← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁) - ကျင်းယွမ်ပြုပြင်ပြောင်းလဲရေး... ဘိုးဘေးများထက် သာလွန်သော အကျိုးပြုမှုများ...

ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းပွင့်လာခဲ့ပြီ ဖြစ်သည်။

နံနက်ခင်း နေမင်းမှာ အရှေ့ဘက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။

နံနက်ခင်း၏ ရောင်ခြည်နွေးနွေးနှင့်အတူ ပါးလွှာသော မြူခိုးအငွေ့အသက်များမှာ ကျင်းယွမ်တောင်တန်းကို လွှမ်းခြုံထားသဖြင့် စိုစွတ်ထိုင်းမှိုင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

“ကျွီ…”

ဂျိချန်းဖန်သည် သူ၏ခြံဝင်းငယ်လေးအတွင်းမှ ဖြည်းညှင်းစွာ ထွက်လာသည်။

သူသည် ပတ်ဝန်းကျင်ရှိ စိုထိုင်းမှုကို ခံစားမိပြီး အသားမကျသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်.....

“ဝူး ဝူး ဝူး...”

ချက်ချင်းပင်….

သူ၏ ဖျော့တော့တော့ အစိမ်းရောင်ကျင့်စဉ်မှာ အနည်းငယ် တုန်ခါသွားပြီး မမြင်ရသော စွမ်းအင်ဖိအားတစ်ခု ထွက်ပေါ်လာကာ သူ၏ ပတ်ပတ်လည် သုံးကျန်းအတွင်းရှိ မြူခိုးများကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်၏။

ထိုသို့ ပြုလုပ်ပြီးနောက်…….ဂျိချန်းဖန်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ၏ အကြည့်မှာ အတားအဆီးများစွာကို ဖောက်ထွက်သွားပြီး အိမ်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှောင်ပိုင်ကို မြင်တွေ့နေရပုံရသည်။

သူမသည် ကုတင်ထောင့်တွင် ကွေးကွေးလေး အိပ်နေပြီး ဆီးနှင်းကဲ့သို့ ဖြူစင်လှပသော ဆံနွယ်များမှာ ခေါင်းအုံးပေါ်တွင် ဖရိုဖရဲ ပျံ့နှံ့နေကာ အိပ်ပျော်နေသော်လည်း သူမ၏ လှပသော မျက်ခုံးတန်းလေးများမှာ အဆက်မပြတ် တွန့်ချိုးနေ၏။

လွန်ခဲ့သော ညက လူသားတို့ မခံစားနိုင်သော ညှဉ်းပန်းနှိပ်စက်မှု တစ်ခုခုကို ခံခဲ့ရသည့်အလားပင်.....

“တောက်.....”

ဂျိချန်းဖန်သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ထို့နောက် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။

ရှောင်ပိုင်၏ လက်ရှိအခြေအနေအရ သူမသည် တစ်နေကုန် အိပ်နေပေလိမ့်မည်.....

ဒါကလည်း ကောင်းသောအချက်ပင်။

ယနေ့တွင် သူ လုပ်ဆောင်စရာ ကိစ္စများစွာ ရှိသည်။

သူမကို အဖော်ပြုပေးရန် အချိန်ရှိလိမ့်မည် မဟုတ်ပေ။

မနေ့က ရာထူးအပ်နှင်းပွဲမှာ မှောင်ခါနီးအထိ မပြီးဆုံးခဲ့သဖြင့် အချို့သော ကိစ္စရပ်များကို မဆွေးနွေးရသေးချေ။ ယနေ့နံနက်တွင် သူသည် တောင်ထိပ်ခုနစ်ခုမှ တောင်ထိပ်သခင်များကို ဆွေးနွေးရန် ခေါ်ယူရပေလိမ့်မည်.....

“ဟင်း.....”

ဂျိချန်းဖန် အနည်းငယ် စဉ်းစားလိုက်သည်။

တောင်ထိပ်တစ်ခုစီမှ ထူးချွန်သော ဂျူနီယာညီလေး၊ ညီမလေးများကိုပါ ခေါ်ယူခြင်းက ပိုကောင်းမည်ဟု သူ ထင်မိသည်။

သို့မဟုတ်ပါက စီနီယာ အစ်မ ရွှယ်ယွဲ့က လုရွယ်ချီကို လာခွင့်ပြုမည် မဟုတ်ပေ။

ထိုအတွေးနှင့်အတူ။

ဂျိချန်းဖန်သည် ယွီချင်းခန်းမသို့ ရောက်ရှိလာခဲ့သည်။

သူသည် ဂိုဏ်းချုပ်၏ အနားယူရာနေရာဖြစ်သော ယွီချင်းခန်းမ၏ နောက်ဘက်ဆောင်သို့ တိုက်ရိုက် လျှောက်လှမ်းသွား၏။

နောက်ဘက်ဆောင်တွင် တစ်နာရီခန့် တရားထိုင်ပြီးနောက်… ဂျိချန်းဖန်သည် အပြင်သို့ ထွက်လာပြီး ထုံထျန်းတောင်ထိပ်မှ တပည့်အချို့ကို ခေါ်ကာ အခြားတောင်ထိပ်များသို့ သတင်းပို့ခိုင်းလိုက်သည်။

တောင်ထိပ်သခင်များအနေဖြင့် သူတို့၏ ထူးချွန်သော တပည့်များကို ခေါ်ဆောင်ကာ ထုံထျန်းတောင်ထိပ်တွင် အစည်းအဝေး တက်ရောက်ရန် ဖြစ်သည်.....

ထို့အပြင် သူသည် ရွမ်ချာဂိုဏ်းသို့ လူလွှတ်၍ အကြောင်းမကြားခဲ့ပေ။ အကြောင်းမှာ သူသည် ရွမ်ချာဂိုဏ်းအတွင်း၌ ကြေးခေါင်းလောင်းတစ်ခု ထားရှိခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ထုံထျန်းတောင်ထိပ်ရှိ ပင်မခေါင်းလောင်းသံ မြည်ဟည်းလိုက်သည်နှင့် အခြား လက်အောက်ခံ ခေါင်းလောင်းများကလည်း သဘာဝအတိုင်း သတင်းစကားကို လက်ခံရရှိမည် ဖြစ်သည်။

“ဒေါင် ဒေါင် ဒေါင်...”

တစ်ချိန်တည်းမှာပင် မမြင်ရသော ခေါင်းလောင်းသံမှာ ကျင်းယွမ်တောင်ထိပ် ခုနစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး မိုင်ရာချီဝေးကွာသော မြောင်ယင်းတောင်ထိပ်ကလည်း သတင်းစကားကို လက်ခံရရှိလိုက်သည်။

သိပ်မကြာမီမှာပင် တောင်ထိပ်ခုနစ်ခုမှ တောင်ထိပ်သခင်များသည် သူတို့၏ ထူးချွန်သော တပည့်များနှင့်အတူ ထုံထျန်းတောင်ထိပ်သို့ ရောက်ရှိလာကြသည်။

“ဂိုဏ်းချုပ် တာအိုသခင်.....”

ကျန့်ပူယီ ဖြစ်စေ၊ တာအိုသခင်မ ရွှယ်ယွဲ့ ဖြစ်စေ၊ သူတို့အားလုံးမှာ ဂျိချန်းဖန်ကို အနည်းငယ် ဦးညွှတ်ကာ လေးစားမှုကို ပြသကြသည်။

“ဆရာ၊ စီနီယာ ဦးလေးတို့..... အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး”

ဂျိချန်းဖန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး လက်ကို အနည်းငယ် မြှောက်လိုက်ရာ မမြင်ရသော အင်အားတစ်ခုက စီနီယာများ ဦးညွှတ်ခြင်းကို တားဆီးပေးလိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါဦး”

ကျန့်ပူယီနှင့် အခြားသူများမှာ ဘာမှ ထပ်မပြောတော့ပေ။

သူတို့သည် မိမိတို့၏ သတ်မှတ်ထားသော နေရာများတွင် အသီးသီး ထိုင်လိုက်ကြသည်။

အခြားတစ်ဖက်တွင်မူ ရှီဟောင်နှင့် ချူးယွီဟုန်တို့က ဂျိချန်းဖန်ကို ရိုသေစွာ ဦးညွှတ်ကာ ကျယ်လောင်စွာ ဆိုလိုက်ကြသည် .....

“ဂိုဏ်းချုပ် တာအိုသခင်ကို ဂါရဝပြုပါတယ်...”

“စီနီယာအကိုတို့ ထိုင်ကြပါ” ဂျိချန်းဖန်က ခေါင်းကို အနည်းငယ် ညိတ်ကာ သူတို့၏ ဂါရဝပြုမှုကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

ခဏအကြာတွင် ကျင့်ပင်အာမှာ နောက်ကျပြီးမှ ရောက်ရှိလာသည်။

“ဂိုဏ်းချုပ် တာအိုသခင်ကို ဂါရဝပြုပါတယ်ရှင်...”

နုနယ်သော မိန်းကလေးငယ်လေးသည် ဂျိချန်းဖန်ကို နောက်ပြောင်သော အပြုံးဖြင့် ပြုံးပြကာ ရိုသေစွာ အလေးပြုလိုက်သည်။

ဂျိချန်းဖန်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး မသိကျိုးကျွံပြုဟန်ဖြင့် သူ၏ဘေးနားရှိ ထိုင်ခုံကို လက်ညှိုးညွှန်ပြကာ စကားတစ်ခွန်းမှ မပြောပေ.....

မည်သို့ပင်ဆိုစေကာမူ ကျင့်ပင်အာနှင့် သူ၏ ဆက်ဆံရေးအရ ဘာမှ ပြောနေစရာ မလိုတော့ချေ။

အကယ်၍ သူ တစ်ခုခု ပြောလိုက်လျှင်လည်း ၎င်းမှာ ပရောပရည်လုပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုကဲ့သို့ အခြေအနေမှာ ထိုသို့လုပ်ဆောင်ရန် မသင့်တော်ပေ။

လူတိုင်း ထိုင်ပြီးနောက် ဂျိချန်းဖန်သည် ရှောင်ကျူးတောင်ထိပ်သို့ ဦးစွာ ကြည့်လိုက်ပြီး လုရွယ်ချီကို မသိမသာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

၎င်းမှာ ... 'တွေ့လား... ငါတို့ ဒီနေ့ တွေ့ရမယ်လို့ ငါပြောသားပဲ မဟုတ်လား...' ဟု ပြောနေသည့်အလားပင်။

လုရွယ်ချီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။

သူမသည် ဂျိချန်းဖန်ကို စွေကြည့်လိုက်ပြီး ... 'မင်းက မင်းရဲ့ အာဏာကို အလွဲသုံးစား လုပ်နေတာပဲ...' ဟု ပြောနေပုံရသည်။

ဒါက ဘာဖြစ်လဲ...

ဂိုဏ်းချုပ် တစ်ယောက်ဆိုတာ ဒီလိုပဲ သုံးရတာပေါ့။

ဂျိချန်းဖန်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ အဟွတ်အဟွတ် ဟု အသာအယာ ချောင်းဟန့်လိုက်ပြီး ချက်ချင်း စကားမပြောသေးပေ။

၎င်းကို မြင်သော်…

ရှီဟောင်သည် အကဲခတ်ကောင်းစွာဖြင့် ထရပ်ကာ မေးလိုက်သည် ..... “ဂိုဏ်းချုပ် တာအိုသခင်..... တောင်ထိပ်အားလုံးကို စုဝေးစေတဲ့အတွက် ဒီနေ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စရှိလို့လား ဆိုတာ သိပါရစေ ခင်ဗျာ”

“မှန်တယ်”

ဂျိချန်းဖန်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ကာ ပတ်ဝန်းကျင်ရှိ ကျင်းယွမ်တပည့်များကို ကြည့်ရင်း ပြောလိုက်သည် .....

“ဒီနေ့ ငါ ပြောစရာ ကိစ္စ သုံးခုပဲ ရှိတယ်”

“ပထမဦးဆုံး ကိစ္စကတော့၊ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲမယ်။ မူလက အနှစ် ၆၀ တစ်ကြိမ် ကျင်းပရာကနေ ၁၀ နှစ် တစ်ကြိမ် ကျင်းပဖို့ ပြောင်းလဲလိုက်မယ်”

မူလ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ၏ ကာလမှာ ရှည်လျားလွန်းလှပြီး အနှစ် ၆၀ မှ တစ်ကြိမ်သာ ရှိသည်။

ထိုမျှ ကြာမြင့်သော အချိန်ကန့်သတ်ချက်မှာ ကျင်းယွမ်ကလန်၏ တောင်ထိပ်အသီးသီးမှ တပည့်များကြားတွင် စုဝေးမှုနှင့် ထိတွေ့ဆက်ဆံမှုများကို နည်းပါးစေသည်.....

အချိန်ကြာလာသည်နှင့်အမျှ။

တောင်ထိပ်ခုနစ်ခုကြား ဆက်ဆံရေးမှာ တဖြည်းဖြည်း မှေးမှိန်လာ၏။

ထိုအခါ ကျင်းယွမ်ကလန်ဟု ခေါ်သော အရာမှာ တောင်ထိပ်ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခု ဖြစ်မလာတော့ဘဲ တောင်ထိပ်တစ်ခုစီ၏ ဂိုဏ်းဂဏ စွဲလမ်းမှုများမှာ အလွန်ကြီးထွားလာလိမ့်မည်။

အကယ်၍ တစ်နေ့တွင် လူကြီးပိုင်းများ၌ မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်ပွားခဲ့လျှင် အောက်ခြေတပည့်များမှာ တစ်ဦးနှင့်တစ်ဦး မသိကြသဖြင့်.....

သူတို့သည် အစုလိုက်အပြုံလိုက် ဖရိုဖရဲ ပျက်သွားကြပေလိမ့်မည်။

၎င်းကို ကြားသော်….

ပတ်ဝန်းကျင်ရှိ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဤသတင်းကို ကြားရသဖြင့် သူတို့မှာ သဘာဝအတိုင်းပင် ဝမ်းသာသွားကြသည်။ အကြောင်းမှာ တောင်ပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံနေထိုင်ရသော သူတို့အတွက် တစ်ခုတည်းသော ပျော်ရွှင်စရာမှာ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲဖြစ်သောကြောင့်ပင်.....

ယခုအခါ ပြိုင်ပွဲကျင်းပမည့် ကာလမှာ များစွာ တိုတောင်းသွားပြီ ဖြစ်သည်။

သူတို့မှာ အလွန်အမင်း ပျော်ရွှင်နေကြ၏။

“ဂိုဏ်းချုပ် တာအိုသခင် သက်တော်ရာကျော် ရှည်ပါစေ......”

ပွဲလမ်းသဘင်ကို အကြိုက်ဆုံးဖြစ်သော ကျင်းရှူးရှူးမှာ ချက်ချင်းပင် အော်ဟစ် အားပေးလေတော့သည်။

သူ၏ ပတ်ဝန်းကျင်ရှိ အခြားတပည့်များကလည်း လက်များ မြှောက်ကာ အော်ဟစ် အားပေးကြသည်။

ဒါပေမဲ့.....

ဂျိချန်းဖန်၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားသည်။

သက်တော်ရာကျော်...

ငါ့ကို ကျိန်ဆဲဖို့ မကြိုးစားနဲ့လေ...

ပတ်ဝန်းကျင်ရှိ တောင်ထိပ်သခင်များမှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြသည်။

ဂျိချန်းဖန်၏ ပြုပြင်ပြောင်းလဲမှုအပေါ် သူတို့တွင် ကန့်ကွက်စရာ မရှိပေ။ အနှစ် ၆၀ ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ အားလုံးမှာ တူတူပင်။ အနှစ် ၆၀ ကန့်သတ်ချက်မှာ ဘိုးဘေးများ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း.....

သို့သော် လက်ရှိတွင် ဂျိချန်းဖန်မှာ အလွန် အစွမ်းထက်လှသည်။

သူ၏ အနာဂတ် အောင်မြင်မှုများမှာ ယခင် ဘိုးဘေးများအားလုံးကို သာလွန်သွားမည်မှာ အသေအချာပင်။

ထို့ကြောင့် အချို့သော အရာများကို အလေးအနက် ထားနေစရာ မလိုတော့ချေ။

ဂျိချန်းဖန်သည် လက်ကို အနည်းငယ် မြှောက်ကာ လူအများ၏ အားပေးသံများကို တိတ်ဆိတ်စေပြီး ဆက်ပြောလိုက်သည် .....

“ဒုတိယအချက်အနေနဲ့၊ ငါဟာ ထုံထျန်းတောင်ထိပ်မှာ 'ကျင့်စဉ်ဆောင်' လို့ အမည်ရတဲ့ အဆောက်အအုံတစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်တယ်”

“မကြာခင်မှာ ငါပိုင်ဆိုင်ထားတဲ့ ဓားပညာတွေနဲ့ မန္တန်တွေ အားလုံးကို အဲဒီ 'ကျင့်စဉ်ဆောင်' ထဲမှာ ထားရှိသွားမယ်။ ကျင်းယွမ်တောင်ထိပ် ခုနစ်ခုလုံးက စုဆောင်းထားတဲ့ ကျင့်စဉ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေ အားလုံးကိုလည်း အဲဒီထဲမှာ ထားရှိရမယ်”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တောင်ထိပ်သခင် အချို့မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကြသည်။

ဂျိချန်းဖန်၏ စိတ်ကူးကို သူတို့ ချက်ချင်းပင် နားလည်လိုက်ကြသည် ... သူသည် ဤနည်းလမ်းကို အသုံးပြု၍ တောင်ထိပ်များကြားမှ ဂိုဏ်းဂဏ စွဲလမ်းမှုများကို လျှော့ချချင်နေခြင်း မဟုတ်ပါလား...

တောင်ထိပ်သခင် တစ်ဦးက စကားပြောရန် ပြင်လိုက်သည်။

သို့သော်..... ဂျိချန်းဖန်သည် သူ၏ ကိုယ်ပိုင်ဓားပညာများနှင့် ဓားနည်းစနစ်များ အားလုံးကိုပင် ထုတ်ပေးထားသည်ကို တွေးမိသောအခါ သူတို့မှာ ဘာမှ မပြောရက်တော့ပေ။

ဂျိချန်းဖန် ပိုင်ဆိုင်သော ဓားပညာများမှာ…….

၎င်းတို့ တစ်ခုစီသည် ကျင်းယွမ်၏ ကြီးမြတ်သော ဓားပညာလေးမျိုးထက် မနိမ့်ပါးဘဲ၊ ၎င်းတို့၏ တန်ဖိုးမှာ သူတို့ ပိုင်ဆိုင်ထားသော ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များထက် များစွာ ပိုမို ကြီးမားလှသည်။

“ဂိုဏ်းချုပ်..... ဂိုဏ်းချုပ် စီနီယာအကို၊ အဲဒီလိုဆိုရင် ကျွန်မတို့က အကို ဖန်တီးထားတဲ့ ဓားပညာတွေကိုလည်း သင်ယူခွင့် ရမှာလားဟင်”

ရှောင်ကျူးတောင်ထိပ်မှ အမျိုးသမီး တပည့်တစ်ဦးမှာ သတ္တိရှိရှိ ထရပ်ကာ မေးလိုက်သည်။

ဂျိချန်းဖန်မှာ ခေါင်းလှည့်ကြည့်လိုက်သည်။

ဪ……

တပည့်ဟောင်းပဲ……

ထိုသူမှာ အခြားသူမဟုတ်ဘဲ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲအတွင်း ဂျိချန်းဖန်က အဆင့်တက်နိုင်ရန် လမ်းပြပေးခဲ့ဖူးသော ရှောင်ကျူးတောင်ထိပ်မှ စူးရီ ပင် ဖြစ်သည်။

ဆယ်နှစ် ကုန်ဆုံးသွားပြီးနောက် သူမ၏ ကျင့်ကြံမှုမှာ ယွီကျင်း အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“မှန်တယ်”

ဂျိချန်းဖန်သည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ယွီကျင်းခန်းမ တစ်ခုလုံးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။

တပည့်တစ်စုမှာ အချိန်အတော်ကြာအောင် တီးတိုး ပြောဆိုနေကြသော်လည်း နောက်ဆုံး ကောက်ချက်မှာ...

ဂိုဏ်းချုပ် တာအိုသခင်က အကောင်းဆုံးပဲ...

ဤတိုတောင်းသော ဆုံးဖြတ်ချက် နှစ်ခုမှာ ကျင်းယွမ်ကလန်၏ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ဖုံးကွယ်ထားသည့် အန္တရာယ် အများစုကို တိုက်ရိုက် ဖြေရှင်းပေးလိုက်ကာ၊ တောင်ထိပ်ခုနစ်ခုလုံးကို တစ်စိတ်တစ်ဝမ်းတည်း အမှန်တကယ် လက်တွဲ လုပ်ဆောင်နိုင်စေရန် ပြုလုပ်ပေးလိုက်ခြင်း ဖြစ်သည်။

ဤအကျိုးပြုမှုမှာ ယခင် ဘိုးဘေးများအားလုံးကို များစွာ သာလွန်သွားပြီ ဖြစ်သည်.....။

အခန်း (၂၂၂) - လူကြီးလူကောင်း ဂျိချန်းဖန်... ရွမ်ချာဂိုဏ်း၏ လျှို့ဝှက်တွေ့ဆုံမှု...

ယွီချင်းခန်းမအတွင်းမှာ အလွန်ပင် ဆူညံနေသည်။

ကျင်းယွမ်တပည့်များမှာလည်း အဆက်မပြတ် တီးတိုးပြောဆိုနေကြ၏။

မည်သို့ပင်ဆိုစေကာမူ ဂျိချန်းဖန်၏ ပြုပြင်ပြောင်းလဲမှု နှစ်ရပ်စလုံးမှာ သူတို့အတွက် များစွာ အကျိုးရှိစေသောကြောင့် ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး တောင်ထိပ်သခင် အချို့မှာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြမိသည်။

သူတို့သည် နောက်ဆုံးတွင်တော့ ဂျိချန်းဖန်၏ ပြုပြင်ပြောင်းလဲမှုများကို သဘောတူ လက်ခံလိုက်ကြရသည်။

အမှန်စင်စစ် ငြင်းဆန်ချင်စိတ် ရှိနေသူမှာ နှစ်ဦးခန့်သာ ရှိပေသည်။

အကြောင်းမှာ ကျန့်ပူယီ၊ တာအိုသခင်မ ရွှယ်ယွဲ့ သို့မဟုတ် ရှီဟောင်နှင့် ချူးယွီဟုန်တို့မှာ ဂျိချန်းဖန်ဘက်တော်သားများ ဖြစ်ကြပြီး သူ၏ ဆုံးဖြတ်ချက်မှန်သမျှကို အကြွင်းမဲ့ ထောက်ခံနေကြသူများ ဖြစ်သောကြောင့်ပင်.....

လူအများကြားတွင် လုရွယ်ချီမှာ မတ်တပ်ရပ်နေသည်။

သူမသည် အမှောင်ဆီးနှင်းဓားကို ကိုင်ဆောင်ကာ လူအများရှေ့တွင် ထောင်ထောင်မတ်မတ် ရပ်နေပြီး၊ စင်မြင့်ထက်မှနေ၍ စကားများကို အားပါတရ ပြောဆိုနေသော ဂျိချန်းဖန်ကို သူမ၏ ကြည်လင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။

သူမ၏ မျက်ဝန်းထဲတွင် ကြင်နာယုယမှု အငွေ့အသက်များ ပေါ်လွင်နေသည်။

ဤမျှ လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်မှာ..... သူမ၏ အနာဂတ် ခင်ပွန်းလောင်း ဖြစ်သည်မဟုတ်ပါလား...

လုရွယ်ချီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး၊ ဂျိချန်းဖန်က သူမကို သီးသန့်တွေ့စဉ်က အခေါ်အဝေါ် ပြောင်းခိုင်းခဲ့သည်ကို သတိရမိသွားသည်။

ဒါက ဘယ်လိုကြီးလဲ..... လက်တောင်မထပ်ရသေးဘူး၊ သူ့ကို 'ယောက်ျား' လို့ ခေါ်ခိုင်းနေတယ်လေ။

ဟွန်း….

တကယ်ကို ဆိုးလိုက်တာ...

လုရွယ်ချီ၏ စိတ်ကူးများမှာ လွင့်ပျံ့နေပြီး သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။

အပြစ်ပြောစရာမရှိအောင် လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြန်းပက်သွားသော်လည်း၊ သူမသည် ဂျိချန်းဖန်၏ တောင်းဆိုမှုကို လုံးဝ ငြင်းဆန်နိုင်စွမ်း မရှိသည်ကို သိလိုက်ရသည်.....

စင်မြင့်ထက်တွင်မူ ဂျိချန်းဖန်သည် လက်ကို အသာအယာ မြှောက်ကာ ဆူညံနေသော လူအုပ်ကြီးကို တိတ်ဆိတ်သွားစေသည်။

သူသည် ကြောင်တောင်တောင် ဖြစ်နေသော ကျင့်ပင်အာကို ကြည့်ကာ စဉ်းစားဟန်ဖြင့် .....

“တတိယအချက်ကတော့ ရွမ်ချာဂိုဏ်းရဲ့ တပည့်သစ် စုဆောင်းရေး ကိစ္စပဲ.....” ဟု ပြောလိုက်သည်။

၎င်းကို ကြားသော် ကျင့်ပင်အာမှာ အနည်းငယ် မှင်တက်သွားသည်။

သူမသည် ဂျိချန်းဖန်ကို ကြောင်တောင်တောင်နှင့် မော့ကြည့်လိုက်မိ၏။ ဂျိချန်းဖန်က ယခုကဲ့သို့ လူအများရှေ့တွင် ဤကိစ္စကို ထုတ်ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ.....

ဒါက ဘာကို ဆိုလိုတာလဲ... ဂျိချန်းဖန်သည် ကျင့်ပင်အာနှင့် သူ၏ ဆက်ဆံရေးကို လူသိရှင်ကြား တရားဝင် ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်...

သူက တိုက်ရိုက်ကြီး ထုတ်မပြောသော်လည်း လူတိုင်းက ခန့်မှန်းမိကြသည်။

မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ လူအ မဟုတ်ကြပေ။

အချို့သောအရာများကို အလိုအလျောက် သိမြင်နိုင်ကြသည်။

“ပင်အာ..... တပည့်သစ် စုဆောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းမှာ ဘာအမြင်ရှိလဲ.....” ဂျိချန်းဖန်က မေးလိုက်သည်။

ကျင့်ပင်အာသည် ခေါင်းကိုသာ ခါယမ်းပြလိုက်မိပြီး အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသည်။

သူမ မသိချေ။

၎င်းကို မြင်သော် ဂျိချန်းဖန်သည် အားကိုးရာမဲ့စွာဖြင့် နဖူးကို ပွတ်လိုက်သည်။ ကျင့်ပင်အာအနေဖြင့် တပည့်သစ် စုဆောင်းမည့်အရေးကို လုံးဝ စဉ်းစားမထားသည်ကို သူ သိလိုက်ရသည်.....

ဂျိချန်းဖန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လုရွယ်ချီဘေးရှိ ဝမ်မင်ကို တစ်ချက်ကြည့်လိုက်ကာ၊ သူ၏ဘေးမှ တာအိုသခင်မ ရွှယ်ယွဲ့ကို လှည့်မေးလိုက်သည် .....

“တာအိုသခင်မ ရွှယ်ယွဲ့..... စီနီယာ အစ်မ ဝမ်မင်ကို ဒီကိစ္စမှာ ကူညီပေးဖို့ ခွင့်ပြုရင် ဘယ်လိုလဲ.....”

ဝမ်မင်သည် ရှောင်ကျူးတောင်ထိပ်၏ စီနီယာ အစ်မ ဖြစ်ပြီး ကိစ္စရပ်များစွာကို သူမကိုယ်တိုင် စီမံခန့်ခွဲသူ ဖြစ်သည်။

သူမအနေဖြင့် ကျင့်ပင်အာကို ကူညီပေးမည်ဆိုလျှင်၊ ဂျိချန်းဖန်၏ ဘေးမှ ကူညီမှုနှင့်ပေါင်းစပ်ကာ ဘာပြဿနာမှ ရှိလိမ့်မည် မဟုတ်ပေ.....

၎င်းကို ကြားသော် တာအိုသခင်မ ရွှယ်ယွဲ့သည် မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည်။ သူမသည် ဂျိချန်းဖန်ကို မကြည့်ဘဲ ဝမ်မင်ကို တိုက်ရိုက် ကြည့်ကာ .....

“ဝမ်မင်..... မင်း ဘယ်လိုထင်လဲ.....” ဟု မေးလိုက်သည်။

ဝမ်မင်မှာ ချက်ချင်း ရှေ့သို့ တိုးလာပြီး ..... “ဆရာ..... တပည့်မှာ ကန့်ကွက်စရာ မရှိပါဘူး” ဟု ဆိုလိုက်သည်။

ပြောပြီးနောက် သူမသည် ဂျိချန်းဖန်ကို အနည်းငယ် ဦးညွှတ်ကာ ..... “ဂိုဏ်းချုပ် တာအိုသခင်..... တပည့် အမိန့်ကို နာခံပါ့မယ်” ဟု ဆိုလိုက်သည်။

“ကောင်းပြီ”

ဂျိချန်းဖန်သည် ခေါင်းညိတ်လိုက်ကာ ဝမ်မင်ကို သေချာ ကြည့်ရှုပြီးနောက်၊ မနီးမဝေးရှိ စုန့်တာရင် ကို လှမ်းကြည့်လိုက်သည်.....

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ကျင်းယွမ်တပည့်များမှာ အဓိပ္ပာယ်ပါသော အပြုံးများ ပြုံးလိုက်ကြသည်။

“ဂိုဏ်းချုပ် စီနီယာအကိုက စုန့်တာရင် အတွက် စေ့စပ်ပေးဖို့ လုပ်နေတာလား မသိဘူး” တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

စုန့်တာရင်မှာ ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသဖြင့်၊ မျက်နှာနီမြန်းကာ ခေါင်းကို ကုတ်လျက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ထားလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ မျှော်လင့်ချက်နှင့် ရှက်ရွံ့မှုတို့ ရောပြွမ်းနေ၏.....

“အဟွတ် အဟွတ်” တာအိုသခင်မ ရွှယ်ယွဲ့က အသာအယာ ချောင်းဟန့်လိုက်သည်။

သူမ၏ မကျေမနပ်ဖြစ်နေသော အကြည့်မှာ ဂျိချန်းဖန်ထံသို့ ဝေ့ဝဲသွားပြီး ... 'မင်း ပြောကြည့်လိုက်လေ...' ဟု ပြောနေသည့်အလားပင်။

၎င်းကို မြင်သော် ဂျိချန်းဖန်သည် အဆုံးတွင်တော့ အားကိုးရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။ ထားလိုက်ပါတော့လေ၊ ဒီအောင်သွယ်တော် အခန်းကဏ္ဍကို ငါ လက်မခံတော့ပါဘူး..... စီနီယာ ရွှယ်ယွဲ့ရဲ့ အဆဲခံရမှာ စိုးရတယ်လေ။

ခန်းမဆောင်အတွင်း ဝမ်မင်မှာ မျက်နှာနီမြန်းလျက် ရပ်နေပြီး နောက်သို့ ပြန်ဆုတ်ရန် မဝံ့မရဲ ဖြစ်နေသည်။ အကြောင်းမှာ ဂျိချန်းဖန်က စကားပြောမပြီးသေးသောကြောင့် ဖြစ်သည်။

“စီနီယာ အစ်မ ဝမ်မင်..... ယွီကျင်း အဆင့် ၉ မှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ.....” ဂျိချန်းဖန်က အမှတ်မထင် မေးလိုက်သည်။

၎င်းကို ကြားသော် လူတိုင်း၏ မျက်နှာအမူအရာများမှာ မသိမသာ ပြောင်းလဲသွားကြသည်။

ဂိုဏ်းချုပ် စီနီယာအကိုက စီနီယာ အစ်မ ဝမ်မင်ကို လမ်းပြပေးတော့မှာလား...

ဝမ်မင်၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူမသည် ဂျိချန်းဖန်ကို ချက်ချင်း ဦးညွှတ်ကာ ရိုသေစွာ ဆိုလိုက်သည် ..... “ဂိုဏ်းချုပ် တာအိုသခင်ကို တင်ပြပါတယ်..... တပည့် ယွီကျင်း အဆင့် ၉ မှာ ရှိနေတာ ရှစ်နှစ်၊ ကိုးနှစ်လောက် ရှိပါပြီ.....”

ဂျိချန်းဖန်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည် ..... “ရှန်ကျင်းနယ်ပယ်ကို တက်လှမ်းဖို့ အစီအစဉ် မရှိသေးဘူးလား.....”

သူ မှတ်မိသလောက်ဆိုလျှင် သူ ရှောင်ကျူးတောင်ထိပ်ကို ပေးခဲ့သော စေ့စပ်ကြောင်းလမ်းသည့် လက်ဆောင်များထဲတွင် 'ရှန်ကျင်းဆေးလုံး' တစ်လုံး ပါဝင်သည်။

လုရွယ်ချီမှာ အဆင့်တက်စဉ်က ဆေးလုံးကို အသုံးမပြုခဲ့ပေ.....

သူသည် လုရွယ်ချီကို လှမ်းကြည့်လိုက်သည်။

လုရွယ်ချီမှာ ဘေးတွင် ကျော့ရှင်းစွာ ရပ်နေပြီး၊ ဂျိချန်းဖန်၏ အကြည့်ကို ခံစားမိသည်နှင့် ၎င်း၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။

ထို့နောက် သူမသည် တိတ်တဆိတ် ခေါင်းခါပြလိုက်၏။

ထို ရှန်ကျင်းဆေးလုံးကို မည်သူမျှ မသောက်ခဲ့ကြပေ။

အကြောင်းမှာ လူတိုင်းက အားနာနေကြသောကြောင့် ဖြစ်သည်..... မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူမ၏ စေ့စပ်လက်ဆောင် ဖြစ်သည်။ တာအိုသခင်မ ရွှယ်ယွဲ့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသော်လည်း အခြားတပည့်များကို ပေးသောက်ရန် သူမလည်း အားနာနေမိသည်။

ထို့ကြောင့် တာအိုသခင်မ ရွှယ်ယွဲ့က ထို ရှန်ကျင်းဆေးလုံးကို အငယ်ဆုံးလေးဖြစ်သော ရှောင်ရှီ အတွက် သိမ်းထားပေးမည်ဟု ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။

အခြားသူများတွင်လည်း ကန့်ကွက်စရာ မရှိခဲ့ပေ။

ဝမ်မင်၏ မျက်နှာတွင် နောင်တအချို့ ပေါ်လာပြီး ..... “ဂိုဏ်းချုပ် တာအိုသခင်..... တပည့်ရဲ့ ပါရမီက ထုံထိုင်းလှပါတယ်ရှင်။ ရှန်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ဆိုရင် နောက်ထပ် အချိန်အတော်ကြာအောင် ကြိုးစားကျင့်ကြံရဦးမယ် ထင်ပါတယ်.....” ဟု ဆိုလိုက်သည်။

၎င်းကို ကြားသော် ဂျိချန်းဖန်က ခေါင်းကို အနည်းငယ် ညိတ်ကာ ပြောလိုက်သည် ..... “ကိစ္စမရှိပါဘူး၊ ငါ့မှာ ဆေးဖော်စပ်ခြင်း ပညာရပ် အချို့ရှိပါတယ်။ နောက်ပိုင်းမှာ ဆေးဖက်ဝင် ပစ္စည်းတွေ ရှာတွေ့တဲ့အခါ ရှန်ကျင်းဆေးလုံး အချို့ကို ငါ ကိုယ်တိုင် ဖော်စပ်ပေးပါ့မယ်။ အဲဒါက မင်းကို ရှန်ကျင်းနယ်ပယ် တက်လှမ်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်.....”

ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားကြသည်။

တာအိုသခင်မ ရွှယ်ယွဲ့၏ ကြည်လင်သော မျက်ဝန်းများမှာ ဂျိချန်းဖန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ ဝမ်မင်ကို လှမ်းငေါက်လိုက်သည် ..... “ဘာလို့ ဂိုဏ်းချုပ် တာအိုသခင်ကို မြန်မြန် ကျေးဇူးမတင်တာလဲ.....”

ဝမ်မင်မှာ ချက်ချင်း သတိဝင်လာပြီး ဂျိချန်းဖန်ကို ကျေးဇူးတင်သောအားဖြင့် ဦးညွှတ်ကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည် ..... “ဂိုဏ်းချုပ် တာအိုသခင်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်...”

“ဘာမှ မဟုတ်ပါဘူး.....”

ဂျိချန်းဖန်သည် တည်ငြိမ်စွာ လက်ဝေ့ယမ်းလိုက်သည်။

မမြင်ရသော အင်အားတစ်ခုက ဝမ်မင်ကို မူလအတိုင်း မတ်တပ်ရပ်စေလိုက်၏။

ပြောစရာ ရှိသည်များကို ပြောပြီးပြီ ဖြစ်သဖြင့် သူ ဤနေရာတွင် ဆက်နေရန် စိတ်မပါတော့ပေ။

သူက တိုက်ရိုက်ပင် ..... “ဂျူနီယာ ဦးလေးတို့ အားလုံး ပြန်နိုင်ပါပြီ။ ပြုပြင်ပြောင်းလဲမှု အသေးစိတ်တွေကိုတော့ ငါက ထုံထျန်းတောင်ထိပ်ကနေပဲ အကောင်အထည်ဖော်သွားပါ့မယ်။ နောက်ပိုင်းမှာ ထုံထျန်းတောင်ထိပ်က တပည့်တွေကို တောင်ထိပ်တစ်ခုချင်းစီဆီ လွှတ်ပြီး သတိပေးခိုင်းလိုက်ပါ့မယ်.....” ဟု ဆိုလိုက်သည်။

“ကောင်းပြီ”

ပတ်ဝန်းကျင်ရှိ တောင်ထိပ်သခင်များမှာ ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် သူတို့၏ တပည့်များနှင့်အတူ ထွက်ခွာရန် ထရပ်လိုက်ကြ၏။

တာအိုသခင်မ ရွှယ်ယွဲ့မှာလည်း ထိုနည်းတူပင်။

သူမသည် သူမ၏ တပည့်များကို တည်ငြိမ်စွာ ခေါ်ယူကာ ယွီချင်းခန်းမမှ ထွက်ခွာရန် ပြင်လိုက်သည်။

လုရွယ်ချီမှာ ဂျိချန်းဖန်ကို အနည်းငယ် တွန့်ဆုတ်စွာ ကြည့်နေမိသည်.....

၎င်းကို မြင်သော် ဂျိချန်းဖန်သည် ကျင့်ပင်အာကို မသိမသာ မျက်ရိပ်ပြလိုက်၏။

ကျင့်ပင်အာမှာ ချက်ချင်း နားလည်သွားပြီး ပြုံးရွှင်စွာဖြင့် လုရွယ်ချီကို ဖိတ်ခေါ်လိုက်သည် ..... “ညီမလေး လု..... ငါ့ရဲ့ ရွမ်ချာဂိုဏ်းကို အလည်လာဦးမလားဟင်.....”

တာအိုသခင်မ ရွှယ်ယွဲ့၏ ခြေလှမ်းများမှာ အနည်းငယ် ရပ်တန့်သွားသည်။

သူမသည် လူကြီးလူကောင်း တစ်ဦးကဲ့သို့ တည်ငြိမ်နေသော ဂျိချန်းဖန်ကို တစ်ချက်လှည့်ကြည့်ကာ၊ မျှော်လင့်ချက်များ ပြည့်နှက်နေသော လုရွယ်ချီ၏ မျက်နှာကို ကြည့်ပြီး နောက်ဆုံးတွင်တော့ ဘာမှ မပြောတော့ဘဲ နေလိုက်သည်.....

လုရွယ်ချီ၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။

သူမ၏ ဆရာက သဘောတူလိုက်ပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

ထို့ကြောင့် သူမသည် ကျင့်ပင်အာကို ပျော်ရွှင်စွာ ဆွဲခေါ်သွားပြီး၊ မိန်းကလေး နှစ်ဦးမှာ သူတို့ဘာသာ စကားများ တပြောပြောဖြင့် ဓားပျံများကို စီးကာ ရွမ်ချာဂိုဏ်းဆီသို့ ပျံသန်းသွားကြတော့သည်။

ယွီချင်းခန်းမအတွင်းမှာတော့ လူကြီးလူကောင်း ဂျိချန်းဖန်သည် ဤမြင်ကွင်းအားလုံးကို အမူအရာမပျက် ကြည့်နေခဲ့သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် သူ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်.....။

All Chapters