အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့်နှင့် 'ကောင်းကင်အဆင့်' ကျင့်စဉ် အပိုင်းအစ သတင်း
မြင့်မြတ်နယ်မြေ၏ ဈေးသို့ ရောက်ရှိလာပြီးနောက် ရှုချွမ်းက သူ၏ လက်ကျန် ယွမ်ကျောက်တုံးလေးများကို ထုတ်ယူကာ ဆေးကုန်ကြမ်းများ ဝယ်ယူတော့သည်။
ဆေးနည်း ပေါက်ကြားမှုကို ကာကွယ်ရန်အတွက် ရှုချွမ်းက ကုန်ကြမ်းအားလုံးကို ဆိုင်တစ်ဆိုင်တည်းတွင် မဝယ်ဘဲ ဆိုင်အတော်များများသို့ ပတ်၍ ဝယ်ယူခဲ့သည်။
ထို့ပြင် သူက လူများကို မျက်စိလည်သွားစေရန်အတွက် မသက်ဆိုင်သော အပိုပစ္စည်းအချို့ကိုလည်း ရော၍ ဝယ်ယူခဲ့သေးသည်။
ပစ္စည်းအားလုံး ရရှိပြီးနောက် ရှုချွမ်းက သူ၏လှိုဏ်ဂူသို့ ပြန်လာကာ အိုးကြီးတစ်လုံးကို ပြင်ဆင်ပြီး ‘ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်’ ကို စတင်ဖော်စပ်တော့သည်။
ဤဆေးရည်မှာ ကုန်ကျစရိတ် နည်းပါးရုံသာမက ဖော်စပ်ပုံမှာလည်း အလွန်ပင် ရိုးရှင်းလှသည်။ ‘ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်’ ဆဋ္ဌမအဆင့်ရှိသော ရှုချွမ်းအဖို့ ၎င်း၏ အခြေခံများကို အလွယ်တကူပင် နားလည်သဘောပေါက်နိုင်သည်။
နေ့တစ်ဝက် ကြာပြီးနောက် ရှုချွမ်းက သူ၏ရှေ့တွင် ရှိနေသော ပျစ်ချွဲချွဲ ဆေးရည်ငါးပုလင်း ကို ကြည့်ကာ အောင်မြင်မှုအရသာကို ခံစားလိုက်ရသည်။
"စကြမယ်... ကျင့်ကြံခြင်း နယ်ပယ်ကို ကျော်ဖြတ်ရမယ့် အချိန်ပဲ"
ရှုချွမ်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အိုးကြီးထဲသို့ ဆေးရည်များကို လောင်းထည့်ကာ ရေနွေးနွေးလေးများ ရောထည့်လိုက်သည်။
ဆေးရည်ကို ထည့်လိုက်သည်နှင့် ရေများမှာ ချက်ချင်းပင် မြစိမ်းရောင်သို့ ပြောင်းလဲသွားသည်။
ရှုချွမ်းက သူ၏ အဝတ်အစားအားလုံးကို ချွတ်လိုက်ပြီး အိုးကြီးထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်တော့သည်။
ဒါက အိုးကြီးထဲမှာ အသားနှပ်ခံနေရသလို ခံစားချက်မျိုးပင်
ဆေးရည်ထဲသို့ ရောက်သည်နှင့် ရှုချွမ်းက သူ၏ ခန္ဓာကိုယ်အနှံ့ နွေးထွေးသော စီးကြောင်းတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ပြင်းထန်လှသော ဆေးအာနိသင်များသည် ချီစွမ်းအင်များနှင့် ရောယှက်ကာ သူ၏ ကြွက်သားများနှင့် အသားအရေ များကို အဆက်မပြတ် သန့်စင်ပေးနေသည်။
ရှုချွမ်း၏ အရေပြားမှာ တဖြည်းဖြည်း နီရဲလာပြီး ခေါင်းမှ အခိုးအငွေ့များ ထွက်ပေါ်လာရာ ချက်ထားသော ပုစွန်တစ်ကောင်နှင့်ပင် တူနေတော့သည်။
သူ၏ ရိုးတွင်းခြင်ဆီထဲတွင် ပုရွက်ဆိတ်များ တွားသွားနေသလို၊ အပ်နှင့် ထိုးနေသလို၊ ဓားနှင့် လှီးနေသလို နာကျင်မှုမျိုးကို သူ ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်အမင်း ယားယံလာသဖြင့် သူက မထိန်းနိုင်ဘဲ ကုတ်ခြစ်မိရာ အရေပြားပေါ်တွင် သွေးရာများပင် ထင်ကျန်ရစ်သည်။
ထို့နောက် ချက်ချင်းပင် သူ၏ အရေပြားပေါ်မှ မည်းနက်၍ နံစော်သော အညစ်အကြေးများ ထွက်လာသဖြင့် သူက အော့အန်ချင်စိတ်ပင် ပေါ်လာမိသည်။
ခဏအကြာတွင် ဆေးအာနိသင်များကို ရှုချွမ်းက အပြည့်အဝ စုပ်ယူလိုက်သဖြင့် အိုးထဲရှိ ရေများမှာ ပြန်လည် ကြည်လင်သွားသည်။ ရှုချွမ်းက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်သို့ ချိုးဖျက် ခြင်း
ထိုမျှတင် မကသေးပေ၊ ရှုချွမ်းက သူ၏ သွေးကြောများ ပိုမို ကျယ်ပြန့်လာပြီး ခန္ဓာကိုယ်အတွင်းရှိ အနည်ထိုင်နေသော အညစ်အကြေးများအားလုံး ဖယ်ရှားခံလိုက်ရသည်ကို ခံစားရသည်။ မူလချီ စုပ်ယူမှုနှုန်းမှာလည်း ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။
"တကယ်ကို နတ်ဆေးပါပဲလား... အာနိသင်ကတော့ အံ့ဩစရာပဲ"
ရှုချွမ်းက ဆေးရည်၏ အာနိသင်အပေါ် ကျေနပ်စွာ ပြုံးလိုက်မိသည်။
ထို့နောက် သူ၏ အကြည့်မှာ ကျန်ရှိနေသော ဆေးရည်လေးပုလင်းပေါ်သို့ ကျရောက်သွားသည်။
သူက ၎င်းတို့ကို တစ်ဆက်တည်း စုပ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
...
လဝက်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။
လှိုဏ်ဂူအတွင်း၌ ရှုချွမ်းက ဆေးရည်၏ ပြင်းထန်သော အာနိသင်များကြားတွင် နစ်မျောနေခဲ့သည်။
ဖောက် ဖောက်
သူ၏ ခန္ဓာကိုယ်အတွင်းမှ ပဲလှော်နေသကဲ့သို့သော အသံများ ထွက်ပေါ်လာပြီး နီရဲနေသော အရေပြားမှာလည်း တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် ချက်ချင်းပင် ပြင်းထန်သော အော်ရာ တစ်ခု ထွက်ပေါ်လာရာ လှိုဏ်ဂူအတွင်းရှိ ဖုန်မှုန့်များပင် လွင့်စင်သွားတော့သည်။
ဝူး...
ရှုချွမ်းက ကုတင်ပေါ်မှ ခုန်ဆင်းကာ လေထဲသို့ လက်သီးဖြင့် ထိုးလိုက်ရာ လေပြင်းများ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ခွန်အားက အဆပေါင်းများစွာ တိုးလာပြီ၊ ဒါက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အကန့်အသတ် ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့် ပေါ့"
လက်သီးကို တင်းတင်းဆုပ်ကာ ခန္ဓာကိုယ်အတွင်းရှိ ပြည့်လျှံနေသော စွမ်းအင်များကို ခံစားရင်း ရှုချွမ်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
လဝက်အတွင်းမှာတင် ဆေးရည်လေးပုလင်းကို အသုံးပြုပြီး သူက ဆဋ္ဌမအဆင့်မှ နဝမအဆင့် ထိပ်ဆုံးသို့ တိုက်ရိုက် ခုန်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါက အလွန်ကြီးမားသော တိုးတက်မှုပင်။
ရှုချွမ်း၏ ပါရမီကြောင့်လည်း ပါဝင်သော်လည်း ဤဆေးရည်သာ မရှိပါက ဤအဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာဦးမည်ကို မခန့်မှန်းနိုင်ပေ။
"အခု ငါ့အတွက် လိုအပ်တာက ချီစုစည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ ကျင့်စဉ်တစ်ခုပဲ"
ရှုချွမ်းက သူ့ဘာသာ တွေးလိုက်သည်။
ချီစုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် အပြင်စည်း စစ်ဆေးမှု ကို အောင်မြင်ပြီး အတွင်းစည်းတပည့် ဖြစ်လာရန် ရှုချွမ်းအဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီ ဖြစ်သည်။
သို့သော် ဤကျင့်စဉ်ရရှိဖို့က ရှုချွမ်းအတွက် အခက်အခဲ ဖြစ်နေသည်။
မြင့်မြတ်နယ်မြေ၏ ကျင့်စဉ်လဲလှယ် ရာ မျှော်စင်တွင် ကျင့်စဉ်များစွာ ရှိသော်လည်း ၎င်းတို့ကို ရမှတ်များဖြင့်သာ လဲလှယ်ရခြင်း ဖြစ်သည်။
ရမှတ်များ ရရှိရန်အတွက် ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။
ချမ်းသာပြီး နောက်ခံရှိသော တပည့်များအတွက် ဒါက ကိစ္စမရှိသော်လည်း ရှုချွမ်းအတွက်မူ ပြဿနာကြီး ဖြစ်နေသည်။
သူ စုဆောင်းထားသော ရမှတ်များမှာ ကျင့်စဉ်တစ်ခုနှင့် လဲလှယ်ရန် အဝေးကြီး လိုနေသေးသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျင့်စဉ်တစ်ခု ရအောင် ရှာရမယ်"
ရှုချွမ်းက ခေတ္တ စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်လုံးများ တောက်ပလာသည်။
သူ နေရာတစ်ခုကို သတိရသွားသည်
ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်
ဤကုန်သွယ်ရေးမျှော်စင်က အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး အရာအားလုံးကို ရောင်းချကာ အရာအားလုံးကို ဝယ်ယူသည်ဟု နာမည်ကြီးသည်။
ထိုနေရာတွင် သူ့အတွက် သင့်တော်သော ကျင့်စဉ်တစ်ခု ရှိနေမှာ သေချာသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ လက်ထဲတွင် ယခင်က ဖော်စပ်ထားသော ဆေးရည် တစ်ပုလင်း ကျန်ရှိနေသေးရာ ၎င်းကို ယွမ်ကျောက်တုံးနှင့် လဲလှယ်ပြီး ကျင့်စဉ်ဝယ်ယူရန် သူ ဆုံးဖြတ်လိုက်သည်။
သူ သတိထားမည်ဆိုလျှင် သူ မည်သူမှန်း လူသိနိုင်ခြေမှာ အလွန်နည်းပါးပါသည်။
"အချိန်မဆွဲတော့ဘူး၊ အခုပဲ သွားမယ်"
သူက ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဆေးကြောကာ အဝတ်အစားလဲပြီး ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင် သို့ သွားရန် ပြင်ဆင်တော့သည်။
ဤမျှော်စင်က မြင့်မြတ်နယ်မြေအတွင်းတွင် မဟုတ်ဘဲ မြင့်မြတ်နယ်မြေ၏ လက်အောက်ရှိ အစည်ကားဆုံးမြို့ဖြစ်သော 'ထာဝရမြို့' တွင် တည်ရှိသည်။
တောင်ပေါ်မှ ဆင်းလာပြီးနောက် ရှုချွမ်းက ထာဝရမြို့သို့ ရောက်ရန် နေ့ တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
ကြိုတင်ပြင်ဆင်ထားသော ဝတ်ရုံနက်ကို လဲလှယ်ဝတ်ဆင်ပြီးနောက် သူက ဝမ်ပေါင်မျှော်စင် သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
မျှော်စင် ၏ တံခါးဝသို့ ရောက်သည့်အခါ ရှုချွမ်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အရှေ့ဘက်ဒေသ၏ အကြီးဆုံး ကုန်သွယ်ရေးမျှော်စင် ဖြစ်သည့်အတိုင်း တကယ်ကို စည်ကားလှပေသည်။
ပစ္စည်းမျိုးစုံကို ထင်ရှားသော နေရာများတွင် ခင်းကျင်းပြသထားသည်။
သို့သော် ရှုချွမ်းက မည်သည့်အရာကိုမျှ လျှောက်မကိုင်ပေ။ ဤပစ္စည်းများကို အကာအကွယ် အစီအရင် များဖြင့် ကာကွယ်ထားသဖြင့် ထိမိပါက အန္တရာယ် ရှိနိုင်သောကြောင့် ဖြစ်သည်။
ရှုချွမ်း ဝေ့ဝဲကြည့်နေစဉ်မှာပင် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ဝမ်ပေါင်မျှော်းင်ကနေ ကြိုဆိုပါတယ်ရှင်။ ဧည့်သည်တော် ဘာများ ဝယ်ယူချင်ပါသလဲ"
ရှုချွမ်း လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာဖြင့် သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ကျွန်တော် ပစ္စည်းတစ်ခု လာရောင်းချင်လို့ပါ"
ရှုချွမ်းက သူ၏ ရင်ဘတ်ထဲမှ ဆေးရည်ပုလင်းကို ထုတ်ယူကာ အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။
"သခင်လေး ခေတ္တစောင့်ပေးပါရှင်။ ကျွန်မတို့ ဝမ်ပေါင်မျှော်စင် မှာ အတော်ဆုံး ပစ္စည်းစစ်ဆေးသူတွေ ရှိပါတယ်၊ သခင်လေးအတွက် စိတ်ကျေနပ်စရာ ဈေးနှုန်းတစ်ခုကို သေချာပေါက် ပေးပါ့မယ်"
အမျိုးသမီးက ဆေးရည်ပုလင်းကို ယူကာ ယဉ်ကျေးစွာ ပြုံးလိုက်သည်။
အရှေ့ဘက်ဒေသ၏ အကြီးဆုံးမျှော်စင် ဖြစ်သည့်အတိုင်း နေ့စဉ် ဧည့်သည်ပေါင်းများစွာ လာရောက်သဖြင့် ရှုချွမ်း၏ ဝတ်စားဆင်ယင်မှုအပေါ် သူမ အံ့ဩခြင်း မရှိပေ။
ရှုချွမ်းက "ကောင်းပါပြီ၊ မင်း သွားစစ်ဆေးလိုက်ပါ။ ကျွန်တော် ဒီနားမှာပဲ ခဏ လျှောက်ကြည့်နေပါ့မယ်"
ဝမ်ပေါင်မျှော်စင် ၏ ဂုဏ်သတင်းမှာ ယုံကြည်ထိုက်သည် ဖြစ်သဖြင့် ရှုချွမ်း စိတ်မပူပေ။
အမျိုးသမီး ထွက်သွားပြီးနောက် ရှုချွမ်းက သူ့အတွက် သင့်တော်မည့် ကျင့်စဉ် ရှိ၊ မရှိ လျှောက်ကြည့်နေသည်။
ရုတ်တရက် ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ရှုချွမ်း၏ အာရုံကို ဖမ်းစားလိုက်သည်။
ထိုသူတွင် ကြီးမားသော 'အခွင့်အရေး' ရှိနေသည်ဟု ရှုချွမ်း ထူးဆန်းစွာ ခံစားလိုက်ရသည်။
၎င်းကို အတည်ပြုရန်အတွက် ရှုချွမ်းက စနစ် ဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိုသူ၏ အချက်အလက်များ ပေါ်လာတော့သည်။
【အမည် - ရှုချန်】
【ကျင့်ကြံခြင်း နယ်ပယ် - ချီစုစည်းခြင်းနယ်ပယ် ဒုတိယအဆင့်】
【ပါရမီ - လူအများ၏ အာရုံစိုက်မှုကို ခံရသူ 】
【ကံကြမ္မာ - ကံကြမ္မာ၏ သားတော် (ရွှေရောင်)၊ ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့ ပြောင်းလဲနိုင်သူ (ခရမ်းရောင်)၊ မတည်ငြိမ်သော စိတ်အခြေအနေ (အဖြူရောင်)】
【ဘဝဇာတ်ညွှန်း - ကံကြမ္မာ၏ သားတော်၏ မိစ္ဆာများကို နှိမ်နင်းပြီး အဆင့်တက်မည့် လမ်းစဉ်】
【အခွင့်အရေး - ဝမ်ပေါင်မျှော်စင် တွင် လျှောက်သွားရင်း ပျက်စီးနေသော ကျင့်စဉ်တစ်ခုကို တွေ့ရှိမည်။ စိတ်ကူးပေါက်သဖြင့် ဝယ်ယူလိုက်ရာ ၎င်းမှာ 'ကောင်းကင်အဆင့်' ကျင့်စဉ် အပိုင်းအစ တစ်ခု ဖြစ်နေသည်ကို သိရှိသွားမည်။ ဤကျင့်စဉ်ကို အားကိုးပြီး သူ၏ ကံကြမ္မာသားတော် လမ်းစဉ်ကို စတင်လိမ့်မည်】
【ကံကြမ္မာ၏ သားတော်- ကံတရား၏ မျက်နှာသာပေးမှုကို ခံရသူဖြစ်ပြီး ရောက်လေရာတွင် ကံကောင်းခြင်းများ ရရှိတတ်သည်】
【ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့ ပြောင်းလဲနိုင်သူ - အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်တိုင်းတွင် အမြဲတမ်း လွတ်မြောက်ရာ လမ်းစကို ရှာတွေ့တတ်သည်】
【မတည်ငြိမ်သော စိတ်အခြေအနေ - ကံကြမ္မာသားတော် ဖြစ်သော်လည်း စိတ်ဓာတ်မခိုင်မာသဖြင့် လွယ်လွယ်နှင့် စိတ်ဓာတ်ကျကာ လမ်းမှားသို့ ရောက်သွားတတ်သည်】
...
"ဒါ ကံကြမ္မာသားတော်ပဲလား"
ရှုချွမ်းမှာ အနည်းငယ် အံ့ဩသွားသည်။ အပြင်ထွက်လာကာရှိသေး သူက ကံကြမ္မာသားတော်တစ်ဦးနှင့် ဆုံတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ
သို့သော် ဤကံကြမ္မာသားတော်၏ ကျင့်ကြံခြင်း မှာ အနည်းငယ် နိမ့်ပါးနေသေးပြီး ချီစုစည်းခြင်းနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိသေးသည်။
ဤကမ္ဘာတွင် သိုင်းပညာရှင်များအတွက် နယ်ပယ်ကြီး ၉ ခု ရှိသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှ ဧကရာဇ်အရှင်နယ်ပယ် ကြားတွင် ချီစုစည်းခြင်းနယ်ပယ်၊ လူသားအဆင့်ကျော်လွန်ခြင်းနယ်ပယ်၊ နတ်ဘုရားစွမ်းအားနယ်ပယ်၊ နိဗ္ဗာနနယ်ပယ်၊ ကမ္မနယ်ပယ်၊ ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်နှင့် ကောင်းကင်ဘုရင်နယ်ပယ်တို့ ရှိကြသည်။
ချီစုစည်းခြင်းနယ်ပယ်မှာ ဒုတိယမြောက် နယ်ပယ်သာ ဖြစ်သည်။
ဒါတွေက အရေးမကြီးပေ။
ရှုချွမ်းကို အဆွဲဆောင်နိုင်ဆုံးအရာမှာ ရှုချန်၏ 【အခွင့်အရေး】 ထဲမှ အချက်အလက်များပင် ဖြစ်သည်
ဖော်ပြချက်အရ ဤဝမ်ပေါင်မျှော်စင် ထဲတွင် ပျက်စီးနေသော 'ကောင်းကင်အဆင့်'ကျင့်စဉ်တစ်ခု ရှိနေသည်။
ဒါက ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်သည်။ ပျက်စီးနေသည် ဆိုဦးတော့၊ ဒါက ရှုချွမ်းကဲ့သို့သော အဆင့်ရှိသူတစ်ဦး လက်လှမ်းမီနိုင်သော အရာ မဟုတ်ပေ။
သူက မတော်တဆ ကြည့်လိုက်ရုံဖြင့် ဤမျှကြီးမားသော ဆုလာဘ်မျိုး ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှုချွမ်း၏ အသက်ရှူသံများပင် မြန်လာတော့သည်။
ကျင့်စဉ်များတွင်လည်း အဆင့်များ ခွဲခြားထားသည်။
နတ်ဘုရား အဆင့်၊ ဧကရာဇ်အဆင့်၊ ကောင်းကင်အဆင့်၊ မြေကြီး အဆင့်၊ ဆန်းကြယ် အဆင့် နှင့် သေမျိုး အဆင့် တို့ ဖြစ်ကြသည်။
ကျင့်စဉ်အဆင့် မြင့်မားလေ၊ ကျင့်ကြံမှုနှုန်း မြန်ဆန်လေဖြစ်ပြီး မူလချီ စုပ်ယူမှုနှုန်းမှာလည်း ပိုမို ကောင်းမွန်လေ ဖြစ်သည်။
ဤစနစ်သာ မရှိပါက သူသည် သေမျိုး အဆင့် ကျင့်စဉ်ကိုသာ ဝယ်ယူနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
"ကောင်းကင်အဆင့် ကျင့်စဉ် အပိုင်းအစ ဆိုရင်တောင် ဒါဟာ ကောင်းကင်ခေါင်ခိုက်အောင် ဈေးကြီးမယ့် အရာပဲ"
ရှုချွမ်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
"ငါ ဒါကို သေချာပေါက် ရအောင် ယူရမယ်"
ဤအချိန်တွင် ရှုချွမ်း၏ စိတ်ထဲ၌ ဤအတွေးတစ်ခုသာ ရှိတော့သည်။
အခန်း (၄) ကျင့်စဉ်ကို ရရှိခြင်းနှင့် ‘ရွှမ်းယန်ကျွယ်’ ကို ကျင့်ကြံခြင်း
ထိုအချိန်တွင် ခုနက အမျိုးသမီးသည် ရှုချွမ်းပေးခဲ့သော ပုလင်းကို ကိုင်ကာ ပြန်လည်ရောက်ရှိလာသည်။
"ဧည့်သည်တော်ရှင်... ဧည့်သည်တော်ပေးတဲ့ ‘ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်’ က အရည်အသွေး အလွန်မြင့်မားပါတယ်။ ကျွန်မတို့ ဝမ်ပေါင်မျှော်စင်ရဲ့ စစ်ဆေးသူတွေက ဒါကို အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်ထောင့်ငါးရာ သတ်မှတ်ပေးထားပါတယ်ရှင်။ ဒီဈေးနှုန်းကို ဧည့်သည်တော် သဘောကျရဲ့လား"
ဤဈေးနှုန်းကို ကြားလိုက်ရချိန်တွင် ရှုချွမ်းက ခေတ္တမျှ စဉ်းစားလိုက်သည်။
ထို့နောက် သူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူကတော့ ဤဆေးရည်တစ်ပုလင်းကို ယွမ်ကျောက်တုံး တစ်ထောင့်တစ်ရာခန့် ရလျှင်ပင် ကျေနပ်ပြီဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ ယခု တစ်ထောင့်ငါးရာအထိ ရရှိသဖြင့် 'ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်' ၏ တန်ဖိုးကို ရှုချွမ်း ထပ်မံ သတိပြုမိသွားသည်။
"ဧည့်သည်တော်ရှင်... ဒါကတော့ ယွမ်ကျောက်တုံး တစ်ထောင့်ငါးရာ ပါ ရှင်။ သေချာ သိမ်းထားပါ"
အမျိုးသမီးက ဆေးရည်ရောင်းရငွေများ ထည့်ထားသော အိတ်ကို ရှုချွမ်းထံ ကမ်းပေးလိုက်သည်။
ရှုချွမ်းက ထို အိတ်ကို ဂရုတစိုက် လှမ်းယူလိုက်သည်။ သူ၏ တစ်သက်တွင် ဤမျှများပြားသော ယွမ်ကျောက်တုံးများကို တစ်ခါမျှ မမြင်ဖူးပေ။
ခဏတာမျှတော့ ရှုချွမ်းက သူဌေးကြီးတစ်ဦး ဖြစ်သွားသလို ခံစားလိုက်ရသည်။
သို့သော် သူင လက်တွေ့ဘဝသို့ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။
"ငါ စိတ်လွတ်သွားလို့ မဖြစ်ဘူး"
အခု အရေးကြီးဆုံးအရာက ထို 'ကောင်းကင်အဆင့်' ကျင့်စဉ် အပိုင်းအစ ကို ရအောင် ယူဖို့ပဲ
ထို့ကြောင့် ရှုချွမ်းက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အမျိုးသမီးကို မေးလိုက်သည်။ "ဝမ်ပေါင်မျှော်စင်မှာ ရောင်းတဲ့ သိုင်းကျင့်စဉ်တွေက ဘယ်နေရာမှာ ရှိသလဲ သိပါရစေ"
"ဧည့်သည်တော်... ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်"
ရှုချွမ်းက ကျင့်စဉ်များအကြောင်း မေးမြန်းသည်ကို ကြားသောအခါ သူမက သူ့ကို ဒုတိယထပ်ရှိ ကျင့်စဉ်များ သီးသန့်ရောင်းချရာ နေရာသို့ ခေါ်ဆောင်သွားသည်။
"ဒီနေရာကတော့ ကျွန်မတို့ ဝမ်ပေါင်မျှော်စင်ရဲ့ ကျင့်စဉ်တွေ ရောင်းတဲ့နေရာပါရှင်။ အကယ်၍ ဧည့်သည်တော်က ကျင့်စဉ်တစ်ခုခုကို လိုချင်တယ်ဆိုရင် ဒီတိုကင်ပြား လေးကို ယူသွားပါ၊ အစီအရင်ကို ကျော်ဖြတ်ပြီး ကျင့်စဉ်ကို ယူလို့ရပါတယ်။ ပြီးရင်တော့ အောက်ထပ်မှာ ငွေရှင်းရုံပါပဲရှင်"
အမျိုးသမီးက တိုကင်ပြား လေးကို ရှုချွမ်းထံ ရိုသေစွာ ကမ်းပေးပြီးနောက် ထွက်ခွာသွားသည်။
ဤနေရာတွင် ဧည့်သည်များပြားလှသဖြင့် သူမက ရှုချွမ်းတစ်ဦးတည်းကိုသာ အမြဲ စောင့်ကြိုနေ၍ မရပေ။
တိုကင်ပြားကို ကိုင်ထားစဉ် ရှုချွမ်း၏ မျက်လုံးထောင့်မှ ရှုချန်သည်လည်း ဒုတိယထပ်သို့ တက်လာသည်ကို တွေ့လိုက်ရသဖြင့် သူက ချက်ချင်းပင် စိုးရိမ်စိတ် ပေါ်လာသည်။
ရှုချန်ကို ထိုကျင့်စဉ်အရင် ရသွားတာ သူ လုံးဝ အဖြစ်မခံနိုင်ပေ
ရှုချွမ်းက ဤနေရာရှိ ကျင့်စဉ်များကို တစ်ခုချင်းစီ ချက်ချင်း စတင် စစ်ဆေးတော့သည်။
"'တိမ်လွင့်ဓားသိုင်း' - သေမျိုး အဆင့် အဆင့်နိမ့်"
"'ကျားရဲကျင့်စဉ်' - သေမျိုး အဆင့် အဆင့်မြင့်"
"'စီးဆင်းတိမ်တိုက်ကျင့်စဉ်' - ဆန်းကြယ် အဆင့် အဆင့်နိမ့်"
...
အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်နေသည်။
ရှုချွမ်းမှာလည်း ရင်ခုန်သံ မြန်လာသည်။
ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင် ဖြစ်သည့်အတိုင်း ဤနေရာတွင် ကျင့်စဉ်ပေါင်း များစွာ ရှိနေသည်။
ဤကျင့်စဉ်ပုံကြီးထဲမှ 'ကောင်းကင်အဆင့်' ကျင့်စဉ် အပိုင်းအစ ကို ရှာရသည်မှာ တကယ်ကို မလွယ်ကူပေ။
"ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ အချိန်ကြာသွားရင် ဇာတ်ညွှန်းအတိုင်း ကျင့်စဉ်က ရှုချန်ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်"
ထိုသို့ တွေးမိပြီးနောက် ရှုချွမ်း၏ အကြည့်များမှာ ပို၍ မြန်ဆန်လာသည်။
သူက အဆင့်သတ်မှတ်ချက် မရှိသော ကျင့်စဉ်များ သို့မဟုတ် မည်သူမျှ ရွေးချယ်မည်မဟုတ်သော ကျင့်စဉ်များပေါ်သို့ အာရုံစိုက်လိုက်သည်။
ဒါတောင်မှ ရှာရမည့် ဧရိယာက အလွန် ကျယ်ပြန့်နေသေးသည်
သူ လက်လျှော့တော့မည့် အချိန်မှာပင် စာအုပ်တစ်အုပ်က သူ၏ မျက်စိရှေ့တွင် ဝဲခနဲ ဖြတ်သွားသည်။
သူက ချက်ချင်း ရပ်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့ဩဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။
သူ၏ အလိုလိုသိစိတ်က ဒါဟာ သူရှာနေသည့်အရာ ဖြစ်ကြောင်း ပြောနေသည်။
'ကောင်းကင်အဆင့်' ကျင့်စဉ် အပိုင်းအစ
၎င်းမှာ အပြင်ပန်းကကြည့်လျှင် အလွန် ရိုးရှင်းပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော သိုင်းကျင့်စဉ် စာအုပ်ကလေး ဖြစ်သည်။
အဖုံး၏ ထောင့်တစ်ဖက်မှာ ပြတ်နေပြီး နောက်ကျောဘက်မှာလည်း ပို၍ ပျက်စီးနေသည်။
၎င်း၏ တည်နေရာမှာလည်း အလွန်ပင် ကွယ်ဝှက်လှသဖြင့် သာမန်လူများဆိုလျှင် လှည့်ကြည့်မည်ပင် မဟုတ်ပေ။
ရှုချွမ်းသာ ရည်ရွယ်ချက်ရှိရှိ လိုက်မရှာပါက ဤနေရာကို သူ သတိထားမိမည် မဟုတ်ပေ။
" 'ရွှမ်းယန်ကျွယ်'သည် အလွန်အမင်း ပျက်စီးနေသည်။ ‘ချီစုစည်းခြင်းနယ်ပယ်’ နည်းလမ်းများသာ ပါဝင်သဖြင့် အဆင့်ကို ယာယီအားဖြင့် မသတ်မှတ်နိုင်ပါ"
"ဒါကြောင့်လည်း ဘယ်သူမှ မဝယ်ကြတာကိုး။ ငါသာ အရင်က ဒီကျင့်စဉ်ရဲ့ အဆင့်ကို မသိထားရင် ငါလည်း ဝယ်မှာ မဟုတ်ဘူး"
" ဒါပေမဲ့ စနစ်က ဒါဟာ ကောင်းကင်အဆင့် ကျင့်စဉ် အပိုင်းအစ လို့ ပြောထားတယ်ဆိုရင် ဒါဟာ ရိုးရိုးလေးတော့ မဟုတ်နိုင်ဘူး"
" ငါ ချီစုစည်းခြင်းနယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
ရှုချွမ်းက သူ့ဘာသာ ရေရွတ်ရင်း တိုကင်ပြားကို ထုတ်ယူကာ အစီအရင်ကို ဖွင့်ပြီး ကျင့်စဉ်ကို ယူလိုက်သည်။
ထိုအချိန်မှာပင် ရှုချန်သည်လည်း ဤနေရာသို့ ရောက်ရှိလာပြီး ဤကျင့်စဉ်ကိုပင် ကိုင်ကြည့်ရန် ပြင်နေခြင်း ဖြစ်သည်။
သို့သော် ရှုချွမ်းက အရင်ဦးသွားသည်ကို တွေ့သောအခါ သူက ဘာမှမပြောဘဲ အခြားကျင့်စဉ်များကိုသာ ဆက်ကြည့်နေတော့သည်။
ကျင့်စဉ်ကို လက်ဝယ် ရရှိပြီဖြစ်ရာ ရှုချွမ်းက ဤနေရာတွင် ကြာကြာမနေတော့ပေ။ "အနီရောင်သွေးဓားသိုင်း"ဟု ခေါ်သော သိုင်းကွက်တစ်ခုကိုပါ ထပ်မံ ရွေးချယ်ပြီးနောက် အောက်ထပ်သို့ ဆင်းကာ ငွေရှင်းလိုက်သည်။
ဤကျင့်စဉ်နှစ်ခုအတွက် ရှုချွမ်းက ယွမ်ကျောက်တုံး ငါးရာအောက်သာ ကုန်ကျခဲ့ပြီး "အနီရောင်သွေးဓားသိုင်း" အတွက် ပေးရသော ဈေးမှာ ပို၍ များပြားသည်။
မြင့်မြတ်နယ်မြေသို့ ပြန်ရောက်သည့်အခါ ရှုချွမ်းက သူ၏ လက်ကျန် ယွမ်ကျောက်တုံးများကို အသုံးပြု၍ ‘ကျင့်ကြံရေးအခန်း’ တစ်ခုကို ငှားရမ်းလိုက်သည်။
ဤကျင့်ကြံရေးအခန်းများသည် မြင့်မြတ်နယ်မြေက တပည့်များအတွက် သီးသန့် ပြင်ဆင်ပေးထားခြင်း ဖြစ်ပြီး ၎င်းထဲတွင် 'မူလချီစုစည်းခြင်း အစီအရင်' များ ပါရှိကာ တပည့်များ ကျင့်ကြံရာတွင်အထောက်အကူပြုရန် မူလချီ အမြောက်အမြားကို ဆွဲယူပေးထားသည်။
ရှုချွမ်းက ကျင့်ကြံရေးအခန်းအတွင်း တင်ပျဉ်ခွေထိုင်ကာ "ရွှမ်းယန်ကျွယ်" ကို ရင်ခုန်စွာဖြင့် ထုတ်ကြည့်လိုက်သည်။
"'ရွှမ်းယန်ကျွယ်' - ဤကျင့်စဉ်ကို ကျင့်ကြံပြီးနောက် လှုပ်ရှားမှုတိုင်းက နေမင်းကြီး ဆင်းသက်လာသကဲ့သို့ ဖြစ်လိမ့်မည်။ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် နေမင်းကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ပြီး နေမင်း၏ စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်"
ဟား...
ရှုချွမ်းမှာ အသက်ရှူမှားသွားပြီး သူ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပလာသည်။
ဖော်ပြချက်ကို ဖတ်ကြည့်ရုံနှင့်ပင် ကြီးမားလှသော အရှိန်အဝါကို ခံစားနေရသည်။
ကောင်းကင်အဆင့် ကျင့်စဉ်ဆိုသည့်အတိုင်းပါပဲ
ပျက်စီးနေသည် ဆိုဦးတော့၊ ဒါဟာ အပြင်က သေမျိုး အဆင့် ကျင့်စဉ်တွေထက် အဆပေါင်းများစွာ သာလွန်နေသည်။
"ငါသာ ဒါကို အရင်မရခဲ့ရင် ဒီကျင့်စဉ်က ရှုချန်ဆီ ရောက်သွားမှာပဲ၊ သူ့ရဲ့ ကံကြမ္မာသားတော် အဆင့်နဲ့ဆိုရင်..."
ထိပ်တန်း ကံကြမ္မာနှင့် ထိပ်တန်း ကျင့်စဉ်တို့ ပေါင်းစပ်လိုက်ပါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာမှာ အသေအချာပင်။
ဖြစ်နိုင်သည်မှာ ရှုချန်က ထိုက်ယိမြင့်မြတ်နယ်မြေ၏ 'သူတော်စင်' အဆင့်အထိ တက်လှမ်းသွားနိုင်ပြီး ဂိုဏ်းချုပ်နေရာအတွက်ပင် လျာထားခြင်း ခံရနိုင်သည်။
သို့သော် ထို 'ဖြစ်နိုင်ခြေ' များမှာ ယခုတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤအခွင့်အရေးကို ရှုချွမ်းက ရရှိသွားပြီ မဟုတ်ပါလား။
ရှုချွမ်းသည် ဤကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။
ဘုန်း
ရှုချွမ်းက ကျင့်စဉ်၏ စက်ဝန်းအသေးလေး တစ်ခုကိုပင် မပြီးသေးမီမှာပင် ပြင်းထန်သော အော်ရာ တစ်ခု ပေါက်ကွဲထွက်လာသည်။
ထို့ပြင် ပူပြင်းလှသော အော်ရာ တစ်ခုမှာ သူ၏ သွေးကြောများအတွင်းသို့ ရူးသွပ်စွာ စီးဝင်လာသည်။
ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်က နေမင်းကြီးအလား အော်ရာ များဖြင့် ဝန်းရံခံထားရပြီး ပူပြင်းလှသော အပူချိန်မှာ ပတ်ဝန်းကျင်ရှိ မူလချီများကိုပင် လောင်ကျွမ်းစေတော့မည့်အတိုင်းပင်။
အကယ်၍ ကျင့်ကြံခြင်း အဆင့် နိမ့်သူ တစ်ဦးဦးသာ ရှုချွမ်းအနားသို့ ချဉ်းကပ်မိပါက ချက်ချင်းပင် ပြာဖြစ်သွားနိုင်ပါသည်။
ရှုချွမ်း၏ အတွေးကို တုံ့ပြန်သည့်အလား။
ရှုချွမ်းက စက်ဝန်းအကြီး တစ်ခုလုံးကို အောင်မြင်စွာ ပတ်နိုင်သည့်အခါ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာ မှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလာသည်။
ပြင်းထန်လှသော အပူချိန်ကြောင့် ဟင်းလင်းပြင်မှာပင် မြည်ဟည်းနေသည်။
ကံကောင်းထောက်မစွာဖြင့် ဤကျင့်ကြံရေးအခန်းမှာ မြင့်မြတ်နယ်မြေက အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ပြီး ‘ကမ္မနယ်ပယ်’ ရှိသူများပင် ဖျက်ဆီးရန် ခက်ခဲသည်ဟု ဆိုကြသည်။
မဟုတ်လျှင် ဤနေရာမှာ ယခုအချိန်တွင် မီးပင်လယ် ဖြစ်နေလောက်ပြီ။
နောက်တစ်ခဏတွင် ရှုချွမ်းက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူ၏ အော်ရာ များမှာလည်း ပြန့်ကျဲစပြုလာသည်။
ကောင်းကင်အဆင့် ကျင့်စဉ်ဆိုသည့်အတိုင်း အလွန်အမင်း ပျက်စီးနေသော်လည်း ရှုချွမ်းအတွက် ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလှပြီး 'ချီလွှဲဖယ် ခြင်း' အဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်နေသည်။
"လက်ထဲ ရောက်နေတဲ့ ငှက်ကို ပြန်ပျံသွားခွင့် ပေးမယ်လို့ မင်း ထင်နေလား "
"ဖိနှိပ်စမ်း"
ရှုချွမ်း၏ မျက်လုံးများထဲတွင် ပြတ်သားသော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။
သူ၏ စကားအဆုံးမှာပင် သူက ကျင့်ကြံမှုနှုန်းကို ရုတ်တရက် မြှင့်တင်လိုက်သည်။
"ရွှမ်းယန်ကျွယ်" မှ ထွက်ပေါ်လာသော နေမင်း အော်ရာ မှာ ရုတ်တရက် မြန်ဆန်လာပြီး ပူပြင်းလှသော နတ်ဘုရားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလချီများက ချက်ချင်းပင် မီးစွဲလောင်သွားပြီး နေမင်း အော်ရာ ဖြင့် ထပ်ခါတလဲလဲ သန့်စင်ခြင်း ခံလိုက်ရသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း လောင်ကျွမ်းသွားတော့မည့်အလား ပြင်းထန်စွာ အားထုတ်နေရသည်။
သို့သော် ရှုချွမ်းက လက်မလျှော့ဘဲ ထိုဒဏ်ကို အတင်းအကျပ် အောင့်အည်း သည်းခံနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ပတ်ဝန်းကျင်ရှိ မူလချီများကို အဆက်မပြတ် စုပ်ယူကာ နေမင်းအော်ရာ ကို ခုခံရန်အတွက် သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနေတော့သည်။