အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း ၁၆၃
စခန်းချခြင်း (၃)
【မိမိဘက်】 ချောင်ချောင်မေ (မှော်ဆရာ): "ငါတော့ တကယ်အံ့ဩမိတယ် ဒီဂျန်ဂဲလ်သမားက ကောင်းကောင်း ဆော့နေတာပဲ နင်တို့က ဘာတွေလာပြီး လေပေါနေတာလဲ"
【မိမိဘက်】 ချောင်ချောင်မေ (မှော်ဆရာ): "အမှတ် ၀-၆ နဲ့ ထောက်ပံ့သူရယ်၊ ၀-၇ နဲ့ ဘေးလမ်းလူရယ်က သူများကို မဆော့တတ်ဘူးလို့ ပြောရဲသေးတယ်နော်"
【မိမိဘက်】 လုရှောင်ပု (စစ်သည်တော်): "နင်နဲ့ဘာဆိုင်လဲ၊ နင်လည်း အသုံးမကျတဲ့ မှော်ဆရာပဲဟာ ငါတို့ကို လာကူဖို့တောင် စိတ်မကူးဘူး လူသေတစ်ယောက်လို ငြိမ်နေပြီးတော့ အခုကျမှလာပြီး ဆရာကြီး လုပ်နေတာလား"
【မိမိဘက်】 ချောင်ချောင်မေ (မှော်ဆရာ): "တစ်ခုတော့ သတိပေးလိုက်မယ်နော်၊ ငါအခု တိုက်ရိုက် ထုတ်လွှင့်နေတာ။ ပြုံးလျက်"
......
အလယ်လမ်းမှ မှော်ဆရာက သူ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း ပြောလိုက်ပြီးနောက် စစ်သည်တော်နှင့် ထောက်ပံ့သူတို့မှာ တိတ်ဆိတ်သွားကြတော့သည်။ သို့သော်လည်း သူတို့၏ ရွှေပမာဏမှာ အလွန်နည်းနေပြီး ရန်သူ့အဖွဲ့က သူတို့ကို အလွယ်တကူ သတ်ဖြတ်နေကြရာ အဆက်မပြတ် အသတ်ခံနေရသည်။
ဂိမ်းပွဲ ပြီးဆုံးသွားသောအခါ မျက်နှာပြင်ပေါ်တွင် ပေါ်လာသော " အနိုင်ရရှိသည်" ဟူသော စာသားကြီးမှာ ထိုလူနှစ်ဦးကို လှောင်ပြောင်နေသကဲ့သို့ပင်။ တန်ယန်နှင့် သူမ၏ အဖော်ဖြစ်သူမှာ ပွဲသစ်တစ်ခု ထပ်မံ စတင်လိုက်ကြသည်။ ယခုတစ်ခေါက်တွင်မူ စိတ်အနှောင့်အယှက် ဖြစ်စရာ အသင်းဖော်မျိုးနှင့် မတိုးတော့ပေ။ အပေးအယူ မျှမျှဖြင့် ကောင်းမွန်စွာ ဆော့ကစားခဲ့ကြရာ ၁၅ မိနစ် မပြည့်မီမှာပင် ရန်သူ့ပင်မစခန်းအထိ ထိုးဖောက်ကာ အနိုင်ယူနိုင်ခဲ့ကြသည်။
ပွဲစဉ်တိုင်းမှာ ပျမ်းမျှ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် ကြာမြင့်လေ့ရှိပြီး တန်ယန် တန်ယွီကို ဦးဆောင်ကာ စစ်မြေပြင်ကို စိုးမိုးခဲ့သည်။ တန်ယွီမှာလည်း အစွမ်းကုန် လိုက်ပါ ဆော့ကစားခဲ့ရာ ဒိုင်းမွန်း I အဆင့်မှ ကြယ် IV အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားနိုင်ခဲ့သည်။
"ဟူး... တော်ပြီ၊ ထပ်မဆော့တော့ဘူး လက်တွေတောင် ညောင်းနေပြီ"
တန်ယန် အနည်းငယ် ပူနွေးနေသောဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အဝေးသို့ ငေးမောနေသည်။
တန်ယွီလည်း ဂိမ်းကိုပိတ်လိုက်ပြီး တန်ယန်ကို အားကျအတုယူဖွယ် အကြည့်တို့ဖြင့် ကြည့်နေမိသည်။ သူ၏ အစ်မဖြစ်သူမှာ တကယ်ကို ပြည့်စုံလွန်းလှသည်။ ပညာရေးတွင် ထူးချွန်ပြီး အနုပညာတွင် ထူးကဲရုံတင်မက ဂိမ်းဆော့ရာတွင်လည်း တော်လွန်းလှသည်။ သူ၏အစ်မနှင့် ထိုက်တန်မည့် ခဲအိုလောင်းမှာ ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုသည်ကိုပင် သူတွေးတောနေမိ၏။
ဆောင်းရာသီတွင် ညနေ ၅ နာရီကျော်သည်နှင့် အမှောင်ထုက လွှမ်းမိုးလာချေပြီ။ 'လင်း' သည် ကျောက်စရစ် ကမ်းခြေပေါ်တွင် မီးဖိုတစ်ခု ဖန်တီးလိုက်ပြီး လူအနည်းငယ်မှာ မီးဖိုကိုဝိုင်းဖွဲ့ကာ ဟော့ပေါ့ ချက်ပြုတ် စားသောက်ကြသည်။
တန်ယန်နှစ်သက်သော အသားလုံးမျိုးစုံ၊ ပုဇွန်နှင့် အခြားသော အမယ်စုံတို့မှာ အိုးထဲတွင် တဗွက်ဗွက် ဆူပွက်နေကြပြီး ဆောင်းည၏ အအေးဒဏ်ကို မောင်းထုတ်ပေးနေသည်။
ဟော့ပေါ့ စားသောက်ပြီးနောက် နွားနို့လက်ဖက်ရည် ပူပူလေးတစ်ခွက်ကို အရသာခံရင်း၊ မီးလှုံရင်းဖြင့် ကြယ်တာရာများ ဝေဆာနေသော ကောင်းကင်ယံကို ငေးကြည့်နေသည်။ ကြယ်တွေမှာ အလွန်များလှရာ တန်ယန် ခေါင်းကိုမော့ကာ ကြယ်တစ်လုံးချင်းစီက ဘယ်နေရာမှ လာသလဲ ဆိုသည်ကို တွေးတောနေမိ၏။
"မမ... ဂိမ်းပြန်ဆော့ဦးမလား"
"မောင်လေး... ဘယ်လိုလူမျိုးကို အရည်အချင်းရှိတဲ့လူလို့ ခေါ်သလဲသိလား"
ဟု တန်ယန်က ပြန်မေးလိုက်သည်။
"အလုပ်အကိုင်မှာ အောင်မြင်တဲ့လူလား"
"မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားတဲ့လူကို ပြောတာ တစ်ခုခုကို လုပ်ချင်စိတ်တွေ အရမ်းပြင်းပြနေတဲ့ အချိန်မှာတောင် အဲဒါကို မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့သူဟာ စိတ်ဓာတ်သန်မာပြီး အရည်အချင်း ရှိတဲ့သူပဲ"
တန်ယန် စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်နေသော်လည်း တန်ယွီကို ပြုပြင်ပေးနိုင်သေးသည်ဟု သူမ ယုံကြည်နေဆဲပင်။
"ကျွန်တော် နားလည်ပါပြီ အသေအလဲ စာကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်း တက်ပါ့မယ် ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ ကျိုတိုတက္ကသိုလ်မှာ အီးစပေါ့ဌာန ရှိတယ်လေ၊ အဲဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲ"
တန်ယန် ခေါင်းလှည့်ကာ တန်ယွီကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီးမှ စကားတစ်ခွန်းသာ ပြောလိုက်သည်။
"ကံကောင်းပါစေ မောင်လေးရေ"
ကြယ်တာရာများကို ခဏတာ ငေးမော ကြည့်ရှုပြီးနောက် မောင်နှမနှစ်ဦးမှာ အသီးသီး အနားယူရန် မိမိတို့၏ တဲများဆီသို့ ပြန်သွားကြသည်။ ထိုညတွင် လေပြင်းများ တိုက်ခတ်လာသဖြင့် တဲအကာများမှာ တဖျတ်ဖျတ်နှင့် ဆူညံနေသည်။
နွေးထွေးသော အိပ်ဆောင်အိတ် အတွင်း၌ လဲလျောင်းနေစဉ် ကုတင်ဘေးရှိ ခွေးအိမ်လေးထဲတွင်လည်း ခွေးလေးနှစ်ကောင်မှာ အပူအပင် ကင်းစွာဖြင့် ခြေပစ်လက်ပစ် အိပ်ပျော်နေကြပြီ ဖြစ်သည်။ အမှန်စင်စစ် ကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရသော ညတစ်ညပင်။
နောက်တစ်နေ့ နံနက်တွင် တန်ယန် တဲတံခါးကို ဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် နှင်းများကျနေသည်ကို တွေ့လိုက်ရသည်။
တဲအပြင်ဘက်တွင် နှင်းလွှာပါးလေးများ ဖုံးလွှမ်းနေပြီး နှင်းများက ဆက်တိုက် ကျနေဆဲဖြစ်ရာ နှင်းထူထပ်လာပါက လမ်းသွားလမ်းလာ ခက်ခဲမည်ကို စိုးရိမ်သဖြင့် သူတို့အဖွဲ့မှာ ပစ္စည်းများကို အမြန်သိမ်းဆည်းကာ အပြန်ခရီးအတွက် ပြင်ဆင်လိုက်ကြသည်။
မျှော်လင့်ထားသည့် အတိုင်းပင် အဝေးပြေး လမ်းမပေါ်သို့ ရောက်သောအခါ နှင်းများမှာ ပို၍ ပို၍ ထူထပ်လာတော့သည်။ တန်ယန် အနီးဆုံး အနားယူစခန်းသို့ ဝင်ရောက်နားခိုရန် 'လင်း' ကို ညွှန်ကြားလိုက်သည်။ သို့သော် သူတို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်သည့် အခါတွင်မူ ရှေ့သို့ဆက်သွား၍ မရတော့ချေ။
ရာသီဥတု ဆိုးရွားမှုကြောင့် ရှေ့ဘက်တွင် ကားများ ဆင့်ကဲတိုက်မှု ဖြစ်ပွားနေခြင်းပင်။ ကံကောင်းစွာဖြင့် အနားယူစခန်း အတွင်းသို့ အချိန်မီ ဝင်ရောက်နိုင်ခဲ့သည်။ သို့မဟုတ်ပါက လမ်းမပေါ်တွင် ပိတ်မိနေမည်မှာ သေချာသည်။
သူတို့သည် ကားကို ထောင့်တစ်နေရာတွင် ရပ်ထားလိုက်ကြသည်။ ကံကောင်းသည်မှာ သူတို့ထံတွင် ရေ၊ လျှပ်စစ်နှင့် အစားအသောက် အစရှိသော လိုအပ်သည့် ပစ္စည်းများ အပြည့်အစုံ ပါရှိနေသဖြင့် ထိုနေရာတွင် တစ်ရက်နှစ်ရက်ခန့် နေထိုင်ရန်မှာ ပြဿနာ မရှိနိုင်တော့ပေ။
"သွားစုံစမ်းကြည့်သလောက်တော့ ရှေ့က မတော်တဆမှုက တော်တော်လေး ပြင်းတယ် ကားသုံးစီး အရင်တိုက်မိရာကနေ နောက်ကကားတွေက ဘရိတ်မမိတာ ဒါမှမဟုတ် အချိန်မီ မရပ်နိုင်တာကြောင့် ဆင့်ကဲ တိုက်မိကုန်တာပဲ အခြေအနေအရဆိုရင် လမ်းပြန်ပွင့်ဖို့ အနည်းဆုံး သုံးနာရီကနေ ငါးနာရီလောက်အထိ ကြာနိုင်တယ်"
ဟု သတင်းစုံစမ်းပြီး ပြန်လာသော 'လင်း' က ပြောပြသည်။
တန်ယန် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ နံနက် ၁၁ နာရီ ထိုးခါနီးနေပြီ ဖြစ်သည်။ အကယ်၍ မွန်းလွဲ ၂ နာရီမတိုင်မီ လမ်းပြန်ပွင့်ခဲ့ပါက အခြေအနေမှာ မဆိုးလှပေ၊ လမ်းပေါ်တွင် နှင်းများလည်း ခဲနေဦးမည် မဟုတ်ပါ။ သို့သော် ထို့ထက် ပိုနောက်ကျသွားပါကမူ ပြောရခက်ပေလိမ့်မည်။
"အဆိုးဆုံး အခြေအနေ ဖြစ်လာရင်တော့ ဒီည ဒီမှာပဲ ဖြစ်သလို အိပ်ကြရမှာပေါ့ ကံကောင်းတာက ငါတို့မှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ပါလာတာပဲ နေ့လယ်စာ အတွက်လည်း ဒုက္ခခံပြီး မချက်နေတော့ဘူး၊ အနားယူ စခန်းထဲက ဆိုင်တွေမှာပဲ တစ်ခုခု ဝယ်စားလိုက်ကြတာပေါ့"
ဟု တန်ယန်က ဆိုလိုက်သည်။
"ဟုတ်ကဲ့၊ အခြေအနေ ကြည့်ရတာတော့ ဒီအနားယူစခန်းက မကြာခင် လူတွေနဲ့ ပြည့်သွားတော့မှာပဲ တဲအားလုံးထိုးဖို့ နေရာရမှာ မဟုတ်ဘူး"
လင်းစကားအဆုံးမှာပင် ဘေးက ကားပါကင် နေရာ၌ ကားတစ်စီး ဝင်ရပ်လိုက်သည်။
မမျှော်လင့်ဘဲ ကားပေါ်က ဆင်းလာသူ နှစ်ဦးမှာ 'ယွမ်ရှီး' ၏ မန်နေဂျာဖြစ်သူ 'ကျောက်ခေါ' ဖြစ်နေသည်။
ထိုအချိန်တွင် တန်ယန်မှာ ကားအပြင်ဘက်၌ ရပ်နေပြီး အိမ်သာသွားရန် ပြင်ဆင်နေခိုက် သူနှင့် ထိပ်တိုက် တိုးလေတော့၏။
ကျောက်ခေါမှာ သိသိသာသာပင် အံ့အားသင့်သွားပြီး
"အို... တန်ယန်ပါလား၊ တိုက်ဆိုင်လိုက်တာနော်"
"အစ်ကိုကျောက်... ဘယ်ကိုသွားကြမလို့လဲ"
ဟု တန်ယန် မေးလိုက်သည်။
"အစ်ကိုတို့ ဟန်ရှီးကနေလာတာ၊ H မြို့တော်မှာ အစီအစဉ်တစ်ခု သွားရိုက်ဖို့ရှိလို့ ဒါပေမဲ့ အခုတော့ လမ်းမှာပိတ်မိနေပြီလေ"
ဟု ရှင်းပြပြီးနောက် ကျောက်ခေါ ကားထဲသို့ လှမ်းအော်လိုက်သည်။
"အာရှီး... ဘယ်သူနဲ့ တွေ့နေလဲဆိုတာ လာကြည့်ဦး"
သူတို့နောက်ဘက်ရှိ ကားမှန်မှာ နိမ့်ဆင်းသွားပြီး အိပ်ရာနိုးကာစ မျက်နှာလေးတစ်ခု ပေါ်လာသည်။ တန်ယန်ကို မြင်လိုက်ရသည့်အခါ မှင်တက်သွားပုံရပြီး
"တန်ယန် တိုက်တိုက်ဆိုင်ဆိုင်ပါလား"
"ဟိုင်း မတွေ့တာ ကြာပြီနော်"
ဟု တန်ယန် လက်ပြလိုက်သည်။
တန်ယွီက နောက်ဘက်မှ တိုးကပ်လာကာ -
"မမ... အိမ်သာသွားမလို့ဆို ဘာလို့ ဒီမှာရပ်နေတာလဲ"
ထို့နောက် သူက ရှေ့ကကားဆီသို့ မော့ကြည့်လိုက်ရာ... 'ယွမ်ရှီး' ကို တွေ့သွားသည်။
"မင်္ဂလာပါ၊ မင်းက တန်ယန်ရဲ့မောင်လေး ဖြစ်မယ်ထင်တယ် အစ်ကိုက ယွမ်ရှီးရဲ့ မန်နေဂျာ ကျောက်ခေါပါ မင်းက တကယ့်ကို ချောတဲ့ လူငယ်လေးပဲ၊ မင်းတို့ မောင်နှမ နှစ်ယောက်က တော်တော်လေး ဆင်ကြတာပဲနော်"
ဟု ကျောက်ခေါက ပြုံးလျက် နှုတ်ဆက်သည်။
"မင်္ဂလာပါ အစ်ကိုကျောက် ကျွန်တော့်နာမည်က တန်ယွီပါ"
တန်ယွီ ခေါင်းကို ကုတ်လိုက်မိသည်။ သူ လူမှုဆက်ဆံရေးပိုင်းတွင် အားနည်းနေသေးသည်။
ဦးထုပ်နှင့် နှာခေါင်းစည်းကို တပ်ထားသော ယွမ်ရှီးသည် ကားပေါ်မှ ဆင်းလာပြီး တန်ယန်ကို ပြောလိုက်သည်မှာ -
"သွားရအောင်လေ၊ ငါလည်း အိမ်သာသွားမလို့ပဲ လမ်းကြုံတာပေါ့"
တန်ယန် ခေါင်းညိတ်ပြလိုက်ပြီး သူနှင့်အတူ လိုက်ပါလာခဲ့သည်။
"S မြို့တော်ကို ပြန်မလို့လား"
ယွမ်ရှီးဘက်က စကားစလိုက်သည်။
"ဟုတ်တယ်၊ မနေ့က စခန်းချခရီး ထွက်ခဲ့တာလေ ဒီမနက်ကျတော့ နှင်းတွေကျလာလို့ လမ်းတွေမခဲခင် အမြန်ပြန်ဖို့လုပ်တာ ဒါပေမဲ့ အစီအစဉ်တွေက ထင်သလို ဖြစ်မလာဘူးလေ"
တန်ယန် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤနေရာတွင် ဆုံတွေ့ရခြင်းမှာ ကံကြမ္မာဟုပင် ဆိုရပေမည်။
"အစ်ကိုတို့လည်း ဘဝတူတွေပါပဲ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုရဲ့ ဇာတ်ဝင်တေး သွားဆိုပေးတာ အပြန်မှာ ကားအက်စီးဒင့်ဖြစ်ပြီး လမ်းပိတ်သွားမယ်လို့ မထင်ထားဘူး ဒါပေမဲ့ 'ဘေးဒုက္ခထဲက လာဘ်လာဘ' လို့ပဲ ပြောရမလားပဲ မတွေ့တာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံခွင့် ရတာပဲလေ" နှာခေါင်းစည်းအောက်မှ ယွမ်ရှီး၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားပြီး သူ၏ စိတ်အခြေအနေမှာလည်း သိသိသာသာ လန်းဆန်းသွားပုံရသည်။
"တကယ်ကို ကံကြမ္မာပဲနော်၊ ဒီညတောင် ပြန်ထွက်လို့ ရပါ့မလား မသိဘူး"
"ဟုတ်တယ်၊ ခဏနေရင် တစ်ခုခု သွားစားကြတာပေါ့"
အိမ်သာတံခါးဝတွင် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။ ယွမ်ရှီး လက်ဆေးပြီးနောက် တန်ယန်ကို အပြင်ဘက်မှ စောင့်ဆိုင်းနေခဲ့သည်။
တန်ယန် အပြင်သို့ ထွက်လာသည်နှင့် လူအများကြားတွင် ထင်းထွက်နေသော သူ့ကို တွေ့လိုက်ရသည်။ သူ၏မျက်ခုံးနှင့် မျက်ဝန်းများကိုသာ မြင်ရသော်လည်း နှာခေါင်းစည်းအောက်ရှိ မျက်နှာမှာ မည်မျှအထိ ချောမော ပြေပြစ်နေမည်ကို ခန့်မှန်းနိုင်သည်။
တန်ယန်ပြုံးလျက် ခေါင်းကိုခါယမ်းရင်း သူရှိရာသို့ လျှောက်သွားလိုက်သည်။
"သွားကြစို့"
"အထဲဝင်ပြီး လျှောက်ကြည့်ရအောင်”
ယွမ်ရှီး သူမနှင့် ဘေးချင်းယှဉ်လျက် လမ်းလျှောက်လာရာ လူအများ၏ အာရုံစိုက်မှု ၉၀ ရာခိုင်နှုန်းခန့်မှာ သူတို့နှစ်ဦးဆီသို့ ရောက်နေတော့သည်။
"လူတွေမှတ်မိသွားမှာ မစိုးရိမ်ဘူးလား"
တန်ယန် ယွမ်ရှီးကို အံ့သြတကြီး မေးလိုက်သည်။
"မှတ်မိသွားလည်း မတတ်နိုင်ဘူးလေ အနုပညာရှင် ဆိုတာလည်း လူသားတွေပါပဲ၊ စားစရာရှိတာတော့ စားရမှာပေါ့"
ယွမ်ရှီး ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ရှေ့မှ မိန်းကလေးကို နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိ၏။
အခန်း ၁၆၄
မိတ်ဆွေဟောင်းနှင့် ဆုံစည်းခြင်း
ယွမ်ရှီးမှာ အလွန်အမင်း ချောမောလွန်းလှသည်ဟု တန်ယန်မှ ရုတ်တရက် ခံစားလိုက်ရသည်။
【အရှင်... သူ့အပေါ် စိတ်ယိုင်သွားပြီလား】
ယိတျန်တျန်၏အသံ ထွက်ပေါ်လာသဖြင့် တန်ယန်တစ်ယောက် လန့်ဖျပ်သွားရသည်။
【ဘယ်လိုလုပ် အဲဒီလိုဖြစ်မှာလဲ ငါက သူ့ကို တလေးတစား အားပေးရုံ သက်သက်ပါ】
တန်ယန် နှုတ်ခမ်းလေး စူလိုက်မိသည်။ အမျိုးသား တစ်ယောက်ကြောင့် သူမ၏ ဘဝအရည်အသွေးကို အထိခိုက် မခံနိုင်ပေ။ မီတာနှစ်ရာကျော်ကျယ်သော ကုတင်ကြီးပေါ်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး အိပ်ရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။
အရင်ဘဝတုန်းက မိသားစုအတွက် အရာအားလုံးကို စတေးခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူက ဖောက်ပြန်တာ သို့မဟုတ် ယောက္ခမနှင့် အဆင်မပြေခြင်းများကြောင့် မိသားစုသာယာမှု ပျက်ပြားခဲ့ရသော အမျိုးသမီးများကို သူမ အများကြီး မြင်ဖူးခဲ့သည်။
လောကတွင် သူမသည် အိမ်ထောင်ပြုခြင်းကို အလွန်အမင်း ရွံရှာမုန်းတီးခဲ့သူ ဖြစ်သည်။
ယခုဆိုလျှင် သူမမှာ ငွေတွေအများကြီး ရှိနေပြီဖြစ်သည်။ အဖော်ပြုပေးရန် သူမ သဘောကျသည့် ဘယ်အမျိုးသားမျိုးကိုမဆို ရှာလို့ရသည်။ သို့သော် အချစ်ဆိုသည့် ခံစားချက်ကို သူမသိချင်ပါ။
ဘေးနားရှိ တန်ယန်၏ စိတ်အပြောင်းအလဲကို ယွမ်ရှီး သိသိသာသာ အာရုံခံမိလိုက်သည်။ သူ နှုတ်ခမ်းကို တင်းတင်း စေ့ထားမိသော်လည်း နောက်ဆုံးတွင်တော့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာသာ လိုက်ပါလာခဲ့၏။
"ဒီကောက်ညှင်း ဝက်အူချောင်းလေးတွေ ဝယ်ရအောင် ကြည့်ရတာ ဆီလေးဝေ့နေတာပဲ တကယ်အရသာရှိမှာ သေချာတယ်"
တန်ယန် မုန့်ဆိုင်ကောင်တာ တစ်ခုရှေ့တွင် ရပ်လိုက်သည်။
ထိုဆိုင်တွင် အကြော်စုံ တုတ်ထိုးများ ရောင်းချနေပြီး ဘေးဘက်တွင်လည်း ဝက်အူချောင်း ကင်စက်တစ်ခု ရှိနေသည်။ ကောင်တာရှေ့တွင် လူနှစ်ဦးမှာ မှာယူထားသည်များကို စောင့်နေကြ၏။
ယွမ်ရှီး ခေါင်းညိတ်ပြပြီး ရှေ့သို့တက်ရန် ပြင်လိုက်သော်လည်း တန်ယန် တားလိုက်သဖြင့် သူက နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်နေမိသည်။
"ကျွန်မပဲ သွားလိုက်မယ်၊ လူတွေမှတ်မိသွားရင် ဒုက္ခရောက်ကုန်ပါဦးမယ်"
ဟု ပြောပြီးနောက် တန်ယန် ကောင်တာသို့သွားကာ မှာယူလိုသည်များကို မှာကြားပြီး ငွေရှင်းလိုက်သည်။
သူမ လှည့်ကြည့်လိုက်သည့်အခါ နောက်ကွယ်တွင် မည်သူမှ ရှိမနေတော့ဘဲ ယွမ်ရှီးမှာ ပျောက်သွားသည်။ သူတစ်ခုခု မေ့ကျန်ခဲ့သဖြင့် သွားရှာနေခြင်း ဖြစ်လိမ့်မည်ဟုသာ သူမ တွေးလိုက်မိသည်။
ဝယ်ထားသမျှ ပစ္စည်းများအားလုံး ပါကင်ထုတ်ပြီးသည်အထိ သူမ ထိုနေရာတွင် ခဏကြာ ရပ်စောင့်နေသော်လည်း ပြန်ရောက်မလာသဖြင့် စိုးရိမ်စပြုလာသည်။
တစ်ခုခု ဖြစ်သွားတာလား။ သူမ ဖုန်းကိုထုတ်ကာ ခေါ်ဆိုရန် ပြင်လိုက်သည်။ ဖုန်းနံပါတ် မနှိပ်ရသေးမီမှာပင် ချောမောလှသော ထိုအမျိုးသားမှာ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
ယွမ်ရှီး ဆေးကြောပြီးသား ချယ်ရီသီး တစ်ဘူးကို ကိုင်ဆောင်၍ ရောက်ရှိလာသည်။ တန်ယန် ဖုန်းကို ကိုင်ထားသည်ကို မြင်သော်လည်း သူ့ကိုမြင်သည်နှင့် ဖုန်းကို ပြန်ချလိုက်သဖြင့် မိမိထံ ဖုန်းခေါ်ရန် ပြင်နေကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
"ဟိုဘက်မှာ သစ်သီးဆိုင်တစ်ဆိုင် တွေ့တာနဲ့ မင်း မြည်းကြည့်ရအောင် ဝယ်လာတာ"
ဟု ဆိုကာ သွယ်လျလှပသော လက်ချောင်းကြီးများဖြင့် သစ်သီးဘူးကို လှမ်းပေးလိုက်သည်။ ဘူးထဲရှိ ချယ်ရီသီးများမှာ အနီနက်ရောင် သန်းနေပြီး လုံးဝန်းပြည့်ဖြိုးကာ တကယ်ကို စားချင်စဖွယ် ကောင်းနေသည်။
တန်ယန် လည်ချောင်းထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး အချိန်အတော်ကြာမှ စကားတစ်ခွန်းကို မနည်း ညှစ်ထုတ်လိုက်နိုင်သည်။
"သွားကြရအောင်"
ကားရပ်နားရာ နေရာသို့ ပြန်ရောက်သည့်အခါ တန်ယွီမှာ ကားရှေ့တွင် ဟိုဟိုဒီဒီကြည့်ရင်း ရပ်နေသည်။ သူမလာသည်ကို မြင်သည်နှင့် ချက်ချင်း ကြိုဆိုလိုက်သည်။
"မမ... ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ လူတွေအများကြီး ရှိနေလို့လား"
"အေး... စားစရာတွေလည်း ဝယ်လာခဲ့တယ်"
သူတို့ဘေးနားတွင် တဲတစ်လုံး ထိုးထားသည်ကို တန်ယန် သတိပြုမိသွားသဖြင့်
"ဘာလို့ တဲထိုးထားတာလဲ"
ဟု မေးလိုက်သည်။
"ကိုနိုင်းကပြောတယ်... ကျွန်တော်တို့ ရပ်ထားတဲ့ နေရာက သူများကိုလည်း အနှောင့်အယှက် မဖြစ်ဘူးဆိုတော့ တဲနှစ်လုံးလောက် ညှပ်ထိုးလို့ ရတယ်တဲ့ လမ်းကသာ ဆက်သွားလို့ မရဘူးဆိုရင် ဒီမှာအိပ်ရတာက ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့"
တန်ယန် ခေါင်းညိတ်လိုက်သည်။ ကားထဲတွင် အိပ်ရမည်ဆိုလျှင် အမှန်ပင် ကျဉ်းမြောင်းသည်။ တစ်ယောက်တည်းဆိုလျှင် တော်သေးသော်လည်း လူသုံးယောက်နှင့် ခွေးနှစ်ကောင်မှာ ခုံပေါ်တွင် စုပြုံနေရမည်မှာ အဆင်မပြေလှပေ။
တန်ယန် ယွမ်ရှီးကိုကြည့်၍ မေးလိုက်သည်။
"ရှင်ရော... ဒီည ဒီမှာပဲ တည်းမှာလား"
"အခြေအနေ ကြည့်ရဦးမှာပဲ အစ်ကိုတို့ကားက နည်းနည်းပိုကျယ်တော့ တစ်ညလောက် အိပ်ရတာ ပြဿနာ မရှိပါဘူး"
တန်ယန် သူ၏ဗန်ကားကို ကြည့်လိုက်ရာ သူတို့ကားထက် ပို၍ သက်သောင့်သက်သာ ရှိမည်မှာ အမှန်ပင်။ သို့သော် ကားထဲတွင် လူမများမှသာ အဆင်ပြေပေလိမ့်မည်။
လင်းက တဲထဲမှထွက်လာပြီး တန်ယန် ပြန်ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး
"အစ်မ... ကိုနိုင်းက ဆန်ပြုတ်ပူပူလေး ပြုတ်ထားတယ် နေ့လယ်စာကို အဲဒါလေးနဲ့ပဲ ရိုးရိုးရှင်းရှင်း စားလိုက်မလား"
တန်ယန် ခေါင်းညိတ်လိုက်သည်။
"ဒီလို ရာသီဥတုမျိုးမှာ ဆန်ပြုတ်ပူပူလေးတစ်ခွက် သောက်ရတာ တကယ့်ကို ကောင်းတာပေါ့"
ယွမ်ရှီးရှိရာဘက်ကို တစ်ချက်ကြည့်ပြီးနောက် လင်းကို လှည့်မေးလိုက်သည်?
"အများကြီး ပြုတ်ထားတာလား"
"ဆန်ပြုတ်တစ်အိုးဆိုရင် ငါးယောက် ခြောက်ယောက်စာလောက်တော့ လောက်ပါတယ်”
လင်းက တန်ယန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
"ဗိုက်ဝဖို့ထက် အအေးပြေရုံ ဆိုရင်တော့ အေးအေးဆေးဆေး လောက်ပါတယ်"
"ကောင်းပြီ"
တန်ယန် ယွမ်ရှီးကို ကြည့်လိုက်ပြီး
"ရှင်တို့လည်း ဆန်ပြုတ်လေး လာသောက်ကြပါလား မလောက်ရင် တခြားဟာ ထပ်စားလို့ ရတာပဲ"
ယွမ်ရှီး ခပ်တိုးတိုး ရယ်မောကာ
"အိုကေလေ ငါ အစ်ကိုကျောက်ကို သွားခေါ်လိုက်ဦးမယ်"
မကြာမီမှာပင် လူခြောက်ဦးမှာ တဲငယ်လေး အတွင်း၌ ဝိုင်းဖွဲ့ကာ ထိုင်နေကြတော့သည်။ ယွမ်ရှီး၏ ကားဆရာကမူ လိုက်မလာခဲ့ပေ။
"အစ်ကိုယွမ်ရှီး... ရော့၊ ဒါလေးသောက်လိုက်"
တန်ယွီ တက်ကြွစွာဖြင့် ဆန်ပြုတ်ကို လှမ်းပေးလိုက်သည်။
"ကျေးဇူးပဲနော်"
"မလိုပါဘူးဗျာ ကိုနိုင်းရဲ့ လက်ရာက တကယ်ကောင်းတာ"
တန်ယွီ ကိုနိုင်း၏ ဟင်းချက်စွမ်းရည်ကို စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
'ဇီးရိုး' နှင့် 'နိုင်း' တို့မှာ ပုံမှန်အားဖြင့် စကားနည်းသူများ ဖြစ်ကြသည်။ ယခု လူနှစ်ယောက် ပိုတိုးလာသဖြင့် စားစရာ မလောက်မည်ကို စိုးရိမ်သောကြောင့် 'နိုင်း' က အမဲသားတုံး အချို့ကို ထုတ်ယူကာ ကြော်ရန် ပြင်ဆင်လိုက်တော့သည်။
ခွေးလေးနှစ်ကောင်မှာလည်း သူတို့၏ ဆန်ပြုတ်ကို ပျော်ရွှင်စွာ သောက်နေကြသည်ကို မြင်သောအခါ ကျောက်ခေါမှာ အံ့အားသင့်သွားရသည်။
"တန်ယန်... မင်းရဲ့ခွေးတွေက နေ့တိုင်း လူတွေစားတဲ့အတိုင်း လိုက်စားနေတာလား"
ခွေးများသည် ပုံမှန်အားဖြင့် လူစားသည့် အစားအသောက်များ စားလို့မရသည်ကို ကျောက်ခေါ သိထားသော်လည်း တန်ယန်၏ ခွေးများမှာ ဤမျှ အစားသောက်ကောင်း စားနေပြီး အစားမရွေးသည်ကို မြင်သောအခါ မအံ့သြဘဲ မနေနိုင်တော့ပေ။
"အစ်ကိုကျောက်ရေ... ကျွန်တော်တို့ ခွေးတွေက ခွေးစာဆိုရင် လုံးဝမစားဘူးဗျ ကျွန်တော့်အမေ ပြောသလို ဆိုရင်တော့ သူတို့က ဂျေးအလွန် များတာပေါ့ အိမ်မှာဆိုရင် စားဖိုမှူးက သူတို့အတွက် သီးသန့် ချက်ပေးရတာ သူတို့စားရတာက ကျွန်တော့်ထက်တောင် သာသေးတယ်"
ဟု တန်ယွီ သူ၏ခွေးနှစ်ကောင် ရရှိနေသော အခွင့်အရေးများကို မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
"ဒါပေမဲ့ အခု ဆန်ပြုတ်သောက်နေတာ ကျတော့လည်း တော်တော်ပျော်နေပုံပဲ"
ဟု ကျောက်ခေါ သံသယဖြင့် မေးလိုက်သည်။
"ဒါကြောင့်လည်း ကိုနိုင်းရဲ့လက်ရာက အံ့ဩဖို့ကောင်းတယ်လို့ ပြောတာပေါ့ ဂျေးများတဲ့ သူတွေတောင် သူ့လက်ရာဆိုရင် မြိန်ရေယှက်ရေ စားကြတာလေ"
"ဒါဆိုရင်တော့ စားဖိုမှူးကြီးရဲ့ လက်ရာကို အခုချက်ချင်း မြည်းစမ်းကြည့်ရတော့မှာပဲ"
ကျောက်ခေါ ပြောပြောဆိုဆိုဖြင့် ဆန်ပြုတ်ပန်းကန်ကိုမကာ တစ်ငုံသောက်လိုက်သည်။ သူ ချက်ချင်းပင် အံ့အားသင့်သွားရ၏။ အရသာရှိလွန်းလှသည့် ထိုရိုးရိုးဆန်ပြုတ်ကို တစ်ခဏအတွင်း မော့သောက်လိုက်ပြီးနောက် နောက်ထပ်တစ်ပန်းကန် ထပ်တောင်းလိုက်၏။
တန်ယန်မှာ ကောက်ညှင်းဝက်အူချောင်း စားထားသည်ရော ဆန်ပြုတ်တစ်ဝက်ခန့် သောက်ထားသည်ရောကြောင့် ထပ်မစားနိုင်တော့ပေ။ သို့သော်လည်း ကိုနိုင်း အမဲသားတုံး ကြော်နေသည်ကို မြင်ရသောအခါ မွှေးပျံ့လှသော အသားနံ့ကို လက်လွတ်မခံချင်ပြန်ပေ။
"ရော့... ဒါလေးစားဦး"
ယွမ်ရှီး သူ၏တူဖြင့် ဟင်းရွက်တစ်ဖတ်ကို ခပ်ပေးလိုက်သည်။
"ဆန်ပြုတ်ချည်းပဲ မသောက်နဲ့လေ၊ ဟင်းသီးဟင်းရွက်လည်း နည်းနည်းစားဦးမှပေါ့"
"ကျေးဇူးပဲနော်”
ဟု တန်ယန် ဆိုလိုက်သည်။
"ဒါပေမဲ့ ကျွန်မ တကယ် ထပ်မစားနိုင်တော့ဘူး"
"မင်း အရမ်းပိန်လွန်းတယ်နော်”
ဟု ယွမ်ရှီး ခပ်တိုးတိုးလေး ပြောလိုက်၏။
ထိုစကားကြောင့် တန်ယွီကိုင်ထားသော တူကြားမှ ဟင်းဖတ်မှာ ပန်းကန်ထဲသို့ ပြုတ်ကျသွားရာ တန်ယန်ထံမှ မကြည်လင်သော အကြည့်တစ်ချက်ကို ရရှိလိုက်သည်။
ထို့ကြောင့် သူ ပြုတ်ကျသွားသော ဟင်းဖတ်ကို အမြန်ပြန်ကောက်ပြီး ထမင်းဝိုင်းထဲ ခေါင်းစိုက်နေလိုက်တော့သည်။
စားသောက်ပြီးသွားသောအခါ တန်ယန် တန်ယွီကို ကော်ဖီဖျော်ခိုင်းလိုက်သည်။ ထို့နောက် သူတို့မှာ ကော်ဖီကိုစောင့်ရင်း စကားလက်ဆုံ ကျနေကြ၏။
"မင်းတို့နဲ့ဆုံလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါတို့တွေ အေးခဲနေတော့မှာပဲ"
ဟု ကျောက်ခေါက ရေရွတ်လိုက်သည်။ ဤတဲလေးမှာ လိုလေသေးမရှိ ပြည့်စုံနေသည့် အိမ်ငယ်လေး တစ်လုံးနှင့် တူသည်။
"ဟုတ်တယ်၊ ငါလည်း စခန်းချတာမျိုး သွားကြည့်ဖို့ စဉ်းစားနေတာ"
ဟု ယွမ်ရှီးက ဝင်ပြောလိုက်သည်။
"ကျွန်မလည်း စခန်းချတဲ့ ဗီဒီယိုတစ်ခုကို ကြည့်မိရာကနေ သွားဖို့ဆုံးဖြတ်လိုက်တာ တကယ်ကို ကိုယ်တိုင်တွေ့ကြုံ ခံစားသင့်တဲ့ အရာတစ်ခုပါပဲ၊ စိတ်ကူးကောင်း တစ်ခုလို့လည်း ထင်ပါတယ်"
ဟု တန်ယန် ပြုံးလျက်ဆိုသည်။
"ဗီဒီယို ကြည့်တာလား"
ကျောက်ခေါ၏ အလုပ်သဘောအရ စူးစမ်းလိုစိတ်မှာ ချက်ချင်း နိုးကြားလာသည်။
"အင်း... အစ်ကိုကျောက်ခေါရော ယွီယင် ပလက်ဖောင်းအကြောင်း သိလား"
"အခုတလော နာမည်ကြီးနေတဲ့ ဗီဒီယိုအတို ပလက်ဖောင်းလား အရင်ကတည်းက စောင့်ကြည့်နေတာ အဲဒီပလက်ဖောင်းရဲ့ ပိုင်ရှင်ကတော့ တကယ်ကို လူတော်တစ်ယောက်ပဲ"
ကျောက်ခေါ ချီးကျူးစကား ဆိုပြီးနောက် တန်ယန်နှင့်အတူ ယွီယင်ပလက်ဖောင်း အကြောင်းကို ဆက်လက် ဆွေးနွေးနေသည်။
ကျောက်ခေါနှင့် တန်ယန်တို့ နှစ်ဦးသား အားတက်သရော စကားလက်ဆုံ ကျနေကြသည်ကို ကြည့်ရင်း ယွမ်ရှီးမှာမူ ထိုစကားဝိုင်းထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေရသည်။ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး ကျောက်ခေါအပေါ် တစ်စုံတစ်ရာ မကျေနပ်သလို ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
ထိုစဉ် တန်ယွီက ကော်ဖီဖျော်ပြီးသွားပြီ ဖြစ်၍
"အစ်ကိုယွမ်ရှီး... အမေရိကာနို သောက်မလား၊ လတ်တေးသောက်မလား"
ဟု မေးလိုက်သည်။
"အမေရိကာနိုပဲပေးပါ၊ ကျေးဇူးပဲနော်”
"ရော့... ဒီမှာ"
တန်ယွီ တန်ယန်အတွက် လတ်တေးကို အရင် လှမ်းပေးလိုက်ပြီးနောက် ကျောက်ခေါကိုလည်း ဘယ်ကော်ဖီ သောက်မလဲဟု မေးလိုက်သည်။
ကျောက်ခေါလည်း အမေရိကာနိုကိုသာ မှာလိုက်ပြီး -
"ကျေးဇူးပဲ ညီလေးတန်ယွီရေ မင်းက ကော်ဖီဖျော်တာ ဒီလောက် ကျွမ်းလိမ့်မယ်လို့ မထင်ထားဘူး တကယ်တော်တာပဲ"
ဟု ပြုံးပြုံးရွှင်ရွှင် ချီးကျူးလိုက်၏။