← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅)

ရန်ယီအန် အခက်အခဲနှင့် ကြုံတွေ့ရခြင်း

ကျင့်မုန့်သည် တန်ယန်နှင့် အဆက်အသွယ် မရသဖြင့် ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသ၍ ရ၊ မရ မသိနိုင်တော့ပေ။ ထို့ကြောင့် သူမသည် Weibo အကောင့်မှ စာဖတ်ပရိသတ်များ၏ မေးခွန်းများကို မသိချင်ယောင်ဆောင်၍သာ လျစ်လျူရှုထား လိုက်တော့သည်။

အယ်လီဆာ၏ ခရစ္စမတ်ပါတီမှ အပြန်တွင် တန်ယန် နှင်းဆီဥယျာဉ်ခြံသို့ ကားဖြင့်ပြန်လာခဲ့သည်။ ဖုန်းအားသွင်းရန် မေ့လျော့နေခဲ့သဖြင့် သန်းခေါင်ကျော်မှသာ ကျင့်မုန့်ပို့ထားသော စာတိုကို တွေ့လိုက်ရသည်။

ကျင့်မုန့် -

"ဆရာမ... ပရိသတ်တွေက Weibo ပေါ်မှာ ဆရာမရဲ့ ဓာတ်ပုံတွေကို တောင်းနေကြလို့လေ အဲဒါ ဗီဒီယိုဖိုင်ကို တင်ပေးလိုက်လို့ ရမလားဟင်"

ကျင့်မုန့် -

"မရလည်း ရတယ်နော်၊ ကျွန်မ မသိချင်ယောင် ဆောင်နေလိုက်ပါ့မယ် ဟဲဟဲ"

တန်ယန် -

"ဖုန်းအားကုန်သွားလို့ အခုမှ စာကိုတွေ့တာ ရပါတယ်၊ ကိုယ့်ဘာသာပဲ စီစဉ်လိုက်ကြတော့နော်"

ခေတ္တ စောင့်ကြည့်သော်လည်း ကျင့်မုန့်ထံမှ ဘာစာမှ ပြန်မလာသဖြင့် အိပ်ပျော်သွားပြီဟု ထင်ကာ တန်ယန်လည်း ဖုန်းပိတ်၍ အနားယူလိုက်၏။

နောက်တစ်နေ့ နံနက်တွင်မူ ကျင့်မုန့်သည် တန်ယန်၏စာကို မြင်သည်နှင့် စိတ်လှုပ်ရှားလွန်း၍ ကုတင်ပေါ်မှပင် ခုန်ဆင်းမိတော့သည်။ နေ့တိုင်းသာ တန်ယန်ဆီမှ စာရနေမည်ဆိုလျှင် သူမ အိပ်ရာထ နောက်ကျမည်ကို အမေဖြစ်သူ စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ချေ။

မကြာမီမှာပင် ဖုန်းချီပလက်ဖောင်း၏ တရားဝင် Weibo အကောင့်မှ စာတစ်စောင် တင်လာခဲ့သည်။

"ပရိသတ်တွေ တောင်းဆိုနေတဲ့ ဆရာမတန်ရဲ့ ဓာတ်ပုံတော့ မရှိဘူး၊ ဒါပေမဲ့ ဗီဒီယိုတော့ ရှိတယ်နော် ဒီမှာ... ကျေးဇူးတင်စရာ မလိုပါဘူးရှင်... ဗီဒီယို အမ်ပီဖိုး"

【 ငါ အိပ်မက်မက်နေတာလား... အိပ်မက်ပဲ ဖြစ်ရမယ်... 】

【 ကိုယ့်ပေါင်ကိုယ် ဆွဲလိမ်ကြည့်လိုက်မှ ဒါဟာ တကယ်ကြီးဆိုတာ သိလိုက်ရတော့တယ်】

【 အပေါ်ကလူတွေ ဘာတွေ ပဟေဠိ ဆန်နေကြတာလဲ 】

【ဘယ်လိုတောင် အံ့သြဖို့ကောင်းတဲ့ ပေါင်းစည်းမှုမျိုးလဲ ငါအကြိုက်ဆုံး စာရေးဆရာမက ငါ့ရဲ့ နတ်သမီးလေးနဲ့ တစ်ယောက်တည်း ဖြစ်နေတာလား】

【အောင်မလေး... မယုံနိုင်စရာပဲ】

【ဝတ္ထုတွေထဲမှာတောင် ဒီလောက်ကြီးကတော့ မဖြစ်နိုင်ဘူး】

【အားလုံးကို ဖြန့်လိုက်ကြတော့... စာရေးဆရာမ = တန်ယန် = ငါတို့ရဲ့ နတ်သမီးလေး】

【 ဒီသတင်းက ပြီးခဲ့တဲ့နှစ်ရက်က သတင်းတွေထက်တောင် ပိုပြီး တုန်လှုပ်စရာ ကောင်းနေသေးတယ်】

【တန်ယန်က ချမ်းသာတယ်ဆိုတာ အားလုံးသိပြီးသားပဲ၊ ကုမ္ပဏီပိုင်ရှင် ဖြစ်တာက မဆန်းပေမဲ့ သူက ဖုန်းချီရဲ့ ထိပ်တန်း စာရေးဆရာမတစ်ယောက် ဖြစ်နေတာလား ဝတ္ထုအမျိုးအစား အသစ်တွေကိုပါ လမ်းဖောက်ပေးခဲ့တဲ့ စာရေးဆရာမတဲ့လား】

【တန်ယန်ရေ နင့်မှာ နာမည်ခွဲတွေ ဘယ်နှစ်ခုတောင် ရှိနေသေးတာလဲ】

........

ရက်အနည်းငယ် အတွင်းမှာတင် တန်ယန်၏ Weibo ဖော်လိုဝါ အရေအတွက်မှာ သန်း ၃၀ ကျော်သွားခဲ့သည်။ သူမ တင်ခဲ့သမျှ ပို့စ်စုစုပေါင်းမှာ ဆယ်ခုပင် မပြည့်သေးချေ။ ဤအချက်က အနုပညာ လောကထဲမှ အခြားသော အနုပညာရှင်များကို ဒေါသလည်းထွက်၊ မနာလိုလည်း ဖြစ်စေခဲ့၏။ ၎င်းတို့မှာ လူသိများစေရန် ငွေကုန်ကြေးကျများစွာ အသုံးပြု၍ ကြော်ငြာခဲ့ရသော်လည်း ပို့စ်ဆယ်ခုပင် မပြည့်သေးသော တန်ယန်၏ ဖော်လိုဝါ အရေအတွက်ကိုမူ မမှီနိုင်ကြပေ။ ထို့ကြောင့် သူတို့၏ ဂုဏ်သိက္ခာကို အတော်ပင် ရိုက်ခတ်သွားစေခဲ့သည်။

တန်ယန်သည် အိပ်ရာမှ နိုးလာသောအခါ အေးအေးလူလူပင် နံနက်စာစားပြီး နှင်းကျနေသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ Weibo ပေါ်သို့ တင်လိုက်လေသည်။

"ပြည်တွင်းကို မပြန်ခင် နံနက်စာ အရင်စားလိုက်ဦးမယ်" (ပုံ)

【 နတ်သမီးလေးရဲ့ ဆဲလ်ဖီရော၊ ဒါလေးကြည့်ဖို့ ငါ အားလုံးအဆင်သင့် ပြင်ထားတာနော်】

【 ML မှာ နှင်းတွေကျနေတာလား အရမ်းလှတာပဲ 】

【 ဒီမှာလည်း နှင်းတွေ အသည်းအသန် ကျနေတာ နတ်သမီးလေးက နှင်းကြည့်နေတယ်၊ ငါလည်း နှင်းကြည့်နေတယ် အတိုချုပ် ပြောရရင် ငါနဲ့ နတ်သမီးလေးနဲ့ အတူတူ နှင်းကြည့်နေကြတာပေါ့】

【အပေါ်ကလူက ဘာတွေ စိတ်ကူးယဉ်နေတာလဲ နတ်သမီးလေးက ရဲတိုက်ထဲကနေ နှင်းကြည့်နေတာနဲ့ မင်းက တောရွာထဲမှာ နှင်းကြည့်နေတာနဲ့ တူမလား】

【 တန်ယန်က တကယ်ကြီး ရဲတိုက်ထဲမှာ နေတာပဲ 】

【အားလုံးကို ဖြန့်လိုက်ကြတော့... စာရေးဆရာမ တန်ယန်မှာ ရဲတိုက်ကြီးတစ်လုံး ရှိတယ်ဟေ့】

【ကျွန်တော်လည်း ML မှာပဲ ရှိနေတာ၊ ဒါ နှင်းဆီဥယျာဉ်ခြံ ဖြစ်မယ်ဆိုတာ ရိပ်မိလိုက်တယ် မနေ့ကတင် အဲဒီနားက ဖြတ်သွားရင်းနဲ့ ထူးခြားတဲ့ အုတ်တံတိုင်းကို အပြင်ကနေ လှမ်းမြင်ခဲ့တာလေ】

【နှင်းဆီဥယျာဉ်ခြံဆိုတာ နေရာနာမည်လား ဒါမှမဟုတ် ဟိုတယ်နာမည်လား တစ်ယောက်ယောက် ရှင်းပြပေးပါဦး】

【 အပေါ်ကလူအတွက် လင့်ခ်ပေးလိုက်ပြီနော်၊ ကျေးဇူးတင်စရာ မလိုပါဘူး 】

【 ကိုယ်ပိုင်ရဲတိုက်ကြီးပေါ့လေ... ဒါကြီးက... စီနီယာတန်ရဲ့ ဥစ္စာတော့ မဟုတ်လောက်ပါဘူးနော် 】

...

အပူချိန် ထိန်းညှိပေးထားသော ဖန်လုံအိမ် အတွင်းမှ လတ်ဆတ်သော နှင်းဆီပန်း အချို့ကို ခူးဆွတ်ပြီးနောက် တန်ယန်သည် သူမ၏ ခရီးဆောင်အိတ်လေးကို ဆွဲကာ အိမ်ပြန်လမ်းသို့ စတင် ထွက်ခွာခဲ့တော့သည်။

H မြို့တော်သို့ ပြန်ရောက်သောအခါ တန်ယန်၏ စိတ်အခြေအနေမှာ သိသိသာသာပင် ကြည်လင်ကာ လန်းဆန်းသွားခဲ့သည်။ သူမသည် နှင်းဆီပန်း အချို့ကို ယူဆောင်လာပြီး ယွီချန်းနျန်း၏အိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအိမ်၌ တစ်ညအိပ် တည်းခိုခဲ့၏။ ထို့နောက်တွင်မူ ပေကျင်းသို့ အပြေးအလွှား ပြန်လာခဲ့သည်။

ယခုမှာ စာသင်နှစ်ဝက် ကုန်ဆုံးချိန် ဖြစ်သဖြင့် စာမေးပွဲ ဖြေဆိုရန် သူမ ပြန်လာရခြင်း ဖြစ်ပေသည်။

ပေကျင်းရှိ လေးဘက်ပိတ် ခြံဝင်းအတွင်းရှိ အိမ်သို့ ပြန်ရောက်သောအခါ ယန်ယီအန်ကို ထိုနေရာ၌ တွေ့လိုက်ရသဖြင့် တန်ယန် အံ့သြသွားခဲ့ရသည်။

"အစ်ကိုယီအန်... ဒီမှာ ညီမကို စောင့်နေတာလား"

တန်ယန်သည် သူမ၏ ခရီးဆောင်အိတ်ကို ချလိုက်ပြီးနောက် လက်ဖက်ရည်နှင့် မုန့်များ ပြင်ဆင်ပေးရန် အိမ်ထိန်းကိုစောင့်ရင်း ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ တစ်မနက်လုံး ခရီးပန်းလာခဲ့ရသဖြင့် သူမ အတော်လေး ဗိုက်ဆာနေပြီ ဖြစ်သည်။

"အင်း... ဟုတ်လည်းဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူး"

ယန်ယီအန်သည် တန်ယန် ယနေ့ ပြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထား သကဲ့သို့ သူမထံမှ မည်သို့ အကူအညီ တောင်းရမည်ကိုလည်း ရေရေရာရာ မဆုံးဖြတ်ရသေးချေ။

"ဘာတွေများ ဝေခွဲမရဖြစ်ပြီး ထစ်ငေါ့နေရတာလဲ"

"ဟိုလေ... ငါ့မှာ အနုပညာ လောကထဲ ဝင်ချင်နေတဲ့ သူငယ်ချင်း တစ်ယောက်ရှိလို့၊ အဲဒါ နင့်ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့ဖြစ်ဖြစ် ဝင်ခွင့်ရမလားလို့ မေးကြည့်မလို့"

ယန်ယီအန်သည် သူတစ်ပါးကိစ္စတွင် ဝင်ပါမိနေသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကို ကုတ်နေမိတော့သည်။

"ယောက်ျားလေးလား၊ မိန်းကလေးလား"

"မိန်းကလေး"

"အစ်ကို သဘောကျနေတဲ့သူလား"

ယန်ယီအန်မှာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး

"အဟမ်း... နည်းနည်းလေး သဘောကျရုံပါပဲ"

"စပြီး သဘောကျရုံတင် ရှိသေးတယ်၊ သူ့အတွက် လမ်းခင်းပေးဖို့ အထိတောင် ကြိုးစားနေပြီပေါ့လေ"

တန်ယန်သည် ယန်ယီအန်တစ်ယောက် ရှက်လွန်း၍ မြေကြီးထဲ တိုးဝင်သွားတော့မည့် အခြေအနေကို မြင်သဖြင့် ဆက်၍ စနောက်မနေတော့ဘဲ

"အဲဒီမိန်းကလေးကို ညီမလေးနဲ့ ပေးတွေ့ကြည့်လေ အဆင်ပြေမယ် ဆိုရင်တော့ သူ့ကို အခွင့်အရေး ပေးကြည့်လိုက်မယ်"

"တကယ်လား အဲဒါဆို သိပ်ကောင်းတာပေါ့"

ယန်ယီအန်သည် မိမိကိစ္စ ဖြစ်နေသကဲ့သို့ပင် ပြုံးပျော်သွားပြီး

"ဒါဆို အခုပဲ သူ့ဆီစာပို့ပြီး ချိန်းလိုက်တော့မယ်"

တန်ယန်သည် လက်ဖက်ရည်နှင့် မုန့်ကို မြိန်ရေယှက်ရေ စားသောက်ရင်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။ ယောက်ျားလေး တစ်ယောက်၏ ပထမဆုံးအချစ်ဦး ဆိုသည်မှာ မေ့ပစ်ရန် အခက်ခဲဆုံးပင်။

ခဏအကြာတွင်မူ ယန်ယီအန်သည် စောစောက တွေ့ခဲ့ရသော စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးကာ ညှိုးနွမ်းနေသော ခရမ်းသီးကဲ့သို့ ခေါင်းငိုက်စိုက်ကျလျက် ပြန်ရောက်လာသည်။

‘ဪ... ငြင်းခံလိုက်ရပြီပေါ့လေ’ ဟု တန်ယန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"ယန်ယန်... ထားလိုက်ပါတော့၊ သူက ငါ့အကူအညီ မလိုတော့ဘူးတဲ့"

"ဘာဖြစ်လို့လဲ အဲဒီမိန်းကလေးက အစ်ကို့ကို မကြိုက်လို့လား"

"သူ့မှာ ရည်းစားရှိတယ်တဲ့ သူစိမ်းယောက်ျားလေးနဲ့တွေ့ရင် သူ့ရည်းစားက စိတ်ဆိုးမှာစိုးလို့ ငါနဲ့ မတွေ့နိုင်ဘူးလို့ ပြောလာတယ်"

"ကြည့်ရတာ အဲဒီမိန်းကလေးက အတော်လေး စိတ်ထားကောင်းပုံပဲ၊ အစ်ကို့ကို မျှော်လင့်ချက် အမှားတွေပေးပြီး ဆွဲမထားဘူးလေ"

"ဟူး... သူ့ကို စောစောစီးစီးသာ တွေ့ခဲ့ရရင် သိပ်ကောင်းမှာပဲ"

"အကို ဒီလောက် နှမြောနေတာကိုမြင်ပြီး အဲဒီမိန်းကလေးက ဘယ်သူလဲဆိုတာ ညီမလေး ပိုတောင် သိချင်လာပြီ အစ်ကို့အတန်းဖော်ပဲလား"

"ငါ့ထက် တစ်နှစ်ကြီးတဲ့ စီနီယာပါ"

"အစ်ကိုက ကိုယ့်ထက်အသက်ကြီးတဲ့ စီနီယာ အစ်မကြီးတွေကို သဘောကျတတ်မှန်း ညီမ မသိခဲ့ဘူးပဲ"

"ဒါပေမဲ့ သူက အသက်ကြီးတဲ့ အစ်မကြီးတစ်ယောက်နဲ့ လုံးဝမတူဘူး၊ ညီမလေး တစ်ယောက်နဲ့တောင် ပိုတူသေးတယ်"

"အဲဒါဆို သူတို့က အခုမှစတွဲကြတာလား"

"အရင်ကတည်းက တွဲနေပုံရတယ်၊ ဒါပေမဲ့ ငါက သေသေချာချာ စုံစမ်းမထားမိတော့ သူတို့ကို အကျပ်ရိုက်အောင် လုပ်မိသလို ဖြစ်သွားတာပေါ့"

"အခွင့်အရေး မရှိတော့တာမှ မဟုတ်တာ လက်ထပ်ထားရင်တောင် ကွာရှင်းလို့ ရသေးတာပဲကို"

"မလုပ်ပါနဲ့၊ သူများပတ်သက်မှုကို ကြားကနေ ဝင်မရှုပ်ချင်ပါဘူး"

ယန်ယီအန်၏ တည်ကြည်လှသော မျက်နှာထားကိုကြည့်ပြီး တန်ယန်က တဟားဟား ရယ်မောလိုက်တော့သည်။

"အင်းပေါ့၊ ညီမတို့ မိသားစုမှာက မူဝါဒနဲ့စည်းကမ်း ရှိပြီးသားပဲ အစ်ကိုသာ တကယ်ကြီး သူများအချစ်ရေးကို ဖျက်ဆီးဖို့ ကြိုးစားရင်တော့ အန်တီ့ကိုပြောပြီး အစ်ကို့ခြေထောက်ကို ရိုက်ချိုးခိုင်းမှာ"

ယန်ယီအန်သည် တန်ယန်ကို သနားစဖွယ် ကြည့်လိုက်သော်လည်း ဘာမှတော့ ပြန်မပြောတော့ချေ။

"ဒါမှမဟုတ် ညီမလေးကပဲ အစ်ကို့ကို ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးရမလား ညီမတို့ကုမ္ပဏီမှာ ချောချောလှလှ မိန်းကလေးတွေ အများကြီးပဲ၊ ပုံစံမျိုးစုံ ရှိတယ်နော်"

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ အကိုကတော့ စာပဲ သေသေချာချာသင်ပြီး နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်ပဲ ကြိုးစားပါတော့မယ်"

ယန်ယီအန်က ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်လိုက်သဖြင့် တန်ယန်ကို သဘောကျသွားစေသည်။

ပြောရလျှင် သူမတွင် နောက်ပြောင်တတ်သော အကျင့်ဆိုးလေးတစ်ခု ရှိသည်။ တန်ယန် ယန်ယီအန် သဘောကျနေသော မိန်းကလေး အကြောင်းကို သိချင်စိတ် ရှိနေသော်ငြားလည်း ထိုမိန်းကလေးက ဘယ်သူဘယ်ဝါ ဖြစ်သည်ကိုမူ တမင်တကာ လိုက်လံစုံစမ်းခြင်းမျိုး မလုပ်ခဲ့ပေ။

နောက်တစ်နေ့ နံနက်တွင် တန်ယန် ခွင့်ကိစ္စအတွက် အတိုင်ပင်ခံ ဆရာထံ သွားရောက်၍ အကြောင်းကြားပြီးနောက် နေ့လယ်စာစားရန် ကျန်းလီ၊ ဟူခဲ့ခဲ့တို့နှင့် ချိန်းဆိုလိုက်သည်။ ကျောက်ယွိချင်းကိုမူ သူမ လုံးဝ လျစ်လျူရှုထားလိုက်၏။

"ယန်ယန်... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ တစ်နှစ်လောက် ကြာသွားသလိုပဲ၊ ငါနင့်ကို အရမ်းလွမ်းနေတာ"

ဟူခဲ့ခဲ့သည် ယူကလစ်ပင်ကို ဖက်ထားသော ကိုအာလာ ဝက်ဝံလေးကဲ့သို့ တန်ယန်၏ လက်မောင်းကို ဖက်တွယ်ထားတော့သည်။

"တစ်လပဲ ရှိသေးတာကို"

ဟု တန်ယန်က ဆိုလိုက်၏။

"တစ်ရက်မတွေ့ရရင် ဆောင်းဦးသုံးခါ ပြောင်းသလို ခံစားရတယ်ဆိုတာ နင်မသိဘူးလား တစ်လဆိုရင် ဆောင်းဦးပေါင်း ကိုးဆယ်တောင် ရှိသွားပြီလေ ငါက တစ်နှစ်လို့ ပြောတာတောင် နည်းနေသေးတယ်"

ဟူခဲ့ခဲ့တွင် ကိုယ်ပိုင် ယုတ္တိဗေဒရှိပြီး တခြားလူ ပြောသမျှကို လုံးဝ ဂရုမစိုက်တတ်ပေ။

"ဘုရားရေ... ခဲ့ခဲ့ရယ် တော်ပါတော့၊ ယန်ယန်ကို လွမ်းလွန်းလို့ နင် ထမင်းတစ်နပ်လောက် ငတ်သွားတာလည်း ငါမတွေ့မိပါဘူး"

ကျန်းလီက သူမ၏ သူငယ်ချင်း ဖြစ်သူကို အားမနာတမ်း ဖော်ကောင်လုပ်လိုက်သည်။

"ဟွန့် ငါက ဝမ်းနည်းမှုကို အစားစားချင်စိတ်အဖြစ် ပြောင်းလဲလိုက်တာလေ၊ မဟုတ်ဘူး... လွမ်းဆွတ်မှုကို အစားအသောက်အဖြစ် ပြောင်းလဲလိုက်တာ၊ နင်နားလည်လား"

ဟူခဲ့ခဲ့က ခါးထောက်ပြီး မေးငေါ့ပြကာ ပြန်ပြောလိုက်တော့၏။

အခန်း (၁၅၆)

မီကို၏ အနုပညာ အထူးပြု စာမေးပွဲ

"အေးပါ... နင်ပြောတာ အမှန်ဆုံးပဲ"

ကျန်းလီက လက်နှစ်ဖက်မြှောက်ကာ အရှုံးပေးလိုက်ရသည်။

သူတို့ ရယ်မောနောက်ပြောင်ရင်း ကန်တင်းသို့ ရောက်ရှိလာကြသည်။ တန်ယန် သူငယ်ချင်းများကို အပြင်ဆိုင် ကောင်းကောင်းတွင် ကျွေးချင်သော်လည်း သုံးယောက်လုံးမှာ နောက်ထပ် အတန်းချိန်များ ရှိနေသဖြင့် အပြင်သွားစားပါက အချိန်မလောက်မည် ဖြစ်သောကြောင့်ပင်။

"ငါ ငါးပေါင်းမစားရတာ ကြာပြီ၊ သွားဝယ်လိုက်ဦးမယ် နင်တို့လည်း တခြားဟာတွေ သွားဝယ်ကြလေ၊ ပြီးမှ အတူတူ စားကြတာပေါ့"

ကန်တင်းထဲ ရောက်သည်နှင့် ဟူခဲ့ခဲ့သည် လေထဲမှအနံ့ကို ရှူရှိုက်လိုက်ပြီး တန်ယန်၏ လက်မောင်းကို ချက်ချင်းလွှတ်ကာ စီမံခန့်ခွဲမှုများ ပြုလုပ်ရင်း ထွက်သွား၏။

"ယန်ယန်... နင်ရော ဘာဝယ်စားမှာလဲ ငါတို့ ခွဲဝယ်ကြမလား"

ကျန်းလီ မေးလိုက်၏။

"ငါကတော့ ကာရီဝက်သားပြားကြော် သွားဝယ်မယ်၊ ပြီးရင် ချိုချဉ်စပ် ဝက်သားကြော် ရှိသေးလား ကြည့်လိုက်ဦးမယ်"

တန်ယန် ကန်တင်းက ကာရီဝက်သားပြားကြော် မစားရသည်မှာ ကြာပြီဖြစ်၍ ၎င်း၏ မွှေးကြိုင် ကြွပ်ဆတ်သော အရသာကို အတော်ပင် လွမ်းဆွတ်နေမိသည်။

"အိုကေ၊ ဒါဆို နင်က ဝက်သားပြားကြော် အတန်းကိုသွား၊ ငါက ဟိုဘက်က အသားနှပ်အတန်းကို သွားကြည့်လိုက်မယ်"

"ကောင်းပြီ၊ ခဏနေမှတွေ့မယ်"

တန်ယန် ခေါင်းငြိမ့်ပြလိုက်ပြီး သူမသွားလိုသည့် ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။

ကန်တင်းထဲတွင် လူများများစားစား မရှိပေ။ အတန်းတင် စာမေးပွဲများ နီးကပ်နေပြီဖြစ်၍ လူတိုင်းက စာကြည့်ချိန်ရရန် ပါဆယ်မှာစားခြင်း သို့မဟုတ် အဆောင်ဖော်များကို ဝယ်ခိုင်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

တန်းစီပြီး ခဏအကြာတွင် တန်ယန် ကာရီဝက်သားပြားကြော်ကို ရရှိခဲ့ပြီး နောက်ထပ် ဆိုင်တစ်ခုသို့ ချိုချဉ်စပ်ဝက်သားကြော် ဝယ်ရန် သွားခဲ့သည်။ သူမအလှည့် ရောက်သောအခါ ထိုဟင်းမှာ တစ်ပွဲစာသာ ကျန်တော့၏။ သူမ စကားစဟန် ပြင်စဉ်မှာပင် ဘေးနားမှ အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။

"ချိုချဉ်စပ် ဝက်သားကြော် တစ်ပွဲပေးပါ"

တန်ယန် မျက်မှောင်ကြုတ်ကာ ဘေးကို လှည့်ကြည့်လိုက်မိသည်။

"အတိုင်ပင်ခံဆရာ"

အန်ကျဲချန်က အလိုက်သင့်ပင် ခေါင်းငြိမ့်ပြလိုက်ပြီး

"မင်းက ချိုချဉ်စပ် ဝက်သားကြော် စားမလို့လား"

"ဟုတ်ကဲ့၊ ဒါပေမဲ့ တစ်ပွဲပဲ ကျန်တော့တယ်ဆိုတော့ ဆရာပဲ ယူလိုက်ပါ၊ ကျွန်မမှာ တခြားဟင်းတွေ ရှိပါသေးတယ်"

တန်ယန်က လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"မလိုပါဘူး၊ မင်းပဲယူလိုက်ပါ"

ဟု ပြောကာ အန်ကျဲချန် ဆိုင်ရှေ့မှ အရင် ထွက်သွားသည်။

တန်ယန်က ထိုလူမှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း သူထွက်သွားပြီ ဖြစ်သဖြင့် နောက်ဆုံးကျန်သော ချိုချဉ်စပ် ဝက်သားကြော်မှာ သူမအပိုင် ဖြစ်သွားခဲ့သည်။

ဟင်းပွဲအပြည့်နှင့် ပြန်လာသော တန်ယန်သည် ကျန်းလီတို့နှင့် ပြန်ဆုံသည်။ သူတို့သုံးဦးမှာ ပြတင်းပေါက်နားတွင် ထိုင်ရင်း ကျောင်းတော်ကြီး၏ လှပသော မြင်ကွင်းကို ကြည့်ရှုခံစားကာ နေ့လယ်စာ စားသောက်နေကြသည်။

သူတို့ စားသောက်၍ မကြာသေးမီမှာပင် ကျောက်ယွိချင်းနှင့် အခြားမိန်းကလေး နှစ်ဦးသည် သူတို့စားပွဲနားတွင် ရပ်လိုက်ပြီး ရွဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သည်မှာ -

"ဟဲဟဲ အလှနတ်သမီးလေး တန်ယန် ပြန်ရောက်လာပြီပေါ့ ငါ့ကိုကျတော့ အတူတူစားဖို့ မခေါ်ပါလား နင်တို့တွေ လူစုခွဲပြီး အုပ်စုဖွဲ့နေကြတာလား"

"ကျောက်ယွိချင်း... နင်ရူးနေတာလား ငါတို့ခေါ်ချင်ရင် နင့်ကို အလွယ်တကူ ရှာလို့ရသားပဲ လာပြီး အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောမနေနဲ့"

ဟူခဲ့ခဲ့မှာ ဒေါသကြီးတတ်သူပီပီ ပြန်ပြောလိုက်၏။

"ဘာလဲ နင်က ကပ်ဖားရတာ အဲဒီလောက်တောင် ဝါသနာပါနေတာလား 'ဖားတတ်တဲ့သူဟာ နောက်ဆုံးမှာ ဘာမှမကျန်ဘဲ အဆုံးသတ်ရလိမ့်မယ်' ဆိုတဲ့ စကားကို မကြားဖူးဘူးလား"

ကျောက်ယွိချင်းနောက်မှ မိန်းကလေးနှစ်ဦးမှာ ထိုစကားကို ကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။

ဤအချက်က ဟူခဲ့ခဲ့ကို ဒေါသထွက်စေသဖြင့် ထရပ်၍ အခြေအတင်ပြောရန် ပြင်လိုက်သော်လည်း ကျန်းလီက သူမကို ပြန်ဆွဲထားလိုက်၏။

"ကျောက်ယွိချင်း... ငါတို့က အဆောင်ဖော်တွေပဲလေ၊ နင် အဲဒီလိုပြောတာက နည်းနည်းတော့ မလွန်ဘူးလား"

ကျန်းလီ မကျေမနပ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အေးပါ... နင်တို့က ရင်းနှီးကြတာ ငါသိပါတယ် တစ်ဆောင်လုံးမှာ ငါတစ်ယောက်တည်းကပဲ လူမုန်းများနေတာပါလေ ကဲ... ဖြည်းဖြည်းစားကြ၊ အများကြီး စားကြနော်"

ထိုသို့ ပြောပြီးနောက် ကျောက်ယွိချင်းသည် အခြားမိန်းကလေး နှစ်ဦးနှင့်အတူ ဟိုးဘက်သို့ ထွက်သွားသည်။

"ပြောစမ်းပါဦး... သူရူးနေတာလား အမြဲတမ်း ရွဲ့စောင်းပြီး ထူးထူးဆန်းဆန်းတွေ လျှောက်ပြောနေတာ ဘယ်သူက သူ့ကို စကားပြောချင်မှာလဲ အခုတော့ သူကပဲ ခံရတဲ့သူလိုလို၊ ငါတို့ကပဲ ဝိုင်းပယ်ထားသလိုလို လုပ်ပြသွားသေးတယ်"

ဟူခဲ့ခဲ့က ဒေါသတကြီး ပြောလိုက်ရာ ရှေ့ရှိ ဟင်းပွဲများပင် အရသာ ပျက်သွားသလို ခံစားလိုက်ရသည်။

"သူ အတော်လေး ပြောင်းလဲသွားတာပဲ ဘာတွေဖြစ်ခဲ့လို့လဲ"

တန်ယန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယခင်က ကျောက်ယွိချင်းမှာ အပြစ်ကင်းစင်သော ယုန်ကလေး တစ်ကောင်ကဲ့သို့ပင်။ ဟန်ဆောင်နေခြင်း ဖြစ်ခဲ့လျှင်တောင်မှ အားငယ်သနားစဖွယ် ပုံစံမျိုး ရှိခဲ့သေးသည်။

"ဘယ်သူသိမှာလဲ သူက အပြင်မှာပဲ အမြဲတမ်းလိုလို အိပ်တယ်၊ ရည်းစားရနေတာ ဖြစ်မှာပေါ့"

ဟူခဲ့ခဲ့က မျက်လုံးလှန်ပြကာ သူမအကြောင်း ဆက်မပြောချင်တော့ပေ။

တန်ယန်သည် ယခင်က သူမကို ကျုံးစီနျန်နှင့်အတူ တွေ့ခဲ့ဖူးသည်ကို သတိရသွားသည်။ ထိုမိန်းကလေး၏ ဂုဏ်ဒြပ်တက်မက်မှုမှာ သူမမျက်နှာပေါ်တွင် အထင်သား ပေါ်လွင်နေသော်လည်း သူမ၏ နည်းလမ်းများမှာမူ သိပ်ပြီး မပါးနပ်လှပေ။

"စာသင်နှစ် တစ်ဝက်ပဲ ရှိသေးတာ တက္ကသိုလ်က လူတစ်ယောက်ရဲ့ စရိုက်ကို ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ တော်တော်ကြီး ပြောင်းလဲပစ်လိုက်နိုင်တာလား"

ကျန်းလီ ဝေခွဲမရစွာ မေးလိုက်သည်။

"လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် ရှိကြတာပဲလေ ငါတို့ လုပ်နိုင်တာကတော့ ကိုယ့်လမ်းကိုယ် မှန်မှန်ကန်ကန် လျှောက်လှမ်းဖို့ပါပဲ"

တန်ယန်က အဓိပ္ပာယ်ပါပါပင် ပြောလိုက်လေ၏။

"ဒါပေမဲ့ အနာဂတ်မှာ ငါကိုယ်တိုင် မုန်းခဲ့တဲ့လူမျိုး ဖြစ်သွားမလားဆိုတာ မသိနိုင်ဘူးနော်"

ဟု ဟူခဲ့ခဲ့က အနည်းငယ် စိတ်ပျက်လက်ပျက် လေသံဖြင့် ဆိုလိုက်သည်။

"နာမည်ကြီး သူဌေးကြီးတစ်ယောက် ပြောဖူးတာ ငါမှတ်မိတယ်... ဒီလောကမှာရှိတဲ့ ကိစ္စတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ ရတယ်တဲ့၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ ပိုက်ဆံနှစ်ဆသုံးပြီး ဖြေရှင်းရတယ်လေ"

"ဖူး..."

"ဟား... ဟား..."

ကျန်းလီနှင့် ဟူခဲ့ခဲ့တို့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ယန်ယန်... နင်ကတော့ တကယ်ကို ရယ်ရတာပဲ အဲဒါဆို ပိုက်ဆံမရှိတဲ့ အချိန်ကျရင်ကော ဘာလုပ်မလဲ"

"ပိုက်ဆံမရှိရင် ငါ့ဆီကချေးပေါ့"

"ဟုတ်ပါပြီရှင်... သူဌေးမလေး တန်ယန်ရယ် နောက်နောင်ကျရင် ငါ့ကို အမြင့်ရောက်အောင် ဆွဲတင်ပေးဖို့ နင့်ကိုပဲ အားကိုးတော့မယ်နော်"

"ဟုတ်တယ် ငါ့ကိုလည်း ဆွဲခေါ်ဦး"

"ပြဿနာ မရှိပါဘူး ညီမလေးတို့ရာ"

စာသင်နှစ်ဝက် အဆုံးသတ်မှာ အလုပ်များခြင်း၊ ညီအစ်မသုံးဖော်၏ နောက်ပြောင် ကျီစယ်မှုများနှင့်အတူ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။ မမျှော်လင့်ထားဘဲ တန်ယန်သည် သူမ၏ ဘာသာရပ်တွင် ပထမ ရရှိခဲ့လေသည်။ ကျောင်း၏ အထူးခွင့်ပြုချက်ကြောင့် သူမ၏ အတန်းတက်ရောက်မှု အမှတ်များမှာလည်း ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ချေသည်။

အတန်းတင်စာမေးပွဲများ အပြီးတွင် ပေကျင်းရုပ်ရှင် အကယ်ဒမီ၏ ဝင်ခွင့်စာမေးပွဲများ စတင်ခဲ့ရာ မီကိုလည်း ဝင်ရောက် ဖြေဆိုခဲ့သည်။

"ငါဘာလုပ်ရမလဲယန်ယန် ငါနည်းနည်း စိတ်လှုပ်ရှားနေတယ်"

မီကိုသည် တန်ယန်၏လက်ကို ဆုပ်ကိုင်ထားပြီး ခြေထောက်များပင် မခိုင်ချင်တော့ပေ။

"စိတ်မပူပါနဲ့၊ ငါ ယီယွီက ဆရာတွေကို မေးကြည့်ပြီးပြီ နင် ပုံမှန်အတိုင်းပဲ လုပ်နိုင်ရင် အဆင်ပြေမှာပါတဲ့"

တန်ယန်က မီကိုကို အားပေးသည့် အနေဖြင့် သူမ၏ လက်များကို ညှစ်လိုက်သည်။

"ဒါပေမဲ့ တစ်ခုခု အမှားအယွင်းဖြစ်မှာ ငါစိုးရိမ်လို့ပါ"

"မဖြစ်စေရဘူး၊ ဒီနေ့ ငါ့ရဲ့ ကံကောင်းခြင်းတွေကို နင့်ကို ခွဲဝေပေးလိုက်မယ် နင် သေချာပေါက် လုပ်နိုင်မှာပါ"

တန်ယန်၏ ခိုင်မာသော အကြည့်များကို မြင်လိုက်ရသောအခါ မီကိုသည် ရုတ်တရက် သတ္တိများ ပြည့်လာခဲ့သည်။ သူမ လုပ်နိုင်သည်၊ သေချာပေါက် လုပ်နိုင်ရမည်။ သူမ ဤနေ့ရက်အတွက် အချိန်အတော်ကြာအောင် ပြင်ဆင်လာခဲ့ပြီး ဖြစ်သည်။

"အင်း၊ ယန်ယန်... ငါလုပ်နိုင်တယ်"

မီကိုသည် အသက်ကို ပြင်းပြင်းနှစ်ချက် ရှူလိုက်ပြီးနောက် ခေါင်းကိုမော့ကာ စာမေးပွဲခန်းထဲသို့ ဝင်သွားလေတော့သည်။

နှစ်စဉ်နှစ်တိုင်း အနုပညာ ဘာသာရပ်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲ ကာလများတွင် သတင်းထောက် အမြောက်အများသည် ဓာတ်ပုံရိုက်ရန်အတွက် ကျောင်းပေါက်ဝတွင် စောင့်ဆိုင်းနေတတ်ကြသည်။ လျှောက်ထားသူများ စာမေးပွဲခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ‘ဒီနှစ် အနုပညာဝင်ခွင့် စာမေးပွဲက အချောအလှလေးတွေကို ကြည့်လိုက်ကြဦး’ ဆိုသည့် သတင်းဆောင်းပါးမျိုးစုံ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည်။

ဤအချိန်မျိုးတွင် အင်တာနက် အသုံးပြုသူများသည် ပေကျင်းရုပ်ရှင် အကယ်ဒမီ၏ ယခုနှစ်အတွက် အချောဆုံးနှင့် အလှဆုံး စာမေးပွဲ ဖြေဆိုသူကို မဲပေးရွေးချယ်ကြလေ့ ရှိသည်။

၎င်းသည် အနုပညာ လောကထဲသို့ ခြေစုံပစ်ဝင်ရန် မျှော်လင့်ချက်အပြည့် ရှိနေသော မျက်နှာသစ်များအတွက် လူထုရှေ့မှောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပေသည်။ ၎င်းတို့အထဲမှ ကံကောင်းသူ အချို့မှာ အနုပညာ အေဂျင်စီများ၏ မျက်စိကျခြင်းကို ခံရပြီး စာချုပ်ချုပ်ဆိုခွင့် ရရှိသွားနိုင်ချေရှိသည်။

သို့သော် ဤအရာ အားလုံးသည် မီကိုနှင့်မူ ဘာမှမသက်ဆိုင်ပေ။ သူမသည် ယီယွီအင်တာတိန်းမန့်နှင့် အကောင်းဆုံးသော စာချုပ်ကို ချုပ်ဆိုထားပြီးသား ဖြစ်သည်။

မည်သည့်အနုပညာ ကုမ္ပဏီမှ တန်ယန်၏ ယုံကြည်မှုကို သူမလောက် မရရှိနိုင်ချေ။

စာမေးပွဲမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ရာ ပထမနေ့တွင် ပဏာမအဆင့်နှင့် ဒုတိယနေ့တွင် နောက်ဆုံးအဆင့် စာမေးပွဲများ ရှိလေသည်။ အခြေခံအားဖြင့် ဒုတိယအဆင့်အထိ တက်လှမ်းနိုင်သူများသည် ပေကျင်းရုပ်ရှင် အကယ်ဒမီတွင် နေရာတစ်နေရာ အပိုင်ရရှိထားပြီဟု ဆိုနိုင်သည်။

ယခုနှစ်တွင် ပေကျင်းရုပ်ရှင် အကယ်ဒမီသို့ လျှောက်ထားသူပေါင်း ၁၆,၀၀၀ ရှိရာ ကနဦးစိစစ်မှုတွင် ၈၀ ရာခိုင်နှုန်းခန့်မှာ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ ကျန်ရှိနေသူများသာ ပဏာမ အဆင့်ကို ဆက်လက်ဖြေဆိုခွင့် ရရှိကြခြင်း ဖြစ်သည်။

ကနဦးစိစစ်မှုတွင် ၄၀ ရာခိုင်နှုန်းသာ အောင်မြင်ပြီး ဒုတိယအဆင့် စစ်ဆေးမှုတွင်မူ ထို ၄၀ ရာခိုင်နှုန်း၏ တစ်ဝက်ခန့်ကို ထပ်မံပယ်ဖျက်ကာ ဝင်ခွင့်ပေးခြင်း ဖြစ်သည်။

ကျောင်းသားဦးရေ သတ်မှတ်ချက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာနှင့် သရုပ်ဆောင် အပါအဝင် ဌာနအားလုံးမှ လက်ခံမည့် စုစုပေါင်း အရေအတွက် ပါဝင်သည်။

၎င်းမှာ ထောင်ပေါင်းများစွာသော စစ်သည်တော်များက သစ်လုံးတံတားလေး တစ်ခုကို လုယက်ကာ ဖြတ်ကူးနေရသကဲ့သို့ပင် ခက်ခဲလှပြီး ရွေးချယ်ခံရသူများမှာ အတော်ဆုံးထဲမှ အတော်ဆုံးများသာ ဖြစ်ပေသည်။

နှစ်ရက်တာ စာမေးပွဲ ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မီကိုမှာ သူမ၏ အထူးပြု ဘာသာရပ်တွင် ပထမအဆင့်ကို အလွယ်တကူ ရရှိခဲ့သည်။ ထို့ကြောင့် တန်ယန်သည် မီကိုကို ဂုဏ်ပြုရန်အတွက် နာမည်ကျော် ဆန်းမန်လမ်းသို့ အထူးတလည် ခေါ်ဆောင်သွားခဲ့၏။

"ယန်ယန်... ငါ နင့်ကတ်နဲ့ ကြိုက်တာဝယ်လို့ ရတယ်ပေါ့"

မီကိုက တန်ယန်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်ကာ 'နင်နောက်နေတာ မဟုတ်ဘူးမလား' ဟု မေးနေသကဲ့သို့ပင်။

"အင်းလေ... နင့်ဘာသာနင် ရွေးတာက ပိုမကောင်းဘူးလား ငါရွေးပေးလို့ နင်မကြိုက်တာမျိုး ဖြစ်နေရင် အလကားပဲလေ ဒီအတိုင်းကြီး ပစ်ထားရင် နှမြောစရာကြီး"

တန်ယန်က သူမ၏ တွေးခေါ်ပုံမှာ လုံးဝ အပြစ်ပြောစရာ မရှိဟု ခံစားနေရသည်။ မကြိုက်သည့် အရာကို ဘေးဖယ်ထားခြင်းမှာ ဖြုန်းတီးရာရောက်သည်။

သို့သော် သူမ၏ ကိုယ်ပိုင် အဝတ်ခန်းမကြီး အတွင်းရှိ များစွာသော အဝတ်အစားများ၊ ဖိနပ်များ၊ အိတ်များနှင့် အသုံးအဆောင် ပစ္စည်းများမှာ တစ်ခါမှပင် မဝတ်ရသေးဘဲ ခေတ်နောက်ကျသွားသဖြင့် စွန့်ပစ်ခြင်း ခံခဲ့ရသည်ကိုမူ သူမ သတိမထားမိပါချေ။

"ငါတို့ အောင်ပွဲခံကြမှာဆိုတော့ အပြင်မှာ သွားစားတာမျိုး ဘာညာ လုပ်သင့်တာ မဟုတ်ဘူးလား ဘာလို့ ဒီမှာ ဈေးဝယ်နေရတာလဲ ငါသာ ဒီဈေးဝယ်စင်တာ တစ်ခုလုံးကို ဝယ်မယ်ဆိုရင်ရော နင့်ကတ်ကို သုံးပေးမှာလား"

"အမလေးလေး... ငါ ဘယ်လောက်တောင် ချမ်းသာတယ်ဆိုတာ နင် လုံးဝ သိပုံမရသေးဘူးပဲ"

တန်ယန် မီကို့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ သူမသာ တကယ် အလိုရှိပါက ဤဈေးဝယ်စင်တာ တစ်ခုလုံးကိုပင် အလွယ်တကူ ဝယ်ယူနိုင်စွမ်း ရှိပေသည်။

"ထားလိုက်ပါတော့၊ ငါ့အိမ်မှာလည်း တစ်ခါမှ မဝတ်ရသေးတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ အများကြီးပဲ အခုလည်း အထူးတလည် ဝယ်ချင်တာ မရှိပါဘူး နောက်ပြီး ကုမ္ပဏီကလည်း ဝတ်စုံတွေ အလကား ထောက်ပံ့ပေးနေတာပဲလေ အဲဒါက နင့်ပိုက်ဆံပဲ ဆိုပေမဲ့ ကုမ္ပဏီစာရင်းထဲကပဲ သုံးနေတာ မဟုတ်လား"

"အေးလေ... ထားလိုက်ပါတော့၊ နင်ရွေးရမှာ အားနာမနေအောင် ငါပဲ နင့်အိမ်အရောက် ပို့ခိုင်းလိုက်တော့မယ် ကဲ... ဘာစားကြမလဲ"

ဟု တန်ယန်က မေးလိုက်၏။

"ဟော့ပေါ့စားမလား"

မီကိုက သွားရည်ကျသလို နှုတ်ခမ်းသပ်ရင်း ပြောလိုက်သည်။

"ငါ ဟော့ပေါ့မစားရတာ တော်တော်ကြာနေပြီ၊ အခုတော့ စာမေးပွဲတွေလည်း အားလုံး ပြီးသွားပြီဆိုတော့ ငါ့ကိုယ်ငါ ကောင်းကောင်းလေး ဆုချဦးမှ"

"ပြဿနာမရှိဘူး၊ အပေါ်ထပ်မှာ ဟော့ပေါ့ဆိုင်ရှိတယ်၊ သွားကြစို့"

All Chapters