နေ၏။ ကြောက်ရွံ့မှုနှင့်အတူ ရောယှက်နေသော ထိုဝမ်းနည်းမှုမှာ သူ၏ဝိညာဉ်ကို ဓားနှင့် ထိုးဆွလိုက်သကဲ့သို့ပင်။
ကျန်းရှောင်ဖန်းမှာ ထိုမျက်လုံးများကို ကြည့်ကာ ချက်ချင်းပင် အရှုံးပေးလိုက်ရ၏။ တစ်ခါမျှ မခံစားဖူးသော ဝမ်းနည်းမှုတစ်ခုမှာ သူ၏ရင်ထဲတွင် ဖြစ်ပေါ်လာလေသည်။
အကယ်၍ သူသာ ထိုမိန်းကလေး၏ နာကျင်မှုများကို ကူညီသယ်ပိုးပေးနိုင်မည်ဆိုလျှင် မည်မျှပင် ခက်ခဲပါစေ သူသယ်ပိုးပေးပါမည်။ သို့သော် သူဘာပြောရမည်ကို မသိတော့သဖြင့် ဤမျှသာ ပြောနိုင်တော့၏။
"စီနီယာအစ်မ ..."
"ငါ သူ့အနားမှာ ရှိနေရမယ်"
ထျန်းလင်းအာက ခိုင်မာစွာ ပြောလိုက်၏။ ဤစကားမှာ ကျန်းရှောင်ဖန်းကို ပြောခြင်းထက် သူမ၏နှလုံးသားနှင့် ဤနေရာတွင် မရှိသော ထျန်းပုယီ၊ စုရုတို့ကို ပြောခြင်းသာ ဖြစ်ပေမည်။
"ငါ စီနီယာအစ်ကို ချီဟောင်အနားမှာ ရှိနေရမယ်။ ငါတို့ ကတိသစ္စာ ပြုထားကြပြီးပြီ“
“ငါ့မိဘတွေ ဘယ်လောက်ပဲ ကန့်ကွက်ပါစေ ... ပင်လယ်တွေ ခန်းခြောက်ပြီး ကျောက်ဆောင်တွေ ကြေမွသွားရင်တောင် ငါတို့ အတူတူ ရှိနေမှာပါ"
သူမသည် ညကောင်းကင်ယံကို ကြည့်ကာ လမင်းကြီးကို သစ္စာဆိုလိုက်၏။ လရောင်မှာ သူမ၏အပေါ်သို့ တိတ်ဆိတ်စွာ ကျရောက်နေသည်။
သူမ၏ အလှတရားမှာ ညအချိန်တွင် ပွင့်လန်းနေသော လီလီပန်းလေးနှင့် တူနေပြီး သူမအနားတွင် နှလုံးသား သေဆုံးနေသော အရိပ်တစ်ခု ရှိနေသည်ကို လုံးဝ သတိမထားမိတော့ပေ။
စင်မြင့်ပေါ်တွင် ရပ်နေသော ကျန်းရှောင်ဖန်း၏ ကိုယ်ပေါ်သို့ အာရုဏ်ဦး နေရောင်ခြည်များ ဖြာကျနေလေသည်။။
ထိုနေရောင်က သူ၏ခန္ဓာကိုယ်ကို နွေးထွေးစေသော်လည်း ရင်ထဲကိုမူ မနွေးထွေးစေနိုင်ပေ။ သူသည် နတ်သမီးလေးပမာ လှပသော လုရွှယ်ချီ၏ ရှေ့တွင် ခံစားချက်ကင်းမဲ့စွာ ရပ်နေ၏။
ထိုအေးစက်လှသော မိန်းမပျိုလေး၏ အထင်အမြင်သေးမှုမှာ ထင်ရှားလှသည်။
စင်မြင့်အောက်ရှိ လူတိုင်းက ကျန်းရှောင်ဖန်းမှာ စွမ်းရည်ထက် ကံကောင်းမှုကြောင့်သာ ဆီမီးဖိုင်နယ်သို့ ရောက်လာခြင်းဖြစ်သည်ဟု သိထားကြရာ လူတိုင်း အထင်သေးနေကြလေသည်။
သူမ၏ ကျောဘက်တွင်မူ ထျန်းယာဓားမှာ အပြာရောင်အလင်းများဖြင့် တောက်ပနေလေသည်။
ကျန်းရှောင်ဖန်းမှာ ထိုဒဏ္ဍာရီလာ လက်နက်ကို ကြည့်ကာ တွေးလိုက်မိ၏။ ခဏနေရင် ငါဒါကို ရင်ဆိုင်ရတော့မှာလား။
ထို့နောက်တွင်မူ သူသည် ထိုမေးခွန်းကို လုံးဝ မေ့လျော့သွားတော့သည်။ မနေ့ညကတည်းက သူ၏စိတ်မှာ အနိမ့်အမြင့် အတက်အကျများစွာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
အခန်း (၅၄) - အတုမဲ့အတတ်ပညာ (၂)
တိမ်ပင်လယ်တွင် စင်မြင့်နှစ်ခုသာ ကျန်ရှိတော့၏။ ကြည့်ရှုနေသော တပည့်အရေအတွက်ကို ကြည့်လျှင် အနောက်ဘက်တွင် ယှဉ်ပြိုင်နေသော ချီဟောင်နှင့် ရန်ဟုန်၏ ပွဲမှာ ဤနေရာရှိ လူဦးရေ၏ သုံးပုံတစ်ပုံပင် မရှိပေ။
လူတိုင်းမှာ အကျော်ကြားဆုံးဖြစ်သော လုရွှယ်ချီနှင့် ကံအကောင်းဆုံး ကျန်းရှောင်ဖန်းတို့၏ ပွဲကိုသာ စိတ်ဝင်စားနေကြ၏။ တောင်ထိပ်သခင်များမှာလည်း ဂိုဏ်းချုပ်အပါအဝင် ဤစင်မြင့်အောက်တွင် ထိုင်နေကြလေသည်။
သို့သော် လုရွှယ်ချီ စင်ပေါ်သို့ ရောက်လာချိန်တွင် အားပေးသံများ ဆူညံသွားပြီးနောက် ကျန်းရှောင်ဖန်းအနေဖြင့် မည်မျှအမြန် ရှုံးနိမ့်သွားမည်ကိုသာ လူတိုင်းက ပြောဆိုနေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းလား သို့မဟုတ် တစ်စက္ကန့်အတွင်းမှာလား ဆိုသည်ကိုပေါ့။
စင်မြင့်အောက်တွင် ထျန်းပုယီမှာ မျက်မှောင်ကြုတ်ထား၏။ ကျန်းရှောင်ဖန်း၏ ကျင့်ကြံမှုအဆင့်ကို သူသိပေသည်။
သို့သော် သူ၏နောက်ကွယ်မှ လှောင်ပြောင်သံများက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူ၏ဘေးတွင် ထိုင်နေသော စုရုမှာမူ ထျန်းလင်းအာကို လိုက်ရှာနေ၏။
မနေ့ညက စကားများပြီးနောက် ထျန်းလင်းအာမှာ ငိုယိုကာ ထွက်သွားခဲ့သည်။ သူမ၏ သမီးအကြောင်းကို သိထားသဖြင့် ထျန်းလင်းအာမှာ ချီဟောင်၏ ပွဲကို သွားကြည့်နေမည်ကို စိုးရိမ်နေမိသည်။
သူမက ခေါင်းယမ်းလိုက်သည်။ သူမ၏ တစ်ဦးတည်းသော သမီးကို အလွန်ချစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ခင်ပွန်းဖြစ်သူဘက်မှ အပြည့်အဝ ရပ်တည်ခဲ့သည်။ လုံရှို့တောင်ထိပ်မှ လူများကို သူမအနေဖြင့် အမြဲတမ်း သဘောမကျခဲ့ပေ။
သူမသည် စင်မြင့်ပေါ်သို့ လှည့်ကြည့်လိုက်၏။ ထိုအချိန်မှာပင် ကျန်းရှောင်ဖန်းကလည်း သူတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့အကြည့်ချင်း ဆုံသွားကြသည်။
ကျန်းရှောင်ဖန်းမှာ သူရှာနေသောသူကို မတွေ့သဖြင့် တိတ်ဆိတ်စွာပင် ပြန်လှည့်သွားလေသည်။
စုရုက မျက်မှောင်ကြုတ်ကာ ထျန်းပုယီကို ပြောလိုက်သည်။
"ရှောင်ဖန်းပုံစံက ဒီနေ့ နည်းနည်း ထူးဆန်းနေတယ်။ လူက သေလူတစ်ယောက်လိုပဲ"
ထျန်းပုယီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"သူ စိုးရိမ်နေလို့ ဖြစ်မှာပါ။ ကလေးတစ်ယောက်အနေနဲ့ ဒီလို အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးတော့ မထူးဆန်းပါဘူး"
စုရုမှာ ဘာမှ ထပ်မပြောတော့ဘဲ တိတ်သွားလေသည်။
ကျန်းရှောင်ဖန်းသည် လုရွှယ်ချီဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ နေရောင်အောက်တွင် သူမ၏ လှပသော မျက်နှာမှာ ဝင်းလက်နေသည်။
မကြာမီမှာပင် လုရွှယ်ချီက ကျန်းရှောင်ဖန်း၏ အကြည့်ကို ခံစားမိပြီး နောက်တစ်ကြိမ် အထင်အမြင်သေးစွာ ကြည့်လိုက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျန်းရှောင်ဖန်းမှာ ရှောင်ဖယ်မသွားတော့ပေ။ သူမ၏ အထင်အမြင်သေးမှုကိုပင် သူ မခံစားမိတော့ချေ။
ထိုလှပသော မျက်နှာမှာ သူ့အတွက် ဘာမှမဟုတ်တော့ပေ။ သူ၏ နှလုံးသားထဲတွင်မူ နာကျင်စွာဖြင့် တိုးတိုးလေး ပြောနေမိ၏။
'သူမက ဒီမှာ မရှိဘူး။ စီနီယာအစ်ကို ချီဟောင်ရဲ့ ပွဲကို သွားကြည့်နေပြီ'
လုရွှယ်ချီသည် ကျန်းရှောင်ဖန်း၏ မျက်လုံးများမှာ သူမကို ကြည့်နေသော်လည်း စိတ်ထဲတွင်မူ အခြားအရာတစ်ခုကိုသာ တွေးနေပြီး သူမ၏ တည်ရှိမှုကို လျစ်လျူရှုထားကြောင်း ချက်ချင်း သိလိုက်ရသည်။
ဤသည်မှာ လုရွှယ်ချီအတွက် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်၏။ သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာလေသည်။
"ဒေါင်…"
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ကွင်းပြင်လုံး တိတ်ဆိတ်သွား၏။
လုရွှယ်ချီသည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
နောက်ထပ်နှစ်ပွဲသာ နိုင်လျှင် သူမ၏ အိပ်မက်များ အကောင်အထည်ပေါ်လာပြီး သူမ၏ဆရာ မျှော်လင့်ထားသကဲ့သို့ ဖြစ်လာတော့မည် ဖြစ်၏။ သူမ၏ ကျောဘက်တွင် ထျန်းယာဓားမှာလည်း ပို၍ တောက်ပလာလေသည်။
"ရှောင်ကျူးတောင်ထိပ်မှ တပည့် လုရွှယ်ချီ ... သင်ကြားပေးပါအုံး"
ကျန်းရှောင်ဖန်းမှာမူ အိပ်မက်မှ နိုးလာသကဲ့သို့ ရှိနေ၏။ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဂါရဝပြုရန် မဟုတ်ဘဲ လူအုပ်ထဲတွင် လိုက်ရှာနေခြင်းသာ ဖြစ်သည်။ လူမည်မျှပင် များပြားနေပါစေ သူရှာနေသောသူမှာ ဤနေရာတွင် ရှိမနေပေ။
လုရွှယ်ချီ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ စင်မြင့်အောက်ရှိ ချင်းယွင်တပည့်များမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
ဤလူမှာ လုရွှယ်ချီအပေါ် မရိုမသေ ပထမဆုံး ပြုလုပ်သူ ဖြစ်လာချေပြီ။ ထျန်းပုယီနှင့် စုရုတို့မှာလည်း ဤတပည့်မှာ ယနေ့တွင် တကယ်ပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။
ကျန်းရှောင်ဖန်းသည် ဖြည်းညှင်းစွာ ခေါင်းလှည့်လာ၏။ သူ၏ မျက်နှာမှာ မီးစာကုန်နေသော မီးခဲပမာ ဖြစ်နေပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော်က တာ့ကျူးတောင်ထိပ်က တပည့် ကျန်းရှောင်ဖန်းပါ။ စီနီယာအစ်မ အလျှော့မပေးပါနဲ့"
လုရွှယ်ချီမှာ အံ့အားသင့်သွား၏။ ပုံမှန်အားဖြင့် လူတိုင်းက ပြိုင်ပွဲမစတင်မီ ယဉ်ကျေးသော စကားများကိုသာ ပြောလေ့ရှိသော်လည်း ကျန်းရှောင်ဖန်း၏ ပုံစံမှာ ထူးဆန်းနေပြီး အလျှော့မပေးရန် ပြောနေခြင်းမှာ လှောင်ပြောင်နေသကဲ့သို့ပင် ဖြစ်နေ၏။ သို့သော် သူ၏ပုံစံမှာ လှောင်နေပုံလည်း မရပေ။
လုရွှယ်ချီမှာ သခင်မရွှေယွဲ့၏ အချစ်ဆုံးတပည့်ဖြစ်သဖြင့် စိတ်ဓာတ်မှာ အလွန်ပင် ကြံ့ခိုင်၏။ သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပေ။
သူမသည် ဘာမှ ထပ်မပြောတော့ဘဲ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ ထျန်းယာဓားမှာ လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားလေသည်။
ကျန်းရှောင်ဖန်းသည် ထိုတောက်ပနေသော အပြာရောင်အလင်းများကို ကြည့်နေမိသည်။ သူသည် စိုးရိမ်ပူပန်မှုများကို မခံစားရတော့ဘဲ အရာအားလုံးကို အဆုံးသတ်ရန် စောင့်မျှော်နေသကဲ့သို့ ဖြစ်နေသည်။
သူသည် သူ၏ ရုပ်ဆိုးလှသော ဝိညာဉ်ဝါးမျိုတုတ်ကို ထုတ်ယူလိုက်ရာ စင်မြင့်အောက်မှ ရယ်သံများ ထွက်ပေါ်လာသည်။
ခန့်ညားထည်ဝါလှသော ထျန်းယာဓားနှင့် ယှဉ်လျှင် သူ၏ ဝိညာဉ်ဝါးမျိုတုတ်မှာ ရုပ်ဆိုးလှသော ပိုးကောင်တစ်ကောင်နှင့် တူနေပေသည်။
ယခုအချိန်တွင်မူ ၎င်းမှာ သေဆုံးနေသော ရုပ်ဆိုးသည့် ပိုးကောင်တစ်ကောင်နှင့် တူနေလေသည်။
အေးစက်သော ခံစားချက်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြန်၏။ အကြောင်းရင်းတစ်ခုကြောင့် ဝိညာဉ်ဝါးမျိုတုတ်မှာ ယနေ့တွင် အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
အေးစက်သော စွမ်းအင်များ လှည့်ပတ်မှုမှာ ပုံမှန်ထက် ပို၍ မြန်ဆန်နေ၏။
ကျန်းရှောင်ဖန်းမှာ သူနှင့် ဝိညာဉ်ဝါးမျိုတုတ်ကြားရှိ သွေးနှောင်ကြိုးသာ မရှိလျှင် ၎င်းမှာ လုရွှယ်ချီထံသို့ ချက်ချင်း ပြေးဝင်သွားမည်ဟု ခံစားနေရသည်။
မဟုတ်ပေ ... လုရွှယ်ချီထံသို့ မဟုတ်ဘဲ ထျန်းယာဓားထံသို့သာ ဖြစ်သည်။ ဤထူးဆန်းသော ခံစားချက်မှာ အလွန်ပင် မုန်းတီးနေကြသော ရန်သူနှစ်ဦး တွေ့ဆုံခြင်းနှင့် တူနေသည်။
ထိုအချိန်မှာပင် လုရွှယ်ချီ၏ မျက်နှာမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။ ထျန်းယာဓား၏ တောက်ပမှုမှာ လွန်ကဲနေသဖြင့် သူမကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
သို့သော် ကျန်းရှောင်ဖန်းမှာ စဉ်းစားနေရန် စိတ်မပါတော့ပေ။ သူသည် အပြာရောင်အလင်းများကြားမှ ဤလှပသော မိန်းကလေးကို ကြည့်နေမိ၏။
သူမမှာ သူ၏စီနီယာအမနှင့် တူနေသည်ဟု သူ ရုတ်တရက် ထင်မှတ်လိုက်မိသည်။ သို့သော် ဤစီနီယာအစ်မမှာမူ သူ့ကို အေးစက်စွာ ကြည့်နေလေသည်။
စင်မြင့်ပေါ်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာ၏။ ကျန်းရှောင်ဖန်းနှင့် လုရွှယ်ချီမှာ လှုပ်ရှားမှု မပြုကြသေးပေ။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြရုံသာ ရှိသည်။
အောက်ရှိ လူများမှာလည်း တီးတိုးပြောဆိုနေကြလေသည်။
လုရွှယ်ချီမှာ ထျန်းယာဓား၏ ထူးဆန်းသော တုံ့ပြန်မှုကို သတိပြုမိလိုက်သော်လည်း သူမ၏ စိတ်ဖြင့် စစ်ဆေးကြည့်သောအခါ မည်သည့် ပုံမှန်မဟုတ်မှုမျှ မရှိပေ။ ထျန်းယာဓားမှာ အနည်းငယ် စိတ်လှုပ်ရှားလွန်းနေသည်ဟုသာ တွေးလိုက်သည်။
စင်မြင့်အောက်ရှိ များပြားလှသော မျက်လုံးများကို ခံစားမိသဖြင့် လုရွှယ်ချီ မျက်မှောင်ကြုတ်ကာ စိတ်ကို တည်ငြိမ်စေလိုက်သည်။
သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အတွေးအားလုံးကို မောင်းထုတ်လိုက်၏။ ထျန်းယာဓားမှာ ပို၍ တောက်ပလာကာ ကောင်းကင်သို့ မြင့်တက်သွားသော်လည်း ၎င်းမှာ ဓားအိမ်ထဲတွင်ပင် ရှိနေဆဲပင်။
ပြိုင်ပွဲ စတင်ကတည်းက ထျန်းယာဓားမှာ လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ယခုအချိန်အထိ လုရွှယ်ချီမှာ သူမ၏ပြိုင်ဘက်အားလုံးကို ဓားမထုတ်ဘဲ အနိုင်ယူခဲ့သည်။
ထို့ကြောင့် မည်သူက လုရွှယ်ချီကို ဓားထုတ်ခိုင်းနိုင်မည်နည်းဟု လူတိုင်းက သိချင်နေကြသည်။ လူအများကမူ နောက်ဆုံးပွဲတွင် ချီဟောင်၏ ကျင့်ကြံမှုဖြင့်သာ လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
အပြာရောင်အလင်းမှာ ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ကျရောက်နေသော်လည်း သူ၏ အမူအရာကိုမူ မမြင်ရပေ။
ဝိညာဉ်ဝါးမျိုတုတ်မှာ ပါးလျသော အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး သူ၏လက်ထဲမှ လွတ်ကာ လေထဲတွင် ရပ်တန့်နေ၏။
လူတိုင်းက ထိုတုတ်ကို မြင်ဖူးထားကြသော်လည်း ကျန်းရှောင်ဖန်းမှော်ပညာ သုံးသည်ကိုမူ တာ့ကျူးတောင်ထိပ်မှ လူများအပါအဝင် ယခုမှ ပထမဆုံး မြင်ဖူးကြခြင်း ဖြစ်သည်။ စုန့်တာ့ရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်သည်။
"ငါသာ ကိုယ်တိုင် မမြင်ရဘူးဆိုရင် အူကြောင်ကြောင် ရှောင်ဖန်းလေးက ရုတ်တရက်ကြီး ပါရမီရှင် ဖြစ်သွားတယ်ဆိုတာကို ယုံမှာ မဟုတ်ဘူး"
စင်မြင့်ပေါ်တွင် လုရွှယ်ချီသည် မန္တန်တံဆိပ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ထျန်းယာဓားမှာ လှည့်ပတ်ကာ ကျန်းရှောင်ဖန်းထံသို့ တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာလည်း ချက်ချင်းပင် ရှေ့သို့ တိုးသွား၏။ နက်မှောင်သောအစိမ်းရောင်အလင်းနှင့် တောက်ပသောအပြာရောင်အလင်းတို့မှာ လေထဲတွင် ထိပ်တိုက်တွေ့ဆုံကုန်ကြသည်။ ဝိညာဉ်ဝါးမျိုတုတ်မှာ ထိုအရှိန်အဝါကို အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမရပေ။
နောက်တစ်ခဏတွင်မူ ကြည့်ရှုနေသူများ၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် ကျန်းရှောင်ဖန်းမှာ အထိနာသွားသကဲ့သို့ နောက်သို့ လွင့်စင်သွားလေသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာလည်း အလင်းရောင်များ ပျောက်ကွယ်သွားကာ သူ၏ သခင်ထံသို့ ပြန်လည်ပျံသန်းလာလေသည်။
တာ့ကျူးတောင်ထိပ်မှ လူများမှာ မတ်တပ်ရပ်ကုန်ကြပြီး စုန့်တာ့ရန်မှာလည်း ထိန့်လန့်တကြား အော်ဟစ်လိုက်မိသည်။
ကျန်းရှောင်ဖန်း၏ ကျောမှာ တိုင်နှင့် ဆောင့်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ ပါးစပ်မှ သွေးများ ထွက်လာပြီး ဝိညာဉ်ဝါးမျိုတုတ်ပေါ်သို့ ကျသွားလေသည်။
မည်သူမျှ သတိမထားမိဘဲ ထိုသွေးများကို တုတ်က စုပ်ယူလိုက်လေသည်။
ထျန်းယာဓား၏ စွမ်းအားမှာ လူတိုင်းကို တုန်လှုပ်စေခဲ့ပြီ။