← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁)

ကောင်းမွန်တဲ့ ကန်တင်း

"ဟုတ်ကဲ့၊ မင်္ဂလာပါရှင်"

တန်ယန်က ခေါင်းငြိတ်ပြီး နှုတ်ဆက်လိုက်သည်။

"ဟွာတာတက္ကသိုလ်ကနေ ကြိုဆိုပါတယ်"

ထိုအမျိုးသားက ခပ်ဖွဖွလေး ရယ်ရင်း ပြောလိုက်၏။

ဌာနမှူးရုံးခန်းမှ ပြန်ထွက်လာပြီး နောက်မှာတော့ တန်ယန်သည် အဆောင်ဖော် သူငယ်ချင်း သုံးယောက်ကို ပြန်ရှာတွေ့ခဲ့ပြီး သူမတို့ လေးယောက်သား စကားတပြောပြော ရယ်မောရင်း နေ့လယ်စာစားရန် စားသောက်ဆောင်ဆီသို့ ထွက်လာခဲ့ကြသည်။

ဟွာတာတက္ကသိုလ်မှာ စားသောက်ဆောင် စုစုပေါင်း ၅ ခုရှိသည်။ နံပါတ် (၃) စားသောက်ဆောင်က အမျိုးသမီး အဆောင်နှင့် ပိုနီးတာကြောင့် သူတို့ အဲ့ဒီကိုပဲ သွားလိုက်ကြ၏။ စားသောက်ဆောင်မှာ နှစ်ထပ်ရှိပြီး ပထမထပ်မှာတော့ စားသောက်ကုန် အရောင်းဆိုင်လေးတွေ စုဝေးနေကာ ဒုတိယထပ်မှာတော့ ဟင်းပွဲတွေကို သီးသန့်မှာယူ စားသောက်နိုင်သည့် အခန်းလေးတွေ ရှိသည်။

ခဏတဖြုတ် တိုင်ပင်ပြီးချိန်တွင် သူတို့အုပ်စု ပထမထပ်မှာပဲစားရန် ဆုံးဖြတ်လိုက်ကြသည်။ တန်ယန် ကာရီထမင်းတစ်ပွဲ မှာလိုက်ပြီး တခြားသူတွေကို စောင့်ဖို့အတွက် ခုံအလွတ်တစ်ခုံမှာ သွားထိုင်နေလိုက်သည်။

"ယန်ယန်... နင်ဘာဝယ်လာတာလဲ"

ဟူခဲ့ခဲ့က သူမ၏ ထမင်းပန်းကန်ကို သယ်လာပြီး ဘေးမှာဝင်ထိုင်ရင်း တန်ယန် ဘာစားသည်ကို ချက်ချင်း လှမ်းမေးတော့သည်။

"ဝက်သားကတ်ကြေးကိုက် ကာရီထမင်းလေ"

"ကြည့်ရတာ စားချင်စရာလေးပဲ ငါကတော့ ဝက်သားချိုချဉ်ထမင်း ဝယ်လာတာ၊ နည်းနည်း မြည်းကြည့်မလား"

"အင်း... ရတယ်လေ"

တန်ယန်က တစ်ဖက်လူရဲ့ စေတနာကို လက်ခံလိုက်ပြီး သူမ၏ ဝက်သားကတ်ကြေးကိုက် တစ်ဖဲ့ကိုလည်း ပြန်ပေးလိုက်သည်။

ဟူခဲ့ခဲ့က ဝက်သားဖဲ့လေးကို တစ်ကိုက် ကိုက်ကြည့်လိုက်ပြီး အံ့သြတကြီး ရေရွတ်မိလိုက်၏။

"ဒီဝက်သားကြော်က တကယ်ကို ကြွပ်ရွနေတာပဲ ကာရီဆော့စ်လေးနဲ့ တို့စားလိုက်ရင် တကယ့်ကိုရှယ်ပဲ"

"ဒီဝက်သား ချိုချဉ်ကလည်း မဆိုးဘူးနော်"

တန်ယန်က မျှတတဲ့ မှတ်ချက်တစ်ခု ပေးလိုက်သည်။ သူမ၏လျှာက အစားကောင်းများနှင့် ယဉ်ပါးနေသည်မှာ ကြာပြီဖြစ်လို့ များသောအားဖြင့် အရသာ ရှိလှပါသည်ဆိုသည့် ဟင်းတွေတောင် သူမအတွက်တော့ ပုံမှန်ဟုသာ ခံစားရတတ်သည်။ ဒါပေမဲ့ ဒီဟင်းကတော့ တကယ်ကို ကောင်းသည်။

"တကယ်လား ဒါဆို ငါလည်း မြည်းကြည့်ဦးမယ်"

ဟူခဲ့ခဲ့က ပျော်သွားပြီး မျက်လုံးလေးတွေ မှေးသွားသည်အထိ ပြုံးရင်း သူမဝယ်လာသော ထမင်းကို အားရပါးရ စားလေသည်။

ခဏအကြာတွင် ကျန်းလီနှင့် ကျောက်ယွိချင်းတို့လည်း ရောက်လာကြပြီး သူတို့နှစ်ယောက်ကတော့ ဆန်ပြားခေါက်ဆွဲကို မှာလာကြသည်။

"ဟူး... ဆန်ပြားခေါက်ဆွဲ ဝယ်တဲ့သူတွေက အများကြီးပဲ၊ တန်းစီလိုက်ရတာ အတော်ကြာသွားတယ်"

ကျောက်ယွိချင်းက ထိုင်ထိုင်ချင်း သက်ပြင်းချရင်း ပြောလိုက်၏။

"နင်တို့ ဝယ်လာတာတွေက အရသာရှိရဲ့လား"

ကျန်းလီက ထိုင်ရင်းနှင့် ခပ်ပေါ့ပေါ့ပဲ လှမ်းမေးသည်။

"ငါတို့ အချင်းချင်း လဲစားကြည့်ပြီးပြီ၊ အကုန်လုံးက တကယ် စားလို့ကောင်းတယ် ကျောင်းစားသောက်ဆောင်က အစားအသောက်တွေကို မြင်ခဲ့တဲ့ ငါ့အမြင်တွေတောင် လုံးဝ ပြောင်းလဲသွားပြီ"

ဟူခဲ့ခဲ့က ခေါင်းလေးထောင်ပြီး ပါးစပ်ထဲက အစာကို မျိုချပြီးမှ ပြန်ဖြေလိုက်သည်။

တန်ယန်ကလည်း ခေါင်းညိတ်ပြရင်း

"နင်တို့လည်း မြည်းကြည့်ကြလေ၊ ငါ့အထင်တော့ အရသာရှိမှာပါ" ဟု ပြောလိုက်သည်။

"ငါက ခရမ်းချဉ်သီး ဆန်ပြားခေါက်ဆွဲ ဝယ်လာတာ၊ အရင်ဆုံး မြည်းကြည့်လိုက်ဦးမယ်"

ကျောက်ယွိချင်းက မျှော်လင့်တကြီးပြောရင်း ဟင်းရည်ကို အရင် သောက်ကြည့်လိုက်သည်။ ချိုချိုချဉ်ချဉ် အရသာလေးက တကယ်ကို မဆိုးလှချေ။

"ဒီငါးချဉ်ဟင်းရည်နဲ့ ဆန်ပြားခေါက်ဆွဲကလည်း တကယ်မဆိုးဘူး၊ မြည်းကြည့်ကြဦးမလား"

ကျန်းလီက သူမရှေ့က ခေါက်ဆွဲတွေကို ဟင်းရည်နဲ့ သမသွားအောင် တူနဲ့မွှေရင်း လှမ်းမေးလိုက်သည်။

"ရပါတယ်၊ နင်တို့ပဲ အားရပါးရ စားကြပါ"

တန်ယန်က ပြုံးရင်း ငြင်းလိုက်၏။

"ငါလည်း မစားတော့ဘူး၊ တော်တော်လေး ဗိုက်ပြည့်နေပြီ"

ဟူခဲ့ခဲ့က ပြောပြောဆိုဆိုနှင့် လေတက်လိုက်သည်။

ဝဝလင်လင် စားသောက်ပြီးတဲ့ နောက်မှာတော့ ထိုင်ပြီး စကားစမြည် ပြောဖြစ်ကြသည်။

"ဒါနဲ့ ကျောင်းသားရေးရာ ဌာနမှူးက နင့်ကိုဘာလို့ ခေါ်တာလဲဟင်"

ကျောက်ယွိချင်းက သိချင်စိတ်နှင့် မေးလိုက်၏။

တန်ယန်က မျက်ခုံးလေး အသာပင့်ရင်း

"ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ဒီမှာနေရတာ အဆင်ပြေရဲ့လားလို့ လှမ်းမေးတာပါ ပြီးတော့ ငါက ကျောင်းကို အပြင်ကနေပဲ တက်မယ်လို့ လျှောက်ထားခဲ့တာလေ၊ အဆောင်က ကုတင်ကိုတော့ နေ့လယ်ခင်း နားချင်တဲ့ အခါမျိုးမှာ သုံးလို့ရအောင် ချန်ထားပေးမယ်တဲ့"

"ဝိုး ယန်ယန်... နင်က ဘေကျင်းမှာ အိမ်ရှိတာလား"

ဟူခဲ့ခဲ့က အပြစ်ကင်းစင်စွာဖြင့် အံ့သြတကြီး အော်လိုက်မိသည်။

"ဒီကလေးမလေးကတော့နော် အိမ်မပိုင်ရင်တောင် ငှားနေလို့ ရတာပဲလေ"

ကျန်းလီက စိတ်မရှည်သလို အမူအရာနှင့် ဟူခဲ့ခဲ့၏ခေါင်းကို အသာလေး ခေါက်လိုက်သည်။

"ဪ... ဟုတ်သားပဲ ဒါပေမဲ့ လီလီရယ်... ငါ့ခေါင်းကို ခဏခဏ မခေါက်ပါနဲ့တော့ ဒီလိုပဲ ဆက်ခေါက်နေရင် ငါပိုပြီး ထုံထုံအအ ဖြစ်သွားတော့မှာပဲ"

ဟူခဲ့ခဲ့က ညည်းတွားရှာသည်။

"နင်က အမြဲတမ်း ဆင်ဆင်ခြင်ခြင် မရှိဘဲ ပြောတတ်လို့ ငါက ဆုံးမပေးနေရတာလေ၊ ဟုတ်တယ်မလား"

ဘေးမှာရပ်နေသည့် ကျောက်ယွိချင်းကတော့ စိတ်မကောင်း ဖြစ်သွားရသည်။

'ငါတို့ကို ပြောနေတာလား' ဟု တွေးနေမိ၏။

"ဘာမှမဖြစ်ပါဘူး၊ ငါစိတ်မရှိပါဘူး"

တန်ယန်က ကျန်းလီကို ပြုံးပြလိုက်သည်။ ဒီအခန်းဖော်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလှသည်။

"ငါ ဘေကျင်းမှာ အိမ်ရှိတာလည်း ပါတယ်၊ နောက်ပြီး ငါက ပုံမှန်ဆိုရင် အလုပ်နည်းနည်း များတတ်တော့ အဆောင်မှာနေရင် အားလုံးရဲ့ အနားယူချိန်ကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ"

"ဒါဆို အဆောင်မှာ ငါတို့သုံးယောက်ပဲ ကျန်တော့မှာပေါ့ ဟူး..."

ဟူခဲ့ခဲ့က အနည်းငယ် စိတ်ပျက်သွားသည်။ ချောမောလှပသည့် မိန်းကလေးနှင့် အတူတူ စားသောက် နေထိုင်ရတော့မည်ဟု ထင်ထားခဲ့သည်။

"ကဲပါ... ဒါတွေ ပြောမနေကြနဲ့တော့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတော့မှာမှ မဟုတ်တာ"

ကျန်းလီက ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ငါကြားတာတော့ ဟွာတာတက္ကသိုလ်ရဲ့ စစ်ပညာ သင်တန်းက တော်တော်လေး ပြင်းထန်တယ်တဲ့ ဒါကြောင့် ခဏနေရင် ကုန်တိုက်သွားပြီး လိုအပ်တာလေးတွေ ဝယ်ကြရင် မကောင်းဘူးလား"

"ကောင်းသားပဲ၊ အားလုံးအတူတူ သွားကြမလား"

ဟူခဲ့ခဲ့က ကျောက်ယွိချင်းနဲ့ တန်ယန့်ကိုကြည့်ကာ မေးလိုက်သည်။

"ငါကတော့ ရတယ်၊ ဒီနေ့ နေ့လယ်ပိုင်း အားတယ်"

တန်ယန်က ပြန်ဖြေလိုက်၏။

"အင်း... ငါလည်း နေလောင်ကာ ခရင်မ်နဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့လိုနေတာ"

ကျောက်ယွိချင်းက သဘောတူလိုက်သည်။

"ဒါဆို တက္ကစီတစ်စီးတည်း အတူတူစီးပြီး ကားခ ခွဲရှင်းကြမလား"

“အိုကေလေ”

ကျန်းလီက ခေါင်းညိတ်သည်။

“မလိုပါဘူး၊ ငါကားမောင်းလာတယ် ဘယ်ကုန်တိုက်ကို သွားကြမလဲ LK ကုန်တိုက်လား”

တန်ယန် မေးလိုက်၏။

“ဝိုး... သူဌေးမလေးပါလား”

ဟူခဲ့ခဲ့က ဝမ်းသာအားရ ပြောလိုက်သည်။

“သူဌေးမလေးဘေးမှာ အဖော်တစ်ယောက်လောက် မလိုဘူးလားဟင် ငါက နင့်ခြေထောက်ကို ဖက်ထားပြီး ခါထုတ်လို့မရတဲ့သူမျိုး ဖြစ်ချင်တာ”

“တော်စမ်းပါ နင်က အရမ်းလေးတဲ့ဟာကို”

ကျန်းလီက ဟူခဲ့ခဲ့ကို တစ်စက်လေးမှ အလျှော့မပေးဘဲ နှိမ်လိုက်လေသည်။

“ငါက နင့်လောက် မလေးပါဘူးနော် လီလီရဲ့ နင့်ကိုယ်အလေးချိန်က ၁၃၀.... အု...”

ဟူခဲ့ခဲ့ရဲ့ ပါးစပ်ကို ကျန်းလီက အမြန် လှမ်းပိတ်လိုက်တာကြောင့် "အုအု" ဆိုသည့် အသံတွေသာ ထွက်လာတော့သည်။

တန်ယန်ကတော့ သူတို့တွေ ကလေးကလား ရန်ဖြစ်နေကြတာကို ပြုံးပြီး ကြည့်နေမိသည်။ ယခုလို မြင်ရသည့် မြင်ကွင်းလေးမှာ အမှန်တကယ် စိတ်ချမ်းသာဖို့ ကောင်းလှ၏။

တစ်ချိန်တည်းမှာပင် တန်ယန်တစ်ယောက် မီကို့ကို သတိရမိသွားသည်။

*

ယီယွိဖျော်ဖြေရေး လုပ်ငန်း၏ လေ့ကျင့်ရေးခန်းမ

မီကိုသည် မှန်တင်ခုံရှေ့တွင် ကကွက်များကို အပတ်တကုတ် လေ့ကျင့်နေစဉ် ရုတ်တရက် နှာချေလိုက်သဖြင့် ခြေလှမ်းများ ယိုင်သွားလေသည်။

"ကဲ... တော်ပြီ ခဏနားကြရအောင်၊ ၁၅ မိနစ်နေမှ ပြန်စမယ်"

မီကို့ရဲ့ ခြေလှမ်းတွေ ပျက်သွားသည်ကို မြင်လိုက်ရသည့် ကကွက်ဆရာက နားခိုင်းလိုက်သည်။ ဒီမိန်းကလေးက လေ့ကျင့်ရေး စကတည်းက ဘယ်တော့မှ ညည်းညူခြင်း မရှိဘဲ တကယ့်ကို ကြိုးစားအားထုတ်သူ ဖြစ်၏။ အထက်က လူကြီးတွေရဲ့ မှာကြားချက်ကိုလည်း သတိရတာကြောင့် ဆရာဖြစ်သူက အလုပ်နဲ့ အနားယူချိန်ကို မျှတအောင် ဂရုစိုက်ပေးရသည်။ တစ်မနက်လုံး လေ့ကျင့်ထားပြီးပြီဖြစ်ရာ နားချိန်တန်နေပြီ ဖြစ်၏။

မီကို ကတာကို ရပ်လိုက်ပြီး အသက်ရှူနှုန်း ပြန်မှန်အောင် ခဏစောင့်ကာ ဘေးသို့သွားပြီး ရေသောက်လိုက်သည်။ နာရီကို ကြည့်လိုက်သောအခါ တန်ယန်တစ်ယောက် အခုလောက်ဆို ကျောင်းအပ်ပြီးလောက်ပြီ ဖြစ်သည်။ ဘယ်အချိန် ပြန်တွေ့ရမလဲကို သူမ တွေးနေမိသည်။

အခြားတစ်ဖက်မှာတော့ တန်ယန်သည် သူငယ်ချင်းမလေး သုံးယောက်နှင့်အတူ ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။

"ဝါး ဒီကားကတော့ မိန်းကလေးစီးတဲ့ ကားဆိုတာ အသိသာကြီးပဲ"

ကျန်းလီက ရှေ့ကိုတိုးသွားပြီး သူမရှေ့က ကားလေးကို အသာအယာ ပွတ်သပ် ကြည့်နေမိသည်။

တန်ယန်က ခပ်ဖွဖွလေး ပြုံးလိုက်ပြီး

"ဒီပုလဲ ပန်းဆီရောင်လေးက တော်တော်လှတယ်လို့ ငါထင်လို့လေ၊ အထူးသဖြင့် အလင်းပြန်ရင် ပန်းခရမ်းရောင်လေး သန်းနေတာ ငါက တောက်တောက် ပြောင်ပြောင်လေးတွေကို သဘောကျတာလည်း ပါတာပေါ့... ကဲ၊ ကားပေါ် တက်ကြစို့"

"ယန်ယန်... ငါတော့ နင့်အပေါ်ထားတဲ့ အမြင်ကို ပြောင်းရတော့မယ် နင်က သူဌေးမလေး ဖြစ်ရုံတင် မကဘူး၊ စူပါသူဌေးမလေးပဲ"

ဟူခဲ့ခဲ့က စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။ သူမတို့ မိသားစုက ကျန်းလီတို့အိမ်နှင့် မလှမ်းမကမ်းတွင် နေတာဖြစ်ပြီး နှစ်ဖက်လုံးက အခြေအနေ ကောင်းကြသော်လည်း သူတို့၏ အိမ်စီးကားတွေက ယွမ် ၅ သိန်းလောက်သာ တန်သည်။ သန်းချီတန်သည့် ကားမျိုးကို စီးရမှာက သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်၏။

ဟူခဲ့ခဲ့နှင့် ကျန်းလီတို့က ကားနောက်ခန်းမှာ ဝင်ထိုင်ကြပြီး ကျောက်ယွိချင်းကတော့ ရှေ့ခန်းမှာ ထိုင်လိုက်သည်။

ကျောက်ယွိချင်းမှာ မျက်လုံးလေး ကစားရင်း ဖုန်းကိုခိုးထုတ်ကာ ဓာတ်ပုံအချို့ ရိုက်လိုက်သည်။ သို့သော်လည်း တန်ယန် မပါအောင်တော့ သူမ သတိထားခဲ့၏။

တန်ယန်က ထိုလှုပ်ရှားမှုတွေကို သတိထားမိသော်လည်း ဘာမှ ဝင်မပြောခဲ့ချေ။ ကျောက်ယွိချင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်အချို့ ရှိနိုင်သော်လည်း လက်ရှိအချိန်အထိ သူမသည် လူဆိုးတစ်ယောက် မဟုတ်သလို အခြားသူများအပေါ် မနာလို ဝန်တိုတတ်သူမျိုးလည်း မဟုတ်တာကြောင့် သည်းခံပေးထားလိုက်၏။

မိနစ် ၃၀ ခန့် ကြာပြီးနောက် တန်ယန်သည် LK ကုန်တိုက်၏ မြေအောက် ကားပါကင် အတွင်းသို့ ကားကို မောင်းဝင်လိုက်လေသည်။

ကားပေါ်က ဆင်းလာကြသည့်အခါ စစ်ပညာသင်တန်း ကာလအတွင်း စားသောက်ဆောင်ကို ခဏခဏ မသွားချင်တာကြောင့် အဆောင်မှာ သိမ်းထားရန် မုန့်တွေအများကြီး ဝယ်ကြမည်ဟု သူတို့အုပ်စု တိုင်ပင်ကြတော့၏။

"အဲ့ဒါ ကောင်းတဲ့အကြံပဲ ကွတ်ကီးတွေ၊ ပေါင်မုန့်တွေအပြင် ခေါက်ဆွဲခြောက်ထုပ်ကိုပါ ဝယ်ထားကြရအောင်"

ဟူခဲ့ခဲ့က ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ အသားမစားရရင် မနေနိုင်ဘူးလေ အသားချောင်းတွေ၊ ဘဲခြေထောက်တွေ၊ ကြက်ခြေထောက် တွေကိုပါ များများဝယ်ရအောင်"

ကျန်းလီကတော့ အသားကို အင်မတန် နှစ်သက်သူ ဖြစ်တာကြောင့် ထမင်းစားတိုင်း အသားဟင်း မပါမဖြစ်သူ ဖြစ်သည်။

"နို့နဲ့ ဖျော်ရည်တွေလည်း ဝယ်ဖို့လိုဦးမယ်နော်"

ဟု ကျောက်ယွိချင်းက ဖြည့်စွက်ကာ ပြောလိုက်၏။

တန်ယန်အတွက်တော့ ဒါတွေက သိပ်မလိုအပ်လှသော်လည်း သူတို့တွေ မုန့်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသည့်အခါ သူမပါ ဗိုက်ဆာလာတော့သည်။

LK ကုန်တိုက်ရဲ့ မြေအောက်ထပ်မှာတော့ စူပါမားကတ်ကြီး တစ်ခုရှိပြီး အပြင်ဘက်မှာလည်း အသင့်စား အစားအစာဆိုင်တွေ အစုံအလင် ရှိနေသည်။ လာခါစက နေ့လယ်စာ စားခဲ့ကြသော်လည်း မုန့်အမျိုးမျိုးကို မြင်လိုက်ရသောအခါ မိန်းကလေး လေးယောက်မှာ မအောင့်နိုင်တော့ဘဲ ဘယ်ဘက်လက်က အသားချောင်းကင် တစ်ချောင်း၊ ညာဘက်လက်က ပုလဲနို့အေး တစ်ခွက်စီဖြင့် အားရပါးရ စားသောက်နေကြ၏။

အခန်း (၁၄၂)

အခန်းဖော်၏ အံ့အားသင့်မှု

ဒီနို့အေးက နွားနို့စစ်စစ်နဲ့ လုပ်ထားတာ မဟုတ်သလို အရသာကလည်း သိပ်မကောင်းလှချေ။ သူတို့တစ်သိုက်မှာ နှစ်ငုံသုံးငုံလောက် သောက်ကြည့်ပြီးနောက် ပြန်ချထားလိုက်ကြသည်။

"ဒီနို့အေးက အသင့်ဖျော်ထုပ်ထက်တောင် ပိုဆိုးသေးတယ်၊ ငါ့မုန့်ဖိုးတွေ နှမြောစရာကြီး"

ဟူခဲ့ခဲ့က ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့လိုက်ရသလိုမျိုး မျက်နှာပေးနဲ့ ပြောလိုက်သည်။

"အရသာက တကယ်ကို ဆိုးတာပဲ၊ ခရင်မ်တုနံ့ကြီး ရနေတာ"

ကျောက်ယွိချင်းကလည်း ရွံရှာသလိုမျိုး မျက်မှောင်ကြုတ်လိုက်၏။

"ငါတော့ ဆက်မသောက်တော့ဘူး မဟုတ်ရင် နဂိုကမှ မထက်မြက်တဲ့ ငါ့ဦးနှောက်က ပိုတုံးသွားမှာစိုးလို့"

ကျန်းလီက ပြောပြောဆိုဆိုနှင့် နို့အေးခွက်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

တန်ယန်အပါအဝင် ကျန်တဲ့သူတွေကလည်း နို့အေးခွက်တွေကို ပစ်လိုက်ကြတော့၏။

"ဒီဆိုင်ကတော့ စီးပွားရေး တော်တော် ဖြစ်ထွန်းနေတာပဲနော်"

တန်ယန်က ထိုနို့အေးဆိုင်ကို တစ်ချက်ဝေ့ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"လူတွေက ဆိုင်ရဲ့ ထုပ်ပိုးမှု အလှအပကိုကြည့်ပြီး ဝယ်ကြတာ နေမှာပေါ့"

တကယ်တော့လည်း ဒီနို့အေးဆိုင်က ကြည့်ရတာ တော်တော်လေး အဆင့်မြင့်ပုံပေါ်ပြီး ခွက်တွေပေါ်မှာလည်း နာမည်ကြီး အန်နီမေးရှင်း ဇာတ်ကောင်တွေကို ရိုက်နှိပ်ထားသည်။ သူတို့တွေလည်း အဲ့ဒီအလှအပကို ကြည့်ပြီး ဆွဲဆောင် ခံလိုက်ရတာကြောင့် ဝယ်သောက်မိကြခြင်း ဖြစ်သည်။

"တကယ်လို့ အရသာလည်းရှိ၊ အပြင်အဆင်လည်း လှပတဲ့ နို့အေးဆိုင်သာရှိရင် ဈေးနည်းနည်း ကြီးရင်တောင် ငါကတော့ အမြဲဝယ်သောက်မှာပဲ"

ဟူခဲ့ခဲ့က သူမ၏ မျှော်လင့်ချက်ကို ထုတ်ဖော် ပြောပြသည်။

"ငါလည်း အတူတူပဲ" ဟု ကျောက်ယွိချင်းက ထောက်ခံသည်။

"ငါလည်း ဝယ်သောက်နိုင်တယ်"

ကျန်းလီကလည်း ခေါင်းညိတ်၏။

"ဒါဆိုရင် နင်ကိုယ်တိုင် ဆိုင်တစ်ဆိုင်လောက် မဖွင့်ချင်ဘူးလား"

တန်ယန်က ဟူခဲ့ခဲ့ကိုကြည့်ပြီး အကြံပြုလိုက်သည်။

"ငါကလား"

ဟူခဲ့ခဲ့က အံ့သြတကြီးနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လက်ညှိုးထိုးပြရင်း

"နင်နောက်နေတာလား ငါက အခုမှ ပထမနှစ် ကျောင်းသူလေးလေ၊ ပိုက်ဆံလည်း မရှိ၊ အဆက်အသွယ်လည်း မရှိဘဲနဲ့ အဲ့ဒီလိုမျိုး အိပ်မက်တောင် မမက်ရဲပါဘူး"

"လက်ရှိ ဈေးကွက်ထဲမှာလည်း ထူးထူးခြားခြား ထင်ရှားတဲ့ နို့အေးဆိုင်မျိုး မရှိသေးဘူးလေ နင့်မှာ စိတ်ကူးရှိတယ်ဆိုရင် ဘာလို့ ပထမဆုံး မစမ်းကြည့်တာလဲ"

တန်ယန်သည် သူမ၏ အဒေါ်ဖြစ်သူ တန်ချင်းရွှဲ့ကို သတိရသွားမိသည်။ သူမ၏ အဒေါ်မှာလည်း ထိုစဉ်က ဤကဲ့သို့သော အတွေးမျိုး ရှိခဲ့ဖူးသည်။

ယခုအခါတွင်မူ S မြို့တော်ရှိ သူမ၏ အအေးနှင့် ပန်းဆိုင်မှာ အောင်မြင်လျက်ရှိပြီး အနီးနားရှိ မြို့နှစ်မြို့ အထိပင် လုပ်ငန်း ချဲ့ထွင်နိုင်ခဲ့ပြီ ဖြစ်သည်။

"အဲ့ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့မှာ အတွေ့အကြုံလည်း မရှိဘူးလေ အရင်းအနှီးကလည်း အနည်းဆုံး ယွမ်နှစ်သိန်းလောက်တော့ လိုမှာမဟုတ်လား တကယ်လို့ ရှုံးသွားရင် ငါတော့ ရင်ကျိုးရချေရဲ့"

ဟူခဲ့ခဲ့က ခေတ္တစဉ်းစားပြီး ပြန်ပြောလိုက်သော်လည်း သူမ၏ အမူအရာမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပုံရသည်။

"နင့်မှာ စိတ်ကူးရှိတယ်ဆိုရင် လုပ်ငန်း စီမံချက်တစ်ခု ရေးကြည့်လေ ငါ့မှာ ကျွမ်းကျင်တဲ့ အကဲဖြတ် အဖွဲ့ရှိတယ်၊ သူတို့က နင့်ကို ရင်းနှီးမြှုပ်နှံပေးနိုင်တယ်"

တန်ယန်က စိတ်ရင်းနှင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူမတွင် စနစ်ရှိသဖြင့် ငွေကြေး ချမ်းသာသော်လည်း ပိုက်ဆံပိုရမည်ကို မည်သူက ငြင်းပယ်မည်နည်း။ ထို့အပြင် ဟူခဲ့ခဲ့အပေါ် သူမ သဘောကျမိတာကြောင့်လည်း တစ်ဖက်တစ်လမ်းက ကူညီချင်မိခြင်း ဖြစ်သည်။

"သေသေချာချာလေး စဉ်းစားကြည့်ပါဦးမယ်"

ဟူခဲ့ခဲ့က စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်သူ မဟုတ်ဘဲ ဖြစ်နိုင်ခြေ ရှိ၊ မရှိကို အရင်ဦးစားပေး စဉ်းစားတတ်သူ ဖြစ်၏။

သူတို့အုပ်စု တွန်းလှည်းတစ်စီးကို ယူကာ စူပါမားကတ်ထဲ ဝင်ခဲ့ကြသည်။ လမ်းတစ်လျှောက် မျက်စိကျမိသမျှ မုန့်တွေကို လှည်းထဲ ပစ်ထည့်လာကြရာ မကြာခင်မှာပင် တွန်းလှည်းမှာ ပြည့်လျှံသွားတော့သည်။

"ငါ နောက်တစ်စီး သွားယူလိုက်ဦးမယ်"

အထုပ်တွေ ပြည့်နေတဲ့ တွန်းလှည်းကိုကြည့်ပြီး တန်ယန်လည်း နောက်တစ်စီး ထပ်ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ပြည့်နေသည့် လှည်းအတွက် ငွေအရင် ရှင်းလိုက်ပြီး ဝန်ဆောင်မှု ကောင်တာတွင် ခဏမျှ အပ်ထားခဲ့လေသည်။

တန်ယန် သူတို့အုပ်စုဆီ ပြန်ရောက်လာချိန်မှာတော့ သူငယ်ချင်း သုံးယောက်စလုံး ရေခဲမုန့် ကောင်တာရှေ့မှာ ရပ်ကြည့်နေကြတာကို တွေ့လိုက်ရ၏။

"ယန်ယန်... မြန်မြန်လာ နင် ဘယ်အရသာ ရေခဲမုန့်စားမလဲ"

တန်ယန် အနားရောက်လာတာနှင့် ဟူခဲ့ခဲ့က လှမ်းခေါ်တော့သည်။

တန်ယန် အနားသို့သွားပြီး ကြည့်လိုက်ရာ

"ဒီရေခဲမုန့်တွေက အကုန် စားလို့ကောင်းမယ့်ပုံပဲ နင်တို့ ဘယ်အရသာတွေ မြည်းကြည့်ချင်လဲ ဒါမှမဟုတ် တစ်ယောက်တစ်မျိုးစီ ရွေးမလား"

"ဒါပေမဲ့ ဒါတွေက ဘူးကြီးတွေလေ၊ အဆောင်မှာ သိမ်းထားလို့မှ မရတာ"

ကျန်းလီကတော့ အသိတရား ရှိရှိနှင့်ပင် တားလိုက်သည်။ ဈေးကြီးတဲ့ ဒီရေခဲမုန့်တွေကို နည်းနည်းပဲ ဝယ်သင့်သည်ဟု သူမ တွေးထားခြင်း ဖြစ်သည်။

"ငါကတော့ အရသာအားလုံးကို မြည်းကြည့်ချင်တာ"

ဟု ကျောက်ယွိချင်းက တောင့်တလျက် ပြောရှာသည်။

"ဒါဆိုရင် ရေခဲသေတ္တာ အသေးလေး တစ်လုံးလောက် ဝယ်လိုက်ရင်ရော အဆောင်မှာ လျှပ်စစ်ပစ္စည်း အကြီးကြီးတွေ သုံးလို့မရပေမဲ့ အသေးစားလေး ဆိုရင်တော့ အဆင်ပြေမှာပါ"

ဟူခဲ့ခဲ့ : ...... ကျန်းလီ : ...... ကျောက်ယွိချင်း : ......

သူတို့တွေ ဘာမှပြန်မပြောဘဲ အားလုံးက သူမကိုသာ စိုက်ကြည့်နေသောကြောင့် တန်ယန် မေးလိုက်သည်။

"ဘာလို့ အားလုံးက ငါ့ကို အဲ့ဒီလို ကြည့်နေကြတာလဲ သွား... ရေခဲမုန့် သွားရွေးကြတော့လေ"

တန်ယန်က သူမအကြိုက်ဆုံး ဗနီလာနှင့် ကာရာမယ်လ် အရသာ ရေခဲမုန့်တွေကို ရွေးလိုက်ပြီး ကျန်တဲ့သူတွေကိုလည်း မြန်မြန်ရွေးဖို့ တိုက်တွန်းလိုက်သည်။ သူမအနေနဲ့ ရေခဲသေတ္တာ အသေးလေးကိုလည်း သွားကြည့်ဖို့ လိုသေးတာကြောင့် ဖြစ်၏။

ကျန်းလီက ချောကလက် အရသာ တစ်ဗူးကို ရွေးလိုက်ပြီး ဟူခဲ့ခဲ့နှင့် ကျောက်ယွိချင်းကတော့ မာချာနှင့် စတော်ဘယ်ရီ အရသာတွေကို ယူလိုက်ကြသည်။

"သွားကြစို့ လျှပ်စစ်ပစ္စည်း အရောင်းဌာနက ရှေ့တင်ရှိတာ ဝယ်ပြီးတာနဲ့ ချက်ချင်း ပို့ခိုင်းလိုက်မယ် ကံကောင်းလို့ ဒီနေ့ အဆောင်မှူးရဲ့ ဖုန်းနံပါတ် ရထားတာပဲ"

လျှပ်စစ်ပစ္စည်း အရောင်းဌာနကို ရောက်တဲ့အခါ တန်ယန်က ခရင်မ်ရောင် ရေခဲသေတ္တာ အသေးလေး တစ်လုံးကို ချက်ချင်း မျက်စိကျသွားသည်။ အရပ်က တစ်မီတာလောက်သာ ရှိပေမဲ့ အထဲမှာ ပစ္စည်းတွေ အများကြီး ဆံ့သလို၊ ပုံစံလေးကလည်း တကယ့်ကို ချစ်စရာ ကောင်းလှ၏။ သူမ စမ်းကြည့်လိုက်သည့်အခါ ရေခဲမုန့်ဘူး ၈ ဘူးအပြင် အပေါ်ထပ်မှာ အအေးဘူးတွေနှင့် သစ်သီးတွေပါ ထည့်လို့ရသည်ကို တွေ့လိုက်ရသည်။

နိုင်ငံခြားဖြစ်ပစ္စည်း ဖြစ်သောကြောင့် ဈေးနှုန်းကတော့ အနည်းငယ်ကြီးပြီး ယွမ်နှစ်သောင်းနီးပါး ကျသင့်သည်။

တန်ယန်က မျက်တောင်တစ်ချက် မခတ်ဘဲ ယွမ်နှစ်သောင်းတန် ရေခဲသေတ္တာကို ဝယ်လိုက်သည်ကို မြင်သွားသော အဆောင်ဖော် သုံးယောက်မှာ အံ့အားသင့်သွားကြ၏။

ထို့နောက်တွင် သူမ ပစ္စည်းတွေ တရစပ် ဝယ်တာကို မြင်လိုက်ရသည့် အခါကျမှ ရေခဲသေတ္တာဆိုတာ သူမအတွက်တော့ တကယ့်ကို အသေးအဖွဲလေး ဖြစ်သည်ကို သူတို့ ချက်ချင်း သဘောပေါက်သွားတော့သည်။

စူပါမားကတ်က ထွက်လာပြီးနောက် တန်ယန်က အဆောင်မှူးဆီ ဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။ ကျောင်းလူကြီးတွေက တန်ယန့်ကို အထူးဂရုစိုက်ဖို့ ကြိုမှာထားတာကြောင့် အဆောင်မှူးကလည်း စူပါမားကတ်မှ ပစ္စည်းလာပို့မည့် ကိစ္စကို လွယ်လွယ်ကူကူပဲ သဘောတူလိုက်လေ၏။

အဲဒီနောက်မှာတော့ သူတို့ဟာ LK ကုန်တိုက်ရဲ့ ပထမထပ်တွင် ပစ္စည်းများကို စတင် ကြည့်ရှုကြတော့သည်။

ကျောက်ယွိချင်းက နေလောင်ကာခရင်မ် ဝယ်ချင်တာကြောင့် အလှကုန်နဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ကောင်တာကို အရင်သွားကြ၏။ အဲ့ဒီမှာ တံဆိပ်မျိုးစုံရှိပြီး ကျောက်ယွိချင်းကတော့ ဈေးနှုန်းနဲ့ အရည်အသွေး မျှတတဲ့ တောင်ကိုရီးယား တံဆိပ်တစ်ခုကို ရွေးလိုက်သည်။

အရောင်းဝန်ထမ်းတွေမှာ ဝယ်သူကြီးတစ်ယောက် ရောက်လာသည်ကို မြင်တာနှင့် တစ်ပြိုင်နက် အမူအရာက အင်မတန် ဖော်ရွေသွားသည်။ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ပေးသလို အခမဲ့ မိတ်ကပ်လိမ်းခြယ် ကြည့်ဖို့ကိုလည်း စိတ်အားထက်သန်စွာ ဖိတ်ခေါ်ကြ၏။ နောက်ဆုံးတော့ ကျောက်ယွိချင်း တစ်ယောက်သာ နေလောင်ကာ ခရင်မ်တစ်ဘူး ဝယ်ဖြစ်ခဲ့သည်။

"နင်တို့နှစ်ယောက်ရော နေလောင်ကာခရင်မ်တို့ ဘာတို့ မဝယ်ကြဘူးလား"

တန်ယန်က ကျန်းလီနှင့် ဟူခဲ့ခဲ့ကို လှမ်းမေးလိုက်သည်။

"ငါတော့ မလိုပါဘူး ငါက လူကြမ်းကြီးဆိုတော့ အဲ့ဒီလို ပစ္စည်းမျိုးတွေ တစ်ခါမှ မသုံးဖူးဘူး"

ကျန်းလီက ချက်ချင်း ငြင်းလိုက်၏။

"ငါလည်း တစ်ခါမှ မသုံးဖူးတော့ ဘယ်ဟာသုံးရမလဲ မသိဘူး ပစ္စည်းတွေကလည်း အများကြီးဆိုတော့ ဘယ်ဟာရွေးရမလဲ ဝေခွဲမရ ဖြစ်နေတာ"

ဟူခဲ့ခဲ့မှာလည်း အားကိုးရာမဲ့စွာ ပြောရှာသည်။

"ဒီတစ်ခုကတော့ ဈေးလည်း သင့်တင့်ပြီး သုံးလို့ကောင်းတယ်၊ ဒါပေမဲ့ နေလောင်ကာခရင်မ် ဝယ်ရင် ကိုယ့်အသားအရေနဲ့ တည့်၊ မတည့်လည်း ကြည့်ရသေးတယ်လေ ငါ့အသားအရေက နုတော့ ဒါနဲ့ပဲ အဆင်ပြေမှာပါ"

ကျောက်ယွိချင်းက သူမဝယ်ထားသည့် ပစ္စည်းလေးကို မြှောက်ပြရင်း ပြောလိုက်သည်။

"ဒါဆို ငါနဲ့အတူတူ လိုက်ပတ် ကြည့်ကြဦးမလား ပြီးရင်တော့ ငါကပဲ အကောင်းဆုံး ဆိုင်တစ်ဆိုင်မှာ ထမင်းလိုက်ကျွေးပါ့မယ်"

"အိုကေလေ ယန်ယန် သူဌေးမလေးကိုပဲ အားကိုးရတော့မှာပဲ ငါတော့ အဝစားပြီး နင့်ကို ဒုက္ခပေးပစ်မယ်နော်"

ဟူခဲ့ခဲ့က တန်ယန့်ကို ဖက်ထားရင်း ချစ်စရာကောင်းသော ပုံစံလေးနှင့် ခြိမ်းခြောက်လိုက်သည်။

"ရပါတယ်... ပြဿနာ မရှိပါဘူး"

တန်ယန်သည် ရှေးဦးစွာ C အမှတ်တံဆိပ် အရောင်းကောင်တာသို့ ဝင်ခဲ့သည်။ သူမသည် တရုတ်နိုင်ငံ အတွင်းရှိ လက်ချိုးရေတွက်၍ ရသော VVIP အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အတွက် အရောင်းဝန်ထမ်းများ၏ နွေးထွေးပျူငှာစွာ ကြိုဆိုမှုကို ရရှိခဲ့လေသည်။

"မမတန်ယန်ရှင့်... ဒီနှုတ်ခမ်းနီ စီးရီးက အခုလေးတင် ရောက်ထားတာပါ၊ အရောင်လေးတွေက တကယ်ကို လှတယ် နောက်ပြီး ဒီပလက်တီနမ် အသားအရေ ထိန်းသိမ်းမှု တစ်စုံစာကလည်း မမတန်ယန်တို့လို နုပျိုတဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အထူး ထုတ်လုပ်ထားတာလေ အဓိကက အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ် ပေးတာမျိုးပေါ့ အဲဒါအပြင် ဒီတစ်ခုကတော့..."

အရောင်းဝန်ထမ်း မိတ်ဆက်ပေးသမျှ ပစ္စည်းများမှာ အားလုံး ကောင်းမွန်လှသဖြင့် တန်ယန်သည် ကတ်ခြစ်ကာ ငွေပေးချေပြီးနောက် စိတ်တိုင်းကျ ဝယ်ယူခဲ့တော့၏။

ဒုတိယမြောက်အဖြစ် BL အရောင်းကောင်တာသို့ ဝင်ရောက်ကာ မိတ်ကပ်နှင့် ရေမွှေးအချို့ကို ရွေးချယ်ခဲ့သည်။ ထို့နောက် L ဆိုင်သို့ ဆက်လက်သွားကာ ကျောပိုးအိတ် အသစ်တစ်လုံးနှင့် အရောင်စပ် ဒီဇိုင်းဖြင့် ပြုလုပ်ထားသော ဘူးပုံစံ လက်ဆွဲအိတ် အသစ်တစ်လုံးကို ဝယ်ယူခဲ့ပြန်သည်။ ထို့ပြင် CH ဆိုင်မှ အသင့်ဝတ် တန်ဖိုးကြီးဝတ်စုံ အချို့ကိုပါ ထပ်မံ ဝယ်ယူခဲ့လေသည်။ သူမအနေဖြင့် ဘေကျင်းသို့ အဝတ်အစား အများအပြား သယ်ဆောင်လာခဲ့ခြင်း မရှိပေ။ အဟောင်းများမှာ ဝတ်၍ ရသေးသော်လည်း အသစ်ဝယ်ယူရန်မှာလည်း လွယ်ကူလှသည်။ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ပစ္စည်းများကို အားရပါးရ ဝယ်ယူခြင်းဖြင့်သာ အပန်းဖြေနေမိတော့သည်။

တန်ယန်က တန်ဖိုးကြီး တံဆိပ်ပါ ပစ္စည်းများကို လမ်းဘေးဈေးသည်ထံမှ ဂေါ်ဖီထုပ် ဝယ်ယူသကဲ့သို့ အလွယ်တကူ ဝယ်ယူနေသည်ကို ကြည့်ပြီး ကျန်းလီနှင့် အခြားသူများမှာ အံ့ဩမှင်တက် နေကြရသည်။ ကျောက်ယွိချင်းမှာမူ အားကျစိတ်နှင့်အတူ မနာလိုစိတ် အနည်းငယ်ပင် ဖြစ်ပေါ်နေမိ၏။

'ငါကကော ဘာလို့ ချမ်းသာတဲ့ မိသားစုမှာ မမွေးဖွား လာခဲ့ရတာလဲ'

ဟု သူမစိတ်ထဲမှ တွေးတောနေမိသည်။

တန်ယန်ကတော့ သူမ ဘာတွေတွေးနေသည်ကို လုံးဝ သတိမထားမိပေ။ သိခဲ့လျှင်ပင် ပြုံး၍သာ နေမိပေလိမ့်မည်။ သူမအနေဖြင့် ဤကဲ့သို့ အလျှံပယ် သုံးစွဲနိုင်ခြင်းမှာ မြင့်မြတ်သော မျိုးရိုးကြောင့် မဟုတ်ဘဲ ထူးခြားသည့် စွမ်းအားတစ်ခုခု ရှိနေသောကြောင့်သာ ဖြစ်သည်။ ဤအရာမှာ အလိုရှိရုံနှင့် ရရှိနိုင်သည့် အရာမျိုး မဟုတ်ပါချေ။

All Chapters