ငါက ကယ်တင်ရှင်ပဲ
Vol. 80 Ch. 837
ကမ္ဘာ့အရှင်၏ ဒီလိုပြောစကား များကို ထန်ထျန်းကတော့ တကယ့်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
စကြာဝဠာကြီးက ကျွင်းချန်ချင်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်တွင် သူက တားဆီးဖို့ မရွေးချယ်ခဲ့ဘဲ တစ်ကမ္ဘာလုံးကို ဝါးမြိုပစ်နိုင်သည့် ကြောက်မက်ဖွယ် တွင်းနက် ကို ဖန်တီးဖို့တောင် ကူညီပေးခဲ့သေးသည်။
ဒီလိုကိစ္စများကို လုပ်ခဲ့ပြီးမှ အခုကျတော့ ဒါက စကြာဝဠာကို ကယ်တင်ဖို့အတွက်ပါဟု ထန်ထျန်းကို လာပြောနေခြင်းပင်။
ဒီလို ဟာသ မျိုးက တကယ်ကို မရယ်ရပေ။
"ငါက အလွယ်တကူ ညာလို့ရတဲ့ သုံးနှစ်သားကလေး မဟုတ်ဘူး"
"အနည်းဆုံးတော့ အခုထိ မင်း စကြာဝဠာကို ကယ်တင်ဖို့ လုပ်နေတဲ့ အပြုအမူ အသေးအမွှားလေးတောင် ငါ မမြင်မိသေးဘူး"
"မင်း ငါ့ကို ယုံကြည်သွားအောင် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ပေးဖို့ လိုလိမ့်မယ်"
ထန်ထျန်းက ပြောလိုက်သည်။
သူက ကမ္ဘာ့အရှင်ကို တိုက်ရိုက်ကြီး ငြင်းပယ်လိုက်ခြင်းမျိုး မဟုတ်ဘဲ တစ်ဖက်လူက သေချာစဉ်းစားကြည့်လျှင် ယုတ္တိတန်ပြီး ယုံကြည်ထိုက်သည့် အကြောင်းပြချက်တစ်ခု ပေးနိုင်လျှင် ရပြီဟု သဘောထားခြင်း ဖြစ်သည်။
ဒီမေးခွန်းကို ရင်ဆိုင်ရသည့်အခါ ကမ္ဘာ့အရှင်က ခေတ္တတိတ်ဆိတ်သွားပြီးမှ စကားပြော လာ၏။ "မင်းရဲ့ အခု ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီစကြာဝဠာရဲ့ အခြေအနေကို စောစောစီးစီးကတည်းက ရှင်းရှင်းလင်းလင်း မြင်နေရပြီပဲ"
" မင်း အမြင်မှာရော ဒီစကြာဝဠာကြီးက ဘယ်လိုမျိုးလဲ"
ထန်ထျန်း ကြောင်အသွားသည်။ ကမ္ဘာ့အရှင်က ဘာလို့ ဒီအကြောင်းကို ရုတ်တရက် ထမေးတာလဲဆိုတာ သူ မသိပေ။
ဒါပေမဲ့ သူက စိတ်ရှည်လက်ရှည်နဲ့ပဲ ပြန်ဖြေလိုက်သည်။ "ကျိကျွင်း စဖြစ်ကတည်းက ငါ စကြာဝဠာရဲ့ အခြေအနေကို မြင်ခဲ့တယ်"
" ပျက်စီးယိုယွင်းနေတယ်၊ ခြောက်သွေ့နေတယ်၊ ဒဏ်ရာ တွေနဲ့ ပြည့်နေတယ်"
" အုတ်ဂူထဲ ခြေတစ်ဖက် ရောက်နေပြီဖြစ်တဲ့ သေခါနီး အဖိုးအိုတစ်ယောက်လိုပဲ"
ကမ္ဘာ့အရှင်က ခပ်ဖွဖွ "အင်း" ဟု ဆိုလိုက်သည်။
"ဟုတ်တယ်"
" မင်း မြင်တဲ့အတိုင်းပဲ၊ ဒီစကြာဝဠာကြီးက ဟိုးအရင်ကတည်းက ဆုတ်ယုတ်ပျက်စီးခြင်းဆီကို ဦးတည်နေခဲ့တာ"
" နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး"
"အကယ်၍ ထူးခြားတဲ့ နည်းလမ်းအချို့ကို မသုံးဘူးဆိုရင် တစ်နေ့နေ့မှာ အပြီး ပြိုလဲသွားမှာပဲ"
ထန်ထျန်းက နှာခေါင်းရှုံ့ပြီး လှောင်လိုက်သည်။ "ဒါပေမဲ့ ဒါက မင်းနဲ့ ကျွင်းချန်ချင်းတို့ လုပ်ခဲ့တဲ့ အပြစ်တွေ မဟုတ်ဘူးလား"
"မင်းတို့ရဲ့ ရူးသွပ်မှုတွေကြောင့်သာ မဟုတ်ရင် စကြာဝဠာကြီးက အခုလို သနားစရာကောင်းတဲ့ အခြေအနေအထိ ဆုတ်ယုတ်သွားပါ့မလား"
"ဘာလဲ... အခုမှ နောင်တရပြီး ပြန်ပြင်ချင်လာတာလား"
ကမ္ဘာ့အရှင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ငါ့ရဲ့ တာဝန်ကို ငါ ဘယ်တော့မှ မငြင်းပယ်ပါဘူး"
" ဒါပေမဲ့ မင်း တစ်ခု စဉ်းစားကြည့်ဖူးလား"
"ငါလည်း မရှိဘူး၊ ကျွင်းချန်ချင်းလည်း မရှိဘူး၊ ငါတို့နှစ်ယောက်လုံး လုံးဝ တည်ရှိမနေခဲ့ဘူးလို့ပဲ ထားလိုက်ပါတော့"
" အဲ့ဒီလိုဆိုရင်ရော စကြာဝဠာရဲ့ ကံကြမ္မာက ပြောင်းလဲသွားမယ် ထင်သလား"
ဒီမေးခွန်းက ထန်ထျန်းကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
အကယ်၍ ကမ္ဘာ့အရှင်နှင့် ကျွင်းချန်ချင်းတို့သာ မရှိခဲ့ရင် စကြာဝဠာကြီးက အခုလို ဆိုးရွားသည့် အခြေအနေကို ရောက်နေပါဦးမလား။
အဖြေကတော့... "ရောက်မှာပဲ" ဆိုတာ သေချာသလောက် ရှိသည်။
တစ်ခါက သူ နေနတ်ဘုရား နှင့် ဒီအကြောင်းကို ဆွေးနွေးခဲ့ဖူးသလို လွန်ခဲ့သည့် ရက်ပိုင်းကပဲ စကြာဝဠာ၏ ဆန္ဒ ကလည်း အလားတူ စကားမျိုး ပြောခဲ့ဖူးသည်။
သူတို့၏ ကောက်ချက်ကတော့ ထပ်တူကျနေသည်။
စကြာဝဠာကြီး ဆုတ်ယုတ်ပျက်စီးခြင်းမှာ လူတစ်ယောက် ဒါမှမဟုတ် လူအနည်းငယ်ကြောင့် မဟုတ်ပေ။
သက်ရှိများ၊ သက်ရှိအားလုံးကြောင့်ပင်။
ဒါမှမဟုတ် သက်ရှိများ၏ အဆုံးမဲ့သည့် လောဘ များကြောင့်ပင် ဖြစ်သည်။
သက်ရှိများ၏ လောဘ ရှိနေသရွေ့တော့ ကမ္ဘာ့အရှင်နှင့် ကျွင်းချန်ချင်း မရှိရင်တောင် အလားတူ အစွမ်းထက်ပြီး ရူးသွပ်သည့် တခြားလူတွေ ပေါ်လာဦးမှာပင်။
အချိန်ဆိုတာ အကန့်အသတ်မရှိပေ။
အချိန်များ ကြာလာသည်နှင့်အမျှ စကြာဝဠာကြီးက အခုလို ပျက်စီးယိုယွင်းလာမှာကတော့ ဘယ်လိုမှ ရှောင်လွှဲလို့မရသည့် ကိစ္စပင် ဖြစ်သည်။
"ဒါပေမဲ့ နေနတ်ဘုရား တို့ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာပဲ"
" ပြီးတော့ သူတို့က မင်းလို ထူးထူးဆန်းဆန်း နည်းလမ်းတွေ မဟုတ်ဘဲ ပုံမှန်အတိုင်း တကယ့်ကို ဖြေရှင်းနေကြတာ"
ထန်ထျန်းက ပြောလိုက်သည်။
ကမ္ဘာ့အရှင်က သာသာယာယာပဲ ပြုံးလိုက်သည်။
"မင်း ပြောတာက နေနတ်ဘုရား က စကြာဝဠာရဲ့ မူလဘိုးဘေးနယ်မြေ ကို ကျင့်ကြံဖို့ ချိပ်ပိတ် နေတာကို ပြောတာလား"
" ဒါဆို သူ ကျွင်းချန်ချင်းကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့လို့လား"
ထန်ထျန်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ကမ္ဘာ့အရှင် ဒီကောင်က ဒီကိစ္စကိုလည်း သိနေခြင်းပင်။
နေနတ်ဘုရား က မဟာပျက်သုဉ်း မြို့ဟောင် ကို ကျင့်ကြံပြီး နှစ်ဖက်စလုံး ထိခိုက်မည့် နည်းလမ်းဖြင့် သက်ရှိများ၏ ထာဝရကို လိုချင်သည့် စိတ်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့သည်။
ဒါပေမဲ့ ကျွင်းချန်ချင်းက သူ့ကို ကျော်သွားခဲ့သည်။
သူတို့က လျိုလီကမ္ဘာ ကို ဖန်တီးခဲ့ပြီး အဲ့ဒါက မူလဘိုးဘေး နယ် မြေနှင့် သဘောသဘာဝ ချင်း အတူတူပင်။ ဒါကြောင့် နေနတ်ဘုရား ၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်သွားခဲ့ရသည်။
သက်ရှိများ၏ လောဘက အဆုံးမဲ့သလို သူတို့၏ ဖန်တီးနိုင်စွမ်းကလည်း အဆုံးမဲ့ပင် ဖြစ်သည်။
လျိုလီကမ္ဘာ မဟုတ်ရင်တောင် တခြားနည်းလမ်းတစ်ခုခုကို သူတို့ အမြဲ ရှာတွေ့သွားကြမှာပင်။
"ဒါဆို ကမ္ဘာ့ သစ်ပင် ရော"
"နေနတ်ဘုရား နဲ့ စကြာဝဠာ ဆန္ဒ တို့ကတော့ အခုထိ လက်မလျှော့သေးဘူး"
ထန်ထျန်းက ဆက်ပြောသည်။
ကမ္ဘာ့အရှင်က ခေါင်းယမ်းလိုက်သည်။
"တစ်ချိန်ကတော့ ငါလည်း ဒါက အကောင်းဆုံးနည်းလမ်းလို့ ထင်ခဲ့ဖူးတယ်"
"ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတာက ဒါက လုံးဝ ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စပဲ"
"ကမ္ဘာ့ သစ်ပင် ဆိုတာ စကြာဝဠာကြီး စတင်ဖြစ်ပေါ်ချိန်၊ ဆိုလိုတာက မူလ သက်ရှိ တွေ မပေါ်ခင်ကတည်းက ပေါ်ပေါက်ခဲ့ရမှာ"
"စကြာဝဠာကြီးက ပုံဖော်ပြီးသား ဖြစ်သွားပြီဆိုရင်တော့ ကမ္ဘာ့ သစ်ပင် ဆိုတာ ဘယ်တော့မှ ထပ်မပေါ်လာနိုင်တော့ဘူး"
" မရှိတဲ့အရာတစ်ခုကို မင်း ဘယ်တော့မှ ဖန်တီးလို့ မရသလိုပဲ၊ ဘယ်လို ဉာဏ်ပညာရှိတယ့် သက်ရှိမှလည်း မရှိတဲ့အရာကို စိတ်ကူးကြည့်လို့ မရဘူး"
"ဒီလိုကိစ္စမျိုးက အရာအားလုံးကို တတ်နိုင်တဲ့ နတ်ဘုရား သာ လုပ်နိုင်တာမျိုးပေါ့"
ထန်ထျန်း ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။
သူ့ကိုယ်တိုင်မှာ ကမ္ဘာ့ သစ်ပင် ရှိနေတာကြောင့် ကမ္ဘာ့အရှင် ပြောနေတာ မှန်တယ်ဆိုတာ သူ ကောင်းကောင်းသိသည်။
စကြာဝဠာကြီးအတွက် ကမ္ဘာ့ သစ်ပင် ဆိုတာ အဖြေတစ်ခု ဖြစ်ပေမဲ့ ဘယ်တော့မှ အကောင်အထည် မဖော်နိုင်သည့် အဖြေမျိုးပင် ဖြစ်သည်။
"မင်း ပြောတာ ယုတ္တိရှိတယ်ဆိုတာ ငါ ဝန်ခံပါတယ်"
ထန်ထျန်းက အသံနှိမ့်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ အရာတွေက မင်းပြောတဲ့ စကြာဝဠာကို ကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေလဲဆိုတာ ငါ နားမလည်သေးဘူး"
"မင်းက ကျွင်းချန်ချင်းကို ကူညီပြီး ဒီစကြာဝဠာကို ဖျက်ဆီးနေတာကတော့ အမှန်ပဲ"
ဒီမေးခွန်းနှင့် ပတ်သက်ပြီး ကမ္ဘာ့အရှင်က ဒီတစ်ကြိမ်မှာတော့ တော်တော်ကြာအောင် တိတ်ဆိတ်သွားသည်။ သူက သုံးနှုန်းမည့် စကားလုံးများကို သေသေချာချာ စဉ်းစားနေပုံရသည်။
အတော်ကြာမှ သူက ဖြည်းဖြည်းချင်း ပြောလာသည်။
"ငါက လောင်းကြေးထပ်နေတာ"
"အကယ်၍ ငါ လောင်းကြေးနိုင်ခဲ့ရင် သက်ရှိအားလုံး အသက်ရှင်ခွင့် ရလိမ့်မယ်၊ ဒီစကြာဝဠာကြီးလည်း ပိုပြီး တောက်ပတဲ့ အနာဂတ်တစ်ခုကို ရလိမ့်မယ်"
"ကမ္ဘာ့ သစ်ပင် တောင်မှ ပေါ်လာနိုင်ပြီး စကြာဝဠာကြီးကို ပိုပြီး ပြည့်စုံသွားစေလိမ့်မယ်"
"ဒါပေမဲ့ အကယ်၍ ငါ လောင်းကြေးရှုံးခဲ့ရင်တော့... ကျွင်းချန်ချင်းက သက်ရှိတွေရဲ့ မျိုးစေ့အချို့ကို ယူပြီး တခြားနည်းလမ်းတစ်ခုနဲ့ ဆက်လက် တည်တံ့အောင် လုပ်ခိုင်းရမှာပဲ"
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို အရှုံးအနိုင်ကို ဘယ်လို ဆုံးဖြတ်မှာလဲ"
ကမ္ဘာ့အရှင်က အသံတိုးတိုးဖြင့် ပြောသည်။ "မင်း ပေါ်လာတာပဲ"
"ဒါက ငါ လောင်းကြေး တစ်ဝက် နိုင်သွားပြီဆိုတာကို ကိုယ်စားပြုတယ်"
ထန်ထျန်း၏ မျက်မှောင်က ပိုပြီး ကြုတ်သွားသည်။
"ဘာဖြစ်လို့လဲ"
" ငါ ပေါ်လာတာက ဘာလို့ တစ်ဝက် နိုင်တာလဲ"
"လူတိုင်းက ငါ့ကို မင်း ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကပ်ဘေးရိပ်သိမ်းသူ လို့ ပြောနေကြတယ်"
" ဒါပေမဲ့ ငါက ဘယ်လို ကပ်ဘေးကို ရင်ဆိုင်ရမှာလဲ"
"ပြီးတော့ ငါက ဘယ်လို တည်ရှိမှုမျိုးလဲဆိုတာ မင်း တကယ် သိလို့လား"
"မင်း ငါ့ကို ဘယ်လိုနည်းလမ်းနဲ့ ဒီစကြာဝဠာထဲ ခေါ်လာခဲ့တာလဲ"
ထန်ထျန်းက သူ့ရင်ထဲမှာ ရှိနေသည့် သံသယများကို တစ်ခါတည်း သွန်ချလိုက်သည်။
ဒါတွေက သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးမှာ ရှိနေသည့် မေးခွန်းများပင်။
သူ့၏ ဝိညာဉ်က တခြားကမ္ဘာက လာတာပင်။
ကမ္ဘာ့အရှင်က အဲ့ဒီကမ္ဘာကနေ သူ့ကို ဘယ်လိုများ ရွေးချယ်နိုင်ခဲ့တာလဲ။
ပြီးတော့ သူ ဒီစကြာဝဠာထဲကို ဘယ်လို ရောက်လာခဲ့တာလဲ။
ထန်ထျန်း၏ စစ်ဆေးမေးမြန်းသလို မေးခွန်းများကို ကမ္ဘာ့အရှင်က တစ်ခုချင်း ဖြည်းဖြည်းချင်း ဖြေကြားပေးသည်။
"ငါ မင်းကို သိတာပေါ့။ မင်းရဲ့ ဝိညာဉ်က ဒီစကြာဝဠာက မဟုတ်ဘူး"
"ပြီးတော့ မင်းကို ငါ ခေါ်လာတာ မဟုတ်ဘူး၊ ငါ့မှာ အဲ့ဒီလောက်အထိ အစွမ်းမရှိဘူး"
"မင်းက ငါ့ရဲ့ ပေးဆပ်မှုအားလုံးကို စတေး ပြီး ဆုတောင်း ခဲ့လို့ ရောက်လာတာ"
"မင်းက ကပ်ဘေးရိပ်သိမ်းသူလည်း မဟုတ်ဘူး။ မင်းက ငါ မြေပြင်ပေါ်မှာ နှိမ့်ချစွာ ဝပ်တွားခယပြီး ငါ့ရဲ့ အရာအားလုံးကို စတေး ပြီး ဆုတောင်းခဲ့ရတဲ့ ကယ်တင်ရှင် ပဲ"
"ငါ ဒီကိစ္စကို လုပ်ဖို့ ရွေးချယ်ခဲ့တုန်းက မင်း တကယ်ပဲ ဒီစကြာဝဠာထဲ ရောက်လာပြီး သနားကရုဏာ ပြပါ့မလားဆိုတာ ငါ မသိခဲ့ဘူး"
"ဒါပေမဲ့ အခု မင်း ရောက်လာပြီ"
"ဒါကြောင့် ငါက အောင်မြင်မှု တစ်ဝက် ရပြီလို့ ပြောတာပေါ့"
"ဒါတွေအားလုံးကို မင်း နားလည်ပြီလား"
ကမ္ဘာ့အရှင်၏ အဖြေကို ကြားလိုက်ရသည့်အခါ ထန်ထျန်း တစ်ကိုယ်လုံး လုံးဝ ကြောင်အသွားတော့သည်။