← Chapters

အခန်း (၁၃၆၉-၁၃၇၁)

Vol. 92 Ch. 1369-1371

အခန်း (၁၃၆၉-၁၃၇၁)

Vol. 92 Ch. 1369-1371

အခန်း ၁၃၆၉: နေထွက်ချိန်ချင်းအတူတူ?

နတ်သမီးပုံပြင်တောင်နေထွက်ချိန်မြင်ကွင်းကို ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်း လူတိုင်းအံ့ဩတုန်လှုပ်ရသည်။

လိုင်းပေါ်တွင်လည်း ထိုအကြောင်းအရာက ရေပန်းအစားဆုံးဖြစ်နေသည်။

ကျောက်မိုချင်းတောင်မနေနိုင်ဘဲ နတ်သမီးပုံပြင်တောင်ပေါ်တက်ပြီး နေထွက်ချိန်ထပ်ကြည့်လိုက်သေးသည်။

အရင်က နတ်သမီးပုံပြင်တောင်မှာနေထွက်ချိန်ကြည့်ဖူးသောကြောင့် ဘယ်လိုပုံစံရှိမှန်း သူမသိသည်။

နတ်သမီးပုံပြင်တောင်နေထွက်ချိန်ပြောင်းလဲသွားတဲ့အကြောင်း ဗီဒီယိုတွေတစ်ပုဒ်ပြီးတစ်ပုဒ်တက်နေတာ သူမ မစပ်စုချင်ဘဲနေမလား?

နတ်သမီးပုံပြင်တောင်တွင် နေထွက်ချိန်ထပ်ကြည့်ပြီးနောက် သူမလည်း လုံးဝအံ့သြသွားသည်။

ရုံချန်းစီရင်စု_

ချန်လီနှင့်စွန်းရှန်လည်း နတ်သမီးပုံပြင်တောင်နေထွက်ချိန်သတင်းများကို အာရုံစိုက်နေကြသည်။

ထိုရေပန်းစားနေသောသတင်းကြောင့် သူတို့နှစ်ယောက်လုံး အရမ်းဝမ်းသာနေကြသည်။ ဘာပဲဖြစ်ဖြစ် နတ်သမီးပုံပြင်တောင်နေထွက်ရှုခင်းကလည်း ရုံချန်း၏ရှုခင်းဖြစ်၍ ရုံချန်းနာမည်ပါ တပါတည်းနာမည်ကြီးသွားမည်။

သူတို့နာမည်လည်းတက်မည်။

သို့သော် သူတို့နှစ်ယောက်လည်း အရမ်းသိချင်နေသည်။

နေထွက်ချိန်က ဘာလို့ပြောင်းလဲသွားတာလဲ?

သူတို့နှစ်ယောက်စကားပြောနေစဉ် သစ်တောတာဝန်ခံတစ်ယောက် အပြေးအလွှားရောက်လာပြီး_

"စွန်းရှန် လက်ထောက်ချန်.. ဒီနေ့ လူသူမနီးတဲ့ တောင်ကုန်းတွေကိုငှားရမ်းဖို့ လာပြောတဲ့သူတွေရှိတယ်... စာချုပ်ချုပ်ချင်တာ တစ်ယောက်မကဘူး"

ထိုစကားကြောင့် စွန်းရှန်ရော ချန်လီပါကြောင်သွားသည်။

ရုံချန်းတွင် အသုံးမချရသေးသောတောင်ကုန်းအများကြီးရှိသည်။ ချင်းလင်စံအိမ်ကငှားရမ်းထားသောနတ်သမီးပုံပြင်တောင်မှလွဲ၍ ကျန်တောင်ကုန်းများမှာ ဘယ်သူမှသွားလာခြင်းမရှိသောတောင်ကုန်းများဖြစ်သည်။

လူသူမရှိတဲ့တောင်ကုန်းတွေကို ဘာလို့ရုတ်တရက်လာငှားကြလဲ သူတို့ချက်ချင်းသိလိုက်သည်။

နတ်သမီးပုံပြင်တောင်နေထွက်ချိန်ပြောင်းလဲသွားခြင်းကြောင့်ဖြစ်မည်။

ဘာပဲဖြစ်ဖြစ် နေထွက်ချိန်မြင်ရတာ နတ်သမီးပုံပြင်တောင်တစ်တောင်တည်းမဟုတ်။ တောင်သာ အတော်အတန်မြင့်ရင် တခြားဘယ်တောင်ပေါ်ကမဆိုကြည့်နိုင်သည်။

ဒါကြောင့် ဒီတောင်တွေကို ဒါမှမဟုတ် နေထွက်ချိန်ရှုခင်းကို မျက်စိကျသူရှိနေခြင်းပင်။

ချန်လီက ခဏစဉ်းစားကြည့်ပြီး တာဝန်ခံအား_

"ငှားချင်တဲ့သူရှိရင် ငှားပေးလိုက်ပါ... ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးအောင်မလုပ်ရဘူးဆိုတာ စာချုပ်ထဲမှာသေချာထည့်ရေးထားရမယ်... မဟုတ်ရင် စီရင်စုက စာချုပ်ကိုအချိန်မရွေးရပ်ဆိုင်းမယ်လို့ပြောလိုက်ပါ"

"ကောင်းပါပြီ လက်ထောက်ချန်!"

တာဝန်ခံကခေါင်းညိတ်ပြီး သစ်တောဦးစီးဌာန

သို့တန်းပြန်သွားသည်။

တကယ်တော့ သစ်တောဦးစီးဌာနမှာ အလုပ်သိပ်မရှိသောဌာနတစ်ခုဖြစ်သည်။ ပုံမှန်လူသိပ်မရှိတတ်သော်လည်း ဒီနေ့ခန်းမထဲတွင် လူအတော်များများစုရုံးနေသည်။

ထိုထဲတွင် လျိုဟွာလည်းပါသည်။

သူစောစောရောက်လာမိခဲ့တာကိုလည်း ဝမ်းသာသည်။ မဟုတ်လို့ တစ်ရက်လောက်နောက်ကျသွားရင် သူစားသောက်စရာကျန်မည်မဟုတ်။

သူက သားကောင်ကိုစောင့်ကြည့်နေသောကျားမျက်လုံးမျိုးနှင့် တခြားသူများကိုလိုက်ကြည့်သည်။

သူ့လိုအတွေးရှိသူတွေမှန်း သူသိလိုက်သည်။

တချို့စကားပြောသံတွေကြားပြီး သူသိနိုင်သည်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တောင်တစ်လုံးစာချုပ်ချုပ်ပြီး နေထွက်ချိန်ကြည့်ပရောဂျက်တစ်ခု အကောင်အထည်ဖော်ကိုဖော်ရမည်။

နေထွက်ချိန်မြင်ကွင်းကို ကောင်းကောင်းလုပ်နိုင်ရင်လုပ်နိုင်သလောက် နတ်သမီးပုံပြင်တောင်ထက်ပိုပြီးရေပန်းစားမည်ဟု သူယုံကြည်ထားသည်။

ဘာပဲဖြစ်ဖြစ် နတ်သမီးပုံပြင်တောင်က ကြည့်ရှုနိုင်သောလူဦးရေအကန့်အသတ်ရှိနေသည်။

ကံကောင်းချင်တော့ လူတန်းစီရာမှာလည်း ပထမနေရာရပြီး ဘယ်သူမှသူ့နံပါတ်ကိုလုမယူနိုင်။

သစ်တောတာဝန်ခံဝင်လာပြီးနောက် ခန်းမထဲမှ ဝန်ထမ်းတစ်ယောက်ကိုအမိန့်ပေးလိုက်သည်။ ထို့နောက် ခန်းမထဲရှိလူများကိုစတင်လက်ခံပြီး မြန်မြန်ဆန်ဆန်နံပါတ်များခေါ်သည်။

လျိုဟွာက ကောင်တာတစ်ခုဆီတန်းသွားပြီး သက်ဆိုင်ရာအချက်အလက်များ စဖြည့်သည်။

လုပ်ငန်းစဉ်အဆင့်ဆင့်ဖြတ်ကျော်၍ စာချုပ်ချုပ်ပြီးနောက် နောက်ဆုံး တောင်တစ်လုံးအသုံးပြုခွင့်ရလာသည်။ ရေလှောင်တမံတွင် ငါးမွေးမြူရေးလုပ်ပြီးရလာသောပိုက်ဆံများနှင့်နစ်နာကြေးရထားသမျှ အကုန်သုံးလိုက်ရသည်။

လျိုဟွာက စိတ်လှုပ်ရှားစွာနှင့် သစ်တောဦးစီးဌာနမှထွက်လာပြီး ထိုတောင်ဆီကားမောင်းသွားလိုက်သည်။

သူ့ရဲ့ပိုင်နက်နယ်မြေ ဒါမှမဟုတ် သူ့ရွှေတွင်းကြီးကိုကြည့်ချင်လှပြီ။

ထိုတောင်မှာ နတ်သမီးပုံပြင်တောင်နှင့်သိပ်မဝေးသောကြောင့် တောင်ပေါ်မှ နတ်သမီးပုံပြင်တောင်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

သို့သော် တောင်က လူသူမရှိသောတောင်ရိုင်းဖြစ်သောကြောင့် ဘာမှပြုပြင်မွမ်းမံထားခြင်းမရှိသေး။ တောင်တက်လမ်းတောင်ရှာမရသောအခြေအနေဖြစ်သည်။

သို့သော် ရေလှောင်တမံတွင် အချိန်အတော်ကြာကျင်လည်ခဲ့ဖူးသောလျိုဟွာအဖို့အပန်းမကြီး။ လမ်းတစ်လမ်းထွင်ပြီး တောင်ပေါ်တက်သွားသည်။

မကြာမီ လျိုဟွာတောင်ထိပ်ရောက်သွား၏။ထို​နေရာမှ နတ်သမီးပုံပြင်တောင်တစ်ခုလုံးကို မြင်ရပြီး နေထွက်ချိန်ကြည့်ရန်အကောင်းဆုံးနေရာကိုလည်း သူရှာတွေ့ခဲ့သည်။

ထိုအခြမ်းမှာ ခပ်ဝေးဝေးမှတောင်တန်းများကိုမျက်နှာမူထားသောကြောင့် နေထွက်လာသည်ကို တောင်ထိပ်မှရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

သို့သော် စောသေးသည်။ နေထွက်ချိန်ကြည့်ရန် အချိန်အတော်စောင့်ရဦးမည်။

လျိုဟွာက တောင်ပေါ်လှည့်လည်ကြည့်ရှုရင်း အကောင်အထည်ဖော်မည့်စီမံကိန်းများကိုအကြံထုတ်သည်။

တောင်ကိုစာချုပ်ချုပ်ပြီးမှတော့ ပိုက်ဆံရအောင် သေချာလုပ်ရမည်။ နောက်ပြီး ဒီနေထွက်ချိန်မြင်ကွင်းက အကျိုးအမြတ်အများဆုံးဖြစ်ချင်သည်။

လျိုဟွာက တောင်ပေါ်မှအမြန်ပြန်ဆင်းပြီး ရုံချန်းပြန်သွား၏။ ညနေပိုင်းတွင် ရွက်ဖျင်တဲနှင့်လိုအပ်သောပစ္စည်းများကို တောင်ခြေမှတဆင့် တောင်ပေါ်တင်သည်။

ထို့နောက် ပုဆိန်တစ်လက်နှင့် သစ်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းကာ ကွင်းပြင်တစ်ခုဖန်တီးသည်။ ပြီးလျှင် ရွက်ဖျင်တဲထိုးပြီး စားစရာအချို့ထုတ်၍ ညမှောင်ချိန်စောင့်နေ၏။

မိုးမှောင်သည်နှင့် နတ်သမီးပုံပြင်တောင်မှအလင်းထွက်လာပြီး တစ်တောင်လုံးက နတ်သမီးပုံပြင်ကမ္ဘာနှင့်တူလာသည်။

လျိုဟွာက ခပ်လှမ်းလှမ်းမှနတ်သမီးပုံပြင်တောင်ကိုကြည့်ရင်း ညှို့ယူခံလိုက်ရသလိုပင်။

ထိုနေရာမှ နတ်သမီးပုံပြင်တောင်တစ်ခုလုံးကိုအပေါ်စီးကမြင်ရသည်။ တကယ်ထူးခြားသောရှုထောင့်ပင်။

သူကမနေနိုင်ဘဲဖုန်းထုတ်ပြီး နတ်သမီးပုံပြင်တောင်ကိုဓာတ်ပုံရိုက်ကာ ထိုပုံကို ဗီဒီယိုအတိုပလက်ဖောင်းတွင်တင်လိုက်သည်။

သူ့မှာ ပရိသတ်သိပ်မရှိသော်လည်း တင်ချင်စိတ်ကိုထိန်းမရ။

ချင်မျိုးရိုးက လူခေါင်တဲ့တောင်ကုန်းတစ်ခုကို ဒီလောက်လှပခမ်းနားအောင်ပြောင်းလဲပစ်နိုင်စွမ်းရှိတာကိုတော့ သူဝန်ခံရမည်။

ဒါပေမဲ့ နေထွက်ချိန်မြင်ကွင်းက သူတစ်ယောက်တည်းပိုင်တာမဟုတ်။

ဒီအခွင့်အရေးကို သူကြားဖြတ်ယူမည်။

ထိုသို့တွေးရင်း သူပြုံးလိုက်၏။

လျိုဟွာက ရွက်ဖျက်တဲထဲနှိုးစက်ပေးထားပြီး စောစောအိပ်ရာဝင်လိုက်သည်။ ထို့နောက် လှပသောအနာဂတ်ကိုမျှော်လင့်တောင့်တရင်း အိပ်မက်ကမ္ဘာထဲရောက်ရှိသွားလေသည်။

အခန်း ၁၃၇၀: နေထွက်ချိန်ချင်းအတူတူ? ၂

နှိုးစက်မြည်သည်နှင့် လျိုဟွာချက်ချင်းနိုးလာပြီး အလောတကြီးအပြင်ထွက်လိုက်သည်။

ထိုအချိန်ကောင်းကင်မှာ လနှင့်ကြယ်တချို့လင်းလက်နေဆဲပင်။ ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင်ပြီး ဘာမှရှင်းရှင်းလင်းလင်းမမြင်ရသေး။

လျိုဟွာက လက်နှိပ်ဓာတ်မီးနှင့်ထိုးကြည့်ရင်း သူသတ်မှတ်ထားသောနေထွက်ချိန်ကြည့်နေရာသို့သွားသည်။

ခပ်လှမ်းလှမ်းတောင်တန်းမှ အလင်းတန်းစတင်ပေါ်ထွက်လာသောအခါ သူမျှော်လင့်စောင့်စားမိသည်။ ထိုအချိန်တွင် သူမျှော်လင့်ချက်က အထွတ်အထိပ်ရောက်နေပြီ။

သို့သော် တောင်ပေါ်မှနေထွက်လာသောအခါမှာ သူဆွံ့အသွား၏။

တဖြည်းဖြည်း သူ့မျက်နှာက ကြောင်တောင်တောင်ဖြစ်သွားသည်။

သူမြင်နေရသောနေထွက်ချိန်က အရမ်းရိုးရှင်းနေသည်။ လိုင်းပေါ်မှဗီဒီယိုထဲကလို ခမ်းနားခြင်းမရှိ၊ အံ့သြတုန်လှုပ်စရာမကောင်း။

မဟုတ်သေးဘူး။ ဒီလိုမဖြစ်သင့်ဘူး။

"ဘာလို့ ဒီလိုဖြစ်နေတာလဲ?"

လျိုဟွာ လုံးဝနားမလည်နိုင်။ သူကချက်ချင်းဖုန်းထုတ်ပြီး အဝေးမှနေထွက်ချိန်မြင်ကွင်းကို ဓာတ်ပုံရိုက်ယူလိုက်သည်။

ဗီဒီယိုထဲကမြင်ကွင်းကလည်း လိုင်းပေါ်မှာပြောနေကြသလိုမခမ်းနား။

လျိုဟွာကမယုံနိုင်ဘဲ ဗီဒီယိုသုံးလေးပုဒ်ထပ်ရိုက်ကြည့်သည်။ ရလဒ်က အတူတူပင်။

သူ ပိုကြောင်သွားသည်။

နေထွက်ချိန်ချင်းအတူတူ ဒီနေရာကဘာလို့ နတ်သမီးပုံပြင်တောင်နဲ့ အရမ်းကွာနေရတာလဲ?

မတရားဘူးဟုတ်?

ဒီနေထွက်ချိန်က လုံးဝဆွဲဆောင်မှုမရှိ။

ဒါ သူစာချုပ်ချုပ်ခဲ့တဲ့ပိုက်ဆံတွေအကုန်ဆုံးရှုံးရမယ့်သဘောလား?

ထိုအတွေးကြောင့် သူ့တကိုယ်လုံးအားယုတ်ပြီး မြေပေါ်ပုံရက်သားလဲကျသွား၏။

လျိုဟွာ တစ်ယောက်တည်းမဟုတ်။ ထိုအချိန် အခြားသူများလည်း တောင်ထိပ်ပေါ်မှနေထွက်ချိန်ကိုကြည့်နေကြသည်။

အချို့က သူတို့ဆွေမျိုး၊ မိတ်ဆွေ၊ မိန်းမများကိုတောင်ခေါ်လာခဲ့သေးသည်။ ချင်းလင်ရှုမျှော်ခင်းနေရာ၏အကျိုးအမြတ်များကိုခံစားရတော့မည်ဆိုကာ နေထွက်ချိန်ကြည့်ပရောဂျက်ကိုကြွားခဲ့ကြသည်။

သို့သော် နေထွက်လာသောအချိန်တွင် သူတို့အားလုံးဆွံ့အသွားသည်။

ဒီနေထွက်ချိန်က နတ်သမီးပုံပြင်တောင်ပေါ်မှမြင်ကွင်းနှင့်လုံးဝကွာခြားသည်။ ကြိုးစားရိုက်ကူးကြည့်သော်လည်း လိုင်းပေါ်ကလိုအံ့ဩစရာမကောင်း။

ထိုခဏတွင် အမေတပြီးငိုသူများတောင်ရှိသည်။

သူတို့အများကြီးကြိုးစားအားထုတ်ခဲ့ရသည်။ နေရာကောင်းများကို သူများဦးသွားမည်စိုး၍ အလောတကြီးစာချုပ်ချုပ်ခဲ့ကြ၏။ နေထွက်ချိန်ကိုကိုယ်တိုင်ကိုယ်ကျကြည့်ရန်ပင် အချိန်မပေးနိုင်ခဲ့။

နောက်ပြီး တစ်နေရာတည်းကထွက်လာတဲ့နေထွက်ချိန်ချင်းအတူတူ ဒီလောက်ကွာမည်ဟု သူတို့ထင်မထားမိ။

တောင်ထိပ်ပေါ်တွင်...

လျိုဟွာမှာအတော်ကြာမှ မတ်တပ်ပြန်ရပ်နိုင်သည်။ အားအင်ချည့်နဲ့စွာထလာပြီးနောက် ရွက်ဖျင်တဲထဲဝင်လှဲလိုက်သည်နှင့်တပြိုင်နက် ဟောက်သံများထွက်လာတော့သည်။

မနက်အစောကြီးနိုးလာကတည်းက နုံးချည့်နေရာ အခုငွေကြေးအားလုံးဆုံးရှုံးရတော့မည်ဟူသောရိုက်ခတ်မှုဒဏ်ကြောင့် စိတ်ပျက်အားငယ်ပြီး လှဲသာအိပ်ပစ်ချင်သည်။

အချိန်မည်မျှကြာသွားသည်မသိ၊ လျိုဟွာမှာ အားမရှိသလိုထလာပြီး အပြင်လှမ်းကြည့်လိုက်ရာ နေမွန်းတည့်နေသည်ကိုတွေ့ရသည်။

သို့သော် သူ့ရင်ထဲမှာ မှောင်မိုက်နေ၏။

ရေလှောင်တမံတွင် အချိန်အတော်ကြာငါးမွေးမြူပြီးစုဆောင်းထားခဲ့သောငွေများသာမက အစိုးရထံမှရရှိထားသောနစ်နာကြေးများပါမကျန် အားလုံးအလဟဿဖြစ်သွားပြီ။

မိုးပေါ်ကိုလက်ညှိုးထိုးမေးလိုက်ချင်သည်။

ဘာလို့ဒီလောက်တောင် မတရားရတာလဲ?

လျိုဟွာမှာ တောင်ပေါ်မှဆင်းရုံအပြင် မတတ်နိုင်။ သူ့ရွက်ဖျင်တဲတောင်မသိမ်းတော့ဘဲ ပစ်ထားခဲ့၏။ အိမ်ပြန်ရောက်၍ရေမိုးချိုးပြီးနောက် သူ့စိတ်သူပြန်လည်စုစည်းကာ အားတင်းလိုက်သည်။

သူဒီတောင်ကို ငွေအများကြီးသုံးပြီးငှားရမ်းခဲ့ပြီးပြီ။ နေထွက်ချိန်ကြည့်ပရောဂျက်က အလုပ်မဖြစ်ရင် အခြားဖွံ့ဖြိုးမည့်နည်းလမ်းကို သူစဉ်းစားရမည်။

သူကထိုင်၍တစ်ခုခုစားပြီးနောက် ဖုန်းကိုင်ပြီး ဗီဒီယိုအတိုပလက်ဖောင်းကိုဖွင့်လိုက်ရာ အံ့ဩရပြန်သည်။

like များ၊ မှတ်ချက်များ၊ နှစ်သက်ကြောင်းပြောထားသောစာများ ဆက်တိုက်ကျလာ၏။

လျိုဟွာက ဇဝေဇဝါနှင့် ဗီဒီယိုဖွင့်ကြည့်လိုက်သည်။ မနေ့က နတ်သမီးပုံပြင်တောင်ကိုသူရိုက်ခဲ့သောဗီဒီယိုက အလွန်ရေပန်းစားနေသည်ကို တွေ့ရပြီး သူပိုအံ့ဩသွားသည်။

Like ၁.၄ သန်းကျော်နေပြီ။

ဒီအချက်နှင့်တင် လူဘယ်လောက်စိတ်ဝင်စားနေမှန်းသိနိုင်သည်။

မှတ်ချက်ပေးသည့်နေရာတွင်မူ ပိုအသက်ဝင်နေသည်:

"လှလိုက်တာ.. နတ်သမီးပုံပြင်တောင်ကိုဒီလိုမြင်ရလိမ့်မယ်လို့မထင်ထားဘူး... ဒါဘယ်နေရာလဲ သိပါရစေ?"

"အဲဒီဘက်ကနေ နတ်သမီးပုံပြင်တောင်ကိုကြည့်ရင် တကယ်အနုပညာဆန်တာပဲ''

"ကျွန်တော် အခု ချင်းလင်ရှုမျှော်ခင်းမှာရောက်နေတာပါ... အဲဒါ ဘယ်နေရာလဲပြောပါဦး!''

"ကျွန်တော်လည်း အဲဒီနေရာကိုရှာနေတာ!"

လျူဟွာ ကြောင်သွားသည်။

ဒါလည်း အလုပ်ဖြစ်တာပဲလား?

သူကဒီအတိုင်းဗီဒီယိုရိုက်ပြီး တင်လိုက်တာလေ။

သူအကြံတစ်ခုရသွားသည်။

အမှောင်ထဲမှာ အလင်းတန်းပေါ်လာသလိုပင်။

နေထွက်ချိန်ကြည့်ပရောဂျက်က မအောင်မြင်ရင် နတ်သမီးပုံပြင်တောင်ကြည့်တဲ့ပရောဂျက်လုပ်ရင်ရော?

သူက ချက်ချင်းကွန်ပျူတာရှေ့ထိုင်ပြီး ပရောဂျက်စဆွဲသည်။

ဒါ သူလုပ်ရမည့်အလုပ်ပင်။

သို့သော် လိုင်းပေါ်တွင် ပွက်လောရိုက်နေသည်။

လျိုဟွာလို တောင်ကိုစာချုပ်ချုပ်ထားသူများကြောင့်ပင်။ သူတို့က လိုင်းပေါ်တွင် ဝေဖန်ပြစ်တင်သောဗီဒီယိုများတင်ကြသည်:

"ချင်းလင်ရှုမျှော်ခင်းနေရာက နတ်သမီးပုံပြင်တောင်ဆိုတာ အလကား... ရုံချန်းရဲ့နေထွက်ချိန်က လုံးဝအသုံးမကျဘူး!"

"မင်းတို့ကိုယ်တိုင်မြင်ရမယ့်နေထွက်ချိန်က ဒီပုံစံပဲ... လိုင်းပေါ်မှာပြောနေကြသလို လုံးဝမဟုတ်ဘူး... ချင်းလင်ရှုမျှော်ခင်းက လိမ်တာ!"

"ဒီလိုကြော်ငြာအတုတွေကို ဆန့်ကျင်ကြပါ... ကျွန်တော်တော့ ချင်းလင်ရှုမျှော်ခင်းကလိမ်တာ ခံလိုက်ရပြီ!"

ထိုကဲ့သို့ပြင်းပြင်းထန်ထန်ဆန့်ကျင်ထားသောခေါင်းစဉ်မျိုးမှာ တခဏချင်းရေပန်းစားလာသည်။

ရုံချန်းရှိအခန်းတစ်ခန်းတွင် အမျိုးသားတစ်ဦးမှာ မှုန်ကုပ်ကုပ်နှင့် ကွန်ပျူတာကိုစိုက်ကြည့်နေသည်။

"အခု ရေပန်းစားနေပြီ!"

သူ့ဘေးနားမှတစ်ယောက်က ပြောသည်။

ထိုအမျိုးသားက ခေါင်းညိမ့်ပြိး_

"ဖြစ်ရမှာပဲ... မဟုတ်ရင် ငါတို့ပိုက်ဆံတွေအလကားဖြစ်သွားလိမ့်မယ်... အနည်းဆုံးတော့ ဒါကိုလူများများသိအောင်လုပ်ရမယ်... ရုံချန်းဘက်ကစာချုပ်ဖျက်သိမ်းပြီး ပိုက်ဆံပြန်အမ်းချင်အမ်းမှာပေါ့''

လူတိုင်းက လျိုဟွာလိုမဟုတ်။ လျိုဟွာမှာ နေထွက်ချိန်ကြည့်ပရောဂျက်ကျရှုံးသွားသော်လည်း ပရောဂျက်အသစ်တစ်ခုကို တိုက်တိုက်ဆိုင်ဆိုင်ရှာတွေ့ခဲ့သည်။ တခြားသူများမှာ လုံးဝလမ်းပျောက်နေကြ၏။ လမ်းပျောက်သောကြောင့်လည်း အစွန်းရောက်နည်းလမ်းများကိုစဉ်းစားလာခြင်းပင်။

ထိုရေပန်းစားနေသောဗီဒီယိုကို လိုင်းသုံးသူများ ပိုစိတ်ဝင်စားလာကြသည်။

အဲဒီနောက် နတ်သမီးပုံပြင်တောင်ဗီဒီယိုကိုကြည့်ထားသောခရီးသည်များက ထိုလုပ်ရပ်မှာ ချင်းလင်ရှုမျှော်ခင်းကိုနာမည်ဖျက်ခြင်းဖြစ်ကြောင်း ရှင်းလင်းချက်ထုတ်ကြသည်။

နှစ်ဖက်အပြိုင် စကားစစ်ထိုးပွဲများဖြစ်လာ၏။

နောက်တစ်နေ့တွင် ထိုအခြေအနေက လူထုကြား ဝေဖန်ဆွေးနွေးစရာကိစ္စတစ်ခုဖြစ်သွားသည်။

ရုံချန်း_

ချန်လီနှင့်စွန်းရှန်က ထိုကိစ္စကိုသတိထားမိသည်။

သူတို့နှစ်ယောက်လည်း နည်းနည်းဇဝေဇဝါဖြစ်နေသည်။ ဘာကြောင့်ဒီလောက်ကွာလဲ သူတို့နားမလည်နိုင်။

ရုံချန်းမှာ နေထွက်ချိန်ချင်းကအတူတူဖြစ်သင့်တာမလား?

ချန်လီ၏ရုံးခန်းထဲသို့ အတွင်းရေးမှူးတစ်ဦးဝင်လာပြီး_

"အထက်ကလွှတ်လိုက်တဲ့ မိုးလေဝသပါမောက္ခတစ်ယောက်ရောက်နေပါတယ်... သူစစ်ဆေးမှုလုပ်ဖို့ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ပြောပါတယ်"

ထိုသတင်းကြားကြားချင်း ချန်လီက သူ့အတွင်းရေးမှူးနှင့်အတူ အပြင်ထွက်ကြိုဆိုသည်။

နတ်သမီးပုံပြင်တောင်ကိစ္စပဲဖြစ်မည်။ လိုင်းပေါ်တွင် လူထုဝေဖန်မှုပြင်းထန်နေသောကြောင့် အထက်လူများက အချက်အလက်များကိုရှင်းလင်းတင်ပြနိုင်ရန် သက်ဆိုင်ရာပညာရှင်များစေလွှတ်ခြင်းပင်။

ချန်လီက မိုးလေဝသပါမောက္ခနှင့်တွေ့ဆုံသည်။ ပါမောက္ခနာမည်မှာ ကျူချင်းဖြစ်သည်။

မိတ်ဆက်ပြီးနောက် ကျူချင်းက ချန်လီအား_

"လက်ထောက်ချန်... ကျုပ်အတွက်စီစဉ်ပေးပါဦး... အရင်ဆုံး ချင်းလင်ရှုမျှော်ခင်းရဲ့နတ်သမီးပုံပြင်တောင်သွားပြီး နေထွက်ချိန်အခြေအနေကို တစ်ချက်ကြည့်ချင်တယ်... ပြီးရင် တခြားတောင်သွားပြီး နေထွက်ချိန်ကိုစစ်ဆေးကြည့်မယ်!"

ချန်လီက ခေါင်းညိမ့်ပြီး သူ့အတွင်းရေးမှူးကို လိုအပ်သည်များစီစဉ်ခိုင်းသည်။

ဒီလိုကိစ္စမျိုးအတွက် သူ ချင်လင်ဆီသွားစရာမလို။ အတွင်းရေးမှူးမှတဆင့် ချင်းလင်စံအိမ်လက်မှတ်အရောင်းဌာနနှင့်ဆက်သွယ်လိုက်ရုံသာ။

ထို့ကြောင့် ထိုညတွင် ချန်လီက ကျူရှင်းနှင့်အတူနတ်သမီးပုံပြင်တောင်သွားပြီး နေထွက်ချိန်သွားကြည့်ကြသည်။

နောက်တစ်နေ့မနက်အိပ်ရာနိုးသောအခါ နတ်သမီးပုံပြင်တောင်ပေါ်မှလှပသောနေထွက်ချိန်မြင်ကွင်းကြောင့် နှစ်ယောက်လုံးအံ့အားသင့်မိကြသည်။ ဒီအပိုင်းမှာပညာရှင်တစ်ဦးဖြစ်ပြီး နေထွက်ချိန်သုတေသနများစွာလုပ်ဖူးသောကျူရှင်းတောင် ကိုယ်တိုင်မြင်တွေ့ရသောမြင်ကွင်းကြောင့် တုန်လှုပ်အံ့သြရသည်ကိုမဖုံးကွယ်နိုင်။

နောက်တစ်နေ့တွင် ကျူချင်းက ချန်လီတို့စီရင်စုမှလူတချို့နှင့်အတူ တခြားတောင်ပေါ်တက်သည်။

သူတို့တောင်ထိပ်ရောက်သောအခါ ထိုနေရာတွင် လူတချို့ရှိနေသည်ကိုတွေ့ရသည်။ သူတို့ကရွက်ဖျင်တဲထဲဝင်ပြီး တစ်ခုခုစီစဉ်နေပုံရသည်။

လျိုဟွာက ချန်လီတို့အဖွဲ့ကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။ ချန်လီကို သူမှတ်မိသည်။

"လူကြီးမင်း.. ဒီနေရာက နေထွက်ချိန်ကြည့်ဖို့အကောင်းဆုံးနေရာပဲမလား?"

ချန်လီက လျိုဟွာကိုမေးလိုက်သည်။

ချန်လီ၏အမေးကြောင့် လျိုဟွာက_

"လက်ထောက်ချန်.. ဒီကိုနေထွက်ချိန်လာကြည့်တာဆိုရင်တော့ အချိန်မဖြုန်းဖို့အကြံပေးချင်ပါတယ်... ခင်ဗျားတော်တော်စိတ်ပျက်ရလိမ့်မယ်"

ချန်လီကိုမှတ်မိကြတာ မထူးဆန်း။ သူက လူထုရှေ့မကြာခဏပေါ်လာပြီး Live အကြိမ်ကြိမ်လွှင့်ဖူးသည်။ ရုံချန်းမှာ အတော်များများသူ့ကိုသိကြသည်။

လျိုဟွာ၏အကြံပြုချက်ကြောင့် ချန်လီ မျက်မှောင်ကြုတ်သွားသည်။ လျိုဟွာဘာကိုဆိုလိုကြောင်း သူနားလည်သည်။ ဒီကနေထွက်ရင် နတ်သမီးပုံပြင်တောင်နှင့်တခြားစီ။

သို့သော် သူတို့ကိုယ်တိုင်ကိုယ်ကျကြည့်ချင်သေးသည်။

အချိန်ကုန်လွန်သွား၏။ နောက်တစ်နေ့အရုဏ်ဦးရောက်လာသည်။ ချန်လီ၊ ကျူချင်းနှင့် ရုံချန်းမှလိုက်ပါလာသူအားလုံးစောစောထပြီး နေထွက်ချိန်ကိုစောင့်ဆိုင်းနေကြသည်။

သို့သော် ထိုတောင်ပေါ်မှနေထွက်ချိန်ကိုမြင်ရသောအခါ ချန်လီရောကျူချင်းပါကြောင်သွားသည်။

နေထွက်ချိန်က အရမ်းရိုးလွန်းသည်။

ဒါ နတ်သမီးပုံပြင်တောင်ပေါ်ကနေထွက်ချိန်နဲ့တူရဲ့လား?

တနည်းပြောရရင် လိုင်းပေါ်မှာပြောနေကြတာမှန်သည်။

တခြားတောင်ပေါ်ကကြည့်ရင် နေထွက်ချိန်က နတ်သမီးပုံပြင်တောင်လိုရင်သပ်ရှုမောစရာမကောင်း။

"ပါမောက္ခကျူ... အဲဒါဘယ်လိုဖြစ်တာလဲ?"

ချန်လီကမနေနိုင်ဘဲ ကျူချင်းကိုမေးလိုက်သည်။

ကျူချင်းလည်းအံ့ဩပြီး ပြန်မဖြေနိုင်ဖြစ်နေသည်။ ဒီလိုမြင်ကွင်းမျိုးကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ သူကမျက်မှောင်ကြုတ်၍ ခဏစဉ်းစားပြီးမှ_

"ဒါ နတ်သမီးပုံပြင်တောင်ပေါ်ကျခဲ့တဲ့ဥက္ကာခဲနဲ့ဆိုင်လိမ့်မယ်... အဲဒီဥက္ကာခဲကြောင့် ရာသီဥတုပြောင်းလဲဖူးတာပဲ''

သူ့မှာ ပြောသာပြောနေရသော်လည်း ဆက်ပြောရန်ခက်ခဲနေပုံရသည်။

အကြောင်းရင်းက ဒီလိုမဖြစ်နိုင်။

အခန်း ၁၃၇၁: ချင်းလင်ဓာတ်ခွဲခန်းက တော်ဝင်ပညာရှင်!

နတ်သမီးပုံပြင်တောင်နှင့်ရုံချန်းက တဖန်နာမည်ပြန်ကြီးပြီး အာရုံစိုက်ခံရပြန်သည်။ နေထွက်ချိန်ကြောင့်ပင်။

ကျူချင်းနှင့်ချန်လီကိုယ်တိုင် နတ်သမီးပုံပြင်တောင်နှင့်တခြားတောင်ပေါ်မှနေထွက်ချိန်ကြည့်ပြီးနောက် နတ်သမီးပုံပြင်တောင်နေထွက်ချိန်က တခြားနေရာများထက်ပိုအံ့ဩစရာကောင်းပြီးခမ်းနားကြောင်းအတည်ပြုလိုက်သည်။

အားလုံးရုံချန်းကဖြစ်သော်လည်း တခြားတောင်များက နတ်သမီးပုံပြင်တောင်ကိုမယှဉ်နိုင်!

လုံးဝမယုံနိုင်စရာကောင်းသည့်အပြင် လန့်စရာတောင်ကောင်းသည်။

ပညာရှင်ကျူရှင်းတောင် တခဏအတွင်းရှင်းမပြနိုင်။ နတ်သမီးပုံပြင်တောင်ပေါ်ကျသောဥက္ကာခဲနှင့်ဆိုင်မည်ဟုသာမှန်းဆနိုင်သည်။

အမှန်ဟုတ်မဟုတ်က ပြီးမှဖြည်းဖြည်းချင်းလေ့လာကြည့်ရမည်။

ဒါကြောင့် ဒီမြင်ကွင်းက လူအများအတွက်ဆန်းကြယ်နေခြင်းပင်။

တချို့က ဒီမြင်ကွင်းကို အံ့ဖွယ်မြင်ကွင်းတစ်ခုဟုတောင်အသိအမှတ်ပြုထားသည်။

ထိုအံ့ဖွယ်မြင်ကွင်းကြောင့် ခရီးသည်များက နတ်သမီးပုံပြင်တောင်လာပြီးနေထွက်ချိန်ကြည့်သည်။ ပြီးလျှင် တခြားတောင်ပေါ်သွားပြီး နေထွက်ချိန်ချင်းနှိုင်းယှဉ်ကြည့်ကြသောကြောင့် ရုံချန်းမှာ ခရီးသည်တလှိုင်းဝင်လာသည်။

ချင်လင်က ထိုကိစ္စကိုအာရုံမထား။ သူကဂိမ်းထဲဝင်ပြီး နတ်ဘုရားမတောင်တောနက်ထဲဝင်ကာ မှင်စာလေး Abril နှင့်တွေ့ခဲ့သောတောထဲသွားသည်။

မှင်စာလေးဆီကရခဲ့သောမှင်စာလက်အိတ်နှင့်မိုးမခဘဲစားမှော်က ပစ္စည်းကောင်းများပင်။

ချင်းလင်ဓာတ်ခွဲခန်းက မှင်စာလက်အိတ်ကိုမဖော်ထုတ်နိုင်သေး။

သို့သော် ဒီတစ်ခါတောနက်ထဲတွင် အချိန်အကြာကြီးရှာသည့်တိုင်အောင် Abril ကိုမတွေ့ဘဲ ထူးထူးခြားခြားတစ်ခုတွေ့ရသည်။

တောထဲတွင် ခြေရာကြီးများရှိသည်။

လူခြေရာလုံးဝမဟုတ်။ စတုရန်းပုံမကျတကျ စက်နှင့်နှိပ်ထားသလိုပင်။

ဒီခြေရာတွေကဘာတွေမှန်း ချင်လင်မသိ။ မှင်စာမတွေ့သောကြောင့် လာလမ်းအတိုင်းပြန်ရန်ဆုံးဖြတ်လိုက်သည်။ သူကဂိမ်းတောင်တက်လမ်းပြန်ပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်၏။

ရုံးခန်းထဲပြန်ရောက်သောအခါ ကုမ္ပဏီတစ်ခုချင်းအခြေအနေကိုသိအောင် စီမံရေး app ထဲဝင်စစ်ဆေးသည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုလျှောက်သွားစေသည်။

ထိုစဉ် ဖုန်းမြည်လာ၏။

သူကဖုန်းထုတ်ကြည့်လိုက်ရာ ပါမောက္ခဝမ်ဖြစ်နေသည်။ အရင်တစ်ခါ မှင်စာလက်အိတ်ကိုပါမောက္ခဝမ်ဆီပေးပြီး သုတေသနလုပ်ခိုင်းထားသောကြောင့် တစ်ခုခုအဖြေထွက်လာခြင်းဖြစ်မည်။

သူကဖုန်းကိုင်လိုက်ရာ ပါမောက္ခဝမ်အသံကြားရသည်_

"ဥက္ကဌချင်.. အစိတ်အပိုင်းတွေကိုစမ်းသပ်ကြည့်တာတိုးတက်မှုရှိတယ်... အဲဒီအပိုင်းတွေက တပ်ဆင်လို့ရတယ်''

ချင်လင်ကနားထောင်ရင်း မျက်လုံးကျယ်သွားသည်။ သူကဖုန်းချပြီး ဓာတ်ခွဲခန်းတန်းပြေး၏။

ပါမောက္ခဝမ်က မှင်စာလက်အိတ်အကြောင်းပြောနေမှန်းသူသိသည်။

အဲဒီအစိတ်အပိုင်းတွေကို အမှန်ပင်တပ်ဆင်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အစကတစ်ခုတည်း။

ပါမောက္ခဝမ်က လူခေါ်ပြီးသုတေသနလုပ်သောကြောင့် တစ်ခုလုံးကိုရှာတွေ့တာမထူးဆန်း။

ချင်းလင်အပန်းဖြေစံအိမ်မှထွက်ပြီးနောက် သူကဓာတ်ခွဲခန်းတန်းသွားသည်။ နှစ်ကြိမ်စစ်ဆေးခံရပြီးနောက် အတွင်းဘက်ဝင်ကာ ပါမောက္ခဝမ်တို့လက်အိတ်စမ်းသပ်နေသောဓာတ်ခွဲခန်းထဲသွားသည်။

ပါမောက္ခဝမ်က သူ့ကိုစောင့်နေသည်။ သူ့ကိုမြင်သည်နှင့် တန်းရောက်လာပြီး_

"ဥက္ကဌချင် ရောက်လာပြီလား... ကျုပ်တို့ပုံတူကူးထားတယ်''

ချင်လင်က ပါမောက္ခဝမ်နောက်လိုက်ပြီး စမ်းသပ်ပလက်ဖောင်းဆီသွားသည်။

ထိုနေရာတွင် ပုံတူကူးထားသောပစ္စည်းရှိပြီး တစ်စစီဖြုတ်တပ်ထားသောမှင်စာလက်အိတ်ထက်ပိုသပ်ရပ်လှပသည်။

နောက်ပြီး ပါမောက္ခဝမ်က သေချာပြုပြင်မွမ်းမံထားသေးသည်။

မှင်စာလက်အိတ်မှာ ဆန်းကြယ်သည်မှန်သော်လည်း အကြမ်းထည်ဆန်သည်။

"ဥက္ကဌချင်.. ဒီပစ္စည်းက အရမ်းထူးဆန်းတယ်''

ပါမောက္ခဝမ်ကပြောရင်းဆိုရင်း သူဖန်တီးထားသောပစ္စည်းကိုကောက်ကိုင်ကာ ချင်လင်ဆီပေးသည်။

အစိတ်အပိုင်းတစ်ခုတွင် ခလုတ်ပါသည်။

"ဥက္ကဌချင်.. ခလုတ်နှိပ်ပြီးစမ်းကြည့်ပါ!''

ပါမောက္ခဝမ်က ဂုဏ်ယူဝင့်ကြွားသံနှင့်ပြောသည်။

ချင်လင်ကခေါင်းညိမ့်ပြီး ခလုတ်နှိပ်လိုက်သည်။ ထို့နောက် ရေမှုန်များထွက်လာပြီး ဓာတ်ခွဲခန်းတစ်ဝက်လောက်အထိပြန့်သွားသည်။

အေးစက်စက်ခံစားချက်ရပြီးနောက် နှင်းမှုန်များအဖြစ်ပြောင်းလဲသွား၏။

အရင်ကမှင်စာလက်အိတ်နှင့်လုပ်ဆောင်ချက်ချင်းတူသည်။ ပြီးပြည့်စုံအောင်ပုံတူကူးထားခြင်းပင်။

"ပါမောက္ခဝမ် အရမ်းကောင်းတယ်''

ချင်လင်က ချီးကျူးလိုက်ပြီးမှ_

"အခုဒီပစ္စည်းထုတ်ရင် ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲ?''

ချင်လင်က ကစားစရာအဖြစ်ထုတ်ရန်စဉ်းစားနေသည်။ ရေပန်းစားမည့်ပစ္စည်းဖြစ်သောကြောင့် ကုန်ကျစရိတ်ကအရေးကြီးသည်။

ကုန်ကျစရိတ်များရင် သာမန်လူတွေမတတ်နိုင်။

ပါမောက္ခဝမ်က ချက်ချင်းရှင်းပြသည်_

"ဥက္ကဌချင်.. လောလောဆယ် ကုန်ကျစရိတ်မထိန်းနိုင်သေးပါဘူး... တစ်ခုကို ယွမ် ၂၀၀၀၀ လောက်ကျမယ်... ပြီးတော့ ဒါကိုအရွယ်အစားကြီးပြီး အရည်ပိုထည့်လိုက်ရင် ဒီထက်ပိုကောင်းမယ်လို့လည်းတွေ့ထားတယ်... အဲဒီအစွမ်းသာတိုးတက်အောင်လုပ်နိုင်ရင် လက်*နက်လိုအသုံးချလို့ရမလားမပြောတတ်ဘူး!''

ကုန်ကျစရိတ်အကြောင်းပြောစဉ်က ချင်လင်မျက်မှောင်ကြုတ်နေသည်။ ကုန်ကျစရိတ်ဒီလောက်များရင် ကစားစရာအဖြစ်မထုတ်နိုင်။

ဒီလိုစျေးကြီးတဲ့ကစားစရာမျိုးကို ကလေးတွေဆော့ဖို့နေနေသာသာ ဝယ်နိုင်သူတောင်သိပ်မရှိ။

သို့သော် ပါမောက္ခဝမ်ဆက်ပြောသောစကားကြောင့် သူအထင်ကြီးမိသည်။

ဒီပစ္စည်းကိုတိုးတက်အောင်ကြံဆနိုင်တာကောင်းသည်။

နောက်ပြီး ပါမောက္ခဝမ်ပြောသလို နေရာအကျယ်ကြီးကိုဖုံးလွှမ်းနိုင်ရင် တောင်ပေါ်ပစ်ပြီးတစ်တောင်လုံးမြူဖုံးသွားအောင်လုပ်နိုင်မည်။

ဘယ်လောက်အံ့ဩစရာကောင်းလိုက်လဲ?

ဥပမာဆိုပါစို့။ အခုနတ်သမီးပုံပြင်တောင်က အရမ်းလှနေပြီ။ ဒါပေမဲ့ ဘယ်လောက်လှလှ အကြိမ်ကြိမ်မြင်ပါများရင် ငြီးငွေ့သွားမည်။

ဒီပစ္စည်းကိုနတ်သမီးပုံပြင်တောင်ပေါ်ကိုပစ်လိုက်ရင် တစ်တောင်လုံးမြူဖုံးသွားမည်။

ဒီအဖြူရောင်ကမ္ဘာမှာ အလင်းတန်းတွေထွက်နေရင် ဘယ်လောက်စိတ်ကူးယဉ်ဆန်ပြီးလှလိုက်မလဲ?

All Chapters