← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅)

စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းများ

တန်ယန်က ရှေ့ကလူကို မှင်တက်ကာ ငေးကြည့်နေမိသည်။ သူမ၏ မျက်ဝန်းများထဲတွင် အံ့သြသွားဟန် ရှိသော်လည်း တစ်ခုခုကို သဘောပေါက်သွားသည့် ပုံစံမျိုးလည်း ပေါက်နေ၏။ ထို့နောက်တွင်မူ သူမသည် အကြည့်လွှဲလိုက်ပြီး ရှေ့က စားပွဲပေါ်ရှိ စာအုပ်များဆီသို့သာ အာရုံစိုက်ထားလိုက်သည်။

သူမက မိမိကို ဆက်မကြည့်တော့သည်ကို မြင်သောအခါ အန်ကျဲချန်က နှုတ်ခမ်းကို ဖိစေ့လိုက်သည်။ သူသည် သတိထားရမည့် အချက်များကို ရှင်းပြပြီးနောက် အတန်းခေါင်းဆောင် (ယာယီ) တစ်ဦးကို ရွေးချယ်ကာ ထွက်သွားခဲ့လေသည်။

နောက်ထပ် နှစ်ပတ်တာ ကာလမှာတော့ ပထမနှစ် ကျောင်းသားသစ်များ စစ်ပညာသင်တန်း တက်ရောက်ရမည့် အချိန်ဖြစ်၏။ ဟွာတာတက္ကသိုလ်သည် ကျောင်းသားသစ်များအတွက် အားကစားကွင်း တစ်ခုကို သီးသန့် သတ်မှတ်ပေးထားသော်လည်း အရိပ်အာဝါသ တစ်စက်မှ မရှိသဖြင့် ကျောင်းသားများ အတွက်တော့ အတော်လေး ပင်ပန်းရသည်။

နေပူထဲတွင် သုံးလေးရက်ဆက်တိုက် လေ့ကျင့်ပြီးနောက် တန်ယန်၏ အခန်းဖော်များမှာ အာဖရိကရှိ ကျောက်မီးသွေးတွင်းထဲမှ ပြန်လာသည့်အလား နုံးချိကာ အသားများလည်း မွဲခြောက်နေကြ၏။ အားလုံးတန်းတူ မည်းသွားလျှင် ပြဿနာ မဟုတ်သော်လည်း လူတိုင်းကြားတွင် တစ်ယောက်တည်း ထင်းခနဲ ဖြူဝင်းနေသည့် တန်ယန်ကို မြင်ရသည်မှာ အားလုံးအတွက်တော့ စိတ်မသက်မသာ ဖြစ်စရာပင်။

"ယန်ယန်... နင်က ငါတို့တွေလိုပဲ နေ့တိုင်း နေပူထဲ ထွက်နေတာကို ဘာလို့ ဒီလောက် ဖြူနေရတာလဲ"

ဟူခဲ့ခဲ့က မနာလို ဝန်တိုစိတ် အပြည့်ဖြင့် ပြောလိုက်သည်။

"ငါလည်း နည်းနည်းတော့ ညိုသွားတာပါပဲ"

တန်ယန် လိမ်ပြောနေခြင်း မဟုတ်ပေ။ သူမ အမှန်တကယ် အသားနည်းနည်း ညိုသွားခဲ့သော်လည်း ထိုညက စနစ်အတွင်းရှိ ဆိုင်ထဲမှ 'အသားဖြူဆေးပြား' များကို လဲလှယ် သောက်သုံးခဲ့သဖြင့် မူလ အသားအရည်အတိုင်း ပြန်ဖြစ်သွားခြင်း ဖြစ်သည်။

ထိုအသားဖြူဆေးမှာ 'အသိအမှတ်ပြုအမှတ်' ၁၀ မှတ်သာ ပေးရသဖြင့် တစ်နေ့တစ်လုံး သောက်ရန်မှာ သူမအတွက် မခဲယဉ်းလှပေ။

"နင့်ရဲ့ နေလောင်ကာခရင်မ်က ပိုပြီးစွမ်းလို့လား"

ကျန်းလီက သူမ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားဟန်ဖြင့် မေးလိုက်သည်။

ကျောက်ယွိချင်းမှာတော့ ဘာမှဝင်မပြောပေ။ ထိုဖြစ်ရပ် ပြီးကတည်းက သူမသည် အခန်းဖော် သုံးယောက်နှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့ပါ။ သို့သော် နေ့တိုင်း အတူတူ သွားလာခြင်း၊ စားသောက်ဆောင်တွင် အတူတူ စားသောက်ခြင်းတို့ကိုမူ ပုံမှန်အတိုင်း ပြုလုပ်နေဆဲပင်။

"ဖြစ်နိုင်တယ်လေ နင်တို့ ငါ့ခရင်မ်ကို သုံးကြည့်ကြမလား"

တန်ယန်က သူမ၏ နေလောင်ကာ ခရင်မ်ကို ကမ်းပေးလိုက်သည်။ သူမသည် ၇ ဘူး၊ ၈ ဘူးခန့် ဝယ်ထားသော်လည်း နောက်ပိုင်းတွင် မျက်နှာနှင့် လည်ပင်းကိုသာ လိမ်းရန်လိုကြောင်း တွေ့ရှိခဲ့သည်။ တစ်ကိုယ်လုံးသာ လိမ်းထားမည် ဆိုပါက သူမ နေလောင်စရာ အကြောင်းပင် မရှိတော့ချေ။

"ဘယ်လောက်လဲ ငါ နင့်ဆီကနေ ဝယ်မယ်လေ"

ဟု ဟူခဲ့ခဲ့က မေးသည်။

"မလိုပါဘူး၊ ဒီအတိုင်းပဲ ယူသုံးလိုက်ပါ"

"အင်း... ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် သူဌေးမလေးရေ"

ဟူခဲ့ခဲ့က ခေတ္တ စဉ်းစားပြီးနောက် အားနာမနေတော့ပေ။ တန်ယန်မရှိသည့် အချိန်များတွင် သူမအတွက် အခန်းသန့်ရှင်းရေး ကူလုပ်ပေးမည်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်သည်။

နှစ်ပတ်တာ စစ်ပညာသင်တန်းမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အစပိုင်းတွင် ညည်းညူခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေကြ၏။ တန်ယန်သည်လည်း တက္ကသိုလ် ကျောင်းသူဘဝကို တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

ဟွာတာတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံ သင်ရိုးညွှန်းတမ်းများမှာ မလွယ်ကူလှသော်လည်း တန်ယန်မှာမူ သူမ၏ ထူးချွန်သော ဉာဏ်ရည်ကြောင့် လွယ်ကူစွာ သင်ယူနိုင်ခဲ့၏။

သူမအနေဖြင့် ရှိုပင်အထူးဆုကို ရရှိခဲ့ကတည်းက ယွီချန်းနျန်သည် သူမကို နယ်လှည့် ဖျော်ဖြေပွဲတစ်ခု ကျင်းပရန် မျှော်လင့်နေခဲ့သည်။ ယခုအခါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများလည်း ပြီးဆုံးသွားပြီဖြစ်ကာ ကျောင်းစာများမှာလည်း သူမအတွက် သိပ်မခက်ခဲလှသဖြင့် ယွီချန်းနျန်သည် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်လေသည်။

ယွီချန်းနျန်သည် တန်ယန်က စန္ဒယားဖျော်ဖြေပွဲ နယ်လှည့်ခရီးစဉ် (Piano Concert Tour) ကျင်းပရန် ပြင်ဆင်နေကြောင်း သိလိုက်ရသောအခါ ဝမ်းသာလွန်း၍ ပါးစပ်ပင် မစေ့နိုင်အောင် ဖြစ်သွားတော့သည်။ တန်ယန်နှင့် တိုင်ပင်ပြီးနောက်တွင်မူ ဖျော်ဖြေပွဲစီစဉ်သူစာရင်းတွင် ဂီတအသင်း (Music Association) ၏ အမည်ကိုပါ ထည့်သွင်းရန် ဆုံးဖြတ်လိုက်ကြ၏။ ထိုအချိန်မှစ၍ တန်ယန်သည် ဂီတအသင်း၏ စန္ဒယားပညာရှင်တစ်ဦး ဖြစ်လာခဲ့ရုံမက အသက်အငယ်ဆုံး စန္ဒယားပညာရှင်လည်း ဖြစ်လာခဲ့သည်။

ဖျော်ဖြေပွဲများအတွက် တစ်လခန့် ခွင့်ယူရန် လိုအပ်လာသဖြင့် တန်ယန်သည် သူမ၏ အတိုင်ပင်ခံဆရာထံသို့ ဆက်သွယ်လိုက်လေသည်။

"တန်ယန်... တစ်ခုခု လိုအပ်လို့လား"

အန်ကျဲချန်သည် သူ့ရုံးခန်းသို့ ရောက်လာသော တန်ယန့်ကိုကြည့်ကာ မေးခွန်းထုတ်သည့် အမူအရာဖြင့် မေးလိုက်သည်။

"မင်္ဂလာပါဆရာ ဒါက ကျွန်မရဲ့ ခွင့်တိုင်စာပါ၊ ဆရာ့အနေနဲ့ အတည်ပြုပေး စေချင်လို့ပါ"

"တစ်လတောင်လား"

အန်ကျဲချန်မှာ အတော်လေး အံ့သြသွားရသည်။ ဟွာတာတက္ကသိုလ်တွင် ကျောင်းဖွင့်ပြီး မကြာမီမှာပင် ဤမျှ ကြာမြင့်သော ခွင့်ရက်ကို တောင်းဆိုသည့် ကျောင်းသားမျိုး သူတစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

"ဟုတ်ကဲ့ပါဆရာ ကျွန်မ ဌာနမှူးချင်ကိုလည်း အစီရင်ခံပြီးပါပြီ၊ သူကတော့ ဆရာ့ဆီမှာ ခွင့်စာလာပေးလိုက်လို့ပဲ ပြောပါတယ်"

တန်ယန်က နှုတ်ခမ်းလေးကို ဖိစေ့ရင်း ပြောလိုက်သည်။ သူမအနေဖြင့် ဌာနမှူးထံသို့ တိုက်ရိုက် သွားရောက်ခဲ့ခြင်း မဟုတ်ဘဲ သူမ၏ ဆရာဖြစ်သူက ဌာနမှူးနှင့် သိကျွမ်းနေသဖြင့် ကြိုတင် ပြောဆိုပေးထားခြင်း ဖြစ်သည်။

အန်ကျဲချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး

"ဌာနမှူးက သဘောတူထားပြီးမှတော့ အတိုင်ပင်ခံဆရာ တစ်ယောက်အနေနဲ့ ကျွန်တော် ဘာမှပြောပိုင်ခွင့် မရှိပါဘူး တန်ယန်က အမှတ်ပြည့်နဲ့ ကျောင်းဝင်ခွင့် ရထားတဲ့ ထူးချွန်ကျောင်းသူ တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒီလိုပဲ ဆက်ပြီး ထူးချွန်နေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်"

ဟု ဆိုလာသည်။

ထိုစကားလုံးများမှာ တန်ယန့်အတွက်တော့ တစ်မျိုးကြီး ခံစားရစေသည်။ ရှေ့ကလူ၏ မျက်နှာပေးမှာ အလွန်တည်ကြည်နေခြင်း မရှိပါက သူမကို ရွဲ့စောင်းပြောနေသည်ဟုပင် ထင်မိပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်ဆရာ ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်"

အန်ကျဲချန်သည် ထွက်ခွာသွားသော တန်ယန်၏ ကျောပြင်ကိုကြည့်ကာ ကုလားထိုင်တွင် ထိုင်လျက် အချိန်အတော်ကြာ စဉ်းစားနေမိသည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ သူ၏ အလုပ်များကိုသာ ဆက်လုပ်နေလိုက်တော့၏။

တန်ယန်သည် ဆရာ့ရုံးခန်းမှ ထွက်လာသည့်အခါ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမိသည်။ မိမိကိုယ်ကိုယ် အခွင့်ထူးခံပြီး မောက်မာနေသည့် လူတစ်ယောက်ကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်၏။

သူမသည် ပန်းခြံခုံတန်းလျား တစ်ခုတွင် ဝင်ထိုင်ကာ ဖုန်းထဲရှိ ယွီယင်းအက်ပ်ကို ဖွင့်လိုက်သည်။ ထို့နောက် ယွမ် ၅ သန်းကို အက်ပ်အတွင်းသို့ ဖြည့်သွင်းကာ ဗီဒီယိုများကို စတင်ကြည့်ရှုတော့၏။

စိတ်ဝင်စားစရာကောင်းသည့် ဗီဒီယိုတစ်ခုကို တွေ့ပြီး ထိုဗီဒီယို ဖန်တီးသူက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေသည် ဆိုပါက သူမသည် ထိုတိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်ကာ လက်ဆောင်အနည်းငယ် ပေးလေ့ရှိသည်။

သူမသည် ဤအက်ပ် စတင်မိတ်ဆက်သည့် နေ့ကတည်းက အကောင့်ဖွင့်ထားသော်လည်း ထိုအချိန်မှစ၍ ယခုအထိ တစ်ခါမျှ ပြန်မသုံးဖြစ်ခဲ့ပေ။ တစ်လကျော် ကြာမြင့်သွားပြီ ဖြစ်သော်လည်း အချို့သော သူများမှာမူ သူမကို မှတ်မိနေကြဆဲ ဖြစ်သည်။

သူမသည် ယခင်က လက်ဆောင်ပေးဖူးသည့် "ရှောင်ရို့" ဆိုသော တိုက်ရိုက်ထုတ်လွှင့်သူ၏ ဗီဒီယိုကို တွေ့ရှိသွားသည်။ ရှောင်ရို့မှာ ယခင်အတိုင်းပင် ပုံပြင်များကို ပြောပြနေဆဲ ဖြစ်၏။

တန်ယန်၏ အကောင့်အမည်မှာ "ငြိမ်းချမ်းသောအချိန်များ" ဖြစ်သည်။ ယခင်က ငွေအမြောက်အမြား လှူဒါန်းခဲ့ဖူးသဖြင့် သူမ၏ အကောင့်မှာ ရွှေရောင်ဝင်းလက် တောက်ပနေပြီး တိုက်ရိုက်ထုတ်လွှင့်ခန်း အတွင်းသို့ ဝင်လိုက်တိုင်း ကြေညာစာတန်းများဖြင့် ခမ်းနားစွာ ပေါ်ထွက်လာသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြိုဆိုပါတယ်ရှင်၊ "ငြိမ်းချမ်းသောအချိန်များ" ရှင့်"

ရှောင်ရို့က သူမ၏ နူးညံ့သော အသံလေးဖြင့် နှုတ်ဆက်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် အကြိမ်က "ငြိမ်းချမ်းသောအချိန်များ" ထံမှ ယွမ် ၅ သန်း လက်ဆောင် ရရှိခဲ့ပြီးနောက် ဤလအတွင်း သူမရရှိသော လက်ဆောင်စုစုပေါင်းမှာ ယွမ် ၄ သန်းအထိ ရှိလာခဲ့ပြီဖြစ်သည်။ ယခုအခါ သူမ၏ အဘွားအတွက် ခွဲစိတ်ကုသမှုကို ရက်ချိန်းယူနိုင်ခဲ့ပြီ ဖြစ်သလို ခွဲစိတ်ပြီးနောက် ပြန်လည် ကျန်းမာလာစေရန် ကုသစရိတ်များ အတွက်လည်း ပူပန်နေရန် မလိုတော့ချေ။

သူမသည် "ငြိမ်းချမ်းသောအချိန်များ" ကို အမှန်တကယ်ပင် ကျေးဇူးတင်နေမိသည်။ သို့သော် ထိုနေ့မှစ၍ "ငြိမ်းချမ်းသောအချိန်များ" မှာ နောက်တစ်ကြိမ် ထပ်ပေါ်မလာတော့ချေ။ အွန်လိုင်းပေါ်ရှိ လူအများက "ငြိမ်းချမ်းသောအချိန်များ" မှာ ယွီယင်းအက်ပ်၏ အတွင်းလူတစ်ဦး ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း သူမက သွယ်ဝိုက်၍ စုံစမ်းကြည့်သည့်အခါ ထိုသို့ မဟုတ်ကြောင်း သိရှိခဲ့ရသည်။

သူမသည် ဤကျေးဇူးရှင်ကို လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောလိုသဖြင့် ယခုကဲ့သို့ ပြန်လည် ဆုံတွေ့ရခြင်းမှာ သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့၏။

တန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်ရှိပြီးနောက် ရှေးဦးစွာ "အိပ်မက်ရဲတိုက်" ၁၀ ခုကို လက်ဆောင် ပေးလိုက်သည်။ အိပ်မက်ရဲတိုက် တစ်ခုလျှင် ယွမ် ၁၀,၀၀၀ ကျသင့်ရာ ၁၀ ခုအတွက် ယွမ် ၁ သိန်း ကုန်ကျမည် ဖြစ်သည်။ သူမသည် ချက်ချင်း ထွက်ခွာကာ အခြား တိုက်ရိုက်ထုတ်လွှင့်ခန်း တစ်ခုသို့သွားရန် ပြင်လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်သူက သူမ၏ အမည်ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရ၏။

"အိပ်မက်ရဲတိုက်တွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင် ‘ငြိမ်းချမ်းသောအချိန်များ’ အကောင့်ပိုင်ရှင် မမရှင့် မမအနေနဲ့ ကျွန်မပို့ထားတဲ့ သီးသန့်စာတိုလေးကို တစ်ချက်လောက် ကြည့်ပေးလို့ ရမလားဟင်"

ငြိမ်းချမ်းသောအချိန်များ : "ရပါတယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ထွက်လာပြီးနောက် သူမထံသို့ လူစိမ်းများစွာ ပေးပို့ထားသော စာများကို တွေ့လိုက်ရသည်။ ထိုစာများကို ဖတ်ကြည့်ပြီးနောက် ရှောင်ရို့၏ အကောင့်ကို ရှာတွေ့ကာ စာကို ဖွင့်ကြည့်လိုက်၏။ ထိုစာမှာ သူမ၏ အဘွားခွဲစိတ်ရန် ငွေကြေး အမြောက်အမြား ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် သူငယ်ချင်းအဖြစ် ထပ်မံ ဆက်သွယ်နိုင်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။

တန်ယန်သည် တစ်ဖက်လူ၏ လိုင်းအကောင့်ကို ကူးယူကာ သူမ၏ အကောင့်တွင် သူငယ်ချင်းအဖြစ် ပေါင်းထည့်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများကို ဆက်လက် ကြည့်နေလိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူမသည် "ဘုရင်များ၏ဂုဏ်" ဂိမ်းဆော့ပြနေသည့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို တွေ့ရှိသွားသည်။ ထိုသူမှာ မျက်နှာပြထားခြင်း မရှိသော်လည်း ဂိမ်းအတွင်း တောခုတ်သမားအဖြစ် အလွန်ကျွမ်းကျင်စွာ ဆော့ကစားနေသည်ကို တွေ့ရသဖြင့် သူမသည် လက်ဆောင်ပေးရန် နှိပ်လိုက်သည်။ သူမသည် ယွမ် ၅,၀၀၀ တန် မီးရှူးမီးပန်း လက်ဆောင်ကို ရွေးချယ်ပေးပို့လိုက်ရာ ဖုန်းစခရင် တစ်ခုလုံးတွင် တီဆိုပန်းခြံရှိ မီးရှူးမီးပန်းများ ကဲ့သို့ပင် တောက်ပလှပစွာ ထွက်ပေါ်လာတော့သည်။

ကျန်ရှိနေသော ယွမ် ၄ သန်းကိုပါ အကုန် သုံးပစ်လိုက်ပြီးနောက် တန်ယန်သည် ယွီယင်အက်ပ်မှ ထွက်လိုက်လေသည်။ သူမ၏ရင်ထဲတွင် ဖြစ်ပေါ်နေသော မတင်မကျ ဖြစ်မှုများနှင့် စိတ်အနှောင့်အယှက် ဖြစ်စရာများမှာ ချက်ချင်းပင် ယူပစ်သလို ပျောက်ကွယ်သွားတော့၏။ အမှန်ပင်... ငွေသုံးခြင်းသည် စိတ်ကြည်လင်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်သည်။

အထူးသဖြင့် မိမိစိတ်ကြိုက် လက်ဆောင်ပေးခြင်းမျိုးမှာ နောက်ဆက်တွဲ ပြဿနာများကို ပူပန်နေရန် မလိုဘဲ စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်သဖြင့် သူမအတွက်တော့ အကောင်းဆုံးပင် ဖြစ်၏။

တန်ယန် ထွက်ခွာသွားပြီးနောက် "ဘုရင်များ၏ဂုဏ်" ဆော့နေသော ထို တိုက်ရိုက်ထုတ်လွှင့်သူမှာ သူဌေးမလေးကို လာရောက် ကြည့်ရှုကြသည့် ကြည့်ရှုသူ အရေအတွက် အဆမတန် များပြားလာသည်ကို နောက်ကျမှ သတိထားမိသွားသည်။

"မီးရှူးမီးပန်း လက်ဆောင်အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် 'ငြိမ်းချမ်းသောအချိန်များ' ရှင့်"

သြဇာညောင်းပြီး ဆွဲဆောင်မှုရှိသော အမျိုးသား အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဂိမ်းပွဲစဉ် အသစ်တစ်ခုကို ထပ်မံ စတင်လိုက်သည်။

【အရှင်ရေ... သူဌေးမလေးက ထွက်သွားတာ ကြာလှပြီ နင့်ရဲ့တုံ့ပြန်မှုက တကယ်ကို နှေးလွန်းတယ်】

【အိုနိုက တကယ်ကို မိုက်တာပဲ၊ ငါသူ့ကို အရမ်းချစ်တာ အိုနိုက ငါ့ရဲ့ ယောကျ်ားလေးပဲ】

【ဒီ တိုက်ရိုက်ထုတ်လွှင့်တဲ့သူက ယွမ် ၄ သန်းတန် လက်ဆောင်ကိုတောင် ဂရုမစိုက်ဘူးလား ဒါဆိုရင် အဲ့ဒီပိုက်ဆံကို ငါ့ကိုပေးပါ ငါယူဖို့အသင့်ပဲ】

【မြှောက်ပင့်ချင်ရင် တခြားလူကို သွားမြှောက်ပင့်ကြပါလား ငါတို့ 'ရှောင်ယဲ့' က အဲ့ဒါတွေကို ဂရုမစိုက်ဘူး သူက သူ့ရဲ့ အရည်အချင်းနဲ့ပဲ သက်သေပြတဲ့သူ】

【မှတ်ချက်တွေကို ကြည့်ပြီး ငါတော့အံ့သြသွားပြီ တချို့လူတွေက ယွမ် ၄ သန်းကို နည်းတယ်လို့ တကယ်ပဲ ထင်နေကြတာလား တစ်လကို လစာ ၃၀၀၀ ရတဲ့ ငါ့အတွက်တော့ မစားမသောက်ဘဲ စုရင်တောင် ယွမ် ၄ သန်းရဖို့ ၁၁၁ နှစ် ကြာမှာကွ】

အခန်း (၁၄၆)

ကံမကောင်းသောခရီး

ရှောင်ယဲ့၏ နာမည်ရင်းမှာ ချောင်ယဲ့ဖြစ်ပြီး တက္ကသိုလ် တတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဂိမ်းကစားခြင်းကို ဝါသနာပါသူဖြစ်ရာ ဘုရင်များ၏ဂုဏ် ဂိမ်း၏ အစောပိုင်း စမ်းသပ်ကာလ ကတည်းက ပါဝင်ခွင့် ရရှိခဲ့သူ ဖြစ်၏။

သူ၏ အတွေ့အကြုံအရ ဘုရင်များ၏ဂုဏ်ဂိမ်းသည် လာမည့် ဆယ်စုနှစ် တစ်ခုစာခန့် ဂိမ်းလောကတွင် ဦးဆောင်မှု ကဏ္ဍ၌ ဆက်ရှိနေမည်ဟု ယုံကြည်ထားသည်။

ဒုတိယနှစ်ဝက်မှစ၍ သူသည် ဂိမ်းလွှင့်သူတစ်ဦး ဖြစ်လာခဲ့သည်။ မူလက နာမည်ကြီး ပလတ်ဖောင်း သုံးခုအနက် တစ်ခုဖြစ်သော 'ဟွာရန်တိုက်ရိုက်ထုတ်လွှင့်မှု' တွင် လွှင့်ခဲ့သော်လည်း လွန်ခဲ့သော တစ်လခန့်က ငွေကြေးချမ်းသာသည့် ကြည့်ရှုသူ တစ်ဦးကို စိတ်အနှောင့်အယှက် ဖြစ်စေမိရာမှ သူ၏အကောင့် ပိတ်ပင်ခံခဲ့ရသည်။

အကြောင်းရင်းမှာ ထိုသူဌေးက လူကိုယ်တိုင် တွေ့ဆုံရန် တောင်းဆိုသည်ကို သူက ငြင်းပယ်ခဲ့သောကြောင့် ဖြစ်၏။ ဒေါသထွက်သွားသော ထိုသူဌေးက ပလက်ဖောင်း စီမံခန့်ခွဲသူများကို ဖိအားပေးခဲ့သည်။ ချောင်ယဲ့မှာ ပလက်ဖောင်းနှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးသည့် ထုတ်လွှင့်သူဖြစ်ရာ ပလက်ဖောင်းကလည်း သူဌေးဘက်မှ ရပ်တည်ခဲ့သည်။

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရုတ်တရက် လိုင်းပြတ်သွားခြင်းမျိုး မကြာခဏ ကြုံလာရသဖြင့် ပုံမှန်အတိုင်း လွှင့်၍ မရတော့ရာ နောက်ဆုံးတွင် အကောင့်ကို ဖျက်ပစ်လိုက်ပြီး ပလက်ဖောင်း အသစ်တစ်ခုကို ရှာဖွေခဲ့သည်။ ယွီယင်း၏ အခြေအနေများမှာ အတော်အတန် ကောင်းမွန်သည့်အပြင် ပလက်ဖောင်း အသစ်လည်း ဖြစ်သဖြင့် ထိုနေရာတွင် ဂိမ်းလွှင့်သူအဖြစ် အခြေချခဲ့ခြင်း ဖြစ်သည်။

အတိတ်မှ သင်ခန်းစာများကြောင့် ငွေကြေးချမ်းသာသော ကြည့်ရှုသူများအပေါ် အမြင်မကြည်လင်ဘဲ ရွံရှာမိနေ၏။

ထို့အပြင် သူသည် ဂိမ်းဆော့နေစဉ်အတွင်း မှတ်ချက်များကို ဖတ်လေ့မရှိပေ။ ထူးခြားသည့် လက်ဆောင် ပေးသူကိုလည်း ယဉ်ကျေးပျူငှာစွာ ကျေးဇူးတင်ရုံသာ ပြုလုပ်လေ့ရှိသည်။ အမှန်တကယ်တွင် သူသည် ယွမ် ၄ သန်း တန်ဖိုးရှိသော လက်ဆောင်များကို ရရှိခဲ့သည်ကိုပင် ယခုအထိ မသိသေးပါချေ။

ဂိမ်းပွဲစဉ် ပြီးဆုံးသွားကာ တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်ခါနီး အချိန်မှသာ စာများကို မြင်သွားတော့သည်။ လက်ဆောင်ရရှိမှု မှတ်တမ်းကို စစ်ဆေးကြည့်လိုက်သောအခါ ယွမ် ၄ သန်းကျော်အထိ တိုးလာသည်ကို တွေ့လိုက်ရသဖြင့် သူခဏမျှ မှင်တက်သွားရ၏။

တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်ပြီးနောက် မှတ်တမ်းများကို သေချာစစ်ဆေးကြည့်ရာ ထိုလက်ဆောင်များမှာ "ငြိမ်းချမ်းသောအချိန်များ" ဟူသော အကောင့်တစ်ခုတည်းမှ ပေးပို့ထားခြင်း ဖြစ်နေသည်။

ဤအချိန်တွင် ချောင်ယဲ့၏ စိတ်အခြေအနေမှာ အလွန် ရှုပ်ထွေးနေတော့၏။ တစ်ဖက်တွင် သူဌေးများကို မနှစ်မြို့သော်လည်း အခြားတစ်ဖက်တွင်မူ ငွေကြေး၏ ဆွဲဆောင်မှုကို တွန့်ဆုတ်နေမိသည်။ သို့သော် အကောင့်၏ ကိုယ်ရေးအချက်အလက်အရ ဤအသုံးပြုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသော်လည်း အသက်အရွယ်ကိုမူ သူမသိနိုင်ချေ။

သူသည် ခေါင်းကို ခါယမ်းလိုက်သည်။ တစ်ဖက်လူ၏ အသက်အရွယ်က သူ့အတွက် ဘာအရေးပါသနည်း။ ထို့ပြင် ယခင်ဖြစ်ရပ်များကြောင့် ဤပလက်ဖောင်းတွင် သူသည် မျက်နှာပြ၍ မလွှင့်တော့ပေ။

တစ်ဖက်လူက သူ၏ ဂိမ်းကစားပုံကို သဘောကျသဖြင့်သာ လက်ဆောင်ပေးခြင်း ဖြစ်သင့်သော်လည်း မိမိ၏ ဂိမ်းကစားပုံမှာ ယွမ် ၄ သန်းအထိ တန်ဖိုးရှိလောက်အောင် ထူးကဲနေသလား ဆိုသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေမိသည်။

တစ်ဖက်တွင်လည်း တန်ယန်သည် ယွီယင်အက်ပ်ကို ပိတ်လိုက်ပြီး ကျောင်းမှ ထွက်လာခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် တက်ရမည့်အတန်း မရှိသဖြင့် ဝေ့ယီဂဲ စားသောက်ဆိုင်တွင် နေ့လယ်စာ သွားစားရန် ဆုံးဖြတ်လိုက်၏။ ထမင်းစားပြီးလျှင် စစ်ပညာသင်တန်းတွင် ပင်ပင်ပန်းပန်း လေ့ကျင့်နေရသော မီကို့အတွက် အားပေးသည့် အနေဖြင့် လက်ဆောင်ပစ္စည်းအချို့ ဝယ်ယူရန်လည်း စီစဉ်ထားသေးသည်။

သူမ၏ကားကို ဝေ့ယီဂဲဆိုင် ဝင်ပေါက်နားတွင် ရပ်လိုက်စဉ်မှာပင် မထင်မှတ်ထားသော လူနှစ်ယောက်နှင့် ထိပ်တိုက် တိုးလေတော့၏။

ကျောက်ယွိချင်းသည် ကျုံးစီနျန်၏ ကားပေါ်မှ ဆင်းလာပြီးနောက် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါကာ ဝေ့ယီဂဲ စားသောက်ဆိုင် အတွင်းသို့ ဝင်သွားသည်။ စားသောက်ဆိုင် တစ်ဆိုင်သည် ယခုကဲ့သို့ လမ်းကြားလေးထဲတွင် တည်ရှိနေနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

ဤအခြေအနေက သူမ၏ လူမှုအဆင့်အတန်း မြင့်မားလာစေရန် ချမ်းသာသော အမျိုးသားတစ်ဦးကို လက်ထပ်ရမည်ဟူသော ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။ သူမသည် ထူးထူးခြားခြား လှပလွန်းသူမျိုး မဟုတ်သော်လည်း အပြစ်ကင်းစင်ကာ နုနယ်ပျိုမြစ်သော ပုံစံရှိရာ လူများကို စိတ်ချလက်ချ ရှိစေပြီး သတိမထားမိအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။

ဤကဲ့သို့သော ရုပ်ရည်မျိုးသည် အမျိုးသားများ၏ ကာကွယ် စောင့်ရှောက်လိုစိတ်ကို နှိုးဆွပေးရုံတင် မကဘဲ အမျိုးသမီးများ အတွက်လည်း အန္တရာယ်ရှိသည်ဟု မခံစားရပေ။ ထို့ကြောင့်လည်း သူမသည် ငယ်စဉ်ကတည်းက လူချစ်လူခင် ပေါများခဲ့ခြင်း ဖြစ်သည်။

ကျုံးစီနျန်သည် သူမတွေ့ဖူးသမျှ အမျိုးသားများထဲတွင် အကောင်းဆုံးဖြစ်၏။ သူသည် ခန့်ညားရုံတင် မကဘဲ အလွန်အမင်းလည်း ချမ်းသာကြွယ်ဝသည်။ သူဘာအလုပ် လုပ်သည်ကို သူမ အတိအကျ မသိသော်လည်း သူ၏အမူအရာကို ကြည့်ရုံဖြင့် စီးပွားရေး လောကမှ ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ သူဝတ်ထားသော လက်ပတ်နာရီမှာ ယွမ် ၄ သန်း တန်ကြောင်းကိုလည်း သူမ တိတ်တဆိတ် ရှာဖွေကြည့်ရှုထားပြီး ဖြစ်သည်။

ယနေ့ ကျောင်းဝင်ပေါက်တွင် သူ့ကို တွေ့လိုက်ရချိန်မှာပင် သူမအတွက် အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် မည်သူ့အတွက်ကြောင့် ဤနေရာသို့ ရောက်လာသည်ကို သိနေသော်လည်း ယခုအခါ သူမသည် သူနှင့်အတူ ညစာစားခွင့် ရနေပြီဖြစ်သည်။

ရုတ်တရက် ရှေ့မှ အမျိုးသားဖြစ်သူက ခြေလှမ်းရပ်လိုက်ပြီး ကားပါကင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ကျောက်ယွိချင်းသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရ၏။ ထိုသူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ရင်းနှီးနေသော ကားတစ်စီး ပါကင်ထိုးထားသည်ကို တွေ့လိုက်ရပြီး ကားမောင်းသူနေရာမှာ လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဆင်းလာသည်။ ထိုသူမှာ တန်ယန်ပင် ဖြစ်နေသည်။

ကျောက်ယွိချင်းသည် သူမ၏စကတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူမ အပင်ပန်းခံ ရယူထားသော ဤအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ၊ အလွယ်တကူ လက်မခံနိုင်ပါချေ။

တန်ယန်သည် ကားတံခါးကိုပိတ်ကာ ဝေ့ယီဂဲဆိုင်ထဲသို့ ဖြည်းညင်းစွာ ဝင်လာခဲ့သည်။ ဆိုင်ရှေ့တွင် ရပ်နေသော ကျုံးစီနျန်ကို မြင်လိုက်ရသည့်အခါ သူမစိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဒီနေ့တော့ သူမ ကံမကောင်းလှပေ။ သို့သော် သူသည် စီးပွားဖက်တစ်ဦး ဖြစ်သည့်အတွက် သူမခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။ ဤပူးပေါင်း ဆောင်ရွက်မှုမှာ ဖိအားကြောင့် ဖြစ်လာခဲ့သည် ဆိုသော်လည်း နှစ်ပေါင်းများစွာအတွင်း မည်သည့်ပြဿနာမျှ မရှိခဲ့သဖြင့် လူမှုရေး အရတော့ ပေါင်းသင်းဆက်ဆံရမည် ဖြစ်သည်။

"ယန်... မတန်ယန်၊ တိုက်ဆိုင်လိုက်တာ"

ကျုံးစီနျန်က သူမကို "ယန်ယန်" ဟု ခေါ်ရန် ပြင်လိုက်သော်လည်း သူမ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် အလေးအနက် ခေါ်လိုက်သည်။

"ထမင်းစားချိန်ပဲဥစ္စာ၊ သိပ်တော့ မတိုက်ဆိုင်ပါဘူး"

တန်ယန်က ယဉ်ကျေးစွာပြုံး၍ တုံ့ပြန်လိုက်သည်။

"တို့တွေ ဆုံမိနေကြပြီပဲ၊ အတူတူ သွားကြရင်ကော ဘယ်လိုလဲ"

ဟု ကျုံးစီနျန်က ဖိတ်ခေါ်လိုက်သည်။

ကျောက်ယွိချင်းသည် စိတ်ထဲတွင် နာကျင်သွားရသော်လည်း ထိုခံစားချက်ကို ထိန်းချုပ်ကာ

"ဟုတ်တယ် ယန်ယန်... ဆုံဖို့ မလွယ်ဘူးလေ၊ အတူတူ စားကြရအောင် မစ္စတာကျုံးကလည်း ကျွေးမယ်လို့ ပြောထားတယ်၊ ငါလည်း ဒီကို ပထမဆုံး ရောက်ဖူးတာ"

ဟု ဆိုကာ တန်ယန့်လက်ကို ဆွဲရန် လှမ်းလိုက်သည်။

တန်ယန်က ကိုယ်ကို အသာအယာလှည့်ကာ ကျောက်ယွိချင်း၏ လှုပ်ရှားမှုကို ရှောင်တိမ်းလိုက်ပြီး

"မလိုပါဘူး ငါက သိပ်မရင်းနှီးတဲ့ သူတွေနဲ့ ထမင်းလက်ဆုံ စားရတာ အသားမကျဘူး၊ ရင်ပြည့်သလို ခံစားရလို့ နင်တို့နှစ်ယောက်ပဲ သွားကြပါ"

ဟု ပြတ်သားစွာ ဆိုလိုက်၏။

"နင်..."

ကျောက်ယွိချင်း၏ မျက်နှာမှာ ဖြူလျော့သွားရာမှ နီမြန်းလာသည်။ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အပြေးအလွှား ရောက်လာသော ရွမ်ဝေကြောင့် စကားပြတ်သွားရသည်။

"ယန်ယန် ရောက်လာပြီလား လာ... အထဲဝင် တိုက်ဆိုင်လိုက်တာ၊ ဒီနေ့ စားဖိုမှူးက နင်အကြိုက်ဆုံး အော့စမန်းသပ်စ် လက်ဖက်ပန်းမုန့် လုပ်ထားတယ် မြန်မြန်သွားမြည်းကြည့်"

ရွမ်ဝေက တန်ယန့်ကို လှိုက်လှိုက်လှဲလှဲ ဆီးကြို နှုတ်ဆက်လိုက်ပုံမှာ ကျောက်ယွိချင်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားတော့သည်။

တန်ယန် အထဲသို့ ဝင်သွားသည်ကိုမြင်မှ ရွမ်ဝေကလှည့်ကာ ယဉ်ကျေးစွာ ပြုံးလိုက်ပြီး

"ဥက္ကဋ္ဌကျုံး... ဒီဘက်ကကြွပါ"

ဟု လမ်းညွှန်လိုက်၏။

ကျုံးစီနျန်က ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာ လိုက်သွားသလို ကျောက်ယွိချင်းမှာလည်း ဝမ်းနည်းစိတ်ဖြင့် ဘာမှမပြောရဲဘဲ သူ့နောက်မှ ကပ်လိုက်သွားရသည်။ ခြံဝင်းအတွင်းရောက်၍ နေရာယူပြီးမှသာ သူမက

"မစ္စတာကျုံး... ဟိုမန်နေဂျာက ရှင့်ကို လုံးဝ မလေးစားဘူးပဲ ရှင်က ယန်ယန့်ထက် အရင်ရောက်နေတာကို"

ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။

ထို့နောက် "အာ" ဟု ရုတ်တရက် အော်လိုက်ပြီး

"ယန်ယန် မှားတယ်လို့ပြောတာ မဟုတ်ပါဘူးနော် ဥက္ကဋ္ဌကျုံးကို ဒီလိုဆက်ဆံတာမျိုး မဖြစ်သင့်ဘူးလို့ ခံစားရလို့ပါ"

ဟုဆိုကာ ခေါင်းငုံ့သွားလေသည်။ သူမသည် ကျုံးစီနျန်၏ ညာဘက်ဘေးတွင် တမင်ထိုင်ထားခြင်းဖြစ်ရာ ခေါင်းငုံ့လိုက်တိုင်း သူမ၏ ဖြူလွလွ လည်တိုင်လေးက ထင်ရှားနေတော့သည်။ ဤလည်တိုင်လေးမှာ သူမကိုယ်သူမ အကျေနပ်ဆုံး အစိတ်အပိုင်းဖြစ်ပြီး ဤကဲ့သို့သော တိတ်ဆိတ်သည့် ဆွဲဆောင်မှုကို မည်သူမျှ ခုခံနိုင်မည် မဟုတ်ဟု သူမယုံကြည်နေ၏။

ကျုံးစီနျန်က ကျောက်ယွိချင်းကို တစ်ချက်ကြည့်ကာ "အသိဉာဏ် မရှိလိုက်တာ" ဟု ခပ်ပြတ်ပြတ် ဆိုလိုက်သည်။ ကျောက်ယွိချင်းကို စိတ်လိုက်မာန်ပါ ခေါ်လာမိသည်ကို သူချက်ချင်းပင် နောင်တရသွား၏။ မူလက သူမထံမှတစ်ဆင့် တန်ယန့်အကြောင်း စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ သူတို့၏ ဆက်ဆံရေးမှာ လုံးဝ မပြေလည်ကြောင်း ထင်ရှားနေလေသည်။

ကျောက်ယွိချင်းမှာ နောက်တစ်ကြိမ် အရှက်ရသွားပြန်ရာ ဘာမှမပြောရဲတော့ပေ။ ဟင်းပွဲများ ရောက်လာသောအခါ ကျုံးစီနျန်က သူတစ်ယောက်တည်း အမြန်စားသောက်ကာ ထရပ်လိုက်ပြီး သူမ ထမင်းတစ်လုတ်မျှပင် မစားရသေးသည်ကို လုံးဝ ဂရုမစိုက်ဘဲ ထွက်သွား၏။

ရှေ့မှ ဟင်းလျာများကို ကြည့်ကာ ကျောက်ယွိချင်းသည်လည်း ထမင်းစားနေရင်းပင် သူ့နောက်သို့ အပြေးလိုက်ရပြန်သည်။ 'တစ်နေ့ ငါ သူဌေးတစ်ယောက်နဲ့ လက်ထပ်ပြီးရင်တော့ ဒီနေရာမှာ စားရဖို့ ပူစရာ မလိုတော့ဘူး မဟုတ်လား' ဟု သူမ တွေးနေမိ၏။ သို့သော် သူမ တကယ်တမ်း သူဌေးတစ်ဦးနှင့် လက်ထပ်ပြီးချိန်တွင်မူ ဝေ့ယီဂဲဆိုင် ဆိုသည်မှာ ပိုက်ဆံရှိရုံနှင့် အချိန်မရွေး လာစား၍ရသော နေရာမျိုး မဟုတ်မှန်း သူမ သိလိုက်ရ၏။

ကားပါကင်သို့ ရောက်သောအခါ ကျုံးစီနျန်သည် ကျောက်ယွိချင်းကို ကားပေါ်သို့ တက်ခွင့်မပေးတော့ဘဲ သူ၏ ပိုက်ဆံအိတ်ထဲမှ ငါးရာယွမ်ကို ထုတ်ပေးလိုက်ကာ -

"ဒါက တက္ကစီခ ငါ့မှာ အရေးကြီး ကိစ္စတစ်ခု ရှိလာလို့ နင့်ကို လိုက်မပို့တော့ဘူး"

ဟု ဆိုကာ ကားမောင်း၍ ထွက်သွားတော့သည်။

ကျောက်ယွိချင်းမှာ ဒေါသထွက်လွန်းသလို အရှက်လည်း အကြီးအကျယ် ရသွားရသည်။ သို့သော် ကံကောင်းစွာဖြင့် ပတ်ဝန်းကျင်တွင် လူမရှိသဖြင့်သာ သူမ၏သိက္ခာကို ဆယ်တင်နိုင်ခဲ့ခြင်း ဖြစ်၏။ သူမသည် ၅ စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို စီးထားလျက် တက္ကစီငှားရမည့် နေရာသို့ရောက်ရန် မိနစ်နှစ်ဆယ်နီးပါး လမ်းလျှောက်ခဲ့ရလေသည်။

ထိုသို့ လမ်းလျှောက်နေစဉ်အတွင်း တန်ယန့်၏ကားမှာ သူမဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အကူအညီ လိုအပ်သလားဟုပင် မမေးမြန်းဘဲ ဘေးမှ ဖြတ်မောင်းသွားသည်ကို တွေ့လိုက်ရရာ သူမ၏ ရင်ထဲတွင် တန်ယန့်အပေါ် မုန်းတီးစိတ်များ ပိုမို ပြင်းထန်လာခဲ့သည်။ 'တန်ယန်က ငါ့ထက်လည်း ဘာမှသာတာ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်ကောင်းတဲ့ မိသားစုနောက်ခံနဲ့ အဆင့်အတန်းမြင့်တဲ့ အမျိုးသားတွေရဲ့ မျက်နှာသာပေးမှုကို အလွယ်တကူ ရနေရတာလဲ' ဟူသော အတွေးများဖြင့် သူမ၏ မနာလိုစိတ်တို့မှာ အဆုံးစွန်သို့ ရောက်ရှိနေတော့၏။

All Chapters