အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇)
ယွီယီသို့ ပြန်ရောက်ခြင်း
တန်ယန်တစ်ယောက် လမ်းဘေးတွင် လမ်းလျှောက်နေသည့် ကျောက်ယွိချင်းကို မြင်သော်လည်း အမြင်ကြည်လင်သည့် စိတ်မျိုး မရှိတော့ပေ။ ရုပ်ကလေး ချစ်စရာကောင်းတိုင်း စိတ်ဓာတ်ကလည်း ချစ်စရာ ကောင်းလိမ့်မည် မဟုတ်ကြောင်းကို သူမ နားလည်သွားခဲ့သည်။ အကယ်၍သာ ဤနေရာက လူသူကင်းဝေးသော နေရာမျိုးဆိုလျှင် သူမ ခေါ်သွားပေးလိမ့်မည်။ သို့သော် ယခုကတော့ ဘတ်စ်ကား မှတ်တိုင်ကလည်း မလှမ်းမကမ်းတင် ရှိနေသောကြောင့် မခေါ်သွားခဲ့တော့ပေ။
တန်ယန့်အနေဖြင့် ကျောက်ယွိချင်း သူမအပေါ် မည်သို့ထင်မည်ကို ဂရုမစိုက်တော့ချေ။ အကြောင်းမှာ ကျောက်ယွိချင်းအား သူမဘဝတွင် "အရေးမပါသော လူစိမ်းတစ်ယောက်" အဖြစ် သတ်မှတ်ထားလိုက်ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျုံးစီနျန်နှင့် ပတ်သက်နေခြင်းက ကျောက်ယွိချင်းကို ပို၍ ကြည့်မရ ဖြစ်စေသည်။
"တောက်... ကျုံးစီနျန်ကတော့ ငါတို့ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတာ သိသွားပုံပဲ မဟုတ်ရင် ကျောက်ယွိချင်းကို ဒီအတိုင်း ပစ်ထားခဲ့မှာ မဟုတ်ဘူး တွေးကြည့်တာနဲ့တင် ရွံစရာကြီး"
"ထားလိုက်ပါတော့လေ... ငါ့ရဲ့ အသည်းကျော်လေး မီကို့ဆီကို အစားသောက်ကောင်းတွေ မြန်မြန်သယ်ပြီး သွားတွေ့တာကမှ ပိုကောင်းဦးမယ်"
【အရှင်ရေ... ကျွန်တော်လည်း အရှင့်ရဲ့ အသည်းကျော်လေးပါနော်】
S မြို့တော်မှာ ယိတျန်တျန်ဟာ သူ၏ ဇိမ်ခံဆိုဖာလေးပေါ်မှာ ပျင်းရိပျင်းတွဲ လှဲလျောင်းနေပါသည်။ ဘေးမှာတော့ ဘာမှပြန်မပြောတတ်သည့် ခွေးလေးသာ ရှိသည်။
【အေးပါ၊ အေးပါ... နင်လည်း ငါ့ရဲ့ အသည်းကျော်လေးပါပဲ နည်းနည်းလောက်ပဲဖြစ်ဖြစ်... ဒါမှမဟုတ် နင့်ကို ဘေကျင်းကို ခေါ်လာရမလား ဒါပေမဲ့ တိုတိုက အဖော်မရှိဘဲ အထီးကျန်နေရှာမှာ】
【ထားလိုက်ပါတော့ အရှင်ရယ်၊ ကျွန်တော်က ဘယ်နေရာမှာနေနေ အတူတူပါပဲ အရှင်နဲ့ အချိန်မရွေး ဆက်သွယ်လို့ ရနေတာပဲဥစ္စာ ဒါနဲ့ အရှင်... ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လို့ရမလား】
【ရတာပေါ့】
【ဒါဆို ကျွန်တော် အရှင့်ရဲ့ အကောင့်ကို သုံးမယ်နော်】
【အင်း... သုံးလေ ပိုက်ဆံတွေ အများကြီး ရှာနိုင်ရင် နင့်ရဲ့ မစ်ရှင်တွေလည်း စောစောပြီးတာပေါ့】
【အင်းဟင်း】
ယီယွိ လေ့ကျင့်ရေးခန်းမအတွင်း။
မီကိုတစ်ယောက် လေ့ကျင့်ခန်း လုပ်ပြီးသွား၍ ကြက်ရင်ပုံသုပ်ကို စားရန် ပြင်နေသည်။ ယီယွီကို ရောက်လာကတည်းက သူမဟာ လုံးဝကို ပြောင်းလဲသွားခဲ့သည်။
ယီယွီဟာ ဖျော်ဖြေရေး လောကမှာ လူတိုင်းအလိုချင်ဆုံး ကုမ္ပဏီဆိုသည့် ဂုဏ်သတင်းနှင့်အညီ နေထိုင်မှုနှင့် ပညာသင်ကြားမှုမှာပါ အစစအရာရာ အကောင်းဆုံး ထောက်ပံ့ပေးထားသည်။ အခြားကုမ္ပဏီက လေ့ကျင့်ရေး ဆင်းနေသူများနှင့် စာချုပ်ချုပ်ထားသည့် အနုပညာရှင်တွေ၏ စကားသံတွေကို ကြားမိတိုင်း သူမအနေဖြင့် ယီယွီနှင့် စောစောစီးစီး စာချုပ်ချုပ်ခဲ့ခြင်းဟာ တကယ်ကို ကံကောင်းသည်ဟု ထင်ရပါသည်။
မဟုတ်လျှင် ယခုအချိန်တွင် ကုမ္ပဏီထဲသို့ ဝင်နိုင်ရန်မှာ အလွန်ပင် ခက်ခဲပေသည်။ လူ့စွမ်းအား အရင်းအမြစ်ဌာန၏ ပဏာမ စိစစ်မှုကို ဖြတ်ကျော်ရုံသာမက အနည်းဆုံး လူတွေ့စစ်ဆေးမှု ငါးကြိမ်ထက်မနည်း ခံယူရမည် ဖြစ်သည်။ အကယ်၍ တစ်ကြိမ်တစ်ခါမျှ အမှားအယွင်း ရှိခဲ့ပါကလည်း ချက်ချင်းပင် ထုတ်ပယ်ခြင်း ခံရနိုင်၏။
ယင်းကဲ့သို့ စေ့စပ်သေချာလွန်းသော ရွေးချယ်မှု လုပ်ငန်းစဉ်သည်ပင် စိတ်အားထက်သန်နေသည့် လျှောက်ထားသူများကို ဟန့်တားနိုင်ခြင်း မရှိချေ။ ယီယွီတွင် အနုပညာရှင် နှစ်ဆယ်ပင် မပြည့်သော်လည်း တစ်ဦးချင်းစီမှာ မိမိတို့၏ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် နာမည်ကျော်ကြား လာသူများ ဖြစ်ကြပြီး အောင်မြင်စွာ ရပ်တည်နေနိုင်ကြလေသည်။
ထို့အပြင် ယီယွီတွင် မရိုးသားသော နောက်ကွယ်မှ စည်းမျဉ်းများအတွက် စိုးရိမ်ရန် မလိုအပ်ပေ။ ဤနေရာ၌ အရည်အချင်း အရှိဆုံး သူများသာ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ပြီး ကုမ္ပဏီဘက်မှလည်း အနည်းဆုံး အခွင့်အရေး သုံးကြိမ်ပေးမည် ဖြစ်သည်။ အကယ်၍ တစ်ကြိမ်တစ်ခါမျှ အမိအရ ဆုပ်ကိုင်နိုင်ခြင်း မရှိပါက ကုမ္ပဏီသည် ထိုသူ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ အနုပညာရှင်အဖြစ် ဆက်လက် ရပ်တည်ရန် သင့်တော်ခြင်း ရှိ၊ မရှိကို စဉ်းစားသုံးသပ်မည်ပင် ဖြစ်၏။
သေချာစွာ သုံးသပ်ပြီးနောက် အနုပညာရှင်အဖြစ် ဆက်လက်လုပ်ကိုင်ရန် မသင့်တော်ပါက ကုမ္ပဏီသည် အခြားအလုပ်သို့ ပြောင်းလဲလုပ်ကိုင်ရန် အကြံပြုလိမ့်မည် ဖြစ်သည်။ အကယ်၍ အခြားအလုပ်ကို လက်မခံဘဲ အနုပညာ လောက၌သာ ဆက်လက် ရုန်းကန်လိုပါက ကုမ္ပဏီသည် စာချုပ်ဖျက်သိမ်းရန် စဉ်းစားမည် ဖြစ်၏။ အကယ်၍ ကာယကံရှင် ကိုယ်တိုင်က စာချုပ်ဖျက်သိမ်းရန် တောင်းဆိုခဲ့လျှင်လည်း လျော်ကြေးငွေမှာ လုပ်ငန်းခွင် စံနှုန်းများထက် မကျော်လွန်စေရန် သတ်မှတ်ထားသဖြင့် တရားမျှတပေသည်။
ယီယွီ၏ ပိုင်ရှင်မှာ များပြားသော အရင်းအနှီးများ ရှိရုံသာမက ကောင်းမွန်၍ လူသားဆန်သော စနစ်တစ်ခုကိုလည်း တည်ထောင်ထားခဲ့သည်။ ယီယွီ၏ သင်တန်းဆရာ များသည်လည်း စူးရှသော အကဲခတ်နိုင်စွမ်း ရှိကြပြီး လူတစ်ဦးချင်းစီ၏ ထူးခြားသော အားသာချက်များကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်ပေးကြ၏။ ထို့အပြင် ယီယွီသည် အမျိုးအစားတူ အနုပညာရှင်များကို တစ်ပြိုင်နက်တည်း စာချုပ်ချုပ်ဆိုခြင်းကို ရှောင်ကြဉ်သဖြင့် အရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုကို တားဆီးပေးထားသည်။
လက်ရှိတွင် ယီယွီဖျော်ဖြေရေး၌ မီကိုအပြင် စာချုပ်ချုပ်ဆိုထားသော သရုပ်ဆောင် ခုနစ်ဦး၊ အဆိုတော် သုံးဦး၊ ဒါရိုက်တာ တစ်ဦး၊ ဇာတ်ညွှန်းရေးဆရာ ငါးဦး၊ အနုပညာရှင် ကိုယ်စားလှယ်သုံးဦး၊ မော်ဒယ်လ် တစ်ဦးနှင့် လေ့ကျင့်ရေး ဆင်းနေသူ ဆယ့်နှစ်ဦး ရှိပေသည်။
ရှောင်ကျားရွှင်းသည် မူလက H မြို့တော် ရုပ်သံဌာန၌ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ပြီး သူ၏ တစ်သက်တာ အိပ်မက်မှာ တိရစ္ဆာန် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးရန် ဖြစ်၏။ သို့သော် H မြို့တော် ရုပ်သံဌာန၌ ထိုဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ချေ။ ယီယွီဖျော်ဖြေရေး၏ ဥက္ကဋ္ဌကျိုးချီထံမှ အလုပ်ခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် သူသည် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး နောက်မှသာ ခက်ခက်ခဲခဲ ဝင်ခဲ့ရသော ရုပ်သံဌာနမှ ထွက်ကာ အခြားနေရာ၌ ကံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
သူ့အတွက် ငြင်းပယ်ရန် မဖြစ်နိုင်သော အကြောင်းရင်းမှာ တစ်နှစ်လျှင် ကုမ္ပဏီမှ သတ်မှတ်ထားသည့် ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင် သို့မဟုတ် ဖျော်ဖြေရေး အစီအစဉ် တစ်ခုကိုသာ ရိုက်ကူးပေးရန် လိုအပ်ပြီး ကျန်ရှိသော အချိန်များကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူလုပ်ဆောင်လိုသော မည်သည့် စီမံကိန်းမဆို ကုမ္ပဏီထံမှ ငွေကြေးထောက်ပံ့မှု လျှောက်ထားနိုင်ပြီး ကုမ္ပဏီသည် နောင်ရရှိလာမည့် အကျိုးအမြတ်၏ ၃၀ ရာခိုင်နှုန်းကိုသာ ရယူမည် ဖြစ်သည်။
အကျိုးအမြတ် မရနိုင်သော စီမံကိန်းများ အတွက်ပင် လိုအပ်သော စာရွက်စာတမ်းများ တင်ပြကာ ကုမ္ပဏီထံမှ ရိုက်ကူးရေး ရန်ပုံငွေ လျှောက်ထားနိုင်သေး၏။ သို့သော်လည်း လျှောက်ထားလွှာများကို ကျွမ်းကျင်သူများက စစ်ဆေးမည် ဖြစ်သဖြင့် ပယ်ချခံရနိုင်ခြေ ရှိသည်။ အကယ်၍ လျှောက်ထားလွှာ အတည်ပြုခြင်း ခံရပါက အကျိုးအမြတ် မရှိခဲ့လျှင်ပင် ကုမ္ပဏီက ဆုံးရှုံးမှုအတွက် လျော်ကြေးတောင်းခံမည် မဟုတ်ပေ။
သူသည် တစ်လလျှင် အခြေခံလစာ ယွမ်တစ်သိန်းတိတိ ရရှိမည့် ငါးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ရုံသာမက စီမံကိန်း အကျိုးအမြတ်၏ ၁၀ ရာခိုင်နှုန်းကိုလည်း ကော်မရှင်အဖြစ် ရရှိဦးမည် ဖြစ်သည်။ လူမှုဖူလုံရေးနှင့် အခြားသော ကုမ္ပဏီ ခံစားခွင့်များမှာလည်း အလွန်ပြည့်စုံလှ၏။ ထို့အပြင် ကုမ္ပဏီသည် စွမ်းဆောင်ရည်အပေါ် မူတည်၍ နေထိုင်ရေးနှင့် သွားလာရေးတို့ကိုပါ စီစဉ်ပေးထားသဖြင့် အလွန်ပင် အဆင်ပြေလှသည်။ အကယ်၍ မိမိဘာသာ အိမ်ငှား၍ နေထိုင်လိုပါကလည်း ကုမ္ပဏီမှ ကုန်ကျစရိတ် အချို့ကို ပြန်လည်ကျခံပေးမည် ဖြစ်သည်။
*
တန်ယန်သည် မြေအောက် ကားပါကင်မှ တက်လာစဉ် ယခင်က ဆုံဖူးခဲ့သော H မြို့တော် ရုပ်သံဌာနမှ ဒါရိုက်တာနှင့် ထိပ်တိုက် တိုးလေသည်။ သူမက သူ့ကို ပြုံးပြလိုက်သော်လည်း သူကမူ အလွန်တည်ကြည်သော မျက်နှာပေးဖြင့် ခေါင်းတစ်ချက် ငြိမ့်ပြကာ သူမဘေးမှ ကျော်ဖြတ်သွားခဲ့၏။
အင်း... တစ်မျိုးကြီး အနေရခက်သလို ခံစားလိုက်ရသည်။ သို့သော် သူမ မစဉ်းစားတော့ပါချေ။ သူမသည် လူတိုင်းနှစ်သက်သည့် ငွေစက္ကူ မဟုတ်သည့်အတွက် လူတိုင်းက သူမကို မည်သို့လျှင် အမြဲတမ်း နှစ်သက်နေနိုင် ပါမည်နည်း။
【ယိတျန်တျန်: အရှင်ရေ... ကျွန်တော်သိလိုက်ပြီ၊ ကျွန်တော့်ရဲ့ ဆွဲဆောင်မှုအဆင့်က တကယ်ကို နိမ့်နေတာပဲ】
ဒိုးဝမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲ၌ ခန့်ညားသော လူငယ်တစ်ဦး ကခုန်နေသည်ကို ကြည့်နေစဉ် အရှင်ဖြစ်သူ ရုတ်တရက် ပေါ်လာသဖြင့် ယိတျန်တျန်မှာ လန့်ဖျပ်ကာ ခုန်တက်သွားမိသည်။ တော်သေးသည်မှာ သူ ကောင်လေးကို ငေးနေသည်ကို အရှင်က သတိမထားမိသွားခြင်းပင် ဖြစ်သည်။
【ယိတျန်တျန်: အရှင့်ရဲ့ ယူနီဗာဆယ် အရည်အချင်း အမှတ်တွေက သုညဖြစ်နေတယ် ဒါကြောင့် အခုလောလောဆယ်မှာ ဆွဲဆောင်မှု တန်ဖိုးကို မြှင့်လို့ မရနိုင်သေးပါဘူး】
【တန်ယန်: ငါသိတယ် အဲ့ဒါဆို နောက်တစ်ခါကျရင် ဆုတွေအကုန်လုံး ငါပဲ ကံထူးလို့ ရမလား】
စနစ်လေးသည် ၎င်း၏ အရှင်ဖြစ်သူ၏ ထိတ်လန့်ဖွယ်ရာ အပြုံးကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား ဖြစ်သွားရ၏။ 【ယိတျန်တျန် : အဲ့ဒါ... ရလောက်မှာပါ အရှင်ရေ၊ ကျွန်တော်လည်း သေချာမသိပေမဲ့ အရှင့်ရဲ့ ကံကောင်းမှု အမှတ်က အမြင့်ဆုံး ဖြစ်နေတော့ ဖြစ်နိုင်မယ် ထင်ပါတယ်ခင်ဗျ】
【တန်ယန်: အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့! ဟင်း】
ယိတျန်တျန်သည် လန့်သွားသော သူ၏ ရင်ဘတ်လေးကို အသာအယာ ပြန်ပွတ်နေမိသည်။
တန်ယန်သည် ကျိုးချီ၏ ရုံးခန်းထဲသို့ လှမ်းဝင်လိုက်ရာ သူသည် အလုပ်ထဲ၌ အလွန်အမင်း အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ သူမက တံခါးကို အသာအယာ ခေါက်လိုက်ပြီး
"ဥက္ကဋ္ဌကျိုး... ရှင် ထမင်းမစားရသေးဘူးလို့ ကြားလို့၊ ရော့... ကျွန်မ ရှင့်အတွက် တစ်ခုခု ယူလာပေးတယ်"
ဟု ဆိုလိုက်၏။
ကျိုးချီသည် အစီရင်ခံစာများကို ဖတ်နေစဉ် တန်ယန့်အသံကို ကြားလိုက်ရသဖြင့် အံ့သြသွားဟန်ဖြင့်
"ဥက္ကဋ္ဌတန်... ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဒီကုမ္ပဏီက ဥက္ကဌတန် ပိုင်တာပါနော်"
ဟု ပြန်ပြောလေသည်။
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်မက လူကို ဘယ်လို နေရာမှန်အောင် သုံးရမလဲဆိုတာ ကောင်းကောင်း သိတယ်လေ ဟုတ်တယ်မလား"
"ဒါဆိုရင် အားလပ်ချိန်တွေမှာ ကုမ္ပဏီကိုလာပြီး အလုပ်နဲ့ ပတ်သက်တာလေးတွေ လမ်းညွှန်ပေးဖို့ အစီအစဉ် မရှိဘူးလား"
"စိတ်မကောင်းပါဘူး၊ လုံးဝကို မရှိတာပါ ကျွန်မက ရှင့်ဆီကို မမရုံကိုတောင် ငှားပေးထားတယ် မဟုတ်လား ကျွန်မက ကျောင်းသူလေးပဲ ရှိပါသေးတယ်"
တန်ယန်သည် ဝေ့ယီဂဲမှ ဝယ်လာသော အစားအသောက်များကို စားပွဲပေါ်တွင် တင်လိုက်ရင်း
"ဥက္ကဋ္ဌကျိုး... အရင်စားလိုက်ပါဦး မဟုတ်ရင် ရှင်ဗိုက်ဆာပြီး ဖျားသွားရင် ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး ဆက်လုပ်ခိုင်းလို့ ရတော့မှာလဲ"
ဟု ပြောလိုက်လေသည်။
"ကျွန်တော့်ရဲ့ အခြေအနေကို ထည့်တွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌတန်"
ကျိုးချီသည် လက်ထဲမှ အစီရင်ခံစာကို ချလိုက်ရင်း
"မီကို့ကို လာကြည့်တာလား"
ဟု မေးလိုက်သည်။
"ဟုတ်တာပေါ့... ဆုတော့ မရှိဘူးနော်"
တန်ယန်က နောက်ပြောင်ကျီစယ်လိုက်ရင်း -
"သေသေချာချာ စားလိုက်ဦး မမရုံ ပြောပြတာတော့ ရှင်အိမ်မပြန်တာ ရက်အတော် ကြာပြီဆို၊ ကုမ္ပဏီမှာပဲအိပ်ပြီး အလုပ်တွေ ဇောက်ချလုပ်နေတာ တကယ်ကို အားတက်စရာပဲ ဒါပေမဲ့ ဒီနေ့တော့ အချိန်ပိုဆင်းလို့ မရဘူးနော်၊ ကျွန်မစောင့်ကြည့်နေမှာ သွားပြီနော် တာ့တာ"
ကျိုးချီသည် ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး တောင့်တင်းနေသော သူ၏ပုခုံးနှင့် လည်ပင်းကို အကြောဆန့်လိုက်ကာ နေ့လယ်စာဘူးကို ဖွင့်၍ စားသောက်လေသည်။ အမှန်ပင် သူအနားယူရန် အချိန်တန်ပြီ ဖြစ်သည်။ မကြာသေးမီက S မြေကွက် ဖော်ဆောင်ရေး စီမံကိန်းမှာလည်း အဆင်ပြေ ချောမွေ့စွာ တိုးတက်နေ၏။ လင်းမိသားစုမှာ ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရသဖြင့် သူတို့ကို လာရောက် နှောင့်ယှက်ရန် အင်အား မရှိတော့ချေ။ ကျန်ရှိနေသော နှောင့်ယှက်လိုသူ များမှာလည်း သူတို့အတွက်တော့ ပြိုင်ဘက်များ မဟုတ်ကြပေ။
အခန်း (၁၄၈)
မီကို၏ စိုးရိမ်ပူပန်မှုများ
တန်ယန်သည် တတိယထပ်ရှိ လေ့ကျင့်ရေး ခန်းမများဆီသို့ တက်လာခဲ့ပြီး မီကိုရှိရာ အခန်းကို တန်းသွားသည်။
"အလို... ဘယ်က သနားစရာကောင်းတဲ့ ကောင်မလေးကများ ဒီလိုမျိုး ထိုင်စားနေတာပါလိမ့်"
တန်ယန့်အသံကို ကြားလိုက်ရသည်နှင့် မီကို၏ မျက်လုံးများမှာ ဝင်းခနဲ တောက်ပသွားတော့၏။ ထို့နောက် ဝမ်းသာအားရ ဖြစ်မှုကြောင့် နှာခေါင်းလေးပင် ရှုံ့သွားကာ
"ဝါး... ယန်ယန်ရေ၊ နင့်ကို သိပ်သတိရနေတာ"
ဟု ဆိုကာ တန်ယန့်ကို တင်းကျပ်စွာ ဖက်ထားရင်း ငိုချလိုက်ပါတော့သည်။ သူမ တန်ယန့်ကို မတွေ့ရသည်မှာ အရမ်းကြာနေပြီဖြစ်၏။
"အဟွတ်... အဟွတ်..."
တန်ယန်မှာ အသက်ရှူပင် ကျပ်သွားရသည်။
"မီကိုရေ... နည်းနည်းလောက် လျှော့ဖက်ပါဦး၊ ငါ အသက်ရှူလို့ မရတော့ဘူး"
မီကိုက ချက်ချင်းပင် လက်ကို လွှတ်ပေးလိုက်ပြီး
"အာ... ဆောရီး၊ ဆောရီး အသက်ဝဝ ရှူလိုက်ဦး"
ဟု မျက်ရည်များ စိုရွှဲနေသော မျက်နှာလေးဖြင့် တန်ယန်ကို အတင်းတိုက်တွန်းနေ၏။
"ဟူး"
တန်ယန် အသက်ကို ဝဝရှူကာ သက်ပြင်းချလိုက်သည်။
"တကယ်ပါပဲ နင်လည်း အရွယ်ရောက်နေပြီဟာကို ဘာလို့ကလေးလို ငိုနေရတာလဲ တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား ငါ့ကိုပြော၊ ငါ နင့်အတွက် လက်စားချေပေးမယ်"
"မဟုတ်ပါဘူး၊ ငါ အိမ်ကို နည်းနည်း သတိရသွားလို့ပါ"
ဟု မီကိုက ပါးလေးများ နီမြန်းလျက် ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်း ပြောရှာသည်။
"ကဲပါ နောက်နှစ်လဆိုရင် နင် စာမေးပွဲ ဖြေရတော့မှာပဲဟာ ဖြေပြီးရင် အိမ်ပြန်လို့ရပြီပဲ၊ မငိုနဲ့တော့နော် ဒီမှာ... ငါ နင့်အတွက် အရသာရှိတဲ့ အစားအသောက်တွေ ယူလာပေးတယ်၊ အနံ့လေး ရှူကြည့်ပါဦး၊ မွှေးနေတာပဲ မဟုတ်လား"
တန်ယန်သည် ဝေ့ယီဂဲမှ ဝယ်ယူလာသော ဟင်းလျာများနှင့် မုန့်များကို ရတနာ တစ်ခုသဖွယ် ထုတ်ပြလိုက်သည်။
"တကယ်ကို မွှေးတာပဲ အင်း... ဒါပေမဲ့ ဒါတွေစားလို့ ဖြစ်ပါ့မလား ငါဝလာရင် ဘယ်လိုလုပ်မလဲ"
မီကိုမှာ အတော်လေး ဝေခွဲမရ ဖြစ်နေရှာသည်။ ဤမျှ အရသာရှိသော အစားအသောက်များကို မစားရသည်မှာ ကြာပြီဖြစ်ရာ သူမ၏ ပါးစပ်ထဲတွင် အရာအားလုံးက ပေါ့ရွှတ်ရွှတ်သာ ဖြစ်နေခဲ့သည်။
"မီကို... နင်မေ့နေပြီလား နင်က စားချင်သလောက်စား၊ ဝမှာ မဟုတ်ဘူးလေ"
တန်ယန် အံ့သြသွားမိသည်။ သူမ၏ စနစ်က ထုတ်ပေးထားသော 'ဘယ်လောက်စားစား ဝမလာစေသည့် ဆေးရည်' က ဟင်းသီးဟင်းရွက် စားသူများ အတွက်သာ ထင်နေသည်။
"မဝလာတာ မှန်ပါတယ်၊ ဒါပေမဲ့ ဆရာမက ငါ့ခန္ဓာကိုယ် အချိုးအစားကို ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ရမယ်တဲ့ ငါဒီအတိုင်းပဲ လပေါင်းများစွာ အသီးအရွက်တွေချည်း စားလာတာ အခုမှ ၅ ပေါင်လောက် ကျသွားတာ"
မီကိုက နှုတ်ခမ်းလေးစူကာ တိုင်တောနေ၏။ အမှန်တွင် သူမက ပျော်ပျော်ပါးပါး ညည်းညူနေခြင်းသာ ဖြစ်ပြီး ကြံ့ခိုင်ရေး ဆရာမက ဝိတ်ချရန် ပြောသည်နှင့် သူမသည် လေ့ကျင့်ခန်းကို ပိုလုပ်ကာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ဂရုတစိုက် စားသောက်ခဲ့သူ ဖြစ်သည်။
တန်ယန်သည် သရုပ်ဆောင် တစ်ဦး၏ အထူးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် သူမ၏ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီး၏ ကျန်းမာရေးကို ကူညီပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူမသည် 'လဲလှယ်ရေးဆိုင်' ကို လှန်လှော ကြည့်ရှုပြီးနောက် ယခင်က ရရှိထားသည့် 'ခန္ဓာကိုယ် ပြုပြင်ထိန်းသိမ်းရေး ဆေးရည်' အချို့ ရှိသေးသည်ကို သတိရသွား၏။ သူမသည် ထိုဆေးရည် သုံးပုလင်းခန့်ကို တန်မိသားစုဝင် အားလုံးအတွက် တိတ်တဆိတ် အသုံးပြုပေးခဲ့ဖူးရာ ထိုအချိန်မှစ၍ သူတို့မိသားစုတွင် မည်သူမျှ အအေးမိ ဖျားနာခြင်းပင် မရှိတော့ချေ။ သူမအနေဖြင့် ‘စနစ်ကထုတ်တဲ့ ပစ္စည်းတွေကတော့ အမြဲတမ်း ထိပ်တန်းပဲ’ ဟုပင် ကြုံးဝါးမိသည်။
မီကို ထမင်းစားနေသည်ကို ကြည့်ရင်း တန်ယန်သည် သူမ၏ လက်ကိုင်အိတ်ကို အကာအကွယ်ယူကာ ပြုပြင်ထိန်းသိမ်းရေး ဆေးရည်ကို ရေသန့်ပုလင်းထဲသို့ တိတ်တဆိတ် ခပ်လိုက်ပြီး အသာအယာ လှုပ်လိုက်သည်။ ဆေးရည်မှာ ရေထဲတွင် ချက်ချင်းပင် ပျော်ဝင်သွားပြီး မည်သည့် ထူးခြားမှုမျှ မတွေ့ရတော့ချေ။
"မီကို... ရေသောက်လိုက်ဦးလေ"
တန်ယန်က ရေသန့်ပုလင်းအဖုံးကို ဖွင့်ပေးကာ လှမ်းပေးလိုက်သည်။
"ငါ့မှာ ရှိတာပဲဟာ နင်ပဲ သောက်လိုက်ပါ"
မီကိုက ပါးစပ်ထဲမှ အစားအစာများကို ဝါးမျိုလိုက်ပြီး ဘေးနားရှိ ရေနွေးဘူးလေးကို ညွှန်ပြလိုက်၏။
"ဒါလေး သောက်ကြည့်ပါဦး၊ ဒီရေသန့်က အရသာ တော်တော်လေး ကောင်းတယ်၊ စမ်းသောက်ကြည့်သင့်တယ်"
"အိုကေ... ကျေးဇူးပဲ ယန်ယန်"
မီကိုသည် ရေသန့်ပုလင်းကိုယူကာ အနည်းငယ် မြည်းကြည့်လိုက်သည်။ အပင်နံ့ ခပ်သင်းသင်းလေး ရပြီး အတော်လေး လန်းဆန်းသွားစေသည်။ သူမသည် နောက်ထပ်တစ်ငုံ ထပ်သောက်ပြီးမှ ရေပုလင်းကို ပြန်ချကာ ထမင်းဆက်စားနေတော့၏။
"ခဏနေရင် အဲ့ဒီရေကို အကုန်သောက်ဖို့ မမေ့နဲ့ဦးနော်၊ ဟုတ်ပြီလား"
တန်ယန်က စိတ်ပူသလိုဖြင့် သတိပေးလိုက်ပြီး
"ရေများများသောက်မှ ပိုပြီး ထိရောက်မှာ" ဟု ဆိုလေသည်။
"အင်းပါ သိပါပြီရှင်"
မီကိုက လိမ္မာယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်၏။
မီကို ထမင်းစားပြီး သွားသောအခါ တန်ယန် ထရပ်လိုက်ပြီး -
"ကဲ... ငါသွားတော့မယ် ရေများများသောက်ဖို့ မမေ့နဲ့ဦး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်၊ တစ်ခုခုဆို ငါ့ကို ဖုန်းဆက်လိုက်နော်၊ ဟုတ်ပြီလား"
"အိုကေ... နင်လည်း အလုပ်တွေ သွားလုပ်တော့ ငါလည်း လေ့ကျင့်ခန်း ပြန်လုပ်ရဦးမယ်၊ ဟီးဟီး"
မီကိုသည် တန်ယန့်ကို လက်ပြနှုတ်ဆက်ကာ သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လေ့ကျင့်ခန်းများကို ဆက်လက် လုပ်ဆောင်နေတော့၏။
မီကို၏အမြင်တွင် တန်ယန်သည် သူမအတွက် ဤမျှကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးထားသဖြင့် သူမဘက်မှလည်း ရည်မှန်းချက် အောင်မြင်အောင် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။ သို့မှသာ နောင်တကင်းဝေးမည် ဖြစ်သလို တန်ယန်၏ စေတနာများကိုလည်း အလဟဿ မဖြစ်စေမှာ ဖြစ်ပေသည်။
လေ့ကျင့်ရေးခန်းမ အပြင်ဘက်တွင်မူ အခြားသော လေ့ကျင့်ရေး ဆင်းနေသူ အချို့သည် အခန်းထဲ၌ ချွေးတလုံးလုံးဖြင့် ကြိုးစားနေသော မီကို့ကို တိတ်တဆိတ် ကြည့်နေကြပြီး -
"သူက တကယ်ကို အလေးအနက်ထားပြီး ကြိုးစားတာပဲ တကယ်လို့ သူသာ မအောင်မြင်ဘူးဆိုရင် ဒါဟာ ဘုရားသခင်က မတရားရာ ကျလိမ့်မယ်"
ဟု ရိုးသားစွာ ချီးကျူးနေကြသည်။
"ငါလည်း အဲ့ဒီလိုပဲထင်တယ်"
"+၁ ပါ"
"ကဲ... တို့တွေလည်း လေ့ကျင့်ခန်း ပြန်သွားလုပ်ကြရအောင် ဆရာမလာလို့ ငါတို့ကိုမတွေ့ရင် ဆူခံရဦးမယ်"
"သွားစို့... မြန်မြန်သွားရအောင်"
*
ကျိုးချီ၏ ရုံးခန်းအတွင်း
လက်ထောက်ဖြစ်သူသည် စားပွဲရှေ့တွင် ရပ်နေကာ ကျိုးချီ စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုးပေးမည်ကို စောင့်ဆိုင်းနေသည်။
"ဥက္ကဋ္ဌတန် ပြန်သွားပြီလား"
"ဟုတ်ကဲ့ ဥက္ကဋ္ဌကျိုး... မစ္စတန် ထွက်သွားတာ ဆယ်မိနစ်လောက် ရှိပါပြီ"
ကျိုးချီသည် လက်မှတ်ထိုးပြီးသော စာရွက်စာတမ်းများကို လက်ထောက်ထံသို့ ပြန်ပေးလိုက်ရင်း -
"ရပြီ၊ ဒီနေ့တော့ အချိန်ပို မဆင်းနဲ့တော့ အားလုံးကို အိမ်ပြန်နားခိုင်းလိုက်ပါ ပြီးတော့ လာမယ့် သောကြာနေ့ကျရင် အဖွဲ့လိုက် အပန်းဖြေခရီးသွားဖို့ စီစဉ်လိုက်ဦး အစီအစဉ်ကို မင်းတို့ဘာသာ ဆွဲကြ၊ ကုန်ကျစရိတ်ကို ဘဏ္ဍာရေး ဌာနမှာ ပြန်တင်တောင်းလို့ရတယ် ငါကတော့ မလိုက်တော့ဘူး"
"ဟုတ်ကဲ့ ဥက္ကဋ္ဌကျိုး၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
လက်ထောက်ဖြစ်သူသည် ကျိုးချီ၏ ရုံးခန်းထဲမှ ထွက်လာပြီး ထိုသတင်းကောင်းကို လူတိုင်းအား အသိပေးလိုက်ရာ တစ်ခဏ အတွင်းမှာပင် ယီယန်၏ စီမံခန့်ခွဲရေးဌာန တစ်ခုလုံးသည် ထီပေါက်သကဲ့သို့ ပျော်ရွှင်သွားကြ၏။ ၎င်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ၊ မည်သူမဆို တစ်လလုံးလုံး အချိန်ပို ဆက်တိုက် ဆင်းခဲ့ရလျှင် စိတ်ပင်ပန်းနေမည်မှာ အမှန်ပင်ဖြစ်၏။ ကံကောင်းစွာဖြင့် သူတို့၏ အထက်လူကြီးက နောက်ဆုံးတွင် ကရုဏာ သက်ခဲ့လေပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌတန် ဥက္ကဋ္ဌတန်တစ်ယောက် ကုမ္ပဏီကို မကြာမကြာ လာပါစေလို့ပဲ ဆုတောင်းရတော့မယ်"
ကုမ္ပဏီမှ ထွက်လာပြီးနောက် တန်ယန်သည် သူမ၏ ခြံဝန်းအိမ်လေးဆီသို့ ကားမောင်းကာ ပြန်လာခဲ့သည်။ ကားပါကင် ထိုးပြီးသည်နှင့် လိုင်းမှ မက်ဆေ့သံ မြည်လာသည်ကို ကြားလိုက်ရ၏။
ကျင်းမုန့်: တန်ဒါရှိလားဟင် (ယုန်ကလေး ချောင်းကြည့်နေသည့် ပုံ)
ကျင်းမုန့်: ကျွန်မတို့ ပလက်ဖောင်းရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို ဒီဇင်ဘာ ၂၅ ရက်မှာ ကျင်းပမှာပါ နှစ်ပတ်လည် အစည်းအဝေးနဲ့ပါ ပူးတွဲကျင်းပဖို့ စီစဉ်ထားပါတယ် တန်ဒါ တက်ရောက်နိုင်မယ့် အားတဲ့အချိန်လေးများ ရှိမလားဟင် (ချစ်စရာကောင်းသည့် ပုံ)
တန်ယန် ခဏမျှ စဉ်းစားလိုက်မိသည်။ ထိုအချိန်တွင် သူမသည် နယ်လှည့်ဖျော်ဖြေပွဲ ကျင်းပနေရမည့် အချိန်ဖြစ်ရာ ပြန်ရောက်ရန် အချိန်မီမည် မဟုတ်ပေ။
တန်ယန်: စိတ်မကောင်းပါဘူး၊ အဲ့ဒီအချိန်မှာ တခြားအစီအစဉ် တစ်ခုနဲ့ တိုက်နေလို့ပါ အချိန်မီ ပြန်ရောက်နိုင်မှာ မဟုတ်လောက်ဘူး။
ကျင်းမုန့်: (ငိုနေသည့်ပုံ)
ကျင်းမုန့်: ကျွန်မ တန်ဒါကို လူကိုယ်တိုင် တကယ်တွေ့ချင်တာပါ။ (သနားစရာ ကောင်းသည့်ပုံ)
ကျင်းမုန့်: နှမြောစရာကြီး။ (စိတ်မကောင်းသည့်ပုံ)
တန်ယန်: (ဖက်ထားသည့်ပုံ) ကျွန်မ စန္ဒယား ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေလို့ပါ။ အဲ့ဒီအချိန်ကျရင် ကျွန်မ နိုင်ငံထဲမှာ ရှိနေမှာ မဟုတ်လောက်ဘူး။
ကျင်းမုန့်: (အံ့သြသွားသည့်ပုံ)
ကျင်းမုန့်သည် စာချုပ်ချုပ်ဆိုခြင်းနှင့် မူပိုင်ခွင့် ရောင်းချခြင်း ကိစ္စရပ်များကြောင့်သာ တန်ယန်၏ အစစ်အမှန် မည်သူမည်ဝါ ဖြစ်ကြောင်းကို တိုက်ဆိုင်စွာ သိခွင့်ရခဲ့ခြင်း ဖြစ်သည်။ သူမသည် တန်ယန်၏ အလှအပကို အမြဲတမ်း အံ့သြ ချီးကျူးခဲ့ရသော်လည်း ဤမျှ ငယ်ရွယ်သော သူတစ်ဦးက စန္ဒယား လောကတွင် ဤကဲ့သို့ ကြီးကျယ်သော အောင်မြင်မှုမျိုး ရရှိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ထို့ပြင် တန်ယန်သည် နာမည်ကျော် အွန်လိုင်းဝတ္ထုရေး ဆရာမတစ်ဦးတင် မကဘဲ အမှတ်ပြည့်ဖြင့် ကျောင်းဝင်ခွင့် ရထားသော ထူးချွန်ကျောင်းသူ တစ်ဦးလည်း ဖြစ်နေပြန်သည်။
ဤအကြောင်းကို သိရသူတိုင်းက -
"ဒါဟာ ဝတ္ထုထဲက မာရီဆူး ဇာတ်ကောင်အတိုင်း အပြင်လောကမှာ တကယ်ပေါ်လာတာပဲ"
ဟု ရေရွတ်မိကြမည်မှာ အမှန်ပင် ဖြစ်၏။
တန်ယန်: အချိန်ရခဲ့မယ် ဆိုရင်တော့ ကျွန်မ အတတ်နိုင်ဆုံး ပါဝင်ဆင်နွှဲပေးပါ့မယ်။
ကျင်းမုန့်: ဟုတ်ကဲ့ပါ ဖျော်ဖြေပွဲမှာ အောင်မြင်ပါစေနော် တာဒါ။
တန်ယန် : ကျေးဇူးတင်ပါတယ် (ပုံလေးနှင့်)။
ယီယွိမှ ပြန်လာသည့် နေ့မှစ၍ တန်ယန်သည် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ကာ အပြင်းအထန် လေ့ကျင့်တော့သည်။ သူမ၏ စွဲလမ်းလွန်းလှသော ကြိုးစားအားထုတ်မှုကြောင့် ချင်ယွီရုံပင် စိုးရိမ်လာရ၏။
ညနေခင်း တစ်ခုတွင် တန်ယန်က ချင်ယွီရုံကို ဤသို့ ဖွင့်ဟပြောဆိုခဲ့သည်။
"မမရုံ... ကျွန်မ ဘာအတွက် ကြိုးစားနေတာလဲဆိုတာ ကျွန်မကိုယ်တိုင် ကောင်းကောင်းသိပါတယ် ဒီဖျော်ဖြေပွဲဟာ ကျွန်မဘဝမှာ တစ်ကြိမ်တည်းသော ဖျော်ဖြေပွဲ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ဘာနောင်တမှ မကျန်ခဲ့ချင်ဘူး"
တန်ယန်၏ ခိုင်မာသော စိတ်ဆန္ဒကို သိလိုက်ရသောအခါ ချင်ယွီရုံသည် နောက်ထပ် ဘာမှမပြောတော့ဘဲ သူမ၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝနေစေရန် အစားအသောက်များကိုသာ အားသွန်ခွန်စိုက် ပြင်ဆင် ကျွေးမွေးတော့သည်။
တန်ယန်မှာလည်း ဤအခြေအနေကို ကြည့်ကာ မတတ်နိုင်တော့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ တစ်ညလုံး မအိပ်ဘဲ နေရုံမျှဖြင့် သိသိသာသာ ယိုယွင်းသွားမည့် အမျိုးအစား မဟုတ်သော်လည်း ချင်ယွီရုံ စိတ်အေးစေရန်အတွက် သူမပြင်ဆင်ပေးသမျှ အစားအသောက်များကို အကုန်စားပေးခဲ့သည်။ သူမသည် ‘တစ်ဖက်လူက မိမိအပေါ်ကောင်းလျှင်၊ မိမိက ထိုသူ့အပေါ် ပို၍ပင် ပြန်ကောင်းပြတတ်သည့်’ လူစားမျိုး ဖြစ်ပေသည်။
သူမသည် သူမအပေါ် ဂရုစိုက်သူများကို မည်သည့်အခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ချေ။
မကြာမီ ဒီဇင်ဘာလသို့ ရောက်ရှိလာခဲ့သည်။ တန်ယန်သည် အထုပ်အပိုးများကို ပြင်ဆင်ကာ H မြို့တော်သို့ ခရီးစတင်ခဲ့လေသည်။
သူမ၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် H မြို့တော် အနုပညာစင်တာ ဖျော်ဖြေရေး ခန်းမ၌ ကျင်းပမည် ဖြစ်သည်။ သူမ၏ ဆရာဖြစ်သူ ယွီချန်းနျန်မှာ တစ်ဦးတည်းသော ဧည့်သည် ဖျော်ဖြေသူအဖြစ် ပါဝင်မည်ဖြစ်ပြီး တန်ယန်ကိုယ်တိုင် ရေးစပ်ထားသည့် "ဖန်သားဂြိုဟ်" သီချင်းကို သူမနှင့်အတူ စန္ဒယား လက်လေးလုံးတွဲ တီးခတ်ကာ ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။
ဤတေးသွားမှာ သူမ တစ်ပတ်တိုင်တိုင် အပင်ပန်းခံ ရေးစပ်ထားခြင်းဖြစ်ပြီး ယခုအချိန်အထိ သူမ အကျေနပ်ဆုံး လက်ရာတစ်ခုလည်း ဖြစ်၏။ ထို့ကြောင့် ဆရာနှင့် တပည့်ကြားမှ ဤပူးပေါင်း ဖျော်ဖြေမှုကို သူမအလွန်ပင် မျှော်လင့် စောင့်စားနေမိသည်။