← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 69 Ch. 735-736

အခန်း (၇၃၅-၇၃၆)

Vol. 69 Ch. 735-736

အခန်း (၇၃၅) - အလှပန်းလေး သခင်မထောင်ချီလီ၊ ကောင်းကင်နှင့်မြေကြီး မီးပေါင်းဖိုပညာရပ်၊ ကျမ်းစာတိုက် အမွေအနှစ်များကို ကူးယူခြင်း(၁)။

ဘာ…။

ထိုစကားထွက်လာသည်နှင့် မျောက်ရုပ်ပေါက်နေသော ကျင့်ကြံသူ၏ မျက်နှာက ပျက်ယွင်းသွားလေသည်။

သူသည်လည်း ငတုံးတစ်ယောက်မဟုတ်ပေ၊ သူ၏ဇာတ်မြစ်မှာ အစောကြီးကတည်းက ပေါ်ပေါက်နေပြီဖြစ်ပြီး တစ်ဖက်လူက သူ့ကို လှည့်စားနေခြင်း မဟုတ်ကြောင်းကို မည်သို့လျှင် မသိဘဲနေမည်နည်း။

သူသည် ချက်ချင်းပင် လက်ဦးမှုယူကာ တိုက်ခိုက်ရန် တွေးလိုက်မိသည်။ နှမြောစရာကောင်းသည်မှာ အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်ချေသည်။

ဝုန်းခနဲအသံနှင့်အတူ ဖုန်းရှီးတာအိုအရှင်က လှံတစ်ချက်ထိုးချလိုက်ရာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပြီး ညင်သာစွာ တုန်ခါသွားလေသည်။

ထိုရုပ်သေးမျိုးနွယ်သက်ရှိမှာ ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားရချေပြီ။

သူမ၏စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို တွေးကြည့်၍ ရနိုင်ပြီး စိတ်ကူးထက်ပင် ကျော်လွန်နေပေသည်။

ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများမှာ တည်ငြိမ်နေကြပြီး အစောကြီးကတည်းက အထူးအဆန်း မဟုတ်တော့သည့်ပုံစံမျိုး ဖြစ်နေကြ၏။

သိသာထင်ရှားစွာပင် ဖုန်းရှီးတာအိုအရှင်၏ စွမ်းအားကို သူတို့အနေဖြင့် အတိုင်းထက်အလွန် ရှင်းလင်းစွာ သိထားကြပြီး ဖုန်းရှီးမြို့၏ တည်ငြိမ်ရေးမဏ္ဍိုင်ကြီးဖြစ်ကာ အကြွင်းမဲ့ သန်မာသူတစ်ဦး ဖြစ်လေသည်။

"ထွက်လာခဲ့ကြစမ်းပါ၊ ပတ်ဝန်းကျင်မှာ ပုန်းမနေကြပါနဲ့တော့...”

"မင်းတို့ဆီက အငွေ့အသက်တွေကို မိုင်တစ်သိန်းအကွာကနေတောင် ငါအနံ့ရနေပြီ...”

ဖုန်းရှီးတာအိုအရှင်က ခြေတစ်လှမ်းလှမ်းကာ ဤတောင်တန်း၏ ကောင်းကင်ယံသို့ ရောက်လာပြီး တစ်လောကလုံးကို အထင်သေးစွာ ကြည့်လိုက်လေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံစွမ်းအားက ပတ်ဝန်းကျင်ကို တံမြက်လှည်းသကဲ့သို့ ရိုက်ခတ်သွားပြီး လေဟာနယ်ကို လိမ်ကောက်သွားစေ၏။

ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မီးတောက်များ တစ်ငွေ့ငွေ့ လွှမ်းခြုံနေလေသည်။

သူမ၏ နောက်ကျောတွင် ဖီးနစ်ငှက်တစ်ကောင် ပေါ်ထွက်လာပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားကို ထုတ်လွှတ်နေ၏။

လူ့လောကမှ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။

ဝှစ်… ဝှစ်… ဝှစ်…။

စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ရုပ်သေးမျိုးနွယ်၊ ရွှေဖားပြုပ်မျိုးနွယ်နှင့် မြွေပျံမျိုးနွယ်တို့မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးသုံးဦး၊ ၎င်းအပြင် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ဝင်များနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် မျိုးနွယ်ဝင်အများအပြားတို့သည်လည်း ဤနေရာတွင် ပေါ်လာကြရာ ကြီးမားခမ်းနားလှသော မျိုးနွယ်စုသုံးခု မဟာမိတ်တပ်ကြီးနှင့်ပင် နှိုင်းယှဉ်နိုင်ချေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူသားကျင့်ကြံသူ အများအပြား၏ မျက်နှာများမှာ ပျက်ယွင်းသွားကြလေသည်။

ဤနေရာတွင် ခြုံခိုစောင့်ဆိုင်းနေသော ရန်သူများ ဤမျှများပြားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

"ငါတို့ရဲ့ အကြံအစည်ကို အစောကြီးကတည်းက ရိပ်မိနေခဲ့တာပဲ...”

"ဒါတောင်မှ မြွေကို တွင်းထဲကထွက်လာအောင် မြှူဆွယ်ချင်သေးတယ်၊ ငါးမျှားချင်နေသေးတယ်...”

"ကိုယ်တိုင် ခုခံနိုင်စွမ်းမရှိတဲ့ ရန်သူတွေကို မျှားမိသွားမှာ မင်းမကြောက်ဘူးလား...”

"ဒီနေ့ မင်း ဒီနေရာမှာပဲ အသက်ပျောက်ရလိမ့်မယ်...”

ရုပ်သေးမျိုးနွယ်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်၏ မျက်နှာက အလွန်အမင်း အကျည်းတန်သွားပြီး သူ၏အကြံအစည်မှာ သူထင်ထားသလောက် လွယ်ကူမည်မဟုတ်ကြောင်းကို ဝိုးတဝါး ကြိုတင်ခံစားမိနေ၏။

မျိုးနွယ်စုသုံးခု၏ အကြံအစည်ကို ဖုန်းရှီးတာအိုအရှင်အနေဖြင့် အစောကြီးကတည်းက ရိပ်မိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"ဘာကို ကြောက်ရမှာလဲ...”

"မင်းတို့က ဖီးနစ်သွေးရွှေနီသတ္တုကြောကို ငါးစာအနေနဲ့ သုံးပြီး ငါ့ကို ဒီရောက်လာအောင် မြှူဆွယ်ရဲသေးတယ်...”

"ဒါဆိုရင်လည်း ငါးစာကို ငါယူမယ်၊ မင်းတို့ရဲ့ အသက်ကိုလည်း ငါလိုချင်တယ်...”

"ဒီနေ့ မင်းတို့အားလုံး ဒီမှာပဲ သေလိုက်ကြတော့...”

"မင်းတို့ကို သတ်ပစ်လိုက်ရင် ငါတို့ဖုန်းရှီးမြို့ အနည်းဆုံး နှစ်တစ်ထောင်လောက်တော့ ငြိမ်းချမ်းသွားနိုင်တယ်...”

ဖုန်းရှီးတာအိုအရှင်သည် လှံရှည်ကို ကိုင်ဆောင်ထားကာ လှပသော မျက်လုံးတစ်စုံက အလွန်အမင်း မောက်မာနေပြီး ဤကွဲပြားသော မျိုးနွယ်စုဝင်များကို လုံးဝ အရေးလုပ်ပုံမပေါ်ပေ။

"မောက်မာလိုက်တာ...”

"သာမန် လူသားခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလေးက ဒီလို ကြီးကြီးကျယ်ကျယ် ပြောရဲသေးတယ်...”

"ငါတို့ ခန္ဓာပေါင်းစည်းခြင်းအဆင့် သုံးယောက်နဲ့ ရင်ဆိုင်ရတာကိုတောင် ငါတို့ကို ဒီနေရာမှာ သတ်ချင်နေသေးတယ်၊ မင်း အရမ်းမောက်မာလွန်းနေပြီ...”

"ဒီနေ့ မင်း ငါတို့သုံးယောက်ကို ဒီနေရာမှာ တကယ်သတ်နိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့...”

"မမေ့နဲ့ဦး၊ အခု ဖုန်းရှီးမြို့က ခေါင်းဆောင်မရှိဘူး၊ ပြီးတော့ ငါတို့ မျိုးနွယ်စုသုံးခုကလည်း လူအင်အား အများကြီး လွှတ်ထားပြီးပြီ...”

"အချိန်တန်ရင် ဖုန်းရှီးမြို့လည်း ငါတို့ ဖျက်ဆီးပစ်တာကို ခံရတော့မှာပဲ၊ နှစ်တစ်ထောင် ကြိုးပမ်းအားထုတ်မှုတွေက တစ်ခဏအတွင်းမှာ ပျက်စီးသွားလိမ့်မယ်...”

"လူသားအများအပြားလည်း မင်းကြောင့် သေကြရလိမ့်မယ်...”

ရုပ်သေးမျိုးနွယ်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးက အော်ဟစ်လိုက်ပြီး ဖုန်းရှီးတာအိုအရှင်၏ တာအိုနှလုံးသားကို တုန်လှုပ်သွားစေရန် စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာကို အသုံးပြုလိုက်လေသည်။

"ငါက မင်းတို့လို မိုက်မဲပြီး ကြိုတင်ပြင်ဆင်မှု မလုပ်ထားဘူးလို့ မင်းတို့ ထင်နေကြတာလား...”

"ဖုန်းရှီးမြို့မှာ ရမ်းကားရဲတဲ့အတွက် မင်းတို့မျိုးနွယ်စုသုံးခုက သေလမ်းပဲရှိတယ်...”

ဖုန်းရှီးတာအိုအရှင်က အေးစက်စွာ ရယ်မောလိုက်ပြီး မည်သို့မျှ တုန်လှုပ်ခြင်းမရှိပေ။

ဝုန်း…။

မျိုးနွယ်စုသုံးခုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးများအား စကားဆက်ပြောရန် အချိန်မပေးတော့ဘဲ ဖုန်းရှီးတာအိုအရှင်က ချက်ချင်းပင် လက်စွမ်းပြလိုက်တော့သည်။ တစ်ဖက်လူများနှင့် အချိန်ဖြုန်းရန် လုံးဝ ရည်ရွယ်မထားပေ။

ယခုအခြေအနေသည်ကား တိုက်ခိုက်ရန်သာရှိတော့ပြီး စကားစစ်ထိုးနေရန် မလိုအပ်တော့ချေ။

ချက်ချင်းဆိုသလိုပင် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးလေးဦးတို့အကြား ချက်ချင်းဆိုသလို တိုက်ပွဲဖြစ်ပွားတော့သည်။ တစ်ခဏအတွင်းမှာပင် လေပြင်းများတိုက်ကာ တိမ်များကသောင်းကနင်းဖြစ်သွားပြီး ကောင်းကင်နှင့် မြေကြီးပါ တုန်ခါသွားရချေတော့သည်။

…………

လွန်ခဲ့သော အချိန်အနည်းငယ်ခန့်က။

ဖုန်းရှီးမြို့၊ ကျမ်းစာတိုက်…။

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည်လည်း အမှတ် (၈၈) တာအိုကျောင်းတော်မှ ထွက်ခွာလာပြီး ဖုန်းရှီးမြို့၏ အကြီးဆုံး ကျမ်းစာတိုက်သို့ ရောက်ရှိလာခဲ့လေသည်။

ဤနေရာတွင် အမွေအနှစ်ကျင့်စဉ်များ အမြောက်အမြား ရှိပေသည်။

ဖုန်းရှီးမြို့၏ ကျင့်ကြံသူတိုင်းလိုလို ဤနေရာသို့ လာရောက်၍ ကျင့်စဉ်များကို လဲလှယ်ကြလေသည်။

ဤနေရာရှိ ကျင့်စဉ်များ၊ လျှို့ဝှက်ကျမ်းများနှင့် အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာပေါင်းစုံ အမွေအနှစ်များမှာ လုံးဝ ပြည့်စုံလုံလောက်စွာ ရှိနေသည်ဟု ဆိုနိုင်ပေသည်။

ယခုတစ်ကြိမ် ကျိုးစွေ့ ဤနေရာသို့ ရောက်လာခြင်းမှာ ဖုန်းရှီးမြို့ ကျမ်းစာတိုက်ရှိ အမွေအနှစ်များ အားလုံးကို ကူးယူရန်ပင် ဖြစ်သည်။

သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော 'စာအုပ်ကူ' သည် ကျောက်စိမ်းမှတ်တမ်းများကို ဝါးမျိုရန် မလိုအပ်တော့ဘဲ ညင်သာစွာ စစ်ဆေးလိုက်ရုံဖြင့် ကူးယူနိုင်ပြီဖြစ်ပြီး တားမြစ်အစီအရင် အများအပြားသည်လည်း ၎င်းကို မတားဆီးနိုင်တော့ချေ။

အမှန်အတိုင်းဆိုရလျှင် ဖုန်းရှီးမြို့သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်တစ်ရာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ သူသည် ဖုန်းရှီးမြို့၏ အကြီးဆုံးကျမ်းစာတိုက်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းပင် ဖြစ်လေသည်။

ယခုမှ ပထမဆုံးအကြိမ် လာရောက်ရခြင်း အကြောင်းရင်းမှာ ပံ့ပိုးမှုရမှတ်များ မရှိသောကြောင့်ပင် ဖြစ်၏။

အကယ်၍ ပံ့ပိုးမှုရမှတ်များကို လိုချင်ပါက ဖုန်းရှီးမြို့မှ ထုတ်ပြန်သော တာဝန်များကို သွားရောက်ထမ်းဆောင်ရန်သာ ရှိပေသည်။

သို့ရာတွင် သူသည် လုံခြုံရေးကိုသာ ပထမဦးစားပေးသူဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးကို သဘာဝကျကျပင် ပြုလုပ်မည်မဟုတ်ပေ။

တာအိုကျောင်းတော်တွင် ဆရာတစ်ဦးအဖြစ် ရိုးရိုးသားသား နှစ်တစ်ရာခန့် နေထိုင်ပြီးနောက်၊ ပံ့ပိုးမှုရမှတ်များ အတိုင်းအတာတစ်ခုအထိ စုဆောင်းမိမှသာ ဤကျမ်းစာတိုက်သို့ ရောက်လာခြင်း ဖြစ်လေသည်။

ထို့ပြင် ပို၍အရေးကြီးသည်မှာ သူသည် အမှတ် (၈၈) တာအိုကျောင်းတော် ကျမ်းစာတိုက်ရှိ အချက်အလက်များကို ရရှိထားပြီးဖြစ်ရာ၊ သူ အချိန်အတော်ကြာ လေ့လာရန် လုံလောက်နေပြီဖြစ်၍ ဖုန်းရှီးမြို့၏ အကြီးဆုံး ကျမ်းစာတိုက်သို့ လာရောက်ရန် မလိုအပ်ခြင်းပင် ဖြစ်သည်။

ကျိုးစွေ့၏ရှေ့တွင် ပေါ်လာသည်မှာ ရှေးဟောင်းပုံစံ အထပ်ဆယ့်ရှစ်ထပ်ရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တွင် တားမြစ်အစီအရင်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သိသာထင်ရှားစွာပင် ဆဋ္ဌမအဆင့် အထွတ်အထိပ် မဟာအစီအရင်တစ်ခုကို တည်ဆောက်ထားပြီး လေးထပ်ကွမ်း အစီအရင်အကာအကွယ်အဖြစ် ဖွဲ့စည်းထားကာ လေဟာနယ် အတားအဆီးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်လေသည်။

ဤအဆောက်အအုံမှာ သစ်သားဖြင့် တည်ဆောက်ထားပုံရသော်လည်း အစီအရင်စွမ်းအား၏ အကာအကွယ်အောက်တွင် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ခိုက်မှုပင်လျှင် နံရံများကို ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။

ဤမဟာအစီအရင်ကို လုံးဝ ဖျက်ဆီးပစ်နိုင်မှသာလျှင် ဖြစ်နိုင်ပေမည်။ သို့မဟုတ်ပါက ဤအဆောက်အအုံကြီးသည် ဆက်လက် တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်၏။

ဤအချိန်တွင် ဤအဆောက်အအုံ၏ အဝင်ဝတွင် ကျင့်ကြံသူအများအပြား ဝင်ထွက်သွားလာနေကြလေသည်။

မှန်ပေသည်၊ ဖုန်းရှီးမြို့၏ အကြီးဆုံးကျမ်းစာတိုက် ဖြစ်သောကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခြင်းပင် ဖြစ်ပေသည်။

"ဆဋ္ဌမအဆင့် အထွတ်အထိပ် မဟာအစီအရင်ကိုတောင် တည်ဆောက်ထားတာပဲ၊ ဒီကျမ်းစာတိုက်ကို ဖုန်းရှီးမြို့က အတော်လေး အလေးထားတာပဲ...”

"တစ်ချိန်တည်းမှာပဲ ဒီအဆောက်အအုံက ဖုန်းရှီးမြို့ သတ္တမအဆင့်အစီအရင်ရဲ့ အစီအရင်ဆုံမှတ်တွေထဲက တစ်ခုဖြစ်ပုံရတယ်...”

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

သူသည် ဆဋ္ဌမအဆင့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်ရာ ဤနေရာရှိ အစီအရင်၏ နက်နဲသော လျှို့ဝှက်ချက်များကို ချက်ချင်းပင် သတိထားမိလိုက်ခြင်း ဖြစ်ပေသည်။

သိသာထင်ရှားစွာပင် အလားတူ အစီအရင်ဆုံမှတ်များက ဖုန်းရှီးတစ်မြို့လုံးတွင် အများအပြား ရှိနေသေး၏။

အခြေခံအားဖြင့် ၎င်းတို့အားလုံးမှာ အလွန်အရေးကြီးသော အဆောက်အအုံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။

အကယ်၍ အခြားသူများက ဖုန်းရှီးမြို့၏ သတ္တမအဆင့်အစီအရင်ကြီးကို ဖျက်ဆီးလိုပါက ဤအစီအရင်ဆုံမှတ်များကို ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။

သို့သော်ငြား ဤသို့ပြုလုပ်ရန်မှာ ထင်ထားသလောက် လွယ်ကူမည်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

အစီအရင်ဆုံမှတ်တိုင်းသည် တင်းကျပ်စွာ အကာအကွယ်ပေးခံထားရလေသည်။ ပြင်ပလူများအနေဖြင့် ချဉ်းကပ်နိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

"ဒါက..."

ထိုစဉ် ကျိုးစွေ့သည် သူ၏ကိုယ်ပေါ်ရှိ 'စာအုပ်ကူ' အလွန်စိတ်လှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် လိုလားတောင့်တသည့် ခံစားချက်များ ထွက်ပေါ်လာလေတော့သည်။

အခန်း (၇၃၆) - အလှပန်းလေး သခင်မထောင်ချီလီ၊ ကောင်းကင်နှင့်မြေကြီး မီးပေါင်းဖိုပညာရပ်၊ ကျမ်းစာတိုက် အမွေအနှစ်များကို ကူးယူခြင်း(၂)။

ဤအဆောက်အအုံအတွင်း၌ များပြားလှသော အစားအစာများ ရှိနေကြောင်းကို ၎င်းက အာရုံခံမိသွားချေပြီ။

၎င်းသည် အတွင်းသို့ဝင်ကာ တစ်ဝကြီးစားသောက်ချင်လွန်းသဖြင့် မစောင့်ဆိုင်းနိုင်တော့ပေ။

'စာအုပ်ကူ' အတွက်မူကား မသိနားမလည်သေးသော အသိပညာများကို အစဉ်တစိုက် ရှာဖွေနေခြင်းပင် ဖြစ်လေသည်။

ထိုမသိရှိသေးသော အသိပညာများသည် လောကတွင် အရသာအရှိဆုံးသော အစားအစာများဖြစ်ပြီး ၎င်းကို အဆုံးမဲ့စိတ်လှုပ်ရှားစေကာ အမြဲတစေ လိုလားတောင့်တမှုကို ဖြစ်တည်စေ၏။

“သောက်ကျိုးနည်း... ကပ်ဘေးအငွေ့အသက်တွေက ဘယ်လိုလုပ် ပြန့်နှံ့လာတာလဲ။ သတ်ဖြတ်လိုစိတ်တွေများ ထွက်ပေါ်လာတာလား...”

ကျိုးစွေ့သည် မျက်လုံးများကို မှေးစင်းလိုက်၏။

'ကံကြမ္မာကူ' ထံမှ သတင်းအချက်အလက်တစ်ခု ချက်ချင်းပေးပို့လာသည်ကို သူ ခံစားလိုက်ရ၏။ ယခုအချိန်တွင် သူ၏ကိုယ်ပေါ်၌ ကပ်ဘေးအငွေ့အသက်များစွာ ပေါ်ထွက်လာသည်။

သို့ရာတွင် ဤကပ်ဘေးအငွေ့အသက်များ ထွက်ပေါ်လာခြင်းက သူတစ်ဦးတည်းအပေါ် ပစ်မှတ်ထားသည့် သတ်ဖြတ်လိုမှု မဟုတ်ဘဲ ဖုန်းရှီးမြို့တစ်မြို့လုံးကို ပစ်မှတ်ထားသည့် သတ်ဖြတ်လိုမှုသာ ဖြစ်ပေသည်။

သို့သော် သူသည် ဖုန်းရှီးမြို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေသောကြောင့် သဘာဝကျကျပင် ရှောင်လွှဲ၍ မရနိုင်တော့ချေ။

“ဖုန်းရှီးမြို့က ရှေးဟောင်းသားရဲကြီးတွေရဲ့ တိုက်ခိုက်တာကို ခံရတော့မှာများလား...”

ကျိုးစွေ့က မနေနိုင်ဘဲ တွေးလိုက်မိလေသည်။

အမှန်အတိုင်း ဆိုရလျှင် ဤသည်မှာ မဖြစ်နိုင်သော ကိစ္စမဟုတ်ပေ။

ဖုန်းရှီးမြို့သည် မိုးကြိုးတောင်တန်းတွင် နှစ်တစ်ထောင်ကြာ ရပ်တည်လာခဲ့ပြီး အနည်းဆုံး ရှေးဟောင်းသားရဲများ၏ တိုက်ခိုက်မှုကို အကြိမ်ပေါင်း ဆယ်နှင့်ချီ၍ ကြုံတွေ့ခဲ့ရ၏။

ယခင်က ရှေးဟောင်းသားရဲများကို တွန်းလှန်နိုင်ခဲ့သော်လည်း ရှေးဟောင်းသားရဲများ ရပ်တန့်သွားမည်ဟု မဆိုလိုပေ။

“ထားလိုက်ပါတော့လေ။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် အရပ်ရှည်တဲ့လူတွေက ထောက်ထားပေးလိမ့်မယ်...”

“ဖုန်းရှီးမြို့မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးရှိသလို ခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်သခင်တွေတောင် ရှိသေးတာပဲ...”

“ငါက သေးနုပ်တဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူလေးပဲလေ။ ဒီလိုကိစ္စမျိုးကို သွားပြီး စိတ်ပူနေဖို့ အလှည့်တောင်မရောက်ဘူး...”

“ကျမ်းစာတိုက်မှာရှိတဲ့ အမွေအနှစ်တွေအကုန်လုံးကို အရင်ဆုံး စစ်ဆေးပြီး 'စာအုပ်ကူ' ရဲ့ အစားအစာအဖြစ် ပြောင်းလဲလိုက်တာက ပိုကောင်းပါလိမ့်မယ်...”

ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့သည် ဤကိစ္စကို ယာယီဘေးဖယ်ထားလိုက်ကာ ကျမ်းစာတိုက်၏ တံခါးပေါက်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

"ဖုန်းရှီးမြို့ အမှတ်အသားပြားကို ပြသပေးပါ...”

ထိုစဉ် ကျမ်းစာတိုက်အစောင့်က ကျိုးစွေ့အား ချက်ချင်း ပြောလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤကျမ်းစာတိုက်သို့ ဖုန်းရှီးမြို့ခံများသာ ဝင်ရောက်ခွင့်ရှိပြီး လူတိုင်းသည် ဝင်ရောက်ရန်အတွက် အမှတ်အသားပြား ပြသရန် လိုအပ်ပေ၏။ ဤသို့ဖြင့် ပြင်ပကျူးကျော်သူများ၏ အန္တရာယ်ကို အများဆုံးအထိ လျှော့ချနိုင်မည် ဖြစ်လေသည်။

"ကောင်းပါပြီ...”

ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။ သူသည် ဖုန်းရှီးမြို့သို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ၏ကိုယ်ပေါ်တွင် အမှတ်အသားပြား ရှိနေပြီး တရားဝင်မြို့ခံတစ်ဦးဟု သတ်မှတ်နိုင်သောကြောင့် ဘာကိုမျှ စိတ်ပူစရာ မလိုပေ။ သူသည် ကိုယ်ပေါ်မှ အမှတ်အသားပြားကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

အစောင့်ဖြစ်သူက တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် ချက်ချင်း ဝင်ခွင့်ပြုလိုက်၏။

ဝှစ်…။

ကျိုးစွေ့သည် ကျမ်းစာတိုက်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လိုက်ရာ ဧရာမစာကြည့်တိုက်ကြီး တစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရ၏။

ကျင့်ကြံသူမြောက်မြားစွာသည် ဤနေရာတွင် အဝင်အထွက် ပြုလုပ်နေကြသော်လည်း အလွန်တိတ်ဆိတ်နေကာ အခြေခံအားဖြင့် စကားပြောသူ များများစားစား မရှိပေ။

အမွေအနှစ် ကျောက်စိမ်းပြားများကို လဲလှယ်ရယူပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားကြပုံရကာ ဤနေရာတွင် ဆက်လက်နေထိုင်ခြင်း မရှိကြချေ။

ဝုန်း...။

မျက်စိတစ်မှိတ်အတွင်းမှာပင် 'စာအုပ်ကူ' ၏ စွမ်းအားများ ချက်ချင်း လှုပ်ရှားလာပြီး ပုံသဏ္ဌာန်မဲ့ စွမ်းအားတစ်ရပ်က ဆယ့်ရှစ်ထပ်ရှိသော ကျမ်းစာတိုက်ကို ချက်ချင်း လွှမ်းခြုံသွားလေသည်။

သူ၏ သိစိတ်ပင်လယ်နက်ရှိုင်းသော နေရာ၌ ကျမ်းစာတိုက်၏ အထပ်တိုင်းရှိ စာအုပ်များသည် အလွန်တရာ များပြားလှပြီး အရာခပ်သိမ်းကို လွှမ်းခြုံထားသကဲ့သို့ ရှိကြောင်း အာရုံခံမိလိုက်၏။

ကျင့်ကြံသူ အများအပြားသည် သူတို့၏ တစ်သက်တာလုံး အချိန်ကုန်ခံလျှင်ပင် ဤစာအုပ်များအားလုံးကို ကျွမ်းကျင်တတ်မြောက်နိုင်မည် မဟုတ်ပေ။

ရာခိုင်နှုန်း တစ်ရာတွင် တစ်ရာခိုင်နှုန်းမျှဆိုလျှင်ပင် လွန်စွာ ခက်ခဲလှ၏။

မှန်ပေသည်၊ ကျိုးစွေ့အတွက်မူ လေ့လာသင်ယူရန် မလိုအပ်ဘဲ ဤစာအုပ်အားလုံးကို မိတ္တူကူးယူကာ 'စာအုပ်ကူ' ၏ ကိုယ်တွင်းရှိ အချက်အလက်သိုလှောင်ရာနေရာသို့ ဖြည့်တင်းရန်သာ ဆန္ဒရှိလေသည်။

၁%၊ ၂%၊ ၃%...

'စာအုပ်ကူ' သည် ကျမ်းစာတိုက်ရှိ အသိပညာများကို လောဘတကြီး ကူးယူနေပြီး တိုးတက်မှုအခြေအနေသည်လည်း အဆက်မပြတ် မြင့်တက်လာနေ၏။

သိသာထင်ရှားစွာပင် ကျမ်းစာတိုက် တစ်ခုလုံးရှိ စာအုပ်များအားလုံးကို အပြည့်အဝ ကူးယူနိုင်ရန်အတွက် သူ့အနေဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပေ၏။

"စီနီယာ... အရှင်က ဘယ်လိုကျင့်စဉ်မျိုးကို လဲလှယ်ချင်တာပါလဲရှင်...”

ထိုစဉ် ကျမ်းစာတိုက်မှ ဝန်ထမ်းတစ်ဦး လျှောက်လာခဲ့၏။ သူမသည် ကျိုးစွေ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသော ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်လေသည်။

သူမ၏အမည်မှာ ဝူယန်ကျွမ် ဖြစ်ပေ၏။

"အိုး... ကျုပ်က ဆေးဖော်စပ်ပညာနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ကို ရှာချင်လို့ပါ။ မင်းမှာ အကြံပြုပေးစရာများ ရှိမလား...”

ကျိုးစွေ့က ခပ်ဟဟပြုံး၍ ကျမ်းစာတိုက်မှ အမျိုးသမီးကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်၏။

အမျိုးသမီးကျင့်ကြံသူက သူ့ကို လာရောက်စကားပြောဆိုခြင်းမှာ အလွန်အဆင်ပြေလှသည်။ သူ့အနေဖြင့်လည်း အခွင့်အရေးယူကာ အချိန်အနည်းငယ် ဆွဲထားနိုင်မည်ဖြစ်၍ ဝမ်းသာအားရ ဖြစ်သွား၏။

အကယ်၍ မြန်မြန်ဆန်ဆန် ထွက်ခွာသွားပါက 'စာအုပ်ကူ' အနေဖြင့် ကျမ်းစာတိုက်အတွင်းရှိ စာအုပ်များအားလုံးကို အပြည့်အဝ ကူးယူနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် ဤနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ရန် လိုအပ်ပေ၏။

"ယန်ကျွမ် မင်း အရင်ဆင်းသွားလိုက်ပါ...”

"သူက ပဉ္စမအဆင့် အထွတ်အထိပ် ဆေးဖော်စပ်ပညာရှင် တစ်ယောက်ပဲ...”

"သူလိုအပ်တဲ့ ဆေးဖော်စပ်ပညာလျှို့ဝှက်ကျမ်းတွေကို မင်း သိနိုင်မှာ မဟုတ်ဘူး...”

ထိုအချိန်မှာပင် နူးညံ့ချိုသာလှသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

ချက်ချင်းပင် ကျိုးစွေ့၏ ရှေ့မှောက်၌ ထွက်ပေါ်လာသူမှာ အလွန်တရာ လှပကျော့ရှင်းသော အမျိုးသမီးချောလေး တစ်ဦးပင်ဖြစ်၏။

ဖီးနစ်ငှက်ကဲ့သို့ သွယ်လျသောမျက်ခုံး၊ တောက်ပသော မျက်လုံးများရှိပြီး ကြည့်လိုက်သည့် တစ်ခဏအတွင်းမှာပင် ဝိညာဉ်များကို ဖမ်းစားသွားနိုင်လောက်ပေသည်။ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အသားအရေ၊ သွယ်လျလှပသော နှာတံနှင့် နီရဲသော နှုတ်ခမ်းလေးတို့ ရှိကာ ညင်သာစွာ ပြုံးလိုက်ရုံဖြင့် ဆွဲဆောင်မှုအပြည့် ရှိနေတော့လေသည်။

သူမသည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပြည့်ဖြိုးကာ ဆွဲဆောင်မှုရှိလှ၏။ လက်တစ်ဆုပ်စာမျှသာရှိသော ခါးသိမ်သိမ်လေးဖြင့် အလွန်တရာ ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်လေးပင် ဖြစ်ပေ၏။

အလှအပကို ယှဉ်ကြည့်မည်ဆိုလျှင် ပိုင်စုကျဲ့ကဲ့သို့ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးကို မမီနိုင်သော်လည်း သူမ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ကို ဖမ်းစားနိုင်သော အငွေ့အသက်ကမူ လူများကို ပိုမို ရင်ခုန်သွားစေနိုင်၏။

အမျိုးသားများအားလုံးကို အဆုံးမဲ့ သိမ်းပိုက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် လုံလောက်လှပေ၏။

"ဟုတ်ကဲ့ပါ ထောင်သခင်မ...”

ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ ဝူယန်ကျွမ်သည် လိမ္မာရေးခြားရှိစွာဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်၏။

သူမ၏ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။

မူလက သူမသည် ဤရုပ်ရည်ချောမောသော အမျိုးသားနှင့် စကားအနည်းငယ် ပြောနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထောင်သခင်မက ရုတ်တရက် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် သူမအနေဖြင့် မည်သည့်အရာကိုမျှ ငြင်းဆန်နိုင်စွမ်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ထောင်သခင်မသည် ကျမ်းစာတိုက်၏ အကြီးအကဲဖြစ်ပြီး သူမ၏အမည်မှာ ထောင်ချီလီ ဖြစ်ကာ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီး တစ်ပါးလည်း ဖြစ်ပေ၏။

သူမသည် သေးနုပ်သော ဝိညာဉ်သန္ဓေသားအဆင့်မျှသာ ဖြစ်သောကြောင့် တစ်ဖက်လူ၏ အမိန့်ကို သဘာဝကျကျပင် ဖီဆန်နိုင်စွမ်း မရှိပေ။

"စီနီယာက ဘယ်သူများလဲ မသိဘူးခင်ဗျ...”

ကျိုးစွေ့သည် အလွန်လှပသော သခင်မကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်၏။ အမှန်အတိုင်း ဆိုရလျှင် သူသည် အလှပိုင်ရှင် မြောက်မြားစွာကို မြင်ဖူးခဲ့သော်လည်း ထူးကဲစွာ အံ့မခန်းဖြစ်သွားမိရသည်။

သူ နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့သော တာအိုလက်တွဲဖော်များမှလွဲ၍ အခြားမည်သူမျှ ဤသခင်မနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ဤသည်က သူ့ကို အဆုံးမဲ့ ရင်ခုန်သွားစေ၏။

မှန်ပေသည်၊ အပေါ်ယံတွင်မူ သူသည် တိမ်တိုက်များကဲ့သို့ ပေါ့ပါးလွင့်မျောကာ အလွန်တည်ငြိမ်နေဆဲ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ သူသည်လည်း အလွန်လှပသော မိန်းမချောများစွာကို မြင်တွေ့ခဲ့ဖူးသောကြောင့် ဤမျှလောက်နှင့် သူ့ကို မည်သည့်ခံစားချက်မျှ ဖြစ်ပေါ်လာစေနိုင်စွမ်း မရှိသေးပေ။

"ငါ့နာမည်က ထောင်ချီလီပါ။ ကျမ်းစာတိုက်ရဲ့ အကြီးအကဲပေါ့...”

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက စုကျဲ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ရမယ်...”

ဤအလွန်လှပသော သခင်မက ချစ်စဖွယ် ပြုံးလိုက်ပြီး သူမ၏ လှပသောမျက်လုံးများ တောက်ပသွားကာ ကျိုးစွေ့ကို အပေါ်အောက် အကဲခတ် ကြည့်ရှုလိုက်၏။

အမှန်အတိုင်းဆိုရလျှင် သူမသည် သူမရှေ့ရှိ ဤအမျိုးသားကို အလွန် သိချင်စိတ်ပြင်းပြနေခဲ့သည်မှာ ကြာပြီဖြစ်လေ၏။

မည်သို့ပင်ဖြစ်စေ လူသားဧကရာဇ်၏ သမီးတော်ဖြစ်သော ပိုင်စုကျဲ့ကဲ့သို့ အမျိုးသမီးတစ်ဦးကိုပင် အလွန်အမင်း စွဲလမ်းသွားစေပြီး တစ်ဖက်လူ၏ တာအိုလက်တွဲဖော်ဖြစ်ရန် ကိုယ်တိုင် စတင်ချဉ်းကပ်လာစေခဲ့သည် မဟုတ်ပါလော။

တစ်ဖက်လူ၏ ဆွဲဆောင်မှုကို တွေးကြည့်နိုင်ပေသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဤအမျိုးသားသည် အမှတ် (၈၈) တာအိုကျောင်းတော်တွင်သာ အမြဲတစေ ပြင်းပြင်းထန်ထန် ကျင့်ကြံနေပြီး အပြင်ထွက်ခဲလှသည်။

ထို့ကြောင့် သူမအနေဖြင့် သူ့ကို တွေ့ဆုံနိုင်ရန် အခွင့်အရေး များများစားစား မရှိခဲ့ချေ။

ဤအမျိုးသား ကျမ်းစာတိုက်သို့ ပထမဆုံးအကြိမ် ခြေချလာကြောင်းကို သိလိုက်ရသောအခါ သူမသည် သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဤအမျိုးသားကို မြင်တွေ့ရန် ပြေးထွက်လာခဲ့မိ၏။ ယခု တွေ့ဆုံလိုက်ရချိန်တွင် သူမသည် ရုတ်တရက် ရင်ခုန်သွားမိလေသည်။

သူမသည် ဤမျှ ရုပ်ရည်ချောမောသော အမျိုးသားကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ လူ့လောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ တင့်တယ်ခံ့ညားလှပေ၏။

အမှန်အတိုင်း ဆိုရလျှင် သူမသည်လည်း လူသားမျိုးနွယ်၏ ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးပေ၏။

သို့သော် မည်သူတစ်ဦးတစ်ယောက်၏ အရှိန်အဝါကမျှ သူနှင့် ယှဉ်နိုင်စွမ်း မရှိခဲ့ချေ။

အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်မည်ဆိုလျှင် ထိုသူသည် သေချာပေါက် အလွန်အမင်း မျက်နှာများလှသော အမျိုးသားတစ်ဦးဖြစ်ပြီး အမျိုးသမီးမည်မျှ၏ အချစ်ကို ဆွဲဆောင်နိုင်မည်ကို မသိနိုင်ပေ။

အကယ်၍ သူမသာ အိမ်ထောင်မကျခဲ့ပါက အဆုံးမဲ့ ရင်ခုန်သွားမိနိုင်ပေ၏။

"စီနီယာထောင် ပါလား...”

"ဖုန်းရှီးမြို့ရဲ့ တစ်ဦးတည်းသော သတ္တမအဆင့် အစီအရင် မဟာဆရာသခင်ပဲ...”

ကျိုးစွေ့က ရုတ်တရက် သဘောပေါက်သွားပြီး ထောင်ချီလီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို သူ ချက်ချင်း သတိရသွားလေသည်။

All Chapters