အခန်း (၇၃၃-၇၃၄)
Vol. 69 Ch. 733-734
အခန်း (၇၃၃) - အဋ္ဌမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၅)။
အကယ်၍ ရွှေဖားပြုပ်မျိုးနွယ်သာ အသေခံတိုက်ခိုက်မှုမျိုး ပြုလုပ်မည်ဆိုလျှင် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပြီး မြို့တော်များကိုလည်း ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
ထို့ကြောင့် မလိုအပ်ပါက အခြားမျိုးနွယ်စုများကလည်း ရွှေဖားပြုပ်မျိုးနွယ်၏ သက်ရှိများကို မသတ်ဖြတ်လိုကြပေ။
သူတို့က အမှန်တကယ်ပင် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆူးများရှိနေသော ဖြူကောင်များနှင့် တူညီနေလေသည်။
အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် ရွှေဖားပြုပ်မျိုးနွယ်၏ သက်ရှိများနှင့်အတူ ပူးတွဲသေဆုံးသွားနိုင်သည်။
မှန်ပေသည်၊ ယခုအကြိမ် အစီအစဉ်များက ရုပ်သေးမျိုးနွယ်က တစ်ကိုယ်တော်ကြံစည်ထားခြင်းဖြစ်ပြီး ထောင်ချောက်များကိုလည်း ရုပ်သေးမျိုးနွယ်ကပင် စီစဉ်ထားခြင်း ဖြစ်ပေသည်။
သူတို့ရွှေဖားပြုပ်မျိုးနွယ်က အနောက်မှ လိုက်ပါလာခြင်းသာ ဖြစ်သည်။
သို့ရာတွင် ဤအစီအစဉ်က အလွန်တရာ သိမ်မွေ့လှပြီး အမှန် (၉)ပုံ၊ အမှား (၁)ပုံ ပါဝင်သည်။ အမှန်နှင့်အမှား၊ အမှားနှင့်အမှန် ရောထွေးနေမှုက အမှန်တကယ်ပင် ခေါင်းရှုပ်စေလေသည်။
အကယ်၍ ဘေးလူအနေဖြင့် ရပ်တည်မနေပါက သူကိုယ်တိုင်ပင် ဤအစီအစဉ်ကို ရှင်းလင်းစွာသိမြင်နိုင်မည် မဟုတ်ချေ။
"နှမြောစရာမရှိပါဘူး...”
"လောလောဆယ် လူသားမျိုးနွယ်ကို ခေတ္တထိန်းသိမ်းခိုင်းထားရုံသက်သက်ပါပဲ...”
"ဖုန်းရှီးမြို့ကို ဖျက်ဆီးလိုက်နိုင်တာနဲ့ တစ်ပြိုင်နက် အဲဒီ ဖီးနစ်သွေးရွှေနီသတ္တုကြောက မကြာခင်မှာ ငါတို့မျိုးနွယ်စုသုံးခုလက်ထဲ ပြန်ရောက်လာမှာပါ...”
ရုပ်သေးမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက မာနတခွဲသားဖြင့် ပြောလိုက်၏။
၎င်းသည် ဤကိစ္စကို ရှင်းလင်းစွာ တွေးတောထားပြီး ဖြစ်လေသည်။
ထိုဖီးနစ်သွေးရွှေနီသတ္တုကြောကို ရုပ်သေးမျိုးနွယ်တို့က ဦးစွာရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း၊ ရုပ်သေးမျိုးနွယ်မှ ထိန်းချုပ်ထားသော လူသားကျင့်ကြံသူများမှတစ်ဆင့် လူသားမျိုးနွယ်၏ အထွတ်အထိပ်အလွှာထံသို့ တမင်သက်သက် သတင်းပေါက်ကြားစေခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ဖုန်းရှီးမြို့မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာကို မျှားခေါ်ရန်အတွက် တမင်ကြံရွယ်ထားခြင်း ဖြစ်၏။
သူတို့၏ အဓိကရည်ရွယ်ချက်မှာ သတ္တုကြောမဟုတ်ဘဲ ဖုန်းရှီးမြို့အား အမြစ်ပြတ်ချေမှုန်းရန်သာ ဖြစ်လေသည်။
အကယ်၍ ဖုန်းရှီးမြို့၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာ မြို့ထဲတွင် ကျန်ရှိနေသေးပါက ၎င်းတို့အနေဖြင့် ဖုန်းရှီးမြို့၏ သတ္တမအဆင့်အစီအရင်ကို ထိုးဖောက်ရန်မှာ လုံးဝမဖြစ်နိုင်သည့်ကိစ္စဖြစ်ပြီး နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။
သို့ရာတွင် ယခုမူ ဖုန်းရှီးတာအိုအရှင် ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ရလဒ်မှာ လုံးဝကို ကွဲပြားသွားချေပြီ။
၎င်းတို့သည် ဖုန်းရှီးမြို့အတွင်းသို့ အခွင့်ကောင်းယူ ဝင်ရောက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြို့တွင်းရှိ အစီအရင်များကို ဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ဤလူသားမြို့တော်ကြီးသည် ၎င်းတို့၏လက်တွင် အလုံးစုံ ပျက်စီးသွားမည်ဖြစ်ပြီး လူသားများ၏ အခိုင်အမာခြေကုပ်စခန်းတစ်ခုကို ဆွဲနှုတ်လိုက်နိုင်မည် ဖြစ်သည်။
"ဖုန်းရှီးတာအိုအရှင်ကို တကယ်ပဲ မျှားခေါ်နိုင်ခဲ့ရင်တောင်မှလေ...”
"ငါတို့က ဖုန်းရှီးမြို့အကြောင်းကို သိပ်နားလည်တာမဟုတ်ဘူး။ မြို့ထဲမှာ တခြားလူသားထိပ်သီးကျင့်ကြံသူတွေ ရှိမရှိ ဘယ်သူက သိနိုင်မှာလဲ...”
"နည်းနည်းလေး သတိလွတ်သွားတာနဲ့ ငါတို့လည်း လူသားတွေရဲ့ ထောင်ချောက်ထဲကျပြီး အသက်ဘေးနဲ့ ကြုံရနိုင်တယ်...”
စကားပြောလိုက်သူမှာ မြွေပျံမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်၏။ ၎င်းမှာ အစိမ်းရောင်မြွေကြီးတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မန္တန်အက္ခရာများ ထူပိန်းနေအောင် ပေါ်ပေါက်နေကာ တိမ်မြူခိုးများ ရစ်ပတ်ထားသည့်နှယ် နတ်ဘုရားတစ်ပါးကဲ့သို့ နက်နဲဆန်းကြယ်လှသည်။
ထို့အပြင် ၎င်း၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ခန္ဓာကိုယ်မှလည်း သွေးညှီနံ့များ ပျံ့လွင့်နေ၏။ မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများ၊ မကျွတ်မလွတ်သော တစ္ဆေများ ဝန်းရံခံထားရသည့်အလား မည်မျှများပြားသော သက်ရှိများ ၎င်း၏လက်တွင် စတေးခံခဲ့ရသည်ကိုပင် မသိနိုင်ပေ။
၎င်းသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသုံးဦးထဲတွင် အရက်စက်ဆုံးသူဟု ဆိုနိုင်လေသည်။
၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသုံးဦးတွင် အခြေခံအားဖြင့် ထိပ်ဆုံး၌ ရှိပေသည်။
၎င်း၏ လှုပ်ရှားမှုတိုင်းတွင် အလွန်ကြီးမားသော ကြမ်းကြုတ်သည့်အငွေ့အသက်များ ပါဝင်နေပြီး အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းကာ ခန့်မှန်းရခက်လှသည်။
ဤအစိမ်းရောင်မြွေကြီး ထိုမျှစွမ်းအားကြီးမားရခြင်းမှာ သေချာပေါက် ရှေးဟောင်းအစစ်အမှန်ဝိညာဉ်မြွေပျံ၏ သွေးဆက်ကို ဆက်ခံထားသောကြောင့်ပင် ဖြစ်လေသည်။
နှစ်ပေါင်း သန်းထောင်ချီမကသော အချိန်ကာလက မြွေပျံမျိုးနွယ်သည်လည်း မဟာယာနအဆင့် ကျင့်ကြံသူဒါဇင်ပေါင်းများစွာကို ပိုင်ဆိုင်ထားသော ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်ခဲ့ဖူး၏။
ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါ အခမ်းအနားဆုံးအချိန်များသည် ကြာရှည်မခံခဲ့ပေ။ အစစ်အမှန်ဝိညာဉ်မြွေပျံသည် အင်မော်တယ်လောကသို့ တက်လှမ်းသွားခဲ့ရာ မြွေပျံမျိုးနွယ်သည် အစစ်အမှန်ဝိညာဉ်၏ အကာအကွယ်ကို ဆုံးရှုံးသွားခဲ့ရသည်။
ရလဒ်ကိုမူ မှန်းဆကြည့်ရုံဖြင့် သိနိုင်ပေသည်။
မြွေပျံမျိုးနွယ်သည် မွေးရာပါ ရက်စက်ကြမ်းကြုတ်သည့် သဘာဝရှိပြီး သားကောင်များကို ညှဉ်းပန်းနှိပ်စက်ကာ ဝါးမျိုရသည်ကို နှစ်သက်ကြပြီး အလွန်အစာစားကြူးကြလေသည်။
ဝိညာဉ်လောကရှိ မျိုးနွယ်စုများစွာက သက်ရှိများသည် မြွေပျံမျိုးနွယ်၏လက်တွင် အသေဆိုးဖြင့် သေဆုံးခဲ့ရပြီး ၎င်းတို့၏ ဝမ်းဗိုက်ထဲမှ အစားအစာများ ဖြစ်ခဲ့ရဖူးသည်။
အကယ်၍သာ အစစ်အမှန်ဝိညာဉ်မြွေပျံ ရှိနေသေးပါက မည်သူမျှ မြွေပျံမျိုးနွယ်ကို ရန်စဝံ့မည်မဟုတ်ပေ။
မည်သည့်ကိစ္စမျိုးကိုမဆို ဒေါသကို မြိုသိပ်ထားရုံသာ ရှိပေမည်။
သို့သော် အစစ်အမှန်ဝိညာဉ်မြွေပျံ အင်မော်တယ်လောကသို့ တက်လှမ်းသွားပြီးနောက်တွင်မူ မြွေပျံမျိုးနွယ်သည် အကြီးမားဆုံးသော ကျောထောက်နောက်ခံကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ရ၏။
ထို့ကြောင့် မြွေပျံမျိုးနွယ်နှင့် ရန်ငြိုးရှိသော မျိုးနွယ်စုများစွာက ရန်သူကို လက်စားချေရန် အကြမ်းပတမ်း ဝင်ရောက်တိုက်ခိုက်ကြလေတော့သည်။
မဟာတိုက်ပွဲကြီးအပြီးတွင် မဟာယာနအဆင့် မြွေပျံဒါဇင်ပေါင်းများစွာမှာ အပြီးတိုင် သတ်ဖြတ်ခံလိုက်ရပြီး မြွေပျံမျိုးနွယ်၏ လျှို့ဝှက်ကမ္ဘာသည်လည်း ဖျက်ဆီးခံလိုက်ရချေသည်။
လက်တစ်ဆုပ်စာမျှသော မြွေပျံအနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဝိညာဉ်လောက အနှံ့အပြားသို့ ပြန့်ကျဲသွားခဲ့ကြ၏။
မိုးကြိုးတောင်တန်း အနီးတစ်ဝိုက်သည်ကား မြွေပျံမျိုးနွယ်၏ အခြေစိုက်စခန်းများအနက်မှ တစ်ခုဖြစ်လေသည်။
၎င်းတို့သည် ရှေးဟောင်းသားရဲများကို အစာအဖြစ် စားသုံးကြပြီး အလွန်လျင်မြန်ကာ မွေးရာပါ ရက်စက်ကြမ်းကြုတ်သည့် သဘာဝရှိသောကြောင့် ဤဒေသ၏ ဗိုလ်တစ်ပါး ဖြစ်လာခဲ့သည်။
ရှေးယခင် လူသားမျိုးနွယ်များ အင်အားမကြီးထွားလာမီက မြွေပျံမျိုးနွယ်သည် လူသားများကို မကြာခဏဆိုသလို အရသာရှိသော သရေစာအဖြစ် မှတ်ယူကာ ဝါးမျိုလေ့ရှိပြီး ရွာတစ်ရွာလုံး၊ မြို့တစ်မြို့လုံးကိုပင် အလွယ်တကူ ဝါးမျိုပစ်တတ်ရာ သွေးစွန်းသော ရန်ငြိုးကြီးမားခဲ့သည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် လူသားမျိုးနွယ်များ အင်အားကြီးမားလာသောအခါ အဆင့်မြင့်ကျင့်ကြံသူ အများအပြားသည် ပူးပေါင်း၍ မြွေပျံမျိုးနွယ်၏ ထိပ်သီးများကို အမဲလိုက်ခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် မြွေပျံ၏ အသွေးအသား၊ မြွေနှလုံး၊ မြွေသည်းခြေနှင့် မြွေသွေးတို့အားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်နိုင်ပြီး လူသားကျင့်ကြံသူများ၏ ကျင့်ကြံမှုကို အကြီးအကျယ် တိုးတက်စေသောကြောင့် ဖြစ်၏။
မြွေပျံမြွေတစ်ကောင်ကို အမဲလိုက်ခြင်းသည် အကျိုးကျေးဇူး အလွန်များပြားလှသည်။
နှစ်ဖက်စလုံး၏ တိုက်ပွဲများသည်လည်း နှစ်ပေါင်းသန်းချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ယနေ့တိုင်အောင် အနိုင်အရှုံး မပေါ်သေးပေ။
အချုပ်အားဖြင့်ဆိုရလျှင် နှစ်ဖက်စလုံးမှာ သူသေကိုယ်သေ အနေအထားပင် ဖြစ်သည်။
မှန်ပေသည်၊ ယခုလက်ရှိ မြွေပျံမျိုးနွယ်မှာ သွေးသန့်မြွေပျံမြွေများ မဟုတ်ကြတော့ဘဲ ပါးလျသော သွေးဆက်ကိုသာ ဆက်ခံထားသည့် မြွေမျိုးနွယ်မျှသာ ဖြစ်လေသည်။
မိမိကိုယ်မိမိ မြွေပျံဟု ခေါ်ဆိုခြင်းမှာ ၎င်းတို့၏မျက်နှာကို ရွှေချ၍ ဂုဏ်တင်ထားခြင်းသက်သက်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မြွေပျံမျိုးနွယ်မှာ အလွန်တရာ စွမ်းအားကြီးမားဆဲဖြစ်ပြီး အထင်သေး၍မရနိုင်ပေ။
"စိတ်ချပါ၊ ဒီအချက်က လုံးဝ ပြဿနာမရှိပါဘူး...”
"ငါတို့ ရုပ်သေးမျိုးနွယ်က ဖုန်းရှီးမြို့ထဲကို မျိုးနွယ်ဝင်အများအပြား စိမ့်ဝင်ခိုင်းထားတာ ကြာပြီ...”
"ဒါ့အပြင် အထွတ်အထိပ်အဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်တဲ့ 'ဟွေကွမ်နတ်ဘုရားကြေးမုံ' ကိုပါ ယူလာသေးတယ်...”
"ဒီအထွတ်အထိပ်အဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာရဲ့ အစွမ်းသတ္တိကို မင်းတို့အားလုံးလည်း သိမှာပါ...”
"သူက တစ်မြို့လုံးမှာရှိတဲ့ သက်ရှိအားလုံးရဲ့ အငွေ့အသက်နဲ့ ကျင့်ကြံမှုအဆင့်ကို အာရုံခံနိုင်စွမ်းရှိတယ်...”
"ဒီ ကောင်းကင်အဆင့်ဝိညာဉ်ရတနာရဲ့ စွမ်းအားနဲ့ ကြည့်လိုက်တော့ လတ်တလော ဖုန်းရှီးမြို့မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ စောင့်ကြပ်နေတာ မရှိဘူး...”
"အလွန်ဆုံးရှိလှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတချို့ပဲ စောင့်ကြပ်နေတာ...”
ရုပ်သေးမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ယုံကြည်မှုအပြည့်ရှိစွာဖြင့် ပြုံးပြလိုက်၏။
"အထွတ်အထိပ်အဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်တဲ့ 'ဟွေကွမ်နတ်ဘုရားကြေးမုံ' ကိုတောင် ထုတ်သုံးလာတာပဲ။ မင်းတို့က ဒီလို ကောင်းကင်အဆင့်ဝိညာဉ်ရတနာမျိုးကို ထုတ်သုံးဖို့ တကယ်ကို မနှမြောတာပဲ...”
"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မင်းတို့ ရုပ်သေးမျိုးနွယ် ဖုန်းရှီးမြို့မှာ အမှားလုပ်မိလို့ ကျရှုံးခဲ့ဖူးတယ်လို့ ငါကြားဖူးတယ်...”
"ရလဒ်အနေနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ရုပ်သေးမျိုးနွယ်ဝင်နှစ်ယောက် အသတ်ခံခဲ့ရတာလေ။ ဒီလို မှော်ရတနာမျိုးကို ထုတ်သုံးရဲတဲ့ သတ္တိရှိသေးမယ်လို့ မထင်ထားမိဘူး...”
"မျိုးနွယ်ဝင်တွေ မြို့ထဲမှာ အသက်ပျောက်ပြီး ဒီကောင်းကင်အဆင့်ဝိညာဉ်ရတနာပါ ဆုံးရှုံးသွားမှာကို မင်းတို့ မကြောက်ဘူးလား...”
ရွှေဖားပြုတ်မျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက အံ့သြတကြီး ပြောလိုက်၏။
ယခုအကြိမ်တွင် ရုပ်သေးမျိုးနွယ်သည် အရင်းအနှီးကြီးကြီးမားမား အကုန်အကျခံထားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ရုပ်သေးမျိုးနွယ်သည် ယခုအစီအစဉ်အပေါ် အလွန်အမင်း ယုံကြည်ချက်ရှိနေခြင်းမှာလည်း အံ့သြစရာတော့ မဟုတ်တော့ချေ။
၎င်းတို့၏ အဆုံးမရှိသော လှည့်ကွက်များမှာ အမှန်တကယ်ပင် ရင်တမမဖြစ်စရာ ကောင်းလှပေသည်။
အခန်း (၇၃၄) - အဋ္ဌမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၆)။
"ဘာကို ကြောက်ရမှာလဲ...”
"ဘယ်ကိစ္စကိုပဲလုပ်လုပ် အန္တရာယ်ဆိုတာ ရှိစမြဲပဲလေ။ ဟိုဟာကြောက်၊ ဒီဟာကြောက်နေရင် ဘယ်ကိစ္စကို လုပ်နိုင်တော့မှာလဲ...”
"လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါတို့ နတ်ဘုရားအသွင်ပြောင်းအဆင့် မျိုးနွယ်ဝင်နှစ်ယောက် ဆုံးရှုံးခဲ့တာကတော့ အမှန်ပဲ...”
"ဒါပေမဲ့ အဲဒါက သူတို့ ကံဆိုးလို့ ရန်သူနဲ့ တည့်တည့်တိုးသွားရုံသက်သက်ပါ...”
"သေချာပေါက် အဲဒီကိစ္စကြောင့် ဖုန်းရှီးမြို့က သတိထားမိသွားပြီး အပြည့်အဝ ရှာဖွေမှုတွေ လုပ်ခဲ့တယ်...”
"ကံကောင်းတာက ငါတို့ ရုပ်သေးမျိုးနွယ်က သတိကြီးလို့ ကျန်တဲ့လူတွေ ပေါ်မသွားခဲ့တာပဲ...”
"ဒီအချက်ကတင် ငါတို့ ရုပ်သေးမျိုးနွယ်ရဲ့ ပုန်းကွယ်နိုင်စွမ်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပါပြီ...”
"မျိုးနွယ်ဝင် တစ်ယောက်၊ နှစ်ယောက် ပေါ်သွားရင်တောင် တစ်ခုလုံးရဲ့ အစီအစဉ်ကို ထိခိုက်မှာ မဟုတ်ဘူး...”
ရုပ်သေးမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက မာန်ဝင့်စွာဖြင့် ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ အခြားသူများ၏ ခန္ဓာကိုယ်တွင် တွယ်ကပ်၍ ရုပ်သေးများအဖြစ် ထိန်းချုပ်ခြင်းမှာ ၎င်းတို့ ရုပ်သေးမျိုးနွယ်၏ မွေးရာပါပညာရပ်ပင် ဖြစ်လေသည်။
ရှေးယခင်က ရုပ်သေးမျိုးနွယ်သည် ဤနည်းလမ်းကို အသုံးပြု၍သာ ဝိညာဉ်လောက၏ ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။
ယခုလက်ရှိ ရုပ်သေးမျိုးနွယ်မှာ ကျဆင်းလာပြီဖြစ်သော်လည်း ဤနည်းလမ်းမှာ စစ်မှန်နေဆဲပင် ဖြစ်သည်။
စိတ်ကူး၍ပင်မရနိုင်သော စွမ်းအားများ ပါဝင်နေဆဲ ဖြစ်လေသည်။ သာမန်အားနည်းသော မျိုးနွယ်စုများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရာမျိုး မဟုတ်ပေ။
"မင်းက အပြည့်အဝ ပြင်ဆင်ထားပြီးမှတော့ နောက်ဆက်တွဲ အစီအစဉ်က ဘယ်လိုလဲ...”
မြွေပျံမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက နောက်ဆက်တွဲ အစီအစဉ်ကို သိလိုသဖြင့် မေးမြန်းလိုက်၏။
"နောက်ဆက်တွဲ အစီအစဉ်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ ငါတို့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်က လူသားမျိုးနွယ်ရဲ့ ဖုန်းရှီးတာအိုအရှင်ကို တားဆီးထားပြီး သူ ဖုန်းရှီးမြို့ကို ကယ်တင်ဖို့ အပြန်လမ်းကို ပိတ်ဆို့ရမယ်...”
"ပြီးတာနဲ့ ငါတို့လက်အောက်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအများအပြားက အခွင့်ကောင်းယူ ဖုန်းရှီးမြို့ထဲကို ဝင်ရောက်တိုက်ခိုက်ပြီး မြို့ထဲက အစီအရင်ဆုံမှတ်တွေကို ဖျက်ဆီးရမယ်…
ငါ ဖုန်းရှီးတစ်မြို့လုံးရဲ့ အစီအရင်မြေပုံကို ရထားပြီးပြီ။ အရေးကြီးတဲ့ အစီအရင်ဆုံမှတ်တချို့ကို ဖျက်ဆီးလိုက်နိုင်တာနဲ့ ဖုန်းရှီးမြို့ရဲ့ သတ္တမအဆင့် အစီအရင်ကြီးက အလိုလို ပျက်စီးသွားလိမ့်မယ်...”
"အဲဒီအချိန်ရောက်ရင် ငါတို့ မျိုးနွယ်စုသုံးခုရဲ့ တပ်မကြီး ရောက်လာတာနဲ့ တစ်မြို့လုံးကို သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မယ်...”
"လူသားမျိုးနွယ်တွေအနေနဲ့လည်း ပြေးစရာ နေရာမရှိတော့ဘဲ နေရာမှာတင် အသက်ပျောက်ဖို့ပဲ ရှိတော့တယ်...”
"ဒါကြောင့် နောက်ပိုင်းမှာ ဖုန်းရှီးမြို့ရဲ့ သတ္တမအဆင့် အစီအရင်ကို ဖျက်ဆီးဖို့ မင်းတို့ မျိုးနွယ်စုနှစ်ခုရဲ့ အင်အားကိုလည်း ငါတို့ အသုံးပြုဖို့ လိုအပ်တယ်...”
ရုပ်သေးမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ မျက်လုံးများတွင် အေးစက်စက်အလင်းတန်းများ ပေါ်လွင်လာပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေချေသည်။
၎င်းသည် ဤအကြိမ် အစီအစဉ်ကို ချို့ယွင်းချက်မရှိ ပြည့်စုံနေပြီဟု ထင်မှတ်ထားသည်။
လူသားမျိုးနွယ်အနေဖြင့် မည်သို့ပင် ရုန်းကန်စေကာမူ သေဘေးမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ယခုအချိန်အထိ လူသားမျိုးနွယ်များတွင် မြို့တော်ပေါင်း တစ်ရာ့ရှစ်မြို့သာ ရှိသေးသည်ကို သိထားသင့်ပေသည်။
မြို့တစ်မြို့ ဆုံးရှုံးသွားပါက လူသားမျိုးနွယ်များကို အကြီးအကျယ် ထိခိုက်စေရန် လုံလောက်နေပြီ ဖြစ်၏။
လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုလည်း များစွာ နှေးကွေးသွားစေနိုင်သည်။
"စိတ်ချပါ၊ ငါ့ရဲ့ ရွှေဖားပြုတ်မျိုးနွယ်က သက်တမ်းကုန်ဆုံးတော့မယ့် လေဟာနယ်သန့်စင်ခြင်းအဆင့် အသေခံတပ်သား သုံးဆယ်ကို ပြင်ဆင်ထားပြီးပြီ...”
"သူတို့က အခုချိန်မှာ သေရမှာကို လုံးဝ မကြောက်ကြတော့ဘူး...”
"လူသားမျိုးနွယ်ရဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို တကယ်ပဲ မယှဉ်နိုင်ရင်တောင်မှ၊ သူတို့က အဲဒီနေရာမှာတင် ကိုယ်တိုင်ဖောက်ခွဲပြီး ရန်သူနဲ့အတူတူ အသေခံကြလိမ့်မယ်...”
"အဲဒီအချိန်ရောက်ရင် ဖုန်းရှီးတစ်မြို့လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး လူသားမျိုးနွယ်တွေကို အသေအပျောက်များစေနိုင်မှာ သေချာတယ်...”
ရွှေဖားပြုတ်မျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်များ၏ သက်တမ်းမှာလည်း မကြာမီ ကုန်ဆုံးတော့မည်ဖြစ်ရာ ယခုမသေလျှင်လည်း နောင်တစ်ချိန်တွင် သေရမည်သာ ဖြစ်သည်။
ယခုအချိန်၌ ရွှေဖားပြုတ်မျိုးနွယ်အတွက် အသက်ပေး၍ အလင်းတန်းတစ်ခုအဖြစ် တောက်ပသွားစေသည်က ပိုကောင်းပေမည်။
"ငါ့ရဲ့ မြွေပျံမျိုးနွယ်ကလည်း သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် အသေခံတပ်သား အယောက်နှစ်ဆယ်ကို ပြင်ဆင်ထားတယ်...”
"ဖုန်းရှီးမြို့ထဲကို ဝင်ရောက်တိုက်ခိုက်နိုင်တာနဲ့ သေဖို့ကို မကြောက်မရွံ့ဘဲ လူသားမြို့တော်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှာသေချာတယ်...”
မြွေပျံမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
၎င်းတို့၏ မြွေပျံမျိုးနွယ်တွင်မူ ရွှေဖားပြုတ်မျိုးနွယ်ကဲ့သို့ လေဟာနယ်သန့်စင်ခြင်းအဆင့် အသေခံတပ်သား များများစားစား မရှိပေ။
ထို့ကြောင့် အယောက်နှစ်ဆယ်သာ စေလွှတ်နိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ သက်တမ်းရှည်ကြာသေးသော လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံမြွေများကိုမူ ၎င်းတို့အနေဖြင့် စေလွှတ်ရန် နှမြောနေကြသေး၏။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အသေခံတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး မအောင်မြင်ပါက အသက်စတေးရမည် ဖြစ်သောကြောင့်ပင်။
အကယ်၍ ကျရှုံးသွားပါက တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားနိုင်ချေ ရှိသည်။ အောင်မြင်ခဲ့လျှင်ပင် ဆုံးရှုံးမှု ကြီးမားမည် ဖြစ်လေသည်။
ထို့ကြောင့် အသေခံတပ်သားများကို စေလွှတ်ခြင်းကသာ ပို၍ကောင်းမွန်ပြီး ကြီးမားသော စစ်ရေးရလဒ်များကို ဖြစ်ပေါ်စေနိုင်ရုံသာမက ဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်ပေသည်။
ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်သည်ဟု ဆိုနိုင်လေသည်။
"ငါ့ရဲ့ ရုပ်သေးမျိုးနွယ်ကလည်း ဖုန်းရှီးမြို့ထဲမှာ ပုန်းအောင်းနေတဲ့ မျိုးနွယ်ဝင်တချို့ရှိတယ်...”
"အချိန်တန်ရင် သူတို့က မင်းတို့ကို ဖုန်းရှီးမြို့ထဲ ခိုးဝင်ဖို့ ခေါ်သွားလိမ့်မယ်...”
"အချိန်ကျလာတာနဲ့ ငါတို့ ချက်ချင်း လက်စွမ်းပြပြီး လူသားမျိုးနွယ်တွေ အငိုက်မိသွားအောင် သတ်ပစ်မယ်...”
ရုပ်သေးမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူထံမှ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေတော့သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်…။
မိုးကြိုးတောင်တန်း၊ ဖီးနစ်သွေးရွှေနီသတ္တုကြော…။
ဝုန်း… ဝုန်း… ဝုန်း…။
ကောင်းကင်ယံထက်တွင် လူသားမျိုးနွယ်၏ ပျံသန်းရေးသင်္ဘောများ တစ်စင်းပြီးတစ်စင်း ရုတ်တရက်ဆိုသလို ထွက်ပေါ်လာလေသည်။
ရက်အနည်းငယ်ကြာ ပျံသန်းလာပြီးနောက်တွင် သူတို့သည်လည်း ဤသတ္တုကြော၏ ကောင်းကင်ယံသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။
ဦးဆောင်လာသော ကျင့်ကြံသူမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဖုန်းရှီးမြို့၏ မြို့စားဖြစ်သော ဖုန်းရှီးတာအိုအရှင်ပင် ဖြစ်လေသည်။
သူမတွင် ရေတံခွန်တစ်ခုပမာ အိစက်သွယ်တန်းနေသော အနီရောင်ဆံကေသာရှိပြီး မီးကဲ့သို့ နီရဲကာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ရှိပေသည်။
မျက်ခုံးနှစ်ခုကြားတွင်မူ ထူးဆန်းသော မီးတောက်ပုံစံ အမှတ်အသားတစ်ခု ရှိနေပုံရ၏။
ကြယ်ရောင်များကဲ့သို့ လှပသော မျက်လုံးတစ်စုံသည် မြင့်မြတ်လွန်းလှပြီး သက်ရှိအားလုံးကို အထင်သေးကာ မည်သူ့ကိုမျှ အရေးလုပ်ပုံမပေါ်ပေ။
သူမသည် မီးတောက်သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း သူမ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ခန္ဓာကိုယ်အချိုးအစားနှင့် သွယ်လျသော ခြေတံရှည်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိသေးပေ။
အကောက်အကွေ့ အမောက်အမို့များဖြင့် ဆွဲဆောင်မှုအပြည့်ရှိပြီး တိုင်းပြည်တစ်ပြည်ကိုပင် မှောက်မှားစေနိုင်လောက်သည့် အလှတရားမျိုးဖြစ်ကာ အမှန်တကယ်ပင် အလှပန်းတစ်ပွင့် ဖြစ်ချေသည်။
သို့သော်ငြား သူမ၏ အရှိန်အဝါကမူ ဧကရီဘုရင်မတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး မည်သူမျှ တိုက်ရိုက်မကြည့်ရဲလောက်အောင်ပင် ဖြစ်လေသည်။
သူမသည် အနီရောင်လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များက သူမ၏ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံနေ၏။
သူမ၏ လှံရှည်အောက်တွင် သေဆုံးခဲ့ရသော သက်ရှိများမှာ ရေတွက်၍ပင် မရနိုင်တော့ပေ။
အကြွင်းမဲ့စွမ်းအားကြောင့်သာ ဖုန်းရှီးတာအိုအရှင်သည် မိုးကြိုးတောင်တန်းတွင် လူသားမြို့တော်တစ်ခုကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
နှစ်တစ်ထောင်အတွင်း မရေမတွက်နိုင်သော သားရဲရိုင်းများ၏ တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း တည်တံ့ခိုင်မြဲနေဆဲပင်။
"မြို့စားမင်း၊ ဒီနေရာကတော့ ကျုပ်ရှာတွေ့ထားတဲ့ ဖီးနစ်သွေးရွှေနီသတ္တုကြောပဲ ဖြစ်ပါတယ်...”
မျောက်ရုပ်ပေါက်နေသော ကျင့်ကြံသူတစ်ဦးက ဖုန်းရှီးတာအိုအရှင်ကို မြှောက်ပင့်ကာ ကြည့်လိုက်၏။
"အင်း၊ မင်းရှာတွေ့တာ အမှန်ပဲ...”
"ဒီနေရာမှာ ဖီးနစ်သွေးရွှေနီသတ္တုကြော တစ်ခုရှိတာ အသေအချာပဲ...”
"ဒါပေမဲ့ မင်းရဲ့စွမ်းရည်နဲ့ဆိုရင် မိုးကြိုးတောင်တန်းထဲကို ဒီလောက်အထိ ဝင်လာနိုင်တယ်ဆိုတာက...”
"လုပ်နိုင်ဖို့ သိပ်တော့လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးထင်တယ်...”
ဖုန်းရှီးတာအိုအရှင်က ခပ်အေးအေးပင် ပြောလိုက်၏။
"ကျုပ်က ကံကောင်းသွားလို့ပါ...”
မျောက်ရုပ်ပေါက်နေသော ကျင့်ကြံသူက မြှောက်ပင့်ကာ ပြုံးပြီး ပြောလိုက်ပြန်သည်။
"မဟုတ်ဘူး၊ ဒါက ကံကောင်းတာလောက် ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး၊ ဒါက ထောင်ချောက်တစ်ခုပဲ...”
"ငါပြောတာ မမှားဘူးမလား၊ ရုပ်သေးမျိုးနွယ်ရဲ့ သက်ရှိ...”
ဖုန်းရှီးတာအိုအရှင်က ထိုကျင့်ကြံသူကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။
"မြို့စားမင်း၊ အရှင် ဘာတွေပြောနေတာလဲဆိုတာ ကျုပ်နားမလည်ဘူး...”
ထိုကျင့်ကြံသူ၏မျက်နှာက ပျက်ယွင်းသွားသော်လည်း တည်ငြိမ်ဟန်ဆောင်ထားဆဲပင်။
"စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ မဆိုးပါဘူး...”
"ဒါပေမဲ့ မင်းတို့ရုပ်သေးမျိုးနွယ်ဆီက ရွံစရာကောင်းတဲ့ အငွေ့အသက်ကို ငါချက်ချင်းပဲ သတိထားမိလိုက်တယ်...”
"မင်းတို့ရုပ်သေးမျိုးနွယ်က ငါတို့လူသားမျိုးနွယ်ရဲ့ နှစ်သန်းထောင်ချီ တိုးတက်လာမှုတွေကို အတုအယောင်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်...”
"မင်းတို့နဲ့ ရင်ဆိုင်လာရတာ အချိန်အတော်ကြာပြီဖြစ်လို့ ရုပ်သေးမျိုးနွယ်ရဲ့ ကပ်ပါးကောင် ဝင်ရောက်ခံထားရတဲ့ သက်ရှိတွေကို သိနိုင်တဲ့နည်းလမ်းကို ငါတို့ရှာတွေ့ထားတာ ကြာပါပြီ၊ ဒါပေမဲ့ အရင်က ငါမသိချင်ယောင်ဆောင်နေခဲ့တာက ငါးမျှားချင်လို့၊ မြွေကို တွင်းထဲကထွက်လာအောင် မြှူဆွယ်ချင်ရုံ သက်သက်ပဲ...”
ဖုန်းရှီးတာအိုအရှင်က အေးစက်စွာ ရယ်မောလိုက်လေတော့သည်။