အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁)
တန်ယွီ၏အိပ်မက်
ယနေ့ဖျော်ဖြေပွဲမှာ အလွန် အောင်မြင်ခဲ့သဖြင့် ယွီချန်းနျန်တစ်ယောက် စိတ်ကြည်လင်နေသည်။ အထူးသဖြင့် မိမိ၏ တပည့်မလေး အကြောင်းကို ချီးကျူးကြသည့်အခါ ပို၍ပင် သဘောကျနေတော့၏။ သူ၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းအရ ဝိုင်းဝန်းတိုက်ကြသော ဂုဏ်ပြုအရက်များကို သောက်ရင်း ခေါင်းထဲ၌ အနည်းငယ် မူးနောက်နောက် ဖြစ်လာသည်။ ထိုစဉ် တန်ယန်က သူမ၏ ဆရာကတော် အကြောင်းကို ရုတ်တရက် ထည့်ပြောလိုက်သောအခါ ကျောရိုးထဲမှပင် စိမ့်ခနဲ ဖြစ်သွားရ၏။ အိမ်ပြန်ရောက်လျှင်တော့ အဆူခံရတော့မည်မှာ အသေအချာပင်။
သူ့လက်ထဲမှ အရက်ခွက်ကို အမြန်ချလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို တောင်းပန်ကာ အမူးပြေစေရန် တန်ယန်နှင့်အတူ နားနေဆောင်သို့ လိုက်ခဲ့ပြီး လက်ဖက်ရည် သောက်လေသည်။
"ဆရာရယ်... ကျွန်မ ခဏလေးပဲ လူချင်းခွဲလိုက်ရတယ် လွှတ်ခနဲကို ဖြစ်သွားတာပဲ ဆရာကတော်ကတော့ ဆရာ့ကို သေသေချာချာ မစောင့်ကြည့်ရ ကောင်းလားဆိုပြီး ကျွန်မကိုပဲ အပြစ်တင်တော့မှာ"
ဟု ဆိုကာ တန်ယန်က ယွီချန်းနျန်ထံသို့ ပုဝါလေးတစ်ထည် ကမ်းပေးလိုက်၏။
ယွီချန်းနျန် မျက်နှာကို သုတ်လိုက်သဖြင့် အနည်းငယ် လန်းဆန်းသွားသည်။ သူသည် သက်ပြင်းတစ်ချက်ချကာ အသစ်စက်စက် ဖျော်ထားသော လုံကျင်း လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း -
"တစ်ခါတလေ နည်းနည်းပါးပါး သောက်တာက စိတ်ကို ကြည်လင်စေပါတယ်ကွာ"
ဟု ဆိုလေသည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် -
"ဂီတအသင်းက မင်းအတွက် ML နိုင်ငံက တော်ဝင်ဖျော်ဖြေရေး ခန်းမမှာ ဖျော်ဖြေဖို့ နေရာရထားပြီ ဒါကြောင့် အရင်က အရန်အစီအစဉ်ဆိုပြီး သတ်မှတ်ထားတဲ့ မာနတ်စ်ဖျော်ဖြေရေး ခန်းမကိုတော့ ဖျက်လိုက်ပြီ ဆရာတို့တွေ မနက်ဖြန်ညပဲ ထွက်ကြမလား"
တန်ယန်က ခေါင်းငြိမ့်ပြလိုက်ပြီး -
"လေကြောင်းလိုင်း ခရီးစဉ်ကို လျှောက်ထားပြီးပြီဆရာ၊ မနက်ဖြန်ည ၁၀ နာရီမှာ လေယာဉ်တက်မှာ"
ဟု ပြန်ပြောလိုက်သည်။
"ဟိုအဖိုးကြီးတွေကတော့ မင်းကို ဂီတအသင်းရဲ့ မျက်နှာစာအဖြစ် ထားချင်နေကြတာ လူငယ်တွေ အနုပညာ လောကထဲ ပိုပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်ပေးစေ ချင်ကြတာပေါ့"
"ကျွန်မကတော့ အဆင်ပြေပါတယ် ပြိုင်ဆိုင်မှုရှိတာ ကောင်းတာပေါ့၊ ပြိုင်ဆိုင်မှု ရှိမှပဲ တိုးတက်မှု ရှိမှာလေ"
တန်ယန်ကတော့ တကယ်ပင် ဂရုမစိုက်ပါချေ။ ၎င်းသည် သူမအတွက် မည်သည့် ဆုံးရှုံးမှုမျှ မရှိနိုင်သလို အလွန်ဆုံး ရှိလှမှ လူမြင်ကွင်းသို့ ခဏခဏ ထွက်ပြရရုံသာ ဖြစ်သည်။ သူမကဲ့သို့ ဖျော်ဖြေရေး ကုမ္ပဏီပိုင်ရှင် တစ်ဦးအတွက် ဤအရာက ကြောက်စရာ မဟုတ်ပေ။
နောက်တစ်နေ့တွင် တန်ယန် အနားယူရက် ရသဖြင့် ဘယ်မှသွားခွင့်မရဘဲ အခန်းထဲမှာသာ ဂိမ်းဆော့နေသည်။ ‘ဘုရင်များ၏ ဘုန်းကျက်သရေ’ ဂိမ်းသည် အပ်ပ်ပဒိတ်တစ်ကြိမ် ထွက်ထားပြီး ဖြစ်သော်လည်း သူမအနေဖြင့် ဝင်မကြည့် ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော် သူမကို အံ့အားသင့်သွား စေသည်မှာ ယနေ့သည် ကျောင်းတက်ရက် ဖြစ်သော်လည်း ဂိမ်းထဲတွင် သူမ၏မောင်လေး တန်ယွီ၏ အကောင့်မှာ အွန်လိုင်းဖြစ်နေသည်ကို တွေ့လိုက်ရခြင်းပင်။
သူမ ခဏမျှ မှင်တက်သွားပြီး မယုံနိုင်သလို ဖြစ်သွားရသည်။ မကြာမီ အထက်တန်း ကျောင်းဝင်ခွင့် စာမေးပွဲ ဖြေရတော့မည့် မောင်လေးသည် ကျောင်းပြေးပြီး ဂိမ်းဆော့နေသည်လား၊ သူမ အချိန်ကို ကြည့်လိုက်ရာ မနက် ၁၀ နာရီတိတိ ဖြစ်နေပြီး ထိုအချိန်မှာ ကျောင်းတွင် စာသင်နေရမည့် အချိန်ဖြစ်သည်။
တန်ယန်သည် ကြည့်ရှုသူအဖြစ် ဝင်ရောက်ခြင်းကို နှိပ်ကာ ထိုအကောင့်၏ ဂိမ်းကစားပုံကို ကြည့်လိုက်၏။ မူလက "အခြား တစ်ယောက်ယောက်က သူ့အကောင့်ကို ဝင်ဆော့နေတာများလား" ဟု မျှော်လင့်ချက်လေး ထားခဲ့သော်လည်း ခဏမျှ စောင့်ကြည့်ပြီး နောက်တွင်မူ ယင်းမှာ တန်ယွီကိုယ်တိုင် ဖြစ်ကြောင်း သူမ အသေအချာ သိသွားသည်။
ဒေါသတဟုန်းဟုန်း တောက်လောင်လာသဖြင့် သူမသည် ဂိမ်းမှ ချက်ချင်းထွက်ကာ တန်ယွီထံ ဖုန်းဆက်ရန် ပြင်လိုက်၏။ သို့သော် ဖုန်းနံပါတ်များကို ရိုက်နှိပ်ပြီးမှ တစ်လုံးချင်းစီ ပြန်ဖျက်လိုက်ကာ စိတ်ကို အတတ်နိုင်ဆုံး ပြန်ထိန်းလိုက်သည်။ ပြီးနောက် ဒီနေ့မှာပင် S မြို့တော်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
"ဇီးရိုး... S မြို့တော်ကို ပြန်ကြမယ်"
တန်ယန်က သက်တော်စောင့်ကို ပြောလိုက်ပြီး အဝတ်အစားလဲရန် ပြင်ဆင်တော့သည်။ ၁၅ မိနစ် အကြာတွင် သူမ အောက်ထပ်သို့ ဆင်းလာခဲ့၏။
"ယန်ယန်... ရှောင်လင်းဆီက ကြားတယ်၊ S မြို့တော်ကို ပြန်မလို့ဆို ဒီနေ့ည ML ကို ပျံသန်းရမှာ မဟုတ်ဘူးလား၊ အချိန်မီပါ့မလားကွယ်"
လုမုန်လန်က သူမလက်ကိုဆွဲကာ စိုးရိမ်တကြီး မေးလေသည်။
"စိတ်မပူပါနဲ့ ဆရာကတော် မောင်လေးရဲ့ကျောင်းမှာ ကိစ္စလေးတစ်ခု သွားရှင်းရမှာမလို့ပါ မြန်မြန် ပြန်လာခဲ့ပါ့မယ်၊ အချိန်မီပါတယ်"
"ကဲပါမိန်းမရာ... ကလေးလမ်းမှာစားဖို့ တစ်ခုခု ထုပ်ပေးလိုက်ပါဦး"
ယွီချန်းနျန်က လုမုန်လန်ကို ညွှန်ကြားလိုက်ပြီး တန်ယန့်ဘက်သို့လှည့်ကာ -
"အရမ်းကြီး စိတ်မလောနဲ့ဦးနော် တစ်ခုခုဆို ဆရာ့ဆီ ဖုန်းဆက်လိုက်"
ဟု မှာကြားလေသည်။
တန်ယန်က ခေါင်းငြိမ့်ပြလိုက်ပြီး -
"ဟုတ်ကဲ့ပါ၊ စိတ်မပူပါနဲ့ဆရာ"
ဟု ဆိုကာ ထွက်ခွာခဲ့ပေသည်။
သူတို့နှစ်ဦး အိမ်မှ အလျင်အမြန် ထွက်ခွာသွားကြ၏။ လုမုန်လန်မှာ တံခါးဝတွင်ရပ်၍ ကားလေး ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။
လမ်းခရီးတွင် တန်ယန်တစ်ယောက် အတွေးများနေမိ၏။ သူမသာ ဂုဏ်ကျက်သရေ တိုက်ပွဲဂိမ်းကို လူသိရှင်ကြား မလုပ်ခဲ့လျှင် တန်ယွီသည် အရင်ဘဝကလိုပဲ လိမ္မာပါးနပ်စွာ ပညာသင်ကြား နေဦးမည်လား၊ ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံက သူ့ကို ယုံကြည်မှုတွေ လွန်ကဲပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးစေခဲ့သည်လား။
တန်ယန် S မြို့တော် အထက်တန်းကျောင်းသို့ ရောက်ရှိချိန်တွင် နေ့လယ်ပိုင်း ကျောင်းတက်ချိန် မတိုင်မီ နာရီဝက်ခန့် လိုသေးသည်။ တန်ယွီ၏ အခြေအနေကို စုံစမ်းရန် အတန်းပိုင် ဆရာမထံ ဦးစွာသွားခဲ့၏။ ဆရာမဖြစ်သူယွမ်မှာ တန်ယန့်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသလို အံ့သြလည်း အံ့ဩသွားရသည်။
"တန်ယန် သမီးက ဖျော်ဖြေပွဲ လုပ်နေတာ မဟုတ်လား၊ ဘာလို့ ရုတ်တရက်ကြီး..."
"မင်္ဂလာပါ ဆရာမယွမ် သမီးဒီနေ့လာတာက သမီးမောင်လေး တန်ယွီရဲ့ နောက်ဆုံး အခြေအနေလေးတွေကို မေးမြန်းချင်လို့ပါ"
......
နာရီဝက်ခန့် အကြာတွင် တန်ယန်သည် အတန်းပိုင်ဆရာမ ရုံးခန်းမှ ထွက်လာကာ ကားထဲသို့ ပြန်ဝင်ပြီး တန်ယွီထံ ဖုန်းဆက်လိုက်သည်။
"ဟယ်လို... မမ၊ ဘာလို့ ရုတ်တရက်ကြီး ဖုန်းဆက်တာလဲ"
တန်ယွီသည် တန်ယန့်ထံမှ ဖုန်းလာသဖြင့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် -
"မမက H မြို့တော်မှာလေ၊ ဒီနေ့ညပဲ ML ကို သွားရမှာဆိုတော့ ဒါက ပုံမှန်အတိုင်း စစ်ဆေးတာပဲ ဖြစ်မှာပါ"
ဟု တွေးကာ စိတ်ဖြေလိုက်၏။
"တန်ယွီ... မမ မင်းကျောင်းရှေ့မှာ ရောက်နေတယ်၊ ခဏလောက် ထွက်လာခဲ့လို့ ရလား"
တန်ယန့်အသံမှာ အေးစက် တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိချေ။
"အင်း... ဟုတ်ကဲ့၊ ကျွန်တော် အခုပဲ ထွက်လာခဲ့ပါ့မယ်"
တန်ယွီ၏ ရင်ထဲတွင် မရိုးမရွနှင့် စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာပြီး ကျောင်းဂိတ် တံခါးဝဆီသို့ မရဲတရဲ လှမ်းလာခဲ့ရသည်။
ကားအတွင်းရှိ လေထုမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေ၏။
"ဒါဆို မင်းပြောချင်တာက အထက်တန်း ပညာရေးကို ဆက်မသင်ချင်တော့ဘဲ ဂိမ်းထုတ်လွှင့်သူပဲ လုပ်ချင်တယ်ပေါ့... ဟုတ်လား"
တန်ယွီသည် အစ်မဖြစ်သူကို စိုက်ကြည့်ကာ
"ဟုတ်ကဲ့"
ဟု တိုးတိုးလေး ဖြေလိုက်သည်။
"ဒါကို ဖေဖေနဲ့ မေမေရော သိလား"
"မသိကြသေးဘူး..."
"အဲ့ဒီတော့ တို့မိသားစုထဲက ဘယ်သူမှ မသိဘဲ မင်းဘာသာမင်း ဆုံးဖြတ်ချက် ချလိုက်တာပေါ့ ဒါကို ငါတို့နဲ့ လာတိုင်ပင်တာ မဟုတ်ဘူး၊ မင်းလုပ်မယ့် အကြောင်းကို လာအသိပေးတာပဲ"
ဟု တန်ယန်က ဖြစ်ရပ်မှန် တစ်ခုကို ပြောပြနေသကဲ့သို့ အေးစက်တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကျွန်တော်..."
တန်ယွီသည် ဘာပြန်ပြောရမှန်း မသိဘဲ ခေါင်းငုံ့သွားရှာ၏။
"တန်ယွီ... မင်းက ဂိမ်းထုတ်လွှင့်သူ လုပ်ရတာ တကယ်ပဲ မိုက်တယ်လို့ ထင်နေတာလား"
"ဟုတ်တယ်၊ ပြီးတော့ အဲ့ဒါက ပိုက်ဆံအများကြီး ရတယ်လေ ကျွန်တော့်ဘာသာ ကျွန်တော် ရပ်တည်နိုင်ပါတယ်"
"အို... ပိုက်ဆံအများကြီးရတယ် ဟုတ်လား"
စစ်ပွဲ၏ ဂုဏ်ကျက်အသရေ ဂိမ်းရဲ့ ပရော်ဖက်ရှင်နယ်လိဂ်က အစီအစဉ်ထဲမှာတောင် မရှိသေးသလို၊ ဒီဂိမ်းကို ကြိုက်တဲ့သူတွေ ရှိပေမဲ့ ပစ်ခတ်မှုဂိမ်းတွေလောက်တော့ လူမများသေးချေ။ ဘယ်အရာက တန်ယွီကို ဂိမ်းထုတ်လွှင့်သူလုပ်လျှင် ချမ်းသာမည်ဆိုသည့် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်ကို တန်ယန် တွေးတောနေမိသည်။
"အင်း ယွီယင်အပ်နဲ့ ပလက်ဖောင်းတွေမှာ အဲ့လိုလူတွေ အများကြီး ရှိတယ်လေ တစ်ညတည်းမှာတင် ဆုကြေးငွေ ယွမ်သန်းချီ ရတဲ့သူတွေတောင်ရှိတာ ကျွန်တော်ကတော့ အဲ့ဒီလောက်ကြီးအထိ မမျှော်လင့်ပါဘူး ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ဆိုရင် လစာပုံမှန်ရပြီး ကိုယ့်ထမင်းကိုယ် စားနိုင်မယ်လို့ ထင်ပါတယ်"
"ဒီလောကမှာ လူအများစုဟာ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တရတတ်ကြတယ် ဒါပေမဲ့ မင်းကတော့ မင်းရဲ့လမ်းကို မင်းဘာသာ ရွေးချယ်ခဲ့တာပဲ တကယ်လို့ ဒီလမ်းက မှားနေခဲ့ရင်တောင် တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးနော် ကဲ... သေသေချာချာ စဉ်းစားပြီးပြီလား"
တန်ယွီက အလေးအနက် ခေါင်းငြိမ့်ပြကာ -
"စဉ်းစားပြီးပါပြီ ကျွန်တော်ဂိမ်းကို ပိုဝါသနာပါတာ သေချာတယ် ဒါကြောင့် ဂိမ်းဆော့ရင်းနဲ့ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တယ်"
"အဖေတို့ အမေတို့ကို နားချပေးဖို့ ငါကူညီပေးနိုင်ပါတယ် ဒါပေမဲ့ တန်ယွီ... ပညာသင်ကြားခွင့်ဆိုတာ တစ်ခါပဲရတာ၊ ပြန်လုပ်လို့မရဘူး မင်း နာမည်ကြီးလာတဲ့အခါ မင်းရဲ့ပရိသတ်တွေက သူတို့အားကျရတဲ့ အိုင်ဒေါဟာ အလယ်တန်းအဆင့် ပညာအရည်အချင်းပဲ ရှိတယ်ဆိုတာကို သိသွားစေချင်လို့လား"
တန်ယွီ ခေါင်းခါလိုက်ပြီး -
"မသိစေချင်ပါဘူး ဒါပေမဲ့ ကျွန်တော် ပညာရေးကိုလည်း စီမံခန့်ခွဲနိုင်မှာပါ"
"ဒါဆိုရင် ဘာလို့ မင်းလုပ်နိုင်တဲ့ အရာတစ်ခုကို အစောကြီး စွန့်လွှတ်ချင်နေရတာလဲ"
တန်ယန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ တန်ယွီ မှင်တက်သွားရသည်။ အမှန်ပင်ဖြစ်၏။ သူစီမံခန့်ခွဲနိုင်သည့် အရာကို စွန့်လွှတ်ပြီး ဂိမ်းဆော့ဖို့ အချိန်ပိုရချင်ရုံ သက်သက်သာ ဖြစ်နေသည်။
တန်ယန် ဇဝေဇဝါ ဖြစ်နေသော မောင်ဖြစ်သူကို ကြည့်ကာ ဆက်လက်၍ -
"တန်ယွီ... နှစ်ပေါင်းများစွာ ပညာကို ခက်ခက်ခဲခဲ သင်ယူလာပြီး အခုလို အဆုံးသတ်ကာနီးမှ လက်လျှော့လိုက်ရတာ တကယ်ကို နှမြောစရာ ကောင်းတယ်နော် နောက်ပြီး တို့မိသားစုထဲမှာ မင်းက ပညာအရည်အချင်း အနိမ့်ဆုံးလူ ဖြစ်ချင်လို့လား အနာဂတ်မှာ မင်း ပိုက်ဆံတွေ အများကြီး ရှာနိုင်ရင်တောင်မှ တို့မိသားစုရဲ့ လက်ရှိ အခြေအနေအရ မင်း ပိုက်ဆံရှာနိုင်ခြင်း၊ မရှာနိုင်ခြင်း ဆိုတာက ဖေဖေ၊ မေမေနဲ့ ငါ့အတွက်တော့ အရေးမကြီးပါဘူး"
"မင်းရဲ့ အစ်မတစ်ယောက် အနေနဲ့ မင်းဝါသနာပါရာကို လုပ်တာကို အပြည့်အဝ ထောက်ခံပါတယ် ဒါပေမဲ့ မင်းရဲ့ အနာဂတ် အတွက်လည်း ထည့်စဉ်းစားပေးဖို့ လိုတယ်လေ ငါ့မောင်လေးကို ပညာမတတ်တဲ့သူ တစ်ယောက်တော့ အဖြစ်မခံနိုင်ဘူး"
"ကျွန်တော် နားလည်ပါပြီမမ စာကိုလည်း ကြိုးစားပါ့မယ်၊ နားတဲ့အချိန်ကျမှပဲ ဂိမ်းဆော့တော့မယ်"
"မင်းဘာသာမင်း သေသေချာချာ စဉ်းစားတတ်သွားရင် ပြီးတာပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ဘဝပဲလေ"
တန်ယန်က မောင်ဖြစ်သူ၏ ပုခုံးကို အသာအယာပုတ်ကာ အားပေးလိုက်သည်။
"ဟုတ်ကဲ့ပါ မမ အခု H မြို့တော်ကို ပြန်တော့မှာလား"
"အင်း... ဒီနေ့ည ၁၀ နာရီ လေယာဉ်နဲ့ ML နိုင်ငံကို သွားရမယ် လကုန်မှပဲ ပြန်ရောက်မှာ တစ်ခုခု လိုချင်တာရှိရင် လိုင်းကနေ လှမ်းပြောလိုက်နော်"
"ဟုတ်ကဲ့ လမ်းခရီးမှာ ဘေးကင်းပါစေမမ"
ကားပေါ်မှဆင်းကာ ကျောင်းထဲသို့ လျှောက်လှမ်းသွားပြီး ပုံရိပ်ကလေး ပျောက်ကွယ်သွားသည်အထိ ကြည့်နေရင်း တန်ယန်တစ်ယောက် စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေမိသည်။ အရာအားလုံးက အများကြီး ပြောင်းလဲသွားခဲ့ပြီဟု ထင်ရသော်လည်း ကံကောင်းစွာဖြင့် တန်ယွီက သူမ၏ အကြံပြုချက်ကို နားထောင်လိုစိတ် ရှိနေသေးသည်။
အခန်း (၁၅၂)
ခရစ္စမတ်ပါတီ ဖိတ်ကြားချက်
တန်ယန် ထိုညမှာပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ML နိုင်ငံဆီသို့ ပျံသန်းခဲ့လေသည်။
လေယာဉ်ပေါ်တွင် သူမ၏ ‘ဘုရင်များ၏ ဂုဏ်သတ္တိများ’ အကောင့်ကို ပြန်ဝင်ကြည့်သောအခါ တန်ယွီမှာ အမှန်ပင် အော့ဖ်လိုင်း ဖြစ်နေသည်။ သူမသည် ဟီးရိုးအသစ် တစ်ကောင်နှင့် ခရစ္စမတ် စကင်အသစ်ကို ဝယ်ယူလိုက်ပြီး အဆင့်သတ်မှတ်ပွဲတစ်ပွဲ စတင် ဆော့ကစားခဲ့သည်။ သူမသည် နိုင်ပွဲ ၄ ပွဲ၊ ၅ ပွဲ ဆက်တိုက် ရရှိပြီးနောက် အိပ်ငိုက်လာသဖြင့် ဖုန်းပိတ်ကာ အိပ်စက်လိုက်တော့၏။ လေယာဉ် ဆင်းသက်သည်အထိ သူမ အိပ်ပျော်သွားခဲ့ပြီး လေဆိပ်သို့ ရောက်သောအခါ သမ်းဝေရင်း ရက်ဒ်ဝင်း လာကြိုသည်ကို စောင့်ကာ နှင်းဆီဥယျာဉ် ရဲတိုက်ကြီးဆီသို့ ပြန်ရန် ပြင်ဆင်တော့သည်။
မကြာမီ ရက်ဒ်ဝင်း ရောက်ရှိလာ၏။
"သခင်မလေး... နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် လမ်းမှာ မတော်တဆမှုလေးတစ်ခု ကြုံခဲ့ရလို့ပါ"
"ဘာဖြစ်လို့လဲ"
"သခင်မလေး... အရင်ဆုံး ကားပေါ်တက်ပါဦး၊ လမ်းမှာ ကျွန်တော် အကျိုးအကြောင်း ပြောပြပါ့မယ်"
တန်ယန် ခေါင်းငြိမ့်ပြလိုက်ပြီး အပြင်သို့ ထွက်လာချိန်မှာ နှင်းများကျနေသည်ကို သတိထားမိသည်။ ရက်ဒ်ဝင်း မောင်းလာသော ရိုးရွိုက်စ်ကားဆီသို့ လျှောက်သွားစဉ် သက်တော်စောင့် ဇီးရိုးက သူမ နှင်းမစိုစေရန် တံခါးကို ဂရုတစိုက် ဖွင့်ပေးလေသည်။ တန်ယန်ကပြုံး၍ ကျေးဇူးတင်စကား ဆိုလိုက်ရင်း ကားထဲသို့ ဝင်လိုက်၏။
ရက်ဒ်ဝင်းက တန်ယန့်ဘေးတွင် ထိုင်ကာ ဇီးရိုးက ရှေ့ခန်းတွင် ထိုင်လိုက်ပြီး ကျန်ရှိသော သူများမှာ နောက်ကားများဖြင့် လိုက်ပါလာကြသည်။
"ရက်ဒ်ဝင်း... ခုနက ဘာဖြစ်ခဲ့တာလဲ"
"သခင်မလေး... ကျွန်တော် ဒီကိုလာတဲ့လမ်းမှာ တရုတ်အမျိုးသမီးတစ်ယောက် ကားရှေ့မှာတင် မေ့လဲသွားလို့ သူက ကိုယ်ဝန်ဆောင် ဖြစ်နေတာကို တွေ့လိုက်ရလို့ အိုဒါကို ဆေးရုံလိုက်ပို့ ခိုင်းလိုက်ရတာနဲ့ နည်းနည်း နောက်ကျသွားတာပါ"
"အဲ့ဒီအမျိုးသမီးရော အဆင်ပြေရဲ့လား"
"အိုဒါ ခုနကပဲ ဖုန်းဆက်ပြီး အခြေအနေကို ပြောပြတယ် အဲ့ဒီအမျိုးသမီး အန္တရာယ် ကင်းသွားပါပြီ၊ ဒါပေမဲ့ ခဏလောက်တော့ အနားယူဖို့ လိုမယ်လို့ ဆိုတယ်"
တန်ယန် နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
နှင်းဆီဥယျာဉ်သို့ ပြန်ရောက်သောအခါ အခန်းထဲတွင် ရေချိုးသန့်စင်ပြီးမှ ညစာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။ ခရစ္စမတ်ပွဲတော် နီးကပ်နေပြီဖြစ်ရာ ရဲတိုက်ကြီး အတွင်း၌ ခရစ္စမတ် အလှဆင် ပစ္စည်းများဖြင့် နေရာအနှံ့ ပြင်ဆင်ထားသဖြင့် ပျော်ရွှင်စရာ ကောင်းနေသည်။
တန်ယန် ရောက်ရှိနေကြောင်း သိသည်နှင့် ကာရင်းနှင့် အယ်လီဆာတို့သည် လက်ဆောင်များစွာဖြင့် ချက်ချင်းပင် ရောက်ရှိလာကြသည်။
အယ်လီဆာ: "အား ယာနာရေ... နင့်ကို သတိရနေတာ လာပါဦး၊ ဖက်ပါရစေဦး"
သူမ စကားမဆုံးမီမှာပင် ရှေ့သို့တိုးလာပြီး တန်ယန့်ကို ဝက်ဝံဖက်သကဲ့သို့ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
ကာရင်း: "ငါလည်း ဖက်ဦးမယ် ငါလည်း ဖက်ဦးမယ်"
တန်ယန် : "နင်တို့အားလုံးက ဒီလောက်တောင် နွေးနွေးထွေးထွေး ကြိုဆိုကြတာပဲ၊ ငါတောင် နည်းနည်းရှက်လာပြီ အားလုံးအတူတူ တစ်ခုခု စားကြမလား"
အယ်လီဆာ : "ဒါပေါ့ အရမ်းကောင်းတာပေါ့"
ကာရင်း : "အတော်ပဲ၊ ငါလည်း အခုထိ မနက်စာ မစားရသေးဘူး"
စားသောက်ပြီးနောက် သူတို့သည် မီးလင်းဖိုဘေးတွင် ရွှေ့ထိုင်လိုက်ကြသည်။ တန်ယန်က ရက်ဒ်ဝင်းကို ကန်စွန်းဥ အသေးလေးအချို့ ယူလာခိုင်းပြီး ခဲပတ်ဖြင့်ပတ်ကာ မီးလင်းဖိုထဲသို့ထည့်၍ ဖုတ်လိုက်၏။
အယ်လီဆာ : "ယာနာ... ဒါက တကယ် စားလို့ကောင်းလို့လား"
တန်ယန် : "C နိုင်ငံက လူတွေရဲ့ အစားအသောက်ကိုတော့ နင် သံသယမဖြစ်နဲ့"
ကာရင်း : "ဒါပေမဲ့ ငါတွေ့ဖူးတဲ့ တရုတ်နိုင်ငံကလူတွေ၊ အတူတူ အလုပ်လုပ်ဖူးတဲ့ တရုတ် မော်ဒယ်လ်တွေ စားတာက ငါတို့စားတာနဲ့ သိပ်မထူးခြားပါဘူး"
တန်ယန် : "အခွင့်အရေးရရင် နင်တို့ ငါ့နိုင်ငံကို အလည်လာသင့်တယ် ပြန်မလာချင်ဘဲ ဖြစ်သွားမှာတောင် ငါစိုးရိမ်တယ်"
အယ်လီဆာ : "ကြားရတာ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ ဒီတစ်ခါ နင်နဲ့အတူ လိုက်လည်ရမလား"
ကာရင်း : "အို... ဘုရားသခင် အယ်လီဆာ၊ နင်ဘာတွေ စိတ်ကူးယဉ်နေတာလဲ ဟာဗင်ဒါက ခွင့်ပြုမှာ မဟုတ်ဘူး"
အယ်လီဆာက မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် -
"ငါ့ယောက်ျားက ငါ့ကို အမြဲတမ်း တတွဲတွဲ လုပ်နေတာ ဘယ်လိုလုပ်ရမလဲ"
တန်ယန်က သာယာစွာ ပြုံးလိုက်ပြီး -
"အားလုံးပဲ အတူတူ လာခဲ့ကြပါလား"
အယ်လီဆာ : "ယာနာ... အဲ့ဒါအကြံကောင်းပဲ ဒါပေမဲ့ ဟာဗင်ဒါက အခုတလော အရမ်း အလုပ်များနေတာ ငါကတော့ နင်ပြောတဲ့ အရသာရှိတဲ့ အစားအစာတွေကို စမ်းစားကြည့်ဖို့ C နိုင်ငံကို အမြန်သွားချင်နေပြီ ဘဲကင်လား၊ တို့ဖူးလား ပြီးတော့ ဟော့ပေါ့ရောပဲ"
တန်ယန် : "ကြိုဆိုလျက်ပါ ငါကိုယ်တိုင် ဧည့်လမ်းညွှန် လုပ်ပေးပါ့မယ်"
အယ်လီဆာ : "အရမ်းကောင်းတာပဲ"
ကာရင်း : "ဒါနဲ့ယာနာ... နင် LM ကုမ္ပဏီက အဆင့်မြင့် အရာရှိ တစ်ယောက်ယောက်ကို သိလား"
တန်ယန် : "တစ်ယောက်တော့ သိတယ်"
ကာရင်း : "နောက်ရာသီမှာ သူတို့က YS ကို ပရိုမိုးရှင်း လုပ်မှာလား၊ PS ကို လုပ်မှာလားဆိုတာ ငါ့အတွက် စုံစမ်းပေးလို့ ရမလား အဲ့ဒီဘရန်း နှစ်ခုလုံးကို ငါတို့မဂ္ဂဇင်းရော၊ ရှယ်ရီမဂ္ဂဇင်းရောက လိုချင်နေတာ ဒါပေမဲ့ တစ်ခုပဲ ရွေးလို့ရမှာဆိုတော့ ငါနည်းနည်း ဇဝေဇဝါ ဖြစ်နေလို့"
တန်ယန် : "ဒါက အရမ်းလွယ်ပါတယ် ခဏနေရင် ငါဖုန်းဆက်ပြီး မေးပေးမယ်လေ"
တန်ယန်သည် ပီယာ့စ်၏ အတွင်းရေးမှူးဖြစ်သူ မီရှဲလ်၏ ဖုန်းနံပါတ်ကို ရှာလိုက်သည်။ မီရှဲလ်သည် ကုန်ပစ္စည်း အသစ်များ ပို့ဆောင်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ တန်ယန်နှင့် အမြဲတစေ ဆက်သွယ်နေရသူ ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်သည်။
"ဟိုင်း... မီရှဲလ်၊ မင်္ဂလာ နံနက်ခင်းပါ အနှောင့်အယှက်များ ဖြစ်သွားလား မသိဘူး"
"မင်္ဂလာနံနက်ခင်းပါ အစ်မတန် ဘာများ ကူညီပေးရမလဲရှင်"
မီရှဲလ်သည် တန်ယန့်ထံမှ ဖုန်းလက်ခံ ရရှိသဖြင့် အံ့သြသွားရသည်။ အကြောင်းမှာ ဤရှယ်ယာရှင်ကြီးသည် သူမထံသို့ ကိုယ်တိုင်ကိုယ်ကျ အစပျိုးကာ ဖုန်းဆက်ခဲလှသောကြောင့် ဖြစ်၏။
"နောက်ရာသီမှာ LM က PS နဲ့ YS ထဲက ဘယ်ဘရန်းကို အဓိကထားပြီး မြှင့်တင်သွားမလဲဆိုတာ သိချင်လို့ပါ"
"YS ပါ အစ်မတန် နောက်နှစ် တစ်နှစ်လုံးကို YS အတွက် ပရိုမိုးရှင်း အစီအစဉ်တွေနဲ့ပဲ သတ်မှတ်ထားပါတယ် PS ကတော့ လူသိများပြီးသား အမှတ်တံဆိပ် အသိအမှတ်ပြုမှု အတော်လေး ရနေပြီမလို့ပါ"
"အိုကေ... ကျေးဇူးပဲမီရှဲလ် အားတဲ့အခါ ညစာလိုက်ကျွေးပါ့မယ် ဘိုင့်ဘိုင်"
ဖုန်းချပြီးနောက် တန်ယန်က ကာရင်းကို အဖြေပြောပြလိုက်ရာ ရှေ့နှစ်တွင် YS ကသာ နေရာအနှံ့ လွှမ်းမိုးထားတော့မည်မှာ သေချာသွားတော့သည်။
ကာရင်း : "တကယ်ကို ကျေးဇူးတင်ပါတယ် ယာနာရေ ငါနင့်ကို အားမနာတော့ဘူးနော် တစ်ခုခု လိုအပ်ရင်လည်း ငါ့ကိုသာ အသိပေးလိုက် အခုတော့ ငါ ဖုန်းတစ်ချက်လောက် အမြန် သွားဆက်လိုက်ဦးမယ်"
ကာရင်းတစ်ယောက် အပြင်သို့ အပြေးအလွှား ဖုန်းထွက်ဆက်သည်ကို ကြည့်ရင်း အယ်လီဆာက သူမ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ကာ -
"တွေ့လား... ဒါဟာ အလုပ်ကိုပဲ ဦးစားပေးတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပုံစံပဲ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် သောက်နေရင်းတောင် အလုပ်ကိစ္စနဲ့ အမြဲအလုပ်ရှုပ်နေတာ"
တန်ယန် : "အဲ့ဒီလိုပုံစံက ဆွဲဆောင်မှုရှိတယ်လို့ ငါထင်တယ် ဒါပေမဲ့ ရွေးချယ်ခွင့်ရှိမယ် ဆိုရင်တော့ ငါကတော့ အပန်းဖြေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အချိန်ပေးမှာပဲ"
အယ်လီဆာ : "ဒါဆိုရင်တော့ ငါတို့က တကယ်ကို လိုက်ဖက်တဲ့ အဖော်တွေပဲပေါ့"
မီးလင်းဖိုအတွင်းမှ ထင်းစများ တဖြောက်ဖြောက် မြည်နေစဉ် အပြင်ဘက်တွင်မူ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေပြီး နှင်းပွင့်များမှာ မှန်တံခါးကို လာရောက် ရိုက်ခတ်နေကြသည်။ ထိုနှင်းပွင့်များမှာ ခဏအတွင်း အရည်ပျော်ကာ ရေစက်များအဖြစ်မှ တစ်ဆင့် ရေခဲပွင့်ကလေးများ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကြ၏။
တန်ယန် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ကန်စွန်းဥများ ကျက်လောက်ပြီ ဖြစ်သဖြင့် သက်တော်စောင့် တစ်ယောက်ကို ထုတ်ခိုင်းလိုက်သည်။ အနည်းငယ် အအေးခံပြီးနောက်တွင် အခွံနွှာရန် ပြင်လိုက်၏။
ကာရင်း ဖုန်းဆက်ပြီး ပြန်ဝင်လာသောအခါ အယ်လီဆာတစ်ယောက် ပါးစပ်အပြည့် ထည့်စားနေသည်ကို မြင်လိုက်ရသည်။ သူမသည် စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်လာပြီး -
"ဘာတွေစားနေတာလဲ"
ဟု မေးလိုက်၏။
အယ်လီဆာ : "ကာရင်း... နင်ဒါကို စမ်းစားကြည့်ရမယ်၊ တကယ်အရသာရှိတာ ကြည့်စမ်း... ဒီမှာ အချိုရည်လေးတွေတောင် ထွက်နေတယ်၊ မြည်းကြည့်စမ်းပါ"
ကာရင်းသည် ကန်စွန်းဥ အသေးလေး တစ်လုံးကို အခွံနွှာလိုက်ရာ သင်းပျံ့လှသော အနံ့လေးက ဝေ့ကနဲ ထွက်လာသည်။ သူမ အနည်းငယ် မြည်းကြည့်လိုက်ရာ မျက်လုံးများပင် ဝင်းခနဲ ဖြစ်သွားတော့၏။ တကယ်ကို အရသာ ရှိလှသည်။
တန်ယန်သည် လမ်းဘေးတွင် အလွယ်တကူ တွေ့နိုင်သော ကန်စွန်းဥဖုတ်လေးများက သူတို့နှစ်ဦးကို ဤမျှအထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့က နေ့တိုင်း နှစ်လုံးစီလောက် ဖုတ်စားချင်သည်ဟုဆိုကာ အတင်းပင် အိမ်သို့ ယူဆောင်သွားကြသည်။ သူမ၏ ဟင်းလင်းပြင် သိုလှောင်ခန်းထဲတွင် ကန်စွန်းဥများစွာ ရှိနေသောကြောင့် အတော်ပင် ဖြစ်သွား၏။ သူမသည် ရက်ဒ်ဝင်းကိုပင် အကူအညီ မတောင်းဘဲ သူမဘာသာ ကန်စွန်းဥများကို ထုပ်ပိုးကာ ကားပေါ်သို့ တင်ပေးလိုက်ရသည်။ မဟုတ်လျှင်တော့ သူမ၏ လျှို့ဝှက်ချက်ကို မိသွားနိုင်သည်။
မပြန်မီတွင် အယ်လီဆာက တန်ယန်နှင့် သူမ၏အဖွဲ့ကို သူမ၏ ခရစ္စမတ်ကပွဲသို့ ဖိတ်ကြားခဲ့ရာ တန်ယန်တို့ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့တွင် တန်ယန်၏ ဒုတိယမြောက် "အိပ်မက်ကို အကောင်အထည်ဖော်ခြင်း" ဖျော်ဖြေပွဲကို တော်ဝင်ဖျော်ဖြေရေး ခန်းမ၌ ကျင်းပခဲ့သည်။ ဤဖျော်ဖြေပွဲတွင် သူမသည် ယွီချန်းနျန်၏အိမ်၌ ရေးစပ်ခဲ့သော "ဘဝသစ်" အမည်ရ တေးသွားအသစ်နှင့်အတူ "ဖန်သားဂြိုဟ်" ကဲ့သို့သော လက်ရာများကို တီးခတ်ပြခဲ့ရာ ပရိသတ်များကို အသံပါဝါဖြင့် အံ့အားသင့်သွားစေခဲ့သည်။
ML နိုင်ငံ၏ သြဇာအရှိဆုံး သတင်းစာက သူမကို ဤသို့ ဖော်ပြခဲ့သည် -
"သူမသည် ကမ္ဘာကြီး၏ ရတနာတစ်ပါးဖြစ်ပြီး ကြီးကျယ်ခမ်းနားသော အံ့ဖွယ်တစ်ခုလည်း ဖြစ်သည်"
တန်ယန်သည် ဖျော်ဖြေပွဲနှစ်ခုစလုံးမှ ရရှိသော အကျိုးအမြတ်များကို Weibo ပေါ်တွင် တင်ပြလိုက်ရာ အင်တာနက် အသုံးပြုသူ များစွာ၏ ချီးကျူးမှုကို ရရှိခဲ့သည်။
【ဒီလိုမျိုး အပြုသဘောဆောင်တဲ့ စံပြပုဂ္ဂိုလ်တွေသာ များများရှိမယ်ဆိုရင် တောင်ပေါ်ဒေသက ကလေးတွေ ကျောင်းမတက်နိုင်မှာကို စိုးရိမ်စရာ လိုပါဦးမလား】
【အပေါ်ကလူ လျှောက်မပြောနဲ့၊ တန်ယန်က ဖျော်ဖြေရေး လောကက ဆယ်လီတစ်ယောက် မဟုတ်ဘူး】
【သတင်းစာကတောင် သူမကို ခေတ်သစ်ရတနာနဲ့ အံ့ဖွယ်တစ်ပါးလို့ ချီးကျူးထားတာ၊ ဘာလို့ ဆယ်လီတွေနဲ့ သွားနှိုင်းယှဉ်နေရတာလဲ ကျွန်မအမြင် အရတော့ ဒါဟာ သူမကို စော်ကားတာပဲ】
【သူမရဲ့ဂုဏ်ဒြပ်က နတ်ဘုရားမ တစ်ပါးလို တည်ရှိနေပြီ သူမကို ပုတ်ခတ်ချင်တဲ့သူ ရှိရင်တောင် ဘယ်သူက ယုံမှာမလို့လဲ】
【မှင်တက်သွားတာပဲ ဘယ်တုန်းကစပြီး "ဆယ်လီ" ဆိုတဲ့ စကားလုံးက နှိမ်တဲ့စကားလုံး ဖြစ်သွားတာလဲ လမ်းသွားလမ်းလာ တစ်ယောက်အနေနဲ့ ဒီမှတ်ချက်တွေကို ကြည့်ပြီးတော့တောင် စိတ်ပျက်မိသွားတယ်】