အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃)
ကျောက်ယွိချင်း၏ အတွေးများ
အသစ်ဝယ်ယူထားသော ပစ္စည်းများကို ကားအတွင်းသို့ နေရာလွတ်မရှိအောင် ကျပ်သိပ်စွာ ထည့်သွင်းလိုက်ကြသည်။ ထို့နောက် တန်ယန်က တဖက်သို့လှည့်ကာ
"ခဏလောက်တော့ ကျပ်ကျပ်လေး လိုက်ခဲ့ပေးကြနော်၊ အခု ထမင်းသွားစားကြရအောင် ဘာစားချင်ကြလဲ"
ဟု မေးလိုက်လေသည်။
"ဒီ LK ကုန်တိုက်ရဲ့ သတ္တမထပ်မှာ 'ကိုင်ဆဲကီး' ဂျပန်စာဆိုင်တစ်ဆိုင် ရှိတယ်လို့ ကြားဖူးတယ်၊ အဲ့ဒါ သွားမြည်းကြည့်ကြမလား"
ကျောက်ယွိချင်းက Weibo ပေါ်တွင် ညွှန်းထားသည်ကို တွေ့ခဲ့ဖူးသော်လည်း တစ်ဦးလျှင် ယွမ် ၃၀၀၀ ခန့် ကျသင့်မည့် ဈေးနှုန်းကြောင့် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် တစ်နပ်စားလျှင် သူမ၏ နှစ်လစာ မုန့်ဖိုးနှင့် ညီမျှနေသည်။
တန်ယန်သည်လည်း ထိုဟင်းလျာမျိုးကို တစ်ခါမျှ မစားဖူးသေးသဖြင့် စမ်းစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တန်ယန်၏ ပြတ်သားမှုကို မြင်သောအခါ ကျောက်ယွိချင်းမှာ အနည်းငယ် အားနာသွားဟန်ဖြင့်
"တခြားဆိုင်ပဲ သွားကြမလား အဲ့ဒီဆိုင်က ဈေးနည်းနည်း ကြီးမယ်ထင်တယ်"
ဟု ဝေခွဲမရစွာ ပြောရှာသည်။
"ရပါတယ် မလိုပါဘူး"
တန်ယန်က သူမကို တည်ငြိမ်သော မျက်နှာထားဖြင့် တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်၏။
ကျောက်ယွိချင်းမှာ နှုတ်ခမ်းကို ဖိထားမိသည်။ သူမဘက်က ဆိုင်ပြောင်းရန် ပြောခဲ့ပြီးဖြစ်၍ ယခုသွားဖြစ်ခြင်းမှာ တန်ယန်၏ သဘောသာဖြစ်ရာ သူမအနေဖြင့် အခွင့်အရေး ယူသည်ဟုတော့ မဆိုသာတော့ချေ။
"ဘယ်လောက်တောင် ဈေးကြီးလို့လဲ ငါတို့ ကုန်ကျစရိတ်ကို ခွဲရှင်းကြမလား ငါကတော့ ကျောင်းအခုမှ စတက်တာဆိုတော့ ပိုက်ဆံအိတ်ထဲမှာ အတော်လေး တောင့်သေးတယ်"
ဟူခဲ့ခဲ့၏ ပွင့်လင်းရွှင်ပျသော အမူအရာကြောင့် တန်ယန် ရယ်မောမိသွားပြီး
"ရပါတယ်၊ ထမင်းတစ်နပ် လောက်ကတော့ ငါအေးဆေး ကျွေးနိုင်ပါတယ်"
ဟု ဆိုလိုက်လေသည်။
ထို့နောက် ဆိုင်ထဲသို့ ရောက်ရှိကာ နေရာယူပြီးနောက် မီနူးစာအုပ်ကို ဖွင့်ကြည့်လိုက်ကြသည်။
"ဒါကတော့ တကယ်ကို ဈေးကြီးလွန်းတယ်"
ဟူခဲ့ခဲ့က မီနူးကိုကြည့်ရင်း ညည်းတွားလေတော့သည်။
"ဒီ 'အဖြူရောင်တို့ဟူး' ဆိုတာ တကယ်တော့ ပဲပြားပဲ မဟုတ်ဘူးလား၊ တစ်ပွဲကို ယွမ် ၃၈၀ တောင် ပေးရတယ်လား"
"တကယ်ကို ဈေးကြီးတာပဲ၊ တခြားဆိုင်ပဲ သွားရအောင်လေ"
ဟု ကျန်းလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမသည် အခန်းဖော်အပေါ် အခွင့်အရေး မယူလိုပေ။ အကယ်၍ ကုန်ကျစရိတ် ခွဲရှင်းမည် ဆိုလျှင်လည်း သူမတို့၏ တစ်လစာ မုန့်ဖိုးမှာ ပြောင်သလင်း ခါသွားပေလိမ့်မည်။ ထို့ကြောင့်လည်း ဤဆိုင်သို့ လာချင်လှပါသည် ဆိုသော ကျောက်ယွိချင်းအပေါ် သူမ အနည်းငယ် မကျေမနပ် ဖြစ်သွားမိ၏။
"ရပါတယ်၊ မှာသာမှာကြပါ ဒီနေ့တော့ ငါ့ရဲ့ အရှိန်အဝါကို ခဏလောက် သုံးလိုက်ကြပေါ့"
တန်ယန်က ခပ်ဖွဖွလေး ပြုံးလိုက်သည်။ သူမ၏ အခန်းဖော် သုံးဦးအနက် နှစ်ဦးမှာ စိတ်ထား အလွန် ကောင်းမွန်ကြသော်လည်း ကျန်တစ်ဦးမှာမူ ကိုယ်ပိုင် အကြံအစည်လေးများ ရှိကာ အနည်းငယ် ဂုဏ်မက်သူ ဖြစ်နေသည်ကို သူမ ရိပ်မိပေသည်။
သို့သော်လည်း တစ်ခါတစ်ရံ အခွင့်အရေး ပေးလိုက်သည်မှာ ပြဿနာ မဟုတ်ပေ၊ အကယ်၍ နောက်ထပ် အမြတ်ထုတ်ရန် ကြိုးစားလာမည် ဆိုလျှင်မူ သူမ စိတ်ပျက်ရပေလိမ့်မည်။
ခံယူချက်ချင်း မတူသူများမှာ အတူတူ လက်တွဲရန် ခက်ခဲလှပေသည်။ တန်ယန်အနေဖြင့် မီကိုနှင့် ဟူခဲ့ခဲ့ကဲ့သို့ ချစ်စရာကောင်းပြီး အပြစ်ကင်းသူများ သို့မဟုတ် ကျန်းလီကဲ့သို့ စည်းစနစ် ရှိသူများကိုသာ ပို၍ သဘောကျမိသည်။
ကျောက်ယွိချင်းမှာမူ ဘာမှမပြောဘဲ ဖုန်းကိုထုတ်ကာ ပတ်ဝန်းကျင်နှင့် မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ပြီး WeChat Moments ပေါ်တွင် ကြွားလုံးထုတ်ရန်သာ အလုပ်ရှုပ်နေတော့သည်။
ဆိုင်၏ နာမည်ကြီး ဟင်းလျာများကို မှာယူပြီးနောက် တန်ယန်သည် အိမ်သာသို့ ခေတ္တသွားရန် ထရပ်လိုက်သည်။ အိမ်သာမှ ပြန်အထွက်တွင်မူ လုံးဝ မမျှော်လင့်ထားသော လူတစ်ဦးနှင့် တိုးမိလေတော့သည်။ ထိုသူမှာ ကျုံးစီနျန်ပင် ဖြစ်၏။
"ယန်ယန်... မင်းလည်း ဒီမှာ လာစားတာလား"
ကျုံးစီနျန်၏ မျက်ဝန်းများတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်နေ၏။ တန်ယန်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ချေ။
"မစ္စတာကျုံး... ကျွန်မတို့က အဲ့ဒီလောက်အထိ ရင်းနှီးကြလို့လားရှင့် ကျွန်မကို တန်ယန် ဒါမှမဟုတ် မစ္စတန်ယန်လို့ပဲ ခေါ်ပေးပါ"
တန်ယန်သည် ရှေ့ကလူကို တကယ်ပင် သဘောမကျလှသဖြင့် သူမ၏ မျက်မှောင်များမှာ ကျုံ့သွားတော့သည်။
"ဟဲဟဲ"
အမျိုးသား တစ်ဦး၏ ခပ်တိုးတိုးရယ်သံ ထွက်ပေါ်လာပြီးနောက် ကျုံးစီနျန်က အလိုလိုက်သည့် လေသံမျိုးဖြင့်
"ကောင်းပါပြီ... တန်ယန်" ဟု ဆိုလိုက်သည်။
တန်ယန် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ကျောက်ယွိချင်း၏ လှမ်းခေါ်သံကို ကြားလိုက်ရ၏။
"ယန်ယန်..."
ခြေသံများမှာလည်း အနားသို့ တိုးကပ်လာသည်။
"ယန်ယန်... နင်က ဒီမှာကိုး ဒါနဲ့... ဒီလူက ဘယ်သူလဲဟင်"
ကျောက်ယွိချင်း၏ မျက်လုံးများမှာ ကျုံးစီနျန်ထံတွင်သာ ကပ်ပါသွားတော့သည်။ ဤမျှ ခန့်ညားထည်ဝါပြီး ထက်မြက်လှသည့် လူကုံထံ လူငယ်မျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ တန်ယန့်နောက်သို့ လိုက်လာခဲ့မိသည်မှာ မှန်သွားသည်ဟု သူမ ကျေနပ်နေမိတော့၏။
"မင်္ဂလာပါ... ကျွန်တော်က ကျုံးစီနျန်ပါ၊ တန်ယန်ရဲ့ သူငယ်ချင်းပါ"
ကျုံးစီနျန်ဆိုသည်မှာ မည်သူနည်း။ ကျောက်ယွိချင်း၏ လှည့်ကွက်များကို သူက ဘာကြောင့် မရိပ်မိဘဲ နေမည်နည်း။ သို့သော် တန်ယန့်အနားရှိ လူများမှတစ်ဆင့် ချဉ်းကပ်ရမည်ကို သူသဘောကျနေသည်။ သို့မှသာ တန်ယန်အနေဖြင့် သူရှိနေသည်ကို လျစ်လျူရှုနိုင်တော့မည် မဟုတ်ပေ။
"မင်္ဂလာပါ မစ္စတာကျန့်... ကျွန်မက ကျောက်ယွိချင်းပါ၊ တန်ယန်ရဲ့ အခန်းဖော်ပါ အခုက ညစာလာစားတာလားဟင် တိုက်ဆိုင်လိုက်တာ၊ ကျွန်မတို့လည်း ဒီမှာပဲ စားနေတာလေ"
ကျောက်ယွိချင်းသည် အပြစ်ကင်းစင်သော ယုန်ငယ်လေး တစ်ကောင်ကဲ့သို့ ကျုံးစီနျန် ကမ်းပေးထားသော ညာဘက်လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လွှတ်ကာ ရှက်သွေးဖြာဟန်ဖြင့် ခေါင်းငုံ့သွားလေသည်။
တန်ယန်သည် ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင်မိသော်လည်း အကယ်၍ ကျောက်ယွိချင်းသာ ကျုံးစီနျန်၏ ကိစ္စကြီးကို ဖြေရှင်းပေးနိုင်မည် ဆိုပါက သူမအတွက်လည်း ကောင်းမွန်သည့် အချက်ပင် ဖြစ်ပေလိမ့်မည်။
သူမက ပြုံးလိုက်ပြီး
"မစ္စတာကျုံးနဲ့ ကျွန်မရဲ့ အခန်းဖော်တို့က ရေစက်ရှိကြပုံပဲ နှစ်ယောက်သား ဆက်ပြောကြပါဦးနော်၊ ကျွန်မကို ခွင့်ပြုပါဦး"
ဟု ဆိုကာ နောက်လှည့်မကြည့်ဘဲ ထွက်လာခဲ့တော့သည်။
ကျုံးစီနျန်၏ အကြည့်တို့သည် တန်ယန်၏ ကျောပြင်လေး ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိ၏။
"မစ္စတာကျုံး... ယန်ယန်က တစ်ခုခု နားလည်မှု လွဲသွားတာလား မသိဘူး ကျွန်မသွားပြီး ရှင်းပြပေးပါ့မယ်"
ဟု ကျောက်ယွိချင်းက တိုးညင်းသော အသံလေးဖြင့် ဆိုလာသည်။
အကယ်၍သာ သာမန်အမျိုးသား တစ်ဦးဆိုလျှင်မူ ရဲတက်နေသော သူမ၏ မျက်ဝန်းလေးများကို ကြည့်ကာ သနားမိပေလိမ့်မည်။ သို့သော် ကျုံးစီနျန်မှာမူ စီးပွားရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်ရာ ဤကဲ့သို့သော အမျိုးသမီးမျိုးကို မမြင်ဖူးဘဲ ရှိမည်နည်း။
သူ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် သရော်သလို အမူအရာဖြင့်
"အဲ့ဒီလိုလား ဒါဆိုရင်တော့ အစ်မကျောက်ကိုပဲ ဒုက္ခပေးရတော့မှာပဲ" ဟု ဆိုလိုက်လေသည်။
ထိုအမျိုးသားမှာ ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်ကို မြင်သောအခါ ကျောက်ယွိချင်းမှာ အရှက်ရရုံသာမက ဒေါသလည်း ထွက်သွားရကာ မိမိကိုယ်ကိုယ် လူပြက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရတော့၏။ သူမ၏မျက်နှာမှာ ရှက်လွန်းသဖြင့် နီမြန်းရာမှ ဖြူလျော့သွားကာ နောက်ဆုံးတွင် ပြာနှမ်းသွားရလေသည်။ သူမသည် ကြမ်းပြင်ကိုသာ ဆောင့်ကန်ရင်း
"ဒီလူကတော့ တကယ်ကို လူပျိုသိုးကြီးပဲ"
ဟု စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။
သူမ ထမင်းစားပွဲသို့ ပြန်ရောက်လာချိန်တွင်မူ ဟင်းပွဲအားလုံးမှာ စုံလင်စွာ ရောက်ရှိနေပြီ ဖြစ်၏။
"ချင်းချင်း... ရောက်ပြီလား ဘာလို့ ဒီလောက်တောင် ကြာသွားတာလဲ၊ လာစားတော့လေ ဒီကဟင်းတွေက တကယ်ကိုရှယ်ပဲ"
ဟူခဲ့ခဲ့က ကျောက်ယွိချင်းကို လှိုက်လှိုက်လှဲလှဲ ကြိုလိုက်သည်။
"ခုနက ဗိုက်ထဲ နည်းနည်း မကောင်းသလို ဖြစ်နေလို့၊ အဲ့ဒါကြောင့်..."
ကျောက်ယွိချင်းက စကားကို အဆုံးထိ မပြောဘဲ ချန်ထားလိုက်သည်။
တန်ယန်က သူမကို ခပ်ယဲ့ယဲ့ပြုံးကာ တစ်ချက်ကြည့်လိုက်ပြီး ကျောက်ယွိချင်း ဒေါသထွက်လုနီးပါး ဖြစ်နေသည်ကို မြင်မှသာ အကြည့်လွှဲလိုက်တော့၏။
စားသောက်ပြီးနောက် တန်ယန်သည် သူမ၏ 'အနက်ရောင်ကတ်' ကို ထုတ်ကာ ငွေချေလိုက်သည်။
"ယန်ယန်... နင့်ကတ်က တော်တော် ထူးခြားတာပဲ၊ ကြည့်လို့လည်း ကောင်းတယ်နော်"
ဟူခဲ့ခဲ့မှာ အနက်ရောင်ကတ်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် အင်မတန် စိတ်ဝင်တစား ရှိနေသည်။
"ဘဏ်တိုင်းရဲ့ VIP အဆင့်ဝင်တွေမှပဲ ဒီလို အနက်ရောင် ကတ်မျိုးကို လျှောက်လို့ရတာ မဟုတ်လား"
ကျန်းလီမှာ ကိုယ်တိုင် မမြင်ဖူးသော်လည်း အနက်ရောင်ကတ် ဆိုသည်မှာ အထူးအခွင့်အရေး ရသူများသာ ကိုင်ဆောင်နိုင်ကြောင်း ကြားဖူးထားသည်။
ကျောက်ယွိချင်းကတော့ သူမ၏ဖုန်းကို မသိမသာရွှေ့ကာ ကတ်ကို ဓာတ်ပုံရိုက်ယူ လိုက်ပြီးနောက် အိတ်ထဲမှ နှုတ်ခမ်းနီကိုထုတ်ကာ မိတ်ကပ်ပြန်ပြင်နေတော့၏။
ဒီတစ်နေ့တည်း သူမရိုက်ခဲ့သော ဓာတ်ပုံများမှာ သူမ၏ Weibo အကောင့်တွင် အကြာကြီးတင်၍ ရလောက်အောင်ပင် စုံလင်လှသည်။ သူမသည် အထက်တန်းကျောင်း ကတည်းက ရှုခင်းပုံများ၊ စားသောက်ဆိုင် ပုံများနှင့် အခြားသူများ၏ အမြင်မှ ရိုက်ထားသော သူမ၏ လှပသော ပုံများကို ရိုက်ကူးရခြင်းကို ဝါသနာပါသူ ဖြစ်သည်။
သုံးနှစ်တာ ကာလအတွင်း သူမ၏ Weibo တွင် ဖော်လိုဝါ ၁ သိန်းနီးပါး ရှိလာခဲ့ပြီး ကိုယ်ပိုင်ဝင်ငွေရရန် ကြော်ငြာ အသေးလေးများကိုလည်း ရံဖန်ရံခါ လက်ခံလေ့ရှိသည်။
သို့သော်လည်း နောက်ပိုင်းတွင် သာမန်လူများ လက်လှမ်းမမီသော်လည်း စိတ်ဝင်စားကြသည့် အကြောင်းအရာများကို တင်ခြင်းက လူကြည့်ပိုများကြောင်း သူမ သတိပြုမိသွားသည်။ ထို့ကြောင့် သူမကိုယ်သူမ 'ချမ်းသာပြီး လှပသည့် အမျိုးသမီး' ပုံစံမျိုး ဖန်တီးကာ ဈေးဝယ်ထွက်သည့် ပုံများနှင့် အထက်တန်းစား စားသောက်ဆိုင် ပုံများကိုသာ ရွေးတင်လေ့ရှိသည်။
ထို့ကြောင့် သူမသည် ကြော်ငြာများကို ဇွတ်အတင်း လက်မခံရဲပေ။ အဆင့်နိမ့်သော ပစ္စည်းများက သူမ၏ သူဌေးမလေး ပုံစံကို ပျက်စီးစေနိုင်ပြီး အဆင့်မြင့် တံဆိပ်များကလည်း သူမကို လာရောက် ဆက်သွယ်ခြင်း မရှိသေးသောကြောင့် ဖြစ်၏။
ထူးခြားသည်မှာ ပရိသတ်များက သူမသည် အလုပ်တိုင်းကို ဇွတ်လက်ခံသူ မဟုတ်ဘဲ အပြစ်ကင်းစင်ကာ အေးအေးဆေးဆေး နေတတ်သည့် သူဌေးသမီးလေး တစ်ဦးဟုပင် ထင်မှတ်သွားကြခြင်းပင်။
တန်ယန်သည် ငွေချေလက်မှတ်ကို လက်မှတ်ထိုးပြီးနောက် ဟူခဲ့ခဲ့နှင့် အခြားသူများကို လှမ်းခေါ်လိုက်သည်။
"သွားကြစို့"
အချိန်မှာလည်း အတော်လင့်နေပြီဖြစ်ရာ သူတို့အုပ်စု ကျောင်းသို့ တန်းပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ တန်ယန်သည် သူမ၏ ကားလေးကို ကားတန်းကြီး ကြားထဲတွင် ကျွမ်းကျင်စွာ မောင်းနှင်ကာ တစ်စီးပြီးတစ်စီး ကျော်တက်သွားပုံမှာ ကျန်းလီနှင့် ဟူခဲ့ခဲ့တို့ အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေတော့၏။
မိနစ် ၂၀ မပြည့်ခင်မှာပင် ဟွာတာတက္ကသိုလ်၏ ကားပါကင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြသည်။ ကားနောက်ခန်းနှင့် နောက်ဖုံးအတွင်း ပစ္စည်းများ ပြည့်နေသည်ကို ကြည့်ကာ တန်ယန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမသည် အိမ်သို့ယူသွားရန် ပစ္စည်းအနည်းငယ်ကိုသာ ရွေးထုတ်လိုက်ပြီး ကျန်ရှိသည်များကိုမူ နောက်နေ့မှသာ ပြန်လာယူရန် ဆုံးဖြတ်လိုက်သည်။
အဆောင်မှူးက ရေခဲသေတ္တာ တပ်ဆင်ရန်နှင့် ပစ္စည်းများ လက်ခံရန် ကူညီပေးခဲ့သည်ကို သတိရမိသဖြင့် တန်ယန်သည် BL အမှတ်တံဆိပ် ပိုးပဝါ လက်ဆောင်ဘူး တစ်ဘူးကို ယူလိုက်သည်။ ၎င်းမှာ အဆောင်မှူး၏ ကူညီမှုများအတွက် ကျေးဇူးတင်စကားဆိုရန် လက်ဆောင်ပေးခြင်း ဖြစ်သည်။
ကားပါကင်နှင့် အမျိုးသမီးအဆောင်မှာ မဝေးလှဘဲ ၅ မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ အဆောင်မှူးကို လက်ဆောင်ပေးပြီးနောက် တန်ယန်က ကျန်းလီနှင့် အခြားသူများကို အရင်တက်နှင့်ရန် ပြောကြားကာ ကားဆီသို့ ပစ္စည်းအချို့ ထပ်ယူရန် ပြန်လာခဲ့သည်။ စစ်ပညာသင်တန်း ကာလအတွင်း သုံးစွဲရန် ပစ္စည်းများမှာ လုံလောက်ပြီဟု သူမယူဆလိုက်ပြီး ကျန်ရှိသော ပစ္စည်းများကိုမူ သူမ၏ ရှေးဟောင်း အိမ်ရာဆီသို့သာ ပြန်လည် သယ်ဆောင်သွားရန် စီစဉ်လိုက်သည်။
အခန်း (၁၄၄)
သူဟာ အကြံပေး တစ်ယောက်လား
သူမ အဆောင်သို့ ပြန်ရောက်သည့်အခါ ဘေးအခန်းများမှ မိန်းကလေး အချို့မှာ သူမတို့ အခန်းတံခါးဝတွင် စုရုံးကာ အခြေအနေကို လာရောက် အကဲခတ်နေကြသည်ကို တွေ့လိုက်ရသည်။ တန်ယန်အနားသို့ တိုးသွားသည်နှင့် လူအုပ်ကြီးမှာ သူမ လမ်းလျှောက်ရန်အတွက် အလိုအလျောက် ဘေးသို့ ဖယ်ပေးကြလေသည်။
"အားလုံးက ဘာလို့ ဒီမှာ ရပ်နေကြတာလဲ"
တန်ယန်က သူတို့ကို နားမလည်နိုင်သလို ကြည့်ကာ မေးလိုက်သည်။
"ဪ... ကျွန်မတို့ အခုပဲ ပြန်တော့မလို့ပါ"
အချို့မှာ အနေရခက်ကာ ပြန်ရန် ပြင်ကြသော်လည်း အချို့သော ပွင့်လင်းသူများကမူ တိုက်ရိုက်ပင် ဆိုလာကြ၏။
"တို့တွေက ဒီအတိုင်း လာကြည့်တာပါ ဒီအခန်းထဲမှာ တကယ့် သူဌေးသမီးလေး တစ်ယောက်ရှိတယ်၊ တန်ဖိုးကြီး တံဆိပ်တွေ အများကြီးတင် မကဘူး၊ ရေခဲသေတ္တာပါ ဝယ်ထားတယ်လို့ ကြားလို့လေ"
ထိုအခါမှသာ အားလုံးက သူမကို စောင့်ကြည့်နေကြကြောင်း တန်ယန် သဘောပေါက်သွား၏။ သူမသည် လူအုပ်ကြားမှ တစ်ဆင့် အဆောင်ခန်း အတွင်းသို့ ဝင်လာခဲ့ပြီး ဝယ်ယူလာသော ပစ္စည်းများကို စားပွဲပေါ်တွင်တင်ကာ ကျန်ရှိသည်များကို ကြမ်းပြင်ပေါ်တွင် ပုံထားလိုက်သည်။ ပစ္စည်းထည့်သည့် အိတ်ကြီးများမှာလည်း အတော်လေး ကြီးမားလှသည်။
"ယန်ယန်... ပြန်လာပြီလား"
တန်ယန် ဝင်လာသည်ကို မြင်သောအခါ ဟူခဲ့ခဲ့၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။
"ရေခဲသေတ္တာလေးက တကယ်ကို မိုက်တယ် အဆောင်မှူးက နေ့လယ်ကတည်းက လာတပ်ပေးသွားလို့ အထဲမှာ ရေခဲမုန့်တွေတောင် အေးနေပြီ"
"အခုပဲ စားကြမလား ငါတို့မှာ သစ်သီးတွေလည်း ရှိသေးတယ် မဟုတ်လား အဲ့ဒါလေးတွေကိုဆေးပြီး အပြင်က လူတွေကိုပါ ဝေပေးလိုက်ရင်ရော"
တန်ယန်က အပြင်မှ ကြည့်နေသူများကို လက်ညှိုးထိုးပြကာ အကြံပြုလိုက်သည်။
"ကောင်းသားပဲ၊ ငါ သွားဆေးလိုက်ဦးမယ်"
ဟူခဲ့ခဲ့မှာ သွက်လက်သူဖြစ်ရာ ချက်ချင်းပင် အိတ်ထဲမှ သစ်သီးများကို ရှာဖွေကာ ဆေးကြောရန် ထွက်သွားတော့၏။
တန်ယန်သည် ပုံနေသော ပစ္စည်းများကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားမိသည်။ သစ်သီးများ စောင့်နေစဉ်အတွင်း အိတ်ထဲမှ ပစ္စည်းများကိုထုတ်ကာ ဘေးတွင် စီထားလိုက်ပြီး အိတ်ခွံများကိုမူ နောက်မှ ပေါင်းပြီးစွန့်ပစ်ရန် စီစဉ်လိုက်သည်။
"လာကြဦးလေ... သစ်သီးစားကြဦး"
ဟူခဲ့ခဲ့သည် ဆေးကြောပြီးသော စပျစ်သီး၊ မက်မွန်သီး၊ ဘလူးဘယ်ရီနှင့် အခြားအသီးများကို သယ်လာပြီး အားလုံးကို လှမ်းခေါ်လိုက်သည်။
အပြင်တွင် စောင့်ကြည့်နေကြသော မိန်းကလေးများမှာမူ အားနာသွားကြကာ လက်ယမ်းပြရင်း ထွက်ပြေးသွားကြသည်။ ထိုသူများ၏ အပြစ်ကင်းစင်သော အမူအရာကိုကြည့်ကာ တန်ယန် ရယ်ချင်မိသွား၏။
"ခဲ့ခဲ့... ဒီအသီးတွေက အများကြီးဆိုတော့ ငါတို့တွေ ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး အသီးဆိုတာ လတ်လတ်ဆတ်ဆတ် စားရတာလေ၊ အဲ့ဒါကြောင့် ဘေးခန်းတွေကိုလည်း နည်းနည်းစီ သွားဝေပေးလိုက်ပါလား"
ဟု တန်ယန်က အဝတ်အစားနှင့် အိတ်များကို နေရာချရင်း ပြောလိုက်သည်။
"ငါလည်း ခဲ့ခဲ့နဲ့အတူတူ လိုက်သွားပေးမယ်"
ကျန်းလီနှင့် ဟူခဲ့ခဲ့တို့ သစ်သီးဝေရန် ထွက်သွားကြသည်။ တန်ယန်သည် တစ်ကိုယ်လုံး စေးကပ်ကာ နေရထိုင်ရ ခက်နေသဖြင့် လဲမည့် အဝတ်အစားများကို ယူကာ ရေချိုးခန်းသို့ ဝင်ခဲ့၏။
အခန်းထဲတွင် မည်သူမျှ မရှိတော့သည်ကို မြင်သောအခါ ကျောက်ယွိချင်းသည် ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်သည်။ သူမသည် တန်ယန်ပုံထားသော ပစ္စည်းပုံကြီးကိုသာမက တန်ယန် ချွတ်ထားခဲ့သော စားပွဲပေါ်ရှိ လက်ပတ်နာရီကိုပါ အနီးကပ် ဓာတ်ပုံများ ရိုက်ယူလိုက်လေသည်။
ကျောက်ယွိချင်းသည် အနားသို့ တိုးသွားကာ ထိုနာရီကို ကောက်ယူပြီး သူမ၏ လက်ကောက်ဝတ်တွင် တိုင်းကြည့်လိုက်သည်။ တကယ့်ကိုပင် ကြည့်ကောင်းလှ၏။ သူမသည် နာရီကိုပတ်ကာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်နေစဉ်မှာပင် ဟူခဲ့ခဲ့နှင့် ကျန်းလီတို့ ဝင်လာကြရာ တန်ယန်၏ နာရီကိုပတ်ပြီး ဆယ်လ်ဖီရိုက်နေသော သူမကို မြင်သွားကြသည်။
"နင်ဘာလုပ်နေတာလဲ ယန်ယန်ကော"
ဟူခဲ့ခဲ့၏ လေသံမှာ မကျေမနပ် ဖြစ်နေပုံရသည်။ ကျောက်ယွိချင်းသည် ယနေ့တွင် ထူးထူးခြားခြား ပြောင်းလဲနေပြီး မနေ့ကနှင့် လုံးဝ မတူတော့ပေ။
ကျောက်ယွိချင်းက နာရီကို အမြန်ချွတ်ကာ စားပွဲပေါ် ပြန်တင်လိုက်ရင်း
"လှလို့ ခဏကြည့်တာ၊ ဘာဖြစ်လို့လဲ"
ဟု ဆိုကာ သူမ၏ ကုတင်ဆီသို့ ပြန်သွားရင်း
"သူများကိစ္စကို ဝင်ပါမနေနဲ့"
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
"နင်"
ဟူခဲ့ခဲ့မှာ အကြီးအကျယ် ဒေါသထွက်သွားရသည်။ အမှားလုပ်သည်ကို မိသွားပါလျက်နှင့် ပြန်၍ပင် ရန်တွေ့သေးသည်။ တကယ့်ကို မယုံနိုင်စရာပင်။
ကျန်းလီက ဟူခဲ့ခဲ့ကို တားဆီးလိုက်ရင်း
"ယန်ယန် ထွက်လာတဲ့အထိ စောင့်လိုက်ပါဦး"
ဟု ဆိုကာ ရေချိုးခန်း တံခါးကို လက်ညှိုးထိုးပြလိုက်သည်။ ရေကျသံ ခပ်သဲ့သဲ့ကို ကြားနေရသဖြင့် တန်ယန် ရေချိုးနေကြောင်း သိရ၏။
"ဟွန့်"
ဟူခဲ့ခဲ့သည် စိတ်တိုတိုဖြင့် သူမ၏ ကုလားထိုင်တွင် ဝင်ထိုင်ကာ လက်ပိုက်ထားလိုက်သည်။
ကျောက်ယွိချင်းမှာမူ ဘာကိုမှ ဂရုမစိုက်သည်ပုံဖြင့် ကုလားထိုင်တွင် အေးအေးလူလူ မှီထိုင်ကာ ဓာတ်ပုံများကိုသာ ပြင်နေတော့၏။
တန်ယန်ရေချိုးပြီး ထွက်လာချိန်တွင် အခန်းတွင်းရှိ လေထုမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ကို သတိပြုမိသွားသည်။ သူမက ကျန်းလီကို
"ဘာဖြစ်လို့လဲ"
ဆိုသည့် အဓိပ္ပာယ်ဖြင့် မေးခွန်းထုတ်သလို ကြည့်လိုက်၏။
ထိုအသံကို ကြားသည်နှင့် ဟူခဲ့ခဲ့မှာ တန်ယန့်ထံသို့ လှည့်လာပြီး ချက်ချင်းပင် တိုင်တောလေတော့သည်။
"ယန်ယန်... နင်မရှိတုန်းက ငါတို့ အသီးသွားဝေကြတာလေ၊ ပြန်လာတော့ တစ်ယောက်ယောက်က နင့်နာရီကိုပတ်ပြီး ဓာတ်ပုံရိုက်နေတာ "
တန်ယန်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ သူမ၏ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏ နာရီမှာ အမှန်တကယ်ပင် နေရာရွေ့နေ၏။ မူလက ဘယ်ဘက် ပထမအံဆွဲပေါ်တွင် တင်ထားခဲ့သော်လည်း ယခုမူ အလယ်အံဆွဲပေါ်သို့ ရောက်နေသည်။
"ကျောက်ယွိချင်း... နောက်ရက်ပိုင်းလောက် ငါ ဒီအဆောင်မှာ ဆက်နေမှာဆိုတော့ နင်သိစေချင်တာ တစ်ခုရှိတယ် ငါ့ရဲ့ ခွင့်ပြုချက်မရဘဲ ငါ့ပစ္စည်းတွေကို တစ်ခြားသူ လာကိုင်တာမျိုးကို ငါလုံးဝ မကြိုက်ဘူး"
ထိုသို့ ပြောပြီးနောက် တန်ယန်သည် ထိုနာရီကို သူမ၏ အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုနာရီကို သူမ ထပ်မံ ပတ်ချင်စိတ် မရှိတော့ပေ။
"ငါက နာရီကို ခဏလေး ဝတ်ကြည့်တာပါ၊ အဲ့ဒါက ဘာဖြစ်သွားလို့လဲ တစ်ခြားသူ မကိုင်စေချင်ရင်လည်း သိမ်းထားပေါ့ အခုတော့ နင်တို့အားလုံးက ငါ့ကိုဝိုင်းပြီး အနိုင်ကျင့်နေကြတာပဲ"
ထိုသို့ပြောကာ ကျောက်ယွိချင်းမှာ ဝမ်းနည်းဟန်ဖြင့် ငိုကြွေးလေသည်။
တန်ယန်မှာမူ စကားပင် မဆိုချင်တော့ဘဲ သူမကို ဂရုမစိုက်တော့ပေ။ သူမသည် ဆံပင်အခြောက်ခံစက်ကို ထုတ်ကာ သူမ၏ ဆံပင်များကိုသာ အခြောက်ခံနေလိုက်၏။
တစ်ဖက်တွင်လည်း ကျောက်ယွိချင်းမှာ ကုတင်ပေါ်သို့ တက်သွားပြီးနောက် ခြင်ထောင်အတွင်းမှ ဖုန်းဆက်ကာ သူမ မည်မျှ မတရား ခံရကြောင်းနှင့် ဝမ်းနည်းကြောင်းများကို ရှိုက်ကြီးတငင် ပြောဆိုနေလေသည်။
ဟူခဲ့ခဲ့မှာမူ အကြီးအကျယ် ဒေါသထွက်နေမိ၏။ ဤကဲ့သို့သော လူစားမျိုးနှင့် အဆောင်ခန်း တစ်ခန်းတည်း မည်သို့ အတူတကွ နေထိုင်ရမည်နည်း။ တန်ယန် ရောက်မလာခင်အထိ သူမ၏ အခန်းဖော်များမှာ စိတ်ထားကောင်းသူများဟု သူမ ထင်မှတ်ခဲ့သော်လည်း အားလုံးမှာ ဟန်ဆောင်မှုများသာ ဖြစ်နေခဲ့သည်။ သူမနှင့် ကျန်းလီမှာ တန်ယန်ကဲ့သို့ မချမ်းသာသဖြင့် ကျောက်ယွိချင်းက အမြတ်ထုတ်ရန် မကြိုးစားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော လူမျိုးနှင့် လေးနှစ်တိတိ အတူဖြတ်သန်းရမည်ဟု တွေးမိတိုင်း သူမ စိတ်မချမ်းမြေ့နိုင် ဖြစ်နေရသည်။ ကျန်းလီကတော့ သူမ၏ ပုခုံးကိုပုတ်ကာ စကားမပြောဘဲ တိတ်တဆိတ် နှစ်သိမ့်ပေးရှာသည်။
တန်ယန် ဆံပင်အခြောက်ခံပြီးချိန်တွင် ဟူခဲ့ခဲ့မှာ ဒေါသကြောင့် ပါးဖောင်းကာ ငါးပူတင်းလေး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ကဲပါ... စိတ်တိုမနေပါနဲ့တော့ ဒီထက်ပိုပြီး စိတ်တိုနေရင် နင်ပေါက်ကွဲသွားတော့မယ်"
တန်ယန်က ဟူခဲ့ခဲ့၏ ပါးလေးကို လက်ဖြင့် အသာတို့လိုက်ရာ စိတ်ကောက်နေသော မျက်ဝန်းအစုံဖြင့် ပြန်ကြည့်ခြင်းကို ခံလိုက်ရသည်။
"ထားလိုက်ပါတော့လေ... ကာယကံရှင်ဖြစ်တဲ့ နင်ကတောင် ဂရုမစိုက်တာ၊ ငါကဘာလို့ လိုက်ပြီး ရန်ဖြစ်နေရဦးမှာလဲ ငါ ရေသွားချိုးတော့မယ်"
ဟူခဲ့ခဲ့သည် သူမ၏ ပစ္စည်းများကိုယူကာ ရေချိုးခန်းသို့ ဝင်သွားတော့သည်။ ကျန်းလီက တန်ယန့်ကိုကြည့်ကာ ပုခုံးတွန့်ပြရင်း
"သူက ကလေးဆန်ပေမဲ့ တကယ်တော့ အပြစ်ကင်းတဲ့သူပါ"
ဟု ပြောလိုက်၏။
"ငါလည်း သိပါတယ်၊ အဲ့ဒီလို စရိုက်မျိုး ရှိတာက ကောင်းတဲ့အချက်ပဲလေ"
နောက်တစ်နေ့ နံနက်ခင်းတွင်.....
တန်ယန်နှင့် သူငယ်ချင်းများမှာ ကျောင်းစားသောက်ဆောင်တွင် မနက်စာ အတူတူ စားပြီးနောက် အသီးသီး ကျောင်းအပ်နှံရန် စာသင်ခန်းများဆီသို့ ထွက်ခွာခဲ့ကြသည်။ အဆောင်ခန်း တစ်ခုတည်းတွင် နေသော်လည်း သူတို့လေးဦးမှာ မတူညီသော မေဂျာဘာသာရပ်များကို ယူထားကြသည်။
တန်ယန်မှာ ကွန်ပျူတာသိပ္ပံ၊ ဟူခဲ့ခဲ့မှာ ပန်းချီအနုပညာ၊ ကျန်းလီမှာ ဥပဒေနှင့် ကျောက်ယွိချင်းမှာ နိုင်ငံခြား ဘာသာစကား မေဂျာများ ဖြစ်ကြသဖြင့် စားသောက်ဆောင်မှ ထွက်သည်နှင့် လမ်းခွဲခဲ့ကြတော့၏။
မနေ့က ဖြစ်ရပ်ကြောင့် ကျောက်ယွိချင်းနှင့် ဟူခဲ့ခဲ့တို့မှာ ယနေ့တွင် အလွန် တိတ်ဆိတ်နေကြပြီး အုပ်စုအတွင်း လေထုမှာလည်း တင်းမာနေခဲ့သည်။
တန်ယန်ကတော့ ထိုအရာများကို ဂရုမစိုက်ပေ။ စစ်ပညာသင်တန်း ပြီးဆုံးသည်နှင့် သူမသည် ကျောင်းပြင်ပမှ တက်ရောက်မည်ဖြစ်ရာ သူမ မနှစ်သက်သော လူများနှင့် ခဏခဏ တွေ့ဆုံနေရန် မလိုတော့ချေ။ သူမ မရှိတော့လျှင်လည်း ကျန်သုံးဦးမှာ အကျိုးစီးပွားချင်း မပတ်သက်တော့သဖြင့် ပုံမှန်အတိုင်း ပြန်လည် ပြေလည်သွားကြလိမ့်မည်ဟု သူမ တွေးထားသည်။
ကွန်ပျူတာ သိပ္ပံဌာန ဆိုသည်မှာ အစဉ်အမြဲပင် မိန်းကလေးထက် အမျိုးသားဦးရေက ပိုများလေ့ရှိရာ ကျောင်းသူများမှာ အထူးတလည် ကာကွယ် စောင့်ရှောက်ခြင်း ခံရလေ့ရှိသည်။
တန်ယန် စာသင်ခန်း အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ယခင်က ဆူညံနေခဲ့သော အသံများမှာ ရုတ်တရက်ပင် တိတ်ဆိတ်သွား၏။
"ဝိုး... ဒီလောက်လှတဲ့ မိန်းကလေး နင် အတန်းမှားဝင်လာတာ မဟုတ်တာ သေချာရဲ့လား"
"ဒီနှစ် ငါတို့ဌာနမှာ တကယ့်ကို ထူးချွန်တဲ့ မိန်းကလေးတစ်ယောက် ပါလာတယ်လို့ ကြားတယ်၊ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးတဲ့၊ နာမည်က တန်ယန်တဲ့လေ"
"ဒါပေမဲ့ ဘယ်သူမှ သူ့ရုပ်ကို မမြင်ဖူးကြဘူး ငါ့အထင်တော့ သူက ရုပ်ဆိုးမလေး ဖြစ်မှာပါ၊ ရုပ်ချောတဲ့ သူတွေဆိုရင် သတင်းထောက်တွေက အင်တာဗျူးပြီးရောပေါ့"
"အင်း... ဟုတ်နိုင်တယ်နော်"
တခြားသူများ၏ တိုးတိုးတိတ်တိတ် ဝေဖန်သံတွေကို လျစ်လျူရှုကာ တန်ယန်က လူသူကင်းဝေးရာ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပါသည်။
ရုတ်တရက် အတန်းဖော်တွေဟာ သူမထိုင်နေသည့် နေရာလေးက အလင်းရောင်တွေ ဖြာထွက်နေသလိုမျိုး တောက်ပပြီး ထင်ရှားနေတာကို သတိထားမိ သွားကြသည်။
၅ မိနစ်အကြာတွင် အမျိုးသားတစ်ယောက် စာသင်ခန်းထဲကို လှမ်းဝင်လာပြီး စင်မြင့်ရှေ့တွင် ရပ်လိုက်သည်။
"အားလုံးပဲ ခဏလောက် နားထောင်ပေးကြပါဦး ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ ကျွန်တော့်မျိုးရိုးက 'အန်' ပါ၊ နာမည်ကတော့ 'အန်ကျဲချန်' ဖြစ်ပါတယ် ကျွန်တော်က ခင်ဗျားတို့ရဲ့ စီနီယာဖြစ်သလို အတိုင်ပင်ခံဆရာလည်း ဖြစ်တယ် တစ်ခုခု သိချင်တာရှိရင် ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ် ကျွန်တော့်ဖုန်းနံပါတ်က ၁၃၀XXXXXXXX၊ အားလုံးပဲ မှတ်ထားကြပါဦးနော်"
ရင်းနှီးနေသော အသံတစ်ခု စင်မြင့်ပေါ်မှ ထွက်ပေါ်လာပါသည်။ တန်ယန် ခေါင်းမော့ ကြည့်လိုက်သည့်အခါ
"သူလား"
ဆိုပြီး အံ့သြသွားရသည်။ သူသည် ရုံးခန်းအဆောက်အအုံ၌ ဓာတ်လှေကား စောင့်နေတုန်းက ဆုံခဲ့သည့်လူ ဖြစ်နေသောကြောင့် ဖြစ်သည်။
သူက သူမ၏ အတိုင်ပင်ခံဆရာ ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
တန်ယန် ကြည့်လိုက်ချိန်မှာပဲ အန်ကျဲချန်ကလည်း လှမ်းကြည့်လိုက်တာကြောင့် စာသင်ခန်းထဲတွင် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြပါတော့သည်။