← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 69 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 69 Ch. 739-740

အခန်း (၇၃၉) - အလှပန်းလေး သခင်မထောင်ချီလီ၊ ကောင်းကင်နှင့်မြေကြီး မီးပေါင်းဖိုပညာရပ်၊ ကျမ်းစာတိုက် အမွေအနှစ်များကို ကူးယူခြင်း(၅)။

ထိုသို့ပြောလိုက်သူမှာ လျှို့ဝှက်သတင်းဌာနမှူး စစ်ယွီရှီးပင် ဖြစ်၏။

သူမ၏ အမူအရာက တည်ငြိမ်နေပြီး သူမကိုယ်ပေါ်တွင် မည်သည့် အငွေ့အသက်မျှမရှိဘဲ အမှောင်ထုထဲသို့ ပျော်ဝင်နေသည့်အလား ထင်မှတ်ရလေသည်။ အကယ်၍ အသံထွက်မလာပါက သူမ ရှိနေမှန်း မည်သူမျှ သတိထားမိမည် မဟုတ်ပေ။

"သတိထားတာက ပိုကောင်းပါတယ်"

"အထူးသဖြင့် ရွှေဖားပြုတ်မျိုးနွယ်ရဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့်တွေပဲ။ သူတို့သေသွားရင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတတ်ကြတယ်"

"သူတို့သေသွားတဲ့အခါ ပေါက်ကွဲထွက်လာတဲ့ အဆိပ်ရည်တွေက တော်တော်လေး ဒုက္ခပေးနိုင်တယ်။ မစွန်းထင်းမိစေနဲ့…"

ဟွားစစ်ချင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

"ဟုတ်ကဲ့ပါ…"

လျှို့ဝှက်သတင်းဌာနမှူး စစ်ယွီရှီးက ခေါင်းညိတ်ပြလိုက်၏။

သူမ၏ ကိုယ်ဟန်က တစ်ချက်လက်ကနဲ ဖြစ်သွားပြီး ထိုနေရာမှ ချက်ချင်းထွက်ခွာသွားကာ အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားလေသည်။

ချက်ချင်းပင် လူသားမျိုးနွယ်၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကာ ထိုမျိုးနွယ်ခြား လေဟာနယ်သန့်စင်ခြင်းအဆင့်များနှင့် အသေအလဲ စတင်တိုက်ခိုက်ကြတော့လေသည်။

...

ကျမ်းစာတိုက်။

"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ မျိုးနွယ်ခြားတွေက ငါတို့ရဲ့ ဖုန်းရှီးမြို့ထဲကို ဘယ်လိုများ ဝင်လာကြတာလဲ…"

"လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားတွေတောင် ပါသေးတယ်။ စစ်တပ်ကလူတွေက ငတုံးတွေလား။ သူတို့ကို ဖုန်းရှီးမြို့အတွင်းပိုင်းအထိ ဘယ်လိုလုပ် အဝင်ခံလိုက်ရတာလဲဟ…. ချီးပဲ…"

"ဒုက္ခပါပဲ... သူတို့က မြို့စားမင်း ဖုန်းရှီးမြို့ကနေ ထွက်ခွာသွားတဲ့ အချိန်ကို အမိအရဖမ်းပြီး ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါတို့ ဖုန်းရှီးမြို့ကို တိုက်ခိုက်တာပဲ။ အရာအားလုံးက အကြံအစည်တွေပဲ။ ဖီးနစ်သွေးရွှေနီသတ္တုတွင်းဆိုတာက သေချာပေါက် ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်…"

"တစ်ဖက်လူက ငါတို့ ကျမ်းစာတိုက်ကို တိုက်ခိုက်တာတင် မဟုတ်ဘူး။ ခုနကပဲ ငါ သတင်းရတယ်။ ဖုန်းရှီးမြို့က တခြားအရေးကြီးတဲ့ နေရာတွေလည်း လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်တဲ့…"

"သွားပါပြီ... ဒီတစ်ခါတော့ သွားပြီ။ ငါတို့အားလုံး ဒီနေရာမှာပဲ သေရတော့မှာလား…"

"မစိုးရိမ်ကြပါနဲ့။ ကျမ်းစာတိုက်သခင်မကလည်း ဒီမှာရှိနေတာပဲ။ သူက ငါတို့ကို ကာကွယ်ပေးမှာ သေချာပါတယ်…"

ကျမ်းစာတိုက်အတွင်း၌ ရှိနေသော ကျင့်ကြံသူအများအပြား၏ မျက်နှာများမှာ အလွန်တရာ အကျည်းတန်နေကြ၏။

ကျမ်းစာတိုက်အတွင်း၌ ရှိနေပြီး ဆဋ္ဌမအဆင့်အစီအရင်၏ အကာအကွယ်ရှိသဖြင့် နှိုင်းယှဉ်ရလျှင် ပိုမိုလုံခြုံသော်ငြား လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားအများအပြားက ဖုန်းရှီးမြို့ထဲသို့ ဝင်ရောက်သတ်ဖြတ်နေကြသည်ကို တွေးမိသည်နှင့် သူတို့မှာ အလွန်တရာ စိုးရိမ်ပူပန်လာမိကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးမြို့၌ သာမန်လူ အများအပြား နေထိုင်ကြသောကြောင့် ဖြစ်ပေသည်။

အကယ်၍ ဤမျိုးနွယ်ခြားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ ဆင်နွှဲမည်ဆိုပါက ဤတစ်ကြိမ်တွင် လူမည်မျှ သေဆုံးဒဏ်ရာရမည်ကိုပင် မသိနိုင်တော့ချေ။

သံသယဖြစ်ဖွယ်မရှိ ဖုန်းရှီးမြို့၏ မကြုံစဖူးသော ကပ်ဘေးကြီးပင် ဖြစ်ပေသည်။

အနည်းငယ်မျှ သတိလွတ်သွားပါက ဤကပ်ဘေးကြီးထဲတွင် စိတ်ပျက်ဖွယ်ကောင်းစွာ သေဆုံးသွားနိုင်ပေသည်။

"လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားတွေ ဒီလောက်တောင် အများကြီး ပေါ်လာရတယ်လို့…"

"အရင်က ဖုန်းရှီးတာအိုအရှင် ငါ့ကို ရန်သူဒီလောက်များမယ်လို့ မပြောခဲ့ပါဘူး…"

ဤအချိန်တွင် ထောင်ချီလီမှာ အလွန်အမင်း ကူကယ်ရာမဲ့နေရှာသည်။

သူမသည် ဖုန်းရှီးတာအိုအရှင်ထံမှ ဤငါးမျှားခြင်းအစီအစဉ်အကြောင်းကို ကြားသိခဲ့ရသည်မှာ အမှန်ပင်ဖြစ်‌သည်။

သို့သော် အစတွင်မူ ငါးပုစွန်လေးများကိုသာ မျှားမိမည်ဟု ထင်မှတ်ထားခဲ့သည်ဖြစ်ရာ မည်သူက ဤမျှများပြားသော ငါးကြီးများကို မျှားမိလာမည်ဟု ထင်မှတ်ထားပါမည်နည်း။

အကယ်၍ အနည်းငယ်မျှ ပေါ့ဆသွားပါက မြောင်းငယ်လေးထဲတွင် လှေမှောက်သွားမည်ကိုပင် စိုးရိမ်ရပေသည်။

ဖုန်းရှီးမြို့ကို ကာကွယ်နိုင်မည် ဆိုလျှင်ပင် လူမည်မျှ သေဆုံးဒဏ်ရာရမည်ကိုတော့ မသိနိုင်တော့ချေ။

သို့သော် ယခုအခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူမအနေဖြင့် အခြားအရာများကို တွေးတောနေရန် အလှည့်မရောက်တော့ပေ။

"သတ်…"

ထောင်ချီလီ၏ လှပသော မျက်လုံးအစုံတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။

သူမသည် စိတ်အာရုံကို အသက်သွင်းလိုက်ပြီး ကျမ်းစာတိုက်၏ ဆဋ္ဌမအဆင့် အဆင့်မြင့်အစီအရင်ကြီးဖြစ်သော 'ရှစ်မျက်နှာအလင်းဖျက် မဟာအစီအရင်' ကို ချက်ချင်း ဖွင့်လှစ်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ကျမ်းစာတိုက်၌ ကြီးမားသော အစီအရင်ကြီးတစ်ခု ထွက်ပေါ်လာကာ ကျမ်းစာတိုက်အား ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားစေလေသည်။

မြေကြီးအနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်အစီအရင်မျဉ်းကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။

ဝုန်း...။

နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများက မဟာအစီအရင်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခြင်းအငွေ့အသက်များ ပါဝင်နေကာ လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားခြောက်ကောင်၏ ချီစွမ်းအင်များကို ပစ်မှတ်ထား အသေမှတ်လိုက်လေသည်။

"လူမိုက်တွေ…"

လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံမြွေသုံးကောင်က အေးစက်စွာ ရယ်မောလိုက်၏။

၎င်းတို့သည် ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ ဧရာမ မြွေကိုယ်လုံးကြီးပေါ်တွင် သိပ်သည်းလှသော အမည်းရောင် အကာအကွယ်များ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးကို အလွန်ထူထဲသော သံချပ်ကာဝတ်စုံ ဖုံးအုပ်ထားသည့်အလားပင် ဖြစ်လေသည်။

ဤသည်ကား မြွေပျံမြွေမျိုးနွယ်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်အရည်အသွေးပင် ဖြစ်ပေသည်။

၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အနိမ့်ဆုံးအဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာတစ်ခုနှင့်ပင် ယှဉ်နိုင်ပေသည်။

သာမန်နည်းလမ်းများဖြင့် ၎င်းတို့၏ မြွေအကြေးခွံများကို ချိုးဖောက်ရန် စိတ်ကူးပင်ယဉ်နိုင်မည်မဟုတ်ပေ။

ဒုန်း... ဒုန်း... ဒုန်း...။

ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများက မြွေပျံမြွေများပေါ်သို့ ကျရောက်လာရာ ချက်ချင်းဆိုသလိုပင် ၎င်းတို့၏ အကာအကွယ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်စင်သွားရသော်လည်း ထိခိုက်ဒဏ်ရာရခြင်း အလျဉ်းမရှိပေ။

"အသုံးမဝင်ဘူးလား…"

ထောင်ချီလီ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

သိသာထင်ရှားစွာပင် ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံမြွေသုံးကောင်၏ စွမ်းအားမှာ သူမ ထင်မှတ်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပြီး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းတို့ကို သတ်ဖြတ်ရန်မှာလည်း တွေးထားသလောက် မရိုးရှင်းလှပေ။

"ဆဋ္ဌမအဆင့် အစီအရင်လေးလောက်နဲ့များ... ပျက်စမ်း…"

ထောင်ချီလီအနေဖြင့် ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားများကို ရင်ဆိုင်ရန် နည်းလမ်း မစဉ်းစားရသေးမီမှာပင် လေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်တစ်ကောင်က လှုပ်ရှားလာတော့သည်။

၎င်းသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အစီအရင်အတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာလေသည်။

၎င်း၏လက်ထဲတွင် ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲ တစ်လုံးကို ထုတ်ယူလာပြီး ၎င်းအတွင်း၌ တားမြစ်ချက်ကို ချိုးဖျက်နိုင်သည့် စွမ်းအားများ ပါဝင်နေ၏။

၎င်းသည် ဆဋ္ဌမအဆင့် အစီအရင်များကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်ပေသည်။

ဝုန်း...။

မျက်စိတစ်မှိတ်အတွင်း ဤဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲက စိမ်းပြာရောင် အလင်းတန်းများကို ဖြာထွက်စေလိုက်ပြီး ပုလဲ၏အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင်လည်း ဆဋ္ဌမအဆင့် အစီအရင်တစ်ခု ပေါ်ပေါက်လာလေသည်။

အစီအရင်ကို အစီအရင်ဖြင့် ချိုးဖြတ်ခြင်းပင်။

ဤသည်မှာ ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲ၏ အခြေခံသဘောတရားပင် ဖြစ်ပေသည်။

အခြားဆဋ္ဌမအဆင့် အစီအရင်များကို မပြိုကွဲစေနိုင်လျှင်ပင် ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲ၏ အစီအရင်စွမ်းအားအပေါ် မှီခို၍ တစ်ဖက်လူ၏ အစီအရင်စွမ်းအားကို အနည်းဆုံးအနေဖြင့် ခုခံချေဖျက်နိုင်ပြီး အစီအရင်၏ စွမ်းအားများ ထွက်ပေါ်မလာနိုင်အောင် စွမ်းဆောင်နိုင်ပေသည်။

မှန်ပေသည်၊ ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲသည် အလွန်တန်ဖိုးကြီးမားလှပြီး လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်သော အရာမျိုး မဟုတ်ပေ။

ဤအစီအစဉ်အတွက် ရွှေဖားပြုတ်မျိုးနွယ်သည် အရင်းအနှီး အလွန်ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်း သိသာထင်ရှားလှ‌သည်။

"ဟမ့်... အစီအရင်ကို အစီအရင်နဲ့ ချိုးဖြတ်မယ်ပေါ့…"

"တကယ်ကို ငါ့ကို အထင်သေးလွန်းနေတာပဲ။ ငါ့ရှေ့မှာတင် ဒီနေရာက အစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ မင်းကထင်နေတာလား…"

"သောက်ကျိုးနည်း... နင် ရူးသွားတာလား။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တာပဲ…"

ထောင်ချီလီသည် မူလက အစီအရင်ဆုံမှတ်များကို ပြောင်းလဲကာ ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲ၏ စွမ်းအားကို ခုခံချေဖျက်ရန် အစီအရင်ကို ထိန်းချုပ်ချင်နေသေးသည်။

သို့သော် ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်သည် ဤမျှအထိ ပြတ်သားနေပြီး အစီအရင်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကိုယ့်ကိုယ်ကိုယ် ချက်ချင်းဖောက်ခွဲပစ်လိုက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သိသာထင်ရှားစွာပင် ဤသည်မှာလည်း တစ်ဖက်လူ၏ စောစောစီးစီးကတည်းက စဉ်းစားထားပြီးသား အစီအစဉ်ပင် ဖြစ်ပေသည်။

ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲ၏ စွမ်းအားကို အသုံးပြုပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုစွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက ဤနေရာရှိ အစီအရင်ကို အသေအချာ ဖျက်ဆီးနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုစွမ်းအားမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှပေသည်။

ဆဋ္ဌမအဆင့် အစီအရင်ဖြစ်နေလျှင်ပင် ခုခံတားဆီးနိုင်ရန် စိတ်ကူးပင်မယဉ်သင့်ချေ။

အမှန်အတိုင်းဆိုရလျှင် ထောင်ချီလီသည်လည်း ဤသို့ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ အထက်တန်းအဆင့်တွင်ရှိနေသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက အနည်းငယ်မျှ အခြေအနေမလှသည်နှင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ ရန်သူနှင့်အတူသေရန် ကြိုးစားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ဝုန်း... ဝုန်း... ဝုန်း...။

သို့သော် ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်၏ မျက်နှာအမူအရာမှာ ကြမ်းကြုတ်နေပြီး တုံ့ဆိုင်းခြင်းမရှိ၊ ၎င်း၏ခန္ဓာကိုယ်ထဲမှ ဖျက်ဆီးခြင်းစွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာ၏။

ဤသည်မှာ ကြယ်တစ်လုံး ပေါက်ကွဲသွားသည့်အလားပင် ဖြစ်ပြီး ပြိုင်ဘက်ကင်းသော ဖျက်ဆီးမှုစွမ်းအားနှင့် တိုက်ခိုက်မှုစွမ်းအားများကို ဖြစ်ပေါ်လာစေတော့သည်။

အခန်း (၇၄၀) - သက်တမ်းချင်း လဲလှယ်ခြင်း။

ခဏအကြာတွင် မူလက အလွန်ခိုင်ခံ့လှသော ဆဋ္ဌမအဆင့်အစီအရင်သည် ထပ်မံ၍ တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ လေးလွှာသော အစီအရင်အတားအဆီးများမှာ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ပြီး အစီအရင်အခြေခံ၌ပင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာလေသည်။

ကျမ်းစာတိုက်တစ်ခုလုံးတွင်လည်း အက်ကွဲကြောင်း အများအပြား ပေါ်ထွက်လာ၏။

ဤသည်မှာ လေဟာနယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်တိုင်ဖောက်ခွဲခြင်း စွမ်းအားပင် ဖြစ်ပေသည်။

အမှန်အတိုင်း ဆိုရလျှင် ဆဋ္ဌမအဆင့်အစီအရင်၏ စွမ်းအားကသာ ထိုဖောက်ခွဲမှု၏ စွမ်းအားကို ကန့်သတ်မထားပါက ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်၏ ကိုယ်တိုင်ဖောက်ခွဲမှုစွမ်းအားသည် အနည်းဆုံး မိုင်တစ်သိန်းအထိတိုင်အောင် ရိုက်ခတ်သွားနိုင်ပေသည်။

ထိုမိုင်တစ်သိန်းပတ်လည်ဧရိယာတစ်ခုလုံးကိုပင် မြေပြင်အဖြစ် ပြောင်းလဲသွားစေကာ လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်ခြေရှိသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ် သေဆုံးသွားသည့် အခိုက်အတန့်တွင် ၎င်း၏ခန္ဓာကိုယ်မှ ပြင်းထန်သော အဆိပ်မြူခိုးများ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ကျမ်းစာတိုက်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခြင်းပင် ဖြစ်လေသည်။

ဤအဆိပ်မြူခိုးများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် မြေကြီးကို ချက်ချင်းဆိုသလို တိုက်စားသွားကာ ချိုင့်ခွက်များစွာ ပေါ်ထွက်လာစေ၏။

ကျင့်ကြံသူအများအပြားသည်လည်း ကြိုတင်ကာကွယ်နိုင်ခြင်းမရှိဘဲ အဆိပ်မြူခိုးအနည်းငယ်ကို ရှူရှိုက်မိရုံဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ လုံးဝ သတိလစ်မေ့မြောသွားကြတော့သည်။

အကယ်၍သာ အချိန်မီ ကယ်ဆယ်မည့်သူမရှိပါက သူတို့သည် မကြာမီ အဆိပ်တက်၍ သေဆုံးသွားကြရပေမည်။

ဤသည်ကား ရွှေဖားပြုတ်မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းလှသော အချက်ပင် ဖြစ်၏။

၎င်းတို့ သေဆုံးသွားပြီးနောက်တွင်ပင် ကြီးမားလှသော ကပ်ဘေးကြီးအဖြစ် ပြောင်းလဲသွားကာ တစ်နေရာလုံးကို အဆိပ်သင့်စေဦးမည် ဖြစ်လေသည်။

"ဒုက္ခပဲ…"

ထောင်ချီလီ၏ မျက်နှာအရောင် ပြောင်းလဲသွား၏။ စောစောက သူမကိုယ်တိုင်လည်း ကြိုတင်မကာကွယ်နိုင်ခဲ့ဘဲ အဆိပ်မြူခိုးအနည်းငယ်ကို ရှူရှိုက်မိလိုက်သည်။

သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အဆိပ်မြူများ ဝင်ရောက်လာကြောင်းကို ချက်ချင်း သတိပြုမိလိုက်သည်။ ဤသည်ကား ဆဋ္ဌမအဆင့်အဆိပ်ပြင်းပင် ဖြစ်ပေသည်။

သူမသည် လေဟာနယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေသော်ငြား အချိန်တိုအတွင်း ဤအဆိပ်များကို ခန္ဓာကိုယ်ထဲမှ မောင်းထုတ်နိုင်စွမ်း မရှိချေ။

ယခုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်လည်ပတ်မှုမှာ ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် အစောပိုင်းက လေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်၏ ကိုယ်တိုင်ဖောက်ခွဲမှုကြောင့် သူမ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

ဤမျှသာဆိုလျှင်လည်း ကိစ္စမရှိလှ။

ပြဿနာမှာ ယခုအခါ ဘေးတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံသုံးကောင်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်နှစ်ကောင်တို့က မျက်စိဒေါက်ထောက် ကြည့်နေကြခြင်းပင်။

ထို့ပြင် ယခုအချိန်တွင် ဖုန်းရှီးမြို့တစ်မြို့လုံးသည် ရန်သူများ၏ တိုက်ခိုက်ခြင်းကို ခံနေရရာ အချိန်တိုအတွင်း မည်သည့်စစ်ကူမျှ ရောက်ရှိလာနိုင်စရာ အကြောင်းမရှိပေ။ ယခုအခါ ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည် ဖြစ်လေသည်။

"ဂျီး... ဂျီး... သိပ်ကောင်းတာပဲ။ ရွှေဖားပြုတ်မျိုးနွယ်စုလို့ ခေါ်ဆိုထိုက်ပါပေတယ်။ ဒီနေရာက ဆဋ္ဌမအဆင့်အစီအရင်ကိုတောင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်ပေါ့...”

"ဆဋ္ဌမအဆင့်အစီအရင် မရှိတော့ရင် ဒီလူသား လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူက ငါတို့ရဲ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါတော့မလဲ...”

"ဒီနေရာမှာရှိတဲ့ လူသားကျင့်ကြံသူတွေကို အကုန်သတ်ပစ်လိုက်။ ပြီးရင် ဒီအစီအရင်အချိတ်အဆက်တွေကို လုံးဝ ဖျက်ဆီးပစ်မယ်။ အဲဒီအခါကျရင် ဒီလူသားမြို့တော်ကြီးကို ငါတို့မျိုးနွယ်စုသုံးခုက အလုံးစုံ ဖျက်ဆီးပစ်လို့ ရသွားပြီ...”

အမည်းရောင်မြူခိုးများကြားမှ လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိများ၏ စိတ်လှုပ်ရှားနေသော အသံများက ချက်ချင်း ထွက်ပေါ်လာလေသည်။

ဤနေရာရှိ ဆဋ္ဌမအဆင့်အစီအရင်၏ ဖိနှိပ်ထားသော စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားသည်ကို ၎င်းတို့ အာရုံခံမိလိုက်ကြ၏။

ဤနေရာရှိ ဆဋ္ဌမအဆင့်အစီအရင်ကို လုံးဝ ဖျက်ဆီးပစ်နိုင်ခြင်းမရှိသေးသော်လည်း အနည်းဆုံး အစီအရင်ကို ယာယီအားဖြင့် အသုံးမဝင် ဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် ဤနေရာတွင် ၎င်းတို့ကို တားဆီးနိုင်မည့် အရာတစ်ခုမျှ မရှိတော့ချေ။ ၎င်းတို့သည် ဤနေရာ၌ လိုသလို ခြယ်လှယ်နိုင်ပြီ ဖြစ်ပေသည်။

"ကျက်သရေတုံးလိုက်တာ...”

ထောင်ချီလီသည် သူမ၏ လက်သီးလေးကို ဆုပ်လိုက်ရာ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများစုသည် အစောပိုင်းက ရိုက်ခတ်မှုအောက်တွင် သတိလစ်မေ့မြောသွားကြပြီ ဖြစ်ကြောင်းကို သူမ အာရုံခံမိလိုက်လေသည်။

သတိလစ်မေ့မြောမသွားလျှင်ပင် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားငါးဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင်မူ အမှန်တကယ်တမ်း များစွာ အသုံးမဝင်လှပေ။

အဆိပ်မြူခိုးများထဲတွင် လမ်းလျှောက်နိုင်စွမ်းပင် မရှိကြချေ။ ကြည့်ရသည်မှာ ယနေ့သည် သူမ၏ သေနေ့ပင် ဖြစ်ပုံရသည်။

သို့သော် သူမ မသေဆုံးမီတွင် ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားများကိုလည်း အကုန်လုံး အဖော်ခေါ်သွားရမည် ဖြစ်သည်။

သူမ၏ လှပသော မျက်ဝန်းအစုံ၌ အေးစက်သော အမူအရာများက မတတ်သာစွာ ပေါ်ထွက်လာလေသည်။

"စီနီယာထောင်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့...”

"ဒီမျိုးနွယ်ခြားတွေကို ကျုပ်ဆီသာ လွှဲထားလိုက်ပါ...”

ထိုအချိန်မှာပင် ရင်းနှီးနေသော အသံတစ်သံက သူမ၏ နားထဲသို့ ဝင်ရောက်လာလေသည်။

"တာအိုရောင်းရင်းကျိုး...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီမှာ ကြောင်အမ်းသွားရ၏။

ဤအမျိုးသား မည်သည့်စကားများ ပြောနေမှန်းကို သူမ နားမလည်နိုင်ပေ။ သူ့ဆီသာ လွှဲထားလိုက်ပါ ဟူသည်မှာ အဘယ်နည်း။

သူ ရင်ဆိုင်နေရသည်မှာ မည်ကဲ့သို့သော ရန်သူဖြစ်ကြောင်းကို ဤအမျိုးသား သိပါလေစ။

သူတို့သည် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦး ဖြစ်သည်ကို သိထားရ‌ပေမည်။ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေလျှင်ပင် နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

တစ်ချက် ထိပ်တိုက်တွေ့လိုက်သည်နှင့် ဤအမျိုးသားခမျာ သေမင်းထံမြန်းရမည်ဖြစ်ရာ မည်သည့်အရာကို အားကိုး၍ ဤမျှကြီးကျယ်သော စကားများကို ပြောရဲရပါသနည်း။

သို့သော် သူမ ဘာစကားမျှ မဆိုနိုင်မီမှာပင် ကျိုးစွေ့က စတင်လှုပ်ရှားလိုက်လေသည်။

"အစကတော့ ဒီကိစ္စကို ဝင်မစွက်ဖက်ချင်ပါဘူး...”

"ဘာပဲဖြစ်ဖြစ် ကျုပ်က အားနည်းတဲ့ နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူလေးပဲလေ...”

"လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ချင်ရင်တောင် လုပ်နိုင်ဖို့ ခက်ခဲလှပါတယ်...”

"ဒါပေမဲ့ မင်းတို့က သေခါနီးနေတာကိုး...”

ကျိုးစွေ့၏ မျက်ဝန်း၌ အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။

သူ၏ နှလုံးသားမျက်လုံးအစွမ်းဖြင့် ပေါ့ပေါ့ပါးပါး တစ်ချက်စစ်ကြည့်လိုက်ရာ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦး၏ သက်တမ်းမှာ အလွန်ဆုံး ငါးနှစ်ခန့်သာ ကျန်ရှိတော့ကြောင်းကို ချက်ချင်း အာရုံခံမိလိုက်‌သည်။

ထိုအကြောင်းကြောင့်ပင် သူတို့က သေမင်းတမန် အသေခံတပ်သားများ ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ငါးနှစ်ဟူသော အချိန်မှာ အလွန်တိုတောင်းလွန်းလှပြီး မကြာမီ သေဆုံးတော့မည်နှင့် များစွာကွာခြားမှု မရှိပေ။

ဤသို့ဖြစ်နေမှတော့ သူတို့၏ အသက်ကို စွန့်လွှတ်ကာ မျိုးနွယ်စုအတွက် ပိုမိုများပြားသော အကျိုးအမြတ်များနှင့် အနာဂတ်ကို ရယူပေးလိုက်ခြင်းက ပိုကောင်းပေမည်။

မူလက လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ သန်မာသူများကို ရင်ဆိုင်ရာတွင် သူကိုယ်တိုင်လည်း ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

သို့သော် သူသည် 'ကုယုံဆန်းကြယ်အလင်းပညာရပ်' ဟုခေါ်သော မန္တန်ပညာရပ်တစ်ခုကို ဆရာတစ်ဆူအဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်ရာ မိမိ၏ သက်တမ်းတစ်နှစ်ဖြင့် ရန်သူ၏ သက်တမ်းဆယ်နှစ်ကို လဲလှယ်နိုင်ပေသည်။

ဤသည်မှာ အသက်နှင့်အသက် လဲလှယ်ရသော မန္တန်ပညာရပ် ဖြစ်လေသည်။

မှန်ပေသည်၊ ရန်သူက လေဟာနယ်သန့်စင်ခြင်းအဆင့် ဖြစ်ပြီး စွမ်းအားမှာ မိမိထက် တစ်ဆင့် မြင့်မားနေလေသည်။

ထို့ကြောင့် ဤမန္တန်ပညာရပ်၏ စွမ်းအားမှာ သဘာဝကျကျ များစွာ လျော့ကျသွားခဲ့၏။

သို့သော်ငြား သက်တမ်းတစ်နှစ်နှင့် တစ်နှစ် လဲလှယ်နိုင်သည့် အတိုင်းအတာအထိမူ ရောက်ရှိနိုင်သေးသည်။

ဆိုလိုသည်မှာ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦးကို သတ်ဖြတ်ရန် အများဆုံးမှ သက်တမ်း ဆယ့်ငါးနှစ်မျှ အဆုံးရှုံးခံလိုက်လျှင် လုံလောက်ပြီ ဖြစ်‌သည်။

သက်တမ်း နှစ်တစ်သိန်းခန့် ပိုင်ဆိုင်ထားသော သူ့ကဲ့သို့သော သူအတွက် သက်တမ်း နှစ်ဆယ့်ငါးနှစ်က မည်သည့်အရာများ ဖြစ်ပါမည်နည်း။

လုံးဝ ထည့်တွေးနေစရာပင် မလိုချေ။

ပို၍ အရေးကြီးသည်မှာ ဆုံးရှုံးသွားသော သက်တမ်းများကို သူ့အနေဖြင့် ပြန်လည် ဖြည့်တင်းနိုင်ခြင်းပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ 'နဂါးဆင်ကူ' ၏ ထူးခြားသော စွမ်းရည်ဖြစ်ပြီး တစ်လလျှင်တစ်ကြိမ် လျှို့ဝှက်ဆန်းကြယ်သော သွေးဖြင့် သန့်စင်ခြင်းက သူ၏ သက်တမ်းကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည် ဖြစ်သောကြောင့်ပင်။

မည်မျှပင် သုံးစွဲမိသည်ဖြစ်စေ၊ သုံးစွဲမိသလောက်ကို ပြန်လည် ဖြည့်တင်းပေးနိုင်လေသည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ရှည်စေသော အရာဝတ္ထုများကို ပြန်လည် ဖြည့်တင်းပေးသကဲ့သို့ပင် ဖြစ်ပေသည်။

ထို့ကြောင့်သာ သူသည် ဤကဲ့သို့ အထိန်းအကွပ်မဲ့စွာ သက်တမ်းကို သုံးစွဲရဲခြင်းပင် ဖြစ်၏။

ဤမန္တန်ပညာရပ်ကို သူ၏ ပုံမှန်အသုံးပြုနေကျ နည်းလမ်းတစ်ခုအဖြစ် မှတ်ယူထားနိုင်သည်။

"သွားသေလိုက်ကြတော့...”

ယခုအခိုက်အတန့်တွင် ကျိုးစွေ့၏ စိတ်ဆန္ဒတစ်ချက် လှုပ်ရှားသွားသည်နှင့် 'ကုယုံဆန်းကြယ်အလင်းပညာရပ်' ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။

ရုတ်တရက် မီးခိုးရောင်အလင်းတန်းများက ချက်ချင်း ပစ်ခွင်းသွားကာ ၎င်းတို့အပေါ်တွင် မရေမတွက်နိုင်သော ဖြစ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်း အဆောင်စာလုံးများ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အဆောင်သင်္ကေတများ ပေါ်ထွက်လာ၏။

၎င်းတို့သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ပါဝင်နေပုံရပြီး ပြိုင်ဘက်ကင်းအောင် နက်နဲဆန်းကြယ်လှပေသည်။

ထို့ပြင် အချိန်ကာလ၏ စွမ်းအားများလည်း ပါဝင်နေပုံရကာ အဆုံးအစမဲ့သော စွမ်းအားကို ကိုယ်စားပြုနေလေသည်။

"ဘာကြီးလဲ...”

ခဏအကြာတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦး၏ မျက်နှာများ အရောင်ပြောင်းသွား၏။ မူလက သူတို့သည် ချက်ချင်း လှုပ်ရှားကာ ဤနေရာရှိ လူသားကျင့်ကြံသူများကို တစ်ယောက်မကျန် အကုန်အစင် သတ်ဖြတ်ပစ်ရန် ရည်ရွယ်ထားကြသည်။

သို့သော် ယခုအခါတွင်မူ ၎င်းတို့သည် သေစေနိုင်လောက်သော အန္တရာယ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။

ထို့နောက် အမည်းရောင်မြူခိုးများကြားမှ ပစ်လွှတ်လာသော မီးခိုးရောင်အလင်းတန်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချီအငွေ့အသက်များကို ပိတ်လှောင်ထားပုံရပြီး မည်သည့်နေရာတွင် ပုန်းရှောင်နေသည်ဖြစ်စေ အသုံးဝင်မည် မဟုတ်ကြောင်းကို ၎င်းတို့ တွေ့ရှိလိုက်ကြတော့၏။

All Chapters