← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း ၁၀၁ - ရှောင်ယန်၏ ကျရှုံးမှု

ရှောင်ရှန်းအာသည် သူမ၏ အစ်ကိုဖြစ်သူ ရှောင်ယန် အဘယ်ကြောင့် ရုတ်တရက် ရောက်မလာခဲ့ရသနည်းဟူသော အကြောင်းရင်းကို သိလိုဇောဖြင့် စိတ်မရှည်နိုင် ဖြစ်နေခဲ့သည်။ သူမသည် ရှောင်ယန်အား တစ်ချိန်လုံး စောင့်မျှော်နေခဲ့သည်ကို သူ မသိလေသလော။

သို့မဟုတ် သူသည် တစ်စုံတစ်ရာသော အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်နေရသလော။

လင်းယင်းသည် မိမိသခင်မလေး၏စိတ်မရှည်သည့် အမူအရာကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး "သုံးနှစ်တာ ကတိကဝတ်... ရှုံးနိမ့်သွားခဲ့ပါပြီ"ဟု လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ရှန်းအာ၏ မျက်နှာထားသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူမ၏ နားကိုပင် သူမ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူမ၏ အစ်ကို ရှောင်ယန်က အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်တဲ့လား။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အစ်ကို ရှောင်ယန်ရဲ့ ဘေးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်ကြီးတစ်ယောက် ရှိနေတာပဲ မဟုတ်လား၊ သူ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ"

လင်းယင်းက တိုးညှင်းသော အသံဖြင့် "နာ့လန်ရန်ယန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကြယ်သုံးပွင့် သိုင်းမြင့်မြတ်သခင် အဆင့်ကို ရောက်နေခဲ့တာပါ၊ နောက်ပိုင်းမှာ သူမဟာ တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် ဓားစွမ်းအင်ကို နားလည်သဘောပေါက်သွားပြီး သူမရဲ့ ကျင့်ကြံမှုအဆင့်က ကြယ်လေးပွင့် သိုင်းမြင့်မြတ်သခင် အဆင့်ကို ချက်ချင်း ရောက်ရှိသွားခဲ့ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"သခင်လေး ရှောင်ယန်ရဲ့ စွမ်းအားကတော့ ကြယ်ရှစ်ပွင့် သိုင်းသခင် အဆင့်မှာပဲ ရှိပါသေးတယ်၊ သူတို့နှစ်ယောက်ကြားက ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလိုပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ လုံးဝအောင်မြင်ဖို့ မလွယ်ကူတဲ့အခြေအနေ ဖြစ်နေပါလိမ့်မယ်၊ အဲ့ဒီဆရာကြီးရဲ့ ထူးခြားဆန်းကြယ်မီးတောက်ကို အသုံးပြုခဲ့ရင်တောင်မှ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး"

ဤနေရာသို့ ရောက်သောအခါ လင်းယင်းသည် သူ၏ စိတ်ပျက်အားငယ်မှုကို ထုတ်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ယန် ရှုံးနိမ့်သွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို သူ၏ စိတ်ထဲတွင် သိနေသောကြောင့် ဖြစ်သည်။

ရှောင်မိသားစုသည် မည်သည့်အခါမျှ ခေါင်းပြန်မဖော်နိုင်တော့ပေ။ ရှောင်ယန်ကိုယ်တိုင်လည်း သူ၏ ရှုံးနိမ့်မှုကြောင့် တစ်သက်လုံး အပြစ်ရှိသည့်စိတ်ဖြင့် နေထိုင်သွားရမည် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုများသည်လည်း ရပ်တန့်သွားနိုင်သည့် အလားအလာ ရှိနေသည်။

ထို့ကြောင့် သူသည် သခင်မလေးနှင့် ထိုက်တန်သူ မဟုတ်တော့ပေ။

လင်းယင်းသည် ရှေ့တွင် ရှိနေသော ရှောင်ရှန်းအာကို ကြည့်ကာ "သခင်မလေး... ဒီတစ်ကြိမ်မှာတော့ သခင်လေး ရှောင်ယန်ဟာ သန်မာတဲ့သူတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးမရှိတော့ပုံရတယ်..." ဟု ဆိုလိုက်သည်။

"သခင်လေး ရှောင်ယန် ရှုံးနိမ့်သွားပြီးနောက်မှာ ကျွန်တော် ဝူတန်မြို့ကို သွားခဲ့ပါတယ်၊ သခင်လေး ရှောင်ယန်ဟာ ကျင့်ကြံခြင်းကို လက်လျှော့လိုက်ပြီး လောကကြီးအပေါ် နက်နက်ရှိုင်းရှိုင်း နာကျည်းနေသလိုမျိုး ကာမဂုဏ်တွေထဲမှာ နစ်မွန်းပြီး နေထိုင်နေတာကို တွေ့ခဲ့ရပါတယ်"

"အဲ့ဒီဆရာကြီးကလည်း သခင်လေး ရှောင်ယန်ရဲ့ ဒဏ်ရာတွေကို ပြန်ကောင်းအောင် ကုသပေးဖို့ ကူညီရင်း သူ၏ ဝိညာဉ်စွမ်းအား အတော်များများ ကုန်ဆုံးသွားပုံရပြီး အခုဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းအဖြစ်သို့ ရောက်သွားရပါတယ်"

"ဆက်တိုက်ဆိုသလို ရိုက်ခတ်လာတဲ့ ထိုးနှက်ချက်တွေကြောင့် သခင်လေး ရှောင်ယန်ဟာ နောက်ဆုံးမှာ လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်လို့ ထင်ပါတယ်"

ရှောင်ရှန်းအာသည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဒီလိုအခက်အခဲလေးက သူ့ကို ဤကဲ့သို့ ဖြစ်သွားစေခဲ့သည်တဲ့လား။ ဒါက သူမ သိခဲ့သည့် ရှောင်ယန်လား။

အကြီးအကဲ လင်းသည် သူမကို လှည့်စားလိမ့်မည်မဟုတ်သည်ကို သူမ၏ စိတ်ထဲတွင် သိနေသည်။ အစ်ကို ရှောင်ယန်သည် အမှန်တကယ်ပင် စစ်မှန်သည့် သန်မာသူ ဖြစ်လာဖို့ လမ်းစကို စွန့်လွှတ်လိုက်ပြီ ထင်သည်။

သုံးနှစ်တာ ကတိကဝတ်သည် သူ့ကို ပြင်းထန်သည့်ထိုးနှက်ချက်ပေးခဲ့သကဲ့သို့ ယောင်ချန်၏ အိပ်စက်သွားမှုသည်လည်း ရှောင်ယန်အတွက် ဖျောက်ဖျက်၍မရသော ဒဏ်ရာကို ဖြစ်စေခဲ့သည်မှာ အသေအချာပင်။

ရှောင်ရှန်းအာသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ရင်း "မဖြစ်နိုင်ဘူး... ကျွန်မ ပြန်သွားပြီး အစ်ကို ရှောင်ယန်ကို အားပေးရမယ်" ဟု ဆိုလိုက်သည်။

"သခင်မလေး... ကျေးဇူးပြုပြီး ခေါင်းမာမနေပါနဲ့တော့" လင်းယင်းသည် ရှောင်ရှန်းအာက ထိုကဲ့သို့အသုံးမကျသူအတွက် စဉ်းစားနေသေးသည်ကို မြင်သောအခါ ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။ "ဒီကိစ္စက သက်ရောက်မှု အင်မတန် ကြီးမားပါတယ်၊ မျိုးနွယ်စုခေါင်းဆောင်က သခင်မလေးကို မျိုးနွယ်စုဆီ ချက်ချင်းပြန်လာပြီး ကျင့်ကြံဖို့ အမိန့်ထုတ်ပြန်ထားပြီးသားပါ၊ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဒီ့ထက် ထပ်နှောင့်နှေးနေရင် ကျင့်ကြံဖို့ အကောင်းဆုံး အချိန်တွေကို လွဲချော်သွားပါလိမ့်မယ်"

ရှောင်ရှန်းအာသည် လင်းယင်း၏ စကားများကြောင့် အံ့အားသင့်သွားရသည်။ သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်းယင်းကို တည်ကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ဒါဟာ သူမကို ပထမဆုံးအကြိမ် သူ အော်လိုက်ခြင်းပင် ဖြစ်သည်။

လင်းယင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "သခင်လေး ရှောင်ယန်ဟာ သခင်မလေးနဲ့ အတူရှိဖို့ အရည်အချင်း မရှိတော့ပါဘူး၊ မျိုးနွယ်စုခေါင်းဆောင်က လူတစ်ယောက်လွှတ်လိုက်ပြီမို့ သခင်မလေး သေချာ စဉ်းစားစေချင်ပါတယ်" ဟု ဆိုလိုက်သည်။

"ဒီလက်အောက်ငယ်သားက ဒီလိုမျိုး တောင်းဆိုပါတယ်..."

လင်းယင်းသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဤသို့ ပြုလုပ်မှသာ သခင်မလေးသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါလျှင် သူမသည် ဤကိစ္စကြောင့် ကျင့်ကြံရန် အကောင်းဆုံးသော အခွင့်အရေးကို စောစီးစွာ လက်လွတ်ခံရတော့ပေလိမ့်မည်။

ရှောင်ရှန်းအာသည် မည်သို့ဖြစ်သွားသည်ကို မသိဘဲ မှင်တက်ကာ ရပ်နေမိသည်။ စိမ်းလန်းသော တောင်တန်းများတွင် နေဝင်သွားသည့်တိုင်အောင် သူမသည် တုန်လှုပ်မှုဒဏ်မှ နာလန်မထူနိုင်သေးပေ။

သူမသည် အဝေးတစ်နေရာသို့သာ အသက်မဲ့စွာ ငေးကြည့်နေမိတော့သည်။

"သတ္တဝါအားလုံးအတွက် ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ပြီး ချမ်းသာသုခကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ စင်ကြယ်တဲ့ နယ်မြေမှာ ပြန်လည်မွေးဖွားခြင်းပါပဲ"

ကျန်းချန်သည် သူ၏ ရှေ့တွင် မြင်းစီးဟန်ကျင့်နေသော ရှောင်ရီရှန်နှင့် ချင်းလင်းကို ကြည့်ကာ လက်ထဲတွင် ဝါးပုလွေတစ်ချောင်းကို ကိုင်ရင်း "မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက သိပ်အားနည်းလွန်းတယ်၊ မင်းတို့ရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာရင်တောင် ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက မင်းတို့ ကျင့်ကြံမှုအဆင့်ရဲ့ သုံးပုံတစ်ပုံလောက်တောင် မရှိဘူး" ဟု ဆိုလိုက်သည်။

နတ်သမီးဆရာဝန်မလေးက မျက်နှာညှိုးငယ်စွာဖြင့် "သခင်လေး... မှော်ဆေးဆရာတွေက မီးတောက်တွေကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတာဆို၊ ခန္ဓာကိုယ် ကျင့်ကြံမှုက ကျွန်မအတွက် တကယ်ပဲ သိပ်မလိုအပ်ဘူး မဟုတ်လား" ဟု မေးလိုက်သည်။

ချင်းလင်းကလည်း အားငယ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး "နတ်သမီးဆရာဝန်မလေး... ပြောတာ... အဓိပ္ပာယ်ရှိပါတယ်... ဆရာ... ကျွန်မ... ကျွန်မ မတိုက်ခိုက်ချင်ဘူး..."ဟု ပြောလိုက်သည်။

မိန်းကလေးနှစ်ယောက်၏ ဆင်ခြေများကို ကြည့်ပြီး ကျန်းချန်က ခေါင်းခါယမ်းလိုက်သည်။ "မှော်ဆေးဆရာတွေက ဆေးဖက်ဝင်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ အာရုံစိုက်ရတာ မှန်ပေမဲ့ 'သံကို မာစေဖို့ ကိုယ်တိုင်လည်း သန်မာဖို့ လိုတယ်' ဆိုတဲ့ စကားပုံ ရှိပါတယ်၊ မင်းတို့က မင်းတို့ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကိုတောင် မဆုံးဖြတ်နိုင်ဘူးဆိုရင် ဆေးလုံးဖော်စပ်တဲ့အခါ ကြုံတွေ့ရမဲ့ လျှပ်စီးဆေးလုံးရဲ့ စွမ်းအင်တွေကို ဘယ်လိုခံနိုင်ရည် ရှိမှာလဲ"

နတ်သမီးဆရာဝန်မလေးသည် နှုတ်ခမ်းစူထားပြီး အလွန်ပင် စိတ်မကောင်း ဖြစ်နေပုံရသဖြင့် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းပင် မကြည့်ရက်နိုင်အောင် ဖြစ်နေရသည်။ သို့သော် သူသည် သူ့သခင်၏ အမိန့်ကို မဖီဆန်ရဲသဖြင့် သူ၏ သားငယ်ကိုသာ နတ်သမီးဆရာဝန်မလေးနှင့်အတူ ကျင့်ကြံစေလိုက်သည်။

ကျန်းချန်သည် လှည့်ကြည့်ကာ ချင်းလင်း၏ ခေါင်းကို ပွတ်ပေးရင်း "ချင်းလင်း... မင်း တစ်ခု နားလည်ထားဖို့ လိုတယ်၊ ဒီသတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကြီးမှာ ရှင်သန်နိုင်ဖို့ဆိုရင် မင်းဟာ ပိုပြီး သန်မာလာရမယ်" ဟု ဆိုလိုက်သည်။

"တစ်နေ့မှာ ငါ ဒီနေရာကနေ ထွက်သွားခဲ့ရင် မင်းတို့ ဘာဖြစ်သွားမလဲ"

"မင်း လက်နက်မကိုင်နိုင်ဘူးဆိုရင် မင်း သင်္ချိုင်းကုန်းထဲက အရိုးစုတစ်ခု ဖြစ်သွားပြီး တစ်သက်လုံး မင်းရဲ့ဆရာ ငါ့ကို ပြန်တွေ့ရမှာ မဟုတ်တော့ဘူး"

ချင်းလင်းသည် အလွန်ထိတ်လန့်သွားပြီး ငိုလုနီးပါး ဖြစ်သွားကာ "ဆရာ... ဘယ်ကို သွားမှာလဲ၊ ကျွန်မတို့ကို စွန့်ပစ်သွားတော့မှာလား" ဟု သနားစဖွယ် ပြောလိုက်သည်။

"ငါ အခု ကြယ်သုံးပွင့် သိုင်းသူတော်စင် အဆင့်ကို ရောက်နေပြီ၊ ကြယ်လေးပွင့် အဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့သလို သိုင်းနတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်ဖို့ကလည်း အချိန်တစ်ခုပဲ လိုတော့တာ၊ ဒါပေမဲ့ မင်းတို့ရဲ့ အရည်အချင်းတွေက ငါ့ရဲ့ ခြေလှမ်းတွေကို မမီနိုင်ဘူး၊ ဒါကြောင့် ငါပြောတာကို မင်း နားလည်လား"

ကျန်းချန်သည် ချင်းလင်း၏ နှာခေါင်းလေးကို အသာအယာ ညှစ်လိုက်သည်။ သူ အစိုးရိမ်ဆုံးက ချင်းလင်းပင် ဖြစ်သည်။ ဒီကောင်မလေးသည် အရမ်းအားနည်းလွန်းပြီး အသက်ရှင်ခြင်းကို အလွန်အမင်း တန်ဖိုးထားလွန်းသည်။ ထိုအချက်သည်ပင် သူမ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်။

ချင်းလင်းသာ ချိုင်လင်းလို ပြတ်သားမှုရှိမည်ဆိုပါက သူ စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ပေ။

"ချိုင်လင်း... အခုကစပြီး ချင်းလင်းကို မင်းပဲ တာဝန်ယူပါ၊ အဆင်ပြေလား"

ရေကန်နားတွင် ခြေဆေးနေသော ဘုရင်မကြီး မီဒူဆာသည် ဘေးသို့ လှည့်ကြည့်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။ "ကောင်းပါပြီ... ဒါပေမဲ့ ကျွန်မက ချင်းလင်းကို ဖျက်ဆီးလိုက်မှာ မကြောက်ဘူးလား"

"မင်း အဆင်ပြေအောင် စီမံနိုင်ရင် ဒီကလေးမလေးက ပြဿနာ မဟုတ်ပါဘူး"

ကျန်းချန်သည် ဆေးလုံးအချို့ကို ထုတ်ယူကာ နတ်သမီးဆရာဝန်မလေးနှင့် ချင်းလင်းကို ပေးလိုက်သည်။ နောက်ထပ်အနေဖြင့် သူသည် နတ်သမီးဆရာဝန်မလေး ရှောင်ရီရှန်အတွက် ထူးခြားဆန်းကြယ်မီးတောက်ကို ရှာဖွေပေးဖို့ရာ ကူညီရမည်ဖြစ်သည်။

ယခုအခါ နတ်သမီးဆရာဝန်မလေးသည် ဒုတိယအဆင့် မှော်ဆေးဆရာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို အခြားသူများသည်လည်း ကြယ်သုံးပွင့် သိုင်းမြင့်မြတ်သခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ထူးခြားဆန်းကြယ်မီးတောက်ကို ဝါးမျိုရန် အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားနေသည်။

သူသည် နတ်သမီးဆရာဝန်မလေးအတွက် ပြင်ဆင်ပေးထားသည်မှာ ထူးခြားဆန်းကြယ်မီးတောက်များ စာရင်းတွင် အဆင့် ၂၀ ရှိသော ကိုးပါးငရဲ အဆိပ်မီးတောက်ပင် ဖြစ်သည်။

ထူးခြားဆန်းကြယ်မီးတောက်များစာရင်းတွင် အဆိပ်အပြင်းဆုံး မီးတောက်ဖြစ်သည်နှင့်အညီ ၎င်းသည် နတ်သမီးဆရာဝန်မလေး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်သင့်လျော်ပြီး ဆေးလုံးများ ဖော်စပ်ရာတွင်လည်း များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။

သို့သော် ကိုးပါးငရဲ အဆိပ်မီးတောက်သည် ရှေးဟောင်း အဆိပ်နွံအိုင်ထဲတွင် တည်ရှိသည်။ နှစ်ပေါင်းသန်းချီကြာ မိုးကုတ်စက်ဝိုင်းကို ဖုံးလွှမ်းထားသော အဆိပ်ငွေ့များ၏ ဒဏ်ကို ခံခဲ့ရပြီးနောက် ထိုမီးတောက်သည် အဆုံးမရှိသော အဆိပ်ငွေ့များကို စုပ်ယူလိုက်သည်။ နှစ်တစ်ရာကြာလျှင် ဝိညာဉ်တစ်ခု ဖြစ်လာပြီး နှစ်တစ်ထောင်တွင် ပုံသဏ္ဌာန်ပေါ်လာကာ နှစ်တစ်သောင်းကြာမှသာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသည်။ အထွတ်အထိပ်သို့ ရောက်သောအခါ ၎င်း၏အရောင်မှာ စိမ်းဖန့်ဖန့် ဖြစ်နေပြီး အဆိပ်နွံအိုင်ထဲတွင် သရဲမီးကဲ့သို့ လှည့်လည်သွားလာနေသည်။

ထို့ကြောင့် ကျန်းချန်သည် နတ်သမီးဆရာဝန်မလေး‌ ရှောင်ရီရှန်အတွက် ဤကိုးပါးငရဲ အဆိပ်မီးတောက်ကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူမအတွက် အမှန်တကယ့်ကို အံဝင်ခွင်ကျဖြစ်နေပေတော့သည်။

အခန်း ၁၀၂ - ထူးခြားဆန်းကြယ်မီးတောက်ကို ရှာဖွေရန် အရှေ့ဘက်တိုက်ကြီးသို့ ခရီးဆန့်ခြင်း

'ကိုးပါးငရဲ အဆိပ်မီးတောက်' သည် အစဥ်အဆက် ကာလရှည်ကြာစွာပင် 'ရှေးဟောင်း အဆိပ်နွံအိုင်' ၏ အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ကျန်းချန်သည် ယခင်က ထိုနေရာသို့ ရောက်ရှိရန် အခွင့်အရေး တစ်ကြိမ်ရဖူးသော်လည်း ထိုစဥ်က သူ၏ ကျင့်ကြံခြင်းအဆင့်မှာ 'သိုင်းဘိုးဘေး' အဆင့်မျှသာ ရှိသေးသဖြင့် အသက်အန္တရာယ်ကို ငဲ့ကွက်ကာ မဆင်မခြင် ဝင်ရောက်ခဲ့ခြင်း မရှိပေ။

ရှေးဟောင်း အဆိပ်နွံအိုင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ငွေ့များ အဆုံးမရှိ ဖုံးလွှမ်းနေသည်။ သတိမထားမိပါလျှင် အဆိပ်သင့် သေဆုံးနိုင်သည်။ ထိုအခြေအနေတွင် 'သိုင်းဧကရာဇ်' အဆင့်ရှိသူပင်လျှင် အသက်ပျောက်နိုင်ပေသည်။

၎င်း 'ကိုးပါးငရဲ အဆိပ်မီးတောက်' တည်ရှိရာနေရာသည် အလွန်အန္တရာယ်များလှသည်။ ဒိုချီတိုက်ကြီးတစ်ခုလုံးအတွင်း၌ ထိုကဲ့သို့သော ထူးခြားဆန်းကြယ်မီးတောက်ကို ပိုင်ဆိုင်ထားသူမှာ လက်ချိုးရေတွက်ရလောက်အောင် နည်းပါးလှပြီး တိုရှီရှေးဟောင်းဧကရာဇ် တစ်ဦးတည်းသာလျှင် ၎င်း၏ အကြောင်းကို အသေအချာ သိရှိထားခြင်း ဖြစ်သည်။

ကျန်းချန်သည် ပုခုံးကို တစ်ချက်တွန့်လိုက်ပြီး ဘေးနားတွင် ဆော့ကစားနေသည့် 'နတ်သမီးဆရာဝန်မလေး' ရှောင်ရီရှန်ကို လှည့်ကြည့်လိုက်သည်။ သူသည် သူမအား ကတိပေးထားပြီး ဖြစ်သဖြင့် ထိုကတိကို ဖျက်ရန် စိတ်ကူးမရှိပေ။

တခဏမျှ စဥ်းစားပြီးနောက် ကျန်းချန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ရေထဲတွင် ကစားနေသည့် ဘုရင်မကြီး မီဒူဆာကို ကြည့်ကာ ဆိုလိုက်သည်။

"ချိုင်လင်း၊ ငါ အရှေ့ဘက်တိုက်ကြီးကို သွားတော့မယ်၊ ဒီနေရာကိုတော့ မင်းလက်အပ်ထားခဲ့မယ်၊ မင်းရဲ့ အခုရှိနေတဲ့ အစွမ်းနဲ့ဆိုရင် ဒီ အနောက်မြောက်တိုက်ကြီးမှာ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး"

"ဟင်" ချိုင်လင်းက သူမ၏ မျက်ခုံးအစုံကို ပင့်တင်လိုက်ရင်း အံ့အားသင့်သွားသည်။ "ရှင်က အရှေ့ဘက်တိုက်ကြီးကို သွားမလို့လား၊ အဲဒီနေရာက အလယ်ဗဟိုတိုက်ပြီးရင် ဒုတိယမြောက် အစွမ်းအထက်ဆုံးနေရာပဲ၊ အစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေတာကို ရှင်က မကြောက်ဘူးလား"

"စိတ်မပူပါနဲ့၊ ငါ ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်"

အလယ်ဗဟိုတိုက် (ကျုံးကျိုး) ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်သော အရှေ့ဘက်တိုက်ကြီးသည် 'သိုင်းဧကရာဇ်' နှင့် 'သိုင်းဘိုးဘေး' အဆင့်ရှိသူများ နေရာအနှံ့ ပျံ့နှံ့နေသည့် နေရာဖြစ်သည်။ ထို့ပြင် 'သိုင်းဝိဇ္ဇာ' နှင့် 'သူတော်စင်တစ်ဝက်' အဆင့်ရှိ ပညာရှင်များလည်း များစွာ ရှိနေသည်။

သို့သော် ထိုနေရာ၌ သယံဇာတ အရင်းအမြစ်များမှာ အလွန်တရာ ကြွယ်ဝလှပြီး ဒိုချီစွမ်းအင်မှာလည်း အနောက်မြောက်တိုက်ကြီးထက် အဆပေါင်းများစွာ သာလွန်သည်။ အလယ်ဗဟိုတိုက်လောက် မကောင်းသော်လည်း အလယ်ဗဟိုတိုက်ပြီးလျှင် ဒုတိယအဆင့် ဖြစ်ပေသည်။

ကျန်းချန်သည် ကံကောင်းထောက်မစွာဖြင့် 'သိုင်းသူတော်စင်' ပညာရှင်ကြီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ဖူးရပြီး ထိုမှတစ်ဆင့် အရှေ့ဘက်တိုက်ကြီး၏ လက်ရှိအခြေအနေကို သိရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတိုက်ကြီးကို အဓိက အင်ပါယာကြီး သုံးခုက ခွဲဝေအုပ်ချုပ်ထားသည်။

၎င်းတို့မှာ ကျောက်တုံးနိုင်ငံတော်၊ မိုးပြာရောင် တိမ်တိုက်အင်ပါယာ နှင့် နေဝင်ဆည်းဆာအင်ပါယာ တို့ ဖြစ်ကြသည်။

ပထမအင်ပါယာနှစ်နိုင်ငံမှာ ရှေးမျိုးနွယ်စု ရှစ်ခုထဲတွင် ပါဝင်သော 'ကျောက်တုံးမျိုးနွယ်စု' နှင့် 'ရှေးမျိုးနွယ်စု' တို့၏ လက်အောက်ခံများ ဖြစ်ကြသော်လည်း နောက်ဆုံးအင်ပါယာနိုင်ငံမှာမူ မည်သူ့ဩဇာကိုမျှ မခံဘဲ ကြားနေအဖြစ်သာ ရပ်တည်နေသည်။

ထိုအကြောင်းများကြောင့်ပင် အရှေ့ဘက်တိုက်ကြီးတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး အရင်းအမြစ်များအတွက် နေ့စဥ်နှင့်အမျှ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားကာ အစွမ်းထက်သူများကြားတွင် များစွာသေကြေပျက်စီးကြရသည်။

ချိုင်လင်းသည် သူမ၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းနီနီလေးကို မဲ့လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။ "ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့ပေးဖို့ လိုမလား၊ ဘာပဲဖြစ်ဖြစ် ဒီမှာက မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း ရှိနေတာပဲ"

သို့သော် ကျန်းချန်က ခေါင်းခါလိုက်သည်။ ထိုနေရာ၏ အန္တရာယ်မှာ သာမန်လူများ ထင်မှတ်ထားသည်ထက် ပိုမိုကြီးမားလှသည်။ ဘုရင်မကြီး မီဒူဆာ၏ 'သိုင်းဘိုးဘေး' အဆင့် အစွမ်းမှာ ထိုနေရာအတွက် လုံလောက်မှု မရှိသေးပေ။

အင်အားကြီး အဖွဲ့အစည်းများကို ရှောင်ရှားနိုင်သည်ထားဦး၊ ရှေးဟောင်း အဆိပ်နွံအိုင်၏ အန္တရာယ်က ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူမအနေဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် ဤနေရာ၌သာ နေရစ်ခဲ့ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

ချိုင်လင်းသည် ကျန်းချန်က သူမကို ငြင်းပယ်လိုက်သည်ကို မြင်၍ အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမ၏ မာနကို ထိန်းကာ အေးစက်သော လေသံဖြင့် "ကောင်းပြီလေ၊ ရှင်က ဒီလိုပြောမှတော့ ကျွန်မ ဒီမှာပဲ နေခဲ့ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

"အင်း"

ကျန်းချန်သည် အားလုံးကို အတိုချုံး နှုတ်ဆက်ပြီးနောက် အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အရှေ့ဘက်တိုက်ကြီးသို့ ဦးတည်ချိတ်ဆက်လိုက်သည်။

အနောက်မြောက်တိုက်ကြီးနှင့် အရှေ့ဘက်တိုက်ကြီးသည် မိုင်ပေါင်းသောင်းချီ၍ ဝေးကွာလှသည်။ အကယ်၍ သူတို့သာ ပုံမှန်အတိုင်း ခရီးသွားမည်ဆိုပါက ယနေ့တိုင် ရောက်ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ဟင်းလင်းပြင်(လေဟာနယ်)ကို ဖြတ်ကျော်ကာ အချိန်တိုအတွင်း ထိုနေရာသို့ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"သခင်လေး၊ ကျွန်မရော လိုက်ခဲ့လို့ ရမလား"

ကျန်းချန် ထွက်ခွာတော့မည့် ဆဲဆဲတွင် ရှောင်ရီရှန်၏ အသံက နောက်ကွယ်မှ ထွက်ပေါ်လာသည်။

အသံကို ကြားရ‌သောကျန်းချန်သည် သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရှောင်ရီရှန်တွင် 'အန္တရာယ်ရှိတဲ့ အဆိပ်မိခန္ဓာကိုယ်' ရှိနေသဖြင့် သူမသည် အဆိပ်ရှိသော ဆေးဖက်ဝင်အပင်များနှင့် မှော်ရတနာများကို ရှာဖွေရာ၌ ထူးခြားသော အာရုံခံနိုင်စွမ်း ရှိသူဖြစ်သည်။

"မင်း တကယ်ပဲ လိုက်ချင်လို့လား"

ရှောင်ရီရှန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို အမြန်ငြိမ့်ပြသည်။

သူမသည် တိုက်ကြီးတစ်ခွင် လှည့်လည်သွားလာချင်သော်လည်း သူမ၏ အစွမ်းနှင့် အခြေအနေကြောင့် အခြားဒေသများ၏ ရှုခင်းများကို ကောင်းစွာ မြင်တွေ့ခွင့် မရခဲ့ပေ။

ကျန်းချန်သည် ခေတ္တမျှ စဥ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ ရှေးဟောင်း အဆိပ်နွံအိုင်အတွင်း၌ ရှောင်ရီရှန်၏ ကျင့်ကြံခြင်းအတွက် သင့်တော်သော အရာများစွာ ရှိနိုင်ပေသည်။ သူမကို ခေါ်သွားခြင်းက သူမအား လေ့ကျင့်ပေးရန် အခွင့်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။

ချိုင်လင်းကတော့ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမကဲ့သို့ ဂုဏ်သိက္ခာကြီးမားလှသော 'သိုင်းဘိုးဘေး' တစ်ဦးပင် လိုက်ခွင့်မရသော်လည်း ရှောင်ရီရှန်ကမူ လိုက်ခွင့်ရခဲ့သည်။ ဤသည်မှာ သူတို့နှစ်ဦးကြားတွင် ကွာခြားချက်ရှိသလော။

"ဟွန့်"

ချိုင်လင်းသည် ထေ့ငေါ့လိုက်ရင်း သူတို့ကို လှည့်မကြည့်တော့ဘဲ အောက်တွင်ရှိသော ရေကန်ကိုသာ လက်ဖြင့် မွှေနှောက်နေတော့သည်။

"သွားကြရအောင်" ကျန်းချန်သည် ရှောင်ရီရှန်၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ပွေ့ချီလိုက်သည်။ အာကာသ အက်ကွဲကြောင်းအတွင်း၌ ဟင်းလင်းပြင်ဖိအားမှာ ပြင်းထန်လှရာ ရှောင်ရီရှန်၏ အစွမ်းမှာ နည်းပါးလွန်းလှသဖြင့် သူ၏ အကာအကွယ်မပါဘဲ ထိတွေ့မိပါလျှင် အသားများပင် စုတ်ပြဲသွားနိုင်ပေသည်။

ရှောင်ရီရှန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံကာ ကျန်းချန်၏ လည်ပင်းကို ဖက်ထားလိုက်ပြီး သူကလည်း သူ၏ခါးကို ဖက်ထားခွင့်ပြုလေသည်။

ကျန်းချန်နှင့် ရှောင်ရီရှန်တို့ အာကာသ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယခင်က ထွက်ပေါ်နေသော ဒိုချီလှိုင်းများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ယွင်ယွင်က ညင်ညင်သာသာဖြင့် "သခင်လေးရဲ့ အစွမ်းက အထွတ်အထိပ်ကို ရောက်နေပါပြီ၊ အရှေ့ဘက်တိုက်ကြီးမှာ သူ့ကို ယှဥ်နိုင်တဲ့သူ မရှိသလောက် နည်းပါလိမ့်မယ်"ဟု ပြောလိုက်သည်။

ချိုင်လင်းကတော့ သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ရေပြင်ပေါ်တွင် ပုံများ ဆွဲနေရင်း ခပ်အေးအေးပင် ဆိုသည်။ "သူ့ကိစ္စတွေကို ငါ စိတ်မဝင်စားပါဘူး၊ ယွင်ယွင်၊ လာပါဦး၊ မင်း အခုတလော ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါ့ကို ပြစမ်းပါ"

ယွင်ယွင်က အသာအယာ ပြုံးလိုက်ပြီး "ကောင်းပါပြီ ဘုရင်မကြီး၊ ဒါပေမဲ့ သတိတော့ ထားနော်၊ ကျွန်မက အခု 'သိုင်းဘိုးဘေး' အဆင့်ကို ရောက်ခါနီးနေပြီ"

"ဒါကို ခံစားကြည့်လိုက်စမ်း"

အရှေ့ဘက်တိုက်ကြီး။

ကျန်းချန်သည် ရှောင်ရီရှန်ကို ခေါ်ဆောင်ကာ အရှေ့ဘက်တိုက်ကြီးသို့ ရောက်ရှိရန် နေ့တစ်ဝက်ခန့်သာ အချိန်ယူခဲ့ရသည်။ အရှေ့တိုက်သည် အလယ်ဗဟိုတိုက်တွင် အပြင်းထန်ဆုံးဖြစ်သည်။ ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထူးခြားသော လေထုနှင့် စွမ်းအင်များကို သူ ခံစားလိုက်ရသည်။

ရှောင်ရီရှန်က ကျန်းချန်၏ လက်မောင်းကို ဖက်တွယ်ထားရင်း "သခင်လေး၊ ဒါက အရှေ့ဘက်တိုက်ကြီးလား" ဟု တိုးတိုးလေး မေးလိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အရှေ့ဘက်တိုက်ကြီး တစ်ခုလုံးသည် စစ်မီးများ တောက်လောင်နေသည်ကို တွေ့ရသည်။ နေရာအနှံ့တွင် ပဋိပက္ခများနှင့်ရုန်းရင်းဆန်ခတ်များဖြင့် ပြည့်နှက်နေသည်။ အစာရေစာ ငတ်မွတ်နေသူများမှာ မြေပြင်ပေါ်တွင် ဟိုတစ်စု သည်တစ်စု ဖြစ်နေကြပြီး သူတို့၏ ငိုကြွေးသံများက မြေပြင်တစ်ခွင် ပဲ့တင်ထပ်နေသည်။

ကျန်းချန်နှင့် ရှောင်ရီရှန်တို့သည် ကျောက်တုံးနိုင်ငံတော်၏ နယ်စပ်ရှိ ကျေးရွာတစ်ရွာသို့ ဆင်းသက်လိုက်ကြသည်။ သို့သော် ဤနေရာသည် အဘယ်ကြောင့် ဤမျှအထိ ပျက်စီးသွားရသနည်း။

ကြင်နာတတ်သော နှလုံးသားရှိသည့် ရှောင်ရီရှန်မှာမူ မနေနိုင်တော့ဘဲ ဒဏ်ရာရနေသူများကို ကုသပေးရန် ချက်ချင်း ပြေးထွက်သွားတော့သည်။

ကျန်းချန်သည် ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး မျက်နှာတွင် သွေးစွန်းနေသည့် 'သိုင်းအရှင်'အဆင့်ရှိသူတစ်ဦးကို မေးမြန်းလိုက်သည်။ "အစ်ကို၊ ဒီနေရာက ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ"

ထိုတိုက်ခိုက်ရေးသမားမှာ ခေါင်းကို အားယူကာ မော့ကြည့်လိုက်ပြီး ကျန်းချန်၏ မရင်းနှီးသော မျက်နှာကို မြင်သောအခါ နာကျင်စွာဖြင့် ဆိုရှာသည်။ "သခင်လေး... မသိသေးဘူးလား၊ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော်တို့ရဲ့ ကျောက်တုံးနိုင်ငံတော်ဟာ မိုးပြာရောင် တိမ်တိုက်အင်ပါယာနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ကတော့ သာမန်တိုက်ပွဲလေးလို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ တစ်ဖက်က အခွင့်ကောင်းယူပြီး ကျွန်တော်တို့နိုင်ငံကို အလုံးအရင်းနဲ့ စစ်ကြေညာခဲ့တာပဲ"

"ကျွန်တော်တို့ အငိုက်မိသွားခဲ့တယ်၊ နယ်စပ်က မြို့တွေ တစ်မြို့ပြီးတစ်မြို့ ကျဆုံးခဲ့ရပြီး အရပ်သားတွေ အတုံးအရုံး သေဆုံးခဲ့ရပါတယ်၊ ကျွန်တော်တို့လို အဆင့်နိမ့် တိုက်ခိုက်ရေးသမားတွေ လုပ်နိုင်တာကတော့ ရန်သူ့စစ်တပ်ကို တတ်နိုင်သလောက် ဟန့်တားပေးဖို့ပါပဲ"

ပြောရင်းနှင့် ထိုသူသည် မြေပြင်ကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထုလိုက်သည်။ စစ်ပွဲကို မည်သူမျှ မနှစ်သက်ကြပေ။ ကျောက်တုံးနိုင်ငံတော်၏ ပြည်သူများမှာ အထိနာလွန်းလှသဖြင့်သာ သူတို့သည် လက်နက်ကိုင်စွဲကာ ပြန်လည် တိုက်ခိုက်နေရခြင်း ဖြစ်သည်။

ရှောင်ရီရှန်ပင်လျှင် မျက်မှောင်ကြုတ်မိသွားသည်။ စစ်ပွဲကြောင့် ပြည်သူများသာ အထိနာရခြင်း ဖြစ်သည်။ ရန်သူများသည် သူတို့၏ ကိုယ်ကျိုးအတွက် အပြစ်မဲ့သူများကို ညှာတာမှုမရှိဘဲ သတ်ဖြတ်နေကြခြင်းမှာ လူမဆန်သော လုပ်ရပ်ပင် ဖြစ်သည်။

ကျန်းချန်ကတော့ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။ ဒိုချီတိုက်ကြီးအတွင်း၌ ဤကဲ့သို့သော အဖြစ်အပျက်များမှာ နေ့စဥ်နှင့်အမျှ ဖြစ်ပျက်နေကျပင် ဖြစ်သည်။

အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် လောကသဘာဝအရ အားကြီးသူသာလျှင် အသက်ရှင်ကျန်ရစ်နိုင်ပေသည်။

All Chapters