အခန်း (၇၃၁-၇၃၂)
Vol. 69 Ch. 731-732
အခန်း (၇၃၁) - အဋ္ဌမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၃)။
"တကယ်တော့ မင်း မိုးကြိုးတောင်တန်းကို သွားဖို့ မလိုပါဘူး...”
"မင်းက လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းချင်နေတာ မဟုတ်ဘူးလား...”
"အတော်ပဲ၊ ခုနကတင် ငါ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး ဖော်စပ်တာ အောင်မြင်သွားတယ်...”
"မင်းအနေနဲ့ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးရဲ့ စွမ်းအားကို အသုံးပြုပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်နိုင်လောက်တယ်...”
ကျိုးစွေ့က ဆေးဖိုထဲရှိ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး သုံးလုံးကို လက်ညှိုးထိုးပြလိုက်၏။
ဘာ…။
ဤစကားထွက်ပေါ်လာမှသာ ပိုင်စုကျဲ့၏ လှပသောမျက်ဝန်းတစ်စုံက ဆေးဖိုထဲရှိ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး သုံးလုံးကို သတိထားမိသွားတော့သည်။ သူမ၏ မျက်ဝန်းများထဲတွင် မယုံနိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာကာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရလေသည်။
ယခင်က သူမသည် ဆေးဖိုထဲတွင် မည်သည့်ဆေးလုံး ဖော်စပ်နေသည်ကို လုံးဝသတိမထားမိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်း သူမ၏ခင်ပွန်းဖြစ်သူသည် ပဉ္စမအဆင့် တန်ဖိုးကြီးဆေးလုံးများကို အမြောက်အမြား ဖော်စပ်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။
သူမကလည်း ဤကိစ္စကို ရိုးအီနေပြီ ဖြစ်သည်။
သို့သော် ယခုကဲ့သို့အချိန်တွင် နာမည်ကျော်ကြားလှသော ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ဖော်စပ်နေမည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများကို လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်သော အမြင့်မြတ်ဆုံး နတ်ဘုရားဆေးလုံးတစ်လုံး ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ဟုပင် ဆိုရပေမည်။
သို့သော်ငြား ယခုအချိန်၌ ဆေးဖိုထဲတွင် ထိုဆေးလုံးသုံးလုံးက တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေကြ၏။
ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ခဲ့ရပါလျှင် ဤမျှ ယုတ္တိမတန်သော ကိစ္စရပ်ကြီး ဖြစ်ပျက်လာမည်ကို သူမ လုံးဝယုံကြည်မည် မဟုတ်ပေ။ အလွန်ကို အံ့မခန်းဖြစ်လေသည်။
"ရှင်၊ ရှင်က ဘယ်လိုလုပ် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တာလဲ...”
"နေဦး၊ မဟုတ်သေးဘူး၊ ရှင်က ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးအတွက် ဆေးပင်တွေကို ဘယ်လိုလုပ် စုံလင်အောင် ပြင်ဆင်နိုင်ခဲ့တာလဲလို့ မေးရမှာ...”
ပိုင်စုကျဲ့၏ လှပသောမျက်ဝန်းများက ပြူးကျယ်သွားပြီး စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်ချောက်ချားသွားလေသည်။
ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးမှာ မည်မျှ ရရှိရန်ခဲယဉ်းသော တန်ဖိုးကြီးဆေးလုံး ဖြစ်သည်ကို သူမ သိထားပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ထိပ်တန်း တန်ဖိုးကြီးဆေးလုံးအတွက် အရှားပါးဆုံးအရာမှာ ပင်မဆေးပင်ဖြစ်သော လျန်ယိယင်ယန်နှစ်ပါးပန်း ဖြစ်လေသည်။
ဤသည်မှာ ဆဋ္ဌမအဆင့်ဆေးပင် ဖြစ်၏။
ရင့်ကျက်သော အခြေအနေသို့ ရောက်ရှိရန်အတွက် နှစ်တစ်သောင်းခန့် အချိန်ကို လိုအပ်ပေသည်။
လူသားမျိုးနွယ်၏ တော်ဝင်မိသားစုပင်လျှင် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို သေချာပေါက်ရရှိနိုင်မည်ဟု မဆိုနိုင်ပေ။
တော်ဝင်မိသားစုဝင်များက အလွန်များပြားပြီး ဂုဏ်ပြုခံ မျိုးဆက်များကလည်း အလွန်များပြားနေရာ မည်သူမဆို ရယူလိုကြသည်။
ဤသို့ဖြင့် လူတိုင်းက အလှည့်စောင့်ရန် လိုအပ်လာသည်။
သူမကဲ့သို့ အလိုလိုက်မခံရသော လူသားဧကရာဇ်၏ သမီးတော်တစ်ပါးအနေဖြင့် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရရှိရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
သို့သော် နေ့စဉ်ရက်ဆက် တမ်းတနေရသော ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးက ဤသို့ဖြင့် သူမ၏ ရှေ့မှောက်တွင် ပေါ်လာမည်ဟု မည်သို့ ထင်မှတ်ထားပါမည်နည်း။
ထို့အပြင် တစ်ကြိမ်တည်းနှင့် သုံးလုံးတိတိပေါ်လာခြင်းက အမှန်တကယ်ပင် ယုံကြည်ရခက်လှသည်။
"မင်း မေ့သွားပြီလား...”
"အရင်တုန်းက မင်း ငါ့ကို ဆေးပင်မျိုးစေ့တွေ အများကြီး ပေးခဲ့ဖူးတယ်လေ...”
ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်ရင်း သတိပေးလိုက်၏။
ပိုင်စုကျဲ့ကို ဤကဲ့သို့သော လျှို့ဝှက်ချက်အား ပြောပြရသည့် အကြောင်းရင်းမှာ ပိုင်စုကျဲ့မှာ သူ၏ တာအိုလက်တွဲဖော် ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲတွင် 'ချစ်ခြင်းမေတ္တာကူ' ရှိနေပြီး ဖြစ်ရာ သူမ ဤသတင်းကို ပေါက်ကြားစေမည်ကို စိုးရိမ်စရာ မလိုပေ။
"မဖြစ်နိုင်တာ၊ ဆေးပင်မျိုးစေ့လေး ပေးလိုက်တာနဲ့တင် နှစ်တစ်သောင်းသက်တမ်းရှိ ဆေးပင်ကို စိုက်ပျိုးလို့ရတာလား...”
"အချိန်က ဘယ်လောက်မှတောင် မကြာသေးတာကို...”
"ဒါမှမဟုတ် ရှင်က ဆေးပင်စိုက်ပျိုးတဲ့အချိန်ကို အများကြီး လျှော့ချပေးနိုင်တဲ့ နည်းလမ်းကို တတ်မြောက်ထားတာလား...”
ပိုင်စုကျဲ့က ကျိုးစွေ့ကို မယုံနိုင်စွာ ကြည့်လိုက်လေသည်။
အကယ်၍ ဤကဲ့သို့သော နည်းလမ်းသာ တကယ်ရှိနေပါက မည်မျှ အံ့မခန်းဖြစ်မည်ကို သူမ နားလည်ထားသည်။
ထိုအချိန်ရောက်လျှင် လူသားမျိုးနွယ်စုအသီးသီးမှ စွမ်းအားရှင်ကြီးများ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားလာမည်သာ မဟုတ်ပေ။
ထိုအလွန်ကြီးမားသော မျိုးနွယ်စုကြီးများ၊ အစစ်အမှန်ဝိညာဉ်များပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားလာနိုင်ခြေ ရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်တစ်သောင်းသက်တမ်းရှိ ဆေးပင်များသည် စွမ်းအားရှင်တိုင်းအတွက် အလွန်တန်ဖိုးကြီးမားသော အရာများ ဖြစ်နေသောကြောင့်ပင်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ဤသည်မှာ မည်မျှ အံ့မခန်းဖြစ်သော နည်းလမ်းဖြစ်မည်ကို တွေးကြည့်နိုင်သည်။
သာမန်လူတစ်ယောက်တွင် အပြစ်မရှိသော်လည်း ရတနာကို ကိုင်ဆောင်ထားခြင်းက အပြစ်တစ်ခု ဖြစ်လာပေသည်။
ဤကိစ္စကို ဆိုလိုခြင်း အတိအကျပင် ဖြစ်၏။
ဤနေရာသို့ တွေးမိသောအခါ သူမသည် ကျိုးစွေ့ကို ချစ်ရည်ရွှမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် လွန်စွာ ကြည်နူးသွားလေသည်။
ဤအမျိုးသားက ဤကဲ့သို့ အံ့မခန်း လျှို့ဝှက်ချက်ကြီးကို မိမိအား သူ၏သဘောဆန္ဒအလျောက် ပြောပြလာလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ပေ။
ဤသည်မှာ သူ၏ အားနည်းချက်ကို မိမိလက်ထဲသို့ ထည့်ပေးလိုက်ခြင်းပင် မဟုတ်ပါလော။
အကယ်၍ ဤအမျိုးသားက သူမအား နက်ရှိုင်းစွာ ချစ်မြတ်နိုးခြင်းမရှိပါက ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
ကျိုးစွေ့အပေါ် ထားရှိသော သူမ၏ သဘောကျမှုကလည်း အဆမတန် မြင့်တက်လာတော့သည်။
"မှန်တယ်...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။
မိမိအပေါ်ထားရှိသော ပိုင်စုကျဲ့၏ သဘောကျမှုက ရာနှုန်းပြည့်နီးပါး ရောက်ရှိနေပြီဖြစ်ကြောင်းကို သူ ခံစားသိရှိလိုက်ရသည်။
အမှန်တကယ်ပင် ရိုးသားမှုက အပြတ်အသတ်သာလွန်သော လက်နက်တစ်ခုဖြစ်ပြီး အမျိုးသမီးကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို ဖမ်းစားနိုင်ပေသည်။
"ရှင် ကျွန်မအပေါ် သိပ်ကောင်းလွန်းတယ်...”
ပိုင်စုကျဲ့က မျက်ရည်များဝဲနေသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ရာ အလွန်ပင် ယုယချင်စရာကောင်းလှနေသည်။
သူမ ကိုယ်ပေါ်ရှိ ရွှေရောင်အမွေးပွအမြီးလေးက ညင်သာစွာ လှုပ်ရမ်းသွား၏။
"ဒီလိုဆိုမှတော့ မင်း ငါ့ကို ခန္ဓာကိုယ်နဲ့ ပြန်ဆပ်လိုက်ပါလား...”
ကျိုးစွေ့က ပိုင်စုကျဲ့၏ သေးသွယ်သော ခါးလေးကို ဖက်လိုက်ရင်း ခပ်ဖွဖွ ပြုံးလိုက်လေသည်။
ဤအနှိုင်းမဲ့ အလှပဂေးလေးထံမှ ထွက်ပေါ်နေသော ရနံ့လေးက မွှေးကြိုင်နေပြီး စိတ်ကို ညို့ယူဖမ်းစားနိုင်ကြောင်းကို သူ ခံစားလိုက်ရ၏။
အမှန်အတိုင်းဆိုရလျှင် သူသည် ဘုန်းကြီးတစ်ပါးကဲ့သို့ နေလာခဲ့ရသည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
ကျင့်ကြံခြင်းလောကသို့ ရောက်ရှိလာကတည်းက ဤမျှကြာရှည်စွာ ဘုန်းကြီးဘဝပုံစံဖြင့် တစ်ခါမှ မနေခဲ့ဖူးပေ။
မိန်းမမရှိလျှင် မပျော်မွေ့နိုင်သော သူ့လိုယောက်ျားတစ်ယောက်အတွက်မူ ဤသည်က တကယ်ကို သည်းခံနိုင်စရာမရှိပေ။
အထူးသဖြင့် အလွန်လှပသော မိန်းမချောလေးတစ်ယောက်က မိမိရှေ့တွင် တစ်နေ့ကုန် သွားလာလှုပ်ရှားနေသော်လည်း မြင်သာမြင်မကြင်ရ။
ဤသည်မှာ တကယ်ကို နှိပ်စက်သည့် လုပ်ရပ်ပင် ဖြစ်လေသည်။
"ဟွန့်... ရှင်လိုနှာဘူးက စေတနာမကောင်းဘူးဆိုတာ သိပြီးသားပါ...”
"ဒါပေမဲ့ အခုတော့ မရသေးဘူး...”
"ကျွန်မ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးမှပဲ ရှင့်ကိုပေးနိုင်မယ်...”
ပိုင်စုကျဲ့က ကျိုးစွေ့ကို ရမ္မက်ရီဝေနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် ကျိုးစွေ့ကို ဟွန့်ခနဲအသံပြုကာ နှာခေါင်းရှုံ့လိုက်လေသည်။
သူမအနေဖြင့် ယောက်ျားများထဲတွင် လူကောင်းဟူ၍ များစွာမရှိမှန်း သိထားပြီး သူမ၏ခန္ဓာကိုယ်ကိုသာ တပ်မက်ကြခြင်းဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် အခြားယောက်ျားများနှင့်ဆိုလျှင် သူမက အလွန်ရွံရှာမိပေသည်။
သို့သော် မျက်မှောက်မှ ဤယောက်ျားကိုမူ သူမစိတ်ထဲမှ အပြည့်အဝသဘောကျနေပြီး အစမ်းသပ်ခံရန်ပင် စိတ်အားထက်သန်နေချေသည်။
ဤသည်မှာ နှစ်သက်သူနှင့် မုန်းတီးသူတို့ကြားမှ ကွာခြားချက်ပင် ဖြစ်ပေလိမ့်မည်။
လူသားများဆိုသည်မှာ ဤကဲ့သို့ စံနှုန်းနှစ်မျိုးထားတတ်သော သတ္တဝါများပင် မဟုတ်ပါလော။
သူမ နှစ်သက်သော ယောက်ျားဖြစ်နေသရွေ့ တစ်ဖက်လူက မည်သို့ပင်လုပ်ဆောင်စေကာမူ၊ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေလျှင်ပင် သူမ အလွန်သဘောကျနေမည်ဖြစ်ပြီး ပင်ကိုယ်စရိုက်အစစ်အမှန်ဟု ထင်မှတ်နေမည်သာ။
အကယ်၍ သူမ မနှစ်သက်သော ယောက်ျားသာဆိုလျှင်မူ ကျက်သရေရှိသော လူကြီးလူကောင်းတစ်ယောက်ဖြစ်နေကာ ပညာဗဟုသုတများ ပြည့်ဝနေလျှင်ပင် တစ်ဖက်လူကို ဟန်ဆောင်ကောင်းသူဟုသာ ထင်မှတ်နေမည်ဖြစ်လေသည်။
"ဒီလိုဆိုမှတော့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို မြန်မြန်မတက်သေးဘဲ ဘာလုပ်နေတာလဲ...”
ကျိုးစွေ့က မစောင့်ဆိုင်းနိုင်တော့ဘဲ တိုက်တွန်းလိုက်၏။
"ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး ရှိနေရင်တောင် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့က အဲဒီလောက်မလွယ်ကူဘူးရှင့်...”
"ရှင်က ကျွန်မ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးမှာ အပစ်ခံရပြီး သေသွားတာကို ကြည့်ချင်နေတာလား။ ပြီးရင် ကောင်မလေးအသစ် ရှာမလို့မလား...”
ပိုင်စုကျဲ့က မျက်မှောက်ရှေ့မှယောက်ျားကို မျက်စောင်းထိုးကြည့်လိုက်ပြီး သူမ၏လက်သေးသေးလေးဖြင့် တစ်ဖက်လူကို အားရပါးရ ဆွဲဆိတ်လိုက်လေသည်။
အကယ်၍ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ထိုမျှလောက်လွယ်ကူနေမည်ဆိုလျှင် သူမ စောစောစီးစီးပင် တက်လှမ်းသွားလောက်ချေပြီ။ ယခုအချိန်အထိ စောင့်ဆိုင်းနေရန် မည်သို့လိုအပ်ပါမည်နည်း။
မည်သို့ပင်ဆိုစေကာမူ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန်မှာ ထင်ထားသလောက် မလွယ်ကူပေ။
အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် မိုးကြိုးကပ်ဘေးအောက်တွင် သေဆုံးသွားနိုင်ပြီး အသက်ဝိညာဉ်ပါ ပျောက်ကွယ်သွားရနိုင်သည်။
ထို့ကြောင့် ကပ်ဘေးဖြတ်ကျော်ရန် ကြိုးစားမည်ဆိုသည်နှင့် အလုံးစုံပြင်ဆင်ထားရပေမည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာတို့သည် ကပ်ဘေးဖြတ်ကျော်ရန် ရည်ရွယ်ထားသည့်နှင့် အနည်းဆုံး နှစ်ရာပေါင်းများစွာ၊ နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍ ပြင်ဆင်ကြရလေသည်။
ဤသည်က အမှန်တကယ်ပင် လွန်ကျူးသည်ဟု မဆိုသာပေ။
အဘယ်ကြောင့်ဆိုသော် အသက်ဟူသည်မှာ တစ်ချောင်းတည်းသာရှိသည် မဟုတ်ပါလော။
အကယ်၍ ကျရှုံးသွားပါက သေဆုံးခြင်းသာဖြစ်ပြီး မည်သို့မျှ ရှင်သန်နိုင်မည်မဟုတ်ချေ။
သူမ၏ခန္ဓာကိုယ်ထဲတွင် ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်ပါဝင်နေသည့်အတွက် ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ ကပ်ဘေးဖြတ်ကျော်မည်ဆိုသည်နှင့် မိုးကြိုးကပ်ဘေး၏ စွမ်းအားကလည်း နောက်ထပ်တစ်ဆင့် မြင့်တက်လာမည်ဖြစ်ရာ သူမအနေဖြင့် သဘာဝကျစွာပင် ပို၍သတိကြီးစွာ ထားရပေမည်။
အခန်း (၇၃၂) - အဋ္ဌမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၄)။
"စိတ်ချစမ်းပါ။ သာမညောင်ည လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးလောက်က လုံးဝပြဿနာမရှိဘူး...”
"ကိုယ့်ဆီမှာ မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားကို အားနည်းသွားအောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခုရှိတယ်...”
"အဲဒီအချိန်ရောက်ရင် မင်း ကပ်ဘေးဖြတ်ကျော်ရတာ လက်ဖဝါးလှန်သလိုမျိုး လွယ်ကူသွားလိမ့်မယ်...”
ကျိုးစွေ့က ပိုင်စုကျဲ့၏ သွယ်လျသောခါးလေးကိုဖက်ထားရင်း နှစ်သိမ့်လိုက်လေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ 'မိုးကြိုးကပ်ဘေးကူ' မှာ မိုးကြိုးကပ်ဘေးကိုရင်ဆိုင်ရန် အကောင်းဆုံးအကူအညီပင် မဟုတ်ပါလော။
ယခုအချိန်တွင် 'မိုးကြိုးကပ်ဘေးကူ' သည် ပဉ္စမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းသွားပြီဖြစ်ရာ စွမ်းအားများမှာ အလွန်တရာကြီးမားလှသည်။
လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရလျှင်ပင် အလွန်တရာလွယ်ကူနေမည် ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် 'မိုးကြိုးကပ်ဘေးကူ' သည် စိတ်ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ရေရသည့်ငါးကဲ့သို့ပင် ဖြစ်နေချေပြီ။
အကယ်၍ သူသာ 'မိုးကြိုးကပ်ဘေးကူ' ၏ စွမ်းအားများကို ထုတ်ဖော်ပြသလိုက်မည်ဆိုလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ပြုံတိုးလာကြပြီး သူ့အား ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် သတ်မှတ်လာကြမည်မှာ အသေအချာပင်။
မှန်ပေသည်၊ သူသည်လည်း ထိုမျှအထိမိုက်မဲနေမည်မဟုတ်ဘဲ 'မိုးကြိုးကပ်ဘေးကူ' ၏ စွမ်းအားကို ထုတ်ဖော်မည်မဟုတ်ပေ။
ဤသို့လုပ်ဆောင်ခြင်းက အမှန်တကယ်ပင် အကျိုးထက်အပြစ်က ပိုများပေလိမ့်မည်။
အကယ်၍ သူသာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေမည်ဆိုပါက ဤကဲ့သို့သော စွမ်းအားမျိုးကို ထုတ်ဖော်ပြသခြင်းက သဘာဝကျကျ ပြဿနာရှိမည်မဟုတ်ပေ။
မည်သူကမျှလည်း သူ၏လျှို့ဝှက်ချက်ကို တပ်မက်ဝံ့မည်မဟုတ်ချေ။
သို့ရာတွင် ယခုမူ သူသည် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်ရာ သဘာဝကျစွာပင် အလွန်အမင်းသတိထားရန် လိုအပ်သည်။
အကယ်၍ အခြားသူများသာ သိရှိသွားမည်ဆိုပါက ကပ်ဘေးများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး အကျိုးထက်အပြစ်က ပိုများပေလိမ့်မည်။
"ရှင့်ဆီမှာ မိုးကြိုးကပ်ဘေးကို အားနည်းစေတဲ့ လျှို့ဝှက်ရတနာ ရှိနေသေးတာလား...”
ဤစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲ့မှာ ပို၍ပင် ဝမ်းသာအားရဖြစ်သွားကာ မျက်လုံးလှလှလေးများ ပြူးကျယ်သွားတော့သည်။
သူမ၏စိတ်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားသွားရပြီး သူမ၏ခန္ဓာကိုယ်ထဲရှိ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်မှာလည်း ပို၍ဆူပွက်လာလေသည်။
အတိတ်တုန်းက သူမခန္ဓာကိုယ်ထဲရှိ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးက ဤယောက်ျားကို အကောင်းဆုံးသော လက်တွဲဖော်အဖြစ် သတ်မှတ်ခဲ့ပြီး မျက်မှောက်မှ ဤယောက်ျားကို အမိအရဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တစ်သက်လုံး နောင်တရနေမည်ဖြစ်ကြောင်း အဆက်မပြတ် သတိပေးနေခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ယခုကြည့်ရသည်မှာ ဤယောက်ျားက အမှန်တကယ်ပင် ထူးခြားနေပြီး လျှို့ဝှက်ချက်များစွာ ရှိနေချေသည်။
အထက်ဘုံသို့ တက်လှမ်းလာသူဟု ဆိုရလောက်အောင်ပင် အလွန်တရာ စွမ်းအားကြီးမားလှသည်။
အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာနိုင်ခဲ့လျှင်ပင် သာမန်လူများကြားတွင် မှေးမှိန်ပျောက်ကွယ်သွားမည် မဟုတ်ချေ။
"သေချာတာပေါ့...”
"ပြီးတော့ မင်းက ကိုယ့်ရဲ့ တာအိုလက်တွဲဖော်လေ။ ကိုယ်က မင်းကို ဘယ်လိုလုပ် ဒုက္ခပေးရက်မှာလဲ...”
"မင်းလိုအလှလေးကို ဆုံးရှုံးရရင် ကိုယ် ရင်ထုမနာဖြစ်နေရမှာပေါ့...”
ကျိုးစွေ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
အမှန်အတိုင်းဆိုရလျှင် ယခုအချိန်၌ သူ အလွန်အမင်း စိတ်လောနေချေပြီ။
အထီးကျန်ဆန်သောဘဝကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် ဤမိန်းမကို လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အမြန်ဆုံးတက်လှမ်းနိုင်အောင် လုပ်ဆောင်ပေးရပေမည်။
သို့မဟုတ်ပါက နေ့ရက်တိုင်း၏ ညဘက်များတွင် အထီးကျန်စွာဖြင့် အိပ်စက်ရခက်ခဲနေမည်ဖြစ်ရာ ဤသည်က အလွန်တရာ ဆင်းရဲဒုက္ခရောက်ရလေသည်။
ရွှမ်ဟွမ်ကမ္ဘာတွင် ရှိနေစဉ်ကဆိုလျှင် မည်သည့်ည၌မဆို အလှလေးများခြံရံလျက် ရှိနေခဲ့သည် မဟုတ်ပါလော။
ယခုကဲ့သို့ တာအိုလက်တွဲဖော်တစ်ယောက်မျှပင် မရှိသည့် အခြေအနေမျိုး မည်သို့ရှိနိုင်ပါမည်နည်း။
သူ၏ကျင့်ကြံခြင်း အဓိပ္ပာယ်များပင် ပျောက်ဆုံးသွားသကဲ့သို့ ခံစားရလေသည်။
အကယ်၍ တာအိုလက်တွဲဖော်မျှသာ မရှိပါက အသက်ရှည်ရှည်နေရလျှင်ပင် များစွာအဓိပ္ပာယ်ရှိမည် မဟုတ်ပေ။
သူ၏ ထာဝရအသက်ကို ရှာဖွေရခြင်း၊ စွမ်းအားများကို ရှာဖွေရခြင်း၏ အကြောင်းပြချက်မှာ အလွန်ရိုးရှင်းလှသည်။
ဤသည်မှာ အလှဆုံးသော မိန်းမချောလေးများနှင့် အိပ်စက်ကာ အကောင်းဆုံးသောဘဝကို ခံစားရန်ပင် ဖြစ်ပေသည်။
ဤသို့ဆိုလျှင် ဤဘဝအတွက် တန်သွားပြီ ဖြစ်လေသည်။
အလှလေးများကြား၌ သေဆုံးရမည်ဆိုလျှင် တစ္ဆေဖြစ်သွားပါကလည်း သာယာကြည်နူးစရာပင် ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ။ ဒါဆိုရင် ကျွန်မ တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်...”
"ပြီးတာနဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ စကြိုးစားကြည့်မယ်...”
ပိုင်စုကျဲ့က ကျိုးစွေ့ကို လှပသောမျက်ဝန်းလေးများဖြင့် အလွန်လေးနက်စွာ ကြည့်လိုက်လေသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိသော်လည်း မျက်မှောက်မှ ဤယောက်ျားကို သူမက အလွန်တရာ ယုံကြည်နေမိသည်။
ဤယောက်ျားသာဆိုလျှင် လုံးဝဥဿုံ ယ့ုကြည်ထိုက်သူပင် ဖြစ်လေသည်။
အရေးကြီးဆုံးမှာ သူမခန္ဓာကိုယ်ထဲရှိ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်များကလည်း တုန်ခါလာခြင်းပင် ဖြစ်၏။
သူမ၏ သွေးမျိုးဆက်စွမ်းအားက အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ပြီး ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများကိုလည်း ကြိုတင်သိရှိနိုင်ပေသည်။
သိသာထင်ရှားစွာပင် သူမ၏ယခုအကြိမ် ကပ်ဘေးဖြတ်ကျော်မှုက ဖြောင့်ဖြူးသောလမ်းတစ်ခုကဲ့သို့ဖြစ်နေပြီး သေချာပေါက် ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း သူမက ခံစားမိနေသည်။
ဤအချိန်၌ သူမ၏စိတ်ထဲတွင် ယုံကြည်မှုများ အပြည့်အဝဖြစ်တည်နေချေပြီ။
ဤခွေးကောင်က ရည်ရွယ်ချက်မကောင်းဘဲ သူမကိုကူညီပေးခြင်းက သူမနှင့်အိပ်စက်ချင်ရုံသက်သက်သာဖြစ်သော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုပါက ဤအရာအားလုံးမှာ အမှန်တကယ်ပင် ပြဿနာမဟုတ်တော့ပေ။
ပြင်ပမှ နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူများသာ ဤယောက်ျားနှင့် အိပ်စက်ရုံဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည်မှန်း သိသွားကြမည်ဆိုလျှင် ကျန်းပေါင်းဆယ်ဂဏန်းလောက်အထိ တန်းစီပြီး ပြုံတိုးလာကြမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဉ်ကမ္ဘာထဲတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများမှာ အလွန်များပြားသော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများမှာမူ အလွန်နည်းပါးလှပြီး တစ်သောင်းတွင် တစ်ယောက်မျှပင် မရှိပေ။
လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သွားသည်နှင့် ခွန်အားနှင့် အဆင့်အတန်းများအားလုံးက မိုးနှင့်မြေကဲ့သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ယခင်အချိန်များနှင့် ယှဉ်ကြည့်၍ရနိုင်မည်ပင် မဟုတ်ချေ။
ရွှစ်…။
ဤစကားများကို ပြောဆိုပြီးနောက် သူမသည် ကိုယ်ပိုင်အိမ်တော်သို့ ပြန်သွားကာ တံခါးပိတ်ကျင့်ကြံတော့သည်။
…………
တစ်ချိန်တည်းမှာပင်၊ မိုးကြိုးတောင်တန်း၏ တစ်နေရာ၌…။
ရုပ်သေးမျိုးနွယ်၊ ရွှေဖားပြုပ်မျိုးနွယ်နှင့် မြွေပျံမျိုးနွယ် သုံးစုတို့မှာ ဤနေရာတွင် စုဝေးနေကြပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ထိပ်သီးပညာရှင်သုံးဦးအပြင် များစွာသော လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများလည်း ရှိနေကြလေသည်။
ဤမျိုးနွယ်စုကြီးသုံးခုက မဟာမိတ်များဖြစ်ကြပြီး လူသားမျိုးနွယ်၏ ရန်သူများပင် ဖြစ်ကြသည်။
မရေမတွက်နိုင်သော နှစ်များတစ်လျှောက် ဤမျိုးနွယ်စုကြီးသုံးခုလုံးက လူသားမျိုးနွယ်နှင့် ရန်သူများဖြစ်ခဲ့ကြကာ မျိုးနွယ်စုသုံးခုမဟာမိတ်အဖွဲ့ဟု အမည်တွင်လေသည်။
အချင်းချင်းကြားတွင် သွေးစွန်းသော ရန်ငြိုးများ တည်ရှိနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
"ဟားဟား... ထင်တဲ့အတိုင်း ဖုန်းရှီးတာအိုအရှင်ကတော့ ထောင်ချောက်ထဲ တိုးဝင်သွားပြီပဲ...”
"သူက ဖုန်းရှီးမြို့က ကျင့်ကြံသူအများကြီးကိုခေါ်ပြီး မြို့ပြင်ထွက်သွားတော့ အခု ဖုန်းရှီးမြို့က လုံးဝဟာလာဟင်းလင်း ဖြစ်နေပြီ...”
"အကယ်၍ ငါတို့က ဒီအချိန်မှာ ရုတ်တရက်တိုက်ခိုက်ပြီး ဖုန်းရှီးမြို့ရဲ့ အတွင်းပိုင်းအစီအရင်တွေကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်..."
"ဒီမြို့က ငါတို့လက်အောက်ကို အပြီးအပိုင် ကျရောက်သွားမှာ အသေအချာပဲ...”
ရုပ်သေးမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ထိပ်သီးပညာရှင်က တဟားဟားရယ်မောလိုက်ကာ အလွန်ဝမ်းသာနေသည့် အမူအရာကို ပြသနေလေသည်။
သူ့အနေဖြင့် ဉာဏ်ဆင်မှုအနည်းငယ်သာ ပြုလုပ်ခဲ့သော်လည်း လူသားကျင့်ကြံသူများက ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ကျဆင်းသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထင်သည့်အတိုင်းပင် ဗျူဟာကျကျ စဉ်းစားတွေးခေါ်မှုများတွင် သူတို့ရုပ်သေးမျိုးနွယ်ကသာ ပို၍စွမ်းဆောင်နိုင်ပြီး သာမညလူသားမျိုးနွယ်ကမူ ဖော်ပြစရာပင်မလိုလောက်အောင် အသုံးမကျပေ။
"မင်းတို့ရုပ်သေးမျိုးနွယ်က ဒီလောက်အထိကြီးမားတဲ့ အစီအစဉ်တွေ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”
"ဖီးနစ်သွေးရွှေနီ သတ္တုတွင်းကိုတောင် အရှုံးခံပြီး ပေးရက်တယ်ပေါ့...”
"ဖီးနစ်သွေးရွှေနီ သတ္တုတွင်းကို ငါးစာအဖြစ်သုံးပြီး လူသားကျင့်ကြံသူတွေကို မြို့ပြင်ကို မျှားထုတ်လိုက်တာပဲ...”
ရွှေဖားပြုပ်မျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ထိပ်သီးပညာရှင်က သက်ပြင်းချကာ ပြောလိုက်၏။
သူ၏မူလကိုယ်ထည်မှာ ကြီးမားသော ရွှေဖားပြုပ်ကြီးတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းထားကာ ရွှေရောင်များ တောက်ပနေလေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ပြင်းထန်သော အဆိပ်ငွေ့များ ပျံ့နှံ့နေပြီး အနံ့အနည်းငယ်ရလိုက်သည်နှင့် အဆိပ်မိကာ သေဆုံးသွားနိုင်သည့် အသွင်ရှိပေသည်။
အမှန်တကယ်တွင် ရွှေဖားပြုပ်မျိုးနွယ်မှာ စိတ်ဝိညာဉ်ကမ္ဘာ၏ အားနည်းသော မျိုးနွယ်စုတစ်ခုဖြစ်ပြီး မဟာယာနအဆင့်ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိသော်လည်း သူတို့၏စွမ်းအားများကို အထင်သေး၍ မရနိုင်ပေ။
အင်အားကြီးမားသော မျိုးနွယ်စုများပင်လျှင် သူတို့ကို အလွယ်တကူ မရန်စဝံ့ကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့က အဆိပ်မျိုးစုံကို ဝါးမျိုရသည်ကို နှစ်သက်ကြပြီး ခန္ဓာကိုယ်ထဲတွင်လည်း မရေမတွက်နိုင်သော အဆိပ်များပါဝင်နေကာ အဆိပ်အသုံးပြုရာတွင် အလွန်တရာ ကျွမ်းကျင်ကြသောကြောင့် ဖြစ်လေသည်။
အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် ရွှေဖားပြုပ်၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များဖြင့် သတ်ဖြတ်ခံရပြီး အသက်ဆုံးရှုံးသွားနိုင်သည်။
အများအားဖြင့် သူတို့တွင် အဆင့်ကျော်လွန်ကာ စိန်ခေါ်နိုင်စွမ်းများလည်း ရှိနေကြလေသည်။
ပို၍ရွံရှာဖွယ်ကောင်းသည်မှာ အကယ်၍ ရွှေဖားပြုပ်တစ်ကောင်ကို သတ်ဖြတ်လိုက်မည်ဆိုပါက သူတို့၏ခန္ဓာကိုယ်ထဲရှိ အဆိပ်များကလည်း ချက်ချင်းပင် ပေါက်ကွဲထွက်သွားမည်ဖြစ်ပြီး မရေမတွက်နိုင်သော အဆိပ်များက မိုင်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော နယ်မြေများဆီသို့ ပျံ့နှံ့သွားမည်ဖြစ်ကာ သက်ရှိများစွာကို အဆိပ်သင့်၍ သေဆုံးသွားစေမည် ဖြစ်သည်။