အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅) - အတုမဲ့အတတ်ပညာ (၃)
လုရွှယ်ချီ၏ အေးစက်သော မျက်နှာတွင် တွန့်ဆုတ်မှု မရှိဘဲ အပြာရောင်အလင်းများ လက်ခနဲ ဖြစ်သွားကာ ထျန်းယာဓားမှာ လေထဲမှ ကျန်းရှောင်ဖန်းကို ရက်စက်စွာ ခုတ်ပိုင်းလိုက်သည်။
ထိုအချိန်တွင် ဝိညာဉ်ဝါးမျိုတုတ်မှ အနက်ရောင် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာကာ အစိမ်းရောင်အလင်းမှာ ပို၍ တောက်ပလာလေသည်။
နှုတ်ခမ်းထောင့်တွင် သွေးစများဖြင့် ကျန်းရှောင်ဖန်းသည် ဖြည်းညင်းစွာ ထရပ်လိုက်၏။ သူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်လုံးများမှာမူ နီရဲကာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ အနက်ရောင်အငွေ့များနှင့် အစိမ်းရောင်အလင်းများကြားမှ ထျန်းယာဓားထံသို့ ထပ်မံတိုးဝင်သွားပြန်သည်။
လက်နက်နှစ်ခုမှာ လေထဲတွင် တွေ့ဆုံပြီးနောက် ချက်ချင်းပင် ပြန်လည်ကန်ထွက်သွားကြသည်။ လုရွှယ်ချီနှင့် ကျန်းရှောင်ဖန်းတို့မှာ သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
အပြာရောင်နှင့် အစိမ်းရောင် အလင်းတန်းများမှာ ကောင်းကင်အနှံ့ ပျံဝဲနေလေသည်။
စင်မြင့်ပေါ်ရှိ ကြီးမားလှသော သစ်သားတုံးကြီးများမှာ စက္ကူစများပမာ ခုတ်ပိုင်းခြင်းခံလိုက်ရသည်။ အသံမှာလည်း မိုးခြိမ်းသံကဲ့သို့ပင်။
ချင်းယွင်တပည့်များမှာ ပုံမှန်အတိုင်း မနေနိုင်ကြတော့ပေ။ ပြိုင်ပွဲ စတင်ကတည်းက ဤမျှအထိ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ခမ်းနားလှသော တိုက်ပွဲမျိုး မရှိခဲ့ဖူးပေ။
ခဏအကြာတွင်မူ စင်မြင့်တစ်ခုလုံးမှာ လက်နက်နှစ်ခု၏ စွမ်းအားကြောင့် လုံးဝ ပျက်စီးသွားလေသည်။
ကြည့်ရှုနေသူများမှာလည်း စင်မြင့်နှင့် အတန်အဝေးသို့ နောက်ဆုတ်သွားကြရသည်။ ကျန်းရှောင်ဖန်းနှင့် လုရွှယ်ချီတို့မှာ လေထဲတွင် ဝဲပျံနေကြသည်။
လုရွှယ်ချီသည် လက်နှစ်ဖက်လုံးဖြင့် မန္တန်တံဆိပ်ကို ကိုင်ထားကာ လက်နက်ကို ထိန်းချုပ်ရန် အာရုံစိုက်နေရာ သူမ၏ ပုံစံမှာ တည်ကြည်ကာ ခန့်ညားလှသည်။ ကျန်းရှောင်ဖန်းမှာမူ အနည်းငယ် ထူးဆန်းနေလေသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ မယုံနိုင်စရာ စွမ်းအားများ ရှိနေသော်လည်း သူသည် မန္တန်တံဆိပ်ကို မသုံးဘဲ လက်ဟန်ခြေဟန်ဖြင့်သာ ထိန်းချုပ်နေခြင်း ဖြစ်သည်။ ဝိညာဉ်ဝါးမျိုတုတ်မှာ သူ၏ ဆန္ဒအတိုင်း ထျန်းယာဓားနှင့် ယှဉ်ပြိုင်နေလေသည်။
ထိုသို့ ဖြစ်နေသော်လည်း ကျန်းရှောင်ဖန်းမှာမူ ပြောမပြတတ်အောင် ခံစားနေရ၏။ ထျန်းယာဓား၏ စွမ်းအားမှာ သူထင်ထားသည်ထက် များစွာ ပိုမိုကြီးမားလှသည်။
ဝိညာဉ်ဝါးမျိုတုတ်နှင့် ထျန်းယာဓား ထိတွေ့မိတိုင်း သူ၏ ခန္ဓာကိုယ်ထဲရှိ အကြောများမှာ တုန်ခါသွားရ၏။ အကယ်၍ သူသာ ဗြဟ္မာ့ဉာဏ်တော်ကို ကျင့်ကြံထားခြင်း မရှိလျှင် ထျန်းယာဓား၏ နတ်ဘုရားစွမ်းအင်ကို တောင့်ခံနိုင်မည် မဟုတ်ဘဲ သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
လုရွှယ်ချီမှာမူ ဘာမှ ခံစားရပုံမရပေ။ သူမ၏ ထိန်းချုပ်မှုအောက်တွင် အပြာရောင်အလင်းမှာ ပို၍ တောက်ပလာကာ ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင်အလင်းကို တဖြည်းဖြည်း ဖိနှိပ်လာလေသည်။
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ညည်းတွားနေသကဲ့သို့ လုရွှယ်ချီမှာလည်း အံ့အားသင့်နေရသည်။
သူမပြိုင်ဘက်၏ တုတ်မှာ တူညီသော စွမ်းအားများ ရှိရုံသာမက စုပ်ယူနိုင်သော စွမ်းအားလည်း ရှိနေလေသည်။
၎င်းမှာ သူမ၏ ခွန်အားများကို စုပ်ယူနေခြင်းပင် ဖြစ်၏။ အကယ်၍ သူမ၏ ကျင့်ကြံခြင်းအခြေခံသာ မခိုင်မာလျှင် သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများကိုပင် ထိန်းချုပ်နိုင်မည် မဟုတ်သည်ကို စိုးရိမ်ရလေသည်။
ထိုသို့ တွေးမိသောအခါ လုရွှယ်ချီမှာ သွေးများ ဦးနှောက်ထဲသို့ တိုးဝင်လာသကဲ့သို့ ခံစားရပြီး လေထဲတွင် ဟန်ချက်ပျက်မလို ဖြစ်သွား၏။ သူမ၏ စိတ်ထဲတွင် ဒေါသနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။
တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သူမ၏ပြိုင်ဘက်၏ ကျင့်ကြံမှုမှာ သူမထက် များစွာ နောက်ကျနေသော်လည်း သူ၏လက်နက်မှာမူ အလွန်ပင် ထူးဆန်းပြီး စွမ်းအားကြီးလှရာ ထျန်းယာဓားပင် အသာစီးရ ရနေသည်ဟုသာ ဆိုနိုင်တော့သည်။
လုရွှယ်ချီ အံကြိတ်လိုက်ရာ မျက်နှာမှာ ပန်းရောင်သန်းလာ၏။ သူမ၏ အဝတ်အစားများမှာ လေမတိုက်ဘဲ လွင့်ပျံနေလေသည်။
ထျန်းယာဓားနှင့် ဝိညာဉ်ဝါးမျိုတုတ်တို့ နောက်တစ်ကြိမ် ထိတွေ့မိပြီးနောက် ကျန်းရှောင်ဖန်း၏ တစ်ကိုယ်လုံး တုန်ခါသွားကာ ဝိညာဉ်ဝါးမျိုတုတ်မှာလည်း နှေးကွေးသွားလေသည်။
ထျန်းယာဓားမှာ ပြန်လည်ပျံသန်းလာလေသည်။ လုရွှယ်ချီသည် ညာဘက်လက်ကို ဆန့်ထုတ်ကာ ထျန်းယာဓားကို ဖမ်းကိုင်လိုက်၏။
သူမ၏ လက်နှင့် ဓားထိတွေ့လိုက်သည့် ခဏမှာပင် အပြာရောင်အလင်းများမှာ အလွန်တောက်ပလာပြီး သူမ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
ထျန်းယာဓားမှ နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ လုရွှယ်ချီနှင့် ထျန်းယာဓားတို့မှာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် မြင့်တက်သွားကြလေသည်။
ကျန်းရှောင်ဖန်းမှာမူ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့နေချေပြီ။ ဝိညာဉ်ဝါးမျိုတုတ်နှင့် သူ၏ ကြားရှိ နှောင်ကြိုးကြောင့် ၎င်းမှာ သက်ရှိတစ်ခုကဲ့သို့ ဖြစ်နေကြောင်း သူခံစားမိနေသည်။
၎င်းမှာ အလွန်ပင် စိတ်လှုပ်ရှားနေပြီး ထူးဆန်းလှသော ရက်စက်သည့် အတွေးတစ်ခု သူ၏ဦးနှောက်ထဲတွင် ပေါ်လာလေသည်။
သူသည် လေထဲတွင် ရပ်နေရင်း ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်သည်။
ထိုအသံမှာ မြေပြင်ကို တုန်ခါစေပြီး ကောင်းကင်ယံမှာလည်း ပြောင်းလဲသွားချေပြီ။
အနက်ရောင်အငွေ့များနှင့် အစိမ်းရောင်အလင်းများမှာ ကောင်းကင်သို့ မြင့်တက်သွား၏။ ပြင်းထန်သော လေများ တိုက်ခတ်လာကာ တိမ်တိုက်များမှာလည်း လိပ်တက်လာလေသည်။
ရုတ်တရက် အပြာရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီး လေချွန်သံများမှာ နားကွဲမတတ် ကျယ်လောင်လာရာ အခြားအသံများကိုပင် မကြားရတော့ပေ။
အပြာရောင်အလင်းများမှာ စုစည်းသွားကာ ကြီးမားလှသော အလင်းတိုင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အပေါ်မှနေ၍ ထိုးနှက်လိုက်သည်။ ၎င်းမှာ ချင်းယွင်တောင်ကို နှစ်ပိုင်းပိုင်းဖြတ်ပစ်တော့မည့် အတိုင်းပင်။
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ တွန့်လိမ်သွားပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားများမှ သွေးများ ထွက်လာလေသည်။ သို့သော် သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ ရှိမနေပေ။
သူသည်လည်း ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ထားကာ အနက်ရောင်အငွေ့များနှင့် အစိမ်းရောင်အလင်းများမှာ သူ၏လက်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေပြီး အပြာရောင်အလင်းတိုင်ကြီးကို ရင်ဆိုင်လိုက်လေသည်။
ချင်းယွင်တပည့်များမှာ အသက်ရှူပင် မေ့နေကြရ၏။ မည်သူမျှ ကျန်းရှောင်ဖန်းကို အထင်မသေးရဲတော့ပေ။ အကြီးအကဲများ၏ မျက်နှာများမှာလည်း ပြောင်းလဲသွားကြလေသည်။
ဤပြိုင်ပွဲမှာ အသက်နှင့်ရင်းရသော တိုက်ပွဲတစ်ခု ဖြစ်လာလေသည်။
သို့သော် ဘာကြောင့်များ မည်သူမျှ လာရောက်မတားဆီးကြပါသနည်း။
"ဘုန်း…"
မိုးခြိမ်းသံကဲ့သို့ပင်။ ထုံထျန်းတောင်ထိပ်တစ်ခုလုံး တုန်ခါသွားပြီး အပြာရောင်အလင်းတန်းမှာ နောက်သို့ လွင့်စင်သွားလေသည်။
လုရွှယ်ချီမှာ ကောင်းကင်ယံတွင် ပြန်လည်ပေါ်လာပြီး ထျန်းယာဓားကို ကိုင်ထားရင်း သူမ၏ ပါးစပ်မှ သွေးများ စီးကျလာလေသည်။
စင်မြင့်အောက်တွင် ရွှေယွဲ့မှာ မတ်တပ်ရပ်လိုက်မိသည်။
လေထဲတွင် ကျန်းရှောင်ဖန်းမှာမူ လေတိုးသံများကိုသာ ကြားနေရပြီး သူ၏ မျက်လုံးများမှာ ဝေဝါးနေကာ သွေးများက မျက်လုံးကို ဖုံးကွယ်ထားလေသည်။
အကယ်၍ သူသာ ကြားနိုင်မည်ဆိုလျှင် အောက်ရှိ တာ့ကျူးတောင်ထိပ်မှ လူများ၏ အော်ဟစ်သံများကို ကြားရပေလိမ့်မည်။
စုရု၏ နှုတ်ခမ်းများမှာ ဖြူဖျော့နေကာ လေထဲတွင် သွေးများဖြင့် ဖုံးလွှမ်းနေသော တပည့်ငယ်လေးကို ကြည့်ရင်း သူမက ထျန်းပုယီကို တိုးတိုးလေး ပြောလိုက်သည်။
"ပုယီ ... ရှောင်ဖန်းကို မြန်မြန်အရှုံးပေးခိုင်းလိုက်ပါတော့ ..."
ထျန်းပုယီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး လေထဲသို့ စိုက်ကြည့်နေမိသည်။ ထို့နောက်တွင်မူ သူသည် ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်လေသည်။
မည်သည့် နာကျင်မှုကိုမျှ မခံစားရတော့ဘဲ ကောင်းကင်ယံတွင် ရှိနေသော ကျန်းရှောင်ဖန်း၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။
ငါသေပြီးရင် စီနီယာအမက ငါ့ဆီ လာလည်မှာလား။ နှစ်တွေ အများကြီး ကြာပြီးနောက်မှာရော သူမ ငါ့ကို မေ့သွားမှာလား။
သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ရာ သွေးများနှင့်အတူ မျက်ရည်များလည်း ပါလာလေသည်။
လုရွှယ်ချီသည် သူမ၏ခန္ဓာကိုယ်ထဲတွင် အလွန်အမင်း နာကျင်မှုကို ခံစားနေရလေသည်။
သူမ၏ အကြောများထဲရှိ စွမ်းအင်များမှာ မတည်မငြိမ် ဖြစ်နေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အလင်းတန်းနှင့် အနက်ရောင်အငွေ့များကြားမှ မိစ္ဆာကို အားပေးနေသကဲ့သို့ ဖြစ်နေသည်။
ယခုမှာ သေခြင်းနှင့် ရှင်ခြင်းကြား ရောက်နေသည့် အချိန်ပင်။
ထိုလှပသော မိန်းကလေးမှာ လေထဲတွင် ရပ်နေ၏။ လေများက ဓားများကဲ့သို့ သူမ၏မျက်နှာကို တိုက်ခတ်နေသော်လည်း သူမမှာ နောက်ဆုတ်မသွားပေ။ သူမသည် ခေါင်းမော့ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
လေများမှာ ရုတ်တရက် ရပ်တန့်သွားပြီး အေးခဲသွားလေသည်။
ကမ္ဘာကြီးမှာလည်း ရုတ်တရက် တိတ်ဆိတ်သွား၏။
"ဝုန်း…"
နိမ့်ပါးသော ဟိန်းသံတစ်ခုမှာ ကောင်းကင်ဘုံမှ မြေပြင်သို့ ဆင်းသက်လာသကဲ့သို့ ထွက်ပေါ်လာလေသည်။
လုရွှယ်ချီသည် 'နတ်မိုးကြိုး ထျန်းယာဓား' ကို ဓားအိမ်ထဲမှ ထုတ်လိုက်လေသည်။
အပြာရောင်အလင်းတန်းများမှာ ပျောက်ကွယ်သွားပြီး နဂါးကြီးတစ်ကောင်က ရေကို စုပ်ယူလိုက်သကဲ့သို့ အပြာရောင်အလင်းအားလုံးမှာ ဓားသွားပေါ်သို့ စုစည်းသွားတော့သည်။
ထုံထျန်းတောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ထျန်းယာဓားမှာ နောက်ဆုံးတွင် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
လုရွှယ်ချီ၏ မျက်နှာမှာ ဆီးနှင်းများပမာ အေးစက်နေပြီး သူမ၏ လက်ဖြင့် ဓားကို ကိုင်ထားကာ လေထဲတွင် ခုနစ်လှမ်း လှမ်းလိုက်၏။ သူမ ဓားကို ကောင်းကင်သို့ ချိန်လိုက်ရာ မျက်နှာမှာ ဖြူဖျော့သွားပြီး မန္တန်ကို ရွတ်ဆိုလိုက်လေသည်။
"ကောင်းကင်ဘုံကိုးလွှာ၏ အမျက်ဒေါသ၊ နတ်မိုးကြိုးအဖြစ်သို့ ပြောင်းလဲလော့။ ကောင်းကင်ယံ၏ စွမ်းအားများ ဤဓားဆီသို့ သက်ဆင်းလာလော့"
ထိုအခါတွင် ကြည်လင်နေသော ကောင်းကင်ယံမှာ ချက်ချင်းပင် မှောင်အတိ ကျသွားတော့သည်။ မည်းမှောင်နေသော တိမ်တိုက်များမှာ ကောင်းကင်တွင် ရုတ်တရက် ပေါ်လာ၏။
မိုးခြိမ်းသံများမှာလည်း ဟိန်းထွက်လာလေသည်။ တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်လာပြီး ပြင်းထန်သော လေများ တိုက်ခတ်လာ၏။
ကျန်းရှောင်ဖန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤမြင်ကွင်းမှာ သူ၏ ဟိုးရှေးယခင်က မှတ်ဉာဏ်များထဲတွင် ရှိနေခဲ့ဖူးသည် မဟုတ်ပါလား။
မြေပြင်ပေါ်ရှိ အကြီးအကဲများနှင့် တာအိုရွှမ်ပင် မတ်တပ်ရပ်လိုက်ကြပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရွှေယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။
ခဏအကြာတွင် ထျန်းပုယီက ပြောလိုက်၏။
"မင်းမှာ တကယ့်ကို တပည့်ကောင်းတစ်ယောက် ရှိတာပဲ"
ရွှေယွဲ့မှာ မည်သူ့ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ သူမ၏ အေးစက်သော မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာပြီး ထိုလူနှစ်ဦးကိုသာ ကြည့်နေမိသည်။
"နတ်မိုးကြိုး ထိန်းချုပ်မန္တန်"
ဂိုဏ်းချုပ် တာအိုရွှမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ပြီး သူ၏ရင်ထဲတွင် တုန်လှုပ်သွားရသည်။
ချင်းယွင်ဂိုဏ်းရှိ လူငယ်တပည့်များကြားတွင် ဤမျှအထိ ထူးခြားလှသော ပါရမီရှင် ရှိနေမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ထိုမိန်းကလေး၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် ဤမျှအထိ ကြီးမားသော မှော်ပညာကို သုံးနိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ တုန်ခါနေပြီး မျက်နှာမှာ ဖြူဖျော့နေလေသည်။ သူမ၏ အင်အားမှာ အကန့်အသတ်သို့ ရောက်နေသည်မှာ ထင်ရှားလှသည်။
မိုးခြိမ်းသံများမှာ ပို၍ ပြင်းထန်လာလေသည်။ ကျန်းရှောင်ဖန်းမှာ ထျန်းယာဓားကို ထုတ်လိုက်သည့် ခဏတွင် ဝိညာဉ်ဝါးမျိုတုတ်မှာ စွမ်းအင်များ ပြည့်နှက်သွားကြောင်း ခံစားလိုက်ရ၏။
၎င်းမှာ နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းနေခဲ့သော အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံမှာ ပို၍ မှောင်လာပြီး မည်းမှောင်သော တိမ်တိုက်များမှာ ခေါင်းပေါ်သို့ ဖုံးလွှမ်းလာလေသည်။ တိမ်ထူထပ်သော ကောင်းကင်ယံ၌ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာလေသည်။
အခန်း (၅၆) - သံသယ (၁)
ငရဲသို့ သွားရာလမ်းကဲ့သို့ပင် မှောင်မိုက်၍ အဆုံးမရှိသော ဧရာမ ဝဲကတော့ကြီးတစ်ခုမှာ ကောင်းကင်ယံထက်တွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေ၏။
မကောင်းဆိုးဝါးက ပါးစပ်ဟလျက် လောကရှိ အရာအားလုံးကို ဝါးမျိုတော့မည့်အလားပင်။
ပြင်းထန်သော လေပြင်းတို့က အေးစက်နေပြီး တိမ်တိုက်တို့ကို စုစည်းပေးနေ၏။ မိုးချုန်းသံများက ကျယ်လောင်စွာမြည်ဟည်းလျက် လျှပ်စီးများကလည်း လင်းလက်နေလေသည်။
ကျန်းရှောင်ဖန်းသည် လုရွှယ်ချီထံသို့ ပျံသန်းသွား၏။ ဝိညာဉ်ဝါးမျိုတုတ်၏ စိမ်းဖန့်ဖန့် အလင်းတန်းမှာ မှောင်မိုက်သော တိမ်တိုက်များအောက်တွင် အလွန်ပင် သိသာထင်ရှားနေချေသည်။
လုရွှယ်ချီသည် စိမ်းဖန့်ဖန့် အလင်းတန်းများ ဝန်းရံထားသော ကျန်းရှောင်ဖန်း၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။
"နတ်မိုးကြိုး ထိန်းချုပ်မန္တန်" မှာ တာအိုကျင့်စဥ်၏ အမြင့်ဆုံး အဆင့်ဖြစ်၏။ သာမန်ခန္ဓာကိုယ်ဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆင့်ခေါ်ရခြင်း ဖြစ်ရာ လုရွှယ်ချီ တောင့်ခံထားရသော ဖိအားမှာ အလွန်ပင် ကြီးမားလှပေသည်။
ထျန်းယာဓားမှာ နတ်ဘုရားလက်နက်တစ်ခု ဖြစ်ပြီး နတ်မိုးကြိုး ထိန်းချုပ်မန္တန်ကို ထုတ်ဖော်ရန်အတွက် အကောင်းဆုံးသော လက်နက်ဖြစ်သည်။
သို့သော် ထိုသို့ ဖြစ်လင့်ကစား လုရွှယ်ချီ၏ ကျင့်ကြံမှုအဆင့်မှာမူ ထိုပညာရပ်ကို ထုတ်ဖော်ရန် မလုံလောက်သေးပေ။
သူမသည် မှောင်မိုက်သော တိမ်တိုက်များထဲမှ စွမ်းအင်လှိုင်းတို့မှာ ဒေါသထွက်နေသော ဒီရေလှိုင်းများအလား သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားနေရ၏။
အပြင်ပန်းတွင် ထူးခြားမှု မရှိသော်လည်း သူမ၏ သွေးများမှာ ကြီးမားသော စွမ်းအားကြောင့် ပွက်ပွက်ဆူနေသကဲ့သို့ ရှိနေချေသည်။ အကယ်၍ ထျန်းယာဓားကသာ စွမ်းအင်များကို ဆက်တိုက် စုပ်ယူမနေခဲ့ပါက လုရွှယ်ချီမှာ လဲပြိုကျသွားလောက်ပြီ ဖြစ်သည်။
လေတိုးသံများက တဝုန်းဝုန်း မြည်ဟည်းနေကာ မိုးချုန်းသံများကလည်း ဟိန်းဟောက်နေလေသည်။ သူမသည် လေထဲတွင် ရပ်နေရင်း မိမိကိုယ်ကိုယ် လေထဲမှ အားကိုးရာမဲ့ မြက်ပင်လေးတစ်ပင်ကဲ့သို့ပင် ထင်မှတ်နေမိသည်။
ထိုခဏတွင် သူမအား ဤပညာရပ်ကို သင်ကြားပေးစဉ်က ဆရာသခင် ပြောခဲ့သည့် စကားကို ပြန်လည် ကြားယောင်လာခဲ့သည်။
"ရွှယ်ချီ... မင်းရဲ့ အရည်အချင်းက ငါ့တစ်သက် တွေ့ဖူးသမျှထဲမှာ အတော်ဆုံးပဲ။ ဒါပေမဲ့ ဒီမန္တန်က အရမ်းပြင်းထန်လွန်းတယ်…”
“တန်ပြန်သက်ရောက်မှုကို တောင့်ခံဖို့က ခက်ခဲလွန်းလှတယ်။ မင်းရဲ့ ကျင့်ကြံမှုက အခြေခံပဲ ရှိသေးတာမို့ ထုတ်ဖော်နိုင်တယ် ဆိုပေမဲ့ မလိုအပ်ဘဲ မသုံးနဲ့။ မဟုတ်ရင် မင်းရဲ့ အသက်ကို ရင်းရလိမ့်မယ်"
"ဝုန်း။"
ရှောင်ကျူးတောင်ထိပ်၏ အထက်တည့်တည့်တွင် မိုးကြိုးတစ်ချက် ပစ်ချလိုက်လေသည်။ လူတိုင်းသည် မိမိတို့ အောက်ရှိ မြေပြင်မှာ အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ ရှေးဟောင်းမိုးကြိုးနတ်ဘုရား နိုးထလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အလားပင်။
လူတိုင်း၏ မျက်နှာများမှာ အရောင်ပြောင်းသွားကြ၏။
ကျန်းရှောင်ဖန်းမှာ ပေနှစ်ဆယ်ခန့်သာ ဝေးတော့သည်။ ဤအခြေအနေကို ကြည့်ခြင်းဖြင့် လုရွှယ်ချီ၏ အစီအရင် ပြီးဆုံးသွားသည်နှင့် ကျန်းရှောင်ဖန်းမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့မည်ကို လူတိုင်း သိနေကြသည်။
သို့သော် ကျန်းရှောင်ဖန်းမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ နူးညံ့သော နံရံတစ်ခုကို တိုက်မိလိုက်သကဲ့သို့ ရှေ့သို့ ဆက်တိုး၍ မရတော့ချေ။
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွား၏။ နတ်မိုးကြိုး ထိန်းချုပ်မန္တန်မှာ ချင်းယွင်ဂိုဏ်း၏ အဆင့်မြင့် ပညာရပ်များထဲမှ တစ်ခုဖြစ်ရာ အစီအရင် ပြုလုပ်နေစဉ်အတွင်း မမြင်နိုင်သော အကာအကွယ် တစ်ခုကို ဖြစ်ပေါ်စေလေသည်။ ထို့ကြောင့် ကျန်းရှောင်ဖန်း ရှေ့သို့ တိုးမရခြင်း ဖြစ်၏။
ဝိညာဉ်ဝါးမျိုတုတ်မှာ ပို၍ လင်းလက်လာသော်လည်း ရှေ့သို့ တိုးမရသေးချေ။ ဝိညာဉ်စွမ်းအားကို နှိုင်းယှဉ်လျှင် ဝိညာဉ်ဝါးမျိုတုတ်မှာ ထျန်းယာဓားထက် မနိမ့်သော်လည်း ကျင့်ကြံမှုကို နှိုင်းယှဉ်လျှင်မူ ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။
သူသည် ဝိညာဉ်ဝါးမျိုတုတ်ကို လှုပ်ရှားရန် မိမိ၏ ဝိညာဉ်စွမ်းအားကိုသာ သုံးစွဲနေရခြင်း ဖြစ်ရာ ချင်းယွင်ဂိုဏ်း၏ ဆရာသခင်များစွာက နှစ်ပေါင်း ထောင်ချီ၍ အဆင့်မြှင့်တင်ခဲ့သော လုရွှယ်ချီ၏ အထူးပညာရပ်ကို မည်သို့မျှ မယှဉ်နိုင်ချေ။
ထိုမျှော်လင့်ချက် ကင်းမဲ့နေသော အခိုက်အတန့်တွင် ဝဲကတော့ကြီးမှာ ပိုမို မြန်ဆန်လာပြီး လျှပ်စီးများ လက်ပတ်လာကာ ထျန်းယာဓား၏ အလင်းမှာလည်း ပိုမို တောက်ပလာ၏။
ဤအထူး ပညာရပ် ပြီးဆုံးတော့မည့် ခဏတွင် လုရွှယ်ချီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး ဖြူဖျော့နေသော မျက်နှာမှာ နီမြန်းလာကာ သွေးအမြောက်အမြား အန်ထုတ်လိုက်လေသည်။
ထျန်းယာဓား၏ အလင်းမှာ မတည်မငြိမ် ဖြစ်သွား၏။ လုရွှယ်ချီသည် သွားကို တင်းတင်းစေ့လျက် မျက်လုံးကို မှိတ်ကာ စိတ်နှင့် ဝိညာဉ်ကို ထျန်းယာဓားထံတွင်သာ အာရုံစိုက်လိုက်သည်။
ခဏအကြာတွင် အလင်းမှာ ပြန်လည်တည်ငြိမ်သွားလေသည်။ ၎င်းမှာ မျက်စိဖြင့်ပင် မကြည့်နိုင်လောက်အောင် တောက်ပလာသည်။
မှောင်မိုက်သော တိမ်တိုက်များထဲမှ အသံတစ်ချက် မြည်ဟည်းလာသည်။ ဧရာမ ဝဲကတော့ကြီး၏ အနက်ရှိုင်းဆုံး နေရာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ များပြားလှသော လျှပ်စီးများ ပေါင်းစည်းထားခြင်း ဖြစ်ကာ လုရွှယ်ချီ၏ ထျန်းယာဓားဆီသို့ ဦးတည်နေလေသည်။
သို့သော် လုရွှယ်ချီ၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုတို့ တိုးပွားလာ၏။ သူမ ခန့်မှန်းထားသကဲ့သို့ပင် စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
သူမသည် ထျန်းယာဓားကို ကာကွယ်ရန်သာ အာရုံစိုက်နေသဖြင့် အကာအကွယ် အစီအရင်ကို ဂရုမပြုမိတော့ချေ။
အကာအကွယ် မရှိတော့သဖြင့် ကျန်းရှောင်ဖန်းနှင့် ဝိညာဉ်ဝါးမျိုတုတ်တို့မှာ စိမ်းဖန့်ဖန့် အလင်းတိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ လေထဲမှ လှပသော မိန်းကလေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဤမျှနှင့်ပင် အဆုံးသတ်တော့မှာလား။
အရာအားလုံး ဒီနေရာမှာတင် ပြီးဆုံးသွားတော့မှာလား။
သူမ၏ စိတ်နှလုံးမှာ တည်ငြိမ်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
ထိုခဏ... ထိုတိုတောင်းလှသော ခဏအတွင်းမှာပင်။ လောကကြီးမှာ တိတ်ဆိတ်ကာ အေးခဲသွားပြီး အရာအားလုံး ထိုနေရာ၌ပင် ရပ်တန့်သွားလေသည်။
သူမ တစ်ဦးတည်းသာ ဝတ်စုံနှင့် ဆံပင်များ လွင့်ပျံလျက် လေထဲတွင် ရပ်နေသည်။ သူမသည် မျက်လုံးကို ပြန်ဖွင့်ကာ မိမိထံသို့ ပြေးဝင်လာသော စိမ်းဖန့်ဖန့် အလင်းတန်းကို ကြည့်နေမိသည်။
ထိုအခိုက်အတန့်မှာ အချိန်က ထာဝရရပ်တန့်နေသကဲ့သို့ပင် ရှိနေ၏။
ကျန်းရှောင်ဖန်းသည် သူမကို မြင်လိုက်ရသလို သူမ၏ မျက်လုံးများကိုလည်း မြင်လိုက်ရသည်။
သူမသည် မုန်တိုင်းထဲတွင် တစ်ဦးတည်း ရပ်ကာ ကောင်းကင်ယံ၏ စွမ်းအားကို တိတ်ဆိတ်စွာ ရင်ဆိုင်နေ၏။ သူမ၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်း သူမ၏ မျက်လုံးထဲတွင်မူ ဝမ်းနည်းမှု အနည်းငယ်နှင့် ထိတ်လန့်မှု အနည်းငယ် ရှိနေလေသည်။
လောကကြီးမှာ အထီးကျန်နေသယောင်ရှိကာ ထိုလှပသော မိန်းကလေးမှာ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေချေသည်။
မည်သို့သောသူ၏ မျက်ဝန်းများက ဤမျှအထိ ဝမ်းနည်းပြီး အထီးကျန်နေရသနည်း။ လွန်ခဲ့သောညက အချစ်ကြောင့် နာကျင်ခဲ့ရသူနှင့်ပင် တူလှပေသည်။ နာကျင်မှုမှာ ရိုးတွင်းခြင်ဆီအထိ၊ ဝိညာဉ်အထိ နက်ရှိုင်းလှ၏။
နက်ရှိုင်းလှသည်။ အလွန်ပင် နက်ရှိုင်းလွန်းလှ၏။
သူမဟာ... အခြားတစ်ယောက်ကို ချစ်နေတဲ့ မင်းရဲ့ အချစ်ဦး မိန်းကလေးလား…။
တစ်သက်လုံး တသသနဲ့ သတိရနေဖို့ ဘယ်တော့မှ နောင်တမရမယ့် သူမျိုးလား…။
ကျန်းရှောင်ဖန်းသည် ဝမ်းနည်းမှု၊ မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့် ရုတ်တရက် ပြုံးလိုက်သည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ ထျန်းယာဓား၏ အလင်းထဲသို့ တိုးဝင်သွားလေသည်။
လူနှစ်ယောက်၏ ပုံရိပ်ကို ဘယ်သူမှ မမြင်နိုင်တော့သလို ဝိညာဉ်ဝါးမျိုတုတ်၏ အလင်းတန်း ရုတ်တရက် မှိန်သွားသည်ကိုလည်း ဘယ်သူမှ မမြင်လိုက်ရချေ။
ထိုခဏတွင် ကောင်းကင်ယံမှ ဧရာမမိုးကြိုးတစ်ချက် ပစ်ချလိုက်ရာ ထျန်းယာဓားပေါ်သို့ ကျရောက်သွားတော့သည်။
လောကကြီးတစ်ခုလုံးနှင့် နတ်ဘုရားအပေါင်းတို့မှာ တစ်ချိန်တည်းမှာပင် သံပြိုင် သီဆိုလိုက်ကြသည့်အလား ရှိချေသည်။
ဧရာမ အလင်းတိုင်ကြီးမှာ ထျန်းယာဓားမှတစ်ဆင့် ကမ္ဘာမြေကို တုန်လှုပ်စေမည့် အရှိန်အဟုန်ဖြင့် ကျန်းရှောင်ဖန်းထံသို့ ရိုက်ခတ်သွား၏။
ထိုအရေးကြီးသော အချိန်တွင် ဝိညာဉ်ဝါးမျိုတုတ်မှာ အပေါ်သို့ ကြွတက်လာပြီး ၎င်း၏ သခင်ရှေ့တွင် ကာကွယ်ပေးလိုက်လေသည်။
နောက်တစ်ခဏတွင် ကျန်းရှောင်ဖန်းမှာ အလင်းတန်းများထဲ၌ ပျောက်ကွယ်သွားတော့သည်။
ကြာမြင့်လှသော အချိန်တစ်ခုအထိပင်။
မှောင်မိုက်သော တိမ်တိုက်များ ပျောက်ကွယ်သွားကာ အလင်းတန်းများလည်း ပျောက်ကွယ်သွား၏။
လူတိုင်းသည် ကောင်းကင်ယံကို ကြည့်နေကြပြီး ဝိညာဉ်ဝါးမျိုတုတ်ကို ဆုပ်ကိုင်ထားသော လူငယ်လေးမှာ ဒဏ်ရာအပြည့်ဖြင့် ပြုတ်ကျလာသည်ကိုသာ မြင်လိုက်ရသည်။
သို့သော် မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည့်ဆဲဆဲတွင် ထျန်းပုယီမှာ ရုတ်ချည်းပေါ်လာပြီး ကျန်းရှောင်ဖန်းကို ဖမ်းလိုက်သည်။
သူသည် ချက်ချင်းပင် ကျန်းရှောင်ဖန်း၏ ပါးစပ်ကို ဖွင့်ကာ ဆေးပုလင်းငယ် တစ်လုံးကို ထုတ်၍ အဝါရောင် ဆေးလုံးများကို ကျန်းရှောင်ဖန်း၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။
ဆေးလုံးများမှာ ကျန်းရှောင်ဖန်း၏ ပါးစပ်ထဲတွင် လျင်မြန်စွာ ပျော်ဝင်သွား၏။ ထျန်းပုယီမှာ ဘာမှမပြောဘဲ အပေါ်သို့ ခုန်တက်ကာ သူ၏ဓားကို ထုတ်လျက် ခေါ်ဆောင်သွားတော့သည်။
သူသည် ကွင်းပြင်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။ သူ သွားနေသော လမ်းကြောင်းကို ကြည့်ခြင်းဖြင့် ၎င်းမှာ တာ့ကျူးတောင်ထိပ်သို့ ဖြစ်ကြောင်း သိနိုင်ပေသည်။
စုရုနှင့် အခြားလူများကလည်း အလျင်အမြန် လိုက်သွားကြ၏။
ထိုအချိန်တွင် လုရွှယ်ချီမှာ မြေပြင်သို့ ဆင်းသက်လာပြီး ဝမ်းသာအားရ ဖြစ်နေကြသော ရှောင်ကျူးတောင်ထိပ်မှ တပည့်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။
သူမသည် ကောင်းကင်ယံမှ နီရဲသော အလင်းတန်းကို တိတ်ဆိတ်စွာ ကြည့်နေမိလေသည်။
သူသည် နှစ်ပေါင်း ထောင်ချီ၍ အိပ်စက်ခဲ့ရသကဲ့သို့ ရှိနေ၏။ နိုးထချင်သော်လည်း မျက်လုံးများမှာ ဖွင့်မရချေ။ အဆုံးမရှိသော အမှောင်ထုထဲတွင် သူ တစ်ယောက်တည်းသာ ရှိနေသည်။