← Chapters

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း ၁၃၆၆: ရှောင်ဝူရဲ့ဥ!

ချင်းလင်အပန်းဖြေစံအိမ်_

ထူးထူးဆန်းဆန်း၊ ချင်လင်က ချင်ဖုန်းလေးချီပြီး ဧည့်ခန်းထဲဝင်လာသည်။

သူဝင်လာသည်နှင့် ကလေးက ရှောင်ရန်ကို လက်လှမ်းပြ၏။ သူမိကျောင်းစီးချင်နေပြီ။

သန္ဓေအားဆေးကြောင့် ချင်ဖုန်းလေးအကြီးမြန်လာခြင်းဖြစ်မည်။ အခု သူများချီတာမကြိုက်တော့။ ကြမ်းပြင်ပေါ်ကိုယ်တိုင်တွားသွားပြီး လမ်းလျှောက်ရတာ သဘောကျနေပြီ။

ဒါကလည်း ကလေးတိုင်းဖြတ်သန်းရမည့်ဖွံ့ဖြိုးမှုအဆင့်တစ်ခုပင်။

သူသဘောအကျဆုံးနေရာမှာ ရှောင်ရန်၏ကျောကုန်းဖြစ်သည်။

မိကျောင်းအရေခွံလဲပြီးနောက် ရှောင်ရန်၏ခန္ဓာကိုယ်က အတော်ကြီးလာသည်။ သူ့ကျောပြင်မှာ ချင်ဖုန်းလေးပက်လက်လှန်အိပ်နိုင်အောင်ကျယ်ပြန့်သည်။

"ဖေဖေ! ဖေဖေ! ဖေဖေ! ဖေဖေ!"

ချင်ဖုန်းလေးက ရှောင်ရန်ကျောပေါ်ခွစီးရင်း ချင်လင်ဆီလက်လှမ်းကာ မြူးတူးအော်ဟစ်နေသည်။

ချင်လင်ကငုတ်တုတ်ထိုင်ချပြီး ချင်ဖုန်းလေးနှင့်ဆော့ကစားနေစဉ် ရုတ်တရက် ရှောင်ဝူပျံသန်းလာကာ သူ့ဘေးတွင်ရှိသောစားပွဲပေါ်နားလိုက်သည်။

"သခင်.. ကျွန်မနောက်လိုက်ခဲ့ပါ... သခင်... ကျွန်မနောက်လိုက်ခဲ့ပါ!"

သူက ဆက်တိုက်အော်သည်။

အော်ဟစ်နေရင်း ဟိုခုန်ဒီခုန်ခုန်ကာ ဂနာမငြိမ်ဖြစ်နေ၏။

ထိုမြင်ကွင်းကြောင့် ဒီကောင်တစ်ခုခုခိုင်းတော့မည်မှန်း ချင်လင်သိလိုက်သည်။ သူက အစောင့်တစ်ယောက်ကိုလှမ်းခေါ်၍ ချင်ဖုန်းလေးကို ကြည့်ခိုင်းထားပြီး မတ်တပ်ထရပ်လိုက်သည်။

ရှောင်ဝူက ချက်ချင်းပျံတက်ပြီး ပါးစပ်ကလည်း_

"ကျွန်မနောက်လိုက်ခဲ့.. လိုက်ခဲ့!"

ချင်လင်လည်း သူ့နောက်ချက်ချင်းလိုက်သွားသည်။ သူတို့စံအိမ်ကစားကွင်းရောက်သောအခါ ခွေးသွားစိတ်မြက်ခင်းပြင်ရှေ့တွင် ရှောင်ပေါင်ရပ်နေသည်ကိုတွေ့ရသည်။

သူ့ကြည့်ရတာ တစ်ခုခုကိုစောင့်ရှောက်နေသလို အလွန်သတိရှိနေပုံရ၏။

ရှောင်ဝူပျံဆင်းလာသောအခါ ရှောင်ပေါင်လည်းမြူးတူးပြီး_

"လာပြီ၊ လာပြီ!"

ဒီကောင်လေးဉာဏ်ရည်က ရှောင်ဝူလောက်မမြင့်သလို လူစကားလည်း ရှောင်ဝူလောက်မတတ်။ သူက ချင်လင်ရှေ့ပျံလာပြီး ခွေးသွားစိတ်မြက်ခင်းဆီတောင်ပံနှင့်ညွှန်ပြကာ_

"သခင်.. အဲဒီနား''

ချင်လင်ကရှေ့တိုးပြီး ခွေးသွားစိတ်မြက်ခင်းကို စစ်ဆေးကြည့်ရာ မြက်ခင်းထဲရှိကြက်တူရွေးဥနှစ်လုံးကိုမြင်ပြီး အံ့သြသွားသည်။

ရှောင်ဝူကအောက်ဆင်းပြီး ထိုဥနှစ်လုံးဘေးရပ်ကာ_

"သခင်.. ကောက်လိုက်.. ကောက်လိုက်.. ရတနာ.. ရတနာလေးတွေ!"

ရှောင်ပေါင်ကလည်း သူ့တောင်ပံများကိုတဖျတ်ဖျတ်ခတ်ပြသည်။

ဒီကြက်တူရွေးနှစ်ကောင် ပျော်နေမှန်းသိသာသည်။

ဒါ သူတို့အချစ်ရဲ့အသီးအပွင့်။

ချင်လင်ကရှေ့တိုးပြီး ကြက်တူရွေးဥနှစ်လုံးကို ကောက်လိုက်သည်။ နေရောင်တွင် ဥများကို ထောင်ကြည့်သောအခါ ဥနှစ်လုံးစလုံး သန္ဓေအောင်သည်ကိုတွေ့ရသည်။

ဒီအတိုင်းဆို ဥနှစ်လုံးစလုံးက ကြက်တူရွေးလေးတွေပေါက်နိုင်သည်။

ဒါကြောင့် ဒီနှစ်ကောင် ဒီလောက်ပျော်နေကြတာကိုး။

ချင်လင်ကတွေးတောရင်း ဥနှစ်လုံးကို သူ့ရုံးခန်းထဲယူလာသည်။ သူကအတွေးနှင့်ဂိမ်းထဲဝင်ပြီး ဥနှစ်လုံး၏မှတ်ချက်ကိုတန်းကြည့်လိုက်သည်:

[ အထူးနတ်ဘုရားမတောင်ကြက်တူရွေးဥ - အထူး (၂ လုံး) ]

[ နတ်ဘုရားမတောင်ပေါ်ရှိ အထူးကြက်တူရွေးမျိုးနွယ်မှဥထားသောဥများဖြစ်သည်။ သန္ဓေတည်ပြီးသားဖြစ်၍ ကြက်တူရွေးအကောင်ပေါက်နိုင်သည်။ ]

မှတ်ချက်ကြည့်ပြီးနောက် ချင်လင်လည်းဂိမ်းထဲမှပြန်ထွက်လာသည်။ ထို့နောက် ရန်သုန့်ဆီဖုန်းဆက်ကာ ဘဲခြံမှသားဖောက်စက်တစ်လုံးယူလာခိုင်းသည်။

ဘဲခြံတွင် ဘဲဥများသားဖောက်လေ့ရှိသောကြောင့် သားဖောက်စက်အမြဲရှိသည်။ ထိုစက်ကို ကြက်တူရွေးဥသားဖောက်ရန်လည်းသုံးနိုင်သည်။

ရန်သုန့်က သားဖောက်စက်အသေးတစ်လုံးအမြန်ယူလာပြီး ဧည့်ခန်းထောင့်တွင် သားဖောက်စက်ကိုဆင်ကြသည်။

"ဒီကြက်တူရွေးဥနှစ်လုံးကိုသားဖောက်ဖို့ စက်ထဲထည့်လိုက်ပါ... ဒါ ရှောင်ဝူရဲ့ဥတွေ"

ချင်လင်က သန္ဓေတည်နေပြီဖြစ်သောကြက်တူရွေးဥနှစ်လုံးကို ရန်သုန့်ဆီပေးလိုက်သည်။

ရန်သုန့်က ဥနှစ်လုံးကိုဂရုတစိုက်လှမ်းယူလိုက်၏။

ရှောင်ဝူဆိုတာ ချင်းလင်စံအိမ်ရဲ့နာမည်ကြီးအင်တာနက်ဆယ်လီကြက်တူရွေး။

သူဘယ်လောက်ဉာဏ်ကောင်းမှန်း လူတိုင်းသိကြသောကြောင့် ရန်သုန့်လျစ်လျူမရှုရဲ။ ဥနှစ်လုံးကိုယူပြီး သားဖောက်စက်ထဲသေချာထည့်လိုက်သည်။

နောက်ဆုံး စက်တံခါးကိုပိတ်ပြီးနောက် လေဝင်ပေါက်ဖွင့်ပေးလိုက်သည်။

ရန်သုန့်ကအလုပ်ပြီးသည်နှင့် အစီရင်ခံသည်_

"သူဌေး.. အားလုံးပြီးပါပြီ... ကျွန်တော်နေ့တိုင်းလာပြီး စစ်ဆေးပေးပါမယ်"

ချင်လင် ခေါင်းငြိမ့်လိုက်သည်။

ရန်သုန့်ထွက်သွားသောအခါ ရှောင်ဝူနှင့်ရှောင်ပေါင်က သားဖောက်စက်နားပျံသန်းလာသည်။

ဝု.. ဝု.. ဝု!

ဝမ်ချိုင်ကအသံပေးပြီး ရှောင်ရွှယ်နှင့်အတူ ဧည့်ခန်းထဲပြေးဝင်လာသည်။

သူသားဖောက်စက်နားကပ်သွားသောအခါ ရှောင်ဝူက စိတ်လှုပ်ရှားသံနှင့်_

"သော*က်ခွေးစုတ်.. သွားစမ်း.. သွားစမ်း!"

ထိုအသံကစူးရှပြီး သတိပေးခြင်းဖြစ်သည်။

ဘေးကရှောင်ပေါင်ကမူ သူ့ခြေသည်းချွန်ချွန်များကိုတောင် ထုတ်ပြလိုက်သည်။

ဥများကိုသားဖောက်စက်ထဲထည့်လိုက်သည်နှင့် ကြက်တူရွေးနှစ်ကောင်က သူတို့ကလေးများကို ကာကွယ်စောင့်ရှောက်ကြသည့်ပုံပင်။

ဝမ်ချိုင်က ကြက်တူရွေးနှစ်ကောင်ကို ရူးနေတာလားဆိုသောအကြည့်နှင့်ကြည့်လိုက်သည်။ သူကပြန်ဟောင်ချင်သော်လည်း ရှောင်ပေါင်၏ခြေသည်းချွန်ချွန်များကိုမြင်ပြီး ရှောင်ရွှယ်နှင့်အတူတန်းထွက်သွားသည်။

ချင်လင်က ပြုံးပြုံးနှင့်ကြည့်နေသည်။

တကယ်တော့ သားဖောက်စက်ကို သူဂိမ်းထဲယူသွားလို့ရသည်။ ဒီလိုဆို ကြက်တူရွေးလေးတွေ မကြာခင်အကောင်ပေါက်လာမည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် ထိုစိတ်ကူးကိုလက်လျှော့လိုက်၏။

ဒီဥများကို လက်တွေ့လောကထဲမှာဥခဲ့သော​ကြောင့် လက်တွေ့လောကထဲမှာပဲ သဘာဝအတိုင်းပေါက်ဖွားစေတော့မည်။

ထို့နောက် ချင်ဖုန်းလေးကိုပြန်ကြည့်ပြီး လင်းဖန်လာအခေါ်စောင့်နေလိုက်သည်။ လင်းဖန် ကလေးချီသွားတော့မှ နေ့စဉ်တာဝန်များအပြီးသတ်ရန် ရုံးခန်းထဲပြန်လာခဲ့၏။

သစ်ပင်ခုတ်၊ ငါးဖမ်းပြီးနောက်...

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုခြံထဲပြန်စေရာ လူရိပ်တစ်ခုလှမ်းမြင်လိုက်သည်။

သတ္တုမြို့တော်ဝန်သောမတ်စ်ပင်။

နောက်ထပ်ဇာတ်ကွက်တစ်ခုပေါ်လာပြီ။

ရုတ်တရက် သူဇဝေဇဝါလည်းဖြစ်သွားသည်။

သောမတ်စ်ရဲ့မစ်ရှင်က ဆုရမရ မသေချာ။

အရင်က သောမတ်စ်မြှောက်ခိုင်းတာခံရဖူးသည်။ နောက်ဆုံးတစ်ခေါက်က မြှောက်ခိုင်းဦးမလားဟုထင်နေစဉ် ဟင်းချက်လက်ရာတစ်ခု ရခဲ့သည်။

နောက်ဆုံး ချင်လင်က ဇာတ်ကွက်မစ်ရှင်ကို လက်ခံရန် သောမတ်စ်ပေါ်ကလစ်နှိပ်လိုက်၏။

သောမတ်စ်စကားပြော တန်းထွက်လာသည်_

[ ကောင်းလိုက်တာ.. မင်းပြန်ရောက်လာပြီ... မင်းဆီက အကူအညီတောင်းစရာရှိတယ်... နှစ်တိုင်းကျင်းပတဲ့ 'နတ်ဘုရားမ နေထွက်ချိန်ပူဇော်ပွဲ' စတော့မယ်... ဒီတစ်ခါ မင်းရဲ့စိုက်ပျိုးရေးခြံမှာ လက်ခံကျင်းပရမယ်... မင်းလုပ်ရမှာတွေက:

၁။ နတ်ဘုရားမတောင်ပေါ်မှာ ရွက်ဖျင်တဲတွေအလုံအလောက်ပြင်ဆင်ထားပါ!

၂။ တောင်ပေါ်မှာနေထွက်ချိန်ကြည့်ဖို့ မြို့သူမြို့သားတွေကိုဖိတ်ကြားရမယ်!

၃။ မြို့သူမြို့သားတွေနဲ့အတူ နတ်ဘုရားမရုပ်တုကို တောင်ထိပ်ပေါ်သယ်ဆောင်ရမယ်!

၄။ လှပတဲ့တောပန်းလေးတွေစုဆောင်းတာ၊ အရသာရှိတဲ့သစ်သီးဝလံတွေပြင်ဆင်ထားတာက မြို့သူမြို့သားတွေ ပူဇော်ပွဲမှာပါဝင်ချင်စိတ်ဖြစ်စေပြီး နတ်ဘုရားမရုပ်တုကိုသယ်ဆောင်ရာမှာလည်း ကူညီပေးချင်စိတ်ဖြစ်လာလိမ့်မယ်! ]

သောမတ်စ်က မစ်ရှင်ပေးပြီးသည်နှင့်ထွက်သွား၏။ ဆုလာဘ်အကြောင်း ဘာမှမပြောသွားသောကြောင့် ဘာမှထပ်ရဖွယ်မရှိ။

သို့သော် ချင်လင်က တာဝန်ကိုအပြီးသတ်ရန်ဆုံးဖြတ်လိုက်သည်။

မူရင်းဂိမ်းထဲမှာလည်း နတ်ဘုရားမတောင်ပေါ်နေထွက်ရှုခင်းကြည့်ရသောဇာတ်ကွက်ပါသည်။

သို့သော် မူရင်းပုံစံတွင် နေထွက်ရှုခင်းကြည့်ခြင်းမှာ အချိန်နှင့်တပြေးညီဖြစ်သောဇာတ်ကွက်တစ်ခုသာဖြစ်ပြီး မစ်ရှင်လည်းမဟုတ် ဆုလည်းမရချေ။

အင်တာနက်ပေါ်တွင် ပုံစံအသစ်၏နတ်ဘုရားမတောင်နေထွက်ချိန်လမ်းညွှန်ချက်အချို့ကို သူဖတ်ဖူးသည်။ ထိုအထဲတွင် အောင်မြင်ပါက နတ်ဘုရားမကောင်းချီးနှင့် ဆုလာဘ်တစ်ခုရမည်ဟုဆိုထားသည်။

ဇာတ်ကွက်မစ်ရှင်အများကြီး ချင်လင်လုပ်ဖူးသော်လည်း Kappa နှင့်နတ်ဘုရားမဆီမှရသောဆုလာဘ်များက အဆန်းကြယ်ဆုံးဖြစ်သည်။

ဒီတော့ နတ်ဘုရားမရဲ့ဆုလာဘ်ကိုရနိုင်မယ့် အခွင့်အရေးကို သူလက်လွှတ်ခံလို့ဘယ်ဖြစ်ပါ့မလဲ?

ဒီနေထွက်ချိန်ပူဇော်ပွဲမစ်ရှင်က နည်းနည်းအလုပ်ရှုပ်သည်။

ပထမအဆင့်က မခက်၊ သတ္တုမြို့တော်တွင် ရွက်ဖျင်တဲအရောင်းဆိုင်ရှိသောကြောင့် တိုက်ရိုက်သွားဝယ်နိုင်သည်။

သူကဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ဆိုင်တွင် ရွက်ဖျင်တဲဝယ်စေသည်။ သယ်ပိုးနိုင်သည့်အကန့်အသတ်ရှိသောကြောင့် နတ်ဘုရားမတောင်ထိပ်၊နေထွက်ရှုခင်းနေရာသို့ အကြိမ်ကြိမ် သယ်ယူရသည်။ ထို့နောက် ရွက်ဖျင်တဲအားလုံးကိုဆင်လိုက်သည်။

မစ်ရှင်ပထမအဆင့် ပြီးသွား၏။

ဒုတိယအဆင့်ကလည်း မခက်။ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်နေရာအနှံ့သွားပြီး တောပန်းများလိုက်ခူးစေသည်။ ထို့နောက် တောပန်းများယူပြီး သတ္တုမြို့တော်မြို့သူမြို့သားများပေါ်တွင် ကလစ်လိုက်နှိပ်ကြည့်သည်။

တချို့ကစကားပြန်မပြောကြသော်လည်း တချို့ကမူ_

[ လှလိုက်တဲ့တောပန်းလေးတွေ... နေထွက်ချိန် ပူဇော်ပွဲလိုက်ခိုင်းမလို့လား? ]

[ ဒီပန်း ငါ့ကိုပေးတာလား? နေထွက်ချိန်ပူဇော်ပွဲလိုက်မယ်နော်! ]

[ နေထွက်ချိန်ပူဇော်ပွဲကိုလိုက်နိုင်ပါတယ်... ဒါပေမဲ့ နတ်ဘုရားမရုပ်တုကိုသယ်ခွင့်ပေးရမယ်... ပြီးတော့ ဆုချတဲ့အနေနဲ့ အသီးနည်းနည်းပေးရမယ်နော်! ]

ဒီစကားပြောများကြောင့် ဒီမြို့သားတွေကိုပစ်မှတ်ထားရမည်မှန်း ချင်လင်သိလိုက်သည်။

နေထွက်ချိန်ပူဇော်ပွဲတွင်ပါဝင်မည့်သူများကိုတောပန်းပေးပြီး၊ နတ်ဘုရားမရုပ်တုသယ်ပေးမည့်သူများကို သစ်သီးပေးရမည်။

သူက ထို NPC မြို့သားများကိုမှတ်ထားပြီး ဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်တွင် အသီးမျိုးစေ့နှစ်မျိုးဝယ်ကာ စတင်စိုက်ပျိုးစေသည်။

အသီးများမှည့်သောအခါ မြို့သူမြို့သားများကိုလိုက်ပေးသည်။

အသီးရသောမြို့သူမြို့သားအရေအတွက်ပြည့်သည်နှင့် ဂိမ်းဖန်သားပြင်မှာ ကာတွန်းဇာတ်ကွက်ပြောင်းသွားသည်။

ဂိမ်းဇာတ်ကောင်နှင့်မြို့သားတချို့က နတ်ဘုရားမစမ်းချောင်းသွားပြီး နတ်ဘုရားမရုပ်တုသယ်ကာ နတ်ဘုရားမတောင်ထိပ်ဆီပင့်ဆောင်ကြသည်။

တောင်ပေါ်ရောက်သောအခါ ကျယ်ပြန့်သောမြေကွက်လပ်ပေါ်ရှိရွက်ဖျင်တဲများကြားတွင် သတ္တုမြို့သူမြို့သားများကိုတွေ့ရသည်။

အလယ်တွင်မီးပုံကြီးတစ်ခုရှိပြီး မြို့သူမြို့သားများ ကခုန်နေကြ၏။

ထိုမြင်ကွင်းကလည်း မူရင်းပုံစံ​နှင့်မတူ။ မူရင်းပုံစံမှာ မီးပုံပွဲမပါသလို မြို့သူမြို့သားများကခုန်ခြင်းလည်းမရှိပေ။

သို့သော် ကာတွန်းဇာတ်ကွက်ဖြစ်၍ မြန်မြန်ဆန်ဆန်ပြီးသွားသည်။ မကြာမီ သန်းခေါင်ကျော် ၁၀ မိနစ်အချိန်ရောက်သွား၏။

နတ်ဘုရားမရုပ်တုကို မြေကွက်လပ်၏အထင်ရှားဆုံးနေရာတွင်ပူဇော်ထားသည်။

နတ်ဘုရားမတောင်ထိပ်မှနေထွက်ချိန်တွင် ပထမဆုံးထွက်လာသောနေရောင်ခြည်က နတ်ဘုရားမရုပ်တုပေါ်တည့်တည့်ကျလိမ့်မည်။

ဒါကလည်း ပူဇော်ပွဲ၏အစဉ်အလာအငွေ့အသက်တစ်မျိုးဖြစ်သည်။

ချင်လင်ကိုယ်တိုင် နတ်ဘုရားမတောင်ပေါ်သွားပြီး နေထွက်ရှုခင်းကြည့်ဖူးသည်။ အဲဒီတုန်းကအံ့ဩလိုက်ရပုံမှာ စကားနှင့်ဖော်မပြနိုင်အောင်ပင်။ အခုကာတွန်းပုံနေထွက်ချိန်က အဲဒီလောက်မဟုတ်ဘဲ ရိုးရှင်းနေ၏။

တဖြည်းဖြည်းနေထွက်လာသည်နှင့်အမျှ ကမ္ဘာမြေပေါ်နေရောင်ခြည်လွှမ်းခြုံသွားသည်။ ဂိမ်းဇာတ်ကောင်နှင့်သတ္တုမြို့သူမြို့သားများကိုလည်း အလင်းရောင်ဖုံးလွှမ်းသွားသည်။

ထို့နောက် ကာတွန်းဇာတ်ကွက်ပြီးသွားပြီး ဂိမ်းကပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

ဂိမ်းဇာတ်ကောင်က သတ္တုမြို့တော်မှနတ်ဘုရားမတောင်ထိပ်မြေကွက်လပ်ဆီရောက်နေခြင်းသာကွာသည်။

နေထွက်ချိန်ပူဇော်ပွဲတွင်ပါဝင်ခဲ့သူများလည်း လူစုခွဲကာ နတ်ဘုရားမတောင်ထိပ်မှပြန်သွားကြသည်။

ပင့်ဆောင်လာသောနတ်ဘုရားမရုပ်တုကြီးတောင် ပျောက်သွား၏။

တချိန်တည်းမှာ စနစ်အသိပေးစာစာတစ်ခုတက်လာသည်။

[ ဂုဏ်ယူပါတယ်... နတ်ဘုရားမဆီက လက်ဆောင်ရလိုက်ပါပြီ... အထဲမှာအံ့ဩစရာပါလိမ့်မယ်! ]

နတ်ဘုရားမလက်ဆောင်အိတ်ရသည်နှင့် ချင်လင်က ဂိမ်းဇာတ်ကောင်အားတန်းဖွင့်စေသည်။ ခဏအကြာ ဂိမ်းဇာတ်ကောင်အိတ်ထဲတွင် သလင်းကျောက်တုံးတစ်တုံးပေါ်လာသည်။

[ ဂုဏ်ယူပါတယ်... 'နတ်ဘုရားမကျောက်တုံး - ခမ်းနားသောနေထွက်ချိန်" ကို ရလိုက်ပါပြီ! ]

နတ်ဘုရားမကျောက်တုံး?

ချင်လင် အံ့သြသွားသည်။

စိုက်ပျိုးရေးခြံပုံပြင်ထဲတွင် နတ်ဘုရားမများနှင့် Kappa ၏နောက်ဆုံးလက်ဆောင်မှာ နတ်ဘုရားမကျောက်တုံးနှင့် Kappas ကျောက်စိမ်းဖြစ်သည်။

ထိုပစ္စည်းနှစ်မျိုးက အလွန်ရှားသည်။

နေထွက်ချိန်ပူဇော်ပွဲအတွက်ဆုလာဘ်အနေနှင့် နတ်ဘုရားမကျောက်တုံးကိုရလိမ့်မည်ဟု သူမထင်မိ။

သို့ရာတွင် နတ်ဘုရားမကျောက်တုံးမှာ နောက်ဆက်တွဲအမည်ပါပြီး အမျိုးအစားခွဲထားပုံရသည်။

မူရင်းဂိမ်းထဲတွင် ဒီလိုသတ်မှတ်ချက်မျိုးမရှိခဲ့။

ဒါပေမဲ့ 'ခမ်းနားသောနေထွက်ချိန်' ဆိုတာ ဘာလဲ?

ချင်လင်က ချက်ချင်းရုံးခန်းတံခါးပိတ်ပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ မှတ်ချက်ဖတ်ပြီးနောက် သူ့မျက်နှာမှာ အံ့သြမှုကအတိုင်းသား။

နတ်ဘုရားမကျောက်တုံးဆိုတဲ့အတိုင်းပဲ။

အခန်း ၁၃၆၇: ရာသီဥတုပြောင်းနိုင်ရင် နေထွက်ချိန်ကရော?

နတ်ဘုရားမလက်ဆောင်အိတ်မှ နေထွက်ချိန်နှင့်ပတ်သက်သောတစ်ခုခုမျှော်လင့်ထားသော်လည်း ဂိမ်းထဲဝင်ပြီးမှတ်ချက်ကြည့်လိုက်သောအခါ သူအံ့ဩသွားသည်။

[ နတ်ဘုရားမနေထွက်ရောင်ခြည် - အထူးအဆင့်! ]

[ နေထွက်ချိန်ပူဇော်ပွဲအတွင်း နတ်ဘုရားမပေးသနားသောဆုလာဘ်ဖြစ်သည်။ နေရာတစ်ခု၏နေထွက်ချိန်မြင်ကွင်းကိုပြောင်းလဲပေးနိုင်ပြီး ဆန်းကြယ်သောအာနိသင်များရှိသည်: ရင်သပ်ရှုမောဖွယ်နေထွက်ချိန် +၂၊ လှပသော ရှုခင်း +၂၊ ထူးခြားသောအယူအဆ +၂၊ စိတ်ကြည်လင်လန်းဆန်းမှု +၂၊ အံ့သြဖွယ်ရာအဆင့် +၂! ]

[ ကန့်သတ်ချက်: နေထွက်ချိန်တွင်သာ အသုံးပြုနိုင်သည်! ]

နတ်ဘုရားမကျောက်တုံးက နယ်မြေတစ်ခု၏နေထွက်ချိန်မြင်ကွင်းကို ပြောင်းလဲပစ်နိုင်မည်ဟု ချင်လင်မထင်မိ။

အဲဒီအပြင် ရင်သပ်ရှုမောဖွယ်နေထွက်ချိန် +၂၊ လှပသောရှုခင်း +၂ ၊ထူးခြားသောအယူအဆ +၂

ဆိုတဲ့အာနိသင်တွေနဲ့ပြောင်းလဲလိုက်ရင် ဘယ်နေရာမဆို ရင်သပ်ရှုမောဖွယ်မဖြစ်ဘဲနေမလား?

အထူးသဖြင့် စိတ်ကြည်လင်လန်းဆန်းမှု +၂ အာနိသင်ပင်။

မနက်စောစော နေထွက်ရှုခင်းကြည့်ရင် ကြည်နူးစရာကောင်းသော်လည်း အိပ်ရေးပျက်ခြင်းကြောင့် လူကနုံးချိနေမည်။ အိပ်ချိန်အများကြီး ပေးရပြီး နောက်တစ်နေ့ပျော်ရွှင်မှုအပေါ်လည်း သက်ရောက်မှုရှိနိုင်သည်။

သို့သော် စိတ်ကြည်လင်လန်းဆန်းမှု +၂ အာနိသင်ကြောင့် နေထွက်ချိန်ကြည့်ပြီးနောက်ပိုင်း တက်ကြွလန်းဆန်းနေစေမှာ အသေအချာပင်။

ဒီထက်ကောင်းတဲ့အာနိသင်မရှိတော့ဘူးဟုတ်?

သူပထမဆုံးစဉ်းစားမိသည်က နတ်သမီးပုံပြင်တောင်ပေါ်မှပန်းအိမ်အစုအဝေးနှင့်နေထွက်ရှုခင်းကြည့်ပရောဂျက်ပင်။

ပန်းအိမ်အစုအဝေးက ရင်သပ်ရှုမောဖွယ်ကောင်းပြီးလှပသည်။

သို့သော် ထိုနေရာနေထွက်ချိန်မြင်ကွင်းက စိတ်ကျေနပ်စရာမကောင်း။

အခုဒီကျောက်တုံးနဲ့ ပန်းအိမ်အစုအဝေးရဲ့နေထွက်ချိန်ရှုခင်းကိုပြုပြင်ပြောင်းလဲလိုက်ရင် အဲဒီအားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်မယ်မလား?

အဲဒီကျရင် ပန်းအိမ်အစုအဝေးက ပြီးပြည့်စုံသွားမည်။

ထိုအတွေးနှင့် ချင်လင်ကနတ်ဘုရားမကျောက်တုံးကိုင်ပြီး ဂိမ်းထဲမှပြန်ထွက်လာသည်။

ရုံးခန်းထဲပြန်ရောက်သောအခါ ချင်းလင်စံအိမ်စီမံရေး App ထဲဝင်ပြီး ညနေပိုင်းအတွက် သီးသန့်ပန်းအိမ်တစ်လုံးပြင်ဆင်ထားပေးရန်နတ်သမီးပုံပြင်တောင်စီမံရေးအဖွဲ့ဆီ စာပို့လိုက်သည်။

သူဌေးကစာပို့သောကြောင့် နတ်သမီးပုံပြင်တောင်စီမံရေးအဖွဲ့မှာ အမြန်ဆုံးပြင်ဆင်ရသည်။

ညပိုင်းတွင် ချင်လင်လည်း နတ်သမီးပုံပြင်တောင်ပေါ်သွားပြီး စီစဉ်ပေးထားသောပန်းအိမ်မှာတည်းကာ နှိုးစက်ပေးထားလိုက်သည်။

မတတ်နိုင်။ နတ်ဘုရားမ၏နေထွက်ချိန်ရောင်ခြည်ကို နေထွက်ချိန်တွင်သာအသုံးပြုနိုင်သောကြောင့် မနက်စောစောထရမည်။

ထိုသီးသန့်နေရာတွင်ဘယ်သူမှမရှိသောကြောင့် သူအိပ်ရာထပြီး လှုပ်ရှားရလွယ်ကူသည်။

အချိန်ကုန်လွန်သွား၏။

ပန်းအိမ်အစုအဝေးမှာ ညဘက်တွင်အလှဆုံးဖြစ်သောကြောင့် ညပိုင်းပိုအသက်ဝင်နေသည်။

ထို့ကြောင့် ပန်းအိမ်အစုအဝေးတွင်နေထိုင်သူများမှာ ညဘက်တွင် အားအင်ပြည့်ဝနေတတ်သည်။ သို့သော် ညဘက်အပျော်လွန်ပြီး ညဉ့်နက်သွားပါက နောက်တစ်နေ့မနက်နေထွက်ချိန်နှင့်လွဲချော်သွားနိုင်သည်။

နေထွက်ချိန်ကြည့်ချင်သူများမှာ စောစောအိပ်ရာဝင်ပြီး နှိုးစက်ပေးကာ နောက်တစ်နေ့မနက်နေထွက်ချိန်ကိုစောင့်မျှော်ကြသည်။

ဝူဖေးဖေးမှာ နေထွက်ချိန်ကိုအလွန်သဘောကျသူဖြစ်သည်။ နေထွက်ချိန်ကြည့်ရန် WeChat အဖွဲ့အများကြီးထဲဝင်ထားပြီး တခြားသူများမျှဝေသောနေထွက်ရှုခင်းများကိုကြည့်လေ့ရှိသည်။

သူမက ရိုမန်းတစ်ဆန်သောမိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရည်းစားနှင့်အတူ နေထွက်ချိန်ကိုအမြဲကြည့်ချင်ခဲ့သည်။

သူမအဖို့ အလွန်ကြည်နူးစရာကောင်းသောအရာပင်။

သူမရည်းစားက သူမအခင်ဆုံးသူငယ်ချင်းနှင့်ထွက်ပြေးသွားသောကြောင့် ဒီတစ်ခေါက် သူမ တစ်ယောက်တည်းရောက်လာခဲ့သည်။

နှိုးစက်ပေးပြီးနောက် သူမအိပ်ပျော်သွား၏။ အချိန်ကုန်လွန်ပြီး နှိုးစက်မြည်လာသောအခါ ဝေဝါးနေသောမျက်လုံးများကိုပွတ်သပ်ရင်း ချက်ချင်းထလိုက်သည်။

ဒီနေ့နေထွက်ချိန်ကြည့်ရမည်ဟုသတိဝင်လာသောကြောင့် အဝတ်အစားအမြန်လဲသည်။ ထို့နောက် မိတ်ကပ်တောင်မလိမ်းဘဲ ပန်းအိမ်ထဲမှထွက်လာ၏။

သူမချစ်ရသူက ဖောက်ပြန်သွားပြီဖြစ်၍ မိတ်ကပ်လိမ်းသည်ဖြစ်စေ မလိမ်းသည်ဖြစ်စေ အရေးမပါတော့။ တကယ်တော့ မိတ်ကပ်ဆိုတာ ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ဖို့ပဲဟုတ်? သူမ ဘယ်သူ့ကိုမှမဆွဲဆောင်ချင်။

မကြာမီ ပန်းအိမ်အစုအဝေးနှင့်မနီးမဝေးတွင်ရှိသော နေထွက်ချိန်ကြည့်ပလက်ဖောင်းသို့ ဝူဖေးဖေးရောက်သွားသည်။

မနက်စောစောစီးစီးဖြစ်၍ မှောင်နေသေးသော်လည်း လူအများကြီးရောက်နေပြီဖြစ်သည်။ သူမလိုပင် အမျိုးသမီးတော်တော်များများမှာ မိတ်ကပ်လုံးဝမလိမ်းထားကြောင်းတွေ့ရသည်။

သို့သော် ထိုအမျိုးသမီးများက သူမနှင့်မတူ။ သူတို့ဘေးမှာ အဖော်အသီးသီးပါသည်။

သူမကတော့ နည်းနည်းအထီးကျန်စရာ။

ဝူဖေးဖေးက ဒန်းတစ်ခုရှာထိုင်ပြီး နေထွက်ချိန်စောင့်နေသည်။ တခြားသူများလည်း အတူတူပင်။

မကြာခင် ခပ်လှမ်းလှမ်းတောင်တန်းမှနေရောင်ခြည်စဖြာထွက်လာသည်။

တောက်ပသောနေရောင်ခြည်က မြေပြင်ပေါ်ကျရောက်လာ၏။ နေရောင်ခြည်ထွက်သည်နှင့် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပန်းအလင်းများ တပြိုင်တည်းပျောက်ကွယ်သွားသည်။

နည်းပညာနှင့်ထိန်းချုပ်ထားသည်ထက်တောင် ပိုအံ့သြစရာကောင်းနေသည်။

ချင်လင်လည်း သီးသန့်နေရာရှိပန်းအိမ်မှအပြင်ထွက်လာသည်။

သူကနတ်ဘုရားမသလင်းကျောက်တုံးကိုင်ရင်း ခပ်လှမ်းလှမ်းမှနေထွက်လာသည်ကိုလှမ်းကြည့်နေသည်။

ဒါ ဒုတိယအကြိမ်မြောက်နေထွက်ချိန်ကြည့်ခြင်းဖြစ်သော်လည်း နတ်ဘုရားမတောင်ထိပ်ပေါ်မှနေထွက်ချိန်နှင့်ယှဉ်လို့မရသေး။

ဒီတစ်ခေါက် သူ့မှာ နတ်ဘုရားမ၏နေထွက်ချိန်ရောင်ခြည်ရထားသောကြောင့် ပန်းအိမ်အစုအဝေးနေထွက်ချိန်ရှုခင်းကိုဖြည့်ဆည်းပေးနိုင်တော့မည်။

ဒီနေ့ပြီးရင် နတ်သမီးပုံပြင်တောင်နေထွက်ချိန်မြင်ကွင်းက လူတိုင်းကိုဆွဲဆောင်နိုင်မည်ဟု သူယုံကြည်ထားသည်။

ဒီနောက်ပိုင်း နတ်သမီးပုံပြင်တောင်နေထွက်ချိန်မြင်ကွင်းက အလွန်အံ့သြစရာကောင်းတော့မည်။ ထိုလှပသောရှုခင်းက ပန်းအိမ်အစုအဝေးအလှနှင့်ယှဉ်နိုင်တော့မည်။

နေရောင်ခြည်တစ်စနှစ်စထွက်လာသည်နှင့် ချင်လင်က နတ်ဘုရားမကျောက်တုံးကိုအသုံးချလိုက်သည်။

နောက်ခဏတွင် နတ်ဘုရားမကျောက်တုံးက အလင်းမှုန်များအဖြစ်ပြန့်ကျဲသွား၏။

တဖြည်းဖြည်းနေမြင့်လာသည်နှင့် ခရီးသည်များအကြည့်လည်း ဆွဲဆောင်ခံလိုက်ရသည်။

နေထွက်ချိန်က အလွန်လှသည်။ နေထွက်ချိန်မမြင်ဖူးသောခရီးသွားများအဖို့ ဒီနေထွက်ချိန်က ပန်းအိမ်အစုအဝေးလောက်မလှရင်တောင် ကြည့်ကောင်းနေဆဲပင်။

သို့သော် ဝူဖေးဖေးက နည်းနည်းစိတ်ပျက်နေသည်။

WeChat အဖွဲ့ထဲတွင် နေထွက်ချိန်ဗီဒီယိုအများကြီးကြည့်ဖူးသည်။ အများစုကို နာမည်ကြီး ဓာတ်ပုံဆရာများရိုက်ထားသောကြောင့် အံ့သြတုန်လှုပ်စရာကောင်းလောက်အောင်လှကြသည်။

သူမမြင်နေရသောနေထွက်ချိန်က အများကြီးလိုသေးသည်။ ဒါကြောင့် နတ်သမီးပုံပြင်တောင်က ပန်းအိမ်အစုအဝေးနှင့်နေထွက်ချိန်မလိုက်၊ 'နွားချေးပုံပေါ်ပန်းတင်ထားသလိုပဲ' ဟု လိုင်းပေါ်မှာပြောကြတာ မထူးဆန်းချေ။

အခန်း ၁၃၆၈: ရာသီဥတုပြောင်းနိုင်ရင် နေထွက်ချိန်ကရော? ၂

ဒီလိုပြောရင် နည်းနည်းချဲ့ကားရာရောက်သော်လည်း ကွာခြားသည်ကအမှန်ပင်။

ဝူဖေးဖေး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ရည်းစားနှင့်သူငယ်ချင်းဖောက်ပြန်တာခံရသောကြောင့် နေထွက်ချိန်ကြည့်ပြီးဖြေသိမ့်ချင်သော်လည်း နေထွက်ချိန်က မျှော်လင့်ထားသလိုဖြစ်မနေ။

သူမစိတ်ပျက်နေစဉ် ခပ်ဝေးဝေးမှနေထွက်ချိန်ကိုဖျတ်ခနဲလှမ်းကြည့်လိုက်ရာ ရုတ်တရက် မျက်လုံးကျယ်ပြီး မယုံနိုင်ပုံပေါက်သွားသည်။

ရုတ်ချည်းဆိုသလို နေထွက်ချိန်ပြောင်းလဲသွားမှန်း သူမသတိထားမိသည်။

အလင်းရောင်က ထူးထူးဆန်းဆန်းအရောင်အသွေးရှိပြီး အလွန်လှနေသည်။

အဖွဲ့ထဲမြင်ဖူးသမျှ နေထွက်ချိန်ဗီဒီယိုတွေတောင် ယှဉ်လို့မရနိုင်။

ဘာဖြစ်သွားမှန်း သူမမသိလိုက်။ နေထွက်လာချိန်တွင် အရာအားလုံးပြောင်းလဲသွားသည်။

မကြာမီ နေထွက်ချိန်ကိုမြင်ရရုံသာမက သူမမြင်ရသောနေထွက်ချိန်မှာ အလွန်အံ့သြစရာကောင်းကြောင်း သတိထားမိသည်။

ထိုတုန်လှုပ်အံ့သြမှုက ရင်ထဲတိုက်ရိုက်ထိသောကြောင့် အချိန်အတော်ကြာအောင်ငေးမောနေ၏။

ထို့အပြင် နေထွက်ချိန်ကြည့်ရင်း ဘာမှန်းမသိသောအခြေအနေတစ်ခုထဲနစ်ဝင်သွားသလို ခံစားရသည်။ သူမစိတ်ဝိညာဉ်အားလုံး ကုစားခံလိုက်ရသလိုပင်။

ထိုခဏအတွင်း သူမအာရုံထဲတွင် သူမမြင်နေရသောလှလှပပနေထွက်ချိန်မှလွဲပြီး ဘာမှမရှိတော့။ သူမသူငယ်ချင်းနှင့်ရည်းစားဖောက်ပြန်သည့်အကြောင်းကိုလည်း မေ့ပျောက်သွားသည်။

ပတ်ဝန်းကျင်မှာ အံ့သြတကြီးရေရွတ်သံများထွက်လာ၏:

"နေထွက်တာက အရင်နဲ့သိပ်မတူတာ သတိထားမိလား?"

"နည်းနည်းမဟုတ်ဘူး... ရုတ်တရက်ကြီး လုံးဝပြောင်းလဲသွားတာ... ဒီလိုတုန်လှုပ်စရာကောင်းတဲ့ခံစားချက်မျိုး ဘယ်လိုများပေးနိုင်တာလဲ?"

"တုန်လှုပ်ရုံတင်မကဘူး... ရှေးကဗျာထဲက စာသားနှစ်ကြောင်းတောင် သတိရသွားတယ်... အနုပညာဆန်တဲ့ရသမျိုးလည်း ခံစားရတယ်!"

"နတ်သမီးပုံပြင်တောင်ကနေထွက်ချိန်မလှဘူးလို့ ဘယ်သူပြောလဲ? အရမ်းကောင်းနေတာမလား?"

ချက်ချင်းဆိုသလို နေထွက်ချိန်ကြည့်နေသောခရီးသည်အားလုံး မှင်တက်သွားကြသည်။ သူတို့မျက်လုံးများတွင် မယုံနိုင်ခြင်းများနှင့် အကြည့်မလွှဲနိုင်အောင်ဖြစ်နေကြ၏။

လိုင်းပေါ်မှာပြောနေတာတွေက မမှန်၊ အမှန်တရားမဟုတ်ဟု သူတို့အားလုံးတွေးမိကြသည်။ ကိုယ်တိုင်မျက်မြင်တွေ့ရပြီးမှ နတ်သမီးပုံပြင်တောင်နေထွက်ချိန်က ဘယ်လောက်လှမှန်းသိလိုက်ရသည်။

အတွင်းဘက်သီးသန့်နေရာတွင် ချင်လင်လည်း ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်းနေထွက်ချိန်ကိုမြင်ရသည်။ ဒီလိုနှင့် ပြုပြင်ပြောင်းလဲခြင်းက တိတ်တိတ်ဆိတ်ဆိတ်၊ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွား၏။

နတ်ဘုရားမကျောက်တုံးဆိုတဲ့အတိုင်းပင်။

သူလည်း အသစ်ဖြစ်လာသောနေထွက်ချိန်မြင်ကွင်းကြောင့် မှင်တက်သွားသည်။

နတ်ဘုရားမကျောက်တုံးနှင့်ပြုပြင်ပြောင်းလဲထားသောနတ်သမီးပုံပြင်တောင်နေထွက်ချိန်က ဂိမ်းထဲမှာထက်ပိုပြီးတုန်လှုပ်အံ့သြစရာကောင်းသည်။

တဖက်နေထွက်ရှုခင်းကြည့်ပလက်ဖောင်းပေါ်မှ ခရီးသည်များ၏ရေရွတ်သံကို သူကြားနေရသည်။ သူတို့တုန်လှုပ်အံ့သြသွားကြပြီ။

ကောင်းသည်!

နောက်ဆုံးတော့ နတ်သမီးပုံပြင်တောင်ရဲ့အားနည်းချက်ကိုပြုပြင်လိုက်နိုင်ပြီ။

ထိုအချိန်...

ခရီးသည်များမှာ လုံးဝအံ့အားသင့်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက်ဖုန်းထုတ်ပြီး နေထွက်ချိန်ကိုဓာတ်ပုံရိုက်ယူကြ၏။

ဒီလောက်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့မြင်ကွင်းကို မှတ်တမ်းမတင်ထားဘဲနေမလား?

ဝူဖေးဖေးလည်း အတူတူပင်။ သူမကဖုန်းထုတ်ပြီး နေထွက်ချိန်ကိုဓာတ်ပုံများရိုက်သည်။

ဓာတ်ပုံရိုက်ကျွမ်းကျင်သူတော့မဟုတ်။

သို့သော် သူမဖုန်းနှင့်နေထွက်ချိန်ကိုဗီဒီယိုရိုက်သောအခါ ထို​ဗီဒီယိုကြည့်ပြီး သူမအံ့သြရသည်။

ဒီလောက်အံ့သြစရာကောင်းတဲ့ဗီဒီယိုက သူမကိုယ်တိုင်ရိုက်ထားတာတဲ့လား?

လုံးဝမယုံနိုင်စရာ။

အံ့သြဖွယ်ရာအဆင့် +၂ ဆိုသောအာနိသင်ကြောင့်ပင်။

ဝူဖေးဖေးကမနေနိုင်ဘဲ WeChat မှနေထွက်ချိန်ကြည့်အဖွဲ့ထဲစာပို့လိုက်သည်_

"နတ်သမီးပုံပြင်တောင်နေထွက်ချိန်က အရမ်းလှပြီး မယုံနိုင်စရာကောင်းလို့ အားလုံးအတွက်မျှဝေလိုက်ပါတယ်"

ဒီစာကြောင့် အဖွဲ့ထဲလှုပ်ခတ်သွားသော်လည်း လှောင်ပြောင်သရော်သူများလည်းရှိသည်:

"နတ်သမီးပုံပြင်တောင်နေထွက်ချိန်က လှတယ်ဟုတ်လား? ငါ့အထင်တော့ သာမန်ပါပဲ! ငါလည်း အဲဒီကိုရောက်ဖူးတယ်!"

"လိုင်းပေါ်မှာလည်း နတ်သမီးပုံပြင်တောင်နေထွက်ချိန်ဗီဒီယိုတွေရှိပါတယ်... မဆိုးဘူးဆိုပေမဲ့ သိပ်ခမ်းနားတာမျိုးမဟုတ်ဘူး"

"ဟုတ်တယ်.. ဒီကောင်မလေးက တကယ်ခမ်းနားတဲ့နေထွက်ချိန်မျိုးမမြင်ဖူးသေးဘူးထင်တယ်"

ဝူဖေးဖေးက နည်းနည်းမကျေမနပ်ဖြစ်သွားသည်။

သူတို့ ဘာသိလို့လဲ?

သူမကချက်ချင်းပင် စောစောကရိုက်ထားသောဗီဒီယိုကို အဖွဲ့ထဲတန်းပို့လိုက်သည်။

ဗီဒီယိုရောက်လာသောကြောင့် အဖွဲ့ဝင်များလည်း ဝင်ကြည့်ကြသည်။

ဝင်ကြည့်လိုက်သည်နှင့် လူတိုင်းမှင်တက်သွား၏။ ဗီဒီယိုဖွင့်ထားချိန်တွင် ဗီဒီယိုထဲမှနေထွက်ချိန်မြင်ကွင်းကြောင့် သူတို့အားလုံးအံ့သြပြီး မျက်တောင်မခတ်တမ်းကြည့်ကြသည်။

အလွန်အံ့သြစရာကောင်းပြီး အလွန်လှသည်။

အဖွဲ့ဝင်အားလုံး နေထွက်ချိန်ကိုမြတ်နိုးသူများဖြစ်သော်လည်း ဒီလိုလှပသောနေထွက်ချိန်ကို မမြင်ဖူး။

ဒီလို​ရိုက်ယူထားနိုင်သောဗီဒီယိုတောင် မတွေ့ဖူးချေ။

အံ့သြစရာအဆင့် +၂ ကြောင့်ပင်။

ချက်ချင်းဆိုသလို အဖွဲ့တစ်ခုလုံးစိတ်လှုပ်ရှားပြီး ပွက်လောရိုက်သွားသည်။

"အဲဒါ တကယ် နတ်သမီးပုံပြင်တောင်က နေထွက်ချိန်လား?"

"ပြီးခဲ့တဲ့တစ်ခေါက်က ပန်းအိမ်အစုအဝေးမှာ နေထွက်ချိန်ကြည့်ခဲ့တာ ဒီလိုမဟုတ်ပါဘူး... ဒီလောက်လည်း မခမ်းနားပါဘူး!"

"လိုင်းပေါ်မှာပြောတော့ နတ်သမီးပုံပြင်တောင်က နေထွက်ချိန်မလှဘူးဆို? ဒါပေမဲ့ ဒီဗီဒီယိုထဲမှာ ဘာလို့ဒီလိုဖြစ်နေတာလဲ?"

"သော*က်... ဒီဗီဒီယိုကြည့်ပြီး ငါလည်းသွားကြည့်ချင်စိတ်ပေါက်သွားပြီ... ငါအရင်ကနေထွက်ချိန်ကြည့်ဖို့ နာမည်ကြီးတဲ့တောင် ၁၇ လုံးကိုသွားခဲ့ဖူးတယ်... ဒါပေမဲ့ ဘယ်တောင်မှ ဒီဗီဒီယိုကိုမယှဉ်နိုင်ဘူး"

အဖွဲ့ထဲကလူများအံ့ဩနေကြသောကြောင့် ဝူဖေးဖေး မပြုံးဘဲမနေနိုင်။

စောစောက သူမကိုလှောင်နေတဲ့သူတွေ အခု ဆွံ့အကုန်ပြီမလား?

နေထွက်ချိန်ကြည့်ရန် အချိန်အကန့်အသတ်ရှိသည်။ နေလုံးလုံးထွက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားချိန်တွင် နေထွက်ချိန်ရှုခင်းမရှိတော့။

သို့သော် ထိုအချိန်တွင် လူတိုင်းအံ့သြနေရာမှ အသိပြန်ဝင်လာပြီး ပင်ပန်းနွမ်းနယ်ခြင်းလုံးဝမရှိဘဲ တက်ကြွလန်းဆန်းနေသည်ကိုသတိထားမိသည်။

ဒီနေ့အပျော်အပါးတွေစတင်ဖို့အတွက် သူတို့မှာ အားအင်ပြည့်ဝနေသလိုပင်။

စိတ်ကြည်လင်လန်းဆန်းစေခြင်း +၂ အာနိသင်ကြောင့်ဖြစ်သည်။

မကြာမီ အင်တာနက်တစ်ခုလုံး အံဩရသည်။

အံ့သြစရာအဆင့် +၂ ကြောင့် ဗီဒီယိုကောင်းကောင်းမရိုက်တတ်သောခရီးသည်များတောင် သူတို့ရိုက်ထားသောဗီဒီယိုမှအကြည့်မခွာနိုင်ကြချေ။

နေထွက်ချိန်က ဒီလောက်ခမ်းနားလိမ့်မယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူးမလား?

နေထွက်ချိန်မြတ်နိုးသူများက အထူးစိတ်ဝင်စားပြီး နတ်သမီးပုံပြင်နေထွက်ချိန်ကိုလာကြည့်ချင်ကြောင်းပြောကြသည်။

မေးခွန်းထုတ်သူများလည်းရှိသည်ပင်:

"ဒီဗီဒီယိုက အတုလား? ငါကိုယ်တိုင် နတ်သမီးပုံပြင်တောင်နေထွက်ချိန်ကိုကြည့်ဖူးပါတယ်"

"အတုကြီးပါ... မဟုတ်ရင် ငါအရင်တစ်ခါမြင်ဖူးတဲ့အတိုင်းပဲဖြစ်မှာ... ဒါ အားလပ်ရက်အလှဆင်ထားတာနေမှာပေါ့''

"ငါလည်း နတ်သမီးပုံပြင်တောင်မှာ နေထွက်တာကိုကြည့်ဖူးတယ်... ဒီလိုတော့ မဟုတ်ဘူး"

ထိုအချိန်တွင် ဘလော့ဂါတစ်ယောက်က ရုတ်တရက် ဗီဒီယိုတစ်ပုဒ်တင်လိုက်သည်။ သူ့ဗီဒီယိုထဲတွင် ဗီဒီယိုနှစ်ပုဒ်ကိုနှိုင်းယှဉ်ပြထား၏။ တစ်ပုဒ်က ဒီနေ့တင်ကြသော နတ်သမီးပုံပြင်တောင်နေထွက်ချိန်ဗီဒီယိုဖြစ်သည်။

နောက်တစ်ပုဒ်မှာ နတ်သမီးပုံပြင်တောင်နေထွက်ချိန်ဖြစ်သော်လည်း အရင်ကလိုင်းပေါ်တင်ပြီးသားဗီဒီယိုဖြစ်သည်။

"အားလုံး တစ်ချက်ကြည့်လိုက်ပါ... နှစ်ခုလုံးက နတ်သမီးပုံပြင်တောင်နေထွက်ချိန်တွေပဲ... ဒါပေမဲ့ ဒီဗီဒီယိုနှစ်ခုကွာခြားချက်က အရမ်းကြီးတယ်... အဲဒါကြောင့် အခုတစ်ခေါက်ဗီဒီယိုက အတုပဲဖြစ်မယ်... ဒီလောက်ခမ်းနားတဲ့နေထွက်ချိန်မျိုး တစ်ခါမှမမြင်ဖူးဘူး!"

ဗီဒီယိုနှစ်ခုကိုနှိုင်းယှဉ်ထားပုံက သိသာထင်ရှားသည်!

လူတိုင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ နတ်သမီးပုံပြင်တောင်အမှန်ဖြစ်သော်လည်း နေထွက်ချိန်က လုံးဝကွဲပြားနေသည်။

ထို့ကြောင့် အတော်များများ ဇဝေဇဝါဖြစ်သွားသည်။

တစ်ယောက်က ထိုဘလော့ဂါကိုမေးခွန်းထုတ်လိုက်သည်:

"မင်းဗီဒီယိုရိုက်တာညံ့လို့နေမှာပေါ့... သူတို့နဲ့တောင် မယှဉ်နိုင်ဘူး!"

သို့ရာတွင် ဘလော့ဂါက ဓာတ်ပုံအသင်းဝင်သက်သေခံလက်မှတ်နှင့်ပထမအဆင့်ဓာတ်ပုံပညာလက်မှတ်ကို ချက်ချင်းထုတ်ပြသည်။

ရုတ်တရက်ဆိုသလို သံသယဝင်နေသူအားလုံး အံ့ဩသွားကြသည်။

ဒီလက်မှတ်နှစ်ခုအရဆို ဒီဘလော့ဂါလက်ရာမကောင်းဘူးလို့ ဘယ်သူပြောရဲမလဲ? ကွာခြားချက်ဒီလောက်များတာဖြစ်နိုင်လား?

မကြာခင် နောက်တစ်ယောက်ကလည်း အလားတူဗီဒီယိုအသစ်နှင့်အဟောင်းနှိုင်းယှဉ်ထားသောဗီဒီယိုတစ်ပုဒ်ကိုတင်ပြန်သည်။

"တစ်နေရာတည်း နေထွက်ချိန်က ဒီလောက်ကွာတာမဖြစ်နိုင်ဘူး... ငါတော့ နတ်သမီးပုံပြင်တောင်နေထွက်ချိန်ကို ကိုယ်တိုင်သွားကြည့်တော့မယ်!"

ဒီလိုတွေးတာ သူတစ်ယောက်တည်းမဟုတ်။ နတ်သမီးပုံပြင်တောင်တွင် နေထွက်ချိန်ကြည့်ဖူးသောခရီးသည်အတော်များများ ဒီလိုတွေးကြသည်။

ထိုခရီးသည်များက နတ်သမီးပုံပြင်တောင်ပေါ်သက်သက်သွားကြည့်ရာ သူတို့လည်း နေထွက်ချိန်မြင်ကွင်းကြောင့် အံ့သြတုန်လှုပ်ရသည်။

ထိုသို့နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ပြီးသောခရီးသည်များက နတ်သမီးပုံပြင်တောင်နေထွက်ချိန်မှာ ဗီဒီယိုထဲကထက်ပိုအံ့သြစရာကောင်းကြောင်း လိုင်းပေါ်တင်လိုက်သောအခါ လုံးဝပေါက်သွားသည်။

ဒါဆို အရင်ဗီဒီယိုက အတုမဟုတ်၊ နတ်သမီးပုံပြင်တောင်နေထွက်ချိန်က ရုတ်တရက်ကြီးအရမ်းလှပြီး အံ့သြစရာကောင်းသွားတာပေါ့?

ထို့ကြောင့် ပိုစိတ်ဝင်စားမိကြသည်။

ရုံချန်းရာသီဥတုပြောင်းတာ ထားပါဦး။ အခုက နေထွက်ချိန်ကိုပါ ပြောင်းလဲနိုင်တာလား? တကယ်ပဲ အဲလောက်ဆန်းကြယ်လား?

သို့သော် ရုံချန်းတွင်လူတချို့က တမျိုးတွေးကြသည်။ ဥပမာ - လျိုဟွာပင်။ ကျားဖြူငါးဖမ်းရောင်းရန် ရေလှောင်တမံကိုသူသွားခဲ့သည်။ ငါးတစ်ကောင်မှမမိခဲ့သော်လည်း ငါးမွေးမြူရေးလုပ်ငန်းတွင် အောင်မြင်ခဲ့သည်။

နိုင်ငံ့ရတနာငါးထွက်လာပြီးနောက်ပိုင်း သူငါးထပ်မွေးမရတော့။ နစ်နာကြေးရသော်လည်း အလုပ်အသစ်မရှာနိုင်ခဲ့ပေ။

သို့ရာတွင် ဒီနေ့ ချင်းလင်အပန်းဖြေစံအိမ်နတ်သမီးပုံပြင်တောင်အကြောင်းသတင်းမြင်ပြီး နောက်ထပ်လုပ်ငန်းအသစ်တစ်ခုတွေ့ပြီဟု ရုတ်တရက်သဘောပေါက်လိုက်သည်။

နတ်သမီးပုံပြင်တောင်နေထွက်ချိန်က အရမ်းလှပြီးအံ့သြစရာကောင်းသော်လည်း ရုံချန်းမှာ တောင်တန်းပေါသည်။ နေထွက်ချိန်ကို နတ်သမီးပုံပြင်တောင်တစ်နေရာတည်းက ကြည့်နိုင်တာမဟုတ်။ နတ်သမီးပုံပြင်တောင်ကလက်ခံနိုင်သောခရီးသည်အရေအတွက်လည်းအကန့်အသတ်ရှိနေသည်။

သို့ရာတွင် နေထွက်ချိန်ကြည့်ချင်သောခရီးသည်က များနေ၏။

ဒါ ပိုက်ဆံရှာဖို့နည်းလမ်းကောင်းပင်!

All Chapters