← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) - သံသယ (၂)

သူသည် အမှောင်ထုထဲတွင် တစ်ဦးတည်း မနေလိုသော်လည်း အမှောင်ထုမှလွဲ၍ သွားစရာ နေရာမရှိပေ။

ထို့ကြောင့် သူ ဒေါသထွက်လာကာ ရင်ထဲတွင် မီးများ လောင်မြိုက်လာ၏။ သူသည် မြေအောက်အရှင်သခင်ကို ကျိန်ဆိုလိုက်သည်။

အကယ်၍ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပြာအဖြစ် ပြောင်းလဲသွားစေကာမူ... သူသည် အလင်းအနည်းငယ်ကို ရယူလိုကာ လောကရှိ အရာအားလုံးကို သူနှင့်အတူ မြုပ်နှံလိုသောဆန္ဒရှိပေသည်။

ကျန်းရှောင်ဖန်းသည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

နူးညံ့သော အလင်းတန်းတို့က သူ၏ မျက်လုံးထဲသို့ တိုးဝင်လာသည်။ ရင်းနှီးနေသော အငွေ့အသက်တို့မှာ အခန်းထဲတွင် လွင့်ပျံနေသည်။

သူသည် ဖြည်းညင်းစွာ ထိုင်လိုက်သည်။ သူ၏ လက်ကို မြှောက်ကာ နဖူးပေါ်မှ ချွေးများကို သုတ်ရန် ပြင်လိုက်စဉ်မှာပင် ပုခုံး၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှ နှလုံးသားကို ဆွဲဖဲ့သကဲ့သို့ နာကျင်မှုများ ခံစားလိုက်ရသည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရပြီး မျက်နှာမှာ ဖြူလျော့သွားလေသည်။

သူသည် ကုတင်ပေါ်တွင် ထိုင်နေရင်း မလှုပ်ရဲတော့ချေ။ ခဏအကြာတွင်မှ နာကျင်မှုများ ပျောက်ကွယ်သွား၏။

တံခါးကို ပိတ်ထားသော်လည်း ပြတင်းပေါက် နှစ်ချပ်ကိုမူ ဖွင့်ထား၏။ စိမ်းလန်းသော ဝါးပင်များကို ပြတင်းပေါက်မှတဆင့် ဝေဝါးဝါး မြင်နေရသည်။

တာ့ဟွမ်နှင့် ရှောင်ဟွေးတို့ ဤနေရာတွင် မရှိကြပေ။ သူတို့ တစ်နေရာရာတွင် အရိုးသွားရှာနေကြပြန်ပြီလား။

သူ ပြုံးလိုက်၏။ ဤတိတ်ဆိတ်သော အခန်းထဲတွင် သူ တစ်ယောက်တည်း ပြုံးနေမိခြင်း ဖြစ်သည်။

တံခါးမှာ ပွင့်သွားပြီး စုရု ဝင်လာသည်။ ကျန်းရှောင်ဖန်း အနည်းငယ် လှုပ်ရှားလိုက်ကာ ပြောလိုက်သည်။

"ဆရာကတော်..."

မတ်တတ်မရပ်နိုင်သေးမီမှာပင် သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။

စုရုက သူ့ထံသို့ အလျင်အမြန် လျှောက်လာပြီး ကုတင်ပေါ်တွင် ထိုင်ကာ ညင်သာစွာ ပြောလိုက်သည်။

"မလှုပ်နဲ့ဦး... ရှောင်ဖန်း…"

ကျန်းရှောင်ဖန်းက နာကျင်မှု သက်သာအောင် ခဏစောင့်ပြီးမှ ပြောလိုက်၏။

"တပည့် ဆရာကတော် လာမယ်ဆိုတာ မသိလိုက်လို့ပါ..."

စုရုက သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"အသက်က တစ်ဝက်လောက် ထွက်နေပြီ... ဒါကိုတောင် ဒီယဉ်ကျေးမှုတွေကို မှတ်မိနေသေးတယ်ပေါ့။ အပိုတွေ မပြောနဲ့တော့... ထိုင်လိုက်…"

ကျန်းရှောင်ဖန်းက ရယ်လိုက်၏။ စုရုက သူ့ကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ အပြင်ဒဏ်ရာတွေကတော့ အတော်လေး သက်သာနေပါပြီ။ ဒါပေမဲ့ အတွင်းအားလမ်းကြောင်းတွေကတော့ တော်တော်လေး ပျက်စီးသွားတယ်။ ကောင်းကောင်း အနားမယူရင် မရဘူး။"

ကျန်းရှောင်ဖန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။ တပည့် ဆရာနဲ့ ဆရာကတော်ရဲ့ မျက်နှာကို ပျက်အောင် လုပ်မိသွားပါတယ်။ တောင်းပန်ပါတယ်..."

စုရုက စကားဖြတ်ပြောလိုက်သည်။

"မင်းက မင်းရဲ့ ဆရာကို ဂုဏ်တက်အောင် လုပ်ပေးခဲ့တာပါ။ နှစ်ပေါင်း သုံးရာအတွင်းမှာ မင်းရဲ့ ဆရာကလွဲရင် တခြားဘယ်တပည့်မှ ပြိုင်ပွဲမှာ မင်းလောက် ထူးချွန်ခဲ့တာမျိုး မရှိဘူး…"

ကျန်းရှောင်ဖန်း ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောလိုက်သည်။

"ဒါ... ဒါက တပည့် ကံကောင်းလို့ပါ…"

စုရုက ပြုံးရင်း သူ၏ ပုခုံးကို ပုတ်လိုက်၏။ ကျန်းရှောင်ဖန်းက တစ်ခုခု သတိရသွားကာ မေးလိုက်သည်။

"ပြိုင်ပွဲ ပြီးသွားပြီလား။ ဘယ်သူ နိုင်သွားလဲဟင်။ စီနီယာလုရွှယ်ချီလား"

စုရုက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"မဟုတ်ဘူး... လုံရှို့တောင်ထိပ်က ချီဟောင် နိုင်သွားတယ်"

ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် ဝမ်းနည်းမှု တစ်ခု ခံစားလိုက်ရပြီး တိုးတိုးလေး ပြောလိုက်သည်။

"စီနီယာချီဟောင်ကိုး… သူက တကယ်ကို တော်တာပဲ။ ထျန်းယာဓားကို ကိုင်ထားတဲ့ စီနီယာလုရွှယ်ချီတောင် ရှုံးသွားတယ်ဆိုတော့…"

စုရုက ထိုစကားကို ကြားသောအခါ တစ်ခုခုကို သတိရသွားဟန် တူ၏။ သူမ သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"မင်းရဲ့ ဒဏ်ရာတွေက ဒီတစ်ခါ မပေါ့ဘူး။ မင်းရဲ့ ဆရာက မင်းကို ကယ်ဖို့ တော်တော် အားစိုက်ခဲ့ရတာ”

“သူ့ပြောစကားအရဆိုရင် ထျန်းယာဓားကို သုံးပြီး နတ်မိုးကြိုး ထိန်းချုပ်မန္တန်ကို ထုတ်ဖော်တာဟာ... လုရွှယ်ချီရဲ့ ကျင့်ကြံမှုက မလုံလောက်သေးဘူး ဆိုပေမဲ့လည်း... မင်းရဲ့ လက်နက်ကသာ မကာကွယ်ပေးခဲ့ရင် နတ်ဘုရားတွေတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးတဲ့"

ကျန်းရှောင်ဖန်း ထိုစကားကို ကြားသောအခါ ရုတ်တရက် သတိရသွား၏။ သူ ဘေးပတ်ပတ်လည်ကို ရှာကြည့်သော်လည်း ထိုရုပ်ဆိုးလှသော ဝိညာဉ်ဝါးမျိုတုတ်ကို မတွေ့ရချေ။

စုရုက သူ့ကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

"မင်းရဲ့ လက်နက်ကို မင်းရဲ့ ဆရာ သိမ်းထားတယ်"

ကျန်းရှောင်ဖန်း လန့်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက် သူ မနေနိုင်ဘဲ မေးလိုက်၏။

"ဆရာက..."

စုရုက ပြောလိုက်သည်။

"မင်း သတိလစ်နေတာ ငါးရက်တောင် ရှိပြီ။ မနေ့ညကမှ အခြေအနေ ပြန်တည်ငြိမ်သွားတာ။ ဒီနေ့ မနက်မှာ ထုံထျန်းတောင်ထိပ်က ဂိုဏ်းချုပ်ကြီးဆီက စာရောက်လာလို့ မင်းရဲ့ ဆရာ အဲဒီကို သွားရတယ်။ အခုဆို သူ ထုံထျန်းတောင်ထိပ်က ယွီချင်းခန်းမမှာ ရောက်နေလောက်ပြီ။"

ကျန်းရှောင်ဖန်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ သူ ဘယ်လို ခံစားရမည်ကို မသိတော့ချေ။ ဘာမှ မဖြစ်လောက်ဘူးဟု သူ ထင်သော်လည်း နှစ်နှစ်တိုင်တိုင် သူနှင့်အတူ ရှိခဲ့သော ဝိညာဉ်ဝါးမျိုတုတ်မှာ ပထမဆုံးအကြိမ်အဖြစ် သူ့ထံမှ ခွဲခွာသွားရာ ဟာတာတာ ဖြစ်နေမိလေသည်။

စုရုက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်း အခုမှ နိုးတာဆိုတော့ အရမ်း အားမစိုက်နဲ့ဦး... အနားယူလိုက်ဦး။ သူတို့ကိုလည်း မင်းကို မနှောင့်ယှက်ဖို့ ငါ မှာထားတယ်။ ထမင်းစားဖို့အချိန်ကျရင် ပိရှုကို လာပို့ခိုင်းလိုက်မယ်။"

ကျန်းရှောင်ဖန်းက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကတော်"

စုရု ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

"အနားယူတော့... ငါ ပိရှုကို ထမင်းလာပို့ဖို့ ပြောလိုက်မယ်"

သူမသည် လှည့်ထွက်သွား၏။ အခန်းပြင်သို့ ထွက်ခါနီးတွင် ကျန်းရှောင်ဖန်းက လှမ်းခေါ်လိုက်သည်။

"ဆရာကတော်..."

စုရု လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ…"

ကျန်းရှောင်ဖန်း သူမကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

"ဆရာကတော်... တပည့် တစ်ခုလောက် မေးချင်လို့ပါ။ လုံရှို့တောင်ထိပ်က လင်းကျင်းယွီရဲ့ ရလဒ်က ဘယ်လိုရှိလဲ သိလားဟင်။ တပည့် ထုံထျန်းတောင်ထိပ်မှာ ရှိတုန်းက သူ့ကို မမေးလိုက်ရလို့ပါ"

စုရုက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"သူက ထိပ်ဆုံး ရှစ်ယောက်စာရင်းထဲ ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စီနီယာ ချီဟောင်ကို ရှုံးသွားတယ်"

ကျန်းရှောင်ဖန်းက ပြောလိုက်၏။

"သူလည်းပဲလား... ကျေးဇူးတင်ပါတယ် ဆရာကတော်"

စုရု ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"အနားယူတော့"

ထို့နောက်မ သူမ လှည့်ထွက်သွားတော့သည်။

ကျန်းရှောင်ဖန်း ဖြည်းညင်းစွာ လှဲချလိုက်ပြီး မျက်နှာကျက်ကို ကြည့်ကာ ဘာမှ မပြောဘဲ နေမိလေသည်။

ချင်းယွင်ဂိုဏ်း၊ ထုံထျန်းတောင်ထိပ်၊ ယွီချင်းခန်းမအတွင်း။

တာအိုရွှမ်က အလယ်တွင် ထိုင်နေပြီး အခြားသော တောင်ထိပ်ခြောက်ခုမှ အကြီးအကဲများလည်း ရှိနေကြ၏။ ထိုသူများမှလွဲ၍ ခန်းမထဲတွင် ဘယ်သူမှ မရှိပေ။

လူတိုင်း တိတ်ဆိတ်နေကြသည်။ တာအိုရွှမ်သည် မျက်လွှာချလျက် မိမိလက်ထဲရှိ အနက်ရောင်ဝိညာဉ်ဝါးမျိုတုတ်ကို ကြည့်နေ၏။

"ဂိုဏ်းတူ ညီလေးထျန်း..."

တာအိုရွှမ်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။

"မင်း ဘယ်လို ထင်သလဲ။"

ထျန်းပုယီ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ကျန်းရှောင်ဖန်းကို ခေါ်လာတုန်းက ဒီပစ္စည်း သူ့မှာ မပါပါဘူး။ ကံတိုက်ဆိုင်ပြီးတော့မှ ဒီရတနာကို ရခဲ့တာ ဖြစ်ပါလိမ့်မယ်"

ချန်းစုန့်က အေးစက်စွာ ပြောလိုက်သည်။

"ဒီတုတ်က နတ်ဘုရားလက်နက်ဖြစ်တဲ့ ထျန်းယာဓားကိုတောင် ယှဉ်နိုင်တယ်။ ဒါပေမဲ့ တစ်လောကလုံးမှာ ဒီတုတ်နဲ့ ပတ်သက်ပြီး ဘယ်မှတ်တမ်းမှာမှ မရှိဘူး"

ထျန်းပုယီ၏ မျက်နှာပျက်သွားပြီး ပြောလိုက်၏။

"မြေမြတ်ဒေသက ဘယ်လောက်တောင် ကျယ်ပြောသလဲ။ တစ်လောကလုံး မသိတဲ့ ရတနာတွေ အများကြီး ရှိပါတယ်။ ခင်ဗျားနဲ့ ကျွန်တော်က ရေတွင်းထဲက ဖားတွေလိုပါပဲ။"

ချန်းစုန့် ဒေါသထွက်သွား၏။ သူ စကားမပြောရသေးမီမှာပင် ရှောင်ကျူးတောင်ထိပ်မှ ရွှေယွဲ့က အေးစက်စွာ ပြောလိုက်သည်။

"ကျွန်မတို့က ရေတွင်းထဲက ဖားတွေ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ တုတ်က ထုတ်ဖော်လိုက်တဲ့ အချိန်မှာ မိစ္ဆာအငွေ့အသက်တွေ ပါနေတယ်။ ဒါဟာ မိစ္ဆာပစ္စည်း ဖြစ်နေတာကတော့ ရှင်းနေတာပဲ။ ဂိုဏ်းတူအစ်ကိုထျန်းက ဘာလို့ ဒါကို မမြင်တာလဲ မသိဘူး"

ထျန်းပုယီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"အနက်ရောင်အငွေ့အသက်ဆိုတာ မိစ္ဆာအငွေ့အသက်လား။ အနီရောင် အမျှင်လေးတွေ ပါတိုင်း မိစ္ဆာပစ္စည်း ဖြစ်ရမှာလား။ အဲဒီလိုဆိုရင် ကျွန်တော် ပြန်သွားပြီး ကျွန်တော့်မျက်နှာကို အမည်းရောင် ခြယ်လိုက်မယ်... အဲဒီကျရင် ခင်ဗျားတို့ ကျွန်တော့်ကို မိစ္ဆာဆိုပြီး သတ်ကြမှာလား"

တာအိုရွှမ်က မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။

"ဂိုဏ်းတူညီလေး... အဲဒီလို မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် မိစ္ဆာလို့ ဘာလို့ ပြောနေရတာလဲ"

ထျန်းပုယီ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာလွှဲကာ ဘာမှ ထပ်မပြောတော့ပေ။

တာအိုရွှမ် သက်ပြင်းချကာ ဝိညာဉ်ဝါးမျိုတုတ်ကို စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။

"ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်တာက သိုင်းပြိုင်ပွဲမှာ တာ့ကျူးတောင်ထိပ်က တပည့်ကျန်းရှောင်ဖန်း သုံးခဲ့တဲ့ ထူးဆန်းတဲ့ လက်နက် အကြောင်း ဆွေးနွေးဖို့ပါ”

“သူ့ရဲ့ နောက်ခံက မရှင်းသလို စွမ်းအားကလည်း အလွန်ကြီးမားတယ်။ ပြီးတော့ ထိပ်ဆုံး လေးယောက်ကို ကုန်းစွန်းတောင်က လျှို့ဝှက်လှိုဏ်ဂူကို စုံစမ်းဖို့ လွှတ်ဖို့လည်း ဆွေးနွေးရမယ်”

“တခြားတပည့် သုံးယောက်ကိုတော့ ကန့်ကွက်စရာ မရှိပေမဲ့ ကျန်းရှောင်ဖန်းကတော့..."

ထျန်းပုယီသည် ကြားရလေ ဒေါသထွက်လေ ဖြစ်နေသည်။ ကျန်းရှောင်ဖန်း၏ ကျင့်ကြံမှု ဘယ်လိုကြောင့် ဒီလောက် မြန်မြန် တက်လာသလဲ ဆိုတာကို သူ ဇဝေဇဝါ ဖြစ်နေသလို ဝိညာဉ်ဝါးမျိုတုတ်ကိုလည်း သံသယ ရှိနေခဲ့သည်။

သို့သော် ယခု ယွီချင်းခန်းမထဲတွင် အခြားတပည့်များကို မပြောဘဲ သူ၏ တပည့်ကိုသာ ပြောနေသဖြင့် သူ မည်သို့ စိတ်မတိုဘဲ နေမည်နည်း။ သူ၏ မျက်နှာမှာ မဲမှောင်သွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

အခန်း (၅၈) - သံသယ (၃)

"ဂိုဏ်းချုပ်ကြီး... ဒီကိစ္စကို ဘယ်လို လုပ်ချင်တာလဲ"

တာအိုရွှမ်သည် ထျန်းပုယီထံမှ ဤမျှ ပြင်းထန်သော တုံ့ပြန်မှု ရလာလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွား၏။

ထျန်းပုယီ၏ ဘေးတွင် ထိုင်နေသော ဖုန့်ဟွေ့တောင်ထိပ်မှ ကျန်းရှူချန်မှာ သူနှင့် ရင်းနှီးသူ ဖြစ်ရာ ထျန်းပုယီ၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။

"ပုယီ... ဂိုဏ်းချုပ်ကြီး ဘာမှ မပြောရသေးဘူးလေ။ အရင် ထိုင်ပါဦး"

တာအိုရွှမ်၏ မျက်နှာ အနည်းငယ်မဲမှောင်သွားကာ ပြောလိုက်သည်။

"ဂိုဏ်းတူညီလေး... ဒီကိစ္စက တကယ်ကို ထူးဆန်းနေတယ်။ ငါက ဒီဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီကိစ္စကို မျှမျှတတ ကိုင်တွယ်သွားမှာပါ။ စိတ်မပူပါနဲ့"

ထျန်းပုယီ၏ မျက်နှာတွင် ဒေါသများ ကျန်ရှိနေသေးသော်လည်း ကျန်းရှူချန်၏ ဖျောင်းဖျမှုနှင့် တာအိုရွှမ်၏ မျက်နှာကို ကြည့်ကာ နောက်ဆုံးတွင် ပြန်ထိုင်လိုက်သည်။

တာအိုရွှမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"အားလုံးပဲ... ခင်ဗျားတို့လည်း ဒီတုတ်ကို စစ်ဆေးကြည့်ပြီးပြီ။ အပြင်ပန်းက ကြည့်ရင် သာမန်ပဲ ဖြစ်ပေမဲ့ အတွင်းထဲမှာတော့ ကြမ်းတမ်းတဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေတယ်”

“ဒါပေမဲ့ အဓိက အချက်ကတော့ ငါတို့လို ကျင့်ကြံမှုအဆင့်မျိုးနဲ့တောင် ဒီပစ္စည်းကို မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ ယွီချင်းအဆင့် ၄ ပဲ ရှိသေးတဲ့ တပည့်လေးက ဘယ်လိုလို့ သုံးနိုင်ရတာလဲ။ ဘာဖြစ်လို့လဲ"

ထျန်းပုယီ အပါအဝင် လူတိုင်းတိတ်ဆိတ်သွားကြ၏။ သူတို့မှာ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြရာ အဖြေကို ဘယ်သူ မသိဘဲ နေမည်နည်း။ ဘယ်သူမှ ထုတ်မပြောချင်ကြရုံသာ ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် တာအိုရွှမ်ကပင် ပြောလိုက်သည်။

"ငါထင်တာကတော့... ဒီတုတ်ဟာ 'သွေးနဲ့ သန့်စင်ထားတဲ့' ပစ္စည်း ဖြစ်ဖို့ များတယ်"

သူတို့ ကြိုတင် တွေးထားကြသော်လည်း အကြီးအကဲများ၏ မျက်နှာများ အရောင်ပြောင်းသွားကြ၏။ သွေးဖြင့် သန့်စင်ခြင်း ဆိုသည်မှာ လက်နက်ကို ပြုလုပ်စဉ်မှာပင် ပိုင်ရှင်၏ သွေးကို လက်နက်ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။

ဤပညာရပ်မှာ အလွန်ခက်ခဲလှပြီး လက်နက်၏ ကုန်ကြမ်းများမှာလည်း အလွန်ပင် ထူးခြားရန် လိုအပ်သလို အလွန်လည်း အန္တရာယ် များလှသည်။

အမှားတစ်ခု ဖြစ်သည်နှင့် လက်နက်၏ ကြမ်းတမ်းသော စွမ်းအားမှာ ပြန်လည် ရိုက်ခတ်ပြီး အသေဆိုးဖြင့် သေဆုံးသွားနိုင်ပေသည်။ သို့သော် အောင်မြင်သွားခဲ့လျှင်မူ လက်နက်၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။

နောက်ထပ် ကောင်းကွက်တစ်ခုမှာ လက်နက်သည် ပိုင်ရှင်၏ သွေးနှင့် ဆက်နွှယ်နေခြင်း ဖြစ်သည်။ ဖန်တီးသူ၏ သွေးရှိသူမှသာ ထိုလက်နက်ကို သုံးစွဲနိုင်ပေသည်။

သို့သော် သွေးကို ကြားခံအဖြစ် သုံးထားသဖြင့် လက်နက်တွင် ကြမ်းတမ်းသော စွမ်းအားများ ကိန်းအောင်းနေလေ့ ရှိသည်။

ဒဏ္ဍာရီများအရ ဤကဲ့သို့ သွေးဖြင့် သန့်စင်သော ပညာရပ်မှာ ရှေးဟောင်းမိစ္ဆာများထံမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုကြ၏။

မိစ္ဆာဂိုဏ်းသားများမှာ မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထင်ရှားသော သွေးသန့်စင် လက်နက်ဟူ၍ မရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းမှာ အလွန်ပင် အန္တရာယ် များလှသဖြင့် မိစ္ဆာဂိုဏ်းသားများပင် စမ်းသပ်ရန် မဝံ့မရဲ ဖြစ်နေသောကြောင့် ဖြစ်ပေမည်။

သို့သော်လည်း ချင်းယွင်ဂိုဏ်း တပည့်တစ်ဦးထံတွင် ဤကဲ့သို့သော လက်နက် ရှိနေချေပြီ။

တာအိုရွှမ်က ထျန်းပုယီကို ကြည့်လိုက်သည်။ ထျန်းပုယီ၏ မျက်နှာမှာ ဖြူလျော့နေပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ကာ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကို... အစ်ကို ပြောတာ မှန်ချင်မှန်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျန်းရှောင်ဖန်းက အခုမှ ၁၆ နှစ်ပဲ ရှိသေးတာ။”

“သူက ဘယ်လိုလုပ်ပြီး သွေးသန့်စင် ပညာရပ်ကို သိမှာလဲ။ သူ ရောက်လာကတည်းက ဒီငါးနှစ်အတွင်း တစ်ခါမှ တောင်ပေါ်က မဆင်းဖူးဘူး။”

“ရောက်လာတုန်းကလည်း ဘာမှ ပါမလာဘူး။ ဒီလို ရှားပါးတဲ့ ကုန်ကြမ်းမျိုးကို သူ ဘယ်ကနေ ရှာရမှာလဲ"

ချန်းစုန့်က ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

"မိစ္ဆာဂိုဏ်းသားတွေက သူ့ကို ချင်းယွင်ဂိုဏ်းထဲကို လွှတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဒါက မထူးဆန်းပါဘူး"

ထျန်းပုယီ ဒေါသထွက်သွားကာ ပြောလိုက်သည်။

"သူ့မှာသာ အဲဒီလို စိတ်ရှိရင် ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီ ရှေ့မှာ ဘာလို့ထုတ်သုံးမှာလဲ။ ပြီးတော့ သူသာ တကယ့်မိစ္ဆာသူလျှို ဖြစ်မယ်ဆိုရင်... ဟဲဟဲ... ဂိုဏ်းတူအစ်ကို... ခင်ဗျားရဲ့ တပည့် လင်းကျင်းယွီလည်း သန့်ရှင်းတယ်လို့ ပြောလို့မရဘူးနော်"

ချန်းစုန့်မှာ အားနည်းချက်ကို အထိုးခံလိုက်ရသဖြင့် မတ်တတ်ရပ်ကာ ဒေါသတကြီး ပြောလိုက်၏။

"ခင်ဗျား ဘာပြောလိုက်တာလဲ။ ကျွန်တော့်ရဲ့ ကျင်းယွီက ခင်ဗျားရဲ့ ငတုံးတပည့်နဲ့ ဘယ်လိုလုပ် တူမှာလဲ"

ထျန်းပုယီ၏ မျက်နှာ ပို၍ ညိုမှောင်သွားကာ နှာခေါင်းရှုံ့ရင်း သူ့ကို စိုက်ကြည့်လျက် ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော့်တပည့်က ငတုံးပါ။ ဒါပေမဲ့ သူက ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တယ်လို့ ကြားတယ်။ ဂိုဏ်းတူအစ်ကိုရဲ့ ပါရမီရှင် လင်းကျင်းယွီက ဘယ်အဆင့်အထိ ရောက်ခဲ့သလဲ မသိဘူးနော်။"

ချန်းစုန့်က ဒေါသတကြီး ပြောလိုက်၏။

"သူက သူ့ရဲ့ စီနီယာချီဟောင်နဲ့ တွေ့လိုက်ရလို့ ကံမကောင်းတာပါ။ သူတို့သာ မတွေ့ရင် သူလည်း ဆီမီးဖိုင်နယ် ရောက်မှာပဲ"

သူက စကားကို ခဏရပ်ကာ အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ သူကတော့ တခြားလူတွေလို တခြားလူက အလျှော့ပေးလို့ တက်လာတဲ့ ကံမျိုး မရှိဘူးလေ။ ဒါကိုတောင် မရှက်မကြောက် ပြောနေသေးတယ်နော်"

ထျန်းပုယီ အော်ဟစ်လိုက်၏။

"ဒါဆို သူနဲ့ လုရွှယ်ချီတို့ တိုက်ပွဲကရော ကံကောင်းလို့ပဲလား"

ချန်းစုန့်က ပြောလိုက်သည်။

"မှန်တာပေါ့။ သူ့မှာ ကံမရှိလို့ပဲ ရှုံးသွားတာပေါ့။ အသက်တောင် မနည်းလုယူလိုက်ရတဲ့အထိ ဆိုးဆိုးရွားရွား ရှုံးသွားတာ မဟုတ်လား"

ထျန်းပုယီမှာ ပို၍ ဒေါသထွက်လာသော်လည်း စကားပြော မကျွမ်းကျင်သဖြင့် ချန်းစုန့်ကို မယှဉ်နိုင်ချေ။ သူ၏ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ ပြောလိုက်သည်။

"ခင်ဗျား ဘာဖြစ်ချင်တာလဲ။ ကျုပ်ရဲ့ စွမ်းအားကို စမ်းကြည့်ချင်တာလား"

ချန်းစုန့်မှာလည်း နောက်ဆုတ်မည့် အမူအရာ မရှိချေ။ သူ မတ်တတ်ရပ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း ဂိုဏ်းတူညီလေးထျန်းရဲ့ ဓားကို စမ်းကြည့်ရတာပေါ့"

ထျန်းပုယီ ဘာမှ ထပ်မပြောတော့ချေ။ သူ ရှေ့သို့ တစ်လှမ်းတိုးကာ ညာဘက်လက်ဖြင့် ဓားအမှတ်အသားကို ပြုလုပ်လိုက်ရာ ခန်းမထဲရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ရှိချေသည်။

"ရိုင်းစိုင်းလှချည်လား…ဟမ်"

ကျယ်လောင်သော ရိုက်သံတစ်ချက် ထွက်ပေါ်လာ၏။ တာအိုရွှမ်က စားပွဲကို လက်ဖြင့် ရိုက်လိုက်ခြင်း ဖြစ်ကာ မျက်နှာမှာ ဒေါသထွက်နေလေသည်။ သူ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက်က ငါ့ကို ဂိုဏ်းချုပ်အဖြစ် မမြင်တော့ဘူးလား…"

တာအိုရွှမ်မှာ ဂိုဏ်းချုပ်ရာထူးကို လက်ခံထားသည်မှာ နှစ်ပေါင်း သုံးရာခန့် ရှိပြီ ဖြစ်ရာ အလွန်ပင် ရိုသေလေးစားခြင်း ခံရသူ ဖြစ်သည်။

ပုံမှန်အားဖြင့် သူသည် ကြင်နာတတ်သော်လည်း ယခုတစ်ကြိမ်တွင် သူ ဒေါသထွက်နေသဖြင့် ထျန်းပုယီနှင့် ချန်းစုန့်တို့မှာ အံ့အားသင့်သွားကြ၏။ သူတို့ နောက်သို့ ဆုတ်လိုက်ကြပြီး တိုးတိုးလေး ပြောလိုက်ကြသည်။

"ဟုတ်ကဲ့... ဂိုဏ်းချုပ်ကြီး စိတ်လျှော့ပါ"

တာအိုရွှမ်က သူတို့ နှစ်ယောက်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှ ဒေါသများ ပျောက်ကွယ်သွားရန် အချိန်အနည်းငယ် ကြာသွားလေသည်။ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။

"ဂိုဏ်းတူညီလေးထျန်း..."

ထျန်းပုယီ ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကြီး..."

တာအိုရွှမ်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတုတ်ရဲ့ နောက်ခံက မရိုးရှင်းဘူး။ အကယ်၍ ဒါဟာ မိစ္ဆာပစ္စည်း ဖြစ်နေပြီး ကျန်းရှောင်ဖန်းကလည်း မိစ္ဆာတွေနဲ့ ပတ်သက်နေမယ်ဆိုရင် သူ့ကို ငါတို့ လက်မခံနိုင်ဘူး။ မင်း နားလည်တယ်မလား"

ထျန်းပုယီ ခေါင်းငုံ့ကာ ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ကျုပ်နားလည်ပါပြီ"

တာအိုရွှမ်က ထပ်ပြောလိုက်သည်။

"ဂိုဏ်းတူညီလေး... မင်း သဘောမကျဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒါက အရမ်း အရေးကြီးတဲ့ကိစ္စမို့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ အခု မင်း အရင်ပြန်လိုက်ဦး”

“ကျန်းရှောင်ဖန်း သက်သာလာတဲ့အထိ စောင့်ပြီးတော့ သူ့ကို သေချာ စစ်မေးလိုက်ဦး။ ပြီးရင် သူ့ကို ဒီကို ခေါ်လာခဲ့။ ငါတို့ အဲဒီကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့။ ဘယ်လိုလဲ…"

ထျန်းပုယီ၏ မျက်နှာမှာ ဖြူလျော့သွားပြီးမှ နီမြန်းလာ၏။ သူ ခြေဆောင့်ကာ ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြောဘဲ ထွက်သွားတော့သည်။

တံခါးအပြင်ဘက်မှ လေတိုးသံတစ်ချက် ထွက်ပေါ်လာရာ သူ ဓားဖြင့် ပြန်သွားခြင်း ဖြစ်ပေမည်။

ခန်းမထဲတွင် ကျန်းရှူချန်က တာအိုရွှမ်ကို ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကြီး... ဂိုဏ်းတူအစ်ကိုရဲ့ တာ့ကျူးတောင်ထိပ်မှာ ဒီလို ပါရမီရှင်မျိုး ရှားရှားပါးပါး ပေါ်လာတာကိုမှ ဒီလိုကိစ္စမျိုး ဖြစ်သွားတော့ သူ စိတ်မကောင်း ဖြစ်နေတာက သဘာဝပါပဲ။ သူ့ကို စိတ်ထဲ မထားပါနဲ့"

တာအိုရွှမ် သက်ပြင်းချကာ ခေါင်းခါလိုက်၏။

"စိတ်ထဲ မထားပါဘူး။ ဂိုဏ်းတူညီလေးထျန်း အကြောင်းကို ငါ သိပါတယ်။ သူ့ကို ငါ ယုံတယ်"

ထို့နောက် သူ တစ်ခုခုကို သတိရသွားဟန်ဖြင့် ရွှေယွဲ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ ဂိုဏ်းတူညီမ... မင်းရဲ့ တပည့် လုရွှယ်ချီ ဒီရက်ပိုင်း..."

ရွှေယွဲ့က ညင်သာစွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ကြီး စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။ ရွှယ်ချီရဲ့ ခန္ဓာကိုယ်ကတော့ ပြန်သက်သာလာပါပြီ”

“တကယ်လို့ ဂိုဏ်းတူအစ်ကိုရဲ့ တပည့်ဆီမှာ အဲဒီလို ထူးဆန်းတဲ့ လက်နက်သာ မရှိခဲ့ရင်... ပြီးတော့ ရွှယ်ချီရဲ့ ချီစွမ်းအားတွေကိုသာ ကုန်ခမ်းအောင် မလုပ်ခဲ့ရင်... သူမ အဲဒီလူကို ရှုံးမှာ မဟုတ်ပါဘူး"

ချန်းစုန့်၏ မျက်နှာမှာ ပျက်သွား၏။ တာအိုရွှမ်က လက်ယမ်းပြကာ ပြောလိုက်သည်။

"ကဲပါ... ပြီးခဲ့တဲ့ ကိစ္စတွေပဲ။ ငြင်းမနေကြနဲ့တော့"

ချန်းစုန့်နှင့် ရွှေယွဲ့တို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီးမှ မျက်နှာလွှဲလိုက်ကြ၏။ တာအိုရွှမ် သက်ပြင်းချကာ စားပွဲပေါ်ကို ကြည့်လိုက်ရာ မည်းနက်၍ ရုပ်ဆိုးလှသော ဝိညာဉ်ဝါးမျိုတုတ်မှာ ထိုနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေလေတော့သည်။

All Chapters