ငါးမွေးသူ
Vol. 80 Ch. 840
သူ့ လက်ဖျားကို ကြည့်ရင်း ထန်ထျန်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသလို ခံစားလိုက်ရသည်။
ဉာဏ်အလင်း တစ်ခုခု ပွင့်တော့မည့်အလားပင်။
ကျင့်ကြံခြင်း၏ အဆုံးသတ်ဖြစ်သော ထာဝရနယ်ပယ်နှင့် ဤနုနယ်လှသော မီးတောက်လေးအကြား မည်သည့် တူညီချက်များ ရှိနေသနည်း။
အဘယ်ကြောင့် မီးတောက်လေး ငြှိမ်းသတ်ခံလိုက်ရချိန်တွင် ထာဝရက သေဆုံးသွားရသနည်း။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ပြောလိုက်၏။ "မင်း ဆိုလိုတာက..."
"ထာဝရဆိုတာ တကယ်တော့ ငါ့လက်ဖျားက မီးတောက်လေးလိုပဲပေါ့"
"ငါသာ အလိုရှိမယ်ဆိုရင် အဲ့ဒါကို မငြိမ်းသတ်ဘဲ ထာဝရ တည်ရှိနေအောင် လုပ်ထားလို့ရတယ်"
"ဒါပေမဲ့ ငါက အလိုမရှိတော့ဘူးဆိုရင်တော့ အဲ့ဒါက ချက်ချင်း ငြိမ်းသွားပြီး မတည်ရှိတော့ဘူးပေါ့ ဟုတ်လား"
ကမ္ဘာ့အရှင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"မှန်တယ်။ ဒါက ထာဝရရဲ့ အနှစ်သာရ ပဲ"
ထန်ထျန်း မျက်မှောင်ကြုတ်သွားမိ၏။
"ဒါပေမဲ့ ဒါက တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းမနေဘူးလား"
"သေးငယ်လှတဲ့ မီးတောက်လေးတစ်ခုက ကျင့်ကြံခြင်းရဲ့ အဆုံးသတ်နဲ့ ဘယ်လိုလုပ်ပြီး တန်းတူဖြစ်နိုင်မှာလဲ"
သူက ကမ္ဘာ့အရှင်၏ ပြောစကားကို နားမလည်နိုင်သေးပေ။
သို့သော် ကမ္ဘာ့အရှင်က သာသာယာယာ ပြုံးလိုက်ပြီး ဆိုသည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ"
"ငါတို့ အမြင်မှာတော့ ထာဝရနဲ့ မီးတောက်အကြားက အကွာအဝေးဟာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေလိမ့်မယ်"
"ဒါပေမဲ့ တခြား တည်ရှိမှုတွေရဲ့ အမြင်မှာတော့ အဲ့ဒီနှစ်ခုကြားမှာ ဘာခြားနားချက်မှ မရှိဘူး"
"ငါးကန်ထဲက ငါးလေးတွေလိုပေါ့"
"ငါးလေးတွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဒီငါးကန်ရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာနိုင်မယ်လို့ အမြဲ ထင်နေတတ်ကြတယ်"
"ဒါပေမဲ့ တကယ်တမ်းမှာတော့ အရှင်သခင်က တစ်ယောက်တည်းပဲ ရှိတယ်။ အဲ့ဒါက ငါးမွေးသူ ပဲ"
ထန်ထျန်း မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ငါးမွေးသူ
ဤကဲ့သို့သော အယူအဆမျိုးကို သူ၏ ယခင်ဘဝကလည်း ကြားဖူးခဲ့သည်။
ဥပမာအားဖြင့် ကြက်ဆင် သိပ္ပံပညာရှင် ကဲ့သို့ပေါ့။
ကြက်ဆင် သိပ္ပံပညာရှင်က တစ်သက်လုံး ကြိုးစားပြီး နေ့စဉ် အစာကျွေးသည့် အချိန်နှင့် စည်းမျဉ်းအားလုံးကို တွက်ချက်ခဲ့သည်။
သို့သော် တကယ်တမ်းတွင် ထိုစည်းမျဉ်းများအားလုံးသည် ခြံရှင်က သတ်မှတ်ထားခြင်းသာ ဖြစ်ပြီး ကြက်ဆင်များကမူ ထိုအကြောင်းကို ဘာမှမသိကြပေ။
သူတို့ရှိနေသည့် ကမ္ဘာကြီးကလည်း ခြံရှင်တစ်ဦး မွေးမြူထားသည့် ကြက်ဆင်များလား။
သို့မဟုတ် ငါးမွေးသူ တစ်ဦး၏ ငါးကန်တစ်ခုမျှသာလား။
ဒါပေမဲ့...
ခြံရှင် အယူအဆ ဆိုသည်မှာ အယူအဆတစ်ခုမျှသာ ဖြစ်ပြီး ခြံရှင် တကယ်ရှိကြောင်း သက်သေပြနိုင်သည့် မည်သည့်အချက်မှ မရှိခဲ့ပေ။
"မင်း ခြံရှင်ကို တွေ့ခဲ့လို့လား"
"မဟုတ်ဘူး၊ မင်း ငါးမွေးသူ ရဲ့ တည်ရှိမှုကို တွေ့ခဲ့လို့လား"
ထန်ထျန်းက အလေးအနက် မေးလိုက်သည်။
ကမ္ဘာ့အရှင်က ခေတ္တမျှ ရပ်တန့်သွားပြီးမှ ပြော ၏။ "မင်း နားလည်သွားပြီပဲ၊ ဒါပေမဲ့ မင်းက သိပ်ပြီး အံ့သြနေပုံ မရဘူးနော်"
ထန်ထျန်းက ရယ်မောလိုက်ပြီး "ဒီလိုမျိုး အယူအဆတွေကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာ မဟုတ်လို့ပါ"
"ဒါပေမဲ့ ဘယ်သူမှ တကယ် သက်သေမပြနိုင်ခဲ့ဘူးလေ"
"မင်းက ထာဝရကို ရောက်သွားပြီးတဲ့နောက်မှာ ငါးမွေးသူ ရဲ့ တည်ရှိမှုကို ကိုယ်တိုင် မြင်ခဲ့တာလား"
ကမ္ဘာ့အရှင်က နောက်တစ်ကြိမ် အတော်ကြာ တိတ်ဆိတ်သွားပြန်ပြီး နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ခေါင်းယမ်းပြသည်။
"မဟုတ်ဘူး၊ ငါ သူ့ကို မမြင်ခဲ့ဘူး"
"ဒါပေမဲ့ သူ့ရဲ့ တည်ရှိမှုကို ငါ ခံစားလို့ရတယ်"
"ငါးမွေးသူ ဆိုတာ တင်စားချက်တစ်ခုပဲ၊ သူက တကယ် ငါးမွေးနေတာ မဟုတ်သလို သူ့ရဲ့ ဘယ်လို အတွေးကိုမှလည်း ငါ မမြင်နိုင်ဘူး"
"ဒါပေမဲ့ သူ တကယ်ရှိတယ်ဆိုတာ ငါ ယုံကြည်တယ်"
"ငါတို့ရဲ့ အရာအားလုံး၊ ဒီကမ္ဘာကြီးရဲ့ အရာအားလုံး၊ အတိတ်ကနေ အနာဂတ်အထိ ဘယ်လောက်ပဲ သေးငယ်တဲ့ အစိတ်အပိုင်းဖြစ်ပါစေ အားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ"
"သူသာ အလိုရှိမယ်ဆိုရင် သူ စိတ်ကူးသမျှ အရာအားလုံးဟာ ဘယ်လောက်ပဲ ယုတ္တိမရှိပါစေ လက်တွေ့မှာ ဖြစ်လာနိုင်တယ်"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။
"မင်းရဲ့ ပြောပုံအရဆိုရင် ငါတို့ စိတ်ကူးထဲက ဖန်ဆင်းရှင် နတ်ဘုရား အကြောင်းကို ပြောနေသလိုပဲ"
"အရာအားလုံးကို သိတယ်၊ အရာအားလုံးကို တတ်နိုင်တယ် ဆိုတာမျိုးပေါ့"
ကမ္ဘာ့အရှင်က ပြုံးလိုက်၏။
"သူက ဖန်ဆင်းရှင် နတ်ဘုရား ဆိုတဲ့ အရာထက်တောင် ပိုပြီး စိတ်ကူးရခက်တယ်၊ ပိုပြီး နားလည်ရ ခက်ခဲတယ်"
"သူ လုပ်နိုင်တဲ့ အရာတွေကလည်း စိတ်ကူးထဲက ဖန်ဆင်းရှင်ထက် အဆပေါင်းများစွာ ပိုပြီး ထူးဆန်းအံ့သြဖို့ ကောင်းတယ်"
ထန်ထျန်း အနည်းငယ် မှင်တက်သွားသည်။ ကမ္ဘာ့အရှင်က ထို "ငါးမွေးသူ" ဆိုသည့်သူကို ဤမျှအထိ အထင်ကြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူက အရာအားလုံးကို တကယ်ပဲ တတ်နိုင်နေသည့်အလားပင်။
သို့သော် စဉ်းစားကြည့်ပြီးနောက် ဤစကားမှာ အနည်းငယ် လွန်လွန်းသည်ဟု သူ ခံစားရပြန်သည်။
"ဘယ်လို တည်ရှိမှုမျိုးကမှ မင်းပြောတဲ့ အဆင့်အထိ ရောက်နိုင်မယ်လို့ ငါ မယုံသေးဘူး"
"အရာအားလုံးကို တတ်နိုင်တယ် ဟုတ်လား"
"ဒါဆို သူက အခု မင်းရဲ့ ယောကျာ်းဘဝကနေ မိန်းကလေးဘဝ ဖြစ်သွားအောင် လုပ်နိုင်လို့လား"
သို့သော် ထန်ထျန်း၏ သံသယကို ကမ္ဘာ့အရှင်က တိုက်ရိုက်ပင် အတည်ပြုလိုက်သည်။
"သေချာပေါက် လုပ်နိုင်တာပေါ့"
"ဒါတင်မကဘူး"
"သူသာ အလိုရှိမယ်ဆိုရင် ငါ့ကို မင်းရဲ့ ချစ်သူ ဖြစ်သွားအောင်လည်း လုပ်နိုင်သေးတယ်၊ အဲ့ဒါက သေသည်အထိ ချစ်မယ့် စစ်မှန်တဲ့ အချစ်မျိုးပေါ့"
"ပြီးတော့ အဲ့ဒါက မင်းရဲ့ ရင်ထဲကလာတဲ့ စစ်မှန်တဲ့ ခံစားချက်ဖြစ်တယ်လို့လည်း မင်းကို တကယ် ယုံကြည်သွားအောင် သူ လုပ်နိုင်တယ်"
ထန်ထျန်း ချက်ချင်း ဆွံ့အသွားတော့သည်။
ဒါတွေတောင် လုပ်လို့ရတယ် ဟုတ်လား။
ထိုမြင်ကွင်းကို ခေတ္တမျှ စိတ်ကူးကြည့်ရုံနှင့်ပင် သူ တစ်ကိုယ်လုံး ကြက်သီးများ ထလာမိသည်။
တကယ်လို့ အဲ့ဒီလို တည်ရှိမှုမျိုးသာ ဖြစ်နေမယ်ဆိုရင်တော့ ဖန်ဆင်းရှင်ထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေပါပြီ။
တစ္ဆေတစ်ကောင်လိုပဲ...
"တကယ်လို့ တစ်ဖက်လူက ဖန်ဆင်းရှင် နတ်ဘုရား သာ ဖြစ်နေမယ်ဆိုရင် ငါ့မှာ အနိုင်ရနိုင်စွမ်း အနည်းငယ်တော့ ရှိဦးမှာပဲ"
ကမ္ဘာ့အရှင်က ဆက်ပြောသည်။ "ဒါပေမဲ့ အဲ့ဒီ တည်ရှိမှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ တကယ်ကို ဘာမှ လုပ်လို့မရတော့ဘူး"
"ထာဝရကနေ ပြန်လာပြီးတဲ့နောက်မှာ ငါက စစ်တုရင်ခုံနဲ့ ကမ္ဘာကြီးကို ပုံဖော်ကြည့်ပြီး အဲ့ဒီထဲကနေ ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အရေးလေး တစ်ခုလောက်ကို ရှာဖွေခဲ့တယ်"
"ဒါပေမဲ့ နှစ်ပေါင်း တစ်သောင်းအတွင်းမှာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အနိုင်ရနိုင်မယ့် ဖြစ်နိုင်ခြေ အစအနလေးတောင် ရှာမတွေ့ခဲ့ဘူး"
ဤစကားများကို ပြောနေချိန်တွင် ကမ္ဘာ့အရှင်၏ လေသံမှာ အလွန်ပင် နိမ့်ကျနေပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
တစ်သက်လုံး အရာရာ အဆင်ပြေချောမွေ့ခဲ့ပြီး မည်သည့် အခက်အခဲမှ မကြုံခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးက ရုတ်တရက် အညှာတာမဲ့စွာ နှိပ်စက်ခံလိုက်ရသည့်အခါ ခံစားရမည့် ထိုကြီးမားသော စိတ်ဒဏ်ရာကို စိတ်ကူးကြည့်နိုင်ပေသည်။
"ဒါဆို အချိန်မြစ် ထဲမှာ မင်းနဲ့ စစ်တုရင် ကစားနေတာက အဲ့ဒီ တည်ရှိမှု ပေါ့"
ထန်ထျန်းက မေးလိုက်သည်။
ကမ္ဘာ့အရှင်က "အင်း" ဟု ဆိုလိုက်၏။
"ဟုတ်တယ်"
"ငါက အရှုံးကို အလျှော့မပေးဘဲ အဲ့ဒီ တည်ရှိမှုကို အနိုင်ရနိုင်မယ့် ဖြစ်နိုင်ခြေကို ရှာချင်ခဲ့တာ၊ ဒါပေမဲ့..."
"မင်းရဲ့ စစ်တုရင် ကစားကွက်တစ်ခုလုံးက တစ်ဖက်လူရဲ့ အမြင်ထဲမှာ ရှိနေတာ"
"မင်းရဲ့ အကြံအစည်တွေ အကုန်လုံးကို ချပြပြီးမှ တစ်ဖက်လူက စပြီး ကစားတာ"
"ဒါကို ဘယ်လိုလုပ်ပြီး အနိုင်ရမှာလဲ"
ပြောပြီးနောက် ကမ္ဘာ့အရှင်က လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။
သူ၏ လေသံထဲတွင် ဖော်ပြမရနိုင်သည့် စိတ်ပျက်မှုများ ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လုံးဝ တရားမျှတသည့် ယှဉ်ပြိုင်မှု မဟုတ်သောကြောင့် ဖြစ်သည်။
ထန်ထျန်းလည်း တိတ်ဆိတ်သွားသည်။
စစ်တုရင် နားနေဆောင် တွင် ရှိစဉ်က သူ စဉ်းစားခဲ့ဖူးသည်။ ကမ္ဘာ့အရှင်ကဲ့သို့ အထွတ်အထိပ်သို့ ရောက်နေသည့်သူက ဘယ်လို ဖြစ်နိုင်ခြေမျိုးကြောင့် နှစ်ပေါင်းတစ်သောင်းလုံးလုံး တစ်ပွဲမှ မနိုင်ဘဲ ဖြစ်နေရသနည်း။
နောက်ဆုံးတွင် သူ အဖြေတစ်ခုသာ ရခဲ့သည်။
အဲ့ဒါကတော့ ပထမဆုံး စကစားကတည်းက ကမ္ဘာ့အရှင်၏ ရွှေ့ကွက်တိုင်းကို တစ်ဖက်လူက ကြိုသိနေခြင်းပင်၊ ထိုသို့ဆိုမှသာ ကမ္ဘာ့အရှင် တစ်ပွဲမှ မနိုင်ခြင်းက ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ထိုစဉ်က ဤကဲ့သို့ ဖြစ်လာရန် မဖြစ်နိုင်ဟု သူ ယူဆခဲ့သည်။
ယခုမူ တကယ်ပင် ထိုသို့ ဖြစ်နေခြင်းပင်။
သူ ထင်ထားသည်ထက်ပင် ပို၍ ဆိုးရွားနေသေးသည်။
ကမ္ဘာ့အရှင်က အကုန်ရွှေ့ပြီးမှ တစ်ဖက်လူက စရွှေ့ခြင်းဆိုလျှင် တစ်ဖက်လူက သိသိသာသာကြီးကို "ခိုး" သုံးနေခြင်းပင် ဖြစ်သည်။
အတော်ကြာမှ ထန်ထျန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဒါဆို ထာဝရဧကရာဇ် နဲ့ ထာဝရနယ်ပယ်ကို ထိတွေ့ခဲ့တဲ့ အစွမ်းထက်သူတွေ အကုန်လုံးဟာလည်း အဲ့ဒီ ငါးမွေးသူ ဆိုတဲ့သူကို မြင်ခဲ့လို့ပဲ ရူးသွပ်ကုန်ကြတာလား"
ကမ္ဘာ့အရှင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
"ဟုတ်တယ်"
"ဒါပေမဲ့ သူတို့က ငါးမွေးသူ ရဲ့ တည်ရှိမှုကို ရှာမတွေ့ခဲ့ကြဘူး၊ သူတို့ ခံစားခဲ့ရတာက သူတို့ရဲ့ ကံကြမ္မာဟာ သူတို့ ကိုယ်တိုင် ထိန်းချုပ်နေတာ မဟုတ်ဘူးဆိုတာပဲ"
"တစ်သက်လုံး ကြိုးစားပြီး ရောက်ရှိခဲ့တဲ့ အထွတ်အထိပ်က ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးဆိုတာ သိသွားကြတာ"
"လေထဲက ဖုန်မှုန့်လေးတွေလိုပဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုပေါ့"
"သူတို့က ဒီလောက် ပြင်းထန်တဲ့ ထိုးနှက်ချက်ကို မခံနိုင်ကြဘူး၊ ဒါကြောင့် တာအိုနှလုံးသား တွေ လုံးဝ ပြိုကွဲသွားပြီး ရူးသွပ်ကုန်ကြတာပဲ"
"ငါ ရူးမသွားတာကတော့ ထာဝရဆိုတာ ငါ့ရဲ့ တစ်ဦးတည်းသော ပန်းတိုင် မဟုတ်လို့ပဲ၊ ဒါပါပဲ"
"မဟုတ်ရင်တော့ ငါလည်း သူတို့လို အခြေအနေမျိုး ရောက်သွားမှာပဲ"
ကမ္ဘာ့အရှင်က သက်ပြင်းချရင်း ပြောလိုက်သည်။
ထန်ထျန်းလည်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဤအချက်က အရူးအဖိုးကြီး အော်ဟစ်နေခဲ့သည့် စကားစုကို သူ့အား နောက်တစ်ကြိမ် ပြန်လည် သတိရသွားစေသည်။
"ငါက ပုရွက်ဆိတ်ပဲ"
"ငါက ဖုန်မှုန့်ပဲ"
"ငါက နတ္ထိ "
"ငါက တကယ် မရှိဘူး"