အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း ၁၆၇
ဟက်ကာ တန်ယန်
တန်ယန် ကန်တင်းမှ ထွက်လာပြီးနောက် ဆရာများ ရုံးခန်းဆီသို့ တိုက်ရိုက်သွားခဲ့ရာ ဖိုရမ်ပေါ်တွင် ဖြစ်ပျက်နေသော ပြဿနာများကို သတိမထားမိလိုက်ပေ။
ဒေါက် ဒေါက် ဒေါက်...
"ဝင်ခဲ့ပါ"
ဟု အေးစက်စက် အမျိုးသား အသံတစ်သံ ထွက်ပေါ်လာသည်။
"လမ်းညွှန်ဆရာ... "
တန်ယန် ခေါ်လိုက်သည်။
"လာထိုင်ဦး"
အန်ကျဲချန်သည် လုပ်လက်စများကို ရပ်နားလိုက်ပြီး မျက်မှန်ကိုချွတ်ကာ နှာတံပေါ်ကို လက်ချောင်းနှစ်ချောင်းဖြင့် နှိပ်နယ်နေသည်။
တန်ယန် သူ့ဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ အန်ကျဲချန်က
"မင်းကို ဘာလို့ ခေါ်တွေ့ရသလဲဆိုတာ သိလား"
ဟု မေးလိုက်သည်။
သူမက ခေါင်းညိတ်ပြပြီး
"သိပါတယ်"
ဟု ပြန်ဖြေသည်။
"မင်း တကယ်ပဲ ဆုံးဖြတ်ချက် ချပြီးပြီလားဆိုတာ ကျောင်းဘက်က စုံစမ်းခိုင်းလိုက်လို့ ပြီးတော့... မဟာဘွဲ့အတွက် ကျောင်းမှာပဲ ဆက်တက်ဖို့ စဉ်းစားထားတာမျိုးရော ရှိလား"
"ကျွန်မ ဆုံးဖြတ်ပြီးပါပြီ ဘွဲ့ကြိုသင်တန်းတွေ အကုန်လုံးကို ကိုယ့်ဘာသာကိုယ် လေ့လာပြီးသွားပါပြီ အချိန်မလောက်မှာ စိုးရိမ်တာကြောင့် နောက်လာမယ့် ပညာသင်နှစ်မှာ စာတမ်းဖတ်ပွဲ ပြီးအောင်လုပ်ပြီး ဘွဲ့ကို စောစောယူဖို့ ဆုံးဖြတ်ထားပါတယ်"
တန်ယန် ခဏစဉ်းစားပြီးနောက် ထပ်မံပြောလိုက်သည်။
"လောလောဆယ်တော့ မဟာဘွဲ့ ဆက်တက်ဖို့ အစီအစဉ် မရှိသေးပါဘူး"
"ဘွဲ့ရပြီးရင် ဘာလုပ်ဖို့ ရည်မှန်းထားလဲ"
ဟု အန်ကျဲချန်က မေးသည်။
"နိုင်ငံခြားကို ပညာတော်သင် သွားချင်ပါတယ်"
*
လမ်းညွှန်ဆရာ၏ ရုံးခန်းမှ ထွက်လာပြီးနောက် တန်ယန် ကျောင်းဝင်းအတွင်း ကျန်ရှိနေသော ကျောင်းသားဘဝ အချိန်လေးများကို ခံစားရင်း လမ်းလျှောက်နေခဲ့သည်။ ထိုစဉ် ဖုန်းမြည်လာတော့၏။
တီ တီ... ဟူခဲ့ခဲ့ဆီမှ ဖုန်းခေါ်ဆိုလာခြင်းပင်။
"ဟဲလို..."
"ယန်ယန်... နင်ကျောင်းမှာလား"
"အင်း... ဆရာ့ရုံးခန်းက အခုလေးတင် ထွက်လာတာ အိမ်ပြန်တော့မလို့"
"ကျောင်းဖိုရမ်ကို ကြည့်လိုက်ဦး တစ်ယောက်ယောက်က နင့်အတင်းတွေ လျှောက်ပြောနေတာ ငါထင်တာတော့ ကျောက်ယွိချင်းပဲ ဖြစ်ရမယ် မဟုတ်ဘူး... ထင်တာမဟုတ်ဘူး ဒါသူပဲဆိုတာ ငါပြောရဲတယ်"
"စိတ်မပူပါနဲ့ ငါကြည့်လိုက်ပါ့မယ်"
ဟု တန်ယန်က သူမကိုယ်တိုင်နှင့် မသက်ဆိုင်သည့် ဘေးလူတစ်ယောက် ကဲ့သို့ပင် အေးအေးဆေးဆေး ပြန်လည် နှစ်သိမ့်လိုက်သည်။
"အေးအေး လီလီနဲ့ ငါနဲ့ကတော့ နင့်ဘက်ကနေ သက်သေထွက်ဆို ပေးထားတယ် လူတချို့က ငါတို့တွေ ဂိုဏ်းဖွဲ့ပြီး ကျောက်ယွိချင်းကို ဝိုင်းပယ်ထားတာပါတဲ့ ငါတို့ပြောတဲ့ စကားတွေက ယုံကြည်လို့ မရဘူးဆိုပြီး ပြောနေကြတာ ငါတော့ တကယ်ကို ဒေါသထွက်လွန်းလို့"
"ရပါတယ် ဒါကို ငါ့လက်ထဲပဲ အပ်ထားလိုက်တော့"
*
ဖုန်းချပြီးနောက် တန်ယန် ကျောင်းဝင်းဖိုရမ်ကို ဖွင့်ကြည့်လိုက်ရာ လူကြည့်အများဆုံးပို့စ်မှာ မွန်းလွဲပိုင်းက ကန်တင်းတွင် ရိုက်ထားသော ဓာတ်ပုံဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မူရင်းပို့စ်တင်သူက ဘာမှမပြောထားသော်လည်း ကွန်မန့်များမှာမူ ရုတ်တရက် လမ်းကြောင်း လွဲသွားခဲ့သည်။ ဤကဲ့သို့နည်းဖြင့် ပြဿနာမီးမွှေးရှာသည့် နည်းလမ်းမှာ အဆင့်အတန်း အတော်လေး နိမ့်ကျလှ၏။
တန်ယန် လမ်းကြောင်းပြောင်းကာ ကွန်ပျူတာခန်းဆီသို့ လျှောက်သွားလိုက်ရာ ထိုနေရာတွင် ကွန်ပျူတာ သိပ္ပံဌာနမှ ကျောင်းသားအချို့ စုဝေးကာ တစ်ခုခုကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
တန်ယန် ဝင်လာသည်ကို မြင်သောအခါ သူတို့မှာ အနည်းငယ် အံ့အားသင့်သွားကြသည်။ ထိုကျောင်းသားများထဲမှ တစ်ယောက်က ရှေ့သို့တိုးလာပြီး -
"နတ်ဘုရားမ... အော် မဟုတ်ပါဘူး၊ တန်ယန်... တစ်ခုခု ကူညီပေးရမလား"
ဟု မေးလိုက်သည်။
သူ့ပါးစပ်မှ ‘နတ်ဘုရားမ’ ဟူသော စကားလုံး လွတ်ထွက်သွားသဖြင့် သူကိုယ်တိုင်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။
"မင်္ဂလာပါ၊ ကွန်ပျူတာ ခဏလောက် ငှားသုံးလို့ ရမလားဟင်"
"ရတာပေါ့၊ ရပါတယ် စိတ်ကြိုက်သုံးပါဗျာ"
"ကျေးဇူးတင်ပါတယ်"
ဟု တန်ယန်ဆိုကာ အနီးဆုံးရှိ ကွန်ပျူတာ တစ်လုံးတွင် ထိုင်၍ စက်ကိုဖွင့်လိုက်သည်။
【အရှင်မ... ဘာတွေစုံစမ်းချင်လို့လဲ ကျွန်တော့်ကို ဘာလို့ အကူအညီ မတောင်းတာလဲ】
ယိတျန်တျန်မှာ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေသည်။
【ဒါက ငါလေ့လာထားတာတွေကို လက်တွေ့အသုံးချဖို့ အခွင့်အရေးကောင်းတစ်ခု မဟုတ်ဘူးလား ငါသာ မဖြေရှင်းနိုင်ရင်တော့ နင့်ဆီက အကူအညီကို ချက်ချင်းတောင်းမှာ စိတ်ချ】
【ဟုတ်ကဲ့ပါ ကံကောင်းပါစေအရှင်မ ကျွန်တော် ဘေးကနေ စောင့်ကြည့်ပေးနေပါ့မယ်】
တန်ယန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ ယိတျန်တျန်မှာ ချက်ချင်းပင် တက်ကြွသွားတော့သည်။ ၎င်းသည် အမှန်အကန် စွမ်းအားကြီးမားသော စနစ်တစ်ခုဖြစ်ပြီး တန်ယန်အတွက် အကြီးမားဆုံးသော အားကိုးရာဖြစ်သည်။
တန်ယန် ဖိုရမ်ပို့စ်ကို ဖွင့်လိုက်ပြီးနောက် ကီးဘုတ်ပေါ်တွင် အရှိန်အဟုန်ဖြင့် စတင် ရိုက်လိုက်တော့သည်။ သူမ၏ လက်ချောင်းများ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှရာ အနှစ်နှစ်ဆယ်တိုင်တိုင် တစ်ကိုယ်တည်းသမား ဖြစ်ခဲ့သည်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင်။
မကြာမီမှာပင် သူမရှေ့ရှိ ကုဒ်များမှာ အလိုအလျောက် စတင် အလုပ်လုပ်လာပြီး ပို့စ်အောက်တွင် အမည်ဝှက်ဖြင့် မှတ်ချက်ပေးထားသူ အားလုံး၏ အမည်ရင်းများနှင့် မှတ်ပုံတင်စဉ်က အသုံးပြုခဲ့သော ကျောင်းသားကတ် နံပါတ်များမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
သူမ စာသားများကို အမြန်ပင် ဖတ်ရှုစစ်ဆေးလိုက်ရာ သူမ၏ ကိုယ်ကျင့်တရားအပေါ် မဟုတ်မမှန် သတင်းဖြန့်နေသူမှာ အနုပညာဌာနမှ ကျောက်ရှင်းယောင်ဆိုသူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ကျောက်ယွိချင်း ကိုယ်တိုင်လည်း ထိုပို့စ်တွင် အကြိမ်အတော်များများ ပါဝင်နေခြင်းပင်။ သူမက တန်ယန်ကို အမျိုးသား အမျိုးမျိုးက လာကြိုနေသည်ဟု ပြောဆိုခဲ့သော ထိုလူပင် ဖြစ်သည်။
တန်ယန် ထိုအငြိုးအတေးဖြင့် သတင်းဖြန့်ထားသော သက်သေအထောက်အထား အားလုံးကို သိမ်းဆည်းလိုက်ပြီး ဘေဂျင်းရှိ 'ယိရှင်း' ဥပဒေ အကျိုးဆောင်လုပ်ငန်း ဌာနခွဲ၏ အကြီးအကဲထံသို့ ပေးပို့လိုက်သည်။ ထို့နောက် ကွန်ပျူတာကိုပိတ်ကာ အိမ်ပြန်ရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် ဆိုသလို သူမ၏ ပတ်ပတ်လည်တွင် ကျောင်းသားတစ်စု ဝိုင်းအုံလာကြသည်။ သူတို့သည် သူမကို သားကောင်တွေ့သည့် ဝံပုလွေများကဲ့သို့ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလျက် ကြည့်နေကြ၏။
တန်ယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ခုနက သူမကို 'နတ်ဘုရားမ' ဟု ခေါ်ခဲ့သော ကောင်လေးမှာ ထပ်မံ ပေါ်လာပြန်သည်။
"နတ်ဘုရားမ နင်က ဟက်ကာလား"
"မဟုတ်ပါဘူး... မဟုတ်ဘူးမလား"
တန်ယန် ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။ သူမတွင် ဟက်ကာပညာအချို့ ရှိသည်မှာ မှန်သော်လည်း ၎င်းမှာ ကိုယ်တိုင် လေ့လာမှုမှတစ်ဆင့် ရရှိထားသော အဆင့်တစ်ခုသာ ရှိသေးသည်။ ခုနက ဖိုရမ်ပို့စ်ကို ဝင်ရောက် ကြည့်ရှုတာကလွဲလို့ တခြားဘာမှလည်း မဟက်ဖူးသေးပေ။
"ငါတို့ကို ကူညီပေးလို့ ရမလား ငါတို့ အခက်အခဲလေး တစ်ခုနဲ့ တိုးနေလို့ပါ"
ထိုကောင်လေးက မျှော်လင့်ချက် အပြည့်ဖြင့် သူမကို ကြည့်နေသည်။
"ကျွန်မ ကူညီနိုင်မလား ဆိုတာတော့ မသေချာဘူးနော်"
ဟု တန်ယန်က တိုက်ရိုက်မငြင်းဘဲ ပြောလိုက်သည်။
"ရပါတယ်၊ ရပါတယ် ကြည့်ပေးရုံပဲလေ ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မကူညီနိုင်လည်း ပြဿနာမရှိပါဘူး ကျေးဇူးတင်ပါတယ် နတ်ဘုရားမရယ်"
တန်ယန် အခြားသူများ ဖွင့်ထားသော ကွန်ပျူတာများဆီသို့ လျှောက်သွားလိုက်ရာ သူမရှေ့တွင် စိန်ခေါ်စာ ပို့စ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ တန်ယန် ကြည့်လိုက်သည့်အခါ ၎င်းမှာ ပြည်ပမှ ပေးပို့ထားသော စိန်ခေါ်စာတစ်ခု ဖြစ်နေသည်ကို သိလိုက်ရ၏။
ထိုစိန်ခေါ်စာ၏ အဓိကအချက်မှာ ဟွာဒါတက္ကသိုလ်၏ ကွန်ပျူတာ ကလပ်နှင့် သူတို့အဖွဲ့မှာ သုံးကြိမ်တိုင်တိုင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အကယ်၍ တစ်ဖက်ဖက်မှ ရှုံးနိမ့်သွားပါက နိုင်ငံတကာ ကွန်ပျူတာ ပြိုင်ပွဲတွင် ပါဝင်မည့် နေရာကို အလိုအလျောက် စွန့်လွှတ်ရမည်။
ဤကဲ့သို့ ရန်စစိန်ခေါ်မှုမျိုးမှာ ဟွာဒါတက္ကသိုလ် ကျောင်းသားများအတွက် သည်းခံနိုင်စရာ မဟုတ်ပေ။ သူတို့ အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး အသင်းခန်းမသို့ သွားရောက်ကာ ထိုပြိုင်ဘက်များကို အနိုင်ယူပြီး ဟွာဒါတက္ကသိုလ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန် သစ္စာဆိုခဲ့ကြသည်။
သို့သော်လည်း ပထမအချီ ပြိုင်ပွဲတွင် သူတို့ ရှုံးနိမ့်ခဲ့ကြသည်။ ယခုအခါ ၂၄ နာရီ အချိန်ကန့်သတ်ချက်ရှိသော ဒုတိယအချီ ပြိုင်ပွဲကို စတင်နေပြီဖြစ်သည်။ မည်သူက ပြိုင်ဘက်၏ ဖိုင်ယာဝေါကို အရင်ဖောက်ထွင်းနိုင်မလဲ ဆိုသည်က အဆုံးအဖြတ်ပင်။
တစ်ဖက်တွင်လည်း ဟွာဒါတက္ကသိုလ်၏ ကွန်ပျူတာ သိပ္ပံကလပ်မှာ အကြပ်အတည်း ဆိုက်နေသည်။
တစ်ဖက်လူက ဘာတွေကြံစည်နေမှန်း သူတို့ လုံးဝရိပ်မိခြင်း မရှိသလို တစ်ဖက်၏ ဖိုင်ယာဝေါမှာလည်း အလွန် ထူးခြားသည်။ ၎င်းသည် IP လိပ်စာအပေါ် မူတည်၍ စနစ်ကို အလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်ပြီး အခြားနေရာများရှိ ဖိုင်ယာဝေါများကိုလည်း တစ်ပုံစံတည်းဖြစ်အောင် ညှိယူနိုင်စွမ်းရှိရာ သူတို့၏ တိုက်စစ်မှာ အောင်မြင်ရန် ပို၍ပင် ခက်ခဲနေသည်။
"သူတို့ရဲ့ ဖိုင်ယာဝေါက အရမ်း အဆင့်မြင့်လွန်းတယ် ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ဟု ကောင်လေးက ရှင်းပြသည်။
"ဒါပေမဲ့ ဒီအချီမှာသာ ထပ်ရှုံးပြီး နိုင်ငံတကာ ကွန်ပျူတာ ပြိုင်ပွဲဝင်ခွင့် နေရာကို ဆုံးရှုံးလိုက်ရရင်တော့ ဒါဟာ C နိုင်ငံအတွက် အရှက်ရစရာ ဖြစ်လာလိမ့်မယ်"
"ဒါကတော့ အဲဒီလောက်လည်း မဟုတ်သေးပါဘူး"
ဟု အခြားတစ်ယောက်က ပြန်ချေပသည်။
"ဖိုင်ယာဝေါက ဘယ်လောက်ပဲ ကောင်းကောင်း ဟာကွက်ဆိုတာ အမြဲရှိတာပဲ နင်တို့ သတိမထားမိဘူးလား တစ်ဖက်လူက နာရီဝက်တစ်ခါ IP လိပ်စာကို ပြောင်းနေတာ အဲဒီ IP တွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး"
"ဒါကြောင့် ငါသံသယ ဖြစ်တာက သူက ငါတို့ကို ဒီဟာကွက်ကို တမင်သိစေပြီး ငါတို့ကို အထဲရောက်အောင် မျှားခေါ်နေတာပဲ နောက်ဆုံးကျမှ ငါတို့ရဲ့ ကာကွယ်ရေး စနစ်တစ်ခုလုံးကို ပြိုလဲသွားအောင် လုပ်မယ့်သဘောပဲ"
"အဲဒါ ဖြစ်နိုင်ခြေ အရမ်းများတယ်"
ဟု ကွန်ပျူတာ ကလပ်မှ အခြားအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
"ခိုဂျာကာရီ တက္ကသိုလ်က ဘယ်တုန်းက ဒီလောက်တော်တဲ့လူ ထွက်လာတာလဲ"
"ဟုတ်တယ် ပြီးတော့ ငါနားမလည်တာက တစ်ဖက်လူက ဒီလောက်တောင် စွမ်းနေရင် ဘာလို့ ငါတို့ကို အရှက်ခွဲဖို့အတွက် ကြိုတင် စိန်ခေါ်နေရတာလဲ"
"တစ်ဖက်မှာ ဒီလောက်တော်တဲ့ ကျောင်းသားမရှိလို့ အားကြီးတဲ့ ရန်သူကို ကြိုတင် ဖယ်ရှားဖို့အတွက် တခြားလူကိုငှားပြီး ခိုင်းထားတာမျိုးရော မဖြစ်နိုင်ဘူးလား"
တန်ယန် သူမ၏ မေးစေ့ကိုပွတ်ရင်း ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
"အော်... အဲဒီလိုကိုး ဒါဆို ငါတို့ ဘာလုပ်ကြမလဲ သူတို့အလိုကျပဲ ဒီအတိုင်း အရှုံးပေးလိုက်ရမှာလား ဒါက ရင်နာစရာကြီးဗျာ"
"ရပါတယ် ကျွန်မ တစ်ချက်လောက် ကြိုးစားကြည့်ပါ့မယ်"
တန်ယန် ပြောပြောဆိုဆိုဖြင့် သူမ၏ လက်များကို စတင် လှုပ်ရှားလိုက်တော့သည်။
အစပိုင်းတွင် ကောင်လေးများမှာ သူမ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသေးသော်လည်း သူမ၏ လက်အရှိန်မှာ တဖြည်းဖြည်း မြန်လာရာ နောက်ဆုံးတွင် မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်တော့ပေ။ သူတို့က ကုဒ်ပထမစာကြောင်းကို ဖတ်နေတုန်းမှာပင် တန်ယန်က ဒါဇင်နှင့်ချီသော စာကြောင်းများကို ရိုက်နှက်ပြီးသား ဖြစ်နေသည်။
တန်ယန် သူမ၏ လက်အရှိန်ကို အကန့်အသတ်အထိ မြှင့်တင်လိုက်ရာ ခဏတာအတွင်း သူတို့မျက်စိထဲတွင် ဒဏ္ဍာရီလာ လက်ရိပ်များ ထင်ကျန်နေသကဲ့သို့ပင် ခံစားရသည်။ သူတို့ကိုယ်သူတို့ အမြဲ ဂုဏ်ယူနေတတ်သော လက်အရှိန်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ကွာခြားချက်မှာ အလွန်ကြီးမားလှသဖြင့် စိတ်ဓာတ်ပင် ကျချင်ချင် ဖြစ်သွားရ၏။
နောက်ဆုံးတွင်တော့ သူတို့ လက်လျှော့လိုက်ကြသည်။ ဘာတွေဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ အပင်ပန်း ခံမနေတော့ပေ။
အခန်း ၁၆၈
စာမေးပွဲနတ်ဘုရားမ မွေးဖွားခြင်း
မိနစ်သုံးဆယ် မပြည့်မီမှာပင် တန်ယန် ပြိုင်ဘက်၏ နောက်ဆုံးကာကွယ်ရေး အလွှာကို ဖောက်ထွင်းနိုင်ခဲ့ပြီး အောင်ပွဲကို ဆွတ်ခူးပေးလိုက်သည်။
သို့သော် သူမ ရပ်တန့်မသွားခဲ့ပေ။ နောက်ထပ် ဆယ်မိနစ် အကြာတွင် မုတ်ဆိတ်မွေး အထူကြီးနှင့် အမျိုးသားတစ်ဦး၏ ပုံရိပ်မှာ ကွန်ပျူတာ စခရင်ပေါ်တွင် ပေါ်လာသည်။
"ဒါက... ဟိုဘက်က ဟက်ကာလား"
တန်ယန်၏ နောက်ကွယ်မှ ကောင်လေးက အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်"
တန်ယန် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ဝါး... တန်ယန် နင်တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
"တန်ယန်.... နင်ကတော့ တကယ့်ကို နတ်ဘုရားမပဲ"
တန်ယန်၏ လုပ်ဆောင်ချက်က ကွန်ပျူတာကလပ်မှ ကျောင်းသားများကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့မျက်လုံးထဲတွင် သူမသည် နတ်ဘုရားမ တစ်ပါးကဲ့သို့ပင် ဖြစ်နေချေသည်။
တန်ယန် တစ်ဖက်လူ၏ ပုန်းခိုရာနေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး သူတို့သည် အမှောင်လောကမှ အဖွဲ့ဝင်များဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ခိုဂျာကာရီတက္ကသိုလ်၏ စိန်ခေါ်မှုမှာ အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။
ယခုအခါ ဟွာဒါတက္ကသိုလ်၏ လက်ရဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူတို့ဘက်က ပြန်လည် ရှင်းပြရတော့မည် ဖြစ်၏။
တန်ယန် ဘေးသို့တိုးပေးလိုက်ရာ သူမကို အကူအညီ တောင်းခဲ့သော ကောင်လေးမှာ ဝင်ထိုင်လိုက်ပြီး ဒေါသတကြီးဖြင့် ကီးဘုတ်ကို ရိုက်နှက်ကာ တစ်ဖက်လူကို တာဝန်ယူခိုင်းသည့် ပို့စ်တစ်ခုကို တင်လိုက်တော့သည်။ အရာအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း မြင်ရသဖြင့် သူမက ကွန်ပျူတာခန်းမှ အရင်ဆုံး ထွက်လာခဲ့သည်။
ကျောင်းသားတစ်စုမှာ စိန်ခေါ်မှုကိစ္စကို ဖြေရှင်းပြီးသွားချိန်မှသာ တန်ယန်မှာ ခပ်စောစောကပင် ထွက်သွားခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
"တန်ယန်က ငါတို့ဌာနရဲ့ မျှော်လင့်ချက်ပဲဟေ့"
ဟု ကျောင်းသားတစ်ဦးက ရေရွတ်လိုက်သည်။
"ဥက္ကဋ္ဌ... ယန်ယန်ကို ငါတို့အသင်းထဲဝင်ဖို့ ပြောပေးလို့ရမလား"
"ဟုတ်တယ်ဥက္ကဋ္ဌ တန်ယန်က ဒီလောက်တောင် အစွမ်းထက်နေတာ သူသာ ငါတို့အသင်းထဲ ဝင်လာရင် ရှေ့နှစ် အစောပိုင်းမှာလုပ်မယ့် နိုင်ငံတကာ ကွန်ပျူတာပြိုင်ပွဲမှာ ငါတို့တွေ တကယ်ကို ဗိုလ်စွဲမှာ သေချာတယ်"
ထိုမြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် အားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
သို့သော်လည်း အသင်းဥက္ကဋ္ဌဖြစ်သူ ဝူရွှမ်းကမူ ဆင်ခြင်တုံတရားဖြင့် ပြောလိုက်သည်။
"ငါ အစွမ်းကုန် ကြိုးစားပြီး စည်းရုံးကြည့်ပါ့မယ် အကယ်၍ တန်ယန်သာ လိုအပ်မယ်ဆိုရင် ငါ့ရဲ့ ဥက္ကဋ္ဌ နေရာကိုတောင် လွှဲပေးဖို့အသင့်ပဲ ဒါပေမဲ့ သူမက မဝင်ချင်ဘူး ဆိုရင်လည်း ငါတို့ ဇွတ်အတင်း မတိုက်တွန်းသင့်ဘူးလေ သူမနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ခုကို ထိန်းသိမ်းထားမှသာ နောက်ပိုင်း အခက်အခဲကြုံရင် အကူအညီတောင်းလို့ ရမှာပေါ့"
"မှန်တယ်ဥက္ကဋ္ဌ စဉ်းစားတာကောင်းတယ်"
ခြံဝန်းနှင့်အိမ်လေးသို့ ပြန်ရောက်သောအခါ တန်ယန် သူမ၏ Weibo အကောင့်ထဲသို့ ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက် ကြည့်ရှုလိုက်သည်။ ထို့နောက် ယီယန်ဂရုမှ အသစ်ဖော်ဆောင်ထားသော ပရောဂျက်များဖြစ်သည့် ဘေဂျင်း 'ယီယန်' စီးပွားရေး လမ်းမကြီးနှင့် ဘေရှားကျွန်း အပန်းဖြေ စခန်းတို့ကို ဖော်လိုလုပ်ထားလိုက်သည်။
ဘေရှားကျွန်းကို ဝယ်ယူပြီးကတည်းက တစ်ခါမှပင် မရောက်ဖူးသေးကြောင်း သတိရသွားသောအခါ ထိုကျွန်းသို့ သွားရောက်ကြည့်ရှုရန် ပြင်းပြသောဆန္ဒ ဖြစ်ပေါ်လာသည်။ မီကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးသွားလျှင် သူမကိုပါ ခေါ်ဆောင်၍ ထိုနေရာတွင် အားလပ်ရက် အတူတူ ဖြတ်သန်းနိုင်သည်။
မိသားစုဝင်တွေကိုလည်း မေးကြည့်ရမည်။
*
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမည့်နေ့တွင် မီကို၊ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့သည် စာစစ်ဌာန တစ်ခုတည်းရှိ မတူညီသော စာမေးပွဲခန်းများ၌ အသီးသီး ရှိနေကြသည်။ တန်ယန်ကိုယ်တိုင် ထုတ်ပေးထားသော အဓိက မှတ်စုများကြောင့် သူတို့သုံးဦးမှာ စာမေးပွဲအတွက် ယုံကြည်မှုအပြည့် ရှိနေကြသည်။
စာမေးပွဲ ဖြေဆိုပြီးချိန်တွင်မူ တစ်ဖွဲ့လုံးမှာ အံ့အားသင့်ကာ မှင်သက်နေကြသည်။ တန်ယန် ခန့်မှန်းပေးခဲ့သော မေးခွန်းများမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ တိကျ မှန်ကန်နေသောကြောင့်ပင်။ အကယ်၍ ဒီတစ်ခါသာ သူတို့ ကောင်းကောင်း မဖြေနိုင်ခဲ့လျှင် သူမမျက်နှာကို ကြည့်ဝံ့ကြတော့မည် မဟုတ်ပေ။
ထို့နောက် ဒုတိယနေ့၊ တတိယနေ့နှင့် နောက်ဆုံးနေ့အထိ ဖြေဆိုခဲ့ကြသည်။ မေးခွန်းများ မှန်းဆချက်နှင့် ကိုက်ညီနေခြင်းမှာ သူတို့အတွက် အဆန်းမဟုတ်တော့ဘဲ မှန်းထားသည့်အတိုင်း ထွက်မလာသည့် မေးခွန်းမျိုး ရှိမှသာ သတိပြုမိကြတော့သည့် အခြေအနေသို့ပင် ရောက်ရှိသွားသည်။
တန်ယန်၏ ဘာသာရပ် အားလုံးအတွက် မေးခွန်းခန့်မှန်းမှုမှာ တိကျနှုန်း ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ခြင်းပင်။ သူမ၏ မှတ်စုများကို သေသေချာချာ လေ့လာထားသရွေ့ စာမေးပွဲတွင် အမှတ်မကောင်းနိုင်စရာ အကြောင်းမရှိပေ။
တန်ယန်နှင့် နီးစပ်သူများသည် သူမ၏ မှတ်စုစာအုပ်ကို အနည်းနှင့်အများ မြင်ဖူးထားကြရာ စာမေးပွဲတွင် ရင်းနှီးပြီးသား မေးခွန်းများနှင့် တွေ့ရသောအခါ အတိုင်းမသိ ဝမ်းသာသွားကြသည်။
အကျိုးကျေးဇူး ခံစားရသူများမှာလည်း တန်ယန်၏ ဂုဏ်သတင်းကို အစွမ်းကုန် မြှင့်တင်ပေးကြသည်။ စမ်းသပ်အထက်တန်းကျောင်းမှ ကျောင်းသားများသည် တန်ယန်ကို ကျေးဇူးတင်ကြောင်း Weibo ပေါ်တွင် ရေးသားကြသလို အချို့ကလည်း ကျောင်းဖိုရမ်ပေါ်တွင် တင်ကြသည်။ နောက်ပိုင်းတွင် တန်ယန်၏ ဖန်များက ဤသတင်းကို တွေ့ရှိသွားပြီး တန်ယန်၏ စူပါခေါင်းစဉ်ထဲသို့ ရွှေ့ပြောင်းတင်လိုက်ကြရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသည့် နောက်တစ်နေ့မှာပင် #တန်ယန်စာမေးပွဲနတ်ဘုရားမ ဆိုသော ဟက်ရှ်တက်မှာ Weibo ပေါ်တွင် ရေပန်းစားသွားခဲ့ပြီး လူကြိုက်များမှုမှာလည်း ဆက်တိုက် မြင့်တက်နေခဲ့သည်။
အမျိုးသားအဆင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည် C နိုင်ငံတွင် အလွန် တန်ဖိုးထားသော စာမေးပွဲဖြစ်ပြီး အထူးသဖြင့် ယခုနှစ်တွင် လူပြောအများဆုံး အချိန်လည်းဖြစ်သည်။ အင်တာနက် အသုံးပြုသူများက ‘စာမေးပွဲနတ်ဘုရားမ’ တန်ယန်၏ အကြောင်းကို နှိပ်ကြည့်လိုက်သောအခါ S မြို့တော် စမ်းသပ်အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ချီးကျူးစကားများဖြင့်သာ ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် သူတို့၏ စူးစမ်းလိုစိတ်မှာ ပို၍ မြင့်လာခဲ့သည်။
တန်ယန်မှာ အမျိုးသားအဆင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံး ရရှိခဲ့သူ၊ ငြင်းချက်ထုတ်စရာ မရှိသော နံပါတ်တစ် ဖြစ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် C နိုင်ငံ၏ ထိပ်တန်း ဟွာဒါတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံပညာကို လေ့လာနေသူဖြစ်ကြောင်း ရှာဖွေတွေ့ရှိရန်မှာလည်း မခက်ခဲလှပေ။
အချို့သော အင်တာနက် အသုံးပြုသူများမှာ သတင်းနောက်ကြောင်းလိုက်ရင်း ဟွာဒါတက္ကသိုလ်၏ ကျောင်းတွင်းဖိုရမ်အထိ ရောက်ရှိသွားကြသော်လည်း ကျောင်းသားမှတ်ပုံတင်အမှတ် လိုအပ်သောကြောင့် အများစုမှာ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံထားရသည်။ သို့သော် အချို့သော သူများမှာမူ ပါးနပ်စွာဖြင့် အခြား ဟွာဒါကျောင်းသားများ၏ အကောင့်ကို ခဏငှားရမ်းကာ ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ကြသည်။
ရေပန်းစားနေသော ပို့စ်မှာ တန်ယန်အကြောင်း ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ယောက်က ချက်ချင်းပင် ဓာတ်ပုံရိုက်ယူကာ Weibo ပေါ်သို့ ပြန်လည်တင်လိုက်ရာ တန်ယန်နှင့် ပတ်သက်သော ဆွေးနွေးမှု အသစ်များ တစ်ကျော့ပြန် ထွက်ပေါ်လာသည်။
【တန်ယန်က ဂိုဏ်းဖွဲ့ပြီး အခန်းဖော်ကို ဝိုင်းပယ်ထားတယ် ဟုတ်လား အထောက်အထားရော ရှိလို့လား ရှေ့နေစာ ပို့ခံရမှာကိုတော့ သတိထားဦးနော်】
【ကန်တင်းမှာ အတန်းဖော်နဲ့တွေ့လို့ စကားနှစ်ခွန်းလောက် ပြောတာကိုပဲ ရည်းစားဖြစ်နေကြပြီလို့ ပြောတာလား တကယ့်ကို ရယ်စရာကြီးပဲ】
【သူမရဲ့ အခန်းဖော်တွေက အောက်မှာ သက်သေထွက်ဆို ပေးထားတာပဲ ကျန်တဲ့တစ်ယောက်ကို ဝိုင်းပယ်ထားတယ်လို့ ဘယ်သူက ပြောတာလဲ အဲဒီလူက ဘာလို့ သူတို့နဲ့ အဆင်မပြေ ဖြစ်နေရတာလဲ ဆိုတာကိုရော ဘာလို့ မစဉ်းစားကြတာလဲ အဲဒီလူမှာပဲ ပြဿနာရှိနေလို့ မဟုတ်ဘူးလား】
စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် အချို့သော အင်တာနက် အသုံးပြုသူများမှာ တန်ယန်၏ အခန်းဖော် သုံးဦး၏ Weibo အကောင့်များကို ရှာဖွေ တွေ့ရှိသွားကြသည်။ တိုက်ဆိုင်စွာပင် သူတို့ထဲမှ တစ်ဦးမှာ အင်တာနက်ပေါ်တွင် နာမည်အနည်းငယ်ရှိသော နာမည်ကြီးတစ်ဦး ဖြစ်နေသည်။ အခြေအနေမှန်ကို မသိကြသော တန်ယန်၏ ဖန်များမှာ ကျောက်ယွိချင်း၏ Weibo အကောင့်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်ကာ မေးခွန်းများ မေးမြန်းကြတော့သည်။ သူမအနေဖြင့် တန်ယန်ဘက်မှ နေပေးပြီး သတင်းအမှားများကို ရှင်းလင်းပေးရန် သူတို့က မျှော်လင့်နေကြခြင်းပင်။
ကျောက်ယွိချင်းသည် သူမ၏ Weibo အကောင့်တွင် လူကြည့်များလာသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့အားသင့်ကာ ဝမ်းသာသွားခဲ့သော်လည်း ဤလူကြိုက်များမှု အားလုံးမှာ တန်ယန်ကြောင့်ဖြစ်ကြောင်း သိလိုက်ရသည့် အခါတွင်မူ မကျေမနပ် ဖြစ်သွားသည်။
ဖန်များ၏ မှတ်ချက်များကို တိုက်ရိုက်ပြန်လည် ဖြေကြားခြင်း မပြုဘဲ သူမ၏ နေ့စဉ်ဘဝ ပုံရိပ်များနှင့် တစ်ကိုယ်တော် ဓာတ်ပုံများကိုသာ ဆက်တိုက် တင်နေခဲ့သည်။
ကျောက်ယွိချင်း၏ ရုပ်ရည်မှာ လူကို လှည့်စားနိုင်စွမ်း ရှိသည်။ သူမသည် နူးညံ့ပျော့ပျောင်းကာ ချစ်စရာကောင်းသော ပုံစံရှိရာ ပထမဆုံး မြင်လိုက်ရသူတိုင်းအပေါ် ရိုးသားဖြူစင်သည့် မိန်းကလေး တစ်ဦးကဲ့သို့ အထင်ရောက်စေသည်။ ကျောက်ယွိချင်းမှာ သူမ၏ အားသာချက်ကို ကောင်းကောင်း သိရှိထားပြီး အပြစ်ကင်းစင်ကာ ရိုးသားဖြူစင်သော ပုံစံမျိုးဖြင့် ဓာတ်ပုံရိုက်ရသည်ကို နှစ်သက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ဖန်များက သူမကို "ကျောင်းဝင်းရဲ့ ပထမဆုံးအချစ်" ဟုပင် တင်စား ခေါ်ဝေါ်လာကြသည်။
【နင်က တန်ယန်နဲ့ အဆောင်ခန်း တစ်ခုတည်းမှာ နေတာပဲ သူက တခြားသူတွေကို ဝိုင်းပယ်တာမျိုး တကယ်လုပ်လား】
【ကျွန်တော်က တန်ယန်ရဲ့ ဖန်တစ်ယောက်ပါ တန်ယန်က အဆောင်မှာ တခြားသူတွေနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိလဲဆိုတာ ပြောပြပေးလို့ ရမလား】
【တန်ယန် ဝိုင်းပယ်ထားတာ ခံနေရတဲ့သူက နင်များလား】
【ဒီမိန်းကလေးကို ကြည့်ရတာ တကယ် သနားဖို့ကောင်းတယ် အရမ်းကို ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးပဲ သူမက ဘာလို့ ဝိုင်းပယ်ခံနေရတာလဲ】
...
ကျောက်ယွိချင်းသည် သူမ၏ Weibo အကောင့်ရှိ မှတ်ချက်များကိုကြည့်ရင်း ဝမ်းသာကျေနပ်နေသည်။ ဖန်တစ်ဦး၏ မှတ်ချက်ကို ဤသို့ ပြန်လည်ဖြေကြားခဲ့သည်။
"အခုတော့ ငါတကယ်ကို အဆင်ပြေပါတယ်နော်"
ဤမှတ်ချက်သည် ကျောက်ယွိချင်း၏ ဖန်များအတွက်မူ သူမသည် တန်ယန်၏ ဝိုင်းပယ်မှုကို အမှန်တကယ် ခံခဲ့ရသည်ဟူသော အချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ တစ်ဖက်တွင်မူ တန်ယန်၏ ဖန်များက ထိုအချက်ကို လုံးဝ မယုံကြည်ကြဘဲ မှတ်ချက်ကဏ္ဍတွင် သတိပေးချက် အမျိုးမျိုးကို ရေးသားခဲ့ကြရာ အခြေအနေမှန်ကို မသိသော ဘေးလူအချို့က တန်ယန်၏ ဖန်များသည် ထိုအင်တာနက် နာမည်ကျော်မလေးကို ခြိမ်းခြောက်နေကြသည်ဟု ထင်မြင်သွားကြ၏။
မကြာမီမှာပင် အချို့သော ဈေးကွက်မြှင့်တင်ရေး အကောင့်များက ကျောက်ယွိချင်း၏ Weibo မှတ်ချက်များကို ပြန်လည်မျှဝေခဲ့ကြရာ ကြည့်ရှုသူ အများအပြားမှာ တန်ယန်၏ စရိုက်အပေါ် သံသယ ဝင်လာကြသည်။
ထိုအချိန်တွင် တန်ယန်မှာမူ သူငယ်ချင်း တစ်စုနှင့်အတူ ဘေရှားကျွန်းတွင် အားလပ်ရက် အပန်းဖြေခရီး ရောက်ရှိနေပြီး Weibo ပေါ်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေများကို သတိမထားမိသေးပေ။
ဘေရှားကျွန်းသို့ အတူတူ ခရီးထွက်လာသူများထဲတွင် တန်ယန်၊ မီကို၊ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့ ပါဝင်သည်။ ဤကျွန်းသည် တန်ယန်ပိုင်ဆိုင်သော အရာဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှုရှင်းယန်မှလွဲ၍ ကျန်ရှိသူ အားလုံးမှာ အံ့အားသင့်စွာဖြင့် တန်ယန်ကို ငေးကြည့်နေကြသည်။
ရှုရှင်းယန် အံ့ဩခြင်း မရှိရသည့် အကြောင်းရင်းမှာမူ သူ၏ဝမ်းကွဲအစ်ကို လျန်ရှန့်ရွှီက သူ့ကို အမြဲတမ်း ဤသို့ မှာကြားနေသောကြောင့် ဖြစ်သည်။
"မင်း အဲဒီသူဌေးမလေး တန်ယန်ကိုပဲ မြဲမြဲကပ်ထားစမ်းပါ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက H မြို့တော်က ဘယ်ချမ်းသာတဲ့ မိသားစုနဲ့မှ ယှဉ်လို့မရဘူးကွ"
ရှုရှင်းယန်ကလည်း ထိုစကားကို အကြွင်းမဲ့ လက်ခံထားသည်။ ကျွန်းလေးတစ်ကျွန်းလောက် တန်ယန် ပိုင်ဆိုင်နေသည်က မထူးဆန်းပါ။
ဘေရှားကျွန်းသည် ဟိုင်ရှီးမြို့၏ တောင်ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည်။ သူတို့ ဟိုင်ရှီးလေဆိပ်သို့ အရင်ဆုံး ပျံသန်းရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဆိပ်ကမ်းသို့ ကားဖြင့်သွားကာ ကျွန်းသို့လှေစီး၍ သွားရမည် ဖြစ်သည်။
H မြို့တော်လေဆိပ်မှ တန်ယန်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာလာကြရာ ဟိုင်ရှီးလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ သူတို့ အချိန်ဆွဲမနေဘဲ ဟိုင်ရှီးတွင် အခြေစိုက်ထားသော ယီယန်ဂရု ဝန်ထမ်းများ စီစဉ်ပေးထားသော ကြိုပို့ကားပေါ်သို့ တက်၍ ဆိပ်ကမ်းဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။