← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃)

ယီယွိ ဖျော်ဖြေရေး လုပ်ငန်း၏ ပံ့ပိုးကူညီမှု

【တန်ယန် တကယ်တော်တာ မှန်ပေမဲ့ သူ့ပရိသတ်တွေကတော့ ဒီလောက်အထိ ဘဝင်မြင့်စရာ မလိုပါဘူး တကယ်တော့ သူကိုယ်တိုင်က ဘယ်သူ့ကိုမှ အထင်မသေးဘူးလို့ ပြောမထားဘူး၊ အခုလို ပရိသတ်တွေရဲ့ အပြုအမူတွေက သူ့ရဲ့ပုံရိပ်ကို တကယ်ပဲ ထိခိုက်စေတယ်】

【ပရိသတ်တွေက ဘယ်အနုပညာရှင်ကိုမှ အထင်မသေးတတ်ကြပါဘူး၊ လူနည်းစုကလွဲရင်ပေါ့ တမင်တကာ တိုက်ခိုက်နေတဲ့ သူတွေကို ပရိသတ်လို့ ခေါင်းစဉ်မတပ်နဲ့၊ ကျေးဇူးတင်ပါတယ်】

【ကျွန်မတို့ရဲ့တန်တန်က လှလည်းလှ၊ စိတ်ထားလည်း ကောင်းသလို ခပ်အေးအေးပဲ နေတတ်တာကို ဘာလို့ တိုက်ခိုက်တဲ့သူတွေ ရှိနေသေးတာလဲ မယုံနိုင်စရာပဲနော် (ပုံ)】

တန်ယန်၏ နာမည်ကျော်ကြားမှုက အတော်လေးကို ကြီးမားနေပြီး သူ့ကို အမှီပြုကာ နာမည်ယူချင်သူများအတွက် အကျိုးအမြတ်ကတော့ အသိသာကြီးပင်။ လူအများစုက သူ့ကို ချီးကျူးနေကြသော်လည်း လူအများနှင့် ဆန့်ကျင်ဘက်လုပ်ပြီး အာရုံစိုက်ခံချင်သူ အနည်းငယ်တော့ အမြဲ ရှိနေတတ်သည်၊ အကြောင်းမှာ အငြင်းပွားမှုများက လူကြည့်များစေ၍ပင် ဖြစ်၏။

အန်တန်နာ ဖျော်ဖြေရေး v - ဂီတလောကက ဖျော်ဖြေရေး လောကထက် ပိုသာသလား တန်ယန်ရဲ့ ပရိသတ်တွေက ဖျော်ဖြေရေး လောကက ကြယ်ပွင့်တွေကို အထင်သေးနေကြတယ်၊ တန်ယန်ကိုယ်တိုင်ကရော ဘယ်လိုထင်ပါသလဲ။ 【ပုံများ】

တန်ယန်ဆိုတာ ဘယ်သူလဲ။

【ဘယ်လို အနုပညာရှင်မလို့လဲ သူတို့က ကြယ်ပွင့်ဖြစ်နေရင်ရော ဘာဖြစ်လဲ ငါတို့ကတော့ အနုပညာရှင်တွေနောက်ပဲ လိုက်ချင်တာ】

【တန်ယန်အကြောင်း သိချင်ရင် ဒီမှာဝင်ကြည့်လိုက် (လင့်ခ်) ကျေးဇူးတင်စရာ မလိုဘူး မသိတာက မင်းအပြစ် မဟုတ်ပေမဲ့ မင်းရဲ့ အိုင်ဒေါကိုတော့ ဒုက္ခမပေးသင့်ဘူးလေ】

【တန်ယန်က တော်တာကို ကျွန်တော် တကယ်လေးစားပါတယ်၊ ဒါပေမဲ့ တခြားအနုပညာရှင်တွေကို အထင်သေးတာကတော့ နည်းနည်းလွန်သွားပြီ... ဒါက သူ့ပုံရိပ်ကို ထိခိုက်စေတယ်】

......

ရှောင်မုန်လန် ဆိုတာကတော့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မှုကြောင့် ဖျော်ဖြေရေး လောကထဲကို ရောက်လာတဲ့ တတိယတန်းစား မင်းသမီးတစ်ယောက်ဖြစ်ပြီး အမျိုးသားပရိသတ် အတော်များများကတော့ သူ့ကို ဆက်စီကျတဲ့ နတ်ဘုရားမ တစ်ပါးအဖြစ် သတ်မှတ်ထားကြသည်။ ဒါပေမဲ့ သူက ဒေါသကြီးတဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့ အဖွဲ့သားတွေက သူ့အတွက် "ပွင့်လင်းရိုးသားတဲ့ အမျိုးသမီး" ဆိုသည့် ပုံစံမျိုး ဖန်တီးပေးထားပြီး ထိုပုံစံကပဲ အမျိုးသားပရိသတ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂီတလောကနှင့် ဖျော်ဖြေရေးလောက မည်သည့်လောကက ပို၍ ဂုဏ်သိက္ခာ ရှိသလဲဆိုသည့် အကြောင်းအရာကို မြင်ပြီးနောက်မှာတော့ သူက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ့အဖွဲ့သားတွေကို ဘာမှမတိုင်ပင်တော့ဘဲ Weibo ပေါ်တွင် ပို့စ်တစ်ခု တင်လိုက်ပါတော့သည်။

ရှောင်မုန်လန် v - တူညီတဲ့ မိုးကောင်းကင်အောက်မှာ၊ တူညီတဲ့ လေထုကိုပဲ ရှူရှိုက်နေကြတာပဲ ချမ်းသာတာ ဆင်းရဲတာနဲ့ မဆိုင်ပါဘူး။ (ဆဲလ်ဖီပုံ)

【မမကတော့ တကယ်ကို လှရက်နိုင်လွန်းတယ် မမရဲ့ အသုံးအဆောင် ပစ္စည်းလေးပဲ ဖြစ်ချင်တော့တာပဲ】

【အလှလေးက ဆဲလ်ဖီတင်လိုက်ပြီဟေ့ လာကြည့်ကြဦး】

【အရမ်းလှတာပဲမမ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦးနော်】

ဒါက တန်ယန်ကို လှောင်ပြောင်ပြီး စောင်းမြောင်း ပြောဆိုလိုက်တာလား။

【ပွင့်လင်းရိုးသားတဲ့ နတ်ဘုရားမ ပီသပါပေတယ် (လက်မထောင်ပြသည့်ပုံ)】

【လူထူးလူဆန်းတွေ အကုန်ထွက်လာပြီး ရွဲ့တဲ့တဲ့စကားတွေ လာပြောနေကြတာပဲ၊ ကိုယ့်ကိုယ်ကိုယ် လှည့်စားဖို့အတွက် ပုံရိပ်ကောင်းတွေ ဖန်တီးနေကြတာလား၊ အပျော်မယား ဖြစ်ခဲ့တဲ့ သမိုင်းဆိုးတွေကို မေ့သွားကြပြီလား ရယ်ချင်စရာကြီးပါပဲ】

【အပေါ်ကလူက အသိဉာဏ်မရှိတဲ့ တန်ယန့်ပရိသတ်လား မင်းတို့အိုင်ဒေါရဲ့ Weibo အောက်မှာပဲ သွားပြီး ရူးကြောင်ကြောင် စကားတွေ ပြောစမ်းပါ၊ ငါတို့ နတ်ဘုရားမရှောင်ဆီမှာ လာပြီး အာရုံစိုက်ခံဖို့ ကြိုးစားမနေနဲ့】

【အဝတ်အစား အဟိုက်တွေဝတ်ပြီး လုပ်စားနေရတဲ့ လုပ်ငန်းလား လိမ်ညာ လှည့်ဖြားမှုတွေနဲ့ ဖန်တီးထားတဲ့ "နတ်ဘုရားမ" လား】

【အထက်တန်း ပညာလောက်ပဲ ရှိတဲ့သူက တခြားသူကို လှောင်ပြောင်ဖို့ ဘယ်လိုများ သတ္တိရှိနေတာလဲဆိုတာ တကယ်ကို နားမလည်နိုင်တော့ပါဘူး ငါက ဘယ်သူ့ပရိသတ်မှ မဟုတ်ဘူး၊ ဒီအတိုင်း ဖြတ်သွားဖြတ်လာ ကြည့်ရင်းနဲ့ မနေနိုင်လို့ ဝင်ပြောလိုက်တာ】

【မကြည့်ရက်နိုင်ရင်လည်း ထွက်သွားလေ ဒီလို ဖြတ်သွားဖြတ်လာ ပရိသတ်ဆိုတဲ့ သူတွေက ဘယ်ကနေ ဒီလောက်တောင် ရောက်လာကြတာလဲ မသိပါဘူး ဒီ "တန်ယန့်ပရိသတ်" တွေက ကိုယ့်ကိုယ်ကိုယ်တောင် ပရိသတ်လို့ ဝန်မခံရဲဘဲ တခြားသူရဲ့ Weibo အောက်မှာ လိုက်ပြီး အာရုံစိုက်ခံဖို့ ကြိုးစားနေကြတာလား】

【အမျိုးတူရာ စုကြတာပဲလေ အသုံးမကျတဲ့ ဆုတစ်ခုလောက် ရထားတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အထက်တန်းကျလှပြီ ထင်နေကြတာလား ရယ်ရလွန်းတယ် အဲဒါက ဘယ်လိုမျိုး အရှုပ်အထွေးတွေနဲ့ ရထားတဲ့ ဆုလဲဆိုတာ သိချင်မိပါရဲ့၊ ဝယ်ထားတာများလား】

【တန်ယန်က ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတာဆိုတဲ့ သတင်းစာမျက်နှာတွေကို အများကြီး မြင်ဖူးပါတယ်၊ ဒါက ဖျော်ဖြေရေး လောကမှာ ပိုက်ဆံရှာဖို့အတွက် ပုံရိပ် ဖန်တီးနေတာများလား၊ မင်းတို့နဲ့ အကိုက်ညီဆုံး စကားပုံတစ်ခုကို သွားသတိရမိတယ် - ‘ကိတ်မုန့်ကို စားလည်းစားချင်၊ သိမ်းလည်းထားချင်’ ဆိုတာမျိုးပေါ့】

...

မကြာမီမှာပင် #ရှောင်မုန်လန်_တန်ယန့်ကို_သွယ်ဝိုက်၍ ဝေဖန်ခြင်းဆိုသည့် Hashtag သည် ဆိုရှယ်မီဒီယာပေါ်တွင် ရေပန်းစားလာပါတော့သည်။ ရှောင်မုန်လန် ကိုယ်တိုင်ကတော့ ဆိုဖာပေါ်တွင် လဲလျောင်းရင်း အသစ်ပြင်ထားသော လက်သည်းအလှကို ကြည့်ရှုနေသည်။ သူမသည် သူမထက်လှသည့် မိန်းကလေးများကို အမြဲတမ်း မနာလို ဖြစ်တတ်သော်လည်း လူအကဲခတ်ရမည့် နေရာတွင်မူ အတော်လေး ကျွမ်းကျင်သူ ဖြစ်၏၊ ဤအရည်အချင်းသည်ပင် သူမကို ဖျော်ဖြေရေး လောကထဲတွင် အောင်မြင်အောင် ပံ့ပိုးပေးထားသည့် အခြေခံ လက်နက်တစ်ခု ဖြစ်သည်။

တန်ယန်သည် ဖျော်ဖြေရေးလောက ပြင်ပက လူတစ်ယောက် ဖြစ်သောကြောင့် သူမအနေဖြင့် ဝေဖန်တိုက်ခိုက်ရန် လွယ်ကူသည်။ ပရိသတ်တွေ ဘယ်လောက်ပဲများများ တန်ယန်က လောကဓံ မုန်တိုင်းများကို ကြုံဖူးသူ မဟုတ်သလို သူမ၏ ပရိသတ်များသည်လည်း အရေးမပါသူများသာ ဖြစ်သည်ဟု သူမထင်မှတ်နေသည်။ သူမ၏ ပရိသတ်များကမူ ထိပ်တန်းအနုပညာရှင် ဖြစ်လာစေရန် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသည့် ဝါရင့်တိုက်ခိုက်ရေး သမားများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း မှတ်ချက်ကဏ္ဍတွင် သူမ၏ ပရိသတ်များက အသာစီးရနေသည်။

သို့သော် သူမ၏ ဂုဏ်ယူဝင့်ကြွားမှုက ကြာရှည်မခံလိုက်ပါချေ။ မန်နေဂျာ ဖြစ်သူထံမှ ဖုန်းလာပြီး ဆဲဆို ကြိမ်းမောင်းခြင်းကို ခံလိုက်ရ၏။

"ရှောင်မုန်လန် မင်းရူးနေတာလား တန်ယန့်ကို ဘာလို့ သွားပုပ်လေလွင့် လုပ်ရတာလဲ၊ ဟမ် မင်းကိုယ်မင်း 'ပွင့်လင်းရိုးသားတယ်' ဆိုတဲ့ပုံရိပ် ဖန်တီးထားတာက ဖျော်ဖြေရေး လောကရဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင် ဖြစ်နေပြီလို့ ထင်နေတာလား မင်းထက်အဆင့်နိမ့်တဲ့ အနုပညာရှင်တွေကို တိုက်ခိုက်တာက တစ်မျိုးပေါ့၊ အခုဟာက အနုပညာလောက ပြင်ပက ဂီတပညာရှင်တစ်ယောက်၊ ပြီးတော့ ဂီတအသင်းချုပ်ရဲ့ အရေးပါတဲ့ လူတစ်ယောက်ကို သွားပြီး တိုက်ခိုက်နေတာလေ မင်း နာမည်ပျက်ပြီး ပျောက်ကွယ်သွားမှာကို မကြောက်ဘူးလား"

ဆွန်ချန်းသည် သူ့အနုပညာရှင်၏ လုပ်ရပ်ကြောင့် အမှန်တကယ်ကို ဒေါသထွက်နေသည်။ တန်ယန်၏ C နိုင်ငံအတွင်းက လူမှုရေး အဆင့်အတန်းကို မဆိုထားနှင့်၊ နိုင်ငံတကာ ရှိုပင်ရွှေတံဆိပ်ဆုနှင့် အထူးဆုတွေကို ရယူပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့ခြင်းကပင် သူမကို နိုင်ငံတော်အတွက် အရေးပါသည့် လူချွန်လူကောင်းတစ်ယောက် ဖြစ်စေသည်။ သူမ၏ မိသားစုနောက်ခံ အင်အားကြီးမားမှုကိုတော့ ထည့်မပြောလိုတော့ချေ။

သူမ၏ မိသားစုအကြောင်းကို အတိအကျ ထုတ်ဖော်မထားသော်လည်း သူမဝတ်ဆင်သည့် ကန့်သတ်ထုတ်ဖြစ်သော တန်ဖိုးကြီး ဝတ်စုံများနှင့် ရရှိနိုင်သည့် အချက်အလက်များအရ သူမသည် C နိုင်ငံ၏ ထိပ်တန်းသူဌေးကြီး မိသားစုဝင်တစ်ဦး ဖြစ်သည်မှာ အသေအချာပင်။ အကယ်၍ သူမသာ သာမန်မိသားစုကဆိုလျှင် သတင်းထောက်များ၏ စွမ်းဆောင်ရည်နှင့် ဆိုပါက သူမ၏ အကြောင်းအရာများမှာ လူသိရှင်ကြား ပေါ်ထွက်နေပြီးသား ဖြစ်ပေလိမ့်မည်။

"သူက သာမန် ပီယာနိုတီးသူလေးပဲ မဟုတ်ဘူးလား ပြီးတော့ ကျွန်မက ဘာမှလည်း မပြောရသေးဘူး၊ ပရိသတ်တွေကပဲ လျှောက်တွေးနေကြတာပါ"

ရှောင်မုန်လန်ကတော့ ဘာကိုမှ ဂရုမစိုက်သလိုပင်။ သူမ၏အမြင်တွင် တန်ယန်သည် ယွီရှင်းနှင့် ပတ်သက်မှုကြောင့် နာမည်ကြီးလာပြီး နိုင်ငံတကာ ဆုတစ်ခု ရထားရုံမှလွဲ၍ ဘာမှ ထူးခြားမှုမရှိဟု တွေးထင်နေသည်။

"သာမန် ပီယာနိုတီးသူလေး ဟုတ်လား၊ အဲဒါဆို မင်းကိုယ်တိုင် နိုင်ငံတကာ ရှိုပင်ဆုကို ရအောင် ယူပြလိုက်လေ ဘာမှမသိဘဲ လျှောက်မပြောနဲ့ အဲဒီပို့စ်ကို အခုချက်ချင်း ဖျက်လိုက်စမ်း"

ဆွန်ချန်းသည် သူမကို ထပ်ပြီး ရှင်းပြမနေတော့ဘဲ ပို့စ်သာ ဖျက်ခိုင်းလိုက်ပါတော့သည်။

"အင်းပါ၊ အင်းပါ... ခဏနေရင် ဖျက်လိုက်ပါ့မယ်"

ရှောင်မုန်လန် နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်သည်။ သူမသည် ပို့စ်ကို ချက်ချင်း မဖျက်ချင်သေးပါ၊ ထိုသို့ လုပ်လိုက်ခြင်းက သူမအတွက် အရှက်ရစရာကြီး ဖြစ်နေသောကြောင့်ပင်။

"အခုနော်၊ အခုချက်ချင်း ဖျက်လိုက်စမ်း"

ဖုန်းချပြီးနောက် ဆွန်ချန်းမှာ အသက်ကို ပြင်းပြင်းရှူနေရသည်။ အကယ်၍ ရှောင်မုန်လန်သာ သူ့လက်အောက်တွင် နာမည်အကြီးဆုံး မင်းသမီးတစ်ယောက် မဟုတ်ခဲ့ပါက သူမကို အလုပ်ထုတ်ပစ်ပြီး တခြားသူ တစ်ယောက်ကို ပြောင်းလဲပျိုးထောင်ရန် ဆန္ဒရှိနေမိ၏။ ကံဆိုးစွာပင် သူ့လက်ထဲတွင် ကျန်ရှိနေသူများမှာ အနုပညာရှင် အသစ်များ သို့မဟုတ် နာမည်မရှိသေးသည့် သာမန်များသာ ဖြစ်နေကြသည်။

သူမမန်နေဂျာ ဒေါသထွက်နေသည်ကို မြင်ရသဖြင့် ရှောင်မုန်လန်လည်း ဆက်ပြီး အငြင်းမပွားတော့ချေ။ ပို့စ်တင်ထားသည်မှာ ကြာပြီဖြစ်၍ မြင်သင့်သူ အားလုံးလည်း မြင်ပြီးပြီဖြစ်သည်။ အကယ်၍ သူမ ယခု ဖျက်လိုက်လျှင်တောင် လူတွေက သူမမှာ ရွေးချယ်စရာ မရှိသဖြင့် ဖျက်ရသည်ဟုသာ ထင်ကြမည်ဖြစ်ပြီး တန်ယန်ကိုပင် လိုက်လံ ဆဲဆိုကြပေဦးမည်။

သူမ ပို့စ်ကို မဖျက်ရသေးခင်မှာပင် ယွမ်ရှီး၊ ကျင့်ရှန်းနှင့် ယီယွီအင်တာတိန်းမန့်အောက်က အခြား အနုပညာရှင်များက ကောလာဟလ ဖြန့်နေသည့် ကြော်ငြာအကောင့်များနှင့် လူပုဂ္ဂိုလ်များကို Weibo ပေါ်တွင် ပြန်လည် တိုက်ခိုက်လိုက်ပါတော့သည်။

ယွမ်ရှီး - တန်ယန်ကို သူတို့ လုပ်သမျှထဲမှာ အာရုံစိုက်ခံရဖို့အတွက် အမြဲ ဆွဲထည့်နေကြတာလား၊ ရှက်ရကောင်းမှန်းရော မသိကြဘူးလား၊ သူက အခု ML နိုင်ငံမှာ တေးဂီတဖျော်ဖြေပွဲ လုပ်နေလို့ အလုပ်ရှုပ်နေတယ်လေ၊ မင်းတို့လို လူတွေနဲ့ ဖက်ပြိုင်ဖို့ အချိန်မရှိဘူး မဟုတ်ရင် ငါ့ကိုပဲ လာတိုက်ခိုက်ကြပါလား၊ ထိပ်တန်းကြယ်ပွင့် တစ်ယောက်ရဲ့ အခွင့်အရေးကို ငါလည်း ခံစားကြည့်ချင်လို့ပါ။

ကျင့်ရှန်း - ကိုယ့်ဘာသာ ဖန်တီးထားတဲ့ ပုံရိပ်ကောင်းတွေထဲမှာပဲ နစ်မနေပါနဲ့ဦး ပိုပြီး သဘာဝကျအောင် နေစမ်းပါ အချိန်ဖြုန်းပြီး ငြင်းခုန်နေမယ့်အစား တန်တန်ရဲ့ သီချင်းအသစ် "ပြန်လည်မွေးဖွားခြင်း" ကိုပဲ နားထောင်လိုက်ပါဦး။ 【လင့်ခ်】

ယီယွီယဉ်ကျေးမှုလုပ်ငန်း - အချို့သောသူတွေက နိုင်ငံအတွက် ဂုဏ်ဆောင်ဖို့ အသက်ရှင်နေကြပြီး၊ အချို့သူတွေကတော့ အသက်ရှင်နေရုံနဲ့တင် လေကို ဖြုန်းတီးနေသလို ခံစားနေရတာပဲ။ (ပြုံးနေသည့် အီမိုဂျီ)

【ဒါက တရားဝင် အကောင့်လား ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး...】

【တရားဝင် အကောင့်တစ်ခုက လူသိရှင်ကြား ရန်ပွဲထဲမှာ ပါဝင်ပတ်သက်ပြီး တကယ်ကြီး ပြန်ချနေတာကို မြင်ဖူးတာ ဒါပထမဆုံးပဲ】

【ဒါက ရှောင်မုန်လန်ကို သွယ်ဝိုက်ပြီး ဆော်လိုက်တာလား ဟမ် ဟားဟားဟား】

【ရှောင်မုန်လန် နင့်ကိုပြောနေတာ နင်က အရမ်းပျင်းလွန်းလို့ လေကို ဖြုန်းတီးနေတာလို့တောင် ပြောနေတယ်】

【ဒါက ယီယွီအင်တာတိန်းမန့်မှာရှိတဲ့ အရည်အသွေးလား၊ ကုမ္ပဏီတစ်ခုက အမျိုးသမီး အနုပညာရှင်တွေကို လူသိရှင်ကြား တိုက်ခိုက်နေတာလား】

【ယီယွီက ဘာလို့ တန်ယန်ကို ဒီလောက်တောင် ပံ့ပိုးပေးနေရတာလဲ သူက မင်းတို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားလို့လား ဒါဆို သူက ဖျော်ဖြေရေး လောကထဲ ဝင်ဖို့အတွက် ပုံရိပ်ဖန်တီးနေတယ်ဆိုတာ တကယ်ပေါ့နော်】

အခန်း (၁၅၄)

သူမကသာ သူဌေးမ

Weibo ၏ ရေပန်းစားနေသော အကြောင်းအရာများထဲတွင် #ယီယွီနဲ့ တန်ယန်၏ ပတ်သက်မှု၊ #ယီယွီမှ တန်ယန်ကို ပံ့ပိုးပေးနေခြင်း၊ #တန်ယန် ယီယွီနဲ့ စာချုပ်ချုပ်ဆို၊ #တန်ယန်ဖျော်ဖြေရေး လောကထဲသို့ ဝင်ရောက်ခြင်း စသည့် ဟက်ရှ်တက်ဂ်တွေက Weibo ပေါ်တွင် နာမည်ကြီးချင်နေသော ကုန်အမှတ် တံဆိပ်များနှင့် အနုပညာရှင်များကို ကျော်တက်သွားခဲ့သည်။

ထိုအကြောင်းအရာများ အားလုံးဟာ ပိုက်ဆံပေး၍ ဝယ်ထားတာမျိုး မဟုတ်ဘဲ သူ့အလိုလို လူပြောများလာခြင်းပင်။

အနုပညာ လောကသားများသည် တန်ယန်၏ လူကြိုက်များမှုအပေါ် နောက်တစ်ကြိမ် ထပ်ပြီး အံ့အားသင့်နေကြရပြန်သည်။ တစ်ဖက်မှာလည်း ပါးနပ်သော ကုန်အမှတ်တံဆိပ် အချို့နှင့် ထုတ်လုပ်ရေး ကုမ္ပဏီများက တန်ယန့်ဆီကို ကိုယ်ပိုင်မက်ဆေ့ချ် ပို့ခြင်း သို့မဟုတ် သူမ၏ ဆက်သွယ်ရန် အချက်အလက်များအား စုံစမ်းခြင်းမျိုးကို လုပ်ဆောင်နေကြပြီ ဖြစ်သည်။ အားလုံးက သူမ၏ ပထမဆုံး နာမည်ကြီးမှုကို အမိအရ ဖမ်းဆုပ်ပြီး အမြတ်ထုတ်ချင်နေကြခြင်းပင် ဖြစ်၏။

သို့သော်လည်း သူတို့အားလုံး သူမကို ရှာမတွေ့ခဲ့ကြချေ။ ဤသည်မှာ ‘ယိတျန်တျန်’ ၏ ကျွမ်းကျင်မှုကြောင့်ပင် ဖြစ်သည်။ သူမကိုယ်တိုင်က ခွင့်မပြုသရွေ့ မည်သူကမှ တန်ယန်၏ ကိုယ်ရေး အချက်အလက်များကို သီးသန့်စုံစမ်း၍ ရနိုင်မည် မဟုတ်ပေ။

ထိုအချိန်မှာပင် ကျိုးချီသည် တန်ယန်ဆီကို ဆက်သွယ်ပြီး သူသည် ယီယွီအင်တာတိန်းမန့်၏ သူဌေးဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် စိတ်ထဲရှိမရှိကို မေးမြန်းခဲ့သည်။ သူမ၏ အဖြေကတော့ "ဘာဖြစ်ဖြစ်လေ" ဟူ၍သာ ဖြစ်သည်။ ဤသို့ဖြင့် ယီယွီအင်တာတိန်းမန့်၏ တရားဝင် Weibo အကောင့်မှ ရှောင်မုန်လန်ကို သွယ်ဝိုက်ပြီး ဝေဖန်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် တတိယတန်းစား မင်းသမီးလေး ရှောင်မုန်လန်ကို တိုက်ခိုက်ရန်သက်သက် မဟုတ်ဘဲ တခြားသော လူပုဂ္ဂိုလ်များ သို့မဟုတ် ကုမ္ပဏီများမှ လာနိုင်သည့် ခြိမ်းခြောက်မှုများကိုပါ ကြိုတင် တားဆီးလိုက်ခြင်းပင်။

တန်ယန်သည် အရည်အချင်း ရှိရုံသာမက အလွန်လှသူ ဖြစ်သည့်အတွက် တန်ယန်၏ ကျော်ကြားမှုကို လူတိုင်းက မနာလိုဖြစ်ကြသည်။ ထို့ကြောင့် အများ၏ အမြင်တွင် သူမ ဖျော်ဖြေရေး လောကထဲသို့ဝင်ရန် ဖြစ်နိုင်ခြေမှာ အနည်းဆုံး ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ရှိသည်။

အချို့ကုမ္ပဏီများမှာ တခြားသူများက လက်ဦးသွားမည်ကို စိုးရိမ်သောကြောင့် သူမကို လူထုအမြင်တွင် ပုံရိပ်ကျဆင်းအောင် သို့မဟုတ် နာမည်ပျက်သွားအောင် နည်းလမ်းမျိုးစုံနှင့် ကြိုတင်တိုက်ခိုက်မှုတွေ လုပ်လာကြသည်။ နောက်ပိုင်းတွင် ထိုသတင်းများမှာ မှားယွင်းနေသည်ဟု ပေါ်ထွက်လာခဲ့လျှင်တောင် သူမ၏ ပုံရိပ်မှာတော့ ထိခိုက်သွားပြီ ဖြစ်၏။

ဤသည်မှာ အချို့သော ဖျော်ဖြေရေး ကုမ္ပဏီများက ထူးချွန်သည့် လူသစ်တွေကို စာချုပ်ချုပ်နိုင်ရန်အတွက် စာချုပ်မချုပ်ခင်တွင် အကြပ်ကိုင်ရန် သို့မဟုတ် စာချုပ်ချုပ်ဆိုခကို လျှော့ချနိုင်ရန်အတွက် အောက်လမ်းနည်းတွေ သုံးတတ်ကြသည့် သဘောတရားပင် ဖြစ်ပေသည်။

ကုမ္ပဏီတိုင်းသည် တန်ယန်လိုလူမျိုးက သူတို့၏ ပြိုင်ဘက်ကုမ္ပဏီများနှင့် ပူးပေါင်းသွားမည်ကို စိုးရိမ်နေကြသည်။ ကိုယ်မပိုင်ဆိုင်နိုင်သည့် အရာကို ဖျက်ဆီးပစ်ချင်သောစိတ်မှာ လူသားတို့၏ သဘာဝပင်။

တန်ယန် ဖျော်ဖြေရေး လောကထဲသို့ ဝင်မည်မဟုတ်ချေ။ သူမသည် လှပပြီး ချမ်းသာသည်။ သရုပ်ဆောင်ခြင်းကို လုံးဝ စိတ်မဝင်စားသလို သူမဝါသနာပါသည့် အရာလည်း မဟုတ်ချေ။

အခြားသော နယ်ပယ်များမှ လူအချို့မှာ မကြာသေးခင် အချိန်များက ဖျော်ဖြေရေး လောကထဲကို ဝင်ရောက်လာကြသောကြောင့် တန်ယန်သည်လည်း ထိုလမ်းကိုသာ ရွေးချယ်လိမ့်မည်ဟု ယူဆနေကြခြင်း ဖြစ်သည်။

ယီယွီယဉ်ကျေးမှု လုပ်ငန်း၏ တရားဝင် Weibo အကောင့်တွင် လူအများအပြားက တန်ယန်နှင့် စာချုပ်ချုပ်ထားသလားဟု မေးမြန်းခဲ့ကြသည်။ ယီယွီဘက်မှ ပရိသတ်တစ်ယောက်၏ မှတ်ချက်ကို ပြန်လည်ဖြေကြားခဲ့သည်မှာ -

"သူမက ဒီကုမ္ပဏီရဲ့ သူဌေးပါပဲ"

ဟူ၍ပင် ဖြစ်သည်။

ထိုသတင်းက လူတိုင်းကို တုန်လှုပ်ခြောက်ခြား သွားစေခဲ့သည်။

ကျင့်ရှန်း - ကျွန်တော့်ရဲ့ သူဌေးမလေး တန်ယန်နဲ့ မိတ်ဆက်ပေးပါရစေ။

ကျန်းခယ်ယောင် v - ကျွန်မရဲ့ သူဌေးမလေး တန်ယန်နဲ့ မိတ်ဆက်ပေးပါရစေ။

......

ယီယွီအင်တာတိန်းမန့်မှ အနုပညာရှင် အမြောက်အမြားသည် Weibo ပေါ်တွင် တန်ယန်ကို Tag တွဲကာ

‘ဒါက ကျွန်တော့်/ကျွန်မရဲ့ သူဌေးမလေးပါ’ ဟူသော စာသားများဖြင့် အသီးသီး တင်ခဲ့ကြသည်။ ဤသည်မှာ ပရိသတ်များနှင့် အွန်လိုင်းအသုံးပြုသူများကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး ‘ဟန်ဆောင်တာမျိုးတွေ မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြီးတော့ တစ်ခါမှ မမြင်ဖူးဘူး’ ဟု ရေရွတ်မိစေသည် အထိပင်။

ထို့နောက်တွင်တော့ မျက်ရည်ချူပို့စ်များ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာတော့သည်။ တန်ယန်ရဲ့ ခြေလက်အင်္ဂါ အစိတ်အပိုင်းလေးတွေ အဖြစ်ပဲဖြစ်ဖြစ် အသုံးအဆောင်ပစ္စည်းလေးတွေ အဖြစ်ပဲဖြစ်ဖြစ် နေချင်ပါသည်ဟူသော တောင်းဆိုချက်များမှာ လက်ခံနိုင်စရာ ရှိသေးသော်လည်း အချို့သူများကမူ သူမခန္ဓာကိုယ်ပေါ်က အမွေးအမျှင်လေးတွေ သို့မဟုတ် ခြေဖဝါးက ဆဲလ်သေလေးတွေ အဖြစ်တောင် နေချင်ပါသည်ဟု ပြောလာကြရာ ရယ်ရခက် ငိုရခက်ပင်။

ထိုအချိန်တွင် တန်ယန်က ဗီဒီယိုသတင်းစကား တစ်ခုကို မှတ်တမ်းတင်နေသည်။ သူမသည် ဖုန်းချီပလက်ဖောင်း၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲသို့ မတက်ရောက်နိုင်သောကြောင့် ထိုပွဲတွင် ပြသရန်အတွက် ဗီဒီယိုမှတ်တမ်းကိုသာ ပြင်ဆင်ပေးလိုက်ရခြင်း ဖြစ်သည်။

တန်ယန်ပေးပို့လိုက်သော ဆုတောင်းဗီဒီယိုဖိုင်ကို လက်ခံရရှိပြီးနောက် ကျင့်မုန့်သည် အလွန်အမင်း ဝမ်းသာအားရဖြင့် ထပ်ခါတလဲလဲ ကြည့်ရှုနေမိသည်။ နောက်ဆုံးတွင်တော့ ထိုဗီဒီယိုဖိုင် ပျောက်ဆုံး ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် မိတ္တူပေါင်းများစွာ ကူးယူကာ ကလောက်ဒရိုက်များနှင့် ယူအက်စ်ဘီဒရိုက် များစွာထဲသို့ ခွဲ၍ သိမ်းဆည်းထားလိုက်၏။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပျော်ရွှင်စရာ ခရစ္စမတ် အငွေ့အသက်များ နေရာအနှံ့ လွှမ်းမိုးနေသည့် ML နိုင်ငံနှင့်မတူဘဲ C နိုင်ငံတွင်မူ လူငယ်အချို့သာ ခရစ္စမတ်ပွဲကို ဆင်နွှဲလေ့ ရှိကြသည်။

တန်ယန်သည် ကြိုတင်ပြင်ဆင်ထားသော C နိုင်ငံ၏ ရိုးရာဝတ်စုံ ချောင်ဆန်းကို အနည်းငယ် ပြုပြင်မွမ်းမံထားသည့် ဝတ်စုံအား လဲလှယ်၍ ဝတ်ဆင်လိုက်သည်။ တောက်ပသော အနီရောင် ချောင်ဆန်းပေါ်တွင် သစ်ခွပန်းဖြူလေးများကို ရွှေချည်မျှင်များဖြင့် ထိုးထားပြီး ထိုပန်းများအောက်တွင် တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင်နေသည့် ယုန်ငယ်လေးနှစ်ကောင် ရှိနေသည်။ ယုန်ငယ်လေး တစ်ကောင်က ကြွေကျနေသော ပန်းပွင့်လေးများကို မော့ကြည့်နေသည့်ပုံမှာ ချစ်စရာ အလွန် ကောင်းလှသည်။ လက်ဖျားများနှင့် လည်ပင်းကော်လာ တစ်ဝိုက်တွင် အဖြူရောင် အမွေးပွလေးများကို ဝိုင်းပတ် ချုပ်လုပ်ထားရာ ရိုးရိုးကြီး မဖြစ်နေသလို ရိုင်းပျခြင်းလည်း မရှိဘဲ C နိုင်ငံ၏ ထူးခြားသော ဟန်ပန်ကိုလည်း ပေါ်လွင်စေသည်။

ဝတ်ရုံရှည်ကို ထပ်မံဝတ်ဆင်ကာ အိမ်ရှင်အတွက် လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်ရင်း တန်ယန်သည် ကားပေါ်သို့တက်ကာ ထွက်ခွာလာခဲ့သည်။

လမ်းခရီးတွင် သူတို့သုံးဦး စကားမပြတ် ပြောဆိုလာခဲ့ကြ၏။

အယ်လီဆာ -

"ယာနာ... နင် ဘယ်နားရောက်နေပြီလဲ အမြဲတမ်း အလုပ်ရှုပ်နေတတ်တဲ့ ကာရင်းတောင် ရောက်နေပြီ၊ နင်က ခုထိ မရောက်သေးဘူးလား"

ကာရင်း -

"ဟုတ်တယ် နင်ကတော့ တကယ်ကို နှေးလွန်းတယ် ငါတို့တောင် သူငယ်ချင်းတွေစုပြီး ဓာတ်ပုံတစ်ကျော့ ရိုက်ပြီးသွားပြီ နင်မရှိတာနဲ့ အားလုံးက နင့်အကြောင်းပဲ မေးနေကြတာ"

တန်ယန် -

"အခုမှ အပြင်ထွက်လာတာ၊ နောက်နာရီဝက်နေရင် ရောက်ပြီ"

အယ်လီဆာ -

"နင်က အခုမှ အိမ်ကထွက်တာလား"

ကာရင်း -

"မယုံနိုင်စရာပဲ ဒီလို ထူးခြားတဲ့နေ့မျိုးမှာ နင်က ဒီလောက်တောင် နောက်ကျမှ ထွက်လာတာလား နောက်မိနစ် သုံးဆယ်အတွင်း နင်ရောက်မလာနိုင်ဘူးဆိုတာ ငါ အာမခံတယ်ဟေ့"

အယ်လီဆာ -

"ငါလည်း အဲဒီလိုပဲထင်တယ်၊ ဒီနေ့ လမ်းတွေက တော်တော်လေး ပိတ်နေတာ"

တန်ယန် -

"... နင်တို့ပြောတာ မှန်သွားပြီ၊ ငါ ကားပိတ်နေပြီ"

တစ်နာရီခန့်ကြာပြီး နောက်တွင်တော့ တန်ယန်သည် အယ်လီဆာ၏ ပါတီကျင်းပရာ ဗီလာသို့ ရောက်ရှိလာခဲ့သည်။ ထိုဗီလာမှာ ယခင်က သူမ လာဖူးသည့်နေရာပင် ဖြစ်သဖြင့် အတွင်းသို့ လှမ်းဝင်လာခဲ့ရာ အတော်လေး မူးနေကြပြီဖြစ်သော လူစုကို တွေ့လိုက်သည်။

"ယာနာ၊ နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့ ငါစောင့်နေရတာ မောလှပြီ"

အယ်လီဆာက ရှေ့သို့လှမ်းလာပြီး တန်ယန်ကို ဖက်လိုက်သည်။

ကာရင်းကတော့ သူမကို ရှန်ပိန်တစ်ခွက် ကမ်းပေးလိုက်ရင်း -

"နင်နောက်ကျတဲ့အတွက် ငါနင့်ကို အပြစ်ပေးရမယ်... အားလုံးအတွက် ဖျော်ဖြေမှု တစ်ခုခု လုပ်ပြရမှာနော်"

"အခြေအနေလေး ကြွသွားအောင် သီချင်းတစ်ပုဒ်လောက် တီးပေးရမလား"

ဟု တန်ယန်က မေးလိုက်ရင်း အခန်းအတွင်းရှိ ဂရင်းပီယာနိုကြီးဆီသို့ လျှောက်သွားလိုက်၏။

"ဟေ့ နင်တို့အားလုံးတော့ ကံကောင်းပြီ ငါတို့ရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ပီယာနိုပညာရှင် ယာနာက နင်တို့အတွက် တေးသွားတစ်ပုဒ် တီးပြတော့မယ် လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦး"

အယ်လီဆာက လူအုပ်ကြီးကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်ပြောလိုက်သည်။ ရောက်ရှိနေသူ အားလုံးမှာ ချမ်းသာကြွယ်ဝသော မိသားစုများမှလာသူများ ဖြစ်ကြပြီး တူရိယာ အချို့ကို တီးခတ်တတ်ကြသော်လည်း မည်သူမျှ တန်ယန်၏ အဆင့်အတန်းကိုတော့ မမီကြပါချေ။

သူတို့ထဲမှ အချို့သည် တန်ယန်၏ ဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ဖူးသူများ ဖြစ်ကြသည်။ ထိုပွဲမှာ နားသောတ ဆင်ရသူများအတွက် နတ်သုဒ္ဓါသဖွယ် ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့ပြီး ပရိသတ် ထက်ဝက်ကျော်မှာလည်း သူမ၏ ပရိသတ်များ ဖြစ်သွားကြသည်။

ယခု သူတို့၏အိုင်ဒေါက ဖျော်ဖြေတော့မှာ ဖြစ်သည့်အတွက် အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းတွေ၊ အသံဖမ်းစက်တွေကို ထုတ်ပြီး အကြိမ်ကြိမ် ပြန်နားထောင်ရန် မှတ်တမ်းတင်နေ ကြပါတော့သည်။ အချို့ဆိုလျှင် ဘယ်ကနေဘယ်လို ထွက်လာမှန်း မသိသော ပရော်ဖက်ရှင်နယ် ကင်မရာကြီးများကိုပင် ထုတ်ကာ တန်ယန်၏ ဖျော်ဖြေမှုကို ရိုက်ကူးရန် အသင့်ပြင်နေကြ၏။

တန်ယန်သည် သူမကိုယ်ပိုင် ပီယာနိုတီးလုံးကို မရွေးချယ်ဘဲ လူတိုင်းသိကြသည့် "ခရစ်စမတ်သီချင်း" ကိုသာ ရွေးချယ်လိုက်သည်။ ပျော်ရွှင်စရာကောင်းသော ပီယာနို သံစဉ်လေး စတင်လာသည်နှင့်အမျှ လူတိုင်းက လက်ခုပ်တီးကာ လိုက်ဆိုကြပြီး ခရစ္စမတ် အကများကို ကကြရင်း ပတ်ဝန်းကျင်မှာ ယခင်ကထက်ပင် ပိုမိုသက်ဝင် လှုပ်ရှားလာသည်။

၅ မီတာခန့် မြင့်မားသော ခရစ္စမတ် သစ်ပင်ကြီး၏ အောက်တွင် ပြုပြင်မွမ်းမံထားသော ချောင်ဆန်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ် တစ်ဦးက ပြုံးရွှင်စွာဖြင့် ခရစ္စမတ် သီချင်းများကို တီးခတ်နေသည်။ ဤမြင်ကွင်းကို ရိုက်ကူး၍ ဖေးရှန့်ပေါ်သို့ တင်လိုက်ရာ အွန်လိုင်းအသုံးပြုသူများ ချီးကျူးစကား မပြောနိုင်ခင်မှာပင် ဗီဒီယိုအပြည့်အစုံမှာ ပျံ့နှံ့သွားခဲ့သည်။ ဖေးရှန့်၏ နိုင်ငံတကာ အသုံးပြုသူများသည် သူတို့နှင့် ရင်းနှီးပြီးသားဖြစ်သော ခရစ္စမတ် သီချင်းများမှာ ဤမျှလောက်အထိ လှပနိုင်သည်ကို ပထမဦးဆုံး အကြိမ်အဖြစ် သိရှိသွားကြသည်။

မကြာမီအချိန် အတွင်းမှာပင် လူအများအပြားသည် ထိုဗီဒီယိုကို ဒေါင်းလုဒ်ဆွဲခြင်းနှင့် ဖုန်းမြည်သံအဖြစ် အသုံးပြုရန် အသံဖိုင်ကို ထုတ်ယူခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ယန်၏ အမည်မှာ နိုင်ငံတကာ အင်တာနက် စာမျက်နှာများထက်တွင် တစ်ကျော့ပြန် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြန်သည်။

တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၌ ဖုန်းချီပလက်ဖောင်း၏ သုံးနှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နာမည်ကြီး စာရေးဆရာများနှင့် Weibo ပေါ်တွင် သြဇာညောင်းသူ အများအပြားက ဂုဏ်ပြုလွှာများနှင့် အမှတ်တရ စကားများကို အသီးသီး တင်ခဲ့ကြသည်။

လူအများအပြားက တန်ယန်၏ စာရေးဆရာ အကောင့်တွင် သူမ၏ ဓာတ်ပုံများကို တက်ကြွစွာ စောင့်မျှော်နေကြသော်လည်း သူမသည် အွန်လိုင်းသို့ တက်မလာသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က ဖုန်းချီ၏ တရားဝင် Weibo အကောင့်သို့ သွားရောက်ကာ -

"ကျွန်တော်တို့ရဲ့ စာရေးဆရာမ တန်ယန်က သုံးနှစ်ပြည့်ပွဲကို တက်ရောက်ခဲ့သလားခင်ဗျာ တရားဝင်အကောင့် အနေနဲ့ ဓာတ်ပုံလေးတွေ တင်ပေးလို့ရမလား ဒါက ကျွန်တော်တို့ စာဖတ်ပရိသတ် အားလုံးရဲ့ ဆန္ဒပါ"

ဟု မေးမြန်းခဲ့သည်။

အချို့သော စာဖတ်ပရိသတ်များသည် တခြားသော စာရေးဆရာများ၏ ပရိသတ်များလည်း ဖြစ်ကြရာ သူတို့နှစ်သက်သော စာရေးဆရာများ၏ Weibo အကောင့်များသို့ သွားရောက်ကာ ('တန်ဒါ' - စာရေးဆရာမ၏ ကလောင်အမည်) ကို တွေ့ခဲ့သလားဟု မေးမြန်းနေကြသည်။ တရားဝင် Weibo အကောင့်က ပြန်လည်၍ မဖြေကြားမီမှာပင် တခြားသော စာရေးဆရာများက ထွက်ပေါ်လာပြီး - ၎င်းသည် သုံးနှစ်ပြည့်ပွဲသို့ တက်ရောက်ခြင်း မရှိကြောင်း ပရိသတ်များကို ပြန်လည် ဖြေကြားခဲ့သည်။ သို့သော်လည်း ထိုစာရေးဆရာမ ပေးပို့လိုက်သည့် ဆုတောင်းဗီဒီယိုကို မြင်လိုက်ရချိန်တွင်မူ သူတို့အားလုံး အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြ၏။

ဤအချက်က တန်ယန့်ပရိသတ်များ၏ စူးစမ်းလိုစိတ်ကို ပိုမိုမြင့်တက်စေခဲ့ပြီး ဘာကြောင့်လဲဟု ဆက်တိုက် မေးမြန်းနေကြပါတော့သည်။ သို့သော်လည်း ထိုစာရေးဆရာမှာ ပြန်လည်ဖြေကြားခြင်း မရှိတော့ချေ။ စိုးရိမ်တကြီး ဖြစ်နေသော ပရိသတ်များသည် တန်ယန်၏ ပရိသတ်စာမျက်နှာတွင် #တုန်လှုပ်သွားစေသည့်_အချိုဓာတ် ဟူသော ဟက်ရှ်တက်ဂ်ဖြင့် ဝိုင်းဝန်းရေးသားကြရာ နောက်ဆုံးတွင်တော့ ထိုအကြောင်းအရာမှာ ရေပန်းစားနေသည့် သတင်းများ စာရင်းသို့ ရောက်ရှိသွားခဲ့သည်။

All Chapters