အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) မွေးရာပါ ဧကရီ၊ ရွှေရောင်ကံကြမ္မာ လေးခု
ထိုသားရဲကို ဂရုမစိုက်တော့ဘဲ ရှုချွမ်း၏ အကြည့်များက သူ၏ခေါင်းပေါ်ရှိ ကျောက်လှိုဏ်ဂူဆီသို့ ကျရောက်သွားသည်။ ဤကင်းခြေများကြီးသည် စနစ်က ဖော်ပြထားသည့်အတိုင်း သန့်စင်ဝိညာဉ်မြက်ကို စောင့်ကြပ်နေသည့် သားရဲဖြစ်ကြောင်း ထင်ရှားသည်။
ထိုနေရာမှာပင် ဤအခွင့်အရေး ရှိနေခြင်း ဖြစ်သည်။
ဒါက ကြီးမားလှသော ရတနာသိုက်ကြီး မဟုတ်သော်လည်း အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်ထောင်ခန့်တော့ တန်ဖိုးရှိသည်။
ခက်ခဲကြမ်းတမ်းသော ဘဝတွင် နေသားကျနေသည့် ရှုချွမ်းအဖို့ ဤပမာဏမှာ အလွန်ပင် အဖိုးတန်လှသည်။
သူ့လမ်းကို ပိတ်ဆို့ထားသည့် သားရဲမရှိတော့သဖြင့် ရှုချွမ်းက ကျောက်လှိုဏ်ဂူပေါ်သို့ အမြန် တက်လိုက်သည်။
ကျောက်လှိုဏ်ဂူမှာ သူထင်ထားသလို သားရဲချေးများ၊ အနံ့အသက်ဆိုးများဖြင့် ရှုပ်ပွမနေဘဲ သန့်ရှင်းသပ်ရပ်နေသည်။
စီရီထားသော ကျောက်ပြားများမှာ လူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိ ထွင်းထုထားသကဲ့သို့ပင်။
ထိုနေရာသို့ နေရောင်ခြည် တစ်ချက် ကျရောက်နေပြီး ထိုအလင်းအောက်တွင် အဖြူရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသော အပင်ငယ်လေးတစ်ပင် ပေါက်ရောက်နေသည်။
"ဒါ ယွမ်ကျောက်တုံး တစ်ထောင်တန်တဲ့ နှစ်ငါးရာသက်တမ်းရှိ သန့်စင်ဝိညာဉ်မြက်လား"
ရှုချွမ်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။
သူ့စိတ်ကူးထဲတွင် နှစ်ငါးရာသက်တမ်းရှိ ဝိညာဉ်အပင်ဆိုလျှင် အနည်းဆုံးတော့ ထူးခြားဆန်းပြားသော အသွင်အပြင် ရှိရမည် မဟုတ်ပါလား
သို့သော် ဤသန့်စင်ဝိညာဉ်မြက်မှာ အဖြူရောင်အလင်းလေး ထွက်နေသည်မှအပ ဆေးနံ့ပင် မရဘဲ အလွန်ပင် ရိုးရှင်းလွန်းလှသည်။
ဤသန့်စင်ဝိညာဉ်မြက်၏ တစ်ခုတည်းသော အသုံးဝင်ပုံမှာ ဆေးဖော်စပ်ခြင်းပင် ဖြစ်သည်။
နှစ်ငါးရာသက်တမ်းရှိ ဤသန့်စင်ဝိညာဉ်မြက်ကို အဆင့်အတန်းရှိသော အဆိပ်ဖြေဆေးလုံးများနှင့် ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးများအဖြစ် ဖော်စပ်နိုင်သည်။
ဤဆေးလုံးနှစ်မျိုးစလုံးမှာ စွန့်စားသွားလာသူများအတွက် မတော်တဆမှုများ ကြုံလာပါက အသုံးပြုရန် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။
ဤသန့်စင်ဝိညာဉ်မြက်မှာ အလွန်ပင် ပေါများလှသဖြင့် နှစ်ငါးရာသက်တမ်း ရှိနေသည့်တိုင် ယွမ်ကျောက်တုံး တစ်ထောင်သာ တန်ဖိုးရှိခြင်း ဖြစ်သည်။
အကယ်၍ ဒါက မူလချီ ကို ဖြည့်တင်းပေးသော အခြားဝိညာဉ်အပင်မျိုးသာ ဆိုလျှင် ဈေးနှုန်းမှာ ဤမျှ မကဘဲ အနည်းဆုံး နှစ်ဆခန့် ရှိပေလိမ့်မည်။
ဒါပေမဲ့လည်း... ဘာမှမရတာထက်စာရင် ရတာက ပိုကောင်းပါသေးသည်။
ခြုံပြောရလျှင် ဤခရီးမှာ အကျိုးအမြတ် ရှိခဲ့ပြီး အားထုတ်ရကျိုး နပ်ခဲ့ပါသည်။
ပတ်ဝန်းကျင်တွင် ကျန်ရှိနေမည့် အရာများ ရှိ၊ မရှိ စစ်ဆေးပြီးနောက် ရှုချွမ်းက ကျေနပ်စွာဖြင့် ထိုနေရာမှ ထွက်လာခဲ့သည်။
နောက်ဆုံးတော့ သူက တစ်စုံတစ်ဦး၏ အခွင့်အရေးကို လုယူခဲ့ခြင်း ဖြစ်သဖြင့် တစ်ဖက်လူနှင့် ဆုံမိပါက တိုက်ပွဲဖြစ်ရန် မလွဲဧကန်ပင်။
သူက မကြောက်သော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက ပိုကောင်းပေသည်။
အမှန်တကယ်ပင် အခြေအနေများမှာ ရှုချွမ်း တွက်ဆထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
ရှုချွမ်း ထွက်သွားပြီး မကြာမီမှာပင် မြို့ထဲမှ လူလတ်ပိုင်းအမျိုးသားနှင့် သူ၏သူငယ်ချင်းလေးဦးတို့ ရောက်ရှိလာကြသည်။ သူတို့မှာ သားရဲကို သတ်ပြီး သန့်စင်ဝိညာဉ်မြက်ကို ယူရန် လာကြခြင်း ဖြစ်သည်။
သို့သော် ပျက်စီးနေသော တိုက်ပွဲကွင်းပြင်နှင့် သားရဲအလောင်းကို မြင်လိုက်ရသည့်အခါ ကျောက်လှိုဏ်ဂူပေါ်မှ သန့်စင်ဝိညာဉ်မြက်မှာ ဦးသူက ယူသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
ဒေါသထွက်နေသော ထိုလူအုပ်စုက ယူသွားသူနောက်ကို လိုက်ရန် ပြင်ကြသော်လည်း ရှုချွမ်းမှာ ချိုင့်ဝှမ်းအတွင်းမှ ထွက်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။
နောက်ဆုံးတွင် ထိုလူအုပ်စုမှာ သူတို့၏ ကံဆိုးမှုကိုသာ ကျိန်ဆဲရင်း လက်လျှော့လိုက်ကြရတော့သည်။
…
ဤအချိန်တွင် ရှုချွမ်းမှာ ချိုင့်ဝှမ်းမှ ထွက်လာခဲ့ပြီး တောင်တန်း၏ အနက်ပိုင်းသို့ ဦးတည်နေသည်။
သစ်တောကြီးအတွင်း၌ တစ်ခါတစ်ရံ ဝံပုလွေဟိန်းသံများ ထွက်ပေါ်လာပြီး သစ်ရွက်များပင် မြေသို့ ကြွေကျကုန်သည်။
"သေစမ်း"
ရုတ်တရက် ထွက်ပေါ်လာသော အေးစက်စက် အော်ဟစ်သံနှင့်အတူ ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားသည်။
ရှုချွမ်းက သူ၏လက်မှ သွေးများကို မြက်ပင်နှင့် အေးဆေးစွာ သုတ်လိုက်ပြီးနောက် သူ့ရှေ့မှ ဝံပုလွေဘုရင်ကြီး၏ ဗိုက်ကို ကျွမ်းကျင်စွာ ခွဲလိုက်သည်။
ဝံပုလွေအရေခွံကို အကုန်ခွာယူပြီးနောက် ၎င်း၏ သားရဲအူတိုင်ကို ထုတ်ယူလိုက်သည်။
ဒါက ချီစုစည်းခြင်း ဒုတိယအဆင့်ရှိသော ဝံပုလွေသားရဲ ဖြစ်ပြီး အတော်ပင် အစွမ်းထက်လှသည်။
သို့သော်လည်း ရှုချွမ်းနှင့် တစ်ချက်တည်း ရင်ဆိုင်လိုက်ရုံဖြင့် ဤနေရာတွင်ပင် ဇာတ်သိမ်းသွားခဲ့ရသည်။
တောင်တန်း၏ အနက်ပိုင်းသို့ ရောက်လေလေ သားရဲများမှာ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။
ရှုချွမ်းက ဤပတ်ဝန်းကျင်ကို အလွန်သဘောကျသည်။
တိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲခြင်းဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်များမှာ ပိုမိုကျွမ်းကျင်လာခဲ့သည်။ သားရဲကြီးနှင့် တိုက်ခဲ့တုန်းကလို အင်အားသက်သက်ကိုသာ အားကိုးနေရခြင်းမျိုး မဟုတ်တော့ပေ။
ထို့ပြင် တိုက်ပွဲအတွင်းမှာပင် ရှုချွမ်း၏ မူလချီစုပ်ယူမှုနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
"ကောင်းတယ်"
ရှုချွမ်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြည့်လျှံနေသော စွမ်းအားများကို ခံစားရင်း ကျေနပ်နေမိသည်။
သူ အပြင်ထွက်လာသည်မှာ တစ်ရက်ပင် မပြည့်သေးဘဲ အဆင့်တက်မည့် အရိပ်အယောင်များ ပြနေပြီ ဖြစ်သည်။
အမှန်တကယ်ပင် လက်တွေ့တိုက်ပွဲ အတွေ့အကြုံမှာ အခန်းအောင်း ကျင့်ကြံနေရသည်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ယခုတစ်ခေါက် သူပြန်သွားချိန်တွင် သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် အပြင်စည်း စစ်ဆေးမှုတွင် ပထမနေရာကိုပင် အပျော် ဝင်လုနိုင်လောက်သည်။
ထိုသို့ တွေးမိပြီးနောက် ရှုချွမ်းက ဂိုဏ်းသို့ ပြန်ရန် ပြင်လိုက်သည်။
ဤခရီး၏ ရည်ရွယ်ချက်မှာ ပြည့်သွားပြီ ဖြစ်သည်။ အခွင့်အရေး ရခဲ့ရုံသာမက သူ့ အစွမ်းမှာလည်း ပိုမို တိုးတက်လာခဲ့ပြီ။ ဒါဆိုလျှင် လုံလောက်ပါပြီ
ထို့ပြင် တောင်တန်း၏ အနက်ဆုံးပိုင်းမှာ သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် သွားရမည့် နေရာမဟုတ်ပေ။
ထိုနေရာတွင် အစွမ်းထက်သားရဲများစွာ ရှိနေသဖြင့် သူသွားလျှင် သတိမထားမိခင်မှာပင် သားရဲစားတာ ခံရနိုင်ပါသည်။ သူ တောင်တန်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ဆူညံသော အသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။
"မပြေးနဲ့တော့၊ ငါတို့နဲ့ လိမ်လိမ်မာမာ လေး လိုက်ခဲ့စမ်း"
"ငါတို့ရဲ့ တောင်းဆိုချက်ကို သဘောတူမယ်ဆိုရင် အနာဂတ် မှာ မင်းအတွက် စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သတင်း တွေ အများကြီး ရမှာပဲ။ ဘာလို့ ငြင်းနေတာလဲ"
"မင်း ဆက်ပြေးရင် တောင်တန်းထဲ ရောက်သွားလိမ့်မယ်။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အဲဒီထဲမှာ အသက်ရှင်နိုင်မယ် ထင်နေလား"
ကြမ်းတမ်းသော အမျိုးသားတစ်ဦး၏ အသံက ရှုချွမ်း၏ နားထဲသို့ ရောက်ရှိလာပြီး ထိုဘဲသံကဲ့သို့သော အသံကြောင့် သူ မကျေမနပ် မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါ စုမြောင်ရင် သေရင်သေပါစေ၊ နင်တို့ လင်းမိသားစုဆီကိုတော့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး"
"နင်တို့ လင်းမိသားစုဝင်အကုန်လုံး သေခြင်းဆိုးနဲ့ သေပါစေ"
အသံများမှာ ပိုမို နီးကပ်လာခဲ့ပြီး ရှုချွမ်းရှိရာဘက်သို့ ဦးတည်နေသည်။
မိန်းကလေးတစ်ဦးကို အတင်းအဓမ္မ ဖမ်းခေါ်နေတာနဲ့ တိုးပြီလား
ရှုချွမ်းက မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး ပြဿနာ မတက်ချင်သဖြင့် ထိုလူစုကို ရှောင်ရန် ပြင်လိုက်သည်။
သန်မာသူက အားနည်းသူကို နိုင်စားသော ဤကမ္ဘာတွင် သနားကြင်နာတတ်လွန်းသူများက အသက်ရှည်လေ့ မရှိပေ။
ရှုချွမ်း၏ နှလုံးသားမှာ ကြာလှပြီဖြစ်သော အချိန်ကတည်းက အေးစက်ခဲ့ပြီ ဖြစ်သည်။
သို့သော် ကံတရားက သူဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။
ရှုချွမ်း ထွက်သွားရန် ပြင်နေစဉ်မှာပင် လှပသော ပုံရိပ်တစ်ခုက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
ရှုချွမ်းက အလိုလိုသိစိတ်ဖြင့် သူမ၏ သေးကျဉ်သော ခါးလေးကို လှမ်းဖက်လိုက်မိသည်။
လှလိုက်တာ
ရှုချွမ်း၏ မျက်လုံးများ တောက်ပသွားသည်။
ဒါက သူ၏ ဘဝနှစ်ခုလုံးတွင် မြင်ဖူးသမျှ အလှပဆုံးနှင့် အတင့်တယ်ဆုံး အမျိုးသမီးပင် ဖြစ်သည်။
သူမ၏ ပြတ်သားသော မျက်နှာမှာ ရင်ခုန်စရာ ကောင်းလှသည်။
သူ ဝန်ခံရလျှင် သူ သဘောကျသွားမိသည်။
ပို၍ အရေးကြီးသည်မှာ သူ၏ အကြည့်က ထိုမိန်းကလေးပေါ်သို့ ကျရောက်သွားသည့်အခါ သူမ၏ အချက်အလက်များကို အလိုလို စစ်ဆေးမိသွားသည်။
သို့သော် ထိုအကြည့်က သူ့ကို မျက်စိပင် ပြာသွားစေသည်။
【အမည် - စုမြောင်ရင်】
【ကျင့်ကြံခြင်း နယ်ပယ် - ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအဆင့်】
【ပါရမီ - ပြိုင်ဘက်ကင်း】
【ကံကြမ္မာ - ဧကရီဖြစ်မည့် အလားအလာ (ရွှေရောင်)၊ ရေခဲသွေးကြော နှင့် ကျောက်စိမ်းရိုး (ရွှေရောင်)၊ ဇာတ်လိုက်အရှိန်အဝါ (ရွှေရောင်)၊ တိုင်းပြည်ကို ပြိုလဲစေမည့် အလှ (ရွှေရောင်)】
【ဘဝဇာတ်ညွှန်း - စွန့်ပစ် ခံရသော ဧကရီ၏ ထွန်းတောက်လာမှု】
【အခွင့်အရေး - သူမ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် သူမ၏ မိသားစုတစ်ခုလုံးမှာ လင်းမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လင်းမိသားစုမှာ သူမကို ဖမ်းဆီးပြီး ဂိုဏ်းချုပ်လေးထံသို့ နှစ်ကိုယ်တူ တာအိုလက်တွဲဖော် အဖြစ် ဆက်သရန် ရည်ရွယ်ခဲ့သည်။ သေသည့်တိုင် အညံ့မခံသဖြင့် သူမက တောင်တန်းအတွင်းသို့ လိုက်ခြင်း ခံခဲ့ ရသည်။ ထို့နောက် သူမက လျှို့ဝှက်နယ်မြေသို့ ရောက်ရှိသွားပြီး အမွေအနှစ်ကို ရရှိလိမ့်မည်။ ခန္ဓာကိုယ် နိုးထလာကာ ထူးခြားသော ပါရမီကို ပြသနိုင်လိမ့်မည်။ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ပြီး ၎င်း၏ သူတော်စင်မ ဖြစ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သူမက အရှိန်အဟုန်ဖြင့် တိုးတက်လာကာ နောက်ဆုံးတွင် ဧကရီတစ်ပါး ဖြစ်လာလိမ့်မည်】
…
ရှုချွမ်းမှာ ထိုနေရာတွင်ပင် မှင်တက်သွားတော့သည်။ ဒါက ဘာကြီးလဲ
သူ လူများစွာ၏ အချက်အလက်ကို ကြည့်ဖူးသော်လည်း ကံကြမ္မာသားတော် ရှုချန်မှအပ ခရမ်းရောင်ထက် မြင့်သော ကံကြမ္မာမျိုး မတွေ့ဖူးပေ။
အချို့လူများတွင် ကံကြမ္မာပင် မရှိကြပေ။
ဒါပေမဲ့ အခု သူ ဘာကို မြင်လိုက်ရတာလဲ
ရွှေရောင်ကံကြမ္မာ လေးခု
တောက်ပလှသော ရွှေရောင်အလင်းများကြောင့် ရှုချွမ်းပင် မျက်လုံးကို ကောင်းကောင်း မဖွင့်နိုင်တော့ပေ။
ဖော်ပြချက်များကို ကြည့်လိုက်သည့်အခါ
【ဧကရီဖြစ်မည့် အလားအလာ: အထွတ်အထိပ် မွေးရာပါ အရိုးများ ရှိသည်။ အမွေအနှစ်ကို ရရှိမည်။ ဧကရီတစ်ပါး ဖြစ်လာရန် မွေးဖွားလာသူ ဖြစ်ပြီး ဖီးနစ်ဧကရီချီ ၏ အော်ရာ ရှိသည်။】
【ရေခဲသွေးကြော နှင့် ကျောက်စိမ်းအရိုး: ဒဏ္ဍာရီလာ ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ ဤခန္ဓာကိုယ် ပိုင်ရှင်က မွေးရာပါ သိုင်းပါရမီရှင်ဖြစ်ပြီး ဧကရာဇ်အရှင်နယ်ပယ်သို့ မရောက်မချင်း မည်သည့် အတားအဆီးမှ ရှိမည်မဟုတ်ပေ။ သို့သော် အလွန်အမင်း အေးစက်သော ယန်ချီ များကြောင့် ၎င်းကို အပူစွမ်းအားဖြင့် ပြန်လည် ထိန်းညှိပေးမှသာ ဤခန္ဓာကိုယ်မှာ နိုးထလာနိုင်မည် ဖြစ်သည်။ သန့်စင်သောအပူ ခန္ဓာကိုယ်ရှိသူနှင့်အတူ ကျင့်ကြံပါက ကျင့်ကြံမှုနှုန်းမှာ နှစ်ဆ တိုးတက်လိမ့်မည်။】
【ဇာတ်လိုက်အရှိန်အဝါ: ဤအရှိန်အဝါရှိသူက ကောင်းကင်တာအို၏ ကောင်းချီးပေးမှုကို ခံရသူ ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှက အဆင်ပြေချောမွေ့မည်ဖြစ်ပြီး အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင်ပင် အမြဲတမ်း ကံကောင်းခြင်းသို့ ပြောင်းလဲသွားတတ်သည်။ သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ကံကောင်းခြင်း ကောင်းချီးများကို ရရှိနိုင်သည်။】
【တိုင်းပြည်ကို ပြိုလဲစေမည့် အလှ: သူမကို မြင်တွေ့ရသော မည်သည့်အမျိုးသားမဆို သူမ၏ အလှတွင် နစ်မျောသွားလိမ့်မည်။ တိုင်းပြည်ကိုပင် ပြိုလဲစေနိုင်သော ပြိုင်ဘက်ကင်း အလှတရား ဖြစ်သည်။】
…
အလွန် အစွမ်းထက်လွန်းလှသည်
ဒါက အခြေခံသဘောတရား ကို ကျော်လွန်နေပြီ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သော လူမျိုး မည်သို့ ရှိနိုင်ပါမည်နည်း
စနစ်၏ ဖော်ပြချက်အရ ရွှေရောင်ကံကြမ္မာမှာ အစွမ်းထက်ဆုံး ကံကြမ္မာ ဖြစ်သည်။
သာမန်လူတစ်ဦးတွင် ရွှေရောင်ကံကြမ္မာ တစ်ခုတည်း ရှိလျှင်ပင် သူက ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါပြီ။
ယခုမူ ရှုချွမ်းက လူတစ်ယောက်တည်းမှာတင် လေးခုအထိ တွေ့နေရခြင်း ဖြစ်သည်
ဤကဲ့သို့သော ကောင်းကင်ကို ဆန့်ကျင်သည့် ကံကြမ္မာနှင့် ထိတ်လန့်ဖွယ် ပါရမီတို့ ပေါင်းစပ်လိုက်လျှင်။
သူမ ကြီးပြင်းလာသည့်အခါ သူမ၏ အနာဂတ်မှာ မည်မျှအထိ ထိတ်လန့်စရာ ကောင်းလာမည်နည်း
ရှုချွမ်းပင် မတွေးရဲတော့ပေ။
အခန်း (၈) ကယ်တင်ခြင်းနှင့် ချက်ချင်း သတ်ခြင်း
"ဒီမိန်းကလေးမှာ ဒီလောက်အထိ ထူးကဲတဲ့ ပါရမီရှိလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး"
ရှုချွမ်း၏ စိတ်အစဉ်မှာ အတန်ငယ် ရှုပ်ထွေးနေသည်။
တစ်ဖက်တွင်လည်း လူအချင်းချင်းကြားက ကွာခြားချက်ကြီးမားလွန်းသည်ကို စိတ်ပျက်မိသလို နောက်တစ်ဖက်တွင်မူ ဤမိန်းကလေးဆီတွင် ရှိနေသော 'အခွင့်အရေး' က သူ့အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။
ဖော်ပြချက်ကို ဖတ်ကြည့်ရုံဖြင့်ပင် ဤအခွင့်အရေးက မည်မျှ အံ့ဩဖို့ကောင်းကြောင်း သူသိလိုက်သည်။ ၎င်းမှာ 'ဖီးနစ်အမွေအနှစ်' ပင် ဖြစ်သည်။
အကယ်၍ ထိုအမွေအနှစ်ကို သူကိုယ်တိုင် မရရှိနိုင်ခဲ့လျှင်တောင် ဤမိန်းကလေးနှင့် မိတ်ဆွေဖြစ်ရုံမျှဖြင့် သူက 'ကံကောင်းခြင်း' ကောင်းချီးများနှင့် 'ကောင်းကင်တာအို' ၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် သူမတွင် 'ရေခဲသွေးကြောနှင့် ကျောက်စိမ်းအရိုး' ကိုယ်ခန္ဓာ ပိုင်ဆိုင်မှုလည်း ရှိနေသည်။ အကယ်၍ သူမနှင့် 'နှစ်ကိုယ်တူ တာအိုလက်တွဲဖော်' ဖြစ်ခွင့်ရခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်း မှာလည်း တိုးတက်လာပေလိမ့်မည်။
သူသည် ယခင်က 'ရွှမ်းယန်ကျွယ်' ကို ကျင့်ကြံခဲ့ပြီး သူ၏ကိုယ်ခန္ဓာ သည်လည်း 'မဟာနေမင်းကိုယ်ခန္ဓာ' အဖြစ် ပြောင်းလဲသွားခဲ့ကာ 'နေမင်းစွမ်းအား' နှင့် 'ယန်ချီ' များ ပြည့်လျှံနေသည်။
၎င်းက အလွန်အမင်း အစွမ်းထက်သော ကိုယ်ခန္ဓာမျိုး မဟုတ်သော်လည်း 'ရေခဲသွေးကြောနှင့် ကျောက်စိမ်းအရိုး' ပိုင်ရှင်အတွက် လိုအပ်သော သန့်စင်သည့် ယန်ချီကိုယ်ခန္ဓာမျိုး ဖြစ်နေသည်။
"ဒီတစ်ကြိမ်တော့ ငါဝင်ပါမှ ဖြစ်တော့မယ် ထင်တယ်"
မူလက ရှုချွမ်းသည် ဤရှုပ်ထွေးသောကိစ္စတွင် မပါဝင်လိုသော်လည်း ဤမိန်းကလေး၏ အချက်အလက်များကို မြင်လိုက်ရပြီးနောက် သူ မကူညီ၍ မဖြစ်တော့ပေ။
ထို့အပြင် 'ဖီးနစ်လျှို့ဝှက်နယ်မြေ' ထဲသို့ ဝင်ရောက်နိုင်ရန်အတွက် သူမကိုသာ အားကိုးရမည်ဖြစ်သည်။
သူက လက်မောင်းထဲမှ လှပသော အမျိုးသမီးကို ညင်သာစွာ ထိန်းပေးရင်း ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကို ရှိပါတယ်"
ထို့နောက် စုမြောင်ရင်ကို သူ့ အနောက်သို့ ပို့လိုက်ပြီး လိုက်ဖမ်းနေသူများကို တစ်ယောက်တည်း ရင်ဆိုင်လိုက်သည်။
ရှုချွမ်း၏ မြင့်မားသော ကျောပြင်ကို ကြည့်ရင်း စုမြောင်ရင်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း ရင်ထဲတွင်မူ ဝမ်းသာသွားသည်။ သူမက လူကောင်းတစ်ယောက်နှင့် ဆုံတွေ့ရပြီဟု တွေးကာ သူ့ကိုယ်သူ ကံကောင်းသည်ဟု မှတ်ယူလိုက်မိသည်။
သို့သော် နောက်တစ်ခဏတွင် ရှုချွမ်း၏ ကျင့်ကြံခြင်းအဆင့်ကို သတိပြုမိသွားပြီး သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"သခင်လေး... အမြန်ပြေးပါတော့၊ ရှင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
သူမက ရှုချွမ်းကို စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်သည်။
သူမကို လိုက်ဖမ်းနေသူများက 'သိုင်းတာအိုမိသားစု' မှ တပည့်များ ဖြစ်ကြပြီး သူတို့၏ အစွမ်းမှာ ကြောက်စရာ ကောင်းလှသည်။
၎င်းမှာ ဤလူငယ်လေး ခုခံနိုင်မည့် အရာမျိုး မဟုတ်ပေ။
ထိုအချိန်မှာပင် နောက်မှ လိုက်လာသူများသည်လည်း အနားသို့ ရောက်ရှိလာကြသည်။
ရှုချွမ်းက စုမြောင်ရင်ကို ကာကွယ်ထားသည်ကို မြင်သောအခါ သူတို့က ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။
"ဘယ်က ငတုံး ရောက်လာတာလဲ၊ ငါတို့ လင်းမိသားစု ကိစ္စထဲကို ဝင်မရှုပ်နဲ့"
"အခုချက်ချင်း ထွက်သွားစမ်း၊ ဒါဆိုရင် ဘာမှမမြင်ခဲ့သလို ငါတို့ သဘောထားပေးမယ်။ မဟုတ်ရင်တော့ ဒီနေ့ ငါတို့ရဲ့ ဓားအောက်မှာ နောက်ထပ် လူသေ တစ်ယောက် တိုးလာလိမ့်မယ်"
လင်းမိသားစုတပည့် အတော်များများမှာ အော်ဟစ်ဆူညံနေကြပြီး ရှုချွမ်းကို လုံးဝ ထည့်မတွက်ကြချေ။
သူတို့က ရှုချွမ်း၏ အဆင့်ကို သိထားပြီး ဖြစ်သည်၊ သူက 'ချီစုစည်းခြင်း တတိယအဆင့်' အစောပိုင်းတွင်သာ ရှိသေးသည်။ ထိပ်တန်းကျင့်စဉ်များနှင့် သိုင်းပညာများကို ကျင့်ကြံထားသော ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ သုံးယောက်စလုံးက ဤလူငယ်ကို ကြောက်နေစရာ အကြောင်းမရှိပေ။
ရှုချွမ်းက ခေါင်းခါယမ်းလိုက်ပြီး စုမြောင်ရင်ကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီမိန်းကလေးကို ငါကာကွယ်ပေးထားတာ၊ ဒီနေ့တော့ မင်းတို့ သူမကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး"
စုမြောင်ရင်မှာ ရှုချွမ်း၏ လုပ်ရပ်ကြောင့် ကြောင်အမ်းသွားသလို အံ့ဩလည်း သွားသည်။
ရှုချွမ်းက သူမကို ဘာကြောင့် ကူညီနေမှန်း မသိသော်လည်း သူ့ထက် အဆင့်မြင့်သော ကျင့်ကြံသူ သုံးယောက်ကို ရင်ဆိုင်ခြင်းမှာ ကျောက်ခဲကို ကြက် ဥနှင့် ထုသကဲ့သို့ပင် သေလမ်းကို ရှာနေခြင်းသာ ဖြစ်သည်။
သို့သော်လည်း... ရှုချွမ်း၏ လုပ်ရပ်က သူမကို စိတ်လှုပ်ရှားသွားစေသည်မှာ အမှန်ပင်။
လူတစ်ယောက်က မျှော်လင့်ချက် ကုန်ဆုံးနေချိန်တွင် အခြားတစ်ယောက်ဆီမှ ကူညီမည့် လက်တစ်ကမ်းကို ရရှိလိုက်ခြင်းမှာ အလွန်ပင် ထိမိစေသော ခံစားချက်မျိုး ဖြစ်သည်။
ဒါပေမဲ့ စိတ်ထဲက ကျန်ရှိနေသေးတဲ့ ကြင်နာမှုလေးကြောင့် ရှုချွမ်း သေတွင်းထဲ ဆင်းသွားတာကို သူမ မကြည့်ရက်နိုင်ပေ။
"သခင်လေး... သူတို့က ချီစုစည်းခြင်း တတိယအဆင့်တွေချည်းပဲ၊ ရှင် သူတို့ကို မနိုင်ဘူး။ ကျွန်မကို ဂရုမစိုက်ပါနဲ့၊ သူတို့ ကျွန်မကို သတ်မှာ မဟုတ်ဘူး"
စုမြောင်ရင်က ရှုချွမ်းကို တားမြစ်ရန် တိုးတိုးလေး ပြောလိုက်သည်။
ရှုချွမ်းမှာမူ ဘာမှ မလှုပ်ရှားပေ။ ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ သုံးယောက်ဆိုသည်မှာ သူ့အတွက်တော့ ယခင်ကလည်း သတ်ဖူးသည့် အရာများသာ ဖြစ်သည်။
"မင်း သေချင်နေတာပဲ။ နတ်ပြည်သွားမယ့်လမ်း ရှိပါလျက်နဲ့ မသွားဘဲ ငရဲလမ်းကို ရွေးတာဆိုတော့လည်း ဒီနေ့ ဒီမှာပဲ သေလိုက်တော့"
ရှုချွမ်းက နောက်မဆုတ်သည်ကို မြင်သောအခါ လင်းမိသားစုတပည့် သုံးယောက်မှာ စကားအများကြီး မပြောတော့ဘဲ ဓားများကို ဆွဲထုတ်ကာ ရှုချွမ်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။
ထက်ရှသော ဓားလေတိုးသံကြောင့် ရှုချွမ်း၏ အဝတ်အစားများမှာ လွင့်ခါသွားသော်လည်း သူက ဘာမှမလုပ်ဘဲ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်သည်။
"မလုပ်နဲ့"
စုမြောင်ရင်သည် ဓားသုံးလက်က ရှုချွမ်းကို ထိုးစိုက်တော့မည်ကို မြင်ပြီး မကြည့်ရက်သဖြင့် တားမြစ်ရန် အော်ဟစ်လိုက်မိသည်။
ဓားဦးများက ရှုချွမ်း၏ ရင်ဘတ်နှင့် တစ်လက်မပင် မဝေးတော့သော အချိန်တွင်မှ သူ လှုပ်ရှားလိုက်သည်။
တောင်ဖြိုလက်သီး
၎င်းက ရှုချွမ်း 'ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်' တွင် သင်ယူခဲ့သော လက်သီးသိုင်းပညာဖြစ်သည်။
ရိုးရိုးရှင်းရှင်းဟု ထင်ရသော်လည်း ရှုချွမ်း၏ ပေါင်တစ်သောင်းကျော် လေးလံသော ခွန်အားနှင့် 'နေမင်းစွမ်းအား' တို့ ပေါင်းစပ်လိုက်သောအခါ...
ဤလက်သီးချက်က မြေပြင်ပေါ်သို့ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသည်။
၎င်းက ထိုးနှက်လာသော ဓားရှည်များကို တိုက်ရိုက် ဖျက်ဆီး လိုက်ပြီး အရှိန်မသေဘဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။
ဘုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ ရှုချွမ်း၏ လက်သီးချက် ထိမှန်သွားသော လင်းမိသားစုတပည့်မှာ နောက်သို့ လွင့်ထွက်သွားသည်။
သူ၏ ရင်ဘတ်မှာ ရှုချွမ်း၏ လက်သီးကြောင့် တစ်ဖက်သို့ ပေါက်ထွက်သွားပြီး လက်သီးဆုပ်အရွယ် အပေါက်ကြီး ဖြစ်သွားသည်။ နှလုံးသားမှာ ချက်ချင်းပင် ကြေမွသွားကာ အော်ပင် မအော်နိုင်ဘဲ နေရာမှာတင် သေဆုံးသွားတော့သည်။
ကျန်ရှိသော နှစ်ယောက်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ထဲမှ ဓားများမှာ တောင့်တင်းသွားသည်။
သူတို့၏ မျက်နှာအမူအရာမှာ သရဲမြင်လိုက်ရသကဲ့သို့ ကြောင်အမ်းသွားကြသည်။
ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က တူညီတဲ့အဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်ရတယ် ဟုတ်လား
သူတို့ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်။
စုမြောင်ရင်ပင်လျှင် နေရာမှာတင် မှင်တက်သွားသည်။
သူမ စိတ်ကူးထားသည်မှာ သုံးယောက်တစ်ယောက် ဖြစ်နေသဖြင့် ရှုချွမ်း မသေလျှင်တောင် ဒဏ်ရာရလိမ့်မည်ဟု ဖြစ်သည်။
သို့သော် သူက ဘာမှမဖြစ်သည့်အပြင် တစ်ယောက်ကိုပါ ပြန်သတ်လိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့နောက် သူမမှာ ပြန်လည် ဝမ်းသာသွားသည်၊ ရှုချွမ်းက ပိုသန်မာ လေလေ သူမ လွတ်မြောက်ဖို့ အခွင့်အရေး ပိုများလေလေ မဟုတ်ပါလား။
အခြားသူများ ကြောင်နေစဉ်မှာပင် ရှုချွမ်းက နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။
သူက မည်သူ့ကိုမျှ အခွင့်အရေးပေးမည့်သူ မဟုတ်ပေ။ တစ်ယောက်ကို သတ်ပြီးပြီဆိုမှတော့ အကုန်လုံးကို အမြစ်ပြတ်အောင် သတ်ရပေမည်။
မဟုတ်လျှင် လူငယ်တွေကို သတ်မိလို့ လူကြီးတွေ လိုက်လာရင် ဒုက္ခများရချေဦးမည်။
နောက်ထပ် ပြင်းထန်သော လက်သီးတစ်ချက်...
ဘုန်း
နောက်ထပ် လင်းမိသားစုဝင် တစ်ယောက်မှာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြန်သည်။
မြေပြင်ပေါ်သို့ ကျသွားပြီး သွေးများ အန်ကာ ခဏမျှ ရုန်းကန်ပြီးနောက် အသက်ရှူ ရပ်သွားတော့သည်။
နောက်ဆုံးကျန်ရစ်သော လင်းမိသားစုတပည့်မှာ ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသဖြင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားသည်။ လက်ထဲမှ ဓားရှည်မှာလည်း မြေပြင်ပေါ်သို့ လျှောကျသွားတော့သည်။
လက်သီးနှစ်ချက်...
လက်သီးနှစ်ချက်တည်းပဲ
သူ့ရဲ့ အဆင့်တူတဲ့ ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်တာလား။
ခြောက်သွေ့နေတဲ့ မြက်ပင်တွေကို နင်းခြေသလို ဆွေးနေတဲ့ သစ်သားတွေကို ရိုက်ချိုးသလိုပါပဲလား။
ရန်သူတွေမှာ ဘာမှ ပြန်မလုပ်နိုင်ကြပေ။
"ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော်က လင်းမိသားစုကပါ။ ခင်ဗျား ကျွန်တော့်ကို သတ်ရင် လင်းမိသားစုက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး"
လင်းမိသားစုတပည့်မှာ ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေနေသည်။ သူက ရှုချွမ်း ဆက်မတိုက်ခိုက်စေရန် စကားများ ထစ်ထစ်ငေါ့ငေါ့ဖြင့် ခြိမ်းခြောက်နေရှာသည်။
သူ ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။
ဘယ်က ရောက်လာတဲ့ ပါရမီရှင်လဲ။ အဆင့်ကျော်ပြီး တိုက်နိုင်ရုံတင်မကဘူး၊ သူရဲ့ တိုက်ခိုက်မှုတွေက အရမ်းပြင်းထန်လွန်းလို့ အထိခံရတဲ့သူတိုင်း သေကုန်ကြတာပင်။
အလွန် ကြောက်ဖို့ ကောင်းလွန်းလှသည်။
ရှုချွမ်းမှာမူ သူ၏ ခြိမ်းခြောက်မှုကို မမှုပေ။ သတ်ပြီးသားဖြစ်လို့ နောက်တစ်ယောက် ထပ်တိုးလည်း ထူးခြားမသွားပေ။
ထို့အပြင် "မြက်ပင်ကို သတ်ရင် အမြစ်ပါ တူးထုတ်ရမယ်" ဆိုတဲ့ ရိုးရှင်းတဲ့ အမှန်တရားကို သူ ကောင်းကောင်း သိသည်။
ထို့နောက် နောက်ထပ် လက်သီးတစ်ချက်နှင့်အတူ ရန်သူ၏ မယုံကြည်နိုင်သော မျက်လုံးများရှေ့မှာပင် သူက ရန်သူကို အပြတ်အသတ် ထိုးနှက်လိုက်လေတော့သည်။
"ဟင်း..."
ဤအရာအားလုံးကို မျက်မြင်တွေ့လိုက်ရသော စုမြောင်ရင်မှာ မသက်မသာ သက်ပြင်းချလိုက်မိပြီး သူမ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သူမက ရှုချွမ်းကို လူသားတစ်ယောက် မဟုတ်ဘဲ မွန်းစတား တစ်ယောက်ကဲ့သို့ ကြည့်နေမိသည်။
သူ၏ တိုက်ပွဲမှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။
စုမြောင်ရင်အနေဖြင့် ဤမျှအထိ ရက်စက်သောသူမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူက ဘာမှ တုံ့ဆိုင်းမနေဘဲ လင်းမိသားစုတပည့် သုံးယောက်ကို သန့်သန့်ရှင်းရှင်းနှင့် လျင်မြန်စွာ ရှင်းလင်းပစ်လိုက်သည်။
သူမသည် ကျားတွင်းက လွတ်ပြီးမှ ဝံပုလွေတွင်းထဲ ပြန်ရောက်သွားတာလားဟုပင် တွေးတောမိနေသည်။
သူမဘက်သို့ လှည့်လာသော ရှုချွမ်းကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အေးဆေး တည်ငြိမ်နေပြီး ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ သုံးယောက်ကို သတ်လိုက်သည်မှာ ယင်ကောင် သုံးကောင်ကို သတ်လိုက်ရသကဲ့သို့ပင်။
ရှုချွမ်းက သူမကို ကြည့်လိုက်သည်ကို မြင်သောအခါ စုမြောင်ရင်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူမက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး အတင်းပြုံးကာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ "ကျွန်မကို ကယ်တင်ပေးတဲ့အတွက်... ကျေးဇူးတင်ပါတယ် သခင်လေး"