စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ ဝင်ခြင်း
Vol. 80 Ch. 834
ဤနေရာက ဖရိုဖရဲ များ ဝန်းရံထားသည့် သေးငယ်သော ဟင်းလင်းပြင် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ဟင်းလင်းပြင်အတွင်း၌ ရှေးဟောင်းကျပြီး အစွမ်းထက်သော အစီအရင်တစ်ခု တည်ရှိနေပြီး အပြင်မှ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် မုန်တိုင်းများကို ပိတ်ဆို့တားဆီးထားသည်။
ဟင်းလင်းပြင်အတွင်း၌ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်သက်ရှိ၏ အော်ရာမှ ရှိမနေပေ။
ဤအခြေအနေက နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
ရုတ်တရက် အစီအရင်၏ သေးငယ်သော တုန်ခါမှုတစ်ခုက အစီအရင် စင်မြင့်ပေါ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထို့နောက်တွင် ပြင်းထန်လှသော စကြာဝဠာ စွမ်းအားများက လွှမ်းခြုံသွားသည်၊ ၎င်းက အစီအရင်ကြီး စတင်လိုက်သည့် လက္ခဏာပင်။
ခေတ္တအကြာတွင် ပိန်သွယ်သော ပုံရိပ်တစ်ခုက အစီအရင် စင်မြင့်ပေါ်၌ ပေါ်လာခဲ့သည်။
ချန်တာအို ကျိကျွင်းကို နှုတ်ဆက်ခွဲခွာစဉ်က ထန်ထျန်းသည် သူ့အား ကမ္ဘာကြီး၏ အမှန်တရားကို ပြောပြခဲ့သည်။
ဤကမ္ဘာကြီးက တကယ်ပင် ကျိုးပဲ့ပျက်စီးကာ မပြည့်စုံခြင်း ဖြစ်သည်။
သူတစ်သက်လုံး ရှာဖွေလာခဲ့သည့် လမ်းစဉ်၊ လူတိုင်း၏ မျက်စိထဲတွင် ထူးဆန်းနေသည့် လမ်းစဉ်က တကယ်တော့ လုံးဝ မှန်ကန်နေခြင်းပင်။
ထိုအကြောင်းကြောင့် ချန်တာအို ကျိကျွင်းက အလွန်တရာ တုန်လှုပ်သွားသလို အလွန်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။
အချိန်နှောင်းသွားပြီ ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က သူ့လမ်းစဉ်ကို အသိအမှတ်ပြုပေးခဲ့သည်၊ ထိုသူသည်လည်း အလွန်အဆင့်အတန်း မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။
ချန်တာအို ကျိကျွင်း၏ မျက်ဝန်းထဲတွင် ငြိမ်းလုနီးပါး ဖြစ်နေသည့် မီးတောက်များက နောက်တစ်ကြိမ် ပြန်လည် တောက်လောင်လာခဲ့သည်။
မရေရာသော အနာဂတ်ထဲတွင် ချန်တာအို ကျိကျွင်းအနေဖြင့် ဤအသိတရားဖြင့် ပို၍ ဝေးဝေးသွားနိုင်ဦးမည်လားဆိုသည်ကို ထန်ထျန်း မသိသော်လည်း အနည်းဆုံးတော့ သူ အမှန်တရားကို သိသွားခဲ့ပြီဖြစ်သည်။
ချန်တာအို ကျိကျွင်းကို နှုတ်ဆက်ပြီးနောက် ထန်ထျန်းက အစီအရင်ကို တိုက်ရိုက်ဖွင့်ကာ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဤဟင်းလင်းပြင်က အလွန်ကျဉ်းမြောင်းပြီး မြို့ကြီးတစ်မြို့စာခန့်သာ အကျယ်အဝန်းရှိကြောင်း ထန်ထျန်း သတိပြုမိလိုက်သည်၊ ဤနေရာက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် အစစ်အမှန် တည်ရှိရာနေရာ မဟုတ်ပေ။
ခြေထောက်အောက်ရှိ အစီအရင်ကြီး၏ ဝင်ပေါက်သည်လည်း ထျန်းမန်ဂိုဏ်း တစ်ခုတည်းရှိသည် မဟုတ်ဘဲ အခြားဝင်ပေါက်များစွာ ရှိနေပုံရသည်၊ သို့သော် အားလုံးနီးပါးမှာ လုံးဝ ပြတ်တောက်နေပြီဖြစ်သည်။
ပတ်ဝန်းကျင်တွင် ကျန်ရှိနေသည့် အမှတ်အသားများကို ကြည့်ပြီး ထန်ထျန်း ခန့်မှန်းကြည့်သည်မှာ တစ်ချိန်က ဤနေရာသည် စည်ကားသော မြို့တစ်မြို့ ဖြစ်ခဲ့ဟန်တူသည်။
ထိုစဉ်က စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သည် ကိုးကွယ် ရာ နေရာတစ်ခု ဖြစ်ခဲ့ရာ ကမ္ဘာအနှံ့မှ ကျင့်ကြံသူများစွာ စုဝေးရောက်ရှိလာခဲ့ကြသည်။
သူတို့က ဤဟင်းလင်းပြင်သို့ အရင်ရောက်လာကြပြီး ဤနေရာကို ကြားနေ အမှတ် အဖြစ် အသုံးပြုကာ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ ဝင်ရောက်ကြခြင်း ဖြစ်မည်။
သို့ဆိုလျှင် ဤဟင်းလင်းပြင်ထဲ၌ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ သွားနိုင်မည့် လမ်းကြောင်းတစ်ခု သေချာပေါက် ရှိရမည်။
ထန်ထျန်းက နတ်ဘုရားဝိညာဉ်အာရုံ ကို ဖြန့်ကျက်ကာ သေချာစွာ ခံစားကြည့်လိုက်သည်။
မကြာခင်မှာပင် အရှေ့ဘက် ဟင်းလင်းပြင်၏ အစွန်းပိုင်းတွင် ထူးခြားသော အော်ရာအချို့ ရှိနေကြောင်း သူ ရှာတွေ့သွားသည်။
ထိုနေရာသို့ ပျံသန်းသွားပြီး ထူးခြားသော အော်ရာများနောက်သို့ လိုက်ကြည့်ရာ အစီအရင်၏ အပြင်ဘက် ဟင်းလင်းပြင် ထဲ၌ ရှည်လျားလှသော လှေကားထစ်များ ရှိနေသည်ကို ထန်ထျန်း မြင်လိုက်ရသည်၊ ၎င်းက ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တောက်လျှောက် ဆန့်တန်းသွားသည်။
"တကယ်ပဲ ဒီလိုကိုး"
ဤလှေကားထစ်များက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ သွားရာလမ်းဖြစ်ကြောင်း ထန်ထျန်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ဤနေရာ အကောင်းအတိုင်း ရှိစဉ်က လှေကားထစ်များသည် ဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်ရမည်။
ဝမ်းနည်းစရာမှာ နှစ်သန်းပေါင်း များစွာ ကြာမြင့်လာသည့်အခါ ၎င်းအပေါ်ရှိ အစီအရင်များမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသဖြင့် ဟင်းလင်းပြင် အတွင်း၌ ပုန်းကွယ်နေခြင်း ဖြစ်သည်။
ထန်ထျန်းက ဟင်းလင်းပြင်အတွင်းမှ ထွက်ကာ လှေကားထစ်များပေါ်သို့ တက်လိုက်သည်။
မကြာခင်မှာပင် ဤလှေကားထစ်များသည် ကမ္ဘာ့အရှင် ရှိစဉ်ကတည်းက ယခုတိုင် တည်ရှိနေသည့် အရာများ ဖြစ်နိုင်ကြောင်း သူ သိလိုက်ရသည်။
လှေကားထစ်များပေါ်ရှိ အစီအရင်များက ကမ္ဘာ့အရှင် ကိုယ်တိုင် ချခဲ့ခြင်း ဖြစ်နိုင်ပြီး ၎င်း၏ ရှုပ်ထွေးမှုမှာ မယုံနိုင်စရာ အဆင့်သို့ ရောက်ရှိနေသည်။
အတော်ဆုံး အစီအရင် ကျိကျွင်းများပင်လျှင် ၎င်းကို ပြန်ပြင်ရန် နည်းလမ်း ရှာတွေ့နိုင်မည် မဟုတ်သဖြင့် မူလအတိုင်းပင် ရှိနေခြင်း ဖြစ်မည်။
သို့သော် နှစ်သန်းပေါင်း များစွာ မည်သည့် ပြုပြင်ထိန်းသိမ်းမှုမှ မလုပ်ခဲ့သဖြင့် အဆုံးမဲ့ ဟင်းလင်းပြင် စွမ်းအားများ၏ တိုက်စားမှုကြောင့် တစ်စိတ်တစ်ပိုင်းမှာတော့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် တစ်ချိန်က ကျင့်ကြံသူများစွာ၏ ကိုးကွယ် ရာ နေရာဖြစ်ခဲ့သော စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်က ဆုတ်ယုတ်သွားကာ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်သို့ သွားရာလမ်းက ပြတ်တောက်သွားပြီ မဟုတ်လား။
သို့သော် ဤအရာက ကမ္ဘာ့အရှင် ကိုယ်တိုင် ချခဲ့သော အစီအရင် ဖြစ်သဖြင့် နှစ်သန်းပေါင်း များစွာ ကြာသော်လည်း ကျန်ရှိနေသော စွမ်းအားများ ရှိနေဆဲပင်။
လှေကားထစ်များပေါ်တွင် လျှောက်လှမ်းနေစဉ် သူ့ ခန္ဓာကိုယ်ပေါ်သို့ အစွမ်းထက်သော ဖိအားတစ်ခု ကျရောက်လာသည်ကို ထန်ထျန်း သိသာစွာ ခံစားနေရသည်။
၎င်းက စမ်းသပ်မှုတစ်ခုပင်၊ အရင်က သူ တိမ်တိုက်ထျန်းဖူ နန်းတော် သို့ ဝင်ရောက်စဉ် အင်မော်တယ် လှေကားထစ်များသို့ တက်ရသကဲ့သို့ ဖြစ်သည်။
မတူညီသည်မှာ ဤနေရာမှ ဖိအားက အင်မော်တယ် လှေကားထစ်များထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်နေခြင်းပင်။
ဤနေရာမှ တက်လှမ်းနိုင်သည့် ပါရမီရှင်များမှာ တစ်ကမ္ဘာလုံးတွင် အကောင်း ဆုံးမှ ဖြစ်ကြလိမ့်မည်။
လှေကားထစ်များအတိုင်း ထန်ထျန်းက ရှေ့သို့ တောက်လျှောက် လျှောက်လှမ်းလာခဲ့သည်။
ဤလှေကားထစ်မှာ အလွန်ရှည်လျားပြီး အလယ်ပိုင်းတွင် အချို့နေရာများ ပြတ်တောက်နေသလို အချို့လမ်းပိုင်းများမှာ လုံးဝ ပျောက်ကွယ်နေကာ ဟင်းလင်းပြင် မုန်တိုင်းများ သောင်းကျန်းနေသည်။
သို့သော် ထန်ထျန်းအတွက်မူ ဤအရာများမှာ ပြဿနာ မဟုတ်ပေ။
မကြာခင်မှာပင် သူက လှေကားထစ်၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။
အလွန်ကျယ်ပြောလှသော ဟင်းလင်းပြင်တစ်ခုက သူ့မျက်စိရှေ့၌ ပေါ်လာသည်။
နှစ်သန်းပေါင်း များစွာ ကြာမြင့်သော်လည်း လေးနက်လှသော အရှိန်အဝါ မှာ တည်ရှိနေဆဲ ဖြစ်ရာ လူကို မသိစိတ်ဖြင့် ကြောက်ရွံ့ရိုသေမှု ဖြစ်ပေါ်စေသည်။
ဤနေရာက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ပင်။
ကျင့်ကြံခြင်းကွင်းပြင်သို့ ဝင်ရောက်ပြီးနောက် မြင်ကွင်းမှာ အလွန် ကျယ်ပြောသွားပြီး အမျိုးမျိုးသော အဆောက်အဦးများမှာ တည်ရှိနေဆဲ ဖြစ်ကာ ကျင့်ကြံခြင်းကွင်းပြင်၏ အရပ်မျက်နှာ အနှံ့အပြားတွင် ပျံ့နှံ့တည်ရှိနေသည်။
၎င်း၏ ပုံစံကို ကြည့်လိုက်လျှင် ကျွင်းချန်ချင်း၏ လူသား ဧကရာဇ်နန်းတော် နှင့် တော်တော်လေး ဆင်တူနေသည်။
ကြည့်ရသည်မှာ ကျွင်းချန်ချင်းက လူသား ဧကရာဇ်နန်းတော်ကို တည်ဆောက်စဉ်က စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်၏ ပုံစံကို မှီငြမ်းခဲ့ပုံရသည်။
တစ်ခုတည်းသော ကွဲပြားချက်မှာ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်၏ အလယ်ဗဟိုတွင် အလွန်မြင့်မားလှသော ရုပ်ထုကြီးတစ်ခု ရှိနေခြင်းပင်။
ထိုရုပ်ထုနှင့် ထန်ထျန်းက အလွန် ရင်းနှီးလှသည်၊ နောက်ကျောကို ကြည့်လိုက်ရုံဖြင့် ၎င်းသည် ကမ္ဘာအနှံ့တွင် ရှိနေသော တားမြစ်ရုပ်ထုများ သို့မဟုတ် ကမ္ဘာ့အရှင် ကိုယ်တိုင် ဖြစ်ကြောင်း သူ ဆုံးဖြတ်နိုင်ပါသည်။
ဤရုပ်ထုပေါ်မှ အော်ရာမှာ ပို၍ အစွမ်းထက်လှပြီး အပေါ်ပိုင်းတွင် အဆုံးမဲ့ မိုးကြိုး များ ဝန်းရံနေသည်၊ ၎င်းက ဟင်းလင်းပြင် မုန်တိုင်းများထက် ပို၍ ပြင်းထန်ကာ ထာဝရ မငြိမ်းသတ်နိုင်သလိုပင်။
ခေတ္တမျှ ကြည့်ပြီးနောက် ထန်ထျန်းက ထိုရုပ်ထုကို လောလောဆယ် ဂရုမစိုက်သေးဘဲ အခြားနေရာများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
လူသားဧကရာဇ်နန်းတော်နှင့် မတူသည်မှာ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်က တော်တော်လေး အကောင်းအတိုင်း ကျန်ရှိနေသေးခြင်းပင်၊ ထိုစဉ်က လူများမှာ စနစ်တကျ ထွက်သွားကြခြင်း ဖြစ်နိုင်သည်။
အဆောက်အဦး အများစုမှာ ရှိနေဆဲဖြစ်ကာ ကျင့်ကြံခြင်း အခန်းများ၊ တိုက်ပွဲစင်မြင့်များ၊ ဆေးဖော်စပ်ခန်းများ၊ လက်နက်သွန်းလုပ်ခန်းများ၊ တာအိုဟောပြော စင်မြင့်များ စသည်ဖြင့် အစုံအလင် ရှိနေပြီး အတိုင်းအတာမှာလည်း အလွန်ကြီးမားလှသည်။
ထိုစဉ်က ဤနေရာမှာ မည်မျှအထိ စည်ကားခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။
ဝမ်းနည်းစရာမှာ အချိန်ကာလက ရက်စက်လှသည်။
နှစ်သန်းပေါင်း များစွာ စည်ကားခဲ့သော စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်မှာပင် နောက်ဆုံး၌ ဆုတ်ယုတ်ပျက်စီးခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
မကြာခင် တစ်ပတ်ပတ်ကြည့်ပြီးနောက် ထန်ထျန်းက ကျင့်ကြံခြင်းကွင်းပြင်၏ ထောင့်အစုံအလင်ကို ရောက်ခဲ့သော်လည်း ထူးခြားသော အရာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
၎င်းမှာ သာမန် ကျင့်ကြံခြင်းကွင်းပြင် တစ်ခုမျှသာ ဖြစ်သည်။
ဘာမှ ရှာမတွေ့ဘဲ ပြန်ရတော့မှာလား
ရုပ်ထုကြီး၏ ရှေ့တွင် သူ ရပ်လိုက်သည်၊ ဤနေရာမှာ သူ မစစ်ဆေးရသေးသည့် တစ်ခုတည်းသော နေရာဖြစ်သည်။
သို့သော် သူ၏ အာရုံခံစားမှုထဲတွင် ဤနေရာမှာလည်း ထူးခြားမှု မရှိပေ။
မိုးကြိုး များမှာ ကမ္ဘာ့အရှင် ချန်ထားခဲ့သော စွမ်းအားအချို့သာ ဖြစ်ပြီး တစ်နေ့တွင် ကုန်ဆုံးသွားမည့် အရာများပင် ဖြစ်သည်၊ ထိုမှလွဲ၍ အခြား ဘာမှ မရှိပေ။
"ထားလိုက်ပါတော့၊ ရောက်မှတော့ အကုန် ကြည့်သွားတာပေါ့"
"စကားမစပ်၊ ငါက ကမ္ဘာ့အရှင်ရဲ့ နာမည်ရင်းကို မသိတာတင်မကဘူး၊ သူ့ရဲ့ တကယ့် ရုပ်ရည်ကိုတောင် တစ်ခါမှ မမြင်ဖူးသေးဘူးပဲ"
ထန်ထျန်း စိတ်ထဲက ရေရွတ်လိုက်သည်။
ကမ္ဘာ့အရှင်က အမြဲပင် အလွန် လျှို့ဝှက်လွန်းလှသည်၊ ကမ္ဘာအနှံ့တွင် သူ၏ ရုပ်ထုများ ရှိနေသော်လည်း သူ့ရုပ်ရည် အစစ်အမှန်ကို မြင်ဖူးသူ တစ်ယောက်မှ မရှိခဲ့ဟန်တူသည်၊ ထိုရုပ်ထုများကို အထူးပစ္စည်းများဖြင့် တိုက်ရိုက် ဖန်တီးထားခြင်း ဖြစ်နိုင်သည်။
ကမ္ဘာ့အရှင်အပေါ် ရိုသေကြောက်ရွံ့မှုကြောင့် ရုပ်ထု၏ ရှေ့မျက်နှာစာဘက်သို့ မည်သူမှ သွားရဲခဲ့ပုံ မရပေ။
"ဒါဆိုရင် မင်းက တကယ်ပဲ ဘယ်လောက်တောင် ခန့်ညားထည်ဝါနေလဲဆိုတာ ကြည့်လိုက်ရအောင်"
ထန်ထျန်းက လေထဲသို့ ပျံတက်သွားပြီး မိုးကြိုး များအတွင်းသို့ တိုးဝင်သွားတော့သည်။