← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း ၁၅၇

ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အခြေခံစီမံကိန်း

ရာသီဥတုက ဟော့ပေါ့စားဖို့ရန် ကွက်တိဖြစ်နေသည်။ လူအများစုကလည်း သူတို့နှစ်ဦးကဲ့သို့ပင် တွေးတောထားကြပုံရ၏။ တန်းစီကာ နံပါတ်ယူပြီးနောက် နားနေဆောင်တွင် တစ်နာရီနီးပါးခန့် စောင့်ဆိုင်းပြီးမှသာ ထိုင်ခုံရရှိခဲ့လေသည်။

"ဘုရားရေ... ဒီအချိန်ကြီးမှာ လူတွေ ဒီလောက်တောင် များနေတာလား ငါတော့ ဗိုက်ဆာလွန်းလို့ သေတော့မယ် မြန်မြန်မှာကြရအောင်၊ အခုဆို အမဲသား ရှစ်ပွဲလောက်တောင် အကုန်ပြောင်အောင် စားပစ်နိုင်တယ်"

မီကိုက စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ဟင်းမှာရန်အတွက် တက်ဘလက်ကို အလျင်အမြန်ပင် ဆွဲယူလိုက်သည်။

"အပွဲနှစ်ဆယ်လောက် စားရင်တောင် ငါက ဘေးကနေ အားပေးနေမှာပါ စားပြီးရင် ဘာဆက်လုပ်ကြမလဲ"

"ရုပ်ရှင်ကြည့်မလား အခုရက်ပိုင်း ကားကောင်းလေးတစ်ကား ထွက်မယ်ထင်တယ် သွားကြည့်ကြမလား"

တန်ယန် သူမကို ထူးဆန်းသလို ကြည့်လိုက်ပြီး -

"နင်ကတော့ အနုပညာလောကထဲ ဝင်တော့မယ့်သူ ဆိုတော့လည်း မဆန်းပါဘူးလေ ရုပ်ရှင်ကြည့်တာက နင့်အတွက် လေ့လာသင်ယူမှုတစ်ခု ဖြစ်နေပြီပေါ့ တကယ်ကို လေးစားပါတယ်"

"ဟွန့် ငါက အနာဂတ်မှာ ရုပ်ရှင်ထူးချွန်ဆုရှင် ဖြစ်လာမယ့် သူပဲလေ မဟုတ်ရင် နင် ငါ့အပေါ်မှာ ပုံအောပေးထားတဲ့ အရင်းအနှီးတွေကို ဘယ်လိုပြန်ဆပ်ရမလဲ"

"ငါက ပိုက်ဆံရချင်လို့ အနုပညာကုမ္ပဏီ ထောင်တာလည်း ဖြစ်နိုင်တာပဲလေ မဟုတ်ဘူးလား"

"မဖြစ်နိုင်တာ ငါသာမရှိရင် နင် အနုပညာကုမ္ပဏီ ထောင်ပါ့မလား ငါ့ကို သေအောင်ရိုက်ရင်တောင် မယုံဘူး"

မီကိုက ဤအချက်ကို တစ်ရာရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ချက် ရှိနေလေသည်။

"ငါတော့ ပြောစရာ စကားတောင် မရှိတော့ဘူး ကဲ... အနာဂတ်ရဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးကြီးရှင့် လိမ္မော်ရည်လေး ဘာလေး သောက်ဦးမလား"

"သောက်မယ်"

မကြာမီမှာပင် စားပွဲထိုးက လှည်းလေးဖြင့် ဟင်းပွဲများကို သယ်ဆောင်လာပြီး သူတို့နှစ်ဦးစာ စားပွဲပေါ်တွင် အပြည့်အသိပ် ချပေးလိုက်သည်။ သူတို့မှာထားသည်မှာ အမဲသားဆီဖြင့် ပြုလုပ်ထားသော အစပ်အရသာ ဟော့ပေါ့အိုး ဖြစ်သည်။ အိုးအပူ တက်လာသည်နှင့်အမျှ မွှေးကြိုင်စပ်ရှသော ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

မီကိုသည် မစောင့်နိုင်တော့ဘဲ ပထမဆုံး ဟင်းသီးဟင်းရွက်များကို အိုးထဲသို့ ထည့်လိုက်ပြီးနောက် အမဲသားအချို့ကို ဇကာဖြင့် ခဏတာ ပြုတ်လိုက်သည်။ ဆယ်စက္ကန့်ပင် မပြည့်မီ အချိန်၌ အမဲသားများ ကျက်သွားသောအခါ တန်ယန်၏ ပန်းကန်ထဲသို့ ဇွန်းအပြည့်တစ်ဇွန်း ခပ်ထည့်ပေးလိုက်ပြီးမှ သူမအတွက် ဆက်လက် ချက်ပြုတ်နေတော့သည်။

ဟော့ပေါ့မှာ တစ်လုပ်စားတိုင်း ပို၍ ပို၍ စပ်လာခဲ့ရာ လိမ္မော်ရည်မှာလည်း ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ဟော့ပေါ့ဆိုင်မှ လက်ဆောင်ပေးသော အအေးခံထားသည့် ဇီးဖျော်ရည်က အတော်ပင် အသုံးတည့်သွားခဲ့၏။ ပြောရလျှင် ပေကျင်းရှိ ဇီးဖျော်ရည် အရသာမှာ အခြားနေရာများထက် ပို၍ စစ်မှန်လှသည်။

စားသောက်ပြီးနောက် ဗိုက်အတော်လေး ကားသွားသော်လည်း မီကိုမှာ တန်ယန်၏ ဆွဲခေါ်မှုကြောင့် နာမည်ကြီး တံဆိပ်မျိုးစုံရှိသော ဆိုင်များအတွင်းသို့ ပတ်ကာ ကြည့်ခဲ့ရပြန်သည်။ ဆန်းမန်လမ်းမှ အပြန်တွင်မူ မီကိုသည် မျက်နှာလေးညှိုးကာ ငြီးတွားမိတော့သည်။

"ယန်ယန်... ငါ့ရဲ့ အနာဂတ်ဝင်ငွေက ငါ့ရဲ့ သုံးဖြုန်းမှုကို မှီနိုင်ပါဦးမလား မသိတော့ဘူး"

အိတ်တစ်လုံးလျှင်ပင် ယွမ်ငွေ သိန်းဂဏန်းအထိ ပေးရလေသည်။ သူမ ကြိုက်သလောက် ဝယ်နိုင်ရန်အတွက် ပိုက်ဆံ ဘယ်လောက်များများ ရှာရပါဦးမည်နည်း။

"ဒါပေမဲ့ ဒီအိတ်ကို နင်က နှစ်အတော်ကြာအောင် လွယ်မှာလေ ဥပမာ- ယွမ်တစ်သိန်းတန် အိတ်တစ်လုံးကို ငါးနှစ်လောက် လွယ်မယ်ဆိုရင် တစ်နှစ်ကို နှစ်သောင်းပဲ ကျသင့်တော့တာပေါ့၊ ဒါဆို တစ်လကို တစ်ထောင့်ခြောက်ရာလောက်ပဲ ရှိတာလေ နင် မတတ်နိုင်စရာအကြောင်း မရှိပါဘူး ဟုတ်တယ်မလား"

"အင်း... နင်ပြောတာလည်း ဟုတ်သားပဲ..."

မီကို စဉ်းစားနေမိသော်လည်း တစ်ခုခု မှားယွင်းနေသလို ခံစားနေရဆဲပင်။ သို့သော် ဘယ်နေရာမှာ မှားနေသလဲ ဆိုသည်ကိုမူ သူမ ဝေခွဲမရ ဖြစ်နေချေသည်။

"ကဲပါ... အဲဒါတွေ ဆက်မတွေးနဲ့တော့ အကျိုးအမြတ်များမယ့် ပရောဂျက် တစ်ခုခုရှိရင် ငါ နင့်ကိုပါ အတူတူ ရင်းနှီးမြှုပ်နှံခိုင်းမယ်၊ ဒါဆို ပိုက်ဆံပြတ်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့ ဒါတင်မကသေးဘူး နင့်အန်တီနဲ့ အန်ကယ်ကလည်း လတိုင်း မုန့်ဖိုးတွေ အများကြီး ပေးနေတာပဲ နင်က အဲဒါတွေကို အကုန်စုထားတာ မဟုတ်ဘူးလား"

တန်ယန်က ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ မီကို၏ခေါင်းကို အသာအယာ ပုတ်လိုက်၏။

"အင်း... ငါ ဆက်မတွေးတော့ပါဘူး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးမှပဲ စဉ်းစားတော့မယ် ဟူး... နှစ်သစ်ကူးပြီးတာနဲ့ စာမေးပွဲအတွက် ပြင်ဆင်ရတော့မှာကို တွေးမိရုံနဲ့တင် အားအင်တွေ ကုန်ခမ်းသွားသလိုပဲ ယန်ယန်... နင်က တက္ကသိုလ်တောင် ရောက်နေပြီဆိုတော့ ငါ အရမ်း မနာလိုဖြစ်တာပဲ ဝါး..."

"အထက်တန်း ဝင်ခွင့်တုန်းက ကြိုးစားခဲ့တဲ့ ဇွဲမျိုးနဲ့ပဲ ပြန်ကြိုးစားကြတာပေါ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးသွားရင် ငါတို့အတူတူ ခရီးထွက်ကြမယ်လေ"

"ကောင်းတာပေါ့ ခရီးသွားရဖို့အတွက် ငါကြိုးစားရမှာပဲ စာမေးပွဲမှာ အမှတ်မကောင်းရင် နင်နဲ့အတူ အပြင်ထွက်ခွင့်ရမှာ မဟုတ်ဘူး"

"နင်က ပေကျင်းရုပ်ရှင် အကယ်ဒမီရဲ့ တံခါးဝကို ခြေတစ်ဖက် လှမ်းထားပြီးသားပဲဥစ္စာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဘာကြောက်နေစရာ လိုသေးလဲ"

"အင်း ဘာသာရပ်တိုင်း အောင်မှတ်ရရင်ကို လုံလောက်ပါပြီ ကြည့်ရတာ သိပ်တော့ မခက်ပါဘူး"

"ငါ နင့်အတွက် အရေးကြီးတဲ့ မှတ်စုတိုလေးတွေ ပြင်ပေးထားတယ် အဲဒါတွေကို သေသေချာချာ နားလည်သွားရင်တော့ သေချာပေါက် အောင်မှာပါ"

"နင်က ငါ့ရဲ့ ချစ်လှစွာသော မိသားစုဝင်လေးပဲ... ဝါး... ငါတကယ်ကို ကံကောင်းလိုက်တာ"

"အသဲလေးရေ... နှစ်သစ်ကူးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရအောင်"

ယခုနှစ်တွင် မြေကွက် S နှင့် ပိုင်ရှကျွန်း ဖော်ဆောင်ရေး လုပ်ငန်းများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျိုးချီနှင့် ချင်ယွီရုံတို့မှာ သက်ဆိုင်ရာ လုပ်ငန်းများကို ကိုင်တွယ်ရန် ပေကျင်းတွင် ရှိနေကြသဖြင့် တန်ယန်နှင့် မီကိုတို့ နှစ်ဦးသား S မြို့တော်သို့ အတူတူ ပြန်လာခဲ့ကြ၏။

တန်ယန် အိမ်ပြန်ရောက်၍ မိသားစုဝင် အမြောက်အများကို မြင်လိုက်ရသော အခါမှ သူမဝယ်ထားသော အိမ်မှာ အလွန်သေးနေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ သူမတစ်ယောက်တည်းသာ ထိုကဲ့သို့ ခံစားနေရသည် မဟုတ်ဘဲ သူမ၏ မိဘများကလည်း ထိုနည်းတူပင် ခံစားနေရချေသည်။

"အရင်ကတော့ ငါတို့အိမ်က တော်တော်ကျယ်တယ်လို့ ထင်ခဲ့တာ အခုတော့ မိသားစုထဲမှာ လူတွေက ပိုပိုများလာတော့ နည်းနည်းကျဉ်းနေသလိုပဲ တခြားနေရာ တစ်ခုခုကို ပြောင်းဖို့လိုနေပြီ ထင်တယ်"

ဟု ဦးလေးတန်က ခြေထောက်ချိတ်ထိုင်ရင်း သူတစ်ကိုယ်တည်း ရေရွတ်နေသည်။

"ဟုတ်တာပေါ့၊ အိမ်ကြီးတစ်လုံးလောက် ဆောက်လိုက်ဦးလေ မဟုတ်ရင် ဘယ်လိုလုပ် နေလို့ဖြစ်မှာလဲ ပြီးရင် ရှင့်အတွက် မယားငယ် နှစ်ယောက်လောက် ထပ်ရှာပေးဦးမယ်၊ သားတွေအများကြီး ထပ်မွေးခိုင်းလိုက်ပေါ့ ရှင်တော့ ပျော်နေမှာပဲ မဟုတ်လား"

ဟု တန်ယန်၏မိခင်က စိတ်တိုတိုနှင့် ခနဲ့လိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဖခင်ဖြစ်သူမှာ ဇနီးသည် စိတ်ကောက်နေပြီမှန်း ရိပ်မိသွားတော့၏။ သူသည် ချက်ချင်းပင် အနားသို့ အပြုံးလေးနှင့် ကပ်သွားပြီး ပခုံးများကို နှိပ်နယ်ပေးကာ ရေနွေးကြမ်းပါ ကိုယ်တိုင်ခပ်ပေးရင်း ရှင်းပြတော့သည်။

"ငါတို့က မိသားစုကြီးလေကွာ နှစ်သစ်ကူးမှာ အားလုံး စုံစုံလင်လင် ရှိနေသင့်တာ မဟုတ်ဘူးလား ဧည့်ခန်းကလည်း တကယ်ကို ကျဉ်းနေသလိုပဲ၊ အခန်းတွေကလည်း မလောက်တော့ဘူး နောက်ထပ် လူနှစ်ယောက်လောက် ထပ်ရောက်လာရင်တောင် နေစရာရှိတော့မှာ မဟုတ်ဘူး"

မိခင်ဖြစ်သူကလည်း ထိုစကားမှာ ယုတ္တိရှိသည်ဟု တွေးမိသော်လည်း ဤအိမ်မှာ သူမ၏ သမီးဖြစ်သူကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သောကြောင့် တန်ယန်ကို လှမ်းကြည့်လိုက်ရာ တန်ယန်က ဘာမှတုံ့ပြန်မှု မရှိသည်ကို မြင်သဖြင့် -

"ယန်ယန်... သမီးရော ဘယ်လိုထင်လဲ"

ဟု မေးလိုက်၏။

"သမီးကတော့ ဘာသဘောထားမှ မရှိပါဘူး အဓိကကတော့ အဖေနဲ့အမေ သဘောပါပဲ ပြီးခဲ့တဲ့ နှစ်တွေမှာ သမီးက နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှပဲ ပြန်လာတာလေ အကယ်၍ အိမ်က အရမ်းကျဉ်းတယ်လို့ ထင်ရင်တော့ အခု သမီးတို့ရဲ့ ငွေရေးကြေးရေး အခြေအနေအရ ကြိုက်တဲ့အချိန်မှာ ပိုကြီးတဲ့ အိမ်တစ်လုံးကို ဝယ်လို့ရနေတာပဲ"

"အမေ... အဖေတို့ အမေတို့ ကုမ္ပဏီတွေက လူနေရပ်ကွက် အသစ်တွေ ဖော်ဆောင်ဖို့ စီမံကိန်းရှိတယ် မဟုတ်လား နောက်တစ်ခါကျရင် အဆင့်မြင့် အိမ်ရာဝင်းတစ်ခု စီစဉ်ပြီး သမီးတို့အတွက် အကြီးဆုံးတစ်လုံး ချန်ထားလိုက်လေ ဟုတ်တယ်မလား၊ ဒါမှမဟုတ် အမေတို့ ပေကျင်းကို ပြောင်းလာမလား အဲဒီမှာ လေးဘက်ပိတ် ခြံဝင်းနဲ့ အိမ်တစ်လုံးရှိတယ်၊ တော်တော်လေးလည်း ကျယ်တယ် ပေကျင်းမြို့ပြင်မှာလည်း ဗီလာအိမ်တစ်လုံး ရှိသေးတယ်၊ အဲဒါကတော့ ခရီးသွားလုပ်ငန်း အတွက်တောင် သုံးလို့ရမယ့် ပုံစံမျိုးပဲ"

"နင် နောက်ထပ် အိမ်တစ်လုံး ထပ်ဝယ်လိုက်ပြန်ပြီလား"

ဟု မိခင်ဖြစ်သူက အံ့သြတကြီး မေးလိုက်သည်။

ဖခင်ဖြစ်သူမှာလည်း စိုးရိမ်တကြီး ဖြစ်သွားပြီး -

"ယန်ယန်... သမီးက နောင်ကျရင် ပေကျင်းမှာပဲ အပြီးအပိုင် အခြေချတော့မလို့လား"

"မဟုတ်ပါဘူး၊ အခု အိမ်ဝယ်ထားတာက ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေနဲ့ပါပဲ ပြီးတော့ နေရတာလည်း ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့ သမီးထင်တာကတော့ H မြို့တော်မှာလည်း အိမ်အချို့ ဝယ်ထားသင့်တယ်လို့ ထင်တာပဲ လက်ထဲကငွေကို အိမ်ခြံမြေအဖြစ် ပြောင်းလဲထားတာက ဘယ်တော့မှ အရှုံးမရှိနိုင်ဘူးလေ"

"အဲဒါဆိုရင်တော့ တော်သေးတာပေါ့၊ နင့်အဖေက ငါတို့ရဲ့ ဌာနချုပ်ကို S မြို့တော်မှာပဲထားဖို့ စဉ်းစားနေတာ အစိုးရနဲ့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း စီမံကိန်းတွေ ဖော်ဆောင်ဖို့လည်း ကြိုးစားနေတယ် အဆင်ပြေသွားမယ် ဆိုရင်တော့ ငါတို့ S မြို့တော်လေးကလည်း အဆင့်အတန်း ပိုမြင့်လာမှာပေါ့"

"ဘယ်လို စီမံကိန်းမျိုးလဲဟင် ရန်ပုံငွေ လိုအပ်နေလို့လား"

တန်ယန်၏ သိချင်စိတ်က ထကြွလာခဲ့သည်။

"တောင်တန်းတွေ၊ မြစ်ချောင်းတွေ၊ ပန်းခြံတွေနဲ့ နေချင်စဖွယ် မြို့ပြစီမံကိန်းမျိုးပါပဲ ငါတို့ဆီမှာ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ သမိုင်းဝင်နေရာတွေ အများကြီးရှိပေမဲ့ ထူးချွန်တဲ့ လူရည်ချွန်တွေကို ဆွဲဆောင်နိုင်တဲ့ ကုမ္ပဏီတွေကတော့ သိပ်မရှိသေးဘူး ကျွန်မတို့ ကုမ္ပဏီက မြို့ပြ စိမ်းလန်းစိုပြည်ရေးနဲ့ ကုန်သွယ်မှုကို ပေါင်းစပ်ထားတဲ့ စီမံကိန်းတစ်ခုကို ရေးထားတယ် တစ်ဖက်ကကြည့်ရင် အစိုးရရဲ့ အထောက်အပံ့ကို ရနိုင်သလို နောက်တစ်ဖက်ကလည်း ငါတို့ရဲ့ ဇာတိမြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်တာပေါ့"

"ဒါ တကယ့်ကိုကောင်းတဲ့ အကြံဉာဏ်ပဲ၊ အောင်မြင်မှာ သေချာတယ်"

"ဒါတွေအားလုံးက သမီးအရင်က ပေးခဲ့တဲ့ အကြံဉာဏ်ကြောင့်ပဲ ရွက်လှေခရီးစဉ်ကနေ ပြန်ရောက်တာနဲ့ လူတွေကို အဆိုပြုလွှာ ရေးခိုင်းလိုက်တာ အခုတော့ အကောင်အထည်ပေါ်စ ပြုနေပြီပေါ့"

"အဖေ... ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရိုက်ကွင်းစတူဒီယို အခြေစိုက် စခန်းတစ်ခု တည်ဆောက်လို့ ရတာပဲ သမီး အဖေ့ကို ရင်းနှီးမြှုပ်နှံပေးမယ်၊ ဒါမှမဟုတ် ကုမ္ပဏီမှာ ရှယ်ယာ တိုက်ရိုက်ဝင်ယူမယ်လေ"

"ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အခြေစိုက်စခန်း ဟုတ်လား အဲဒါလေးကို သမီး သေချာပြောပြပါဦး"

တန်ယန်သည် ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ အနာဂတ် အလားအလာများနှင့် ပတ်သက်၍ သူမ၏ အမြင်များကို ဖခင်ဖြစ်သူအား အသေးစိတ် ရှင်းပြခဲ့သည်။ နောက်ဆုံးတွင် ညစာမစားမီမှာပင် ဖခင်ဖြစ်သူသည် ထိုအခြေစိုက်စခန်း တည်ဆောက်ရေးကို ထောက်ခံရန် ဆုံးဖြတ်လိုက်၏။ သူတို့သည် အစိုးရနှင့် သူတို့၏ ကုမ္ပဏီနှစ်ခုကို ဖက်စပ်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ ၎င်းမှာ ယခင်က ချမှတ်ထားသော စီမံကိန်းများကိုပါ အကောင်အထည်ဖော်ရာ ရောက်ပေမည်။

တွေဝေနှောင့်နှေးခြင်း မရှိဘဲ သားအဖနှစ်ဦးသည် ညစာစားပြီးနောက် စာကြည့်ခန်းသို့ အတူရွှေ့ကာ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆက်လက် အချောသတ်ခဲ့ကြသည်။ ညဉ့်နက်ပိုင်း ရောက်သည့်အချိန်၌ စီမံကိန်း၏ ပထမဆုံးမူကြမ်းမှာ ထွက်ပေါ်လာပါတော့သည်။ ကျန်ရှိသည့် အပိုင်းများကိုမူ တန်ယန်စိုးရိမ်နေစရာ မလိုတော့ချေ။ သူမဖခင်၏ ကုမ္ပဏီမှ ဝန်ထမ်းများက ဆက်လက် လုပ်ဆောင်သွားကြမည် ဖြစ်သည်။

သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ ကျိုးချီကို လက်ထောက်အဖြစ် ပါဝင်လာအောင် လုပ်ရန်ပင်။ ကျိုးချီကို နောက်ထပ် အလုပ်တစ်ခု ထပ်ပေးလိုက်ရသဖြင့် တန်ယန်မှာ ပြောမပြတတ်အောင် အားနာမိသွားသည်။ ယီယွီ၏ အလုပ်များအား ကိုင်တွယ်ရန် နောက်ထပ် လူတစ်ယောက်ကို သီးသန့် ထပ်ခန့်သင့်ပြီဟု သူမတွေးမိသွား၏။

အခန်း ၁၅၈

လီရှူးယောင်း ပြည်ပသို့ ထွက်ခွာခြင်း

နောက်တစ်နေ့တွင်မူ တန်ယန်သည် မိခင်ဖြစ်သူ ဈေးဝယ်ထွက်ရန် လာနှိုးသဖြင့် အိပ်ရာမှ နိုးလာခဲ့ရသည်။ တန်ယန်မှာ ဝေခွဲမရဖြစ်လျက်

"အမေ... အန်တီမီကို ဘာလို့ အတူတူသွားဖို့ မခေါ်တာလဲ"

ဟု မေးလိုက်မိသည်။

"ကိုကိုက နင့်ကို မပြောဘူးလား အန်တီမီတို့ မိသားစုက ဒီနေ့ နယ်ဘက်ကို ပြန်သွားကြပြီလေ"

"အာ... ဟုတ်သားပဲ"

အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ထိုကဲ့သို့ကိစ္စမျိုး ရှိခဲ့သည်ကို သတိရသွားသည်။

"ဒါဆို အန်တီကြီးကော"

"နင့်အန်တီကြီးတို့ မိသားစုက ဒီနှစ်နွေဦးပွဲတော်ကို H မြို့တော်မှာ သွားဖြတ်သန်းကြမှာလေ အဲဒါကြောင့် ဒီနှစ်တော့ အမေတို့နဲ့အတူ ရှိမှာမဟုတ်ဘူး"

"ဪ... အန်ကယ်တို့အိမ်ကို သွားကြတာပေါ့"

တန်ယန်သည် သူမမိခင်အတွက် ကားမောင်းသမားအဖြစ် တာဝန်ယူရန်သာ လက်လျှော့လိုက်တော့သည်။ မနေ့ကမှ အဖေဖြစ်သူကို အလုပ်ပိုအတွက် အကြံပေးခဲ့သည်မှာ သူမကိုယ်တိုင်ပင်။ သားအမိနှစ်ဦး အတူတူ ဈေးဝယ်မထွက် ဖြစ်သည်မှာ ကြာပြီဖြစ်ရာ ခြောက်လကျော်အတွင်း S မြို့တော်၏ မြို့လယ်ခေါင်မှာ ဤမျှအထိ ပြောင်းလဲသွားသည်ကို မြင်ရသဖြင့် တန်ယန်မှာ အံ့သြတုန်လှုပ်သွားရသည်။ သူမပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေချေပြီ။

"အမေ... သမီးတို့ ရပ်ကွက်က ဘယ်တုန်းက ဒီလောက်တောင် စည်ကားသွားတာလဲ ပေကျင်းက ကုန်သွယ်ရေး လမ်းမကြီးတွေ အတိုင်းပဲ"

"နင် ဈေးဝယ်မထွက်တာ ဘယ်လောက်တောင် ကြာနေပြီလဲ တိုင်းမ်စကွဲက ဒီနှစ်ဆန်းပိုင်းမှာ ပိုင်ရှင်အသစ် ပြောင်းသွားတာလေ ပြီးတော့ ပြုပြင်မွမ်းမံဖို့အတွက် သုံးလတောင် ပိတ်ထားခဲ့တာ"

"ဟုတ်ကဲ့ပါ... သမီးပဲ ပတ်ဝန်းကျင်ကို လေ့လာမှု အားနည်းနေတာ"

တန်ယန်မှာ S မြို့တော်လေး ဤမျှအထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

"အရင်ဆုံး LM ဆိုင်ကို သွားရအောင်၊ အမေ အဲဒီမှာ လက်ကောက်တစ်ကွင်း မှာထားတာရှိတယ်၊ သမီးလိုက်ကြည့်ပေးဦး"

LM ဆိုင်သည်လည်း တိုင်းမ်စကွဲ ပြုပြင်ပြီးနောက်တွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အခြားသော လူသုံးများသည့် အဆင့်မြင့် အမှတ်တံဆိပ်များမှာလည်း ဤနေရာတွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားကြလေသည်။

တန်ယန်၏ မိခင်မှာ ထိုဆိုင်၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်ဟန်တူ၏။ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးက ချက်ချင်းပင် လာရောက် နှုတ်ဆက်သည်။

"မင်္ဂလာပါ ဒေါ်ဒေါ် အရင်ကမှာထားတဲ့ လက်ကောက်ကို လာယူတာလားရှင့်"

"ဟုတ်တယ်... ကျေးဇူးပြုပြီး ထုတ်ပေးပါဦးနွယ်ရေ"

တန်ယန်၏ မိခင်သည် သူမကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်သရွေ့ ပြင်ပလူများအပေါ် အမြဲတမ်း သဘောကောင်းတတ်သူ ဖြစ်သည်။

ဤဆိုင်တွင် VIP အခန်းများ သီးသန့်မရှိသော်လည်း ဖောက်သည်များအတွက် နားနေဆောင် ရှိလေသည်။ သို့သော်လည်း သူတို့မှာ အိမ်မှ အခုမှ ထွက်လာခြင်းဖြစ်၍ မပင်ပန်းသေးသောကြောင့် ဆိုင်အတွင်း လှည့်လည် ကြည့်ရှုနေကြသည်။

တန်ယန်သည် အလွန်လှပသော ပုဝါတစ်ထည်ကို တွေ့လိုက်ရသဖြင့်

"မေမေ... ဒီပုဝါက မေမေနဲ့ဆို အရမ်းလိုက်မှာပဲ"

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မိခင်ဖြစ်သူက လျှောက်လာပြီး

"မဆိုးပါဘူး အမေ့ရဲ့ မီးခိုးရောင် ကုတ်အင်္ကျီနဲ့ဆို တော်တော်လိုက်မှာ"

ထို့နောက် သူမသည် ဘေးနားရှိ ပုဝါတစ်ထည်ကို ကောက်ကိုင်ကြည့်ကာ -

"ဒါကတော့ နင့်အဖေ သုံးလို့ရလောက်မယ် သူ လုပ်ငန်းခွင်ထဲ သွားတဲ့အခါတိုင်း ချမ်းလွန်းလို့ တုန်နေတာပဲ"

ရုတ်တရက် ဆိုသလို တစ်ခုခု ကွဲအက်သွားသည့် အသံနှင့်အတူ "အား" ခနဲ အော်ဟစ်သံ တစ်ခုကို မလှမ်းမကမ်းမှ ကြားလိုက်ရသည်။

တန်ယန်နှင့် မိခင်ဖြစ်သူတို့မှာ နားမလည်နိုင်စွာဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦး မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရ၏။ သူမ၏ ရှေ့တွင်မူ နောက်ထပ်အမျိုးသမီး တစ်ဦးက အမုန်းတရားများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ရပ်နေလေ၏။

"ယန်ယာချင်း... နင် ရူးနေတာလား"

မြေပြင်ပေါ်မှ အမျိုးသမီးမှာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ရပ်နေသည့် အမျိုးသမီးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုနေသည်။

"ငါက ရူးနေတာလား ယန်ယာပင်း... နင်ကပဲ အရှက်မရှိတာလား"

ယန်ယာချင်း ဆိုသူမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး -

"နင်က မိဘတွေရဲ့ အငြိမ်းစား လစာတွေကိုယူပြီး ဒီလို အဆင့်မြင့် ပစ္စည်းတွေ ဝယ်နေတာလေ သူတို့နောင်ရေးမှာ ဘယ်လိုနေထိုင်မလဲဆိုတာ နင်စဉ်းစားဖူးရဲ့လား"

သူတို့ကို ကြည့်ရသည်မှာ ညီအစ်မတွေပဲ ဖြစ်ရမည်။

လက်ကောက်သွားယူသည့် အရောင်းဝန်ထမ်း အမျိုးသမီးလေး ပြန်ရောက်လာပြီး -

"ဒေါ်ဒေါ်နဲ့ မမတန်ယန်... ဟိုဘက်က နားနေဆောင်မှာ ထိုင်ရင်း လက်ကောက်ကို ကြည့်ပေးပါဦးရှင့်"

ဟု ပြောသည်။

တန်ယန်၏မိခင်က ခေါင်းငြိမ့်ပြကာ -

"သွားကြစို့ ပြီးတော့ ပုဝါအသစ်လေးတွေလည်း ထပ်ယူခဲ့ပေးဦးနော်"

"ဟုတ်ကဲ့ပါရှင့်"

တန်ယန်သည် သူမ၏ မိခင်နောက်သို့ လိုက်ပါကာ နားနေဆောင်သို့ သွားလိုက်ပြီး သူတစ်ပါး၏ အိမ်တွင်းရေး ပြဿနာများကို စပ်စုမနေတော့ပေ။

တန်ယန်၏အမေမှာ မှာထားသော လက်ကောက်ကိုကြည့်ရင်း အတော်ပင် ကျေနပ်နေပုံရသည်။ သူမက ထိုလက်ကောက်ကို တန်ယန်ထံ ကမ်းပေးလိုက်ပြီး -

"ကြည့်ပါဦး၊ ဒီလက်ကောက်က ရှူးယောင်းနဲ့ လိုက်ဖက်ပါ့မလား"

တန်ယန်သည် လက်ကောက်ကိုယူ၍ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ စိန်လေးများနှင့် အနားကွပ်ထားသော စိန်စီကျောက်နီ (၅) ပွင့်မှာ တစ်ပွင့်နှင့်တစ်ပွင့် အချိုးအစား ကျကျနှင့် လှပလွန်းလှသည်။

"တကယ်လှတာပဲ ဒါပေမဲ့ ဒီလက်ကောက် တစ်ကွင်းတည်းပဲလား မေမေ"

"အေးလေ... အဲဒါက နှမြောစရာပဲ ဒါက ဒီဇိုင်နာရဲ့လက်ရာ တစ်ခုတည်းဆိုတော့ လိုက်ဖက်မယ့် တခြား လက်ဝတ်ရတနာတွေ မရှိဘူး ဖြစ်နေတယ်"

ဟု မိခင်ဖြစ်သူက သက်ပြင်းချရင်း ဆိုသည်။

"ဒီဒီဇိုင်နာက တော်တော်လေး ကိုယ်ပိုင်ဟန် ရှိပုံရတယ်"

"အမေ... အစ်မရှူးယောင်းက နှစ်သစ်ကူးပြီးတာနဲ့ ချက်ချင်း ထွက်သွားတော့မှာလား"

လီရှူးယောင်းသည် သူမ၏ ကျောင်းမှတစ်ဆင့် F နိုင်ငံရှိ ဂတ်အကယ်ဒမီတွင် နှစ်နှစ်ကြာ ပညာဖလှယ်သင်ကြားရေး အစီအစဉ်အတွက် ရွေးချယ်ခံခဲ့ရသည်။ ၎င်းမှာ သူမ၏ မူလအစီအစဉ်များကို အနှောင့်အယှက် ဖြစ်စေသော်လည်း ရခဲလှသည့် တန်ဖိုးရှိသော အခွင့်အရေး တစ်ခုပင် ဖြစ်ချေသည်။

"ဟုတ်တယ်၊ နင့်အန်တီကတော့ စိုးရိမ်နေတာပေါ့ အခုရက်ပိုင်း ငါ့ဆီကိုလည်း အဆက်မပြတ်ကို ဖုန်းဆက်နေတော့တာပဲ"

"ဒါပေါ့... F နိုင်ငံက သမီးတို့နဲ့ သိပ်ဝေးတာကိုး ရှူးယောင်းကလည်း မိန်းကလေးဆိုတော့ သူ့မိဘတွေ စိုးရိမ်တာကတော့ မဆန်းပါဘူး ဒါပေမဲ့ သူ့ကို စောင့်ရှောက်ပေးမယ့်သူ ရှာပေးလို့ရပါတယ် အန်တီလည်း အဲဒီလောက်အထိ စိုးရိမ်မနေရတော့အောင်ပေါ့"

ထန်ယန်၏မိခင်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး -

"သမီးက F နိုင်ငံမှာလည်း အဆက်အသွယ် ရှိတာလား"

"သမီး အဲဒီမှာ ဝိုင်ထုတ်တဲ့ ခြံနှစ်ခုနဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ အိမ်ရာတစ်ခု ရှိတယ်လေ ပြီးတော့ သမီးရဲ့ သူငယ်ချင်းကောင်း ကာရင်းကလည်း ပြင်သစ်မှာနေတာ အကယ်၍ အစ်မက ကျောင်းအဆောင်မှာ မနေချင်ဘူးဆိုရင် ကျောင်းနားမှာ နေစရာနေရာ ရှာပေးဖို့ သူ့ကို အကူအညီ တောင်းပေးလို့ ရပါတယ်"

"အဲဒါ ဟို ဖက်ရှင်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်လား သူတို့က အလုပ်များနေမှာ မဟုတ်လား"

"ဒီည အိမ်ပြန်ရောက်ရင် သမီး သူ့ကို မေးကြည့်လိုက်ပါ့မယ်"

"အေးလေ... အဲဒါဆိုရင်တော့ ကောင်းတာပေါ့ ဒေသခံသူငယ်ချင်း ရှိတာက ပိုအဆင်ပြေတာပေါ့ သမီးမေးကြည့်ပြီးမှပဲ နင့်အန်တီကို ပြောပြလိုက်မယ်၊ မဟုတ်ရင် သူ အလကားနေရင်း မျှော်လင့်ချက် ကြီးသွားမှာစိုးလို့"

"မဟုတ်တာ... ကာရင်းက ကူညီရတာကိုပဲ ဝမ်းသာမှာပါ"

ဟု တန်ယန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ထိုညနေတွင် တန်ယန် ကာရင်းထံသို့ သီးသန့်စာတိုတစ်စောင် ပို့လိုက်ပြီး သူမ၏ မိသားစု အခြေအနေကို ပြောပြလိုက်သည်။

ကာရင်း - "ယာနာ... စိတ်မပူနဲ့၊ ဒါကို ငါ့ကိုပဲ လွှဲထားလိုက် နင့်အစ်မ ပြင်သစ်မှာ အဆင်ပြေပြေ နေနိုင်စေရမယ်"

တန်ယန် - "ငါနင့်ကို လုံးဝ ယုံတာပေါ့ ဒါပေမဲ့ သူ့ကို လာကြိုပေးဖို့ လူတစ်ယောက်လောက်တော့ စီစဉ်ပေးပါဦးနော် ဒါက သူ့အတွက် ပထမဆုံးအကြိမ် နိုင်ငံခြား ထွက်တာဆိုတော့ ငါ့မိသားစုက နည်းနည်း စိုးရိမ်နေကြလို့"

ကာရင်း - "လေယာဉ်နံပါတ်နဲ့ ရောက်မယ့်အချိန်ကိုသာ ပြောပြလိုက်၊ ငါအားလုံး စီစဉ်ပေးမယ် တကယ်လို့ သူက ကျောင်းဆောင်မှာ မနေချင်ဘူးဆိုရင် ဒါလင်လမ်းမှာ နေရာရှာလို့ရတယ် အဲဒီမှာ ဈေးနည်းနည်း ကြီးပေမဲ့ ပတ်ဝန်းကျင်နဲ့ လုံခြုံရေးကတော့ တော်တော်ကောင်းတယ်၊ ကျောင်းနဲ့လည်း မဝေးဘူးလေ"

တန်ယန် - "အိုကေ... အဲဒါကို ငါသူနဲ့ ထပ်ဆွေးနွေးလိုက်မယ် ကျေးဇူးပဲနော်ကာရင်း"

ကာရင်း - "ရပါတယ် သူငယ်ချင်းရယ် ငါတို့ကြားမှာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားကို သုံးစရာ မလိုပါဘူး နင်က အဲဒီလိုပဲ ဆက်ပြောနေမယ် ဆိုရင်တော့ ငါစိတ်ဆိုးတော့မှာနော်"

တန်ယန် - "ပြင်သစ်ကို ငါလာလည်မယ့် အချိန်ကိုပဲ စောင့်နေတော့"

ကာရင်း - "ကြိုဆိုလျက်ပါရှင်"

နောက်တစ်နေ့တွင် တန်ယန်သည် မိခင်ဖြစ်သူနှင့်အတူ အန်တီဖြစ်သူ၏အိမ်သို့ သွားခဲ့ကြသည်။ တစ်ရပ်ကွက်တည်းတွင် အတူနေထိုင်ခြင်း၏ အားသာချက်မှာ မိနစ်အနည်းငယ် လမ်းလျှောက်ရုံဖြင့် မည်သူ့အိမ်ကိုမဆို ရောက်ရှိနိုင်ခြင်းပင်။

"အန်တီ... သမီးတို့ ထမင်းလာစားတာနော်"

ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် တန်ယန်က အော်ဟစ် နှုတ်ဆက်လိုက်သည်။

ခဏအကြာတွင် အန်တီဖြစ်သူ ပြေးထွက်လာပြီး တံခါးဖွင့်ပေးလေသည်။

"လာကြ... လာကြ မြန်မြန်ဝင်ခဲ့၊ အပြင်မှာ အရမ်းအေးတာ"

"အန်တီ... အန်ကယ်နဲ့ ရှူးယောင်းကော ဘယ်မှာလဲဟင်"

အိမ်ထဲသို့ ဝင်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရသဖြင့် တန်ယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နင့်အန်ကယ်ကတော့ ပရဟိတပွဲတစ်ခု ရှိတယ်ဆိုပြီး အလုပ်သွားတယ်လေ နင့်အစ်မ ရှူးယောင်းကတော့ အပေါ်ထပ်မှာ အထုပ်အပိုးတွေ ပြင်ဆင်နေတုန်းပဲ"

အန်တီဖြစ်သူက သားအမိ နှစ်ယောက်အတွက် လက်ဖက်ရည်ကြမ်းကို တည်ခင်းပေးရင်း ပြောလိုက်သည်။

"ကဲ... လက်ဖက်ရည် ပူပူလေးသောက်ပြီး အရင်နွေးအောင် လုပ်ကြဦး၊ အပူပေးစက်က အခုမှ ဖွင့်ထားတာဆိုတော့ အပူချိန်က သိပ်မတက်သေးဘူး"

"ပြင်ဆင်တာတွေရော အဆင်ပြေရဲ့လား အန်တီတို့လည်း အတူတူ လိုက်သွားကြမှာလား"

ဟု တန်ယန်၏မိခင်က မေးမြန်းလိုက်၏။

"ဘယ်ကို လိုက်သွားနိုင်မှာလဲအေ သူတစ်ယောက်တည်းပဲ အားကိုးပြီး သွားရမှာပေါ့"

အန်တီဖြစ်သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများက အထင်သား ပေါ်လွင်နေချေသည်။

"သိပ်ပြီး စိတ်မပူပါနဲ့၊ တန်ယန်က ပြင်သစ်က သူ့သူငယ်ချင်းနဲ့ အဆက်အသွယ် လုပ်ပေးထားတယ် ရှူးယောင်း လေယာဉ်ပေါ်က ဆင်းတာနဲ့ လာကြိုမယ့်သူ ရှိပါတယ် ဒီနေ့တော့ သူ့ကို ကျောင်းအဆောင်မှာပဲ နေမလား ဒါမှမဟုတ် အပြင်မှာ အခန်းငှားနေမလားဆိုတာ မေးကြည့်ရမယ် အကယ်၍ အပြင်မှာနေမယ် ဆိုရင်လည်း တန်ယန်ရဲ့ သူငယ်ချင်း အကြံပေးထားတဲ့ နေရာလေးတွေ ရှိတယ်လေ"

ဟု တန်ယန်၏မိခင်က နှစ်သိမ့်စကား ဆိုလိုက်သည်။

"အဲဒါ သမီးရဲ့သူငယ်ချင်း အလုပ်တွေ ရှုပ်နေပါအုံးမယ်"

"မဟုတ်တာ အန်တီရယ်၊ သမီးတို့က အရမ်းရင်းနှီးတာပါ သူက နာမည်ကြီး ဖက်ရှင်မဂ္ဂဇင်း တစ်ခုရဲ့ အယ်ဒီတာချုပ်ဆိုတော့ အဲဒီမှာ အဆက်အသွယ်တွေ အများကြီးရှိတယ် အစ်မရှူးယောင်းကို သေသေချာချာ စောင့်ရှောက်ပေးပါ့မယ်လို့လည်း သမီးကို ကတိပေးထားလို့ အန်တီ စိတ်အေးလက်အေး ထားလို့ရတယ်နော်"

စကားပြောသံများကို ကြားရသောအခါ လီရှူးယောင်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့ပြီး တန်ယန်တို့ သားအမိကို မြင်သည်နှင့် ဝမ်းသာအားရပင် လာရောက် နှုတ်ဆက်လေ၏။

All Chapters