← Chapters

အခန်း (၇၃၇-၇၃၈)

Vol. 69 Ch. 737-738

အခန်း (၇၃၇-၇၃၈)

Vol. 69 Ch. 737-738

အခန်း (၇၃၇) - အလှပန်းလေး သခင်မထောင်ချီလီ၊ ကောင်းကင်နှင့်မြေကြီး မီးပေါင်းဖိုပညာရပ်၊ ကျမ်းစာတိုက် အမွေအနှစ်များကို ကူးယူခြင်း(၃)။

ဖုန်းရှီးမြို့တွင် နှစ်တစ်ရာကြာ နေထိုင်လာခဲ့ရာတွင် သူသည် မည်သည့်အရာကိုမျှ မစုံစမ်းဘဲ နေခဲ့သည် မဟုတ်ပေ။

အနည်းဆုံး ဤမြို့တော်ရှိ စွမ်းအားရှင်များစွာ၏ သတင်းအချက်အလက်များကို သူ သိရှိထားပေ၏။

ဤထောင်ချီလီဆိုသည်မှာ ထောင်သခင်မပင် ဖြစ်လေသည်။

ကောလာဟလများအရ သူမသည် ကျန်ရစ်သူ မုဆိုးမတစ်ဦး ဖြစ်သည်ဟု သိရ၏။

သူမ၏ စေ့စပ်ထားသူမှာ ထူးချွန်ထက်မြက်လှသော လူသားမျိုးနွယ်၏ ပါရမီရှင်တစ်ဦး ဖြစ်ပေ၏။

ဝမ်းနည်းစရာကောင်းသည်မှာ အလွန်တရာ ပါရမီထူးချွန်လွန်းလှသောကြောင့် ရုပ်သေးမျိုးနွယ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။

မည်သို့ပင်ဆိုစေကာမူ ရုပ်သေးမျိုးနွယ်အတွက်မူ ပါရမီပို၍ ထူးချွန်သော လူသားများဆိုလျှင် ပို၍ သေဆုံးသင့်ပေသည်။

သို့မဟုတ်ပါက နောင်တစ်ချိန်တွင် ရုပ်သေးမျိုးနွယ်၏ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာမည်မှာ သေချာလှပေ၏။

သေချာစွာ စီစဉ်ထားသော လုပ်ကြံသတ်ဖြတ်မှုတစ်ခုအောက်တွင် တစ်ဖက်လူသည်လည်း မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရလေသည်။

သို့သော် ဤထောင်သခင်မသည် နောက်အိမ်ထောင် ထပ်မပြုခဲ့ဘဲ သူမကိုယ်သူမ ထောင်သခင်မအဖြစ်သာ ဆက်လက် ခံယူထားခဲ့၏။

မှန်ပေသည်၊ ဤသည်က အသေးအဖွဲ ကိစ္စရပ်တစ်ခုမျှသာ ဖြစ်ပေ၏။

သူ့အတွက်မူ ဤထောင်သခင်မသည် သတ္တမအဆင့် အစီအရင် မဟာဆရာသခင် တစ်ဦးဖြစ်လေသည်။

လူသားမျိုးနွယ်တစ်ခုလုံးတွင် သူမသည် အလွန်တရာ ရှားပါးသော အစီအရင်ပညာရှင် တစ်ဦးပင် ဖြစ်၏။

ကောလာဟလများအရ ဖုန်းရှီးမြို့၏ သတ္တမအဆင့် အထွတ်အထိပ် မဟာအစီအရင်ကြီးကို ဤထောင်သခင်မက ခင်းကျင်းထားခြင်းဖြစ်သည်ဟု သိရ၏။

ဤထောင်သခင်မ၏ ဖုန်းရှီးမြို့ရှိ အဆင့်အတန်းသည် သေချာပေါက် အလွန်အရေးပါသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း တွေးကြည့်၍ ရနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ဖုန်းရှီးတာအိုအရှင်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သော မိတ်ဆွေကောင်းများလည်း ဖြစ်ကြ၏။

ယခုတစ်ကြိမ် မြို့တည်ဆောက်ရာတွင်လည်း နှစ်ဦးသား ပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ခြင်း ဖြစ်လေသည်။

"ယဉ်ကျေးလွန်းနေပါပြီ။ ဒါတွေက အလကား အမည်ခံသက်သက်ပါပဲ...”

"တာအိုရောင်းရင်းကျိုးက ပဉ္စမအဆင့် အထွတ်အထိပ် ဆေးဖော်စပ်ပညာရှင် တစ်ဦးသာမကဘဲ ပဉ္စမအဆင့် အစီအရင်ပညာရှင် တစ်ယောက်လည်း ဖြစ်တယ်လို့ ငါ ကြားထားတယ်...”

"အဲဒါက အမှန်ပဲလား ဒါမှမဟုတ် ကောလဟာလများလား...”

ထောင်ချီလီသည် ကျိုးစွေ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင်လည်း စမ်းသပ်စစ်ဆေးလိုသော သဘောထားအချို့ ရှိနေလေသည်။

မည်သို့ပင်ဖြစ်စေ လူတစ်ဦး၏ စွမ်းအင်မှာ ကန့်သတ်ချက်ရှိပြီး ဆေးဖော်စပ်ပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမှာပင် မွေးရာပါ ပါရမီရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

သို့သော် ဤသူသည် ဆေးဖော်စပ်ပညာကို ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် အစီအရင်ပညာရပ်များတွင်လည်း အဆင့်အတန်းတစ်ခုအထိ ရောက်ရှိနေခြင်းက အမှန်တကယ်ပင် စဉ်းစား၍မရနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းလှပေသည်။

သူမအနေဖြင့် ဤသူသည် ကြွားလုံးထုတ်နေခြင်းလား သို့မဟုတ် ဤကဲ့သို့ အံ့မခန်း ပါရမီရှိနေခြင်းလားဆိုသည်ကို မသိနိုင်ချေ။

အမှန်အတိုင်း ဆိုရလျှင် သူမသည် ပိုင်စုကျဲ့၏ စီနီယာတစ်ဦးအနေဖြင့် ပိုင်စုကျဲ့ကို ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ ကြည့်ရှုလာခဲ့ပြီး သူမ၏ ကိုယ်ပိုင်သမီးအရင်းကဲ့သို့ သဘောထားနေခဲ့ရာ သာမန်အမျိုးသားတစ်ဦးက သူမ၏သမီးကို ခေါ်ဆောင်သွားမည်ကို သဘာဝကျကျ မမြင်တွေ့လိုပေ။

အကယ်၍ ဤအမျိုးသား၏ အရည်အချင်းက မလုံလောက်ခဲ့ပါလျှင်၊ သူမအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ကာ ဤမသင့်လျော်သော ရေစက်ကို ဖြတ်တောက်ရမည်သာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လူသားဧကရာဇ်၏ သမီးတော်ဆိုသည်မှာ ကြုံရာကျပန်း မည်သည့်အမျိုးသားကမဆို လက်ထပ်ယူနိုင်သည်မျိုး မဟုတ်ပေ။

"ဒါက... နည်းနည်းပါးပါးတော့ နားလည်ပါတယ်...”

ကျိုးစွေ့က နှိမ့်ချစွာ ပြောလိုက်၏။

ထို့နောက်တွင်မူ ထောင်ချီလီက ကျိုးစွေ့အား ဤအမျိုးသား၏ အဆင့်အတန်း မည်မျှရှိသည်ကို သိရှိရန် စစ်ဆေးမေးမြန်းမှုများ စတင်ပြုလုပ်လေတော့၏။

သို့ရာတွင် သူမက ပို၍မေးမြန်းလေလေ၊ ပို၍အံ့ဩတုန်လှုပ်လာရလေလေ ဖြစ်နေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမရှေ့မှောက်ရှိ အမျိုးသား၏ အစီအရင်အဆင့်မှာ ပဉ္စမအဆင့်တွင်သာ ရပ်တန့်မနေဘဲ ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပုံရသောကြောင့် ဖြစ်၏။

ထို့ပြင် ဤအမျိုးသားက ရှေးဟောင်းနှင့် ခေတ်သစ်ကို နှံ့စပ်စွာ သိမြင်ထားပြီး များစွာသော အစီအရင်များကို လက်ဖဝါးပြင်ကဲ့သို့ ကွက်ကွက်ကွင်းကွင်း သိမြင်ထားကာ အခြေခံအုတ်မြစ်မှာ သူမထက်ပင် ပို၍ခိုင်မာနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ လောကတွင် အစီအရင်များက များပြားလွန်းလှပြီး သူမ၏ စွမ်းအင်မှာလည်း ကန့်သတ်ချက်ရှိရာ အားလုံးကို ရှင်းလင်းစွာ သိရှိနိုင်ရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

သို့သော် ယခုမူ သူမရှေ့မှောက်ရှိ ဤအမျိုးသားမှာ အစီအရင်တစ်ခုစီတိုင်းကို ထိုးထွင်းသိမြင်ထားပြီး အစီအရင်ဆိုင်ရာ အသိပညာအားလုံးကို ပေါင်းစပ်နားလည်ကာ အလုံးစုံ မှတ်သားထားသည့်အလား ဖြစ်နေပေသည်။

ဤကဲ့သို့သော မှတ်ဉာဏ်စွမ်းရည်မှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်စေပြီး အခြေခံအားဖြင့် မကောင်းဆိုးဝါးတစ်ကောင်နှင့်ပင် တူနေချေပြီ။

တစ်နည်းဆိုရလျှင် ဤသူ၏ ကျင့်ကြံမှုက နတ်ဘုရားအသွင်ပြောင်းအလယ်အဆင့်တွင်သာ ရှိသေးသော်လည်း ဆဋ္ဌမအဆင့် အစီအရင်ကျင့်ကြံမှု ရှိနေခြင်းပင်။

အပြင်တွင် ပြောပြမည်ဆိုလျှင် ယုံကြည်မည့်သူ လက်တစ်ဆုပ်စာမျှသာ ရှိပေလိမ့်မည်။

မှန်ပေသည်၊ ကျိုးစွေ့သည်လည်း ဤသို့စစ်ဆေးမေးမြန်းခြင်းကို နှစ်သက်သဘောကျပေသည်။

အဘယ်ကြောင့်ဆိုသော် စစ်ဆေးမေးမြန်းသည့် အချိန်ကြာလေလေ 'စာအုပ်ကူ' မှ ကူးယူနိုင်သည့် အကြောင်းအရာများ ပိုများလေလေဖြစ်ရာ၊ သူ့အနေဖြင့် ကျမ်းစာတိုက်အတွင်း ပို၍အချိန်ကြာကြာ နေရမည်ကိုလည်း စိတ်အနှောင့်အယှက် မဖြစ်ပေ။

တစ်နာရီအကြာတွင် ထောင်ချီလီက စစ်ဆေးမေးမြန်းမှုကို ရပ်တန့်လိုက်ပြီး ရှုပ်ထွေးလွန်းလှသော မျက်ဝန်းလှလှလေးများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်၏။

သူမအနေဖြင့် ဤအမျိုးသား၏ အစီအရင်အဆင့်အတန်းကို အလုံးစုံ နားလည်သွားပြီဖြစ်သည်။ ဆဋ္ဌမအလယ်အဆင့်သို့ သေချာပေါက် ရောက်ရှိနေပြီး ဆဋ္ဌမအထက်အဆင့်နှင့်လည်း မဝေးတော့ပေ။

သူမ၏ အစီအရင်ပါရမီမှာ မဆိုးလှဟု သူမကိုယ်သူမ ထင်မှတ်ထားခဲ့သည်။ ဧကန်စင်စစ် ဒဏ္ဍာရီလာ တာအိုဖြန့်ကျက်နတ်ခန္ဓာ ပိုင်ရှင်ဖြစ်ပေသည်။

လူသားမျိုးနွယ်၏ အသန်မာဆုံးသော အစီအရင်ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်မှာ သေချာပြီး မွေးရာပါ အစီအရင်ပညာရှင်တစ်ဦး ဖြစ်၏။

အခြေခံအားဖြင့် မွေးဖွားလာကတည်းကပင် သူမက အာရုံနှစ်ပါးကို တစ်ပြိုင်နက် အသုံးပြုနိုင်ခဲ့၏။

ယခုအချိန်တွင်မူ အာရုံတစ်ထောင်ကိုပင် တစ်ပြိုင်နက် အသုံးပြုနိုင်နေပြီ ဖြစ်လေသည်။

ထိုသို့ဆိုလျှင် သူမ၏ တွက်ချက်နိုင်စွမ်း မည်မျှအားကောင်းကြောင်းကို သိမြင်နိုင်ပြီး အံ့မခန်းဖြစ်စေသည်။

သို့ရာတွင် သူမရှေ့မှောက်ရှိ ဤအမျိုးသားက သူမထက်ပင် တစ်ဆင့်သာလွန်နေပုံ ရပေသည်။

အကယ်၍ ဤသည်က မကောင်းဆိုးဝါး မဟုတ်လျှင် မည်သည့်အရာက မကောင်းဆိုးဝါး ဖြစ်ပါမည်နည်း။

"တာအိုရောင်းရင်းကျိုး... ရှင် ဆေးဝါးတာအိုကို ကျင့်ကြံတာက တကယ်ကို နှမြောစရာကောင်းလွန်းတယ်...”

"အစီအရင်တာအိုကိုပဲ သီးသန့်ကျင့်ကြံပါလား။ ရှင်က သေချာပေါက် အစီအရင်တာအို သခင်ကြီးပဲ...”

"နောင်တစ်ချိန်မှာ အဋ္ဌမအဆင့် အစီအရင်ပညာရှင် ဖြစ်လာတာပဲဆိုစေ၊ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် အစီအရင်တာအိုသခင်ကြီး ဖြစ်လာတာပဲဆိုစေ မဖြစ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ဘူး...”

ထောင်ချီလီခမျာ လုံးဝကို အရှုံးပေးသွားရချေပြီ။

သူမက မျက်ဝန်းလှလှလေးများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် ထူးခြားသော အရောင်အဝါများ တောက်ပနေ၏။

ဤကဲ့သို့သော အစီအရင်ပါရမီရှင်မျိုးကို သူမအနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ သေချာပေါက် ပြန်လည်ခေါ်ဆောင်လာရမည် မဟုတ်ပါလော။

ဆေးဝါးတာအိုအား သွားသင်ယူနေခြင်းက အမှန်တကယ်ပင် ဘုရားပေးသော ပါရမီကို အလဟဿ ဖြုန်းတီးပစ်ခြင်းပင် ဖြစ်၏။

အစီအရင်သာလျှင် ဤအမျိုးသား၏ တစ်သက်တာ လိုက်စားရမည့် လမ်းကြောင်း ဖြစ်ပေသည်။

"အကြီးအကဲထောင် မြှောက်ပင့်လွန်းနေပါပြီ...”

"ဒါပေမဲ့ အစီအရင်တာအိုကို ကျုပ် လက်မလွှတ်နိုင်သလို၊ ဆေးဝါးတာအိုကိုလည်း သင်ယူချင်ပါတယ်...”

"ရင့်ကျက်တဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သဘာဝကျကျ အားလုံးကို လိုချင်တာပေါ့...”

ကျိုးစွေ့က ပြုံးရွှင်စွာ ပြောလိုက်၏။

"ဒါက...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီမှာ ဆွံ့အသွားရပြီး ဘာပြောရမှန်းပင် မသိတော့ပေ။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သက်တမ်းမှာ ကန့်သတ်ချက်ရှိသည် မဟုတ်ပါလော။ မည်ကဲ့သို့ ဘက်စုံတော်သည့် ပါရမီရှင် ဖြစ်လာနိုင်မည်နည်း။

လမ်းကြောင်းတစ်ခုတည်းကို ကျင့်ကြံရန်ပင် အချိန်မည်မျှ ကုန်ဆုံးရမည်ကို မသိနိုင်ပေ။

ဤအမျိုးသားက အားလုံးကို သင်ယူချင်နေသေးရာ ဤသည်က အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်ပါလော။

သို့ရာတွင် ဤအမျိုးသားက ပေါ့ပေါ့ပါးပါး သင်ယူထားသလိုမျိုးဖြင့် နတ်ဘုရားအသွင်ပြောင်းအလယ်အဆင့်မျှသာ ရှိသော်လည်း အစီအရင်ကျင့်ကြံမှုမှာ ဆဋ္ဌမအလယ်အဆင့်သို့ ရောက်ရှိနေခြင်းကို တွေးမိလိုက်ချိန်တွင် ထိုသို့သော ပါရမီက သူမကို အမှန်တကယ်ပင် စကားမဆိုနိုင်အောင် ဖြစ်သွားစေ၏။

လောကကြီးတွင် ဤသို့သော ယုတ္တိမတန်သည့် ပါရမီရှင်မျိုး ရှိနေခြင်းမှာ မဖြစ်နိုင်ပေ။

ဤသို့ စည်းမျဉ်းများကို ကျော်လွန်နေသော ပါရမီရှင်နှင့် ပတ်သက်၍ သူမမှာလည်း ပြောစရာစကား မရှိတော့။ အဆုံးသတ်၌ သွန်သင်ဆုံးမမည့် စကားများကိုပင် သူမ နှုတ်မှ မထွက်နိုင်တော့ချေ။

"ကောင်းပြီလေ။ ရှင်က အကုန်သင်ချင်နေမှတော့ ကျမလည်း ဘယ်တားလို့ဖြစ်ပါ့မလဲ...”

"ရှင့်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ဖို့နဲ့ အချိန်တွေ အလဟဿ မဖြစ်စေဖို့ မျှော်လင့်ပါတယ်...”

"အတော်ပဲ၊ ကျမ်းစာတိုက်မှာလည်း ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ဆိုတဲ့ ဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်တစ်ခု ရှိတယ်...”

"အကယ်၍ ဒီနတ်ဘုရားမန္တန်ပညာရပ်ကိုသာ သင်ယူတတ်မြောက်သွားမယ်ဆိုရင် ရှင် ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့က မကြာတော့ဘူး...”

ထောင်ချီလီမှာ မတတ်သာတော့ဘဲ ကျိုးစွေ့အတွက် ဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်တစ်ခုကိုသာ ရွေးချယ်ပေးလိုက်ရလေသည်။

"ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်လား...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး 'စာအုပ်ကူ' ထံမှ ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်၏ အချက်အလက်များကို ချက်ချင်း ရရှိသွားလေသည်။

မှန်ပေသည်၊ ယခုအခါတွင် 'စာအုပ်ကူ' သည် ဤကျမ်းစာတိုက်ရှိ စာအုပ်များ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်ကို ကူးယူပြီးစီးနေပြီ ဖြစ်၏။

ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်၏ ကျင့်စဉ်ကိုလည်း ရရှိထားပြီးဖြစ်ပေသည်။

ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက သံသယဖြစ်ဖွယ်မရှိ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်က ပို၍အားကောင်းလှသည်။

ဤသည်က နတ်ဘုရားမန္တန်ပညာရပ်တစ်ခု ဖြစ်နေခြင်းပင်။

ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သည်နှင့် တစ်ပြိုင်နက်၊ ထိုက်ယင်ချီနှင့် ထိုက်ယန်ချီတို့ကို အသုံးပြုကာ ယင်ယန်ဆေးပေါင်းဖို သို့မဟုတ် ကောင်းကင်မြေကြီး ဆေးပေါင်းဖိုအဖြစ် စုစည်းနိုင်မည် ဖြစ်သည်။

ထိုဆေးပေါင်းဖို၏ စွမ်းအားကို အသုံးပြု၍ ဆေးလုံးအမျိုးမျိုးကို ဖော်စပ်နိုင်ပြီး ဝိညာဉ်ဆေးပင်များမှ အညစ်အကြေးများကို ဖယ်ရှားနိုင်မည် စသည်ဖြင့် ဖြစ်၏။

ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကို တတ်မြောက်ပါက ဆေးလုံးဖော်စပ်ရာတွင် အောင်မြင်နိုင်ခြေ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းကျော်အထိ တိုးတက်လာမည်ဟု ဆိုနိုင်ပေသည်။

ပြဿနာမှာ ဤနတ်ဘုရားမန္တန်ပညာရပ်ကို တတ်မြောက်ရန်မှာ အလွန်တရာမှ ခက်ခဲလွန်းလှခြင်း ဖြစ်လေတော့သည်။

အခန်း (၇၃၈) - အလှပန်းလေး သခင်မထောင်ချီလီ၊ ကောင်းကင်နှင့်မြေကြီး မီးပေါင်းဖိုပညာရပ်၊ ကျမ်းစာတိုက် အမွေအနှစ်များကို ကူးယူခြင်း(၄)။

ကျမ်းစာတိုက်တွင် ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကို သိမ်းဆည်းထားသော်လည်း အမှန်တကယ် သင်ယူတတ်မြောက်နိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှသည်။

အကယ်၍ အမှန်တကယ် တတ်မြောက်ခဲ့လျှင်ပင် အခြေခံအဆင့်တွင်သာ ရှိမည်ဖြစ်ပြီး ရှေ့ဆက်တိုး၍ မရနိုင်တော့ပေ။

ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကို သင်ယူတတ်မြောက်လိုပါက ထိုက်ယင်ချီနှင့် ထိုက်ယန်ချီတို့ကို ဝါးမျိုရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်ယန်ဓာတ်ငါးပါး ပေါင်းစည်းခြင်း၏ နက်နဲမှုကို နားလည်သဘောပေါက်ရမည် ဖြစ်၏။ သို့မှသာ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုကို စုစည်းနိုင်မည် ဖြစ်၏။

ဤနတ်ဘုရားမန္တန်ပညာရပ်၏ ရှုပ်ထွေးမှုအဆင့်မှာ အမှန်တကယ်ပင် စိတ်ကူးထက်ကို ကျော်လွန်နေပေသည်။ ကျမ်းစာတိုက်အတွင်းတွင် ထားရှိသော်လည်း တတ်မြောက်နိုင်သူမှာ အနည်းငယ်မျှသာ ရှိလေသည်။

သို့သော် ဝန်ခံရမည်ဆိုလျှင် ဤနတ်ဘုရားမန္တန်ပညာရပ်ကို တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် လူသားမျိုးနွယ်၏ ထိပ်တန်း ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာမည်မှာ သေချာပေသည်။

ကောင်းကင်မှ ပေးသနားသော ပါရမီရှင်မဟုတ်ပါက သင်ယူတတ်မြောက်နိုင်မည် မဟုတ်ချေ။

မှန်ပေသည်၊ ထောင်ချီလီက ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကို တမင်တကာ ရွေးချယ်ပေးလိုက်ခြင်းမှာ ကျိုးစွေ့ကို အခက်အခဲများနှင့် ရင်ဆိုင်ရပြီး နောက်ဆုတ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

အကယ်၍ ဤဆေးဝါးတာအို နတ်ဘုရားမန္တန်ပညာရပ်ကိုပင် မသင်ယူနိုင်ပါက မိမိကိုယ်ကိုယ် ဆေးဝါးတာအိုနှင့် အစီအရင်တာအိုကို အတူတကွ သင်ယူမည်ဟု ပြောမနေဘဲ၊ လိမ္မာရေးခြားရှိစွာဖြင့် အစီအရင်တာအို အသိပညာကိုသာ အာရုံစိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

ဤသည်က ထောင်ချီလီ၏ ပေါ်တင်အကြံအစည်ပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

"အကြီးအကဲထောင်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီနတ်ဘုရားမန္တန်ပညာရပ်ကို လဲလှယ်ဖို့ဆိုရင် ပံ့ပိုးမှုရမှတ် ဘယ်လောက်လိုမလဲဆိုတာ မသိဘူးနော်...”

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး ထောင်ချီလီကို ကြည့်ကာ မေးလိုက်၏။

သူက ဤနတ်ဘုရားမန္တန်ပညာရပ်၏ အကြောင်းအရာအားလုံးကို ရရှိပြီးဖြစ်သော်လည်း ပံ့ပိုးမှုရမှတ်များ အသုံးပြု၍ လဲလှယ်ရန် လိုအပ်နေဆဲ ဖြစ်ပေသည်။

သို့မဟုတ်ပါက အခြားကျင့်ကြံသူများက သူ ကျမ်းစာတိုက်ရှိ လဲလှယ်ခဲ့ခြင်းမရှိသော ကျင့်စဉ်များကို တတ်မြောက်နေသည်ကို တွေ့ရှိသွားလျှင်မူ ထိုကျင့်ကြံသူများက သူ၏ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို သေချာပေါက် သိရှိသွားကြပေလိမ့်မည်။

ထိုသို့သောကိစ္စမျိုး ဖြစ်မလာစေရန်အတွက် သဘာဝကျကျ ပံ့ပိုးမှုရမှတ်များ အသုံးပြုကာ လဲလှယ်ရန် လိုအပ်သည်။

သို့မှသာ 'စာအုပ်ကူ' ၏ စွမ်းအားများ ပေါက်ကြားသွားခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်၏။

အကယ်၍ ပေါက်ကြားသွားပါက သူ ကျမ်းစာတိုက်သို့ လာရောက်နိုင်တော့မည် မဟုတ်ချေ။

"ကျမ ရှင့်အတွက် လဲလှယ်ပေးပါ့မယ်။ စီနီယာတစ်ယောက်က ဂျူနီယာကို ပေးတဲ့ လက်ဆောင်အဖြစ် သဘောထားလိုက်ပါ...”

"စုကျဲ့က ကျမ ငယ်ငယ်ကတည်းက မျက်စိအောက်မှာ ကြီးပြင်းလာတဲ့ ကလေးမလေးပါ။ ရှင် သူမကို သေသေချာချာ ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်...”

"သူမကို ဝမ်းနည်းစိတ်ပျက်အောင် မလုပ်ပါနဲ့...”

"အဲဒီလိုမှ မဟုတ်ရင် ကျမ ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး...”

ထောင်ချီလီက မျက်ဝန်းလှလှလေးများဖြင့် ကျိုးစွေ့ကို ကြည့်ကာ သတိပေးသည့် အမူအရာအား ပြသလိုက်၏။

မှန်ပေသည်၊ သူမအနေဖြင့် ပါရမီရှင်တစ်ဦးကို နှမြောသည့်စိတ်နှင့် ပိုင်စုကျဲ့၏ မျက်နှာကို ထောက်ထား၍သာ ဤအမျိုးသားကို ကူညီပေးခြင်း ဖြစ်ပေသည်။

သို့မဟုတ်ပါက သူမ၏ ပံ့ပိုးမှုရမှတ်များကို အသုံးပြုကာ ဤအမျိုးသားအတွက် ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကို မည်သည့်အတွက် လဲလှယ်ပေးပါမည်နည်း။

"ဒီလိုလား… ဒါဆိုရင် အကြီးအကဲထောင်ကို ကျေးဇူးတင်ပါတယ်...”

"စိတ်ချပါ။ ကျုပ် စုကျဲ့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်သလို အကြီးအကဲကိုလည်း စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး...”

ကျိုးစွေ့က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ထောင်ချီလီ၏ စကားများကြောင့် သူ၏စိတ်နှလုံး ယိမ်းယိုင်သွားခြင်းမရှိသလို နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်း မရှိကာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ထောင်ချီလီက သူမရှေ့မှောက်ရှိ အမျိုးသားသည်ကား လိုသလို ပုံသွင်း၍ရသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပို၍ခံစားလာရကာ ပြောလိုက်၏။

"အကယ်၍ ရှင် သဘောတူမယ်ဆိုရင် ကျမ ရှင့်အတွက် ထောက်ခံစာတစ်စောင် ရေးပေးနိုင်ပါတယ်။ ဒါဆိုရင် ရှင် မြို့တော်ကို သွားပြီး သင်ယူလို့ရပြီ...”

"သိထားရမှာက မြို့တော်နဲ့ ယှဉ်လိုက်ရင် ဖုန်းရှီးမြို့က သေးငယ်တဲ့ နေရာလေးတစ်ခုသာသာပါပဲ။ အဲဒီမှာ ရေတွက်လို့မရနိုင်တဲ့ သန်မာသူတွေ ရှိသလို များပြားလွန်းလှတဲ့ ထိပ်တန်း အမွေအနှစ်တွေလည်း ရှိတယ်။ မြို့တော်ကို သွားမှသာ ရှင် ပိုပြီး မြန်မြန်ဆန်ဆန် ရင့်ကျက်ကြီးထွားလာနိုင်လိမ့်မယ်...”

ဤအမျိုးသား ဖုန်းရှီးမြို့တွင် ကျန်ရစ်နေခြင်းက အမှန်တကယ်ပင် နှမြောစရာကောင်းလွန်းပြီး သူ၏ပါရမီကို အလဟဿ ဖြုန်းတီးပစ်လိုက်ခြင်း ဖြစ်သည်ဟု သူမ ခံစားရသည်။

"အကြီးအကဲက မြှောက်ပင့်လွန်းနေပြန်ပါပြီ...”

"ကျုပ် မြို့တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး...”

"ဖုန်းရှီးမြို့ရဲ့ အမွေအနှစ် အသိပညာတွေကို သင်ယူဖို့တင်ပဲ နှစ်ဘယ်လောက်ကြာမလဲ မသိနိုင်ဘူးလေ...”

"အကယ်၍ မြို့တော်ကို တကယ်သွားဖြစ်ရင်တောင်မှ ပိုပြီး သင်ယူနိုင်မယ်လို့ မသေချာဘူး...”

"ဒါပေမဲ့ မြို့တော်က အဲဒီလောက်ကောင်းနေမှတော့ ဘာလို့ အကြီးအကဲထောင်က ဒီကို လာခဲ့ရတာလဲ...”

ကျိုးစွေ့က သိချင်စိတ်ဖြင့် ထောင်ချီလီကို ကြည့်လိုက်၏။

ဤအမျိုးသမီး၏ ဇာတ်လမ်းကို သူ အလွန် သိချင်နေမိတော့သည်။

အမှန်အတိုင်းဆိုရလျှင် သူ၏ လက်ရှိအဆင့်ဖြင့် မြို့တော်သို့ သွားရန်မှာ မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်ကြံမှုမှာ အလွန် အားနည်းသေးသည်ဖြစ်ရာ မြို့တော်သို့ သွားရောက်ပါက မည်သည့်ကိစ္စများ ဖြစ်လာမည်ကို မသိနိုင်ချေ။

ဤနေရာတွင်သာ နေထိုင်ပြီး ဖြည်းဖြည်းချင်း ကျင့်ကြံကာ ကျင့်ကြံမှုကို မြှင့်တင်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

သူ၏ ကျင့်ကြံမှုက လေဟာနယ်သန့်စင်ခြင်းအဆင့်၊ သို့မဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ မြင့်တက်လာသည့်အချိန်ရောက်မှ မြို့တော်သို့ သွားမည်ဆိုပါကလည်း နောက်ကျမည် မဟုတ်ပေ။

"သူများကိစ္စ ဝင်မပါစမ်းနဲ့...”

ထောင်ချီလီက စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်၏။

သူမအနေဖြင့် ဖုန်းရှီးတာအိုအရှင်နှင့်အတူ ဤမြို့သို့ လိုက်ပါလာပြီး လူသားမျိုးနွယ်အတွက် မြို့သစ်တစ်မြို့ တည်ထောင်ပေးရသည့် အရေးအကြီးဆုံးသော အကြောင်းရင်းမှာ သဘာဝကျကျ မြို့တော်နှင့် ဝေးရာသို့ ထွက်ပြေးချင်သောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အရည်အချင်းပြည့်ဝပြီး အံ့မခန်း အလှတရားကို ပိုင်ဆိုင်ထားသလို သတ္တမအဆင့် အစီအရင်ပညာရှင်တစ်ဦးလည်း ဖြစ်သည့်အပြင် မုဆိုးမတစ်ဦးလည်း ဖြစ်ပေသည်။

မြို့တော်အတွင်းတွင် သူမကို မျက်စိကျနေသူများက အနည်းအကျဉ်းလေး မဟုတ်ချေ။

များစွာသော ကျင့်ကြံသူများက ယင်ကောင်များကဲ့သို့ သူမဘေးတွင် ဝိုင်းရံနေကြရာ စိတ်အနှောင့်အယှက် ဖြစ်ရလွန်းလှသည်။

ထိုအနှောင့်အယှက်များကို ရှောင်ရှားနိုင်ရန်အတွက် သူမက ဖုန်းရှီးတာအိုအရှင်နှင့်အတူ မိုးကြိုးတောင်တန်းသို့ လာရောက်ကာ မြို့သစ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။

ဝန်ခံရမည်ဆိုလျှင် ဤနည်းလမ်းက အမှန်တကယ်ပင် အသုံးဝင်လှသည်။

ဖုန်းရှီးမြို့သို့ ရောက်ရှိလာပြီးနောက်ပိုင်း ထိုအကြံအစည်ရှိသော လိုက်လံပိုးပန်းသူများက အမှန်တကယ်ပင် ထက်ဝက်ကျော်ခန့် ပျောက်ကွယ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူအနေဖြင့် သူတို့၏ အနာဂတ်များကို စတေးကာ သူမနှင့်အတူ မည်သည့်အရာမှ မရှိသေးသော မြို့သစ်လေးသို့ လိုက်ပါလာရန်မှာ မဖြစ်နိုင်ပေ။

သူမသည်လည်း အခြားသူများ၏ အနှောင့်အယှက်ကို စိုးရိမ်စရာမလိုဘဲ ကောင်းမွန်သော နေ့ရက်အချို့ကို ဖြတ်သန်းနိုင်ခဲ့သည်။

မှန်ပေသည်၊ ဤအရာအားလုံးသည် သူမ၏ လျှို့ဝှက်ချက်များဖြစ်ပြီး ပြင်ပလူများကို သိခွင့်ပေးမည် မဟုတ်ပေ။

ဝုန်း...။

စကားသံဆုံးသည်နှင့် ဖုန်းရှီးမြို့တစ်ခွင်လုံး ချက်ချင်းဆိုသလို ကြီးမားသော တုန်ခါယိမ်းယိုင်မှုကြီး ဖြစ်ပေါ်လာပြီး ပြင်းထန်သော လှုပ်ခတ်မှုလှိုင်းများ ရိုက်ခတ်လာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က အရပ်ရှစ်မျက်နှာသို့ လွှမ်းခြုံသွားလေသည်။

ကျမ်းစာတိုက်သည်လည်း ပထမဆုံး ပစ်မှတ်ထားခံလိုက်ရပုံရပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ကျမ်းစာတိုက်ကို တိုက်ခိုက်နေလေတော့သည်။

"ကျစ်... ဘယ်သူက ကျမ်းစာတိုက်ကို တိုက်ခိုက်နေတာလဲ"

ထောင်ချီလီ၏ မျက်နှာက ပြောင်းလဲသွား၏။

သူမသည် စိတ်အာရုံကို အသက်သွင်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျမ်းစာတိုက်၏ ဆဋ္ဌမအဆင့် အဆင့်မြင့်အစီအရင်ကို ဖွင့်လှစ်လိုက်လေသည်။

ကျမ်းစာတိုက်တစ်ခုလုံးတွင် အစီအရင်အကာအကွယ်လေးလွှာ ပေါ်ပေါက်လာပြီး ပင်မတံခါးကြီးကိုလည်း ချက်ချင်းပိတ်ချလိုက်ကာ မည်သူမျှ ဝင်ထွက်ခွင့် မပြုတော့ချေ။

ထိုအချိန်တွင် ကျမ်းစာတိုက်အပြင်ဘက်၌ လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံမြွေသုံးကောင်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်သုံးကောင်တို့ ပေါ်လာသည်ကို မြင်လိုက်ရသည်။

၎င်းတို့၏ ခန္ဓာကိုယ်ထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့နှံ့နေပြီး ကျမ်းစာတိုက်ကို တိုက်ခိုက်နေကြ၏။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများ လှုပ်ခတ်လာပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဉ်ချီမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည့်အလားပင်။

"ဟမ့်... ဒီနေရာက ဖုန်းရှီးမြို့ရဲ့ ကျမ်းစာတိုက်ပဲ…"

"ဒါ့အပြင် သတ္တမအဆင့်အစီအရင်ကြီးရဲ့ အစီအရင်ဆုံမှတ်တွေထဲက တစ်ခုဖြစ်လို့ အရမ်းအရေးကြီးတယ်…"

"ဒီအစီအရင်ဆုံမှတ်ကို ဖျက်ဆီးနိုင်ရင် အနည်းဆုံးတော့ အစီအရင်ရဲ့ စွမ်းအားအချို့ကို ဆုံးရှုံးသွားစေနိုင်တယ်…"

"အားလုံးပဲ ပူးပေါင်းပြီး ဒီနေရာက တားမြစ်အစီအရင်ကို အမြန်ဆုံး ဖျက်ဆီးလိုက်ကြစို့…"

"ဆဋ္ဌမအဆင့် တားမြစ်ချက်ချိုးဖြတ်ပုလဲကို သုံး… အဲဒါက ဆဋ္ဌမအဆင့် အစီအရင်တွေအတွက် အထူးထိရောက်တယ်…"

လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသတ္တဝါများစွာသည် သတ်ဖြတ်လိုငွေ့များ ပြင်းထန်နေကြ၏။

၎င်းတို့သည် အသက်အရွယ်အိုမင်းနေပုံရသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုငွေ့များက ပို၍ပင် ပြင်းထန်နေပေသည်။ ဤသည်ကား “သေခါနီးကျားက မည်မျှကြောက်ဖို့ကောင်းသနည်း”ဆိုသည့်အချက်ပင် ဖြစ်လေသည်။

ယခုအချိန်တွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ဘဲ သေခြင်းတရားကိုသာ ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။

မျိုးနွယ်စု၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သမျှ ကာလပတ်လုံး အရာအားလုံးက တန်ဖိုးရှိသည် မဟုတ်ပါလော။

...

တစ်ချိန်တည်းမှာပင် ကျမ်းစာတိုက်တစ်ခုတည်းသာ မဟုတ်ပေ။

ဖုန်းရှီးမြို့တစ်ခွင်ရှိ အရေးကြီးသော နေရာများအားလုံးသည်လည်း ရုပ်သေးမျိုးနွယ်၊ ရွှေဖားပြုတ်မျိုးနွယ်နှင့် မြွေပျံမြွေမျိုးနွယ်တို့၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။

ဥပမာအားဖြင့် အခွန်နှင့်ဘဏ္ဍာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ စစ်ဘက်ဆိုင်ရာဌာန စသည်တို့ပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုဌာနများ တည်ရှိရာ နေရာများသည် ဖုန်းရှီးမြို့၏ အရေးကြီးသော အစီအရင်ဆုံမှတ်များ ဖြစ်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ၎င်းတို့အတွင်း၌ အဆင့်မြင့်ကျင့်ကြံသူ အများအပြားလည်း နေထိုင်ကြလေသည်။

အခွန်နှင့်ဘဏ္ဍာရေးဌာန အဆောက်အအုံခေါင်မိုးပေါ်တွင်။

ရင်သားထွားထွားနှင့် အလှထိပ်ခေါင်တစ်ဦးက မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေပြီး သူမ၏ လှပသော မျက်လုံးအစုံတွင် အေးစက်သော အမူအရာများ ပေါ်လွင်နေ၏။

သူမသည်ကား ဟွားစစ်ချင်ပင် ဖြစ်ပေသည်။

"အစကတော့ မြို့စားမင်း ဒီတစ်ခေါက် မျှားမိတာ ငါးလေးတစ်ကောင်ပဲလို့ ထင်ထားတာ…"

"ဘယ်သူက သိမှာလဲ... ငါးမန်းတစ်ကောင်ကို မျှားမိလာမယ်လို့…"

"လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသတ္တဝါ အကောင်ဆယ်ချီပြီးတောင် ပေါ်လာတာပဲ…"

"ပြီးတော့ အားလုံးက သေမထူးနေမထူး အသေခံတပ်သားတွေချည်းပဲ။ ဒီတစ်ခါတော့ ပြဿနာကြီးပြီ"

"မြို့စားမင်းကတော့ လူတွေကို တကယ် ပြဿနာရှာပေးတတ်တာပဲ… ဟူး…"

ဟွားစစ်ချင်က စိတ်ပျက်လက်ပျက် ပြောလိုက်၏။

မြို့တော်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ကောင်းကင်သို့ ထိုးတက်လာပြီး အကြီးအကျယ် ဖျက်ဆီးနေကြသည်ကို သူမ အာရုံခံမိလေသည်။

"ကိစ္စမရှိပါဘူး။ အခြေခံအားဖြင့်တော့ အားလုံးပြင်ဆင်ပြီးပြီးသားပဲ…"

"အဓိက အဆောက်အအုံကြီးတွေ အားလုံးက အစီအရင်တွေကို ဖွင့်လှစ်ထားတဲ့အတွက် သူတို့ဖျက်ဆီးလို့ မရနိုင်ပါဘူး..."

"တစ်ချိန်တည်းမှာပဲ လျိုမိသားစု၊ ကျူးမိသားစု၊ ဝမ်မိသားစု၊ ဖုန်းမိသားစု စတဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကလည်း အသင့်အနေအထားမှာ ရှိနေကြပါတယ်"

"ဒီမျိုးနွယ်ခြားတွေကို မျိုးဖြုတ်သုတ်သင်ဖို့ အချိန်မရွေး လှုပ်ရှားနိုင်တယ်"

All Chapters