← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း ၁၆၉

သဲဖြူကျွန်း (ဘေရှားကျွန်း)

ဆိပ်ကမ်းမှကျွန်းသို့ အပျော်စီးသင်္ဘောဖြင့် သွားပါက တစ်နာရီခန့် ကြာမြင့်သည်။ သင်္ဘောပေါ်တွင် လာရောက် လည်ပတ်သူများအတွက် အစားအသောက်နှင့် အဖျော်ယမကာများကို အသင့်ပြင်ဆင်ပေးထားပြီး ထိုကုန်ကျစရိတ်များကိုမူ ခရီးသွားများကသာ ကျခံရမည်ဖြစ်သည်။

သဲဖြူကျွန်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ တစ်ပိုင်းမှာ တန်ယန်၏ သီးသန့်နယ်မြေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခွင့် မရှိပေ။ ကျန်တစ်ပိုင်းမှာမူ လာရောက် လည်ပတ်သူများအတွက် ဖွင့်လှစ်ပေးထားသော အပန်းဖြေစခန်း နယ်မြေဖြစ်သည်။

ဧည့်သည်များသည် ကျွန်းပေါ်တွင် သီးခြားခွဲထွက်နေသော အားလပ်ရက် ဗီလာများ သို့မဟုတ် စနစ်တကျ စီမံခန့်ခွဲထားသော ဧည့်ရိပ်သာများတွင် တည်းခိုရန် ရွေးချယ်နိုင်သည်။ ကျွန်းတစ်ခုလုံးမှာ မူလသဘာဝ ပတ်ဝန်းကျင်အတိုင်းနီးပါး ထိန်းသိမ်းထားပြီး ကြည့်ရဆိုးစေမည့် မြင့်မားသော အဆောက်အအုံများ လုံးဝမရှိပေ။

တန်ယန်၏ သီးသန့်နယ်မြေမှာ သုံးထပ်ပါ သီးခြားဗီလာကြီးဖြစ်ပြီး အလွန်ကျယ်ဝန်းကာ ခေါင်မိုးထပ်တွင် အဆုံးမဲ့ရေကူးကန် ပါရှိသည်။ ၎င်းသည် ကျွန်းတစ်ခုလုံးတွင် အလှပဆုံး မြင်ကွင်းကို ကြည့်ရှုနိုင်သည့် နေရာလည်းဖြစ်သည်။

ဗီလာ၏ နောက်ကွယ်တွင်မူ သူမ၏ ဝန်ထမ်းများအတွက် အဆောင်များ တန်းစီလျက်ရှိသည်။ သူမအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့်သာ လာရောက် လည်ပတ်သော်လည်း ဗီလာတွင် အိမ်တော်ထိန်းများ၊ အိမ်အကူများ၊ စားဖိုမှူးများနှင့် အခြားဝန်ထမ်းများကို အမြဲတမ်း ခန့်ထားပေးသည်။

"ဝါး... ဒီနေရာလေးက တကယ်လှတာပဲ"

ကျွန်းပေါ်သို့ ရောက်သည်နှင့် မီကိုမှာ သူမ၏လက်များကို ဆန့်တန်းကာ ပတ်ချာလည် ခုန်ပေါက်နေတော့သည်။

"ဒီက ပတ်ဝန်းကျင်က တကယ်သာယာတာပဲ ဟိုဘက်က ရှေးဦးသစ်တောကြီးလား"

လောင်ဝေအန်းက လှမ်းညွှန်ပြရင်း မေးလိုက်သည်။

"အဲဒါက နည်းနည်း အန္တရာယ် များမနေဘူးလား ဒါက ဖွံ့ဖြိုးပြီးသား ကျွန်းတစ်ခု မဟုတ်ဘူးလား အကယ်၍ အဲဒါက ရှေးဦးသစ်တောကြီး ဆိုရင်တော့ တော်တော်လေး အန္တရာယ်ရှိမှာပဲနော်"

ဟု ရှုရှင်းယန်က ဆိုလိုက်သည်။

ဗီလာ၏ အိမ်တော်ထိန်းသည် သူတို့ကို လာရောက်ကြိုဆိုရန် မြင်ကွင်းကြည့် ရှုခင်းကြည့်ယာဉ်ဖြင့် ရောက်ရှိလာသည်။

"မိန်းကလေး... ကျွန်တော်က မိန်းကလေးရဲ့ အကူပါ၊ မျိုးရိုးအမည်က ကျိုးပါ မိန်းကလေးနဲ့ သူငယ်ချင်းတွေကို အလုပ်အကျွေး ပြုခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ ကျွန်းပေါ်မှာ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ"

"ကောင်းပါပြီ၊ ကူညီပေးတာ ကျေးဇူးတင်ပါတယ်"

ဟု တန်ယန်က ပြောလိုက်သည်။

"မပင်ပန်းပါဘူး မိန်းကလေးရယ် ဒီဘက်ကိုကြွပါ အခန်းတွေကို ပြင်ဆင်ပြီးပါပြီ မိန်းကလေးနဲ့ သူငယ်ချင်းတွေ အရင်နားနားနေနေ နေလို့ရပါတယ် နေ့လယ်စာအတွက် ဒေသထွက် ဟင်းလျာတွေကို ပြင်ဆင်ထားပါတယ် အဆင်ပြေပါ့မလားခင်ဗျာ"

"ရတာပေါ့၊ ဒေသထွက် အစားအစာတွေကို မြည်းစမ်းကြည့်ရတာ စိတ်ဝင်စားစရာပဲ"

ဆိပ်ကမ်းမှ မိနစ် ၂၀ ခန့် ရှုခင်းကြည့်ဘတ်စ်ကား စီးပြီးနောက် တန်ယန်၏ အားလပ်ရက် ဗီလာသို့ ရောက်ရှိလာခဲ့သည်။

"တကယ့်ကို ခမ်းနားထည်ဝါလိုက်တာ"

မီကိုမှာ အံ့အားတကြီး ရေရွတ်လိုက်သည်။

ဗီလာတစ်ခုလုံးမှာ သစ်တောအုပ် အတွင်း၌ တည်ရှိပြီး ပတ်ဝန်းကျင် သဘာဝနှင့် တစ်သားတည်း ဖြစ်နေသည်။ ၎င်းဆီသို့သွားရန် ကားလမ်းတစ်ကြောင်းသာရှိပြီး နေရာအနှံ့တွင်လည်း လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသဖြင့် ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဝင်ရောက်လာမည်ကို စိုးရိမ်စရာ မလိုပေ။

ကျွန်းပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်၍ ဗီလာမှာ မြေပေါ်တွင် သုံးထပ်သာရှိသည်။ ပထမထပ်တွင် ဖျော်ဖြေရေးနှင့် အပန်းဖြေ နယ်မြေများအပြင် မီးဖိုချောင်၊ ထမင်းစားခန်းနှင့် သိုလှောင်ခန်းများ ပါရှိသည်။ ဒုတိယထပ်တွင်မူ အများအားဖြင့် အိပ်ခန်းများရှိပြီး တတိယထပ်တွင် အပန်းဖြေ နယ်မြေများနှင့် တန်ယန်၏ ဂီတအခန်းတို့ တည်ရှိသည်။

အိမ်ကြီးလေလေ နေထိုင်ရသည်မှာ ပို၍ ကျယ်ဝန်းလေလေဖြစ်ကြောင်း ပြောရန်ပင် မလိုတော့ချေ။ ဧည့်ခန်းတစ်ခုချင်းစီမှာ သီးခြား ကိုယ်ပိုင်အဆောင်များ ဖြစ်ကြပြီး ဒုတိယထပ်တွင် ဧည့်ခန်းပေါင်း ၁၆ ခန်းရှိကာ အားလုံးမှာ ပင်လယ်ပြင် မြင်ကွင်းကို ကြည့်ရှုနိုင်ကြသည်။

တန်ယန်၏ အိပ်ခန်းမကြီးမှာ နှစ်ဖက်စလုံးတွင် ပင်လယ်နှင့် ဝိုင်းရံထားပြီး ကျန်တစ်ဖက်မှာ ဗီလာ၏ လှပသော ဥယျာဉ်ဘက်သို့ မျက်နှာမူထားသည်။ အခန်းအတွင်းရှိ အသုံးအဆောင်များ၊ အဝတ်အစားများနှင့် အလှဆင် ပစ္စည်းများမှာ အသင့်ရှိနေပြီး ချင်ယွီရုံက ကြိုတင်စီစဉ်ပေးထားခြင်း ဖြစ်သည်။

အိပ်ခန်းမကြီး၏ ကုတင်အကြီးမှာ ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်ကြီးဆီသို့ မျက်နှာမူထားသဖြင့် အိမ်ရှင်အနေဖြင့် နိုးလာသည်နှင့် ပြာလွင်နေသော ပင်လယ်ပြင်ကြီးကို မြင်တွေ့နိုင်ကာ အလွန်ပင် စိတ်ကြည်နူးဖွယ် ကောင်းသည်။

"ယန်ယန်... ငါနင်နဲ့ပဲ အတူတူ နေချင်တယ်"

မီကို တန်ယန်၏ အခန်းထဲသို့ ဝင်လာပြီးနောက် ထိုနေရာမှာပင် ချက်ချင်း အခြေချလိုက်တော့သည်။

"ကောင်းတာပေါ့၊ ကုတင်ကလည်း အကြီးကြီးပဲဟာ"

တန်ယန် သူမကို အမြဲတမ်း အလိုလိုက်လေ့ရှိသည်။

တံခါးဝတွင် ရပ်နေသော လောင်ဝေအန်းနှင့် သူ၏ သူငယ်ချင်းတို့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မရယ်ဘဲ မနေနိုင်ကြတော့ပေ။

"နင်တို့နှစ်ယောက်ကတော့ တကယ်ကို တွဲဖက်လွန်းနေပြီ"

"ဒါပေါ့"

မီကို တန်ယန်၏ လက်မောင်းကိုဆွဲကာ ချိုချိုသာသာ ပြောလိုက်သည်။

"တို့တွေက အကောင်းဆုံး သူငယ်ချင်းတွေလေ"

"အေးပါ၊ အေးပါ... နင်တို့က အကောင်းဆုံး သူငယ်ချင်းတွေပါ ငါတို့ကတော့ နင်တို့ဘေးခန်းမှာပဲ နေတော့မယ်"

လောင်ဝေအန်းက မီကိုနှင့် ငြင်းခုံမနေလိုသဖြင့် ပြုံးလျက်ပင် ပြောလိုက်သည်။

"ဒါဆိုရင်လည်း မြန်မြန်သွားကြတော့လေ ငါအခန်းတွေကို ဆက်ကြည့်ချင်သေးတယ်"

မီကိုက သူမ၏လက်ကို ဝှေ့ယမ်းကာ ထိုနှစ်ယောက်ကို အလျင်အမြန် ထွက်သွားရန် နှင်ထုတ်နေတော့သည်။

"ကောင်းပါပြီခင်ဗျာ ဒီအစေခံလေးကို ပြန်ခွင့်ပြုပါဦး"

မီကို ထိုနှစ်ယောက် နောက်ပြောင်ရင်း ထွက်သွားသည်ကို မြင်လိုက်ရမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ကိုနောက်ပစ်ကာ သူမ ထိုညတွင် တည်းခိုရမည့် နေရာကို စတင် စစ်ဆေးကြည့်ရှုလေသည်။

"ဝါး... ယန်ယန်၊ ဒီရေချိုးကန်ကြီးက အကြီးကြီးပဲ တစ်ခါတည်းနဲ့ လူသုံးယောက်တောင် ဆန့်မယ့်ပုံပဲ ရေချိုးရင်းနဲ့တောင် ပင်လယ်မြင်ကွင်းကို ကြည့်လို့ရသေးတာလား အပြင်ကနေ မြင်မသွားနိုင်ဘူးလား"

ခဏအကြာတွင်မူ

"ယန်ယန်၊ ဒီမှာလည်း အဝတ်အစားလဲခန်း အကြီးကြီး ရှိတာပဲ ပစ္စည်းတွေနဲ့ ပြည့်နှက်နေတာနော်"

တန်ယန်၏ အဝတ်အစားနှင့် အိတ်များမှာ မကုန်နိုင်မခမ်းနိုင် ရှိနေသကဲ့သို့ပင်။ S မြို့တော်ရှိ သူမ၏ ဗီလာနှစ်လုံးမှာလည်း ပစ္စည်းများဖြင့် ပြည့်လျှံနေသလို ဘေဂျင်းရှိ အိမ်မှာလည်း ထိုနည်းအတိုင်းပင်။ ယခု ဟိုင်ရှီးရှိ ကျွန်းလေးပေါ်မှာပင် ပစ္စည်းများက အပြည့်ဖြစ်နေသည်ကို တွေ့ရသဖြင့် မီကိုမှာ အတော်ပင် မှင်သက်သွားရတော့သည်။

"ဟေး... ကြိုက်တာယူလေ အကောင်းဆုံး သူငယ်ချင်းတွေဆိုတာ ကောင်းတူဆိုးဖက် မျှဝေခံစားရမှာပေါ့"

တန်ယန် တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ လဲလျောင်းရင်း မီတာတစ်ရာကျော် အကွာရှိ တစ်စုံတစ်ခုကို စူးစိုက်ကြည့်နေသည်။

ထိုစဉ် ပင်လယ်ပြင်ထက်တွင် လှေငယ်တစ်စီးနှစ်စီး လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ကျွန်းသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များ ဖြစ်ပုံရသည်။ သို့သော် သူတို့ ဆိုက်ကပ်ရမည့် ဆိပ်ကမ်းမှာ အခြားတစ်ဖက်တွင် ရှိသည်။

ဘေရှားကျွန်းသို့ ခရီးသည်များ ကြိုပို့ပေးနေသော အပျော်စီး သင်္ဘောပေါ်တွင်မူ...

"ဝါး... အရမ်းလှတာပဲ..."

ယွီရှောင်ရှီး မလှမ်းမကမ်းရှိ စိမ်းလန်းသော အပင်အုပ်ကြီး တစ်ခုကို ညွှန်ပြလိုက်သည်။ ၎င်းမှာ ကမ်းခြေတွင် ပေါက်ရောက်နေသော ဧရာမ သစ်ပင်ကြီးတစ်ပင်ဖြစ်ပြီး ပင်စည်လုံးပတ်မှာ ဆယ်မီတာခန့်ရှိကာ အမြင့်မှာလည်း အဆောက်အအုံ တစ်ခုထက်ပင် မြင့်မားနေသည်။

ယွီရှောင်ရှီးမှာ အံ့ဩသွားရသည်။ ဤမျှကြီးမားသော သစ်ပင်မျိုး သူတစ်ခါမှ မမြင်ဖူးပါ။

သင်္ဘောပေါ်မှ သင်္ဘောသားများက

"အဲဒါ 'ပင်လယ်နတ်ဘုရားသစ်ပင်' လို့ ခေါ်တယ်"

ဟု ရှင်းပြကြသည်။

"ပင်လယ်နတ်ဘုရားသစ်ပင် ဟုတ်လား"

ယွီရှောင်ရှီးသည် သူမ သင်ယူခဲ့ဖူးသော ဗဟုသုတများကို ပြန်လည် စဉ်းစားကြည့်သော်လည်း ထိုကဲ့သို့သော အပင်မျိုး ရှိသည်ဟု မကြားဖူးပေ။

"တကယ်တော့ ဒါက ဒဏ္ဍာရီ တစ်ခုပါပဲ ဒီသစ်ပင်က ဘေရှားကျွန်းပေါ်မှာ ရှိနေတာ နှစ်ပေါင်း တစ်ထောင်လောက်ရှိပြီ ဒဏ္ဍာရီ အရတော့ တစ်ခါက မိန်းကလေး တစ်ယောက်ဟာ ဒီပင်လယ်နတ်ဘုရား သစ်ပင်ရဲ့ အကူအညီနဲ့ နတ်ဘုရားရဲ့ စောင့်ရှောက်မှုကို ရရှိခဲ့ပြီး ကျွန်းသူကျွန်းသားတွေကို ဆူနာမီ ဘေးကနေ ကာကွယ်ပေးခဲ့တယ်လို့ ဆိုကြတယ် ဒါကြောင့် ဒေသခံတွေက ဒီအပင်ကို အရမ်းရိုသေကြတာပေါ့"

"ဪ... ဒါကြောင့်ကိုး ဒါပေမဲ့ ဒီအပင်က တကယ်ကြီးတာပဲ ကမ်းခြေမှာ ဒီလောက်ကြီးတဲ့ အပင်ပေါက်နေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

ယွီရှောင်ရှီးသည် သင်္ဘောဦးတွင်ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သင်္ဘောသည် ဆိပ်ကမ်းတစ်ခုကို ဖြတ်ကျော်သွားသော်လည်း မဆိုက်ကပ်ဘဲ ဆက်လက် မောင်းနှင်နေသည်ကို သူမ တွေ့လိုက်ရသည်။

"ဘာလို့ ဒီဆိပ်ကမ်းမှာ မရပ်တာလဲဟင်"

ယွီရှောင်ရှီး စူးစမ်းစွာ မေးလိုက်သည်။

"ဒါက ကျွန်တော်တို့ ကျွန်းပိုင်ရှင်ရဲ့ သီးသန့်ပိုင်နက်မလို့ ခရီးသည်တွေကို လက်မခံတာပါ ကျွန်တော်တို့က အနောက်ဘက် ဆိပ်ကမ်းမှာ ဆိုက်ကပ်မှာ အဲဒီကနေဆိုရင် အစ်မတို့ တည်းခိုမယ့် နေရာနဲ့ ပိုနီးတယ်လေ"

ဟု သင်္ဘောသားက ရှင်းပြသည်။

"ကျွန်းပိုင်ရှင်ကလည်း ကျွန်းပေါ်မှာ ရှိနေတာလား"

ခုနက ဆိပ်ကမ်းတွင် လှေတစ်စင်း ဆိုက်ကပ်ထားသည်ကို မြင်လိုက်ရသဖြင့် သူမ တွေးမိလိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်တို့ ကျွန်းပိုင်ရှင်က ဒီနေ့တင် ကျွန်းကို ရောက်လာတာပါဗျ"

"ဪ... ဟုတ်လား"

ယွီရှောင်ရှီးသည် သင်္ဘောသား ပြောပြသော ကျွန်းပိုင်ရှင် အကြောင်းကို များစွာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့ပြီး ကျွန်းပေါ်ရောက်မှသာ သိခွင့်ရမလား ဆိုသည်ကို စောင့်ဆိုင်းနေရ၏။

သင်္ဘောသားက သူမ၏ စူးစမ်းလိုစိတ်ကို သတိထားမိသော်လည်း ခေါင်းကိုသာ ခါယမ်းပြပြီး ဘာမှ ထပ်မပြောတော့ပေ။ ကျွန်းပေါ်ရောက်သည့်အခါ သူတို့ လွတ်လပ်စွာ သွားလာနိုင်သည့် နယ်မြေမှာ ကန့်သတ်ချက်ရှိကြောင်း၊ အကယ်၍ နယ်မြေကျော်သွားပါက တစ်စုံတစ်ယောက်က ပြန်လည် ပို့ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း သူတို့ သိလာရပေလိမ့်မည်။

ယွီရှောင်ရှီးသည် ခရီးသွားဘလော့ဂါ တစ်ဦးဖြစ်သည်။ အသစ်ဖော်ဆောင်ထားသော ကျွန်းတစ်ခု၏ ကြော်ငြာကို အွန်လိုင်းတွင် မြင်တွေ့ပြီးနောက် ပထမဆုံး လာရောက် လည်ပတ်ခွင့်ရသည့် ကံကောင်းသော ခရီးသွားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ ကျွန်းပေါ်သို့ ရောက်ရှိချိန်မှစ၍ သူမသည် ဖုန်းနှင့် ဆယ်လ်ဖီရိုက်တံကို ထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါရှင်၊ သူငယ်ချင်းတို့ရေ နေကောင်းကြလား"

ယွီရှောင်ရှီး ကင်မရာကို လက်ပြနှုတ်ဆက်လိုက်ပြီး -

"ရှောင်ရှီး အခု ဘယ်ရောက်နေလဲဆိုတာ ခန့်မှန်းကြည့်ကြပါဦး"

သူမက တစ်ပတ်လှည့်ပြလိုက်ရာ ကင်မရာထဲတွင် သူမနောက်ကွယ်မှ ပတ်ဝန်းကျင် မြင်ကွင်းများ ပေါ်ထွက်လာသည်။

【ဟေး...ကမ်းခြေမှာ ရောက်နေတာပဲ】

【ဆိပ်ကမ်းတစ်ခု မြင်နေရတယ်၊ ဒါ ကျွန်းတစ်ကျွန်းပေါ်မှာ ဖြစ်ရမယ် မဟုတ်လား】

【ရှောင်ရှီးက အခု နိုင်ငံထဲမှာလား၊ နိုင်ငံခြားမှာလားဟင်】

【'အစ်ကိုကြီးက ကြမ်းတယ်' က တိုက်ရိုက်ထုတ်လွှင့်သူလေးကို အလင်းရောင် တုတ်လက်ဆောင် ၆၆ ခု လက်ဆောင်ပေးလိုက်ပါတယ်】

【'အစ်ကိုကြီးက ကြမ်းတယ်' က တိုက်ရိုက် ထုတ်လွှင့်သူလေးကို အလင်းရောင် တုတ်လက်ဆောင် ၁၃၆ ခု ထပ်မံ ပေးလိုက်ပါတယ်】

【ရှောင်ရှီး အခု ဟိုင်ရှီးမှာ ရောက်နေတာလား】

ယွီရှောင်ရှီးသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ သူဌေးကြီး တစ်ဦး၏ လက်ဆောင်များကို မြင်လိုက်ရသောအခါ ပိုမိုချိုသာစွာ ပြုံးပြလိုက်ပြီး -

"အစ်ကိုကြီးရေ... လက်ဆောင်တွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင် ကျန်တဲ့ မိသားစုဝင်တွေလည်း ရှောင်ရှီးကို ဖော်လိုးလုပ်ပေးကြပါဦး၊ အခမဲ့ လက်ဆောင်လေးတွေလည်း နှိပ်ပေးကြပါဦးနော်၊ ကျေးဇူးအများကြီး တင်ပါတယ်"

"အခု ရှောင်ရှီး ကျွန်းတစ်ကျွန်းပေါ် တကယ်ရောက်နေတာပါ၊ အရင်ဆုံး စာရင်းသွင်းတာလုပ်ဖို့ လိုအပ်တယ်ရှင့် တို့တွေ အတူတူ သွားကြည့်ကြရအောင်"

အခန်း ၁၇၀

နင့်မှာ တခြားခွေးလေးတစ်ကောင် (ချစ်တဲ့သူတစ်ယောက်) ရှိနေသေးတာလား

ယွီရှောင်ရှီးသည် သူမ၏ ကင်မရာထောင့်ကို ပြောင်းလဲလိုက်ရာ မြင်ကွင်းထဲသို့ ကျယ်ဝန်းသော တောအုပ်လမ်းမကြီးတစ်ခု ဝင်ရောက်လာသည်။ လမ်းဘေးဝဲယာတွင် အပူပိုင်းဒေသပေါက် အပင်များကို စိုက်ပျိုးထားပြီး ၎င်းတို့မှာ မူလကတည်းက ရှိနေခြင်းလား သို့မဟုတ် နောက်မှ စိုက်ပျိုးထားခြင်းလား ဆိုသည်မှာမူ မသဲကွဲလှပေ။

ယွီရှောင်ရှီးသည် လမ်းလျှောက်ရင်း လှပသော ရှုခင်းများနှင့် လတ်ဆတ်သော လေထုကို တဖွဖွ ချီးကျူးနေမိသည်။ တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင်လည်း သူမဖန်များ၏ မှတ်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

【ပတ်ပတ်လည်ကို ပိုလျှောက်ပြပါဦး၊ ကျွန်းတစ်ခုလုံးကို မြင်ချင်လို့ပါ】

【ကျေးဇူးပြုပြီး ကျွန်းရဲ့ရှုခင်းတွေကို တို့တွေနဲ့ မျှဝေပေးပါဦး ဒူးထောက်တောင်းပန်ရမယ့် အထိတော့ မလုပ်ခိုင်းပါနဲ့နော်】

【တည်းခိုမယ့် နေရာက ဘယ်လောက်အထိ ကောင်းသလဲဆိုတာ ပြပေးပါဦး】

【ဒီနေရာမှာ ဘွတ်ကင် ဘယ်လိုတင်ရမလဲ ငါ့ကလေးတွေနဲ့ အားလပ်ရက် ခရီးထွက်ဖို့ စီစဉ်နေလို့ပါ】

【အပေါ်ကလူ... ဘွတ်ကင်တင်တဲ့ဆိုက်ကို သွားလိုက်ပါ ဒီအကြောင်းကို သူ အရင်က မျှဝေပေးဖူးတယ်၊ တရားဝင် အကောင့်မှာပဲ စာရင်းသွင်းလို့ရတယ်】

စခရင်ပေါ်တွင်လည်း လက်ဆောင် ဆုလာဘ်များမှာ တစ်ခါတစ်ရံ ပေါ်ထွက်လာတတ်သည်။ ၎င်းကို မြင်ရသောအခါ ယွီရှောင်ရှီးမှာ တိတ်တဆိတ် ဝမ်းသာသွားပြီး ဤနေရာတွင် တိုက်ရိုက်ထုတ်လွှင့်မှု အများအပြား ထပ်မံလွှင့်ရန် ဆုံးဖြတ်လိုက်တော့၏။

ဖြူလွလွ အဆောက်အအုံ တစ်ခုဆီသို့ လျှောက်သွားရင်း ယွီရှောင်ရှီးက -

"ကျွန်မ ဘွတ်ကင်လုပ်ထားတဲ့ ထူးထူးခြားခြား ဧည့်ရိပ်သာလေးကတော့ ဒါပါပဲ ဒီမှာက ထူးခြားတဲ့ ဧည့်ရိပ်သာတွေတင် မကဘဲ ခမ်းနားထည်ဝါတဲ့ သီးခြားအားလပ်ရက် ဗီလာတွေလည်း ရှိသေးတယ်နော် အကယ်၍ မိသားစုနဲ့ ခရီးထွက်တာ ဆိုရင်တော့ ပိုပြီး သက်သောင့်သက်သာရှိအောင် ဗီလာမှာပဲ တည်းခိုဖို့ အကြံပြုချင်ပါတယ်"

"ဈေးနှုန်းကတော့ သိပ်ပြီးမကြီးလှသလို သိပ်လည်း မပေါဘူးပေါ့နော် ဘေရှားကျွန်းရဲ့ တရားဝင် Weibo အကောင့်မှာ သွားကြည့်လို့ ရပါတယ်၊ ဈေးနှုန်းတွေကို အသေအချာ ဖော်ပြထားတယ် ဒါပေမဲ့ ခရီးသွား ရာသီပေါ် မူတည်ပြီး ဈေးနှုန်းအနည်းငယ် ကွာခြားမှုတော့ ရှိနိုင်လိမ့်မယ်"

ယွီရှောင်ရှီးသည် ဧည့်ကြိုကောင်တာသို့သွားကာ သူမ၏ ID ကတ်ဖြင့် အမြန် စာရင်းသွင်း လိုက်ပြီးနောက် ဧည့်ရိပ်သာ မန်နေဂျာနောက်သို့လိုက်ကာ ဒုတိယထပ်ရှိ ပင်လယ်ဘက် မျက်နှာမူထားသော အခန်းသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ ဤခရီးစဉ်မှာ တန်ဖိုးရှိလှသည်ဟု ချက်ချင်းပင် ခံစားလိုက်ရသည်။

သူမ၏ကုတင်မှာ ပင်လယ်ပြင်ဘက်သို့ မျက်နှာမူထားပြီး လိုက်ကာကို ဆွဲဖွင့်လိုက်ရုံနှင့်ပင် အဆုံးမဲ့ မိုးကုပ်စက်ဝိုင်းကြီးကို မြင်တွေ့နိုင်သည်။ အကယ်၍ ကံကောင်းမည်ဆိုလျှင် နေထွက်ချိန်နှင့် နေဝင်ချိန်တို့ကို အခန်းထဲမှနေ၍ တိုက်ရိုက် ခံစားနိုင်မည်ဖြစ်သည်။

【အခန်းကတော့ တကယ်ကို လန်းတယ်ဟေ့】

【ဒီလိုအခန်းမျိုးက ဈေးကြီးလား ဆိုတာပဲ သိချင်မိတယ်】

【အပေါ်ကလူ... ဈေးကိုမမေးပါနဲ့ဦး နင့်မှာ ပိုက်ဆံရှိရင်တောင် အခုချက်ချင်း သွားလို့ရမှာမဟုတ်ဘူး】

【ပိုက်ဆံရှိတဲ့ လူတွေတောင် ဘာလို့ သွားလို့မရတာလဲ ထုတ်လွှင့်သူကရော ဘယ်လို ရောက်သွားတာလဲ】

【ဘေရှားကျွန်းက ဘွတ်ကင်တွေ အကုန်ပြည့်နေပြီလေ... အခုဆိုရင် ဒီနှစ် စက်တင်ဘာလ အကုန်အထိကို လူပြည့်နေတာ】

【ဝါး အဲဒီလောက်တောင် ရေပန်းစားတာလား ငါက ဒီနေ့မှကြားဖူးတာ】

【နာမည်ကြီး အနုပညာရှင် တချို့လည်း အညွှန်းပေးထားကြတယ် ထင်တယ်နော်】

【အဲဒီကျွန်း ပိုင်ရှင်ကတော့ တကယ့်လူပဲ ကြော်ငြာခတွေ အများကြီး သုံးထားတာ ဖြစ်ရမယ်】

ယွီရှောင်ရှီး အထုပ်အပိုးများကို ချထားလိုက်ပြီး အရင်ဆုံး ထမင်းစားကာ ကျွန်း၏ အခြားနေရာများကို ဆက်လက် လေ့လာရန် စီစဉ်လိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများကို နှုတ်ဆက်ကာ အွန်လိုင်းမှ ခေတ္တထွက်လိုက်သည်။

တစ်ဖက်တွင်မူ တန်ယန်နှင့် အခြားသူများသည် အဝတ်အစားလဲ၊ ပစ္စည်းများ သိမ်းဆည်းပြီးနောက် အောက်ထပ်သို့ ထမင်းစားရန် ဆင်းလာခဲ့ကြသည်။ ပထမထပ်ရှိ ရှည်လျားသော ထမင်းစား စားပွဲပေါ်တွင် လတ်ဆတ်သော ပန်းများနှင့် အသုံးအဆောင်များကို ပြင်ဆင်ထားပြီးဖြစ်ကာ သူတို့ဆင်းလာသည်နှင့် ဟင်းပွဲများကို စတင်ပြင်ဆင်ပေးရန် စောင့်ဆိုင်းနေကြသည်။

"မိန်းကလေး... ဟင်းပွဲတွေ စတင်ပြင်ဆင်ပေးလို့ ရမလားခင်ဗျာ"

အိမ်တော်ထိန်းကျိုးက ရှေ့သို့တိုးလာရင်း မေးလိုက်သည်။

"အိုကေ၊ ကျေးဇူးပဲ"

"ဒါက ကျွန်တော့်ရဲ့ တာဝန်ပါပဲ ခဏလောက် စောင့်ပေးပါဦး"

မကြာမီမှာပင် စုံလင်လှသော ဟင်းပွဲအမျိုးမျိုး ရောက်ရှိလာတော့သည်။

"ခဏလေး ဖုန်းကိုအရင် ကျွေးပါရစေဦး"

မီကို စားရန်ပြင်နေသော လောင်ဝေအန်းကို တားလိုက်ပြီး ဖုန်းကိုထုတ်ကာ ဓာတ်ပုံများ တဖြတ်ဖြတ် ရိုက်တော့သည်။

ဤမြင်ကွင်းကိုမြင်သော တန်ယန်သည်လည်း နောက်မှ Weibo ပေါ်တွင် တင်ရန်အတွက် ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်လိုက်သည်။

"ကဲ စားလို့ရပြီ"

မီကို စိတ်ကျေနပ်သွားကာ အားလုံးကို ပျော်ပျော်ရွှင်ရွှင်ပင် ဖိတ်ခေါ်လိုက်သည်။

"အခြေအနေအမှန်ကို မသိတဲ့သူသာဆိုရင် နင့်ကိုပဲ ကျွန်းပိုင်ရှင်လို့ ထင်ကြတော့မှာပဲ"

ဟု လောင်ဝေအန်းက နောက်ပြောင်လိုက်သည်။

"ဟွန်း ယန်ယန်ပိုင်တာ ငါပိုင်တာပဲလေ နင်က ဘာဖြစ်ချင်လို့လဲ"

"မဖြစ်ပါဘူး... မဖြစ်ပါဘူး၊ ကျွန်တော်မျိုးကြီး ဘာမှမဖြစ်ချင်ပါဘူးခင်ဗျာ။"

"စားစရာရှိတာကို စားစမ်းပါ၊ ပါးစပ်က မနားဘူး ငါတော့ နင်နဲ့အတူ အပြင်နှင်ထုတ်ခံရပြီး ကမ်းခြေမှာ အိပ်ရမှာမျိုး အဖြစ်မခံနိုင်ဘူး"

ရှုရှင်းယန်က လောင်ဝေအန်း စကားဆက်မပြောနိုင်အောင် ပန်ကိတ်မုန့် တစ်ခုကို သူ့ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်သည်။

စားပွဲပေါ်တွင် လှပသပ်ရပ်စွာ ပြင်ဆင်ထားသော အစားအသောက်များကို ကြည့်ရင်း တန်ယန် စိတ်ကြည်နူးမိသည်။ ဘယ်ဟင်းပွဲကို အရင်စပြီး စားရမလဲ ဆိုတာကိုပင် ဝေခွဲမရနိုင်အောင်ပင်။

တန်ယန် သူမရှေ့ရှိ ဖောက်ထွင်းမြင်ရသည့် မုန့်ချိုလေး တစ်ဖတ်ကို တူဖြင့်ညှပ်လိုက်သည်။ မုန့်အတွင်း၌ ခရမ်းရောင် ပန်းပွင့်လေးများ စုပြုံလျက် ပါရှိနေသည်။ ထိုပန်းလေးများ၏ အမည်ကို သူမ မသိသော်လည်း လတ်ဆတ်သော ဆေးဘက်ဝင် အပင်နံ့လေးများ သင်းပျံ့နေ၏။

တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အရသာမှာ တကယ်ပင် ကောင်းမွန်လှသည်။ မုန့်မှာ သူမ ထင်ထားသကဲ့သို့ အလွန်အမင်း ချိုအီမနေဘဲ ပေါ့ပေါ့ပါးပါးလေးနှင့် အလွန်ထူးခြားသော ရနံ့ရှိသည်။

အကြိမ်အနည်းငယ် ဝါးလိုက်သောအခါ ပါးစပ်ထဲတွင် အရသာများ ပျံ့နှံ့သွားပြီး သွားရည်ယိုမိမတတ် ဖြစ်သွားရသဖြင့် အတော်လေး အံ့အားသင့်သွားသည်။

"ဘယ်လိုလဲ"

မီကို စူးစမ်းစွာဖြင့် မေးလိုက်သည်။

"စားလို့ကောင်းတယ်၊ နင်လည်းမြည်းကြည့်ဦး"

တန်ယန် ပြောပြောဆိုဆိုဖြင့် မုန့်တစ်ဖတ်ကိုညှပ်ကာ မီကို၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

မီကို မြည်းကြည့်လိုက်ရာ အရသာ ရှိသော်လည်း သူမအတွက်မူ အနည်းငယ် ပေါ့နေသကဲ့သို့ပင်။ ထို့ကြောင့် သူမ၏အကြည့်မှာ ပန်းကန်ဘေးတွင် အချဉ်ရည်နှင့်အတူ ပြင်ဆင်ထားသော ပန်းပွင့်ကြော်များဆီသို့ ရောက်ရှိသွားသည်။

ထို့နောက် ပထမဆုံးတစ်ကိုက် အရသာကို ခံစားလိုက်သည်။

"ဒါကတော့ရှယ်ပဲယန်ယန်... နင်လည်းစမ်းကြည့်ဦး ဒီလတ်လတ်ဆတ်ဆတ် ပန်းပွင့်လေးတွေကို ကြွပ်ရွနေအောင် ကြော်ထားတာ ပြီးတော့ ချိုချိုချဉ်ချဉ် အချဉ်ရည်လေးကလည်း တကယ်ကို ခံတွင်းမြိန်စေတယ်"

အခြားတစ်ဖက်တွင်မူ ကောင်လေးနှစ်ယောက်မှာ ထိုမျှအထိ အေးအေးစားစား စားသောက်မနေကြပေ။ အစားအစာများကို အလျင်အမြန် စားသောက်လိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ဆာလောင် မွတ်သိပ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

တန်ယန် သူတို့၏ မျက်နှာပေးများကို သတိထားမိလိုက်သဖြင့် အိမ်တော်ထိန်းကျိုးကို လှမ်းခေါ်လိုက်သည်။

"အိမ်တော်ထိန်းကျိုး... မလာသေးတဲ့ ဟင်းပွဲတွေ ကျန်သေးလားဟင်"

"ကျန်ပါသေးတယ်ခင်ဗျာ မကြာခင်မှာ အခုလေးတင် ဖမ်းဆီးရထားတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေ ရောက်လာပါတော့မယ်"

"အိုကေ"

ရှုရှင်းယန်နှင့် လောင်ဝေအန်းတို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများမှာ ဝင်းလက်သွားကြ၏။

"ဒါပေါ့... ပင်လယ်ကမ်းခြေကို ရောက်လာပြီးမှတော့ လတ်ဆတ်တဲ့ ပင်လယ်စာက မရှိလို့ ဘယ်ဖြစ်မလဲ"

ဒီမှာ S မြို့တော်ကလို အရသာရှိသည့် ရှာလကာရည် ရှိမလားမသိပေ။ ထိုရှာလကာရည်မှာ ပင်လယ်စာနှင့်ဆိုလျှင် တကယ့်ကို ကွက်တိပင်။

ထို့နောက်တွင်တော့ ပင်လယ်စာ ဟင်းလျာများမှာ တစ်ပွဲပြီးတစ်ပွဲ တည်ခင်းလာတော့သည်။ မီကို ဓာတ်ပုံရိုက်ပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး နောက်တွင်မူ အားလုံးမှာ ရက်ပေါင်းများစွာ အစာငတ်နေသူများ ကဲ့သို့ပင် အားရပါးရ စားသောက်ကြတော့သည်။

စားသောက်ပြီးစီး၍ ဗိုက်ကားသွားကြသောအခါ သူတို့တစ်အုပ်စုလုံး ထိုင်ခုံများပေါ်တွင်မှီလျက် ထိုင်နေကြပြီး နေ့လယ်ပိုင်းတွင် လမ်းလျှောက်ထွက်ရန် ဆွေးနွေးနေကြသည်။

ကျွန်းပေါ်တွင် ရေပေါ်ဆိုင်ကယ်စီးခြင်း၊ လေထီးခုန်ခြင်း၊ ရေငုပ်ခြင်းနှင့် အပျော်စီးလှေစီးခြင်း စသည့် အပန်းဖြေစရာ အစီအစဉ်များစွာ ရှိနေသည်။

"ငါ ရေပေါ်ဆိုင်ကယ် စီးချင်တယ်"

မီကို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ငါကတော့ ရေငုပ်ချင်တယ် ဘယ်လိုပဲဖြစ်ဖြစ် တို့တွေ ဒီမှာ ရက်အနည်းငယ် ကြာမှာဆိုတော့ အကုန်လုံးကို တစ်ခုချင်းစီ ဆော့ကြမလား"

ဟု ရှုရှင်းယန်က အကြံပြုသည်။

"ဒါက စိတ်ကူးကောင်းပဲ"

လောင်ဝေအန်းကလည်း ထောက်ခံလိုက်၏။

"ငါလည်းအတူတူပဲ"

မီကိုကပါ ထပ်ဆင့် ပြောလိုက်သည်။

ထို့နောက် သူတို့သုံးဦးစလုံးမှာ တန်ယန်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း စိုက်ကြည့်နေကြသည်။

တန်ယန် သူတို့ကို အချိန်ဆွဲပြီး စနောက်နေလိုစိတ် မရှိပေ။ အပြင်ထွက် လည်ပတ်သည့်အခါ မိမိကို ပျော်ရွှင်စေမည့် အရာကိုသာ လုပ်ဆောင်သင့်သည်။

"အိုကေလေ... ဒါဆို အိမ်တော်ထိန်းကျိုးကိုပဲ စီစဉ်ခိုင်းလိုက်မယ် ဒီနေ့တော့ အရင်ဆုံး ရေပေါ်ဆိုင်ကယ် သွားစီးကြမလား"

"ဟေးးး"

"အရမ်းကောင်းတာပဲ"

"ရှယ်ပဲဟေ့"

သူတို့သုံးဦးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

အားလုံးပင် ရေကစားသည့်အခါ အဝတ်အစားများ ရေစိုပြီး ကိုယ်မှာကပ်နေကာ စိတ်အနှောင့်အယှက် မဖြစ်စေရန် ရေကူးဝတ်စုံများလဲဖို့ အခန်းထဲသို့ ပြန်သွားကြသည်။ နေရောင်မှာ တော်တော်လေး ပြင်းနေသဖြင့် တန်ယန် စနစ်အရောင်းဆိုင်ထဲမှ နေလောင်ကာခရင်မ်ကို အထူးလဲလှယ် ယူလိုက်ပြီး သူမနှင့် မီကိုအတွက် တစ်ယောက်တစ်ဘူးစီ ယူထားလိုက်သည်။

ပြီးပြည့်စုံသော အလေးချိန်မဲ့ နေရောင်ကာကွယ်မှု - ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးမှုကို ဘက်စုံ ကာကွယ်ပေးသည်။ တစ်ကြိမ်လိမ်းရုံဖြင့် ၂၄ နာရီပတ်လုံး ဆက်တိုက် ကာကွယ်ပေးနိုင်ပြီး ရေစိုခံ၊ ချွေးစိုခံကာ အသားအရေအတွက် နူးညံ့သည်။ မည်သည့် အသားအရေ အမျိုးအစားမဆို အသုံးပြုနိုင်သည်။ လဲလှယ်ရန်အတွက် ငွေသား ၁၀၀၀ ယွမ် သို့မဟုတ် 'ကြည်ညိုလေးစားမှုအမှတ်' ၁၀၀၀ လိုအပ်သည်။

တန်ယန်ပေးသော နေလောင်ကာ ခရင်မ်ကို ရရှိသောအခါ မီကိုသည် တံဆိပ်မပါသော ထုပ်ပိုးမှုကိုကြည့်ရင်း မေးလိုက်သည်။

"ယန်ယန်... ဒီခရင်မ်မှာ ဘာတံဆိပ်မှလည်း မပါပါလား ဒါက တစ်ခုခု ထိပ်တန်းအဆင့်မြင့် ပစ္စည်းလား"

"ဟုတ်တယ် ဒါက အသားအရေအတွက် နူးညံ့ပြီး တစ်ခါလိမ်းထားရုံနဲ့ ၂၄ နာရီအထိခံတယ် အပြင်မှာ ခဏခဏ ပြန်လိမ်းနေရတဲ့ ဒုက္ခကို သက်သာစေတာပေါ့ ပြီးတော့ ရေစိုခံ၊ ချွေးစိုခံလည်း ဖြစ်တယ်လေ"

"အံ့ဩစရာပဲ ဒါ တော်တော်ဈေးကြီးမှာ သေချာတယ်"

"ရပါတယ်၊ သိပ်လည်းမကြီးပါဘူး နင်ကုန်သွားရင် ငါ့ဆီမှာ ထပ်တောင်းပေါ့"

"ကျေးဇူးပဲ ယန်ယန်ရေ... နင့်ကို ချစ်လိုက်တာ"

မီကို တန်ယန်၏ ဘယ်ဘက်ပါးကို ရွှတ်ကနဲ နမ်းလိုက်သည်။

တန်ယန် မတတ်သာသလို ပြုံးလိုက်ရင်း -

"နင် ငါ့ကို လာလာမနမ်းနဲ့တော့လေ ငါက ချောတဲ့ကောင်လေးတွေ နမ်းတာကိုပဲ ကြိုက်တာ"

မီကို့မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး -

"နင်က တကယ်ပဲ သူငယ်ချင်းထက် ရည်းစားကို ပိုဦးစားပေးတော့မှာပေါ့ ဟုတ်လား နင့်မှာ ငါ့အပြင် တခြား 'ခွေးလေး' အချစ်တော်တစ်ယောက် ရှိနေသေးတာလား ဘယ်လိုပုံစံလဲဆိုတာ ငါ့ကိုလည်း ပြဦးလေ"

တန်ယန်မှာ စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်မိသွားသည်။ သူမကိုယ် သူမလည်း ကျိန်ဆဲလိုက်ပြီး ဒီအူကြောင်ကြောင် ကလေးမလေးကို တစ်ခုခု သတိပေးလိုက်သင့်သလားဟု တွေးလိုက်မိ၏။

All Chapters