အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း ၁၀၉ - ယင်-ယန် မိုးကြိုးကျားပုံစံ
ကျန်းချန်သည် မိမိရှေ့မှောက်တွင် မြင်တွေ့နေရသော အလွန်လှပလွန်းသည့် အမျိုးသမီးအား စေ့စေ့စပ်စပ် ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်ကာ “မိန်းကလေး... အတိတ်က အကြောင်းတွေကို အတိတ်မှာပဲ ထားရစ်ခဲ့ပါတော့၊ ဘာကြောင့် ဒီအတိတ်ဟောင်းတွေအပေါ်မှာပဲ စွဲလမ်းနေရတာလဲ” ဟု ဆိုလိုက်သည်။
ချင်းယွင်နတ်သမီးသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ ထိတ်လန့်သွားသော ငန်းတစ်ဖွယ် ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
ခပ်ထက်ထက် ဓားစွမ်းအင်တို့က ပတ်ဝန်းကျင်ရှိ သဲမှုန်တို့ကို မီတာတစ်ရာခန့်အထိ လွင့်စင်သွားစေပြီး မိုးကြိုးပစ်သံကဲ့သို့သော အသံဗလံများလည်း ဟိန်းထွက်လာသည်။
ကျန်းချန်သည် မိမိထံသို့ တိုးဝင်လာသော ပြင်းထန်လှသည့် ဓားစွမ်းအင်ကို ကြည့်နေသော်လည်း သူ၏ အမူအရာမှာ အနည်းငယ်မျှပင် ပျက်ယွင်းခြင်းမရှိပေ။ သူသည် အင်္ကျီလက်ကို ညင်သာစွာ ခါလိုက်ပြီးနောက် လက်ညှိုးတစ်ချောင်းကို သာမန်ကာလျှံကာ ထုတ်လိုက်သည်။
ချင်းယွင်နတ်သမီး၏ မျက်နှာအမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားကာ သူမ၏ ဓားကို ရုတ်တရက် ရပ်လိုက်သည်။ လွင့်ပျံနေသော သူမ၏ ဝတ်ရုံစတို့သည် ဖြည်းညှင်းစွာ ပြန်လည်ငြိမ်ကျသွားချိန်တွင် ဓားသွားသည် ကျန်းချန်၏ လည်ပင်းနှင့် တစ်လက်မအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။
ရှောင်ရီရှန်သည် ပြေးဝင်လာရန် ကြိုးစားသော်လည်း ကျန်းချန်က သူမကို တားဆီးလိုက်သည်။ ကြယ်လေးပွင့် သိုင်းသူတော်စင် တစ်ဦး၏ စွမ်းအားသည် သာမန်လူများ တားဆီးနိုင်သော အရာမဟုတ်ပေ။ အနည်းငယ်မျှ မှားယွင်းသွားပါလျှင် သူမ၏ အသက်ဆုံးရှုံးနိုင်သည်။
ကျန်းချန်က ညင်သာစွာပင် “မိန်းကလေး... ဓားတွေ၊ လက်နက်တွေနဲ့ ဘာလို့ ခက်ခက်ခဲခဲ လုပ်နေမှာလဲ၊ အတူတူ ထိုင်ပြီးတော့ အသေးစိတ် ဆွေးနွေးကြတာက ပိုပြီး မကောင်းဘူးလား” ဟု မေးမြန်းလိုက်သည်။
"ဟွန်း" ချင်းယွင်နတ်သမီးက ထေ့ငေါ့ကာ “ရှင်က အဲ့ဒီလို ဆင်ခြေမျိုးကို သုံးပြီးတော့ ဟိုးတုန်းက အရှေ့ဘက်တိုက်ကြီးကနေ ထွက်သွားခဲ့တာလေ၊ ကျွန်မက နောက်တစ်ခါ ထပ်ပြီး လှည့်စားခံရလိမ့်မယ်လို့ ရှင်ထင်နေတာလား”
သူတို့နှစ်ဦး၏ စကားပြောဆိုသံများက ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ နာမည်ကျော် ချင်းယွင်နတ်သမီးက ကွန်ဖြူးရှပ်ပညာရှိနှင့် သိကျွမ်းနေသည်မှာ တကယ့်ကို ယုံကြည်နိုင်စရာ မရှိပေ။
လျိုချင်းယွင်ပင်လျှင် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး မျက်နှာတွင် ချွေးများ စီးကျလာသည်။ အမြဲတမ်း အေးတိအေးစက်နှင့် သီးခြားနေတတ်သော သူ၏ အစ်မဖြစ်သူမှာ ဤကဲ့သို့သော ဘက်အခြမ်းမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“တော်လောက်ပြီ” သူမ၏ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း ချင်းယွင်နတ်သမီးသည် ရုတ်တရက် လှည့်ထွက်သွားပြီး သူမ၏ ဓားကို သိမ်းလိုက်သည်။ ထိုအခါမှသာ လူတိုင်းအပေါ် ဖိနှိပ်ထားသော၊ မတ်တတ်ရပ်ရန်ပင် မစွမ်းနိုင်အောင် ပြင်းထန်လှသော ဓားစွမ်းအားတို့သည် လုံးဝကွယ်ပျောက်သွားတော့သည်။
“မိန်းကလေး ချင်းယွင်...ဒီလောက်နှစ်တွေ ကြာနေတာတောင် မင်းက အရင်လိုပဲ လှပြီး ဆွဲဆောင်မှုရှိနေတုန်းပါပဲ” ဟု ကျန်းချန်က ချီးကျူးလိုက်သည်။
ချင်းယွင်နတ်သမီးသည် အမှန်တကယ်ပင် အလှပဆုံးအမျိုးသမီး ဖြစ်သည်။ ချိုင်လင်းနှင့် ယွင်ယွင်တို့ပင်လျှင် သူမ၏ အလှရှေ့တွင် အနည်းငယ်မျှ လျော့သွားနိုင်သည်။ သူမကို “ရေခဲတောင်အလှလေး” ဟု လူသိများကြပြီး လောကီရေးရာများကို စိတ်မဝင်စားဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူ ဖြစ်သည်။ အားလပ်ချိန်များတွင် ပန်းဝတ်ရည်ကို စားသုံးပြီး နှင်းရည်ကို သောက်သုံးလေ့ရှိသည်။
သူမသည် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိခဲ့သည်။ တကယ့်ကိုပင် အစွမ်းထက်လှသူ ဖြစ်သည်။
ထိုကဲ့သို့သော ပါရမီထူးခြင်းကြောင့် ရှေးမျိုးနွယ်စု ရှစ်စု၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသော်လည်း သူမက အားလုံးကို ငြင်းပယ်ခဲ့သည်။ သူမသည် မိမိ၏ အိပ်မက်များကိုသာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီး အခြားသူများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံမည့်သူ မဟုတ်ပေ။
ချင်းယွင်နတ်သမီးသည် သူမ၏ ပခုံးပေါ်တွင် ဓားကို လွယ်ထားရင်း ကျန်းချန်၏ နောက်ကွယ်မှ ရှောင်ရီရှန်ကို အေးစက်စွာ ကြည့်လိုက်ပြီး “ဒီမိန်းကလေးက ဘယ်သူလဲ” ဟု မေးမြန်းလိုက်သည်။
ရှောင်ရီရှန်သည် ခြေတစ်လှမ်းတိုးလာပြီး ပျာပျာသလဲပင် “ကျွန်မ ရှောင်ရီရှန်က ဆရာ့ရဲ့ တပည့်ပါရှင့်၊ စီနီယာ ချင်းယွင်ကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။
“တပည့်လား”
ချင်းယွင်နတ်သမီးသည် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ “ရှင်က တကယ်ပဲ တပည့်တစ်ယောက်ကို လက်ခံလိုက်တာလား၊ အရင်တုန်းက သိုင်းဝိဇ္ဇာတွေနဲ့ သူတော်စင်တစ်ဝက်အဆင့် ရှိတဲ့သူတွေ အများကြီးက ရှင့်ရဲ့ တပည့်ဖြစ်ချင်ခဲ့ကြပေမဲ့ ရှင်က အားလုံးကို ငြင်းပယ်ခဲ့တာလေ၊ အခုတော့ သိုင်းဆရာသခင်အဆင့်တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တာလား” ဟု မေးလိုက်သည်။
ကျန်းချန်က “ငါ ပျင်းနေတဲ့အချိန်မှာ ရှောင်ရီရှန်က တကယ့်ကို ပါရမီထူးတဲ့သူဖြစ်နေတာကို တွေ့လိုက်ရလို့ ငါ့ဘေးမှာ ထားထားတာပါ” ဟု ပြန်ဖြေလိုက်သည်။
ချင်းယွင်နတ်သမီးက ဘာမှ ထပ်မပြောတော့ဘဲ ရှောင်ရီရှန်ထံသို့ အကြည့်ကို လွှဲလိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်ထဲမှ ထူးခြားသော စွမ်းအင်ကို သူမ အာရုံခံမိလိုက်ချိန်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
သူမက ချက်ချင်းပင် “ငါ အထင်မမှားဘူးဆိုရင် ရှောင်ရီရှန်ရဲ့ ခန္ဓာကိုယ်က ရှားပါးအဆိပ်မိခန္ဓာကိုယ် ဖြစ်လိမ့်မယ်”
ဤကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦး၏ ရှေ့မှောက်တွင် မည်သည့် ဖုံးကွယ်မှုမျိုးကမျှ အလုပ်မဖြစ်ပေ။ ရှောင်ရီရှန်၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော စွမ်းအင်ကို သူမ အလွယ်တကူပင် သိရှိနိုင်သည်။ ကျန်းချန်ကလည်း သူမ ပြောသည်မှာ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ငါ့နောက်ကို လိုက်ခဲ့”
ချင်းယွင်နတ်သမီးသည် ဘေးဘက်သို့ လှည့်လိုက်ပြီး လူတိုင်း၏ရှေ့မှာပင် လေပေါ်သို့ ပျံတက်သွားသည်။ ကျန်းချန်သည် ရှောင်ရီရှန်နှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံကြောင့် လန့်သွားရသည်။
“ရှင် ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင် ကျွန်မ ကမ္ဘာမြေအဆုံးအထိ လိုက်ရှာပြီးတော့ ရှင့်ကို ဆွဲခေါ်လာမှာ”
ထိုစကားကို ကြားသောအခါ ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး နောက်မှ လိုက်ပါသွားရုံကလွဲ၍ အခြားမရှိတော့ချေ။ ကျန်ရစ်ခဲ့သောသူများမှာမူ မည်သို့ဖြစ်ပျက်သွားသည်ကို မသိဘဲ ကြောင်ကြည့်နေကြရသည်။
ကျောက်တုံးနိုင်ငံတော်၏ ဧကရာဇ် ရှီဟန်းသည် တည်ငြိမ်လေးနက်သော အမူအရာရှိနေသည်။ သူနှင့် ဟွမ်းဟန်ဇန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အရင်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ ချင်းယွင်နတ်သမီး၏ အဆင့်မှာ သိုင်းသူတော်စဉ်အဆင့် ကြယ်ငါးပွင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းအလို (သိုင်းသူတော်စဉ်တစ်၀က်အဆင့် အထွတ်အထိပ်အဆင့်) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ အာရုံခံမိလိုက်သည်။ သူမနှင့် ရန်သူဖြစ်ရခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရန်ငြိုးထားမည့်အစား မိတ်ဆွေဖွဲ့ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ချင်းယွင်နတ်သမီး နေထိုင်ရာ အရပ်မှာ အလွန် လှပလှပြီး ငှက်များ၏ တေးဆိုသံနှင့် ပန်းများ၏ ရနံ့တို့ဖြင့် ပြည့်နှက်နေသည်က ကျန်းချန်၏ မက်မွန်တောနှင့် ဆင်တူလှသည်။
ရှောင်ရီရှန်က သူမ၏ ချစ်စရာကောင်းသော မျက်လုံးကြီးများဖြင့် ကြည့်ကာ “ဆရာ... ဒီနေရာရဲ့ အပြင်အဆင်တွေက ကျွန်မတို့ရဲ့ မက်မွန်တောင်က အပြင်အဆင်တွေနဲ့ တူလိုက်တာ” ဟု တိုးတိုးလေး ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီနေရာကို ရှင့်ရဲ့ဆရာက ဖန်တီးခဲ့တာမို့လို့ပဲ” ဟု ချင်းယွင်နတ်သမီးက အေးဆေးစွာ ပြောလိုက်သည်။ “ရှင့်ဆရာရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်သုံး သိုင်းဝိဇ္ဇာမှာ ရှိနေတုန်းက သူ ဒီနေရာကို လာခဲ့ပြီးတော့ ဒီမက်မွန်တောကို ဖန်တီးထားခဲ့တာ”
“ဝါး...”
ရှောင်ရီရှန်က ပြုံးလိုက်ပြီး “စီနီယာနတ်သမီးက ဒီမှာ အမြဲတမ်း နေတာလားဟင်” ဟု မေးလိုက်သည်။
ချင်းယွင်နတ်သမီး ခဏမျှ တိတ်ဆိတ်သွားပြီး သူမ၏နောက်တွင် အရက်သောက်ရင်း ပျော်ရွှင်နေသော ကျန်းချန်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူမသည် ဤနေရာတွင် ဤလူကို စောင့်ဆိုင်းနေခဲ့သော်လည်း သူမ ရရှိခဲ့သော အရာမှာမူ အေးစက်လှသော လေပြည်လေညင်းသာ ဖြစ်သည်။
“မဟုတ်ပါဘူး"
ချင်းယွင်နတ်သမီးက အေးစက်စက် ပြန်ဖြေလိုက်ပြီးနောက် သူတို့နှစ်ဦးကို ဝါးတောအတွင်းသို့ ခေါ်ဆောင်သွားသည်။ သူမကိုယ်တိုင် လက်ဖက်ရည်ကို ဖျော်စပ်ပေးရင်း “အရင်တုန်းက ရှင့်ကို လက်ဖက်ရည်များများသောက်ပြီးတော့ အရက်မသောက်ဖို့ ကျွန်မ ပြောခဲ့သားပဲ” ဟု ဆိုသည်။
“ဟား ဟား... မင်းကတော့ ဒါကို နားလည်မှာ မဟုတ်ပါဘူး” ကျန်းချန်က လက်ထဲမှ အရက်ခွက်ကို လှုပ်ခါလိုက်ပြီး “မိန်းကလေး... မင်း ဒီနေ့ ငါတို့ကို ဒီခေါ်လာတာက ငါ့ရဲ့ အိမ်အဟောင်းကို ပြန်ကြည့်ဖို့သက်သက်ပဲတော့ မဟုတ်ဘူးမလား” ဟု မေးလိုက်သည်။
ချင်းယွင်နတ်သမီးက ချက်ချင်း အဖြေမပေးဘဲ သူမ၏ သွယ်လျလှပသော လက်ချောင်းလေးများကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ထိုအခါ သစ်ပင်ပေါ်မှ ငွေဖြူရောင် မြေခွေးလေးတစ်ကောင်သည် ခုန်ဆင်းလာပြီး နတ်သမီး၏ ရင်ခွင်ထဲတွင် ခိုဝင်ကာ အိပ်စက်လိုက်သည်။
“စိတ်စွမ်းအင်ရှိတဲ့ မြေခွေးဖြူလား”
ကျန်းချန်က ရယ်မောလိုက်ပြီး “မင်းက မြေခွေးဖြူကိုတောင် ရအောင် ယူထားနိုင်တာပဲ၊ အထင်ကြီးစရာပဲ” ဟု ဆိုသည်။
“ကံကောင်းလို့ ရခဲ့တာပါ၊ သူက သိပ်ကို လိမ္မာတဲ့ ကောင်လေးပဲ” ဟု ချင်းယွင်နတ်သမီးက အသံတိုးတိုးလေးဖြင့် ပြောလိုက်ပြီး “ရှင် ဒီမှာ ထားခဲ့တဲ့ ယင်-ယန်မိုးကြိုးကျား ကိုရော မှတ်မိသေးရဲ့လား”
ထိုစကားကို ကြားသောအခါ ကျန်းချန်သည် ခေါင်းကုတ်လိုက်ပြီး မှတ်မိသယောင်ယောင် ရှိသွားသည်။ ထိုသားရဲမှာ သိုင်းဝိဇ္ဇာအဆင့်နှင့် ညီမျှသော ယင်-ယန် မိုးကြိုးကျား ဖြစ်ပြီး သူသည် ပြန်လမ်းမဲ့ဝိညာဉ်တောင်တန်း အတွင်းပိုင်းတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနေရာတွင် စောင့်ရှောက်မည့် သားရဲ မရှိသောကြောင့် ကျန်းချန်က ဤနေရာတွင် ထားခဲ့ခြင်းဖြစ်သည်။ နှစ်အတော်ကြာသွားပြီဖြစ်သဖြင့် သူ လုံးဝ မေ့လျော့သွားခဲ့သည်။
ယင်-ယန် မိုးကြိုးကျားသည် ပြန်လမ်းမဲ့ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလွှားနိုင်သော သားရဲဖြစ်သည်။ သူ၏ ဟိန်းဟောက်သံများက အခြားသူငှာ ကြောက်ရွှံ့ရသော အရှိန်အဝါရှိသည်။ ဒေါသထွက်ချိန်တွင် ခန္ဓာကိုယ်၌ ဖြူ-မည်းရောင် မိုးကြိုးများ တဖျပ်ဖျပ် ဖြစ်နေတတ်သည်။ ကောင်းကင်မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး အဆင့်ရှစ် သားရဲ ဖြစ်ကာ သိုင်းဝိဇ္ဇာအဆင့် စွမ်းအားရှိပေသည်။
ကျန်းချန်သည် မူလက ၎င်းကို အစီးအနင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း မက်မွန်တောကို စောင့်ရှောက်ရန် သားရဲတစ်ကောင် လိုအပ်နေသဖြင့် ဤနေရာတွင် ထားခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါလျှင် ဤယင်ယန် မိုးကြိုးကျားသည် အနောက်မြောက်တိုက်ကြီးတွင် ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
နောက်ပိုင်းတွင် သူသည် ချင်းယွင်နတ်သမီးနှင့် တွေ့ဆုံခဲ့ပြီး ယင်ယန် မိုးကြိုးကျားထံမှ ရရှိထားသော ဝိညာဉ်စာချုပ်ကို သူမထံသို့ ပေးအပ်ခဲ့သည်။
“သူ သေသွားပြီ”
ထိုစကားကို ကြားသည်နှင့် ကျန်းချန်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ အဆင့်ရှစ် သားရဲတစ်ကောင် သေဆုံးသွားခြင်းမှာ ရန်သူသည် အနည်းဆုံး သူတော်စင်တစ်ဝက်အဆင့် သို့မဟုတ် သိုင်းသူတော်စင် အဆင့်ရှိမှသာ ဖြစ်နိုင်သည်။
“ရှင် ထွက်သွားပြီး နှစ်နှစ်အကြာမှာ ယင်-ယန် မိုးကြိုးကျားဟာ သိုင်းသူတော်စင်တစ်ဦးရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီလူက သူ့ရဲ့ အမြုတေကို လုယူသွားပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကိုပါ အပိုင်းပိုင်း ဖျက်စီးပစ်လိုက်တယ်”
အိမ်ရှင်တစ်ဦးအနေဖြင့် ချင်းယွင်နတ်သမီးသည် ထိုအခြင်းအရာကို သိရှိခဲ့သော်လည်း သူမ ပြန်ရောက်လာချိန်တွင်မူ အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထိုသူမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။
အခန်း ၁၁၀ - ကိုးပါးငရဲ အဆိပ်မီးတောက်ကို ဝါးမျိုလိုက်သည့် နတ်သမီးဆရာဝန်မလေး
ကျန်းချန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ ဝမ်းနည်းမှုကို ဖော်ပြလိုက်သည်။
အဆင့်ရှစ် မှော်သားရဲများဆိုသည်မှာ ဒိုချီတိုက်ကြီး၏ အဆင့်အမြင့်ဆုံး မှော်သတ္တဝါများ ဖြစ်ကြရာ အခြားသူ၏ လက်ချက်ဖြင့် သေဆုံးသွားရသည်ကို မြင်တွေ့ရပါလျှင် မည်သူမဆို စိတ်မကောင်းဖြစ်မိမည်မှာ အသေအချာပင် ဖြစ်သည်။
သို့ရာတွင် ထို ယင်-ယန် မိုးကြိုးကျား သားရဲမှာမူ အမှန်တကယ်ပင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဖြစ်သည်။ ထိုစဉ်က ၎င်းကို ဖမ်းမိရန် ခက်ခက်ခဲခဲ အားထုတ်ခဲ့ရရုံသာမက ၎င်းပင် ကျန်းချန်ကို ပြန်လည်စားသောက်ရန် ကြိုးပမ်းခဲ့သေးသည်။ အကယ်၍ စစ်စတမ်က ပေးအပ်သော တာဝန်သာ မရှိခဲ့ပါလျှင် သူသည် ထိုယင်-ယန် မိုးကြိုးကျားကို သူ၏ အစီးအနင်းအဖြစ် မွေးနေမည် မဟုတ်ပေ။
"ဒီကိစ္စကို ငါ စုံစမ်းမယ်၊ ဘာပဲ ဖြစ်ဖြစ် အဲ့ဒီ ယင်-ယန် မိုးကြိုးကျားက ငါ့ရဲ့ အစီးအနင်းပဲ၊ အကြောင်းပြချက် မရှိဘဲ အသတ်ခံလိုက်ရတာ ဆိုတော့ ငါ သူ့အတွက် တရားမျှတမှု ပြန်ရှာပေးရမယ်" ဟု ကျန်းချန်က နွေးထွေးသော စပျစ်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။
ချင်းယွင် နတ်သမီးသည် ခေါင်းခါလိုက်ပြီး သူမ၏ အောက်ရှိ စိတ်စွမ်းအင်ရှိသော မြေခွေးဖြူလေးကို အသာအယာ ပွတ်သပ်နေသည်။ သူမ၏ မျက်ဝန်းများက ကျန်းချန်၏ ချောမောခန့်ညားသော မျက်နှာပေါ်၌ အကြည့် ရောက်နေခဲ့သည်။
ကျန်းချန်၏ ဘဝသည် သူမ အမှန်တကယ် လိုလားတောင့်တခဲ့သော အရာ ဖြစ်သည်။ သို့ရာတွင် ကံဆိုးလှသည်မှာ ထိုခေါင်းမာလှသည့် လူသားက နှစ်ပေါင်းများစွာအတွင်း သူမအပေါ် စိတ်ဝင်စားမှု တစ်စုံတစ်ရာ မပြခဲ့ဖူးပေ။ သူမနှင့် နာရီဝက်ခန့်ပင် စကားမပြောခဲ့ဖူးပေ။ သူမသည် မိမိခန္ဓာကိုယ်၏ ရှိရင်းစွဲ ဆွဲဆောင်မှုများအပေါ်၌ပင် သံသယဝင်စ ပြုလာရသည်။
ချင်းယွင် နတ်သမီးက "ဒီတစ်ခါရော ဘာကိစ္စနဲ့ ရောက်လာတာလဲ" ဟု မေးလိုက်သည်။
"ကိုးပါးငရဲ အဆိပ်မီးတောက်ပေါ့"
ကျန်းချန်က တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်း မရှိဘဲ ပြန်လည် ဖြေကြားလိုက်ပြီးနောက် သူ၏ လိုတရ လက်စွပ်အတွင်းမှ ခရမ်းပုပ်ရောင် မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။ အသိစိတ် ကိန်းအောင်းနေပြီ ဖြစ်သော ကိုးပါးငရဲ အဆိပ်မီးတောက်သည် ကျန်းချန်၏ လက်ဖဝါးထက်တွင် လည်ပတ်နေပြီး ထွက်ပြေးရန် ကြိုးပမ်းနေသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်၏ဖိနှိပ်ခြင်း ခံထားရကာ မည်သို့မျှ မလှုပ်ရှားနိုင်ဘဲ ရှိနေသည်။
"ဒါဆို နင် တကယ်ပဲ ရှေးဟောင်း အဆိပ်နွံအိုင်ကို သွားခဲ့တာပေါ့၊ အဲ့ဒီမှာ သေသွားနိုင်တယ်ဆိုတာကိုရော မကြောက်ဘူးလား"
ချင်းယွင် နတ်သမီးသည် ကျန်းချန်၏ လက်ထဲရှိ ထူးခြားဆန်းကြယ် မီးတောက်ကို စိုက်ကြည့်လိုက်သည်။ ကိုးပါးငရဲ အဆိပ်မီးတောက်သည် အဆင့်နှစ်ဆယ်တွင်သာ ရှိသော်လည်း ၎င်း၏ မီးလျှံများသည် သိုင်းဧကရာဇ်နှင့် သိုင်းဘိုးဘေး အဆင့်ရှိ ပုဂ္ဂိုလ်များကိုပင် ပျက်စီးစေနိုင်သည်။
အထူးသဖြင့် ထို ကြောက်မက်ဖွယ်ကောင်းသော အဆိပ်မှာ အနည်းငယ်မျှ ထိတွေ့မိရုံနှင့်ပင် အသက်သေစေနိုင်သည်။
ကျန်းချန်က ထိုထူးခြားဆန်းကြယ် မီးတောက်ကို နတ်သမီးဆရာဝန်မလေးထံ ကမ်းပေးလိုက်ပြီး "အစကတော့ မင်းကို ပြန်ခေါ်သွားပြီးမှ ဝါးမျိုခိုင်းမလို့ပဲ၊ ဒါပေမဲ့ ဒီနေရာက တိုက်ခိုက်ရေးစွမ်းအင်ကလည်း အရမ်းအားကောင်းတာဆိုတော့ ဒီမှာတင် ဝါးမျိုလိုက်ပါ" ဟု ဆိုသည်။
နတ်သမီးဆရာဝန်မလေးသည် သူမ၏ နှုတ်ခမ်းလေးကို ဖိထားမိသည်။ ဤသည်မှာ သူမ၏ဘဝတွင် ပထမဦးဆုံးသော ထူးခြားဆန်းကြယ် မီးတောက် မဟုတ်ပါလား။
ထိုသို့ တွေးတောရင်း နတ်သမီးဆရာဝန်မလေးသည် သူမထံ ကမ်းပေးလာသော မီးတောက်ကို တွန့်ဆုတ် တွန့်ဆုတ်ဖြင့် လက်ခံလိုက်သည်။ သူမ၏ အန္တရာယ်ရှိသည့် အဆိပ်မိခန္ဓာကိုယ်က ကိုးပါးငရဲ အဆိပ်မီးတောက်နှင့် ထိတွေ့မိသည့် အချိန်တွင် တဟုန်ထိုး တက်လာသော အဆိပ်များသည် မည်သည့်အခါမျှ မရပ်တန့်နိုင်သည့် အရှိန်အဟုန်ပြင်းသော မြစ်ရေကြီးတစ်ခုကဲ့သို့ စီးဆင်းသွားတော့သည်။
၎င်းတို့နှစ်ခု ထိတွေ့ပြီးနောက်တွင် ထူးခြားသော အခြေအနေတစ်စုံတစ်ရာ ဖြစ်ပေါ်မလာခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ခုနှင့်တစ်ခု ဆွဲဆောင်ကာ အပြန်အလှန် ဖြည့်ဆည်းပေးကြသည်။
ဤသည်မှာ အန္တရာယ်ရှိသည့် အဆိပ်မိခန္ဓာကိုယ်မှ မွေးဖွားလာသော ထူးခြားဆန်းကြယ် မီးတောက်လည်း ဖြစ်သည်။
ချင်းယွင်နတ်သမီးသည် အဆင့်ရှစ် အထူးဆေးလုံးတစ်လုံးကို ထုတ်ယူကာ နတ်သမီးဆရာဝန်မလေးထံ ပေးလိုက်ပြီး သူမ၏ အေးစက်သော မျက်နှာထက်တွင် အပြုံးအနည်းငယ်ကို ဖန်တီးလိုက်သည်။
"ဒါက အဆင့်ရှစ်၊ ခြောက်ရောင်ခြယ် ကောင်းကင်ထစ်ချုန်း အဆိပ်ဆေးလုံးပဲ၊ ငါ ဒါကို ရှေးဟောင်းနေရာတစ်ခုကနေ မတော်တဆ ရလာခဲ့တာ၊ နင် ဒါကို သောက်လိုက်ပြီးရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အန္တရာယ်ရှိတဲ့ အဆိပ်တွေက အပြည့်အဝ နိုးထလာလိမ့်မယ်၊ ဒါက ထူးခြားဆန်းကြယ် မီးတောက်ကို စုပ်ယူဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်"
"ဒါပေမဲ့ ဒီဖြစ်စဉ်က အရမ်းကို နာကျင်ရလိမ့်မယ်၊ ဒါကြောင့် နင် ခံနိုင်ရည်ရှိဖို့ လိုမယ်"
နတ်သမီးဆရာဝန်မလေးသည် သူမ၏ ဆရာဖြစ်သူကို ကြည့်လိုက်ရာ ကျန်းချန်၏ ခေါင်းညိတ် အတည်ပြုချက်ကြောင့် သူမထံ ကမ်းပေးလာသော အဆင့်ရှစ် အဆိပ်ဆေးလုံးကို လက်ခံလိုက်သည်။ "ကျေးဇူးတင်ပါတယ် နတ်သမီး အစ်မ"
"ရပါတယ်"
ချင်းယွင်နတ်သမီးသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယဉ်ကျေးစွာဖြင့် ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး "နင် ကြိုက်တယ်ဆိုရင် ရပါပြီ၊ နောင်တစ်ချိန်မှာ အခွင့်ရရင် ငါ နင့်အတွက် အဆင့်မြင့် အဆိပ်ဆေးလုံးတွေ ထပ်ရှာပေးမယ်" ဟု ညင်သာစွာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့"
နတ်သမီးဆရာဝန်မလေးသည် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို အသာဟကာ လက်ထဲရှိ အဆိပ်ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပြင်းထန်လှသည့် ဆေးစွမ်းအင်များသည် ချက်ချင်းထွက်လာပြီး တဟုန်ထိုး ပျံ့နှံ့သွားတော့သည်။
၎င်းမှာ အဆင့်ရှစ် ဆေးလုံးဖြစ်သောကြောင့် ဆေးစွမ်းအင်များမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ကျန်းချန်သည် အခွင့်ကောင်းယူကာ နတ်သမီးဆရာဝန်မလေး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ခိုက်ရေးစွမ်းအင်များကို သွတ်သွင်းပေးပြီး မသန့်စင်သော ဆေးစွမ်းအင်များကို ဖယ်ရှားပေးလိုက်သည်။
ချင်းယွင်နတ်သမီးသည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ နတ်သမီးဆရာဝန်မလေး၏ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။
ဤသည်မှာ သူမအနေဖြင့် အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ် ပိုင်ရှင်ကို ပထမဦးဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ရာ ထိုကဲ့သို့သော လေ့လာစရာ အခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။
အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ် ပေါက်ကွဲထွက်လာမှု၏ အကျိုးဆက်မှာ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ ခံစားရကာ နတ်သမီးဆရာဝန်မလေး၏ နုနယ်သော မျက်နှာလေးမှာလည်း တခဏချင်းပင် ဖြူလျော့သွားတော့သည်။
ထိုမျှမက သူမ၏ ရှည်လျားလှသော ဆံပင်အနက်ရောင်များမှာလည်း လေမတိုက်ဘဲ လွင့်ပျံနေပြီး သိသိသာသာပင် ငွေ-ဖြူရောင်သို့ ပြောင်းလဲသွားကာ ကျန်းချန်ကို မျက်မှောင်ကြုတ်သွားစေသည်။ "ဒါက..."
"စိတ်မပူပါနဲ့၊ ဒါက ပုံမှန်ပါပဲ၊ အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ်က နတ်သမီးဆရာဝန်မလေးရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း စားသုံးနေတာ၊ အချိန်တန်တဲ့အခါ အဆိပ်တွေက သူမ သေဆုံးသွားတဲ့အထိ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်"
ချင်းယွင် နတ်သမီးသည် သူမ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အခွင့်ကောင်းယူကာ ကိုးပါးငရဲ အဆိပ်မီးတောက်ကို နတ်သမီးဆရာဝန်မလေး၏ ပါးစပ်အတွင်းသို့ လျင်မြန်စွာ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူမ၏ တိုက်ခိုက်ရေးစွမ်းအင်ကို အသုံးပြု၍ ထိုထူးခြားဆန်းကြယ် မီးတောက်ကို ဝိညာဉ်သိုလှောင်ရာနေရာသို့ ရောက်ရှိစေရန် ကူညီပေးလိုက်သည်။ ဤသို့ ပြုလုပ်မှသာလျှင် ထူးခြားဆန်းကြယ် မီးတောက်ကို အမှန်တကယ် ယဉ်ပါးသွားစေမည် ဖြစ်သည်။
သိုင်းသူတော်စင် အဆင့်ရှိ ပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအင်မှာ နောက်ပြောင်စရာ မဟုတ်ပေ။ ကိုးပါးငရဲ အဆိပ်မီးတောက်မှာလည်း အထူးမီးတောက်စာရင်း၏ အဆင့်နှစ်ဆယ်တွင်သာ ရှိသောကြောင့် ၎င်း၏ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အနေအထားမျိုး မဟုတ်ပေ။
အကယ်၍သာ ထိပ်တန်း အထူးမီးတောက် ဆယ်ခုထဲမှ တစ်ခုခုသာ ဆိုပါလျှင် ချင်းယွင်နတ်သမီးသည် နတ်သမီးဆရာဝန်မလေးကို ယခုကဲ့သို့ အတင်းအကျပ် ဝါးမျိုခိုင်းမည် မဟုတ်ပေ။
နတ်သမီးဆရာဝန်မလေးမှာ အလွန် နာကျင်နေပုံရပြီး သူမ၏ ပွပွယောင်းယောင်း ဝတ်ရုံမှာလည်း ချွေးများဖြင့် စိုရွှဲနေကာ ခန္ဓာကိုယ်ရှိ အဆိပ်ငွေ့များသည် တစ်နေရာတည်းတွင် စုစည်းနေကြသည်။ နေရာမှာ ထူးခြားဆန်းကြယ် မီးတောက်ကို သိုလှောင်ထားရာ ဝိညာဉ်သိုလှောင်ရာအဖြစ်လည်း ပြုလုပ်ကြသည်။
"ခဏလောက်တော့ သည်းခံလိုက်ပါဦး"
မီးတောက်များ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်မှာလည်း သိသိသာသာပင် ပုံပျက်သွားတော့သည်။
နတ်သမီးဆရာဝန်မလေး၏ အဆင့်မှာ နိမ့်နေသေးသည်။ ကြယ်သုံးပွင့် သိုင်းဆရာသခင် အဆင့်တွင်သာ ရှိသေးသည်။ အကယ်၍ သူမသည် သိုင်းဘုရင် သို့မဟုတ် သိုင်းဧကရာဇ် အဆင့်သို့ ရောက်ရှိနေပါက ကိုးပါးငရဲ အဆိပ်မီးတောက်ကို ဝါးမျိုခြင်းမှာ ဤမျှ နာကျင်နေမည် မဟုတ်ပေ။
၎င်းတို့သည် ထူးခြားဆန်းကြယ် မီးတောက်၏ လောင်မြိုက်မှုကို ကြုံတွေ့ရရုံသာမက အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ်၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ကြံ့ကြံ့ခံရသဖြင့် အလွန်ပင် ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်နေတော့သည်။
ဤအခြေအနေတွင် မည်သူမျှ လက်လျှော့လိမ့်မည် မဟုတ်ပေ။ အကယ်၍ လက်လျှော့လိုက်ပါက အကျိုးဆက်မှာ စိတ်ကူး၍ မရနိုင်ပေ။ ထူးခြားဆန်းကြယ် မီးတောက်၏ တန်ပြန်သက်ရောက်မှုကြောင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရပေလိမ့်မည်။
ချင်းယွင်နတ်သမီးက "အခုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ပါဘူး၊ ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ်က ဒီလောက်တောင် အားကောင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ နင် သူ့ကို အဆိပ်ဆေးလုံးတွေ အများကြီး ပေးခဲ့တာ ဖြစ်ရမယ်" ဟု ညင်သာစွာ ဆိုသည်။
ကျန်းချန်က သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်ပြီး "ဟုတ်တယ်၊ အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်လာတာမျိုး မဖြစ်အောင် ငါ သူမကို လစဉ်လတိုင်း အထူးအဆိပ်ဆေးလုံးတွေ ပေးတယ်" ဟု ပြန်ဖြေခဲ့သည်။
"ဒါကြောင့်ကိုး"
နတ်သမီးဆရာဝန်မလေး၏ ခန္ဓာကိုယ်ပတ်လည်တွင် လွင့်မျောနေသော အနက်ရောင် အဆိပ်မြူငွေ့များကို ကြည့်ရင်း ချင်းယွင် နတ်သမီးသည် ဤမိန်းကလေးမှာ နှစ်ပေါင်းများစွာအတွင်း အထူးအဆိပ်ဆေးလုံးများစွာကို သောက်သုံးခဲ့ရမည်ကို သိရှိလိုက်သည်။ သို့မဟုတ်ပါက သူမသည် ဤမျှ တိုတောင်းသော အချိန်အတွင်း အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ နတ်သမီးဆရာဝန်မလေးသည် နာကျင်မှုများ မရှိတော့ဘဲ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဖြည်းညှင်းစွာ ကျင့်ကြံနေတော့သည်။
ကျန်းချန်သည် သူမကို မနှောင့်ယှက်ပေ။ ဤဖြစ်စဉ်မှာ အလွန်ပင် နှေးကွေးလိမ့်မည် ဖြစ်သော်လည်း ၎င်းကပင် နတ်သမီးဆရာဝန်မလေးကို သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိ အဆိပ်မိခန္ဓာကိုယ်နှင့် ကိုးပါးငရဲ အဆိပ်မီးတောက်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပေလိမ့်မည် ဖြစ်သည်။
ချင်းယွင် နတ်သမီးသည် သူ့ကို ခေတ္တမျှ နေထိုင်ရန် အရိပ်အယောင်ပြကာ လက်ဖက်ရည်ပူပူ တစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး "ဒီတစ်ခါရော ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
ကျန်းချန်သည်လည်း ငြင်းဆန်ခြင်း မပြုတော့ဘဲ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး "နတ်သမီးဆရာဝန်မလေးက ထူးခြားဆန်းကြယ် မီးတောက်ကို အောင်မြင်အောင် ဝါးမျိုပြီးရင်တော့ ငါ ထွက်သွားမှာပါ၊ မင်း သိတဲ့အတိုင်း ငါက လွတ်လပ်မှုကို မြတ်နိုးတဲ့လူဆိုတော့ ကမ္ဘာအနှံ့ ခရီးလှည့်လည်နေတဲ့အခါ တစ်နေရာတည်းမှာ နှစ်ပေါင်းများစွာ ကြာအောင် မနေချင်ဘူးလေ" ဟု ပြန်ဖြေလိုက်သည်။